အခန်း - ၁၄ ပူးကပ်ခြင်း ( အပိုင်း - ၃ )
Viewers 2k

.အခန်း - ၁၄


ပူးကပ်ခြင်း ( အပိုင်း - ၃ ) 



ရုတ်ရက်ပင် လင်ပန့်ရှက စကားတစ်ခွန်းအားသတိရမိသွား၏ ။


' ထိုအချိန်၌  သူမကငယ်ရွယ်သေးတာကြောင့် လက်ဆောင်ရဲ့ တန်ဖိုးကိုသဘောမပေါက်ခဲ့သော်ငြား လက်ဆောင်ကမူ သူမ၏ တန်ဖိုးကိုဆုံးဖြတ်ပြီးဖြစ်နေခဲ့၏ '


ထိုစကားနှင့်သင့်တော်သူမှာ ချန်ယုလျှိုကလွဲအခြားမရှိလောက်ပေ ။ 


အစတွင် ချန်ယုလျှိုက သူမ၏ အထူးလျှို့၀ှက်ချက်ကိုအသုံးပြု၍ ပိုက်ဆံရှာရန်သာစိတ်စောနေခဲ့၏ ။ အရသာရှိလှသော တန်ဖိုးကြီးဟင်းလျာများနှင့် သာမန်လူများမတတ်နိုင်သည့် ဇိမ်ခံပစ္စည်းများအပြင် နန်းတော်ကြီးတမျှခမ်းနားသည့်နေရာတွင်နေထိုင်နိုင်ရန်ဖြစ်သည် ။ ထိုအရာမှာ သူမ၏ ရင်ထဲမှအကြီးမားဆုံးစိတ်ကူးယဥ်အိပ်မက်တစ်ခုပင် ။


သို့သော်လည်း တဖြည်းဖြည်းနှင့် ပျော်ရွှင်ရန်ခက်ခဲလာကြောင်း သူမသတိထားမိလာသည် ။ သူမ၏ လျှို့၀ှက်ချက်ကိုမကြာခဏအသုံးပြုခြင်းကြောင့် ပေးဆပ်ရသည့်အရာမှာ ပျော်ရွှင်သည့်ခံစားချက်များစုပ်ယူလိုက်ရခြင်းပင် ။ အကြောင်းအမျိုးမျိုးကြောင့် ပျော်ရွှင်စေမည့်အရာများကိုလုပ်ဆောင်ကာ ကြိုးစားပါသော်ငြား တစ်ခုခုကစုပ်ယူလိုက်ပုံရကာ ပျော်ရွှင်မှု၏ ၁၀၀ပုံ တစ်ပုံကိုသာ သူမခံစားရလေ၏ ။


" အစပိုင်းမှာတော့ ယွမ်ထောင်ဂဏန်းလောက်ပဲလေ " 


ချန်ယုလျှိုက ဂရုမထားဟန်ဖြင့် 


" အဲဒီအချိန်တုန်းကတော့ ကျွန်မအရမ်းပျော်ခဲ့တာ ဒါပေမဲ့ နောက်ပိုင်းကျ မီလီယံချီလာတာတောင် ကျွန်မမပျော်တော့ဘူး ... ဘာဆိုဘာမှကိုမခံစားရတော့တာ "


လင်ပန့်ရှရော စုန့်ချင်းလော်ပါ ငြိမ်ငြိမ်လေးနားထောင်နေကြရှာ၏ ။


" ကံကောင်းတာတစ်ခုက ကျွန်မယောက်ျားက ကျွန်မကိုချစ်နေသေးလို့သာပေါ့ " 


ချန်ယုလျှို၏ အပြုံးမှာ နူးညံ့သွားလိုက် ခြောက်ခြားဖွယ်ကောင်းသွားလိုက်ဖြင့် သူမ၏ စိတ်အခြေအနေမှာ မူမမှန်လှပေ ။


