.အခန်း - ၁၅
ပူးကပ်ခြင်း ( အပိုင်း - ၄ )
" အခုတော့ ဘဏ်ကဒ်ထဲကဂဏန်းရှစ်လုံးမကတဲ့ပိုက်ဆံတွေကလွဲရင် ကျွန်မဘေးမှာဘာမှမရှိတော့ဘူး "
ချန်ယုလျှိုက နောက်ဆုံးစီးကရက်တစ်ရှိုက်စာကိုမှုတ်ထုတ်လိုက်ကာ သူမ၏အကြည့်များမှာလည်း စီးကရက်ငွေ့များအလယ်၌ မှုန်၀ါးနေလေ၏ ။ အဖြစ်အပျက်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ဖြစ်သော်လည်း အကြောင်းအရာများမှာကြေကွဲဖွယ်ကောင်းနေသဖြင့် လင်ပန့်ရှနှင့်စုန့်ချင်းလော်တို့မှာ သူမအားအနည်းငယ်သနားမိနေသည် ။
" နောက်တော့ရော ? အသုဘအိမ်ကသေသွားတဲ့တစ်ယောက်က ခင်ဗျားတစ်ခုခုလုပ်လိုက်တာလား ?"
လင်ပန့်ရှက သူ၏ စိတ်အခြေအနေကိုအတတ်နိုင်ဆုံးထိန်းချုပ်ကာဖြင့်
" ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်လည်း —"
" လုပ်ဖော်ကိုင်ဖက် ? ရှင့်ရဲ့လုပ်ဖော်ကိုင်ဖက်နာမည်က လျှိုရှီလား ?"
ချန်ယုလျှို ပြုံးနေပါသော်လည်း သူမ၏ အပြုံးမှာ တစ်မျိုးတစ်ဖုံလျှို့၀ှက်ဆန်းကြယ်ကာစိတ်မသက်မသာဖြစ်ဖို့ကောင်းလေသည် ။
" ဒါပေမဲ့ ကျွန်မကိုလည်းအပြစ်မတင်ပါနဲ့လေ ... ကျွန်မကလူကောင်းတစ်ယောက်မဟုတ်ပေမဲ့လို့ အလကားသပ်သပ်ကြီး လူလိုက်သတ်နေတတ်တဲ့အကျင့်လည်းမရှိပါဘူး ... ရှင့်ရဲ့ လုပ်ဖော်ကိုင်ဖက်က ဒီတိုင်းကံကောင်းမှုတွေကုန်ဆုံးသွားရုံလေးပါ "
ထို့နောက်တစ်ခစ်ခစ်ရယ်မောလာ၏ ။ လျှိုရှီ၏ အခြေအနေကိုကြားပြီးနောက် လင်ပန့်ရှ သက်ပြင်းချနေမိသည့်အချိန်တွင်ပင် စုန့်ချင်းလော်က ရေရွတ်ပြောဆိုလိုက်သည် ။
" မတော်တဆမှုပြီးတော့ ခင်ဗျားနောက်ထပ်ဆုတောင်းသေးတယ်မလား ?"
ချန်ယုလျှိုက အေးစက်စွာဖြင့်
" ဟုတ်တယ် ... အမှားတစ်ခုလုပ်ပြီးခဲ့ပြီပဲ ဘာလို့နောက်ထပ်အမှားတွေထပ်လုပ်ဖို့ကိုကြောက်နေရတော့မှာလဲ ... အရိပ်ရှေ့မှာပဲနောက်ထပ်ဆုတစ်ကိုတောင်းဆိုခဲ့တယ်လေ "
" ဘာဆုတောင်းလဲ ?"
