.အခန်း - ၁၆
ပူးကပ်ခြင်း ( အပိုင်း - ၅ )
စုန့်ချင်းလော်၏ ဒဏ်ရာကိုဆေးထည့်ကာပတ်တီးစည်းပေးပြီးနောက် လင်ပန့်ရှက လျှိုရှီ၏ အခြေအနေကိုစစ်ဆေးကြည့်ရန်အတွက် အရင်ဖုန်းခေါ်ကြည့်လိုက်သည် ။ အကြိမ်အရေတော်တော်များများခေါ်ဆိုပါသော်လည်း တစ်ဖက်ကတစ်ကြိမ်မှပြန်မဖြေပေ ။ ထို့ကြောင့် လျှိုရှိီ၏ အိမ်သို့သာတိုက်ရိုက်သွားကြည့်ရန်ဆုံးဖြတ်လိုက်၏ ။
လင်ပန့်ရှ လျှိုရှီ၏ အိမ်သို့ပထမဆုံးရောက်ဖူးခဲ့သောအကြိမ်မှာ လျှိုရှီ၏ မွေးနေ့တွင်ဖြစ်၏ ။ ထိုအချိန်က လျှိုရှီမှာ လူအနည်းငယ်နှင့်သာသိကျွမ်းသည့်အပြင် အခြားဒေသမှလာရောက်နေထိုင်သူဖြစ်သဖြင့် သူငယ်ချင်းဟူ၍ များများစားစားမရှိသေးချေ ။ လူနည်းနည်းလေးဖြင့်ကျင်းပသည့် မွေးနေ့ပွဲလေး၌ လင်ပန့်ရှက လျှိုရှီအား မွေးနေ့ကိတ်လက်ဆောင်ပေးခဲ့၏ ။
ခေါင်မိုးထပ်လေးပေါ်တွင်အရက်သောက်ရင်း ကောင်းကင်ကြီးကိုကြည့်ရှုကာ ရောက်တတ်ရာရာအကြောင်းအရာပေါင်းစုံကိုပြောဆိုခဲ့ကြသည် ။ စားသောက်ရင်း အတူတကွပျော်ရွှင်ရယ်မောရင်း အတူတကွညကောင်းကင်ယံထက်မှကြယ်တာရာများကိုကြည့်ရှုရင်း လှပသည့်တစ်နေ့တာကိုအတူတူဖြတ်သန်းခဲ့ကြသည် ။
ထိုညမှစ၍ လင်ပန့်ရှက လျှိုရှီအား ကာကွယ်စောင့်ရှောက်ပေးရမည့် သူငယ်ချင်းတစ်ဦးအဖြစ်မှတ်ယူထားခဲ့သည်ပင် ။
ထို့အပြင် ကောလိပ်ချင်းလည်းတူညီပြီး အခြားနယ်မှပြောင်းရွေ့နေထိုင်ရသည်လည်းတူညီနေသည့်အပြင် ထူးထူးဆန်းဆန်းပင် လုပ်သည့်အလုပ်အကိုင်ကပင်တူညီနေပါသေး၏ ။
အတိတ်မှအကြောင်းအရာများကိုတွေးတောနေရင်းဖြင့် လျှိုရှီနေထိုင်သည့်အိမ်ရာ၀င်းထဲသို့ရောက်လာလေသည် ။ ဓာတ်လှေကားထဲ၀င်ပြီးနောက် လျှီရှီနေထိုင်သည့်တိုက်ခန်းရှိမည့်အထပ်နံပါတ်ကိုနှိပ်လိုက်၏ ။ လျှိုရှီ၏ တိုက်ခန်းမှာ ဓာတ်လှေကားနှင့်နီးနီးလေးဖြစ်သဖြင့် ခြေလှမ်းအနည်းငယ်မျှလှမ်းလိုက်ရုံဖြင့်အိမ်တံခါးရှေ့သို့ရောက်နေပြီဖြစ်သည် ။