" သူက ကျွန်မကိုအရမ်းချစ်တာလေ ... သူရဲ့မိသားစု၀င်တွေကပိုပြီးတော့တောင် ကျွန်မကိုချစ်ကြသေးတယ် ... ကျွန်မက မိဘမဲ့တစ်ယောက်ဆိုပေမဲ့ သူတို့ကကျွန်မကို သမီးအရင်းလေးတစ်ယောက်လိုပဲဆက်ဆံကြတယ် ... ကျွန်မကလဲသူတို့ကို ကျွန်မရဲ့သွေးရင်းမိဘတွေလို့ကိုသဘောထားခဲ့တာ ကျွန်မတို့မှာ ချစ်စရာအရမ်းကောင်းတဲ့ ကလေးလေးတစ်ယောက်လဲရှိတယ်လေ အရာအားလုံးကပြီးပြည့်စုံပြီးလှပလိုက်တာမှ ... "


ပိုက်ဆံက သူမအတွက် ပျော်ရွှင်မှုကိုမဆောင်ကျဥ်းပေးနိုင်ခဲ့သော်ငြား မိသားစုတစ်စု၏ နွေးထွေးမှုကမူ သူမစိတ်ထဲရှိမလုံခြုံမှုကိုသက်သာရာရစေခဲ့သည် ။ ထို့ကြောင့် သူမ၏ ခင်ပွန်း ၊ ကလေးနှင့် အခြားသောမိသားစု၀င်များအပေါ်တွင် အကောင်းဆုံးဆက်ဆံ၍ ဖြေသိမ့်နေခဲ့ပြီး သူမ၏ လျှို့၀ှက်ချက်ထံမှလည်းရှောင်ပုန်းနေခဲ့၏ ။ 


တစ်ချိန်တည်းမှာပင် သူမ၏ အမျိုးသားအားတစ်ခုခုကိုဖုံးကွယ်ထားကြောင်းခပ်ရေးရေးခံစားမိနေသည် ။ အတိအကျမသိသော်လည်း အန္ဒရာယ်များသည့်အရာများဖြစ်လာတော့မည်ကို သူမကြိုတင်မှန်းဆမိနေသည်ပင် ။

 

ချောက်ထဲကိုပြုတ်ကျသွားတဲ့လူတစ်ယောက်ကလွယ်လွယ်နဲ့ လွတ်မြောက်ဖို့ဖြစ်နိုင်ပါ့မလား ?


ချန်ယုလျှိုက နောက်ထပ်ဆေးလိပ်တစ်လိပ်ကိုမီးထပ်ညှိကာသောက်နေ၏ ။ ၀ါကျင့်ကျင့်ဖယောင်းတိုင်မီးရောင်အောက်၌ သူမ၏ ပုံသဏ္ဍာန်မှာ ကြောက်လန့်ဖွယ်ကောင်းသလ်ို အလွန်အထီးကျန်နေပုံပင် ။ မီးခိုးငွေ့များကြားမှ သူမ၏ အကြည့်များမှာ မူန်ရီနေလျှက် ကြမ်းပြင်ပေါ်တွင်သွေးများဖြင့်ပွေပွနေသည့်အရာကြီးထံရောက်ရှိသွား၍ နူတ်ခမ်းပါးထက်၌ ယုတ်မာသည့်အပြုံးတစ်ပွင့်ဖြစ်တည်လာသည် ။

 

" ကျွန်မ လူကြည့်မှားခဲ့တာတော့နှမြောစရာပဲ "


" သူ ဖောက်ပြန်နေခဲ့တာလေ "


ယောက်ျားဖြစ်သူကဖောက်ပြန်တယ် ? 


သူ့မိန်းမက ဒီလောက်ထိကျိကျိတက်ချမ်းသာနေတာတောင်မှသူက ဖောက်ပြန်သေးတယ် ...