" သူတို့ငါ့ဆီပြန်လာနိုင်ဖို့ ... အရိပ်ကိုပြောလိုက်တာ "
' သူတို့ငါ့ဆီပြန်လာကြဖို့ ' ချန်ယုလျှိုမှာ ရူးသွပ်သွားလုနီးနီးဖြင့် ထိုစကားကိုသာအဆက်မပြတ်ပြောဆိုနေခဲ့ပြီး အသက်ကယ်ကောက်ရိုးတစ်မျှင်ကိုဆွဲကိုင်ထားသကဲ့သို့ အရိပ်ကိုဆက်တိုက်တောင်းဆိုနေတော့၏ ။ မှောင်မိုက်သည့်အခန်းနှင့်တစ်သားတည်းဖြစ်နေသော အရိပ်မှာ ၀ါကျင်ကျင်ဖယောင်းတိုင်မီးရောင်၏ အောက်၌ သူမ၏ ကိုယ်ပေါ်သို့တဖြည်းဖြည်းတွားသွားတက်လာကာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင်ကပ်တွယ်လိုက်သည် ။
ထိုအရိပ်မှာ သူမ၏ခန္ဓာကိုယ်နှင့်တစ်သားတည်းဖြစ်လုနီးနီးပေါင်းစပ်နေပြီးနောက် နားရွက်နားသို့တဖြည်းဖြည်းကပ်၍ အက်ရှနေသည့်အသံကြီးဖြင့်ညင်ညင်သာသာဆိုလာ၏ ။
" တောင်းဆိုတဲ့အတိုင်းဖြစ်စေရမယ် "
သူမ၏ ဆုတောင်းများနောက်တစ်ကြိမ်လက်တွေ့ဖြစ်လာခဲ့သည် ။ မတော်တဆမှုတွင်သေဆုံးသွားခဲ့ကြသည့် မိသားစု၀င်များအကုန် သူမထံသို့ပြန်ရောက်လာ၏ ။
ထိုနေ့က မနက်မိုးမလင်းသည့်အချိန်ကတည်းကပင် အိမ်ရှေ့တံခါးကိုပြင်းပြင်းထန်ထန်ထုရိုက်နေသည့်အသံအားကြားလိုက်ရသည် ။ မနေ့ညကဆုတောင်းခဲ့သည့် အတွက်မျှော်လင့်တကြီးဖြင့်အပြေးအလွှားသွား၍ တံခါးဖွင့်လိုက်၏ ။ သူမ၏ ခင်ပွန်း ကလေးများနှင့်အတူမတော်တဆမှုအတွင်းသေဆုံးသွားသည့်အခြားသောမိသားစု၀င်များကိုပါ အိမ်ရှေ့လျှောက်လမ်းတွင်တွေ့လိုက်ရသည် ။
ချန်ယုလျှိုက ရေခဲသေတ္တာအတွင်းမှစီးကျလာသည့်အနက်ရောင်အပုပ်ရည်များရွဲနစ်နေသည့်ကြမ်းပြင်ကိုစိတ်ရှည်လက်ရှည်သန့်ရှင်းရေးလုပ်နေလေသည် ။ အလောင်းများပုပ်၍ စီးကျလာသောရွှံရွာဖွယ်မဲညစ်နေသည့်အရည်များကို သူမကရွံရှာပုံမရသည့်အပြင် သူမ၏ ကလေးများအကြိုက်ဆုံးသားချော့တေးကိုပင် အေးအေးဆေးဆေးသီဆိုနေသေး၏ ။
ရေခဲသေတ္တာအတွင်းမှအလောင်းကောင်များက ရွစိရွစိဖြင့်လှုပ်ရှားနေသောကြောင့် ရေစိုနေသည့်သားရေပြားကြီးကိုလက်ဖြင့်ညှစ်သည့်အသံမျိုးကဲ့သို့ တဗြစ်ဗြစ်အသံများထွက်ပေါ်နေလေသည် ။ ကျိုးပဲ့နေသည့်အရိုးအပိုင်းအစများက ရေခဲသေတ္ထာနံရံကိုတွန်းတိုက်မိနေသဖြင့်တဂျစ်ဂျစ်အသံများလည်းကြားရသေးကာ တစ်ခါတစ်ရံ၌ ဗလုံးဗထွေးစကားပြောဆိုနေသံများပင်ထွက်ပေါ်လာတတ်သေး၏ ။
ကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်ပြီးသည့်နောက်တွင် ဧည့်ခန်းအတွင်းသို့သွား၍ ဖယောင်းတိုင်မီးကိုနောက်တစ်ဖန်ထွန်းညှိလိုက်သည် ။ ၀ါကျင်ကျင်ဖယောင်းတိုင်မီးရောင်ကြောင့် ချန်ယုလျှို၏ မျက်နှာမှာပို၍ သွေးမရှိဘဲကြောက်မက်ဖွယ်ကောင်းနေသည့်အပြင် ခေါင်းငုံ့၍ သူမ၏ နောက်ဆုံးအားထားရာကောက်ရိုးတစ်မျှင်ကိုဖမ်းဆုပ်ရန်ရှာဖွေနေလေ၏ ။
သို့သော်လည်း စိတ်ပျက်ဖွယ်ပင် ။ သူမ၏ ခန္ဓာကိုယ်မှာယခင်ကကဲ့သို့မီးနှင့်အလင်းရောင်အားကြောက်လန့်ခြင်းမရှိတော့သည့်တိုင် အရေးအကြီးဆုံးအရာမှာမူပျောက်ဆုံးသွားလေ၏ ။
ထိုအရာမှာ ချန်ယုလျှို၏ အရိပ်ပင် ....