လင်ပန့်ရှ တံခါးမခေါက်ရသေးခင်မှာပင် အခန်းအတွင်းမှငိုရှိုက်ကာစကားပြောဆိုနေသံများကိုကြားရပြီး မကြာမှီမှာပင် မျက်ရည်အရွဲသားနှင့်အမျိုးသမီးတစ်ဦးအခန်းတံခါးဆွဲဖွင့်၍ထွက်လာလေသည် ။ ထိုအမျိုးသမီးက တံခါး၀တွင်ရပ်နေသည့်လင်ပန့်ရှအား မြင်သောအခါအနည်းငယ်အံ့သြသွားပုံရသော်လညး ဆက်လက်ငိုယို၍ ဓာတ်လှေကားထဲသို့ပြေး၀င်သွားလေသည် ။
လင်ပန့်ရှကမူ ပွင့်ဟကျန်ခဲ့သည့်တံခါးအဟကြားမှအခန်းအတွင်းရှိအခြေအနေကိုကြည့်၍ ပြောစရာစကားပင်ပျောက်ရှနေရှာ၏ ။ လျှိုရှီ၏ ဘေးဆိုဖာပေါ်၌ အလွန်ချောမောလှသောမိန်းကလေးတစ်ဦးထိုင်နေပြီး သူမ၏ အသွင်အပြင်မှာနူးညံ့ကာ သပ်သပ်ရပ်ရပ်၀တ်စားထားလေသည် ။ မျက်နှာအသွင်အပြင်မှာဖြူဖျော့နေပါသော်လည်း သူမ၏ မျက်၀န်းများကမူ ငိုယို၍ ပြေးထွက်သွားသည့်အမျိုးသမီးဘက်သို့စူးစူးစိုက်စိုက်ကြည့်ရှုနေသည် ။
လျှိုရှီကထရပ်၍ အမျိုးသမီးအားလိုက်တားချင်ပါသော်လည်း သူ၏ ဘေးတွင်ထိုင်နေသည့်မိန်းကလေးက လျှိုရှီ၏ လက်ကိုဆောင့်ဆွဲ၍ မာမာထန်ထန်ပြောဆိုလာ၏ ။
" လျှိုရှီ ရှင်ကျွန်မကိုမလိုချင်တော့ဘူးလား ?"
မိန်းကလေး၏ စကားမှာလျှိုရှီအပေါ်တွင်အလွန်သက်ရောက်မှုပြင်းထန်လှ၏ ။ လျှိုရှီ ကလိုက်ရန်ကြိုးစားနေသည်ကိုရပ်တန့်ကာ စိတ်မကောင်းဖြစ်နေဟန်ဖြင့်
" ဘာပဲဖြစ်ဖြစ်သူမကငါ့ရဲ့ကောင်မလေးပဲလေ ..."
" အခုမဟုတ်တော့ဘူး "
မိန်းကလေးကမကျေမနပ်ဟန်ဖြင့်
" အခုကစပြီးကျွန်မကရှင့်ရဲ့ကောင်မလေးပဲ "
မိန်းမငယ်လေး၏ စကားကိုကြားသောအခါလျှိုရှီက အားရပါးရပြုံးလာ၏ ။ အချိန်အတော်ကြာမှသာ တံခါး၀တွင်လူပိုတစ်ယောက်ရပ်နေကြောင်းသတိထားမိသွားဟန်ဖြင့် မိန်းမငယ်လေးက လျှိုရှီအားမေးလိုက်သည် ။
" လျှိုရှီ ... သူကရှင့်သူငယ်ချင်းလား ?"
" မဟုတ်ဘူး "
လျှိုရှီက အာရုံစိုက်ချင်ပုံပင်မရကာ
" အရင်တုန်းကအတန်းဖော်"
လျှိုရှီကပြောနေရင်းဖြင့်တံခါး၀သို့လျှောက်လာ၍ လင်ပန့်ရှအား အထဲ၀င်ရန်၀တ်ကျေတန်းကျေဖိတ်ခေါ်ပါသော်ငြား လူကမူတံခါး၀တွင်ရပ်၍ ပိတ်ဆို့ထား၏ ။
" တစ်ခုခုဖြစ်လို့လား ?"
" ငါမင်းကိုပြောစရာရှိလို့ "
လျှိုရှီ : " ဘာကိစ္စပဲဖြစ်ဖြစ်ဒီမှာပဲပြော "
" ခုနကမင်းကောင်မလေးဘာဖြစ်သွားတာလဲ ?"