ယောက်ျားဖြစ်သူ၏စိတ်ထဲ၌မူ သူက ချန်ယုလျှိုထက် နှစ်အနည်းငယ်အသက်ပိုကြီးသော်လည်း ချန်ယုလျှိုကဲ့သို့ ပညာမတတ်ရုပ်ဆိုးသည့်မိန်းမကသူနှင့်မထိုက်တန်တန်ဟုတွေးနေခဲ့၏ ။ ရုတ်တရက်ကြီးကံကောင်းလွန်း၍ ချန်ယုလျှို ချမ်းသာလာသောအခါ၌ သူမနားတွင်ကပ်နေသည်မှာ အကျိုးအမြတ်များရရန်အတွက်သာဖြစ်သည် ။


နောက်ပိုင်း၌ အဖြစ်မှန်အားလုံးကိုသိသွားသည့်အချိန်၌ အမျိုးသားဖြစ်သူက ကွာရှင်းရန်ပင်စဥ်းစားခဲ့၏ ။ ပထမ၌ ဒေါသထွက်ကာကျိန်ဆဲနေပါသော်လည်း တဖြည်းဖြည်းနှင့် ငိုယိုကာခြေသလုံးဖက်၍ တောင်းပန်သည့်အဆင့်သို့ရောက်ရှိလာတော့သည် ။ သူမ၏ ကလေးများကိုပင် ယောက္ခ်မများထံသို့ပို့၍ အကူအညီတောင်းခဲ့ပါသော်လည်း ချန်ယုလျှို မမျှော်လင့်ထားခဲ့သည်မှာ မည်သူမျှသူမ၏ ဘက်တွင်ရှိမနေခဲ့ခြင်းပင် ။ 

 

သူမမှာ ကလေးများနှင့် သိပ်မရင်းနှီးသောကြောင့် ကလေးများက သူမအားမုန်းသည်ဟုဆို၍ ယောက္ခ်မများကလည်း သူမ၏ အမျိုးသားဖြစ်သူအားကွာရှင်း၍ နောက်အိမ်ထောင်ပြုရန်သာတိုက်တွန်းနေခဲ့ကြသည် ။ 


နောက်ဆုံးတစ်ကြိမ် ချန်ယုလျှိုက ပို၍ရိုးရိုးသားသားဆက်ဆံရန်ကြိုးစားပါသော်လည်း ထိုအမျိုးသား၏ စိတ်မှာ နွားဆယ်ကောင်နှင့်ဆွဲလျှင်တောင် သူမထံသို့ပြန်လည်လာမည်မဟုတ်တော့ပေ ။ 


ထိုသူက သူမက အသက်ငယ်သေးသောကြောင့် သူနှင့်ကွာရှင်းလိုက်မည်ဆိုလျှင်တောင် သူမနှင့်သင့်တော်မည့်သူနှင့်နောက်အိမ်ထောင်ပြု၍ရသေးသည်ဟုသာ ရက်ရက်စက်စက်ပြောလေ၏ ။



သူမ၏ နောက်တွင်ကပ်တွယ်နေသည့်အရာက ပြုံး၍ သူမနားသို့ပို၍ တိုးကပ်လာကာ တဂျစ်ဂျစ်အသံထွက်သည်အထိ အံကြိတ်ရင်းစကားပြောနေလေ၏ ။ ချန်ယုလျှိုမှာ သူမကြားနေရသည့်အသံများကြောင့် အိမ် ၊ သူမချစ်ရသည့်အရာများနှင့် အရာအားလုံးက ဘယ်တော့မှမတည်ရှိခဲ့ဘူးသလိုပင် သူမဘယ်တုန်းကမှမပိုင်ဆိုင်ရခဲ့သကဲ့သို့ မှတ်ဥာဏ်များမှုန်၀ါးလာသည် ။


" ကွာရှင်းမယ်ဆိုရင်တောင်မှပိုက်ဆံနဲ့ ကလေးတွေကငါ့အပိုင်ပဲ " 


ချန်ယုလျှိုက အံကြိတ်၍ ခက်ခက်ခဲခဲစကားပြောလာ၏ ။


" ရူးနေလား ဘာလို့ရှင်ပိုင်တာတွေဖြစ်ရမှာလဲ "


ထိုအမျိုးသား၏ ပုံမှန်နူးညံ့သည့်အကြည့်များပျောက်ဆုံးသွားသည့်အပြင် သူမအားအပေါ်စီးမှနေ၍ ရွံစရာကောင်းသည့်အရာတစ်ခုကိုကြည့်နေသကဲ့သို့ မနှစ်မြို့သည့်အမူအယာကိုမဖုံးကွယ်ထားပါချေ ။  


