.
( Zawkyi )
အခန်း - ၁၃
ပူးကပ်ခြင်း ( အပိုင်း - ၂ )
( Warning ❌: အလောင်းများနှင့်ပက်သက်သည့်မနှစ်မြို့ဖွယ်အကြောင်းအရာများပါဝင်သည့်အတွက် အစားစားနေချိန်မဖတ်ပါနှင့် )
အမှန်အတိုင်းပြောရမည်ဆိုလျှင် မှောင်ကြီးမဲကြီးထဲ၌ စုန့်ချင်းလော်၏ ဖြူစုပ်စပ်မျက်နှာကြီး ပြတင်းပေါက်မှရုတ်တရက်ထွက်လာသည်မှာ အတော်လေးကြောက်စရာကောင်းလှ၏ ။ လင်ပန့်ရှက ကျိလဲ့ရွှေအားဆွဲထူ၍ စုန့်ချင်းလော်ကိုခေါင်းငြိမ့်ပြကာနူတ်ဆက်လိုက်ပြီးနောက် အော်မေးလိုက်သည် ။
" အစ်ကိုစုန့် အဲ့မှာဘာလုပ်နေတာလဲ ?"
စုန့်ချင်းလော် : " သရဲဖမ်းနေတာလေ "
" ကမ္ဘာပေါ်မှာ သရဲတစ္ဆတွေဆိုတာမရှိဘူးဆိုပြီး အစ်ကိုပြောဖူးသလားလ်ို့ ?"
စုန့်ချင်းလော်က အမူအယာမဲ့နေလျှက်
" နောက်လိုက်တာ ... ငါအခုတရားမ၀င်တာတစ်ခုခိုးလုပ်တော့မလို့ "
လင်ပန့်ရှ : "..."
ညလယ်ခေါင်ကြီး သူများတိုက်ခန်းထဲမှာ သရဲလာဖမ်းနေတာ သေချာပေါက်တရားမ၀င်ဘူးပေါ့ဗျ ...
ကျိလဲ့ရွှေလေးခမျာကြောက်လွန်း၍ ခြေပင်မခိုင်ရှာတော့ချေ ။ လင်ပန့်ရှက စုန့်ချင်းလော်အားစကားအနည်းငယ်ပြောချင်သေးသော်လည်း ကျိလဲ့ရွှေ၏ အခြေအနေမှာမဟန်လှသောကြောင့် စုန့်ချင်းလော်က ကျိလဲ့ရွှေကိုသာအိမ်ပြန်ပို့ရန်အချက်ပြလိုက်သည် ။ ထို့ကြောင့် လင်ပန့်ရှက ပျော့ခွေနေသည့် ကျိလဲ့ရွှေအား မချီရုံတမယ်အိမ်သို့အရောက်ပြန်ခေါ်လာရ၏ ။
ကျိလဲ့ရွှေ၏ မျက်နှာထက်၌ စိုးရိမ်ပူပန်မှုများအတိုင်းသားပေါ်လွင်နေပြီး စုန့်ချင်းလော်၏ တိုက်ခန်းသို့ပြန်ရောက်သည့်အခါမှသာ အနည်းငယ်စိတ်သက်သာရသွားရှာ၏ ။ ကျိလဲ့ရွှေက ခေါင်းအုံးပိုက်လျှက်ဆိုဖာပေါ်တွင်ကွေးကွေးလေးထိုင်နေရှာသည် ။
ထူးဆန်းသည့် အစ်ကိုစုန့်၏ အိမ်မှာ လူမိုက်ဂိုဏ်းခေါင်းဆောင် ဂန်းစတားစတိုင်လ်ပေါက်နေသော်လည်း အိမ်တံခါးဝမြှဖတ်လိုက်သည်နှင့် သူအားအကြွင်းမဲ့ လုံခြုံမှုကိုပေးစွမ်းနေသကဲ့သို့ခံစားရ၏ ။
လင်ပန့်ရှက ကျိလဲ့ရွှေအဆင်ပြေကြောင်းစစ်ဆေးပြီးသည့်အခါမှသာ အိမ်ပြန်ရန်ဆုံးဖြတ်လိုက်သည် ။
" ဒါဆိုလဲ နားနေလိုက်ဉီး ... ငါ ပြန်တော့မယ် "
ကျိလဲ့ရွှေက လင်ပန့်ရှအားဆွဲမထားပါချေ ။
" အင်းပါ ... သွား သွား "
လင်ပန့်ရှ တိုက်ခန်းသို့ပြန်ရောက်သောအခါ ပုံမှန်ကဲ့သို့ပင် ရေချိုးပြီးနောက် ဆိုဖာပေါ်တွင်ထိုင်ကာ တီဗီကြည့်ရင်း လျှိုရှီ ၏ အကြောင်းကိုတွေးတောနေမိသည် ။
စုန့်ချင်းလော် အိမ်ပြန်ရောက်သောအခါ၌ ညဆယ့်တစ်နာရီပင် ရှိနေပြီဖြစ်သည် ။ စုန့်ချင်းလော်က လင်ပန့်ရှ ထိုင်နေသည်အားတွေ့သောအခါ ညင်ညင်သာသာပြုံး၍ နူတ်ဆက်လာ၏ ။
" အစ်ကိုစုန့် "
" ငါ့နာမည်ကိုပဲခေါ်စမ်းပါ ... ဘာဖြစ်လို့လဲ ?"
" ကျွန်တော် အစ်ကို့ဆီက အကြံတောင်းစရာတစ်ခုရှိလို့ "
စုန့်ချင်းလော်က လင်ပန့်ရှ၏ ဘေးတွင်ဝင်ထိုင်ရင်းဆက်ပြောပါရန်မေးငေါ့ပြလာ၏ ။
" အစ်ကိုပြောကြည့် သေပြီးသားလူတွေကလျှောက်သွားနိုင်သေးလား ?"
" အဲ့တာကတော့အခြေအနေပေါ်မှာမူတည်တယ် "
ပြန်ဖြေနေစဉ်အတွင်း စုန့်ချင်းလော်မှာ သူ၏ လက်မနှင့်လက်ညိုးအလယ်အကြောနေရာလေးကိုဖိနှိပ်နေပြီး တစ်ခုခုကသူ့အားစိတ်မသက်မသာဖြစ်အောင်လုပ်နေပုံရသည် ။
လင်ပန့်ရှက အခြေအနေအရပ်အရပ်အား တစ်ခုမကျန်ဂရုတစိုက်ဖြင့်ပြောပြလိုက်သည် ။ အထူးသဖြင့် လျှိုရှိအား မခြောက်လှန့်မိစေရန်နှင့် အန္ဒရာယ်မဖြစ်စေရန်ကအဓိကဉီးစားပေးဖြစ်၏ ။ မြင်တွေ့ခဲ့ရသမျှကို တည့်တည့်သာပြောချလိုက်မည်ဆိုပါက အရူးဟုမစွပ်စွဲသည်ကပင်တော်သေးသည်ဟုဆိုရပေလိမ့်မည် ။
အစပိုင်း၌ စုန့်ချင်းလော်၏ အမူအရာမှာထူးမခြားနားသာဖြစ်နေသော်လည်း ထူးထူးဆန်းဆန်းအရာကြီးကပ်တွယ်ခံနေရသည့်အမျိုးသမီး၏ အကြောင်းကြားသောအခါ၌မူ စိတ်ဝင်စားသည့်အမူအရာပြလာ၏ ။
" မင်း သူနဲ့မကြာခဏတွေ့နေကျလား ?"
" ဘယ်သူလဲ ?
" အဲဒီအမျိုးသမီးလေ "
" မဟုတ်ပါဘူး ... ကျွန်တော်တော့သေသေချာချာမသိဘူး ဒါပေမဲ့ အသုဘခမ်းမ မှာတော့ ဆက်သွယ်ရမဲ့ဖုန်းနံပါတ်ရှိလောက်မယ် လိပ်စာကတော့ရဖို့ခက်လောက်မယ်ထင်တယ် ..."