သူမပြောသည်နှင့် လင်ပန့်ရှငုံ့ကြည့်လိုက်သောအခါ အမှန်ပင် ဖယောင်းတိုင်မီးရောင်အောက်ကြမ်းပြင်ပေါ်တွင် သူနှင့်စုန့်ချင်းလော်တို့၏ အရိပ်သာရှိ၍ ချန်ယုလျှို၏ အရိပ်ရှိမနေပါပေ ။
ချန်ယုလျှိုက ပြုံး၍
" တွေ့လား ... ကျွန်မမလိမ်ပါဘူးလို့ပြောသားပဲ "
လင်ပန့်ရှ : " ခင်ဗျားဆိုးဆိုး၀ါး၀ါးအရာတွေဖြစ်အောင်ဆုတောင်းခဲ့မိတာတောင်မှဘာလို့အရိပ်ကိုလိုက်ရှာနေသေးတာလဲ ? ခင်ဗျား ...... နောက်ထပ်ဆုတောင်းဦးမလို့လား ?"
ချန်ယုလျှိုက လင်ပန့်ရှကိုတစ်ချက်ကြည့်ပြီးနောက်
" ဟုတ်တယ် ... မလုပ်သင့်ဘူးဆိုတာသိပေမဲ့ ငါမတတ်နိုင်ဘူး ... သူတို့ရဲ့လူသားတုန်းကပုံစံအတိုင်းပြန်ဖြစ်စေချင်တယ် "
ထို့နောက် စုန့်ချင်းလော်အား လက်ညိုးထိုးပြ၍
" ရှင်သူတို့ကိုပြောင်းလဲပေးလို့ရတယ် ... ဟုတ်တယ်မလား ... ရှင်လုပ်ပေးနိုင်တယ် "
စုန့်ချင်းလော်ကမူ သူမအားလျစ်လျှူရှု၍ တစ်ခုခုကိုတွေးနေပုံရ၏ ။
" ဒါဆိုလျှိုရှိီကရော ... သူကဘယ်လိုလုပ်ပြီးခင်ဗျားနဲ့တွေ့ခဲ့တာလဲ ?"
ဤအရာမှာ လင်ပန့်ရှ အသိချင်ဆုံးအကြောင်းပါပင် ။
" ခင်ဗျားသူ့ကိုဘာလုပ်လိုက်တာလဲ ? ရုတ်တရက်ကြီးထီပေါက်သွားတာကအကြောင်းတစ်ခုခုတော့ရှိမှာပေါ့ ! နောက်ကွယ်ကလူက ခင်ဗျားရဲ့အရိပ်လား ?"
ချန်ယုလျှိုက အေးစက်စက်ပြောလာ၏ ။
" သူလား ? သူကတစ်ကယ်တော့ သူခိုးတစ်ယောက်ဆိုတာရှင်တို့မသိဘူးလား ... သူသာအရိပ်ကိုမခိုးသွားခဲ့ရင် ရှင်တို့ကိုကျွန်မအကူအညီတောင်းမှာမဟုတ်ဘူး "
လင်ပန့်ရှတစ်ယောက် ခေါင်းမူးသွားရရှာသည် ။
" ခင်ဗျားရဲ့အရိပ်ကိုခိုးသွားတယ် ?"