" ထီလက်မှတ်ကိုလည်း ငါတို့လက်ထပ်ပြီးမှ၀ယ်ခဲ့တာဆိုတော့ ... လက်ထပ်ပြီးပိုင်ဆိုင်မှုလို့သတ်မှတ်လို့ရတယ်လေ ဘာလို့ ငါကယူသွားလို့မရရမှာလဲ ? "


ထိုအမျိုးသားက ချန်ယုလျှို၏ ရှက်ရွံ့၀မ်းနည်းနေသည့်အမူအယာကိုကြည့်ကာ အားရပါးရရယ်မောပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ကွာရှင်းစာချုပ်ကို သူမရှေ့သို့ပစ်ချလိုက်သည် ။


" မင်းမြန်မြန်ဆုံးဖြတ်ဖို့ငါအကြံပေးချင်တယ် ... နှေးတိနှေးတုံ့လုပ်နေမယ်ဆိုရင် ငါ့နည်းငါ့ဟန်နဲ့ ယူဖို့နည်းလမ်းတွေများအများကြီးနော် "


ချန်ယုလျှိုမှာ မျက်ရည်များတာကျိုးသကဲ့သို့ကျဆင်းလာပြီး အသက်မဲ့နေသည့်အကြည့်များဖြင့် အမျိုးသားအားစိုက်ကြည့်ကာ သွေးရူးသွေးတန်းမေးလာ၏ ။


" ဘာလို့လဲ ? ဘာလို့လဲလို့ ?"


" ဘာလို့လဲဟုတ်လား ?" 


ထိုအမျိုးသားက နှစ်အတော်ကြာ သည်းခံလာခဲ့ရသည်များကို ဖွင့်ချပြောဆိုလာလေသည် ။ 


" မင်းပဲပြောကြည့်လေ မင်းလိုမျိုး ဘယ်မိန်းမကများမကောင်းဆိုး၀ါးနဲ့တူအောင်နေနေလို့လဲ ... မှောင်မဲနေတဲ့အချိန်တောင်မှ မီးမဖွင့်ဘူး ... မိုးအုံ့နေတဲ့တွေတွေမှာ မင်းအပြင်ထွက်ရဲလား ? မင်းကသွေးစုပ်ဖုတ်ကောင်တစ်ကောင်မို့လို့လား ဟမ် ? မင်းလိုမိန်းမမျိုးနဲ့သာဆက်နေရင် ငါလည်းအနှေးနဲ့အမြန်ဆိုသလိုရူးသွားမှာကွ  "


ချန်ယုလျှိုမှာ တိတ်ဆိတ်စွာနှင့်ပင် အမျိုးသားအားကြည့်နေ၏ ။


အမျိုးသားကမူ ကလေးများကိုခေါ်၍ထွက်သွားလေသည် ။ မသွားမှီတွင် သေသေချာချာစဥ်းစားထားရန်နှင့် ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးရန်ပြောဆိုခဲ့သေး၏ ။ အမျိုးသားဘက်မှ ပိုင်ဆိုင်မှုများကိုခွဲဝေရန်အသင့်ပြင်ပြီးသားပင် ။ သူ၏ အစီအစဥ်မှာ ဤအိမ်တွင်ဆက်လက်နေထိုင်ရန်ဖြစ်သဖြင့် ချန်ယုလျှိုက အိမ်မှထွက်သွားရမည်ဖြစ်ပြီး ပိုင်ဆိုင်မှုအချို့ကိုသာယူခွင့်ရှိမည်ဖြစ်၏ ။

 