" ဖုန်းနံပါတ်ပဲလား "
" ကျွန်တော် မနက်ဖြန်စုံစမ်းပေးပါ့မယ် ... ကျွန်တော့်ရဲ့ အတန်းဖော် ကိစ္စကိုရော ဘယ်လိုလုပ်ကြမလဲ ?"
" အရင်ဆုံးစောင့်ကြည့်ရမယ် ... အလကားသပ်သပ်သတိထားမိသွားအောင်လုပ်လို့မဖြစ်ဘူး ...အရင်ဆုံး ဖုန်းနံပါတ်ရအောင်လုပ်ပေး ... ကျန်တာ ငါကြည့်ပြီးကိုင်တွယ်လိုက်မယ် "
စုန့်ချင်းလော် ဖြေရှင်းပေးမည့်အကြောင်းပြောမှသာ လင်ပန့်ရှတစ်ယောက် စိတ်အေးလက်အေးဖြင့် ခေါင်းညိမ့်နိုင်တော့သည် ။ နောက်တစ်နေ့အလုပ်သွားသောအခါ လင်ပန့်ရှမှာ အသုဘခမ်းမသို့သွား၍ အမျိုးသမီး၏ ဖုန်းနံပါတ်အားစုံစမ်းလေ၏ ။ ထိုအမျိုးသမီး၏ အမည်မှာ ချန်ယုလျှိုဖြစ်ပြီး ဤမြို့တွင်နေထိုင်သူဖြစ်သည် ။
လင်ပန့်ရှက အမျိုးသမီး၏ ဖုန်းကိုဆက်ရန်စဉ်းစားမိသော်လည်း စုန့်ချင်းလော်အား ကိုင်တွယ်ခိုင်းလိုက်သည်ကပို၍ အဆင်ပြေကြောင်းတွေးမိသွားထံ စုန့်ချင်းလော်ထံသို့သာ ဖုန်းနံပါတ်ပို့ပေးလိုက်သည် ။
လင်ပန့်ရှ အလုပ်သို့ရောက်ပြီးအချိန်အတော်ကြာသည်အထိ လုရှီတစ်ယောက်ရောက်မလာသေးပါချေ ။ လင်ပန့်ရှမှာ လုရှီတစ်ယောက် ကြောက်လန့်နေလောက်မည်ဟုထင်သော်လည်း အခြေအနေမှာပြောင်းပြန်ဖြစ်နေ၏ ။ လျှိုရှီ၏ မျက်နှာထက်တွင်စိတ်ချမ်းသာနေသည်ဟုစာတန်းမထိုးထားရုံတမယ် ပြုံးဖြီးနေ၍ ကောင်းသည့်အရာတစ်ခုခုကြုံတွေ့ခဲ့ရပုံပင် ။
ပုံမှန်ကဲ့သို့ပင် လင်ပန့်ရှက လျှိုရှီအားစကားစပြော၍ စနောက်လိုက်သည် ။
" ရို့ ... ဘာလို့ဒီနေ့အရမ်းပျော်နေတာလဲ ကွ... တစ်ခုခုဝမ်းသာစရာကိစ္စများရှိလို့လား ?"
လျှိုရှီက လင်ပန့်ရှအားတစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ပြန်လွှဲသွားကာ လျှစ်လျှူရှုထားလိုသည့်အေးစက်စက်အသံဖြင့်ပြောလာ၏ ။ သူ၏ လေသံနှင့်အကြည့်များထဲ၌ ရန်လိုမှုတစ်စွန်းတစ်စလည်းပါဝင်နေသည်ပင် ။
" ဘာမှဝမ်းသာစရာကိစ္စမရှိဘူး "
လင်ပန့်ရှမှာ လျှိုရှီ၏ ခက်ထန်နေသည့်သဘောထားကြောင့် အနည်းငယ်စဉ်းစားရခက်သွားရှာသည် ။
မနေ့က ငါပို့လိုက်တဲ့မက်စ်ဆေ့က သူ့ကိုအနှောင့်အယှက်ဖြစ်သွားစေလို့လား ?
နေ့လည်ခင်းအချိန်၌ အရေးပေါ်အလုပ်တစ်ခုပေါ်လာလေ၏ ။ အနီးအနားရှိရထားဘူတာရုံတစ်ခုတွင် အလောင်းကောက်ရန်သွားရမည်ဖြစ်သည် ။ ပုံမှန်အားဖြင့် ရထားကြိတ်ခံရ၍ သေဆုံးသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ တစ်စစီပြန့်ကျဲသွားလေ့ရှိပြီး ကြည့်ရမြင်ရသည်မှာအဆင်မပြေတတ်ချေ ။ သပ်သပ်ရပ်ရပ်နှင့်ကိုယ်လက်အစုံအလင်ဖြစ်အောင် ပြန်လည်ပြုပြင်ချုပ်လုပ်ရသည်မှာ လင်ပန့်ရှတို့အလုပ်၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သောကြောင့် မကြာခဏဆိုသလို ဆိုးဆိုးဝါးဝါးပုံစံများဖြင့် သေဆုံးသွားကြရသည့်အလောင်းကောင်များအားတွေ့မြင်နေရသည်ပင် ။
လျှိုရှီက တစ်နေကုန်စိတ်ချမ်းသာနေပုံဖြင့်တပြုံးပြုံးဖြစ်နေသော်လည်း လင်ပန့်ရှကိုမူ စကားပြောချင်စိတ်ရှိပုံမရပေ ။ သူ၏ အာရုံမှာ ဖုန်းပေါ်တွင်သာရှိနေလျှက် မကြာခဏဆိုသလို ဖုန်းကိုင်ထားရင်းရီနေတတ်၏ ။
လင်ပန့်ရှက လျှိုရှီအား စကားပြောရန်ကြိုစားပါသော်လည်း လျှိုရှီက အေးစက်စက်ဖြင့်သာ လင်ပန့်ရှအားလျှစ်လျှူရှုသွားတတ်၏ ။ အကြိမ်အနည်းငယ်ကြိုးစားပြီးနောက် အခြားသောလုပ်ဖော်ကိုင်ဖက်တစ်ဉီးကိုသာမေးကြည့်ရန်ဆုံးဖြတ်လိုက်သည် ။ လျှိုရှီ၏ ပုံမှန်မဟုတ်သည့်သဘောထားကြောင့် လင်ပန့်ရှမှာ စိတ်မသက်မသာခံစားနေရသကဲ့သို့ စိုးရိမ်နေရ၏ ။
" သူမင်းကိုမပြောဘူးလား ?"
လင်ပန့်ရှ၏ မေးခွန်းအားကြားသောအခါ ထိုလုပ်ဖော်ကိုင်ဖက်မှာ အလွန်အံ့သြသွားရ၏ ။ လျှိုရှီနှင့် လင်ပန့်ရှတို့၏ ဆက်ဆံရေးမှာမဆိုးလှသည့်အပြင် အလွန်ရင်းနှီးသည်ဟုလည်းဆိုနိုင်သောကြောင့် ပထမဉီးဆုံးသိသူမှာ လင်ပန့်ရြှဖစ်လိမ့်မည်ဟုထင်ခဲ့ခြင်းဖြစ်သည် ။
လင်ပန့်ရှက ခေါင်းခါ၍
" ဘာမှလာမပြောဘူး "
" သူထီပေါက်သွားတယ်လေ "
လုပ်ဖော်ကိုင်ဖက်က ဆက်ပြောလာ၏ ။
" တစ်မနက်လုံး အဲ့သတင်းကိုပဲ လူတိုင်းပြောနေကြတာလေ ... ဂုဏ်ပြုကြောင်းပြောတဲ့ စာတွေထောင်ချီပြီးတော့ကိုအပို့ခံနေရတော့မှာပဲ ... နေ့လည်တုန်းက တောင်သူကပြုံးပြီး မင်းကိုအံ့သြသွားအောင်လုပ်ချင်တယ်လို့ပြောသေးတာ ... အမှန်က မင်းကိုမသိစေချင်တာကိုးကွ ..."