" သူဘယ်လိုလုပ်လိုက်လဲတော့ ကျွန်မမသိဘူး "
ချန်ယုလျှိုက အလွန်စိတ်ဆိုးနေပုံရကာ
" အတိုချုပ်ပြီးပြောရရင် သူကငါ့အရိပ်ကိုခိုးသွားပြီး ပြန်လဲမပေးချင်ဘူးလေ ဒါ့ကြောင့်သူ့ကိုသွားရှာခဲ့တာ "
အရိပ်ကိုခိုးယူသွားခြင်းဆိုသည်မှာ လင်ပန့်ရှ လုံး၀ထင်မထားခဲ့သောအရာဖြစ်ပြီး ချန်ယုလျှိုကသာ လျှိုရှီအားမကောင်းကြံနေခြင်းဖြစ်သည်ဟုတွေးနေခဲ့သည် ။
" ကဲကဲ ... ကျွန်မရဲ့အကြောင်းကိုအကုန်ပြောပြလို့ပြီးပြီ ... အခု ကျွန်မလိုချင်တာကိုပေးတော့ "
သူမကပြောနေရင်းနှင့်ပင် စုန့်ချင်းလော်၏ လက်ထဲမှပလက်စတစ်စနှင့်ပတ်ထားသည့်အရာကိုကယူရန်ကြိုးစားလာ၏ ။ စုန့်ချင်းလော်က ရှောင်ရှားခြင်းမပြုဘဲ သူမကိုစေ့စေ့ကြည့်ကာပြောလိုက်သည် ။
" တောင်းပန်ပါတယ် ... ခင်ဗျားကိုမပေးချင်တော့ဘူး "
" အကုန်ပြောပြရင်ပေးမယ်လို့ရှင်ဂတိပေးခဲ့တာပဲလေ ... ရှင့်စကားကိုရှင်မတည်ချင်တာလား ?"
စုန့်ချင်းလော်က ပလက်စတစ်ဖြင့်ပတ်ထားသည့်အရာကိုလက်ဖြင့်တစ်ချက်ပုတ်ကာ ပေါ့ပေါ့ပါးပါးဆိုလာ၏ ။
" ဂတိပေးခဲ့တာမှန်ပေမဲ့ .... ခင်ဗျားရဲ့စကားတွေကအတည်ယူလို့မရဘူးထင်တာပဲ "
ချန်ယုလျှို ဆွံ့အနေသည့်အချိန်တွင် စုန့်ချင်းလော်က ပြတ်ပြတ်သားသားဆိုလာ၏ ။
" လိုချင်တာရမယ်ဆိုရင် သူတို့ကိုမူလအခြေအနေအတိုင်းဖြစ်အောင်လုပ်ပေးမယ်လို့ပြောခဲ့တာလေ ... လိုချင်တာက ခင်ဗျားရဲ့အရိပ်ကို ... အခု ခင်ဗျားရဲ့အရိပ်ကအခိုးခံလိုက်ရပြီဆိုတော့ အလဲအလှယ်အနေနဲ့ ခင်ဗျားမှာပေးစရာရှိလို့လဲ ?"
စုန့်ချင်းလော်လိုချင်သည့်အရာမှာ ထိုအရိပ်ဖြစ်မည်မှန်း ချန်ယုလျှိုမျှော်လင့်ထားပုံမရသည့်အပြင် သူမထံ၌လည်းပိုက်ဆံကလွဲတခြားအလဲအလှယ်လုပ်စရာထူးထူးဆန်းဆန်းပစ္စည်းဟူ၍မရှိပါချေ ။ ထို့ကြောင့်ပြောချင်ပါသော်လည်းပြောစရာစကားမရှိသောကြောင့်တိတ်ဆိတ်သွားရ၏ ။
စုန့်ချင်းလော်က သူမကိုလျှစ်လျှူရှု၍ ပလက်စတစ်စဖြင့်ပတ်ထားသည့်အရာကိုသေတ္တာလေးထဲသို့ထည့်၍သော့ခတ်လိုက်သည်ကိုကြည့်ရင်း ချန်ယုလျှိုမှာရူးသွပ်သွားသကဲ့သို့ သေတ္တာကိုလုယူရန်ကြိုးစားလာလေသည် ။
စုန့်ချင်းလော်က သေတ္တာလေးကိုပိုက်ထားရင်းရှောင်တိမ်းနေပါသော်လည်း ချန်ယုလျှိုက မည်သည့်နေရာမှဆွဲထုတ်ထားသည်မှန်းမသိရသည့် ဓားတစ်ချောင်းဖြင့် ချိန်ရွယ်၍ ထိုးစိုက်ရန်ပြေးလာ၏ ။
လင်ပန့်ရှ : " သူမလက်ထဲမှာဓားရှိတယ် သတိထား !"