ထိုနေ့က ချန်ယုလျှိုမှာ အိမ်ထဲ၌ အချိန်အကြာကြီးငေးငိုင်ကာထိုင်နေမိ၏ ။


ကြီးမားခမ်းနားသည့် အခန်းကျယ်ကြီးမှာ လှောင်အိမ်တစ်လုံးကဲ့သို့ပင် ။ ဖန်ခွက်ထဲသို့၀ိုင်လောင်းထည့်နေသည့်အချိန်အတွင်း၌ သူမနားတွင်ကပ်၍ပြောဆိုနေသည့်တီးတိုးပြောဆိုသံကပို၍ကျယ်လောင်လာခဲ့၏ ။ သူမအားတစ်ယောက်ယောက်က ညင်ညင်သာသာဖြင့်ချော့မြူနေသကဲ့သို့ပင် ။


" မငိုပါနဲ့ .... ငါနင်နဲ့ အမြဲတမ်းအတူတူရှိနေမှာပါ ... သူတို့တွေအကုန်လုံးထွက်သွားကြတယ်ဆိုရင်တောင်မှ ငါကနင်နဲ့အမြဲတမ်းအတူတူရှိနေဦးမှာ ... ဘာတွေစိုးရိမ်နေတာလဲ နင်တွေဝေနေမယ်ဆိုရင် သူတို့တွေအကုန်လုံးက နင့်ကိုထားသွားကြတော့မှာ ... နင့်ဘေးမှာ ဘာဆိုဘာမှကျန်ခဲ့မှာမဟုတ်ဘူး "



ချန်ယုလျှိုက ထိုအရာ၏ အသံကိုအကြိမ်ပေါင်းများစွာကြားနေပြီး ထိုအရာကြီး၏ လမ်းညွှန်မှုကြောင့်ပင်  ယနေ့ထိ သူမပိုင်ဆိုင်ခဲ့ရသမျှပစ္စည်းဥစ္စာအားလုံးနှင့် စည်းစိမ်များရရှိလာခြင်းဖြစ်၏ ။ 


ချန်ယုလျှိုက ကြမ်းပြင်ပေါ်မှကုန်းရုန်းထကာ ဧည့်ခန်းမီးကိုဖွင့်လိုက်သည် ။ မတော်တဆမှုတစ်ခုဖြစ်ပြီးသည့်အချိန်ကတည်းက အိမ်ရှိမီးများမဖွင့်သည်မှာ အလွန်ကြာမြင့်ခဲ့ပြီပင် ။ 

  

မီးခလုတ်ဖွင့်သံတစ်ချက်ဖြင့်ပင် ဧည့်ခန်းတစ်ခုလုံးရှိမီးများထိန်လင်းလာသော်လည်း အလင်းရောင်ကြောင့် ချန်ယုလျှို၏ အရေပြားတစ်ခုလုံး မီးလောင်ကျွမ်းသကဲ့သို့ပူလောင်လာလေသည် ။ သူမကိုယ်သူမကွေးကွေးလေးဖြစ်သည်အထိပွေ့ပိုက်ပြီး ကြမ်းပြင်ပေါ်သို့ပြန်ထိုင်ချလိုက်သည့်အချိန်မှာပင် စကျင်ကျောက်ကြမ်းခင်းပေါ်ရှိ သူမ၏ အရိပ်မှာ တဖြည်းဖြည်းချင်းအမှောင်ထဲမှတိုးထွက်လာလေ၏ ။ ပြီးနောက် ချန်ယုလျှို၏ နောက်ကျောဘက်မှတွယ်တက်လာကာ သူမ၏ နားရွက်နားတွင်ထိုအရာကြီး၏ လှုပ်ရှားမူအသံများကိုအတိုင်းသားကြားနေရသည် ။


မျက်ရည်များထိန်းချုပ်၍ မနိုင်လောက်အောင်ဒလဟောကျဆင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေသည်မှာလည်း အမဲလိုက်ခံရတော့မည့် သားကောင်လေးတစ်ကောင်ကြောက်လန့်နေသကဲ့သို့ပင် ။ 


ထိုအရာကြီးမှာ ပုံမှန်ပြောနေကျအတိုင်းပင် သူမအားညင်ညင်သာသာမေးခွန်းထုတ်လာ၏ ။


" နင် ဘာလိုချင်လဲ ? "


အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက်မှ သူမကဆုံးဖြတ်ချက်ချကာ ဖြည်းဖြည်းချင်းပြောလိုက်သည် ။


" ငါတော့ မိသားစုတစ်ခုလုံးအမြဲတမ်းအတူတူရှိသွားကြရင်ကောင်းမှာပဲလို့တွေးမိတယ် "


ထိုအရာက သူမ၏ တောင်းဆိုချက်ကိုသဘောတူလေ၏ ။


" ဟုတ်ပြီ "


ထို့နောက် အရာအားလုံးတစ်ဖန်ပြန်လည်ငြိမ်သက်သွားကာ ထိုအရာကြီးနှင့် သူမကြားခဲ့ရသည့်အသံများမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ အလျှင်အမြန်ပျောက်ကွယ်သွား၏ ။ ချန်ယုလျှိုက မျက်ရည်များကိုသုတ်လိုက်ကာ သူမ၏ နူတ်ခမ်းထက်၌ အလွန်ပျော်ရွှင်နေပုံရသော အပြုံးတုတစ်ခုကိုဆင်မြန်းထားလိုက်တော့သည် ။ 


သူမ၏ ဆုတောင်းဆန္ဒများကိုဖြည့်ဆည်းပေးနေသည့် အရိပ်တစ်ခုရှိကြောင်း မည်သူမှမသိပါချေ ။ သူမဆုတောင်းလိုက်သည့်အရာ တောင်းဆိုသည့်အရာမှန်သမျှကို ထိုအရိပ်ကဖြည့်ဆည်းပေးလိမ့်မည်ပင် ။ ချမ်းသာကြွယ်၀မှု ၊ အလှတရား ၊ ရုပ်ရည်ချောမောတဲ့ ခင်ပွန်းဖြစ်သူနဲ့ ချစ်စရာကောင်းတဲ့ကလေးလေးတွေ သို့သော်လည်း ကံမကောင်းစွာနှင့်ပင် သူမတစ်ကြိမ်ဆုတောင်းလိုက်သည့်အခါတိုင်း ပျော်ရွှင်မှုများပျောက်ကွယ်သွားတတ်သည် ။ အခြားသူများပျော်ရွှင်စေရန်ကြိုးပမ်းပေးမိနေပါသော်ငြား သူမကိုယ်တိုင်ကမူ ပျော်ရွှင်မှုများပျောက်ဆုံးနေခဲ့၏ ။


လိုအင်ဆန္ဒများကိုများများဖြည့်ဆည်းလေ သူမပေးဆပ်ရမည့်တန်ကြေးကပိုမိုမြင့်မားလာလေပင် ။ ဘဏ်ကဒ်ထဲ၌ ရေတွက်၍ပင်မရနိုင်လောက်သည့်အထိပိုက်ဆံများရှိသော်လည်း နောက်တစ်ဖန် ပျော်ရွှင်မှုကြောင့်ဖြစ်တည်လာသည့် စစ်မှန်သောအပြုံးတစ်ပွင့်ကို သူမမပြုံးပြန်ိုင်တော့ပေ ။ 

 

ဆုတောင်းပြီးနောက် ချန်ယုလျှိုက သူမ၏ ခင်ပွန်းဆီဖုန်းဆက်ကာခရီးထွက်လိုကြောင်းပြောလေ၏ ။ ထိုသူကငြင်းဆန်ချင်ပါသော်လည်း အကယ်၍ ငြင်းဆန်ခဲ့ပါက ခင်ပွန်းဖြစ်သူ၏ ရှေ့တွင်ကိုယ့်ကိုယ်ကိုအဆုံးစီရင်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်လေသည် ။ ယောက္ခ်မများက သူမအပေါ်အပြစ်ရှိနေသကဲ့သို့ခံစားနေရသည့်အပြင် ချန်ယုလျှိုထူးထူးဆန်းဆန်းနေပုံမျိုးနှင့် အမှန်ပင်စိတ်လိုက်မာန်ပါတစ်ခုခုလုပ်လိုက်မည်စိုးသောကြောင့် သဘောတူလိုက်ကြ၏ ။