" ထီပေါက်တာဘယ်တုန်းကိုမင်း ဘယ်အချိန်သိတာလဲ ?"
" မနေ့ညက"
လင်ပန့်ရှ : "..."
" ဘာဖြစ်လို့ မျက်နှာမကောင်းရတာလဲ ?"
လုပ်ဖော်ကိုင်ဖက်ကတစ်ခုခုကိုနားလည်သွားပုံရကာ လင်ပန့်ရှ၏ ပုခုံးကိုပုတ်၍ နှစ်သိမ့်ပေးလာ၏ ။
" စိတ်မညစ်စမ်းပါနဲ့ ... အလုပ်ပြီးသွားရင် ငါတို့အကုန်လုံးသေချာပေါက် ဘောနပ်စ်ရမှာ... သူ့လို့လူမျိုးအတွက်နဲ့ စိတ်အနှောင့်အယှက်အဖြစ်မခံနဲ့ "
" အင်း "
ညလယ်ခေါင်အချိန်ပိုဆင်းနေရသည့်အချိန်အထိ လျှိုရှီတစ်ယောက် တပြုံးပြုံးဖြစ်နေသေး၏ ။ လင်ပန့်ရှလည်း စကားပြောရန်မကြိုးစားတော့သောကြောင့် အလုပ်ချိန်တစ်လျှောက်လုံးတိတ်ဆိတ်နေခဲ့ပြီး အချိန်ပိုဆင်းသောအခါမှသာမေးလိုက်သည် ။
" လျှိုရှီ မင်းမနေ့က ဘာမှမဖြစ်ခဲ့တာတကယ်သေချာရဲ့လား "
လျှိုရှီက လင်ပန့်ရှအားတစ်ချက်စောင်းကြည့်၍ တုံးတိသာပြန်ဖြေ၏ ။
" မရှိဘူး "
လင်ပန့်ရှက ခဏမျှတိတ်ဆိတ်သွားရသော်လည်း လျှိုရှီ့ကို လျှစ်လျှူမရှုနိုင်သဖြင့် တိုးတိုးလေးပြောလိုက်သည် ။
" အဲဒီအမျိုးသမီး ... ထူးဆန်းနေတယ်လို့ခံစားရတယ် မင်း သူမနဲ့ နီးနီးကပ်ကပ်မနေနဲ့ "
လျှိုရှီက နှာမူတ်၍ လျှစ်လျှူရှုထားမြဲဖြစ်သည့်အပြင် ကုတ်အကျီကိုဆွဲ၍ ပြန်သွားလေ၏ ။ လင်ပန့်ရှသာ သူ၏ နောက်ကျောကို တိတ်တဆိတ်ကြည့်နေမိသည် ။
အခြားသောလုပ်ဖော်ကိုင်ဖက်များက အခြေအနေကိုသိသွားသည့်အခါ၌ တစ်ယောက်ပြီးတစ်ယောက် လင်ပန့်ရှိကိုစိတ်ထဲမထားရန်နှစ်သိမ့်လာကြ၏ ။ လင်ပန့်ရှက ယဉ်ယဉ်ကျေးကျေးဖြင့်သာအဆင်ပြေကြောင်းပြန်လည်ပြောဆိုလိုက်သည် ။ လျှိုရှီ၏ စကားများကိုအမှန်ပင် စိတ်ထဲမထားသော်လည်း ထိုထူးဆန်းသည့်အမျိုးသမီး၏ သက်ရောက်မှုကြောင့် လျှိုရှီ တစ်ခုခုဖြစ်သွားမည်ကိုသာစိုးရိမ်မိနေလေသည် ။
ထို့ကြောင့် အ၀တ်လဲခန်းသို့သွား၍ အ၀တ်လဲပြီးနောက် အလုပ်ဆင်းရန်ပြန်ထွက်လာသည့်အချိန်၌ လျှိုရှီတစ်ယောက် ရုံးခန်းထဲသို့ပြန်ရောက်နေကြောင်းတွေ့လိုက်ရပြီး ဆက်တိုက်တစ်ခုခုကိုငုံ့ကြည့်နေပုံရသည် ။
လင်ပန့်ရှက လျှိုရှီပြန်လာသည်ကိုတွေ့သောအခါ အနည်းငယ်ထူးဆန်းနေသော်လည်း ၀မ်းသာအားရဖြင့်အနားသို့လျှောက်သွားသည့်အချိန်တွင် တစ်ခုခုမှားနေမှန်းမသိစိတ်ကခံစားမိသွား၏ ။ ထိုင်နေသည့် လျှိုရှီမှာ မကြာသေးခင်ကထွက်သွားသည့် လျှိုရှီနှင့် အမှန်ပင်ကွာခြားနေ၏ ။ ခန္ဓာကိုယ်အနေအထား အ၀တ်အစားအပြင် တစ်ကိုယ်လုံးနီးနီးမှာ လျှိုရှီနှင့်တစ်ပုံစံတည်းပင်ဖြစ်ပြီး ထိုင်ခုံပေါ်၌ ရုပ်သေးရုပ်လေးတစ်ရုပ်ကဲ့သို့ငြိမ်ငြိမ်လေးထိုင်နေရှာသည် ။
လင်ပန့်ရှက ထိုလျှိုရှီမဟုတ်သည့် လျှိုရှီအား အကဲခတ်စစ်ဆေးရန်အတွက် အနားသို့လျှောက်သွားလိုက်ပြီး ဖိနပ်ကြိုးချည်ဟန်ဆောင်ကာမော့ကြည့်လိုက်သည် ။ အသေအချာကိုပင် ထိုအရာမှာ လျှိုရှီမဟုတ်သကဲ့သို့ ရှင်းရှင်းပြောရလျှင် သာမန်လူသားတစ်ယောက်ပင် မဟုတ်ပါချေ ။
မျက်နှာတစ်ခုလုံးမှာ အလောင်းကောင်ကဲ့သို့ဖြူဖျော့နေပြီး ပွင့်နေသည့်မျက်လုံးတစ်စုံမှာလည်း မျက်ဆံမရှိဘဲ အဖြူရောင်အလုံးလိုက်ကြီးသာဖြစ်၏ ။
သာမန်လူတစ်ယောက်သာဆိုလျှင် ငယ်သံပါအောင်အော်၍ သတိလစ်နေလောက်မည်ဖြစ်သော်လည်း လင်ပန့်ရှကမူ မတ်တပ်ရပ်၍ ဖုန်ခါလိုက်ပြီးနောက် ဘာမှမတွေ့ခဲ့ရသလိုလှည့်ထွက်သွားတော့သည် ။
လင်ပန့်ရှမှာ ညနက်ကြီးထဲတွင်တစ်ယောက်တည်းအိမ်ပြန်လာခဲ့၏ ။ မနက်သုံးနာရီတွင် အိမ်သို့ပြန်ရောက်ပြီး အခြားသောနေ့များထက် အလုပ်စောစောဆင်းသည်ဟုပင်ဆို၍ရနိုင်သည် ။ စုန့်ချင်းလော် အိပ်နေပြီဟုထင်၍ တံခါးကိုညင်ညင်သာသာတွန်းဖွင့်လိုက်သော်လည်း စုန့်ချင်းလော်ကမူ ဆိုဖာပေါ်တွင် တီဗီထိုင်ကြည့်နေလေ၏ ။
" မအိပ်သေးဘူးလား ?"