ချွန်ထက်တောက်ပသည့်ဓားမှာ စုန့်ချင်းလော်နှင့် တဖြည်းဖြည်းနိီးကပ်လာပြီး အနောက်တွင်ထမင်းစားစားပွဲရှည်ကြီးခံနေသဖြင့် ပြန်ဆုတ်ပြေးရန်လည်းမဖြစ်နိုင်ပေ ။ စုန့်ချင်းလော်မှာ မြန်မြန်ဆန်ဆန်ပင်ဓားရိုးကိုလှမ်းဖမ်း၍ ချန်ယုလျှို၏ လက်ကိုလိမ်ချိုးလိုက်ပြီးနောက် အားအပြည့်ဖြင့်တွန်းထုတ်လိုက်၏ ။
ကြမ်းပြင်ပေါ်သို့လဲကျသွားသည့် ချန်ယုလျှိုမှာ သူမ၏ လက်ထဲရှိပုံပျက်ပန်းပျက်ဖြစ်နေသည့် ဓားသွားကိုကြည့်၍ တောင့်ခဲနေတော့သည် ။ လိမ်ကောက်နေသည့်ဓားသွားထက်၌ သွေးစအနည်းငယ်ရှိနေပြီး ထိုသွေးများကိုကြည့်ခြင်းအားဖြင့် တစ်ဖက်လူဒဏ်ရာရသွားသည်မှာသေချာသလောက်ပင် ။
စုန့်ချင်းလော်က ပုံမှန်အတိုင်းရပ်နေဆဲဖြစ်သော်လည်း သူ၏ညာလက်ကိုမူဘေးတစ်ဖက်သို့ချထားကာ ဖြူဖျော့သည့်လက်ချောင်းထိပ်များမှ နီးစွေးသည့်သွေးများကြမ်းပြင်ပေါ်သို့တစ်စက်ချင်းစီးကျနေလေသည် ။
လင်ပန့်ရှက ချန်ယုလျှိုကိုကျော်ခွ၍ စုန့်ချင်းလော်ထံပြေးသွားကာ လက်ကိုကိုင်ပြီး ဒဏ်ရာကိုစစ်ဆေးလိုက်၏ ။
" အဆင်ပြေရဲ့လား ?! ဒဏ်ရာကိုသွေးတိတ်သွားအောင်တစ်ခုခုလုပ်ရမယ် "
စုန့်ချင်းလော်က ခဏမျှတိတ်ဆိတ်နေသော်လည်း လင်ပန့်ရှ၏ အလွန်စိုးရိမ်နေသည့်မျက်နှာထားကြောင့် သက်ပြင်းချ၍ စိတ်လျှော့လိုက်သည် ။
" သွားကြမယ် "
လင်ပန့်ရှက စုန့်ချင်းလော်ကို အလွန်သတိထား၍ ကူတွဲရင်းအပြင်သို့ထွက်လာ၏ ။ ချန်ယုလျှိုက ကြမ်းပြင်ပေါ်တွင်လဲကျနေသည့်အတိုင်းရှိနေဆဲဖြစ်ကာ သူမ၏ ပါးစပ်မှမသွားပါရန်ရေရွတ်နေပါသော်လည်း တားရန်သတ္တိမရှိပါချေ ။
ရေခဲသေတ္တာတံခါးနားကိုလေးဖက်ထောက်သွား၍ တံခါးကိုဆွဲဖွင့်လိုက်သောအခါ ပုပ်စပြုနေပြီဖြစ်သောအသားအပုံလိုက်ကြီးသာရှိနေလေသည် ။ ထိုအသားများမှစိမ့်ထွက်လာသည့်အလောင်းပုပ်ရည်များက ကြမ်းပြင်ပေါ်သို့တစ်ဖန်ပြန်လည်စီးကျလာသဖြင့် တစ်ခန်းလုံးအနှံ့ပုပ်အဲ့အဲ့သွေးညှီနံ့များအပြည့်နှင့် ရွံရှာဖွယ်အတိပင် ။