လျှိုရှီက ထူးမခြားနားဟန်ဖြင့်
" အမှန်တိုင်းပြောရရင်ငါ့ရဲ့ ရည်းစားဟောင်း "
လင်ပန့်ရှမှာ ဘာတွေဖြစ်နေမှန်းမသိတော့သော်လည်း သူ၏သတိပေးစကားများကို လျှိုရှီနားထောင်မည်မဟုတ်မှန်းတွေးမိလေသည် ။ လျှိုရှီပြုမူနေပုံများအရ အခြေအနေများမှာ သူထင်ထားသည်ထက်ပိုမိုဆိုးရွားနေလောက်သည် ။ သူသိကျွမ်းခဲ့ရသည့် လျှိုရှီမှာ ပျောက်ကွယ်သွားခဲ့ပြီပင် ။
လင်ပန့်ရှက စကားဆက်မပြောဘဲ သူ့အားရပ်ကြည့်နေသောကြောင့် လျှိုရှီမှာစိတ်မရှည်တော့ကာ
" တကယ်ပဲ ဘာသောက်ကြောင်းကိုပြောချင်နေတာလဲ ?"
လင်ပန့်ရှကသက်ပြင်းချ၍
" ငါ ချန်ယုလျှိုနဲ့တွေ့ခဲ့တယ် "
ချန်ယုလျှို၏ အမည်ကိုကြားသောအခါ လျှိုရှီ၏ မျက်နှာထက်တွင် အံ့သြသည့်အမူအရာပေါ်လာပါသော်လည်း လျှင်မြန်စွာပင်ပျောက်ကွယ်သွားလေ၏ ။
" ဘယ်က ချန်ယုလျှိုလဲ ငါတော့တစ်ခါမှမကြားဖူးပါဘူး "
" ငါ မင်းနဲ့ ရန်ဖြစ်ချင်လို့လာတာမဟုတ်ဘူး ... ချန်ယုလျှို ဆွေမျိုးတွေရဲ့အလောင်းကိုပြန်တွေ့ပြီလို့လာပြောပြတာ "
" ဘယ်မှာရှာတွေ့တာလဲ ?"
" သူ့အိမ်ကရေခဲသေတ္တာထဲမှာ "
လျှိုရှီမှာအတော်လေးအံ့သြသွားပုံပင် ။
" သူမကအခုစိတ်အခြေအနေမူမမှန်ဘူး မင်းသတိထားဦး "
လျှိုရှီက လင်ပန့်ရှအား စိတ်ရှုပ်ထွေးနေသည့်အမူအယာဖြင့် စိုက်ကြည့်နေပြီး လင်ပန့်ရှသူ့ဆီရောက်လာသည်မှာ အကြံစည်တစ်ခုခုရှိမရှိအကဲခတ်နေလေ၏ ။
" မင်းကဘာလို့ငါ့ကိုဒါတွေလာပြောပြနေရတာလဲ ?"
လင်ပန့်ရှက ခါးသက်သက်ပြုံး၍
" ငါ့သူငယ်ချင်းတစ်ယောက်ဆီမှာမကောင်းတဲ့ကိစ္စတွေဖြစ်မလာစေချင်လို့ "
လျှိုရှီက ခဏမျှတိတ်ဆိတ်နေပြီးနောက် တိုးတိုးလေးပြောလာ၏ ။
" လင်ပန့်ရှ မင်းပိုက်ဆံလိုနေတယ်မလား "
လင်ပန့်ရှက သူ့ကိုသာစိုက်ကြည့်နေသောကြောင့် လျှိုရှီက လေသံနှိမ့်၍ ဆက်ပြောလေသည် ။
" မင်းသိနေမလားတော့မသိဘူး ဒါပေမဲ့ ..."