" အိပ်မလို့ပဲ ... ဒါပေမဲ့ တစ်ခုခုထူးဆန်းနေလို့ မင်းပြန်လာတဲ့အချိန်အထိထိုင်စောင့်နေတာ "
" ဟိုကပ်နေတဲ့အမျိုးသမီးအကြောင်းလား ...? ကျွန်တော်လည်း ခင်ဗျားကိုပြောပြစရာရှိတယ် --"
လင်ပန့်ရှမှာ ပင်ပန်းနေသော်လည်း လျှိုရှီ၏ အခြေအနေနှင့် မြင်ခဲ့ရသည်များအား စုန့်ချင်းလော်ထံဖောက်သည်ပြန်ချပြောဆိုရန်မူတက်ကြွနေ၏ ။
အကြောင်းစုံနားထောင်ပြီးနောက် စုန့်ချင်းလော်က ခေါင်းညိမ့်လိုက်ကာ
" ငါ ချန်ယုလျှိုနဲ့ မနက်ဖြန်တွေ့ဖို့ချိန်းထားတယ် "
လင်ပန့်ရှမှာ ချိန်းဆိုရင်ခက်ခဲလိမ့်မည်ဟုထင်ထားသောကြောင့် အံ့သြသွားရသည် ။
" တွေ့ဖို့သဘောတူလိုက်တာလား ?"
" အင်း ... မင်းလိုက်ခဲ့ချင်လား "
လင်ပန့်ရှက တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေပြီးနောက်
" ကျွန်တော် အကူအညီပေးနိုင်ပါ့မလား ?"
" ပေးရင်လည်းပေးနိုင်မှာပေါ့ "
" ဒါဆိုလဲ ကျွန်တော်လိုက်ခဲ့မယ် "
အမှန်ပင် ဘာတြွေဖစ်နေသနည်း သိချင်လှသောကြောင့် လိုက်သွားရန်သာဆုံးဖြတ်လိုက်သည် ။
တွေ့ရန်ချိန်းဆိုထားသည့်အချိန်မှာ နေ့လည်ခင်းပိုင်းဖြစ်သောကြောင့် လင်ပန့်ရှစောစောထမည်ဆိုပါက လိုက်ရန်အဆင်ပြေသည်ပင် ။ ထို့ကြောင့်စိတ်ပူမနေတော့ဘဲ ရေချိုးပြီးအိပ်ရာဝင်ရန်ပြင်လိုက်သည် ။
ဗီဒိုအတွင်းရှိအရာမှာ ယနေ့ည၌ သာမန်ထက်ပင်ပို၍ ဆူဆူညံညံပြုမူနေသော်လည်း လင်ပန့်ရှကမူ ဂရုပင်မစိုက်ချေ ။ ပင်ပန်း၍ အလွန်အိပ်ချင်နေပြီဖြစ်သဖြင့် ကုတင်ပေါ်၌ အသေကောင်တစ်ကောင်ကဲ့သို့ခြေပစ်လက်ပစ်အိပ်ပျော်သွားတော့၏ ။
ဗီဒိုထဲမှ ဘာမှန်းမသိသည့်အရာကြီးကမူ အလုပ်မြှပန်လာသည့်ခင်ပွန်းသည်က ဂရုမစိုက်ဘဲအိပ်ရာဝင်သွားခြင်းအား စိတ်ကောက်နေသည့်ဇနီးလေးကဲ့သို့ ဆိုးသွမ်းစွာဖြင့် တဒုံးဒုံးတဒိုင်းဒိုင်းလုပ်နေ၏ ။ လင်ပန့်ရှက ဘာမှမကြားရသော်လည်း စုန့်ချင်းလော်ကမူ နားညီးလှပြီဖြစ်သောကြောင့် ဧည့်ခန်းမှအေးစက်စက်အော်ပြောလိုက်သည် ။
" အခုမရပ်ရင် ငါလာမပြီး ပြတင်းပေါက်ကနေတန်းပစ်ချလိုက်တော့မယ် ..."
တစ်အိမ်လုံးအပ်ကျပင်ကြားရလောက်သည်အထိတိတ်ဆိတ်သွားပြီး ပွင့်နေသည့်ပြတင်းပေါက်လေးပင် အလိုက်တသိကိုယ့်ဘာသာပြန်ပိတ်သွားရှာသည် ။ လင်ပန့်ရှမှာ အိပ်မက်ပင်မမက်ဘဲနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခဲ့ရပြီး နောက်တစ်နေ့နေ့လည်ခင်း၌ စုန့်ချင်းလော်နှင့်အတူနေလည်စာစား၍ ချိန်းထားသည့်နေရာသို့ထွက်လာခဲ့ကြသည် ။
တွေ့ရန် ချိန်းဆိုထားသည့်နေရာမှာ အမျိုးသမီးနေထိုင်သည့်နေရာနှင့်သိပ်မဝေးသည့် ပန်းခြံတစ်ခုထဲတွင်ဖြစ်၏ ။ ရာသီဥတုအခြေအနေမှာ အနည်းငယ်အုံ့မှိုင်းနေသဖြင့် ပန်းခြံအတွင်း၌ လူသွားလူလာသိပ်မရှိပါချေ ။
လင်ပန့်ရှက သဘောကျဟန်ဖြင့်
" ဒီနေရာက ကဖေးတွေထက်ပိုပြီးစကားပြောလို့အဆက်ပြေတယ် "
" အကောင်းဆုံးအချက်ကဘာလဲသိလား ?"
လင်ပန့်ရှက အတည်ပေါက်ဖြင့်ပြောလာ၏ ။
" ပိုက်ဆံမကုန်ဘူးလေ "
စုန့်ချင်းလော် : "..."
စုန့်ချင်လော်ခမျာ ဘာမြှပန်မချေပန်ိုင်တော့ဘဲ ပန်းခြံအ၀မှ လင်ပန့်ရှအတွက် ၀က်အူချောင်းကင်သုံးချောင်းနှင့် သူ့အတွက်သူရေတစ်ဘူးဝယ်လိုက်၏ ။
လင်ပန့်ရှက ၀မ်းသာအားရဖြင့် ၀က်အူချောင်းကင်များကိုအချဉ်ရည်ဖြင့်တို့စားလိုက်သည် ။ ၀က်အူချောင်းကင်လေးပင်ဖြစ်လင့်ကစား စုန့်ချင်းလော်၏ လက်ထဲမှထွက်သမျှနှင့် သက်ဆိုင်သမျှအရာအားလုံးက ကုစားနိုင်စွမ်းရှိနေသကဲ့သို့ပင် သူ၏ နှလုံသားလေးအတွင်းမှပင် အပျော်ကြီးပျော်သွားရရှာသည် ။
( TN / ဘဲက၀ယ်ကျွေးတာဆိုတော့လဲ အေးပေါ့ ... အရသာရှိမှာပေါ့ ... )
နှစ်ယောက်သားမှာ ၀က်အူချောင်းကိုယ်စီကိုင်၍ကိုလာလေးသောက်ရင်းဖြင့် ခုံတန်းလျားလေးတစ်ခုပေါ်၌ ထိုင်ကာအမျိုးသမီးအားစောင့်စားနေကြသည် ။
လင်ပန့်ရှ သုံးကြိမ်မြောက် ဝက်အူချောင်းကိုကိုက်လိုက်သည့်အချိန်မှာပင် သူတို့ထံတရွေ့ရွေ့လျှောက်လာသောအမျိုးသမီးတစ်ဉီးအားတွေ့လိုက်ရသည် ။ အသေအချာကြည့်ရှုလိုက်သောအခါ ထူးထူးဆန်းဆန်းအရာကြီးကပ်တွယ်ခြင်းခံနေရသည့်အမျိုးသမီးပင် ။