ချန်ယုလျှိုနှင့် ခရီးအတူတူသွားရန်သဘောတူခဲ့ကြသော်လည်း မည်သူကမျှသူမနှင့် ကားတစ်စီးတည်းအတူတူထိုင်စီးရန်ဆန္ဒမရှိပါပေ ။ ထို့ကြောင့် ချန်ယုလျှိုတစ်ယောက်တည်းသာ အနက်ရောင်ကားတစ်စီးဖြင့် အဝေးပြေးလမ်းမပေါ်၌ အထီးကျန်စွာမောင်းနှင်နေရလေ၏ ။ ဤတစ်ကြိမ်၌မူ ဘေးပြတင်းပေါက်များကိုပိတ်မထားတော့ဘဲ ဖွင့်ထားလိုက်ကာ အေးစက်စက်လေများနှင့်အတူ ခြောက်ခြားဖွယ်လရောင်ကိုလည်း သူမ၏ မျက်နှာထက်သို့ဖြာကျနေစေလိုက်သည် ။


အနက်ရောင် ကတ္တရာစေးလမ်းမကြီးပေါ်တွင် သူမ၏ အသွင်သဏ္ဍာန်မှာ မည်သူမျှတားဆီးမရနိုင်သည့် ​တစ္ဆေတစ်ကောင်နှင့်ထပ်တူညီနေလေ၏ ။ ရူးသွပ်စွာအရှိန်တင်၍ မောင်းနှင်နေသည့်အချိန်မှာပင် သူမကားနောက်ဘက်မှ ကုန်တင်ကားတစ်စီး၏ဘရိတ်ဆွဲသံအကျယ်ကြီးကိုကြားလိုက်ရသည် ။


သူမကားပြန်လှည့်၍ မကြည့်နိုင်သေးခင်မှာပင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ၀ုန်းခနဲအသံနက်ကြီးတစ်ခုပေါ်ထွက်လာတော့သည် ။ နောက်ကြည့်မှန်မှတစ်ဆင့် အလုံးအရင်းလိုက်ထွက်နေသည့်မီးခိုးများနှင့် တောက်လောင်နေသောမီးညွန့်အနည်းငယ်ကိုတွေ့လိုက်ရ၏ ။ ထူးထူးဆန်းဆန်းပင်ထိုမီးခိုးများမှာ ပုံသဏ္ဍာန်ရေရေရာရာမရှိသည့်အရာတစ်ခုဖြစ််သော်လည်း မကောင်းဆိုး၀ါးတစ်ကောင်က အောက်သို့ပြန်ငုံ့ကြည့်နေသည့်ပုံဖြစ်နေလေသည် ။ 


ချန်ယုလျှို ကားထဲမှအသည်းအသန်ပြေးထွက်ကြည့်သည့်အခါ မြင်ရက်စရာမရှိသော အပျက်အစီးများကိုသာတွေ့လိုက်ရ၏ ။


ကုန်တင်ကားကြီးမှာဘေးတစောင်းလဲကျနေပြီး ပစ္စည်းတင်သည့်နောက်တွဲက အိမ်စီးကားလေးအပေါ်သို့ အရှိန်ဖြင့်ပြုတ်ကျသွားပုံပင် ။ ကားတစ်စီးလုံစိစိညက်ညက်ကြေမွသွားသည်အထိ ဖိသိပ်ခံလိုက်ရကာ ကားလမ်းမနှင့်တစ်သားတည်းဖြစ်လုနီးနီးဖြစ်နေသဖြင့် ဤအခြေအနေ၌မည်သူမျှအသက်မရှင်နိုင်လောက်တော့ပေ ။ ကားလမ်းမပေါ်သို့ထိုင်ချလိုက်ပြီးနောက် မှောင်မဲနေသည့်ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည် ။ အလွန်ကိုမှ နက်မှောင်လွန်းလှပါ၏ ။


အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကလျင်လျင်မြန်မြန်ရောက်ရှိလာပြီး ကားထဲမှ အလောင်းအပိုင်းအစများကိုထုတ်သည့်အချိန်တွင် သူမနောက်မှတောက်လျှောက်ရပ်ကြည့်နေခဲ့သည် ။ အလောင်းထည့်သည့်အိတ်ထဲသို့ထည့်၍ ကားထွက်တော့မည့်အချိန်သို့ရောက်မှသာ သူမကိုယ်သူမမထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်ငိုကြွေးမိလေ၏ ။ သူမ၏ အမှားကြောင့်သေဆုံးရခြင်းဖြစ်သည်ဟုသာအော်ဟစ်နေခဲ့ပြီး သူမခရီးထွက်ရန်မတောင်းဆိုခဲ့ပါက ဤကဲ့သို့ဖြစ်မည်မဟုတ်ဟုလည်းပြောဆိုနေခဲ့သေး၏ ။

 

ရဲများက သူမကိုအခင်းဖြစ်ပွားရာနေရာမှခေါ်ထုတ်၍ ဆွေမျိုးများထဲပို့ပေးချင်ခဲ့၏ ။ သို့သော်လည်း စုံစမ်းပြီးသောအခါမှသာ သူမကအရင်ကတည်းကမိဘမဲ့တစ်ယောက်ဖြစ်ပြီးဆွေမျိုးများလည်းမရှိပေ ။ ယခုမတော်တဆမှုအတွင်းသေဆုံးသွားသည့် ခင်ပွန်းဘက်မှဆွေမျိုးများသာလျှင် သူမ၏ တစ်ခုတည်းသောမိသားစုဖြစ်နေလေ၏ ။


" ကျွန်မ ရေခဲတိုက်ထိလိုက်ကြည့်ချင်တယ် "  


အသည်းအသန်ငိုကြွေးနေသည့် ချန်ယုလျှိုက ငိုကြွေးနေသည်ကိုရုတ်တရက်ရပ်တန့်လိုက်ပြီးနောက် ရေခဲတိုက်ထိလိုက်ကြည့်ခွင့်ရရန်ကိုသာတောင်းဆိုနေတော့၏ ။ သူမ၏ အကြည်များကလည်း ခံစားချက်မရှိတော့ဘဲ ဗလာသပ်သပ်သာဖြစ်နေတော့သည် ။ ရဲများကနားချပါသော်လည်း သူမကလက်မခံဘဲ ရူးကြောင်ကြောင်လုပ်ရပ်များလုပ်မည်စိုးသောကြောင့် သူတို့ကိုယ်တိုင်သာ ရေခဲတိုက်အထိလိုက်ပို့ပေးကြသည် ။ 


သူတို့ရောက်သည့်အချိန်ကွက်တိပင် အလောင်းများကိုကားထဲမှထုတ်နေသည်နှင့်ကြုံကြိုက်လေ၏ ။ အလောင်းအိတ်များပွင့်သွားသောကြောင့် အထဲရှိအသားစများမှာ မည်သူ့ဟာမှန်းခွဲခြားမရပေ ။ အရိုးအပိုင်းအစများနှင့် သွေးများရွဲနစ်နေသည့်အသားစများမှာ ကားနောက်ခန်းတစ်ခုလုံးရှုပ်ပွနေ၏ ။ ဤတစ်ကြိမ်တွင်မူ သူမကထူးထူးဆန်းဆန်းကြီးပြုံးနေကာ မတော်တဆမှုမှာ မတော်တဆမှုသပ်သပ်မဟုတ်ကြောင်းသိသွားပြီပင် ။ 


အရိပ်က အမြဲတမ်းအတူတူရှိချင်သည့် သူမ၏ ဆန္ဒကိုဤနည်းလမ်းဖြင့်ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည် ။ 


ယခုမူ ထိုမိသားစုတစ်ခုလုံး သူမနှင့်သက်ဆိုင်သွားပြီဖြစ်၏ ။


အမြဲတမ်း .... ထာ၀ရအတွက်ပင် ။



အခန်း - ( ၁၄ ) ပြီး၏ ။


Translater - Mori ( 14 . 5 . 2023 )