စကားရပ်လိုက်ပြီးနောက် လျှိုရှီကအိမ်ထဲသို့ပြန်၀င်သွားပြီး သူပြန်ထွက်လာသည့်အခါ လက်ထဲတွင် ပလက်စတစ်အထုပ်တစ်ထုပ်ကိုကိုင်လာ၏ ။ အစွန်းနားတွင် မူပြဲနေသောကြောင့်ငွေစက္ကူ၏အနီရောင်အနည်းငယ်ကိုလှစ်ဟပြသနေသည် ။ ထိုအနီရောင်မှာမျက်စိကျိန်းလောက်သည်အထိတောက်ပနေသည်ပင် ။
" ဒါပေမဲ့လည်း ငါတို့တွေကသူငယ်ချင်းတွေပဲလေ ငါ့ကိုသတိပေးဖို့လာတဲ့အတွက် ကျေးဇူးတင်ရမယ်မှန်းတော့ငါသိပါသေးတယ် ... ဒီပိုက်ဆံတွေကိုယူပြီး နောက်ထပ်မလာနဲ့တော့ "
အထုပ်၏အထူအရ အနည်းဆုံးယွမ်တစ်သိန်းကျော်လောက်ရှိမည့်ပုံပင် ။ အကယ်၍သူ လင်ပန့်ရှပိုက်ဆံကိုလက်ခံလိုက်မည်ဆိုပါက လျှိုရှီနှင့် သူငယ်ချင်းဆက်ဆံရေးကိုအဆုံးသတ်လိုက်သည့်သဘောသက်ရောက်ပြီး နောက်ထပ်မည့်သည့်ကိစ္စတွင်မှ၀င်ရောက်စွက်ဖက်၍ရနိုင်မည်မဟုတ်တော့ပေ ။
ပိုက်ဆံများကိုမြင်သောအခါ လင်ပန့်ရှက ရယ်မောလာ၏ ။ ကျန်ရစ်နေသည့်အပြုံးလေးသည်ပင် ရိုးသားမှုအပြည့်နှင့်လျှိုရှီအားစိုက်ကြည့်နေလေသည် ။
လင်ပန့်ရှ၏ အပြုံးကိုမြင်သောအခါ လျှိုရှိီက လင်ပန့်ရှ ပိုက်ဆံယူရန်သဘောတူသည်အထင်နှင့် သူ၏ လက်ထဲသို့ ပိုက်ဆံထုပ်ကိုထိုးထည့်ပေးလာ၏ ။ လင်ပန့်ရှက လျှိုရှီ၏ လက်ကိုပုတ်ထုတ်၍ ဘာစကားမှမပြောဘဲလှည့်ထွက်သွားလေသည် ။
သူ၏ နူတ်ခမ်းပါးထက်မှအပြုံးကမူ တစ်ဖက်သို့လှည့်လိုက်သည်နှင့်ပျောက်ကွယ်သွား၏ ။
ထွက်ခွာသွားသည့် လင်ပန့်ရှ၏ နောက်ကျောကိုကြည့်၍ လျှိုရှီကအံ့အားသင့်စွာအော်ဟစ်လာ၏ ။
" လင်ပန့်ရှ မင်းမလိုချင်ဘူးလား ?"
လင်ပန့်ရှက လျှိုရှီ့ကို ပျင်းရိပျင်းတွဲပုံစံဖြင့်လှည့်ကြည့်ပြီးနောက် လက်ခါပြလိုက်သည် ။ လျှိုရှီက ဒေါသတကြီးဖြင့်
" သောက်ကျိုးနဲ ပိုက်ဆံမလိုချင်ဘူးလား "
လင်ပန့်ရှက ဓာတ်လှေကားထဲသို့၀င်၍ လျှိုရှိအားကြည့်ကာ အလေးအနက်ပြောလာ၏ ။ သူ၏ အသံမှာမကျယ်သောငြား လျှိုရှီတစ်ယောက် ရှင်းရှင်းလင်းလင်းကြားရရန်လုံလောက်သည် ။
" အစကတော့ငါရယ်ဖို့မစဥ်းစားထားပါဘူး ... မင်းပြန်စဥ်းစားကြည့်ဦး ဒီလောက်ပိုက်ဆံအများကြီးရှိတာတောင် မင်း အားရပါးရရယ်နိုင်လား ... နောက်ဆိုရင် မင်းဘယ်တော့မှပြုံးရယ်နိုင်မှာမဟုတ်တော့ဘူး "
လျှိုရှီ : "..."
နောက်ဆုံး၌ ဘက်စ်ကားခနှစ်ယွမ်ကိုချွေတာနိုင်ရန် အိမ်သို့လမ်းလျှောက်ပြန်ရန်သာဆုံးဖြတ်လိုက်သည် ။ တစ်လက်စတည်းမှာပင် အိမ်ရာအနီးရှိမားကတ်သို့၀င်၍ နေ့လည်စာ၀ယ်ရန်