လွန်ခဲ့သည့်ရက်အနည်းငယ်များကပင် အနည်းငယ်ကြည့်ပျော်ရှုပျော်ရှိသေးသည် ။ ယခုမူ သူမ၏ မျက်နှာအရေပြားအနည်းငယ်သာအကောင်းအတိုင်းရှိ၍ မျက်လုံးတစ်ဖက်နှင့်မျက်နှာတစ်ခြမ်းမှာမူ ထိုအရာ၏ ကပ်တွယ်ထားခြင်းကြောင့် အသားမရှိတော့ဘဲ ဉီးခေါင်းခွံကြီးကိုသာအတိုင်းသားမြင်နေရလေ၏ ။ ဟောင်းလောင်းဖြစ်နေသည့်မျက်လုံးတစ်လုံး၏ ဘေးဘက်၌မူ သူမထံတွင်ကပ်တွယ်နေသည့်အရာကြီး၏မျက်နှာတစ်စွန်းတစ်စကိုတွေ့နေရသည် ။
သူမ၏ ပုခုံးပေါ်တွင်ခေါင်းမှီထားပြီး တစ်ခါတစ်ရံ၌ မျက်လုံးဖွင့်၍ ဟိုဟိုဒီဒီချောင်းကြည့်တတ်သေး၏ ။ တစ်ခုမှာ လူသားတစ်ဉီးအားတောက်လျောက်လိုက်လံကပ်တွယ်နေသည့် အရာကြီးဖြစ်ပြီး မတ်တပ်ရပ်နေသည့်လူသားမှာမူ လူသားအသွင်သဏ္ဍာန်ပင်မရှိပါတော့ချေ ။
လင်ပန့်ရှ၏ အမြင်အရဆိုလျှင် ထိုအရာနှစ်ခုစလုံးအား သက်ရှိလူသားအနွယ်ဟုပင် သတ်မှတ်၍ မရတော့ပေ ။
ချန်ယုလျှိုက လင်ပန့်ရှနှင့် စုန့်ချင်းလော်တို့၏ ရှေ့သို့လျှောက်လာပြီး လင်ပန့်ရှအား စိုက်ကြည့်ကာအေးစက်စက်ပြောလာ၏ ။
" ဖုန်းဆက်တာ ရှင်လား "
စုန့်ချင်းလော်က ကြားဝင်ဖြေလိုက်သည် ။
" မဟုတ်ဘူး ... အဲ့တာငါ "
ချန်ယုလျှို၏ မျက်နှာထက်တွင်အံ့အားသင့်မှုများဖြတ်ပြေးသွားပြီး
" ရှင် ပြောတာအမှန်လို့ ကျွန်မဘာကိစ္စယုံရမှာလဲ ?"
စုန့်ချင်းလော်က ဒူးပေါ်သို့လက်တင်လိုက်ကာ အလေးမထားဟန်ဖြင့်ပြောလာ၏ ။
" အဲတာတော့ခင်ဗျားရဲ့ ရိုးသားမှုအပေါ်မှာမူတည်တယ် "
ချန်ယုလျှိုက မျက်မှောင်ကျုံ့ကာဖြင့် တစ်ခုခုကိုတွေးတောနေပြီးနောက် နူတ်ခမ်းနီရဲရဲကြီးဆိုးထားသည့် နူတ်ခမ်းကိုလျှာဖြင့်သပ်ကာ ပုံဆိုးပန်းဆိုးကြီးပြုံးပြ၍
" ဒါဆိုလည်း ကျွန်မရဲ့အိမ်ကိုလိုက်ကြည့်ပါလား ... ဒီနေရာမှာစကားပြောရတာသိပ်အဆင်မပြေဘူး "
စုန့်ချင်းလော် သဘောတူလိုက်သောကြောင့် လင်ပန့်ရှလည်း ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ လိုက်သွားရန်ဆုံးဖြတ်လိုက်သည် ။ ထိုအမျိုးသမီးကမူရှေ့မှလျှောက်ရင်း သူတို့လိုက်ပါလာကြောင်းစစ်ဆေးရန်အတွက် မကြာခဏလှည့်ကြည့်နေတတ်၏ ။
လင်ပန့်ရှက သုံးချောင်းမြောက်ဝက်အူချောင်းကိုကုန်အောင်စားပြီးနောက် အခွံကိုအမှိုက်ပုံးထဲသို့ပစ်ထည့်ကာ စုန့်ချင်းလော်နားသို့ကပ်၍ တိုးတိုးလေးပြောလိုက်သည် ။
" တစ်ကယ်ကြီး အိမ်အထိလိုက်ကြည့်မလို့လား?"
" အင်း ... သွားစစ်ဆေးကြည့်လို့လဲ ဘာမှဆိုးဆိုးဝါးဝါးကြီးမဖြစ်နိုင်လောက်ပါဘူး "
လင်ပန့်ရှ : " ကျွန်တော့်စိတ်ထဲ ဘာလို့တစ်မျိုးကြီးခံစားနေရတာပါလိမ့် ?"
စုန့်ချင်းလော်က လင်ပန့်ရှကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ လက်ထဲမှကိုလာဘူးကို လင်ပန့်ရှလက်ထဲထိုးထည့်ပေးလိုက်သည် ။ ချိုမြိန်သည့်ကိုလာအရသာလေးကအနည်းနှင့်အများဆိုသလို မသက်မသာဖြစ်မှုများကိုမေ့ပျောက်သွားစေ၏ ။
" နေလို့ကောင်းသွားပြီ "
စုန့်ချင်းလော်၏ အမှုအရာမှာ အလွန်တရာမှကျေနပ်အားရသွားပုံပင် ။ အရှေ့မှအမျိုးသမီးက လမ်းကိုသာမြန်မြန်လျှောက်နေပြီး စကားတစ်ခွန်းမှမပြောချေ ။ ဖြတ်သွားဖြတ်လာများပင် သူမ၏မှုန်ကုပ်ကုပ်အနေအထားကြောင့် ကြောက်လန့်သွားရ၏ ။ မသိလိုက်ခင်မှာပင် ပန်းခြံတစ်ဖက်စွန်းရှိ တန်ဖိုးကြီးအိမ်ရာသို့ရောက်ပြီဖြစ်သည် ။ ဂိတ်စောင့်ဖြစ်သူမှာ သူမအားသိသည့်အပြင် သူမ၏ကြောက်မက်ဖွယ်မျက်နှာထားကြောင့် မေးမြန်းခြင်းပင်မရှိဘဲ တံခါးဖွင့်ပေးလိုက်လာ၏ ။
စုန့်ချင်းလော်နှင့် လင်ပန့်ရှတို့သည်လည်း သူမ၏နောက်မှလိုက်၍ အိမ်ရာအတွင်းသို့ဝင်လာကြလေ၏ ။ ဤတန်ဖိုးကြီးအိမ်ရာမှာအမှန်ပင် အထင်ကြီးစရာကောင်းလှသည် ။ သာမန်အိမ်တစ်လုံးစာမျှကျယ်ဝန်းသည့်ဧည့်ခန်းများနှင့် စကျင်ကျောက်များဖြင့်ခင်းကျင်းထားသည့်ကြမ်းပြင်မှာ အထက်တန်းလွှာတို့၏ သရုပ်ကိုအနည်းနှင့်အများဖော်ပြနေ၏ ။ တိုက်ခန်းတစ်ခုချင်းစီ၏ ပျမ်းမျှကာလပေါက်ဈေးမှာ ၁၀မီလီယမ်အထက်ရှိနိုင်သောကြောင့် ဤအိမ်ရာတွင်နေထိုင်သူများမှာ သာမန်သူများလုံးဝမဖြစ်နိုင်ပေ ။