သို့သော်ငြား ချန်ယုလျှိုက ရူးသွပ်စွာပြုံးရင်းဖြင့် ထိုအရိုးနှင့်အသားအပုံလိုက်ကြီးအား ခပ်တင်းတင်းပွေ့ဖက်လိုက်သည့်အပြင် သူမ၏ မျက်နှာနှင်ပင်ပွတ်သပ်နေသေးကာ ခေါင်းမြုပ်ထားရင်တီးတိုးပြောဆိုနေလေ၏ ။
" ကျွန်မက ရှင်တို့နဲ့ အမြဲတမ်းအတူတူရှိနေချင်ရုံလေး ... အမြဲတမ်း ထာ၀ရ--"
လင်ပန့်ရှမှာ သွေးထွက်သံယိုဖြစ်ရပ်များနှင့်မစိမ်းသက်သော်လည်း သူကြုံတွေ့ခဲ့ရသည်များမှာ အသက်မရှိတော့သည့် လူသေအလောင်းတို့၏ သွေးများသာ ။ ယခုမူ သူနှင့်သိကျွမ်းသောလူတစ်ဦးက ထိခိုက်ထားခြင်းဖြစ်သည့်အတွက် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတော့၏ ။ စုန့်ချင်းလော်၏ လက်ကိုအသေအချာကြည့်ရှုစစ်ဆေးပြီးနောက် သူဆောင်ထားသည့် တစ်ရှူးစဖြင့်ယာယီပတ်ပေးထားလိုက်သည် ။
စုန့်ချင်းလော်၏ ဖြူဖျော့သောလက်ချောင်းသွယ်သွယ်လေးမှာ အလွန်လှပသည့်အပြင် လက်ဆစ်များလည်းတစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိကာ ကြည့်ကောင်းလှ၏ ။ ထိုသို့အနုပညာလက်ရာတစ်ခုနှယ်လှပသောလက်ကလေးထိခိုက်၍ သွေးများထွက်နေသည်မှာ အလွန်စိတ်မကောင်းဖြစ်ဖွယ်ပင် ။
" ဒဏ်ရာကကွဲသွားတာနည်းနည်းများတော့ ဆေးရုံသွားပြီးချုပ်ရမယ်ထင်တယ် "
" အဲလောက်ထိမလိုပါဘူး "
စုန့်ချင်လော်က သူ့လက်မှပြတ်ရှရာကြီးအားတစ်စက်ကလေးမှပင် ဂရုမစိုက်သည့်အပြင်စိမ့်ထွက်လာသည့်သွေးများကိုပင် ခပ်ပြင်းပြင်းခါထုတ်လိုက်သေးသည် ။
" ဘယ်လိုလုပ်အဆင်ပြေမှာလဲ ... မတော်လို့အမာရွတ်တွေဘာတွေများကျန်သွားခဲ့ရင် ..."
" တကယ်အဆင်ပြေပါတယ်ဆိုကွာ ... ယောက်ျားတစ်ယောက်ပဲဒီလောက်ထိခိုက်တာလေးကိုစာဖွဲ့မနေပါဘူး ... လာ မြန်မြန်သွားကြရအောင် "
" အမ် ... နေပါဦး ကျွန်တော်အသံတစ်ခုကြားလိုက်သလိုပဲ ?"
" ဒါပေါ့ ရဲကားကအချက်ပေးသံလေကွာ "
လင်ပန့်ရှက အူတူတူဖြင့်
" အချက်ပေးသံ ...? တစ်ကယ်ကြီးအချက်ပေးသံလား ?"