အမျိုးသမီးက အဆောက်အဦတစ်ခုသို့ရောက်သောအခါ သူမ၏ အခန်းကဒ်ကို ဓာတ်လှေကားရှိစစ်ဆေးရေးစက်ထဲသို့ထည့်လိုက်သည် ။ လင်ပန့်ရှချောင်းကြည့်လိုက်သည့်အခါ ၁၈ထပ်မြောက်ဖြစ်ကြောင်းတွေ့လိုက်ရပြီး ခဏအကြာတွင် လှပစွာဒီဇိုင်းဆွဲထားသည့် ၁၈ထပ်မြောက်သို့ဓာတ်လှေကားဖြင့်တက်သွားကြတော့၏ ။
အမျိုးသမီး၏ အိမ်မှာလည်း အမှန်ပင်ခမ်းနားလှသည် ။ လင်ပန့်ရှက ဤကဲ့သို့ဈေးကြီးသည့်ဇိမ်ခံတိုက်ခန်းတစ်ခုသို့ပထမဉီးဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သဖြင့် မြင်မြင်သမျှအရာအားလုံးကို မျက်လုံးအပြူးသားဖြင့်စုပ်စုစွာကြည့်နေမိ၏ ။ သို့သော်လည်း စုန့်ချင်းလော်ကမူ ဖိနပ်ပင်မချွတ်ဘဲ တိုက်ခန်းအတွင်းသို့ဝင်လာသည့်အပြင် ဇိမ်ခံအလှဆင်ပစ္စည်းများကိုလည်း စိတ်မ၀င်စားချေ ။
အမျိုးသမီးသည်လည်း စုန့်ချင်းလော် ဖိနပ်စီး၍ ၀င်လာသည်အား စိတ်ထဲထားပုံမရဘဲ ဖယောင်းတိုင်အချို့ကိုသာထွန်းညှိနေလေ၏ ။
အသိအသာကြီးကိုနေ့လည်ခင်းအချိန်သာဖြစ်သော်လည်း တိုက်ခန်းပြတင်းပေါက်များအား လိုက်ကာစအထူကြီးများဖြင့်ကာထား၏ ။ အလင်းရောင်မ၀င်သဖြင့် ကိုယ့်လက်ချောင်းကိုပင်မမြင်ရဘဲ အမျိုးသမီးဖယောင်းတိုင်ထွန်းလိုက်သည့်အခါမှသာ ဗလာဖြစ်နေသည့်အခန်းအတွင်း၌ ဝါကျင့်ကျင့်အလင်းရောင်တစ်ခု လှုပ်လီလှုပ်လဲ့ထွက်ပေါ်လာလေသည် ။
အမျိုးသမီးက ဆိုဖာပေါ်တွင်ထိုင်၍ ဆက်တီခုံအောက်မှာ စီးကရက်ဘူးကိုထုတ်ယူလိုက်ပြီးနောက် ဆေးလိပ်သောက်မလားဟုမေးလေသည် ။
လင်ပန့်ရှနှင့် စုန့်ချင်းလော်တို့နှစ်ယောက်စလုံးပြိုင်တူငြင်းဆန်လိုက်ကြ၏ ။
ဆေးလိပ်သောက်ခြင်းကြောင့် ဤအမျိုးသမီးပိန်လှီနေရခြင်းမှာအံ့သြစရာမရှိပေ ။ သူမ၏ မျက်နှာအသွင်အပြင်နှင့်တကွ နောက်တွင်ကပ်တွယ်နေသည့်အရာကြီးအားထည့်တွက်လိုက်မည်ဆိုပါက ဆေးလိပ်ငွေ့များကြားထဲရှိ ပိန်ပါးသည့်အသွင်သဏ္ဍာန်မှာ ကြောက်စရာကောင်သည့်မြင်ကွင်းထက်ပင် ပို၍ ကြောက်စရာကောင်းနေ၏ ။
ဆေးလိပ်ငွေ့ကိုရှိုက်သွင်းနေသည့် အမျိုးသမီးအားကြည့်၍ လင်ပန့်ရှမှာ မြေခွေးပုံပြင်များကိုပင်သတိရမိသွားသည် ။ မူရင်းသဏ္ဍာန်မှာပုပ်ပွနေသော်ငြား လှပဟန်ဆောင်၍ လူ့အသွေးအသားများကိုဝါးမျိုတတ်သည့် နတ်မိစ္ဆာလှလှလေးများပင် ။ သို့သော် မည်မျှပင်လှပ၍ မည်မျှပင် ကြောက်စရာကောင်းနေသည်ဖြစ်စေ လင်ပန့်ရှလို တုံ့ပြန်မှုနှေးကွေးသည့်သူမျိုးကမှု မစွဲလမ်းနိုင်သကဲ့သို့ ကြောက်လန့်မည်လည်းမဟုတ်ပေ ။
" ရှင် သေပြီးသားလူတစ်ယောက်ကိုပြန်ရှင်လာအောင်လုပ်နိုင်လား ?"
အမျိုးသမီးက ဆေးလိပ်ငွေ့များကိုမှုတ်ထုတ်ရင်း စုန့်ချင်းလော်ကိုစေ့စေ့ကြည့်ကာမေးလာ၏ ။
" အင်း ... ဒါပေမဲ့ လျှိုရှီဘာဖြစ်သွားလဲဆိုတာကိုအရင်ပြောပြရမယ် "
" ရှင် ဘယ်လောက်ထိသိထားလဲ ?"
" နည်းနည်းလောက်ပါပဲ "
" နည်းနည်းဆိုမလုံလောက်သေးဘူး "
အမျိုးသမီးက ခြေချိတ်ထိုင်လိုက်ပြီးနောက် စုန့်ချင်းလော်အားကျောချမ်းဖွယ်အပြုံးကြီးဖြင့် ကြည့်နေလေသည် ။
" ကျွန်မတို့ သဘောတူညီမှုတစ်ခုလောက်လုပ်ရအောင် ... ရှင် သူတို့ကို မူလအခြေအနေအတိုင်းပြန်ရှင်သန်ခွင့်ပြုရင် ... လျှိုရှီ ဘာဖြစ်သွားလဲဆိုတာ ကျွန်မပြောပြမယ်လေ "
စုန့်ချင်းလော် : " ဖြစ်နိုင်ပါတယ် ... ဒါပေမဲ့ ..."
" ဒါပေမဲ့ ... ဘာလဲ ?"
" ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အကြောင်းကို အရင်ပြောပြရမယ် "
စုန့်ချင်းလော်က အိပ်ကပ်ထဲမှ အနက်ရောင်လက်အိတ်ကိုထုတ်ကာ အသေအချာဝတ်ဆင်လိုက်ပြီးနောက် အမျိးသမီးကိုပြန်ပြုံးပြလိုက်သည် ။ ဤတစ်ကြိမ်၌ စုန့်ချင်းလော်၏ အပြုံးများမှာ ပုံမှန်လင်ပန့်ရှအား ပြုံးပြသကဲ့သို့နွေးထွေးမှုများမပါဘဲ ကျောချမ်းဖွယ်ကောင်းလှသည်မှာ အမျိုးသမီး၏ အပြုံးအောက်မလျော့ပေ ။ မျက်ဝန်းအတွင်းမှ ရေခဲတမျှအေးစက်နေသည့်အကြည့်များမှာလည်းကြောက်မက်ဖွယ်ပင် ။
" သေချာပေါက် စိတ်ဝင်စားစရာကောင်းမှာပဲမလား "
ချန်ယုလျှိုက အေးစက်စွာပြောလာ၏ ။
" ကျွန်မရဲ့ ရိုးသားက ကျွန်မရဲ့အကြောင်းဆိုရင် ရှင့်ရဲ့ရိုးသားမှုက ဘာလဲ ?"