" မဟုတ်ရင်ဘာရှိရဦးမှာလဲ ... သူမအခုအလောင်းတွေနဲ့အတူတူရှိနေလောက်တယ် "
လင်ပန့်ရှက အသေအချာစဥ်းစားပြီးနောက် ဖုန်းကိုထုတ်ကာ 110 သို့ခေါ်ဆိုလိုက်ပြီးနောက် အခြေအနေများကိုအကြမ်းဖြင်းရှင်းပြသတင်းပေးပို့လိုက်၏ ။ အရမ်းကြီးလည်းစကားမများရဲသောကြောင့် လိုအပ်သည့်အချက်များကိုကွက်ကွက်ကွင်းကွင်းပြောလိုက်သောအခါ ချက်ချင်းအနီးအနားရှိရဲများကိုလွှတ်လိုက်မည်ဖြစ်ကြောင်းအကြောင်းပြန်လာသည် ။
ဖုန်းချလိုက်ပြီးနောက် လင်ပန့်ရှက စုန့်ချင်းလော်အား အားကိုးတကြီးကြည့်ကာ
" ဒါဆို ... ရဲတွေရှေ့မှာ အဲ့အလောင်းတွေက ယွစိယွစိနဲ့လျှောက်လှုပ်နေရင်ဘယ်လိုလုပ်ကြမလဲ ?"
" သူတို့မြင်နိုင်မှာမဟုတ်ဘူး ... ပြီးတော့ အလောင်းတွေကလည်းနောက်ထပ် လှုပ်နိုင်တော့မှာမဟုတ်ဘူး "
လင်ပန့်ရှ အလွန်အံ့သြသွားသည့်အမူအရာကိုကြည့်၍ စုန့်ချင်းလော်က ညင်ညင်သာသာပြောလာ၏ ။
" ဟိုလက်ကိုပတ်ထားတဲ့ ပလက်စတစ်စကိုမှတ်မိလား?"
လင်ပန့်ရှ ခေါင်းညိမ့်ပြလိုက်သည် ။
" အဲတာကအရမ်းကိုထူးခြားတဲ့ပစ္စည်းတစ်ခု အသုံး၀င်တဲ့ပုံစံကတော့နည်းနည်းလေးရှုပ်ထွေးတယ် လွယ်လွယ်နဲ့ရှင်းရှင်းပြောရမယ်ဆိုရင် ဘယ်လောက်ပဲထိခိုက်ပျက်ဆီးနေပါစေ အဲတာနဲ့ပတ်ထားလိုက်မယ်ဆိုရင် ပြန်ကောင်းသွားလိမ့်မယ် "
လင်ပန့်ရှမှာ အသုံး၀င်ပုံကိုအနည်းနှင့်အများမှန်းဆပြီးဖြစ်၏ ။
" ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ ခန္ဓာကိုယ်ကိုမူလပုံစံအတိုင်းပြန်ထိန်းသိမ်းထားလို့လည်းရသေးတယ်!"
" မှန်တယ် "
လျှိုရှီ၏ အကြောင်းတွေးမိသောအခါ လင်ပန့်ရှမှာ အနည်းငယ်စိတ်မကောင်းဖြစ်သလိုခံစားလိုက်ရသည် ။
" ဘာဆက်လုပ်ကြမလဲ ? လျှိုရှီရဲ့ အခြေအနေကိုတစ်ချက်စစ်ဆေးကြည့်ချင်သေးတယ် "
ချန်ယုလျှို၏ ပုံစံကိုကြည့်၍ လျှိုရှီသည်လည်း ထိုကဲ့သို့တစ်ပုံစံတည်းဖြစ်၍ တူညီသည့်ဇာတ်သိမ်းမျိုးဖြစ်လာမည်လော အလွန်သိချင်နေမိသည် ။
စုန့်ချင်းလော်က ခဏမျှစဥ်းစား၍
" အရင်ဆုံးပြန်ကြတာပေါ့ ... ငါသေသေချာချာစဥ်းစားပါဦးမယ် "
ထူးခြားဆန်းပြားသည့် ပလက်စတစ်စက ဒဏ်ရာများကိုပျောက်ကင်းစေသည်မှာမှန်သော်လည်း လက်ပြတ်ကြီးအားပတ်ထားသည့်မသန့်ရှင်းသောပလက်စတစ်စထက် ဆေးရုံသို့သွား၍သာစစ်ဆေးချင်စေနေသည် ။ လင်ပန့်ရှ မည်မျှတိုက်တွန်းနေပါစေ စုန့်ချင်းလော်က ဆေးရုံသွားရန်လက်မခံပါချေ ။
အိမ်သို့ပြန်ရောက်ပြီးသည့်နောက် စုန့်ချင်းလော်အား ဆိုဖာပေါ်တွင်ထိုင်စေကာ အရက်ပြန်ဖြင့်အသေအချာပိုးသတ်၍ ဂရုတစိုက်ဖြင့်ဆေးထည့်ပေးနေ၏ ။ စုန့်ချင်းလော်ကမူ ခေါင်းငုံ့၍ ဆိုဖာအောက်တွင်ထိုင်ကာ သူ့အားညင်ညင်သာသာဆေးလိမ်းပေးနေသည့် လင်ပန့်ရှအား စိုက်ကြည့်နေမိသည် ။
ထိုလူငယ်လေးမှာ သူနှင့်စတွေ့သည့်အချိန်ကလိုပင် များများစားစားပြောင်းလဲသွားခြင်းမရှိပေ ။ လင်ပန့်ရှမှာ ရုပ်ရည်သန့်ပြန့်သည့်ကောင်လေးတစ်ယောက်ဖြစ်ပြီး အလွန်ချောမောခြင်းမရှိသော်ငြား ကိုယ်ပိုင်ဆွဲဆောင်မှုတစ်ခုရှိသည့်မျက်နှာကိုပိုင်ဆိုင်ထားသည် ။ မျက်လုံးနှင့်ဆံပင်အရောင်တို့က သာမန်လူများထက်ဖျော့သည့်အပြင် သူ၏ မျက်နှာသွင်ပြင်နှင့်ပေါင်းစပ်လိုက်ပါက တစ်ချက်ကြည့်ရုံနှင့်ပင် တစ်ဖက်လူအားနွေးထွေးသည့်ခံစားချက်ကို ခံစားရစေ၏ ။
စုန့်ချင်းလော် ၏ နှလုံးသားထဲသို့အနွေးစီးကြောင်းတစ်ခုစီး၀င်လာသလိုခံစားလိုက်ရပြီး လင်ပန့်ရှအား နူးနူးညံ့ညံ့ပြောလိုက်သည် ။
" မင်း မကြာခဏဆိုသလိုဒဏ်ရာတွေကိုစည်းပေးနေကျလား ?"
လင်ပန့်ရှက ရယ်မော၍ သူ၏ညီမဖြစ်သူမှာမကြာခဏဆိုသလိုထိခိုက်တတ်သောကြောင့် သူကသာ ပြုစုပေးရသဖြင့် ကျွမ်းကျင်နေကြောင်းရှင်းပြလိုက်၏ ။
" မင်းမှာညီမရှိတာလား ?"
" ကျွန်တော့်ရဲ့ ညီမအရင်းတော့မဟုတ်ပါဘူး ၀မ်းကွဲပါ "
စုန့်ချင်းလော်က နားလည်ကြောင်းတုံ့ပြန်သံပြုသည့်အခါ လင်ပန့်ရှက ဆက်ပြောပြလာ၏ ။
" ကျွန်တော့်မိဘတွေကငယ်ငယ်လေးကတည်းကဆုံးပါးသွားတော့ ... အဒေါ်ရဲ့မိသားစုနဲ့ပဲအတူတူနေလာခဲ့တာ ဒါပေမဲ့ သူတို့က နည်းနည်းလေးတော့ကျွန်တော့်ကိုလက်မခံချင်ကြဘူးလေ ... ပြီးတော့ ချန်ယုလျှိုလိုပုံစံမျိုးနဲ့နည်းနည်းဆင်ကြတယ် ... အမြဲတမ်းကျွန်တော်က ထူးဆန်းသလိုပြုမူနေတော့ ဘယ်သူမှမလိုချင်ကြတာမဆန်းပါဘူး "
" မဟုတ်ဘူး "
စုန့်ချင်းလော်က ခေါင်းခါ၍
" မင်းက သူတို့နဲ့မတူပါဘူး ... မင်းကမင်းပဲ မင်းကထူးခြားတယ် "
စုန့်ချင်းလော်၏ ချောမောသည့်မျက်နှာထက်မှ လေးနက်နေသောအကြည့်ကြောင့် လင်ပန့်ရှမှာ အကြောင်းအရင်းမရှိပါဘဲ မျက်နှာပူလာရသဖြင့် ချောင်းဟန့်ကာမသိမသာအကြည့်လွှဲလိုက်ရ၏ ။
အခန်း - ၁၅ ( ပြီး၏ )
Translater - Mori ( 20 . 5 . 2023 )