စုန့်ချင်းလော်၏ အပြုံးမှာပို၍ပင်ကျောချမ်းဖွယ်ကောင်းလာလေသည် ။
" ခင်ဗျားရဲ့ ရေခဲသေတ္တာထဲမှာ ရေခဲရိုက်ထားတဲ့ဟာတွေကိုအရင်ထုတ်လိုက်... ပထမဆုံးပစ္စည်းကိုပြပေးမယ် "
အမျိုးသမီးက သူမ၏ နူတ်ခမ်းကိုလျှာဖြင့်သပ်လိုက်ပြီးနောက် ခြောက်ကပ်ကပ်ရယ်ကာ မီးဖိုချောင်ဆီသို့လျှောက်သွားလေ၏ ။ ထိုအမျိုးသမီးနှင့် စုန့်ချင်းလော်ပြောသည့်အကြောင်းအရာများအား ဘာဆိုဘာမှနားမလည်သည့် လင်ပန့်ရှမှာ အူတူတူဖြင့်တိုးတိုးလေးကပ်မေးလိုက်သည် ။
" ရေခဲသေတ္တာထဲမှဘာရှိလို့လဲ ?"
စုန့်ချင်းလော် ကလည်းလေသံတိုးတိုးဖြင့်ပြန်ကပ်ဖြေလာ၏ ။
" ပျောက်နေတဲ့အရာတစ်ခုခုလေကွာ "
လင်ပန့်ရှက ပျောက်ဆုံးနေသည့်အရာအား စဉ်းစားနေသည့်အချိန်တွင် စုန့်ချင်းလော်က အမျိုးသမီး၏ နောက်သို့ထလိုက်သွားသောကြောင့် လင်ပန့်ရှ လည်းတိတ်တိတ်လေးနောက်မှလိုက်လာလိုက်သည် ။
မီးဖိုချောင်နားသို့ရောက်ရောက်ခြင်းပင် ထူးထူးဆန်းဆန်းအသံများကိုကြားလိုက်ရသည် ။ ပျော့အိအိအရာတစ်ခုခုက ကြမ်းပြင်ပေါ်တွင်တွားသွားနေပုံပင် ။ စုန့်ချင်းလော်၏ နောက်တွင်ရပ်၍ ကြည့်လိုက်သည့်အခါ၌ ဝါကျင့်ကျင့်ဖယောင်းတိုင်အလင်းရောင်၏ အောက်တွင် ထိုအရာများအားရှင်းရှင်းလင်းလင်းမြင်လိုက်ရသည် ။
ယခုမူ စုန့်ချင်းလော်ပြောသည့် ပျောက်ဆုံးနေသောအရာများကို လင်ပန့်ရှတွေ့လိုက်ရပြီဖြစ်သည် ။ ထိုအရာများမှာ အတိအကျကိုပင် အသုဘအိမ်မှပျောက်ဆုံးသွားသည့် အလောင်းအပိုင်းအစများပင် ။
ဤအော်ဂလီဆန်စရာမြင်ကွင်းကြီးအား လင်ပန့်ရှတစ်သက်လုံးမေ့မည်မဟုတ်တော့ပေ ။ ကြမ်းပြင်ပေါ်ရှိအလောင်းကောင်ကြီးမှာ အရိုးများငေါထွက်နေသည့်အပြင် ထွက်ပေါ်နေသည့်အရိုးများမှာလည်း တစ်ဝက်လောက်ကကျိုးကြေနေ၍ ကြည့်ရသည်မှာအဆင်မပြေလှချေ ။ ထို့အပြင် ကြိတ်စက်ထဲထည့်ထားသကဲ့သို့ အချို့အရိုးများမှာ အပိုင်းပိုင်းအစစဖြစ်နေကာ အသားစများနှင့်ညိုညစ်ညစ်သွေးများသည်လည်း နေရာအနှံ့ဖွာလန်ကြဲနေလေ၏ ။
ခြေနှင့်လက်ကိုပင် အသေအချာပြူးပြဲကြည့်မှသာခွဲခြားနိုင်လိမ့်မည် ။
ထိုသူ... မဟုတ် လူမဟုတ်သည့်ထိုအရာကြီးက ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ရင်း အစာစားရန်အတွက်လောဘတကြီးအော်ဟစ်တောင်းဆိုနေလေ၏ ။ တစ်ချက်လှုပ်လိုက်တိုင်း အရိုးများနှင့်အသားများပွတ်ကြိတ်သည့် တကျီကျီအသံများထွက်ပေါ်လာ၏ ။ အမျိုးသမီး၏ လက်ထဲတွင် ခွက်တစ်ခုကိုကိုင်ထားပြီး ထိုခွက်ထဲ၌ ပါးပါးလှီးထားသည့်အသားတစ်မျိုးရှိနေလေသည် ။
ချန်ယုလျှိုက ထိုအသားစများအား လက်ဖြင့်နှိုက်ကာ ကြမ်းပြင်ပေါ်ရှိ အရာကြီးကိုစိတ်ရှည်လက်ရှည်ကျွေးမွေးနေလေ၏ ။
လူမဟုတ်တော့သည့် အသားပုံကြီး မီးဖိုချောင်အတွင်း၌ နေခဲ့သည်မှာအချိန်အတော်ကြာနေပုံရပြီး လေထုတစ်ခုလုံးသွေးညှီနံ့များအပြည့်ဖြစ်နေသည့်အပြင် အလောင်းပုပ်နံ့များက ထိုသို့သောအရာမျိုးကိုပုံမှန်ကိုင်တွယ်နေရသည့် လင်ပန့်ရှလို လူမျိုးကိုပင် အော်ဂလီဆန်လာစေသည် ။
ချန်ယုလျှိုက ခေါင်းငုံ့၍ ထိုအသားပုံကြီးအား လက်ဖြင့်ညင်ညင်သာသာပွတ်သပ်ကာပြောလာ၏ ။
" ရှင့်ရဲ့ ရိုးသားမှုကိုပြသင့်ပြီနော် "
စုန့်ချင်းလော်က ရှေ့သို့တိုး၍ သူ၏လွယ်ထဲထည့်သယ်လာသည့်သေတ္တာလေးအားထုတ်လိုက်သည် ။ ထိုသေတ္တာလေးမှာ လင်ပန့်ရြှမင်ဖူးသည့်တစ်လုံးနှင့်ပုံစံတူဖြစ်သော်လည်း ပိုသေး၏ ။ သော့ဖွင့်ရန်အချိန်အနည်းငယ်ယူလိုက်ရပြီး သေတ္တာထဲမှအရာအား လင်ပန့်ရှ ချောင်းကြည့်လိုက်သောအခါ ပလက်စတစ်စဖြင့်ပတ်ထားသည့် အသားတစ်မျိုးမျိုးဖြစ်ပုံရသည် ။
ထိုအသားမှာ မည်သည့်အရာဖြစ်မည်မှန်း လင်ပန့်ရှ အနည်းနှင့်အများဆိုသလိုခန့်မှန်းမိပါ၏ ။
စုန့်ချင်းလော်ထုတ်ယူလိုက်သည့်အရာအားမြင်သောအခါ၌ ချန်ယုလျှိုမှာ အံ့သြတကြီးဖြင့်ရပ်ကြည့်နေလေသည် ။ ပလက်စတစ်စအား လှစ်ဟပြလိုက်သော်လည်း တကယ်ကိုမှအချိန်ခဏလေးပင် ။ ထိုအရာမှာ လက်တစ်ဖက်ဖြစ်ပြီး လက်သည်းများက အသက်ရှိစဉ်ကအတိုင်းဆက်လက်ရှည်ထွက်လာပုံရ၏ ။
ထိုအရာမှာ အမှန်ပင် ချန်ယုလျှို၏ အာရုံကိုဆွဲဆောင်နိုင်သွားကာ သူမ၏ မျက်လုံးထဲ၌ လိုချင်တပ်မက်မှုများစွာထင်ဟပ်နေပြီး ရူးသွပ်သွားဟန်ဖြင့် လက်လှမ်းလာလေသည် ။
" ငါအဲတာကိုလိုချင်တယ် ... ငါ့ကိုပေး !"
စုန့်ချင်းလော်က သူမကိုအေးစက်စက်စိုက်ကြည့်ကာ ပလက်စတစ်စဖြင့်ပတ်ထားသည့်လက်ပြတ်ကြီးအား သေတ္တာထဲသို့ပြန်ထည့်ပိတ်လိုက်လေ၏ ။
" ရှိသေးတယ် ... ရှိသေးတယ်လို့ ?"
စုန့်ချင်းလော် : " အခြေအနေကရှင်းရှင်းလင်းလင်းကြီးကိုဖြစ်နေပြီလေ ... ဘာတွေရှိသေးလို့လဲ ?"
ချန်ယုလျှိုက ခဏမျှတိတ်ဆိတ်သွားပြီးနောက် ရုတ်တရက်ကြီးပြန်လည်ဖော်ရွေလာပြန်သည် ။
" ရှင်တို့ ကော်ဖီတစ်ခွက်လောက်မသောက်ချင်ကြဘူးလား ?"
စုန့်ချင်းလော် ခေါင်းခါလိုက်သောကြောင့် လင်ပန့်ရှလည်း ဘာတစ်ခွန်းမှဝင်မပြောချေ ။ သို့သော်လည်း ချန်ယုလျှို၏ သဘောထားမှာပို၍ သာပြင်းထန်လာ၏ ။
" လက်ဖက်ရည်ရော .... မဟုတ်ရင် ဝိုင်သောက်မလား ?"
စုန့်ချင်းလော်က မျက်နှာတည်ကြီးဖြင့်ပြောလာ၏ ။
" ကိုလာရှိလား ?"
ချန်ယုလျှိုခမျာ အူကြောင်ကြောင်ဖြစ်သွားရရှာသည် ။
" ဟမ် ... ကိုလာ လား?"
" ထားလိုက်ပါတော့ "
စုန့်ချင်းလော်က လက်ပတ်နာရီကိုငုံ့ကြည့်လိုက်ကာ
" အချိန်ကတန်ဖိုးရှိတယ် ... ခင်ဗျားရဲ့အကြောင်းကိုမြန်မြန်ပြောတော့ "
အမျိုးသမီးက ခြောက်ခြားဖွယ်ပြုံးပြလာပြီး သူမနူတ်ခမ်းနားရှိအရေပြားများပင်တွန့်တက်သွားရ၏ ။ မျက်နှာတစ်ခြမ်းမှာ ပျက်ဆီးနေသည်ကိုမဆိုထားနှင့် ကျန်သည့်နေရာအနည်းငယ်ရှိအရေပြားမှာလည်းဖြူရော်နေကာ ကြည့်ရသည်မှာ နေလောင်ထား၍ ရှုံ့တွနေသည့် ခရမ်းသီးတစ်လုံးနှင့်တူပြီး အမှန်ပင် မျက်စိပဒါသမရှိလှချေ ။
" ဒီအိမ်က ၁၄ မီလီယံတန်တယ် ... ကျွန်မငွေအပြည့်ချေထားပြီးသား "
သူမက ပြောနေရင်းဖြင့် အစောကရတနာတစ်ခုလိုဆက်ဆံနေသည့် ကြမ်းပြင်ပေါ်မှ အသားတုံးကြီးအား ပေါ့ပေါ့ပါးပါးပင် ခြေထောက်နှင့်ကန်ထုတ်လိုက်သည် ။ သူမကိုယ်တိုင်သည်လည်း အတတ်နိုင်ဆုံးဖော်ရွေသည့်ပုံစံပေါက်အောင်ပြုံးပြလိုက်သော်ငြား ဝါကျင့်ကျင့်ဖယောင်းတိုင်မီးရောင်ဟပ်နေသည့် မျက်နှာမှာ အမှန်ပင်ကြောက်မက်ဖွယ်ကောင်းလှ၏ ။
" အလှဆင်စရိတ်ကလည်းမီလီယံမနည်းဘူးကုန်ထားတာလေ ... ကြမ်းပြင်ကနေစပြီးမျက်နှာကျက်အထိအကုန်လုံးကိုအကောင်းဆုံးအရည်အသွေးရှိတဲ့ ပစ္စည်းတွေချည်းသုံးထားတာ တစ်ခုလေးတောင်မှ အရည်အသွေးနိမ့်တဲ့ပစ္စည်းမပါဘူး "
အမျိုးသမီးက ဆက်လက်၍ အလွန်ပျော်ရွှင်စွာဖြင့်
" အိုး ... ပြီးတော့ ကားဆိုရင်လဲ ဖာရာရီတစ်စီး လမ်ဘာဂီနီတစ်စီးဝယ်ထားသေးတယ် ... ၀ယ်ဖို့အရမ်းခက်ခဲတဲ့အမျိုးအစားတွေပေါ့ ...တစ်ကျပ်မကျန် အကုန်လုံးကိုငွေသားနဲ့ချည်းပေးချေခဲ့တာ — "
လင်ပန့်ရှမှာ မနာလိုလွန်း၍ မျက်ရည်ကျမတတ်ပင် ။ စုန့်ချင်းလော်က လင်ပန့်ရှ၏ လက်ထဲတစ်ရှုတစ်ရွက်ထိုးထည့်ပေးကာ ၀မ်းမနည်းရန်နှင့် အိမ်ပြန်လျှင် ၀က်အူချောင်းကြော်ဝယ်ကျွေးမည်ဖြစ်ကြောင်း တိုးတိုးလေးကပ်ပြောလာ၏ ။
( TN / ၀က်အူချောင်းကြော်စားချင်တယ် 🙁 )
" ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်တုန်းကဆိုရင် ဆင်းရဲလွန်းလို့ တက္ကစီတောင်ငှားမစီးရဲဘူး ... ဈေးအပေါဆုံးဆိုတဲ့ ဟင်းပွဲတွေကိုတောင်မှ မစားနိုင်ခဲ့ဘူး တစ်ခါတစ်လေဆိုရင် ထမင်းစားဖို့တောင်ပိုက်ဆံမရှိဘူးလေ ”
သူမ၏ လေသံမှာတဖြည်းဖြည်းနှင့်အေးစက်လာ၏ ။
“ အဲဒီအချိန်တုန်းက ကိတ်မုန့်သေးသေးလေးတစ်လုံးဝယ်စားဖို့ဆိုရင်တောင်မှ သေသေချာချာစဉ်းစားနေရသေးတာ အဲ့လိုဘ၀မျိုးကိုအရမ်းစိတ်ကုန်လှပြီ ... ရှင် ဆင်းဆင်းရဲရဲနေရဖူးလား ... ဘယ်သူက အဲလိုနေရတဲ့ဘ၀မျိုးကို ကိုယ်ချင်းစာမှာတဲ့လဲ !!! "
လင်ပန့်ရှက အပြည့်အ၀ထောက်ခံသည့်အနေဖြင့် ခေါင်းညိမ့်ပြလိုက်ချင်သော်လည်းဘေးရှိ စုန့်ချင်းလော်ကတစ်ချက်စွေကြည့်လာသောကြောင့် ငြိမ်ငြိမ်လေးသာနေလိုက်ရသည် ။
" ဒီသုံးနှစ်အတွင်း ကျွန်မဘယ်လိုလုပ်ပြီးချမ်းသာလာလဲဆိုတာ ရှင်တို့မသိချင်ကြဘူးလား?"
အမျိုးသမီးက တစ်ဖန်နူးနူးညံ့ညံ့ပြုံးလိုက်ကာ
" အိုး ... ဒါက ... ကျွန်မရဲ့လျှို့ဝှက်ချက်လေ "
ထို့နောက်သူမ၏ အပြုံးမှာ တဖြည်းဖြည်းချင်းမှေးမှိန်လာလေသည် ။
" အဲဒီအချိန်တုန်းကလည်း ချမ်းသာလာဖို့ရဲ့နောက်ကွယ်မှာ ပေးဆပ်ရမဲ့အရာတွေရှိတယ်ဆိုတာကို ကျွန်မသတိမထားမိခဲ့ဘူးလေ "
အခန်း ( ၁၃ ) ပြီး၏ ။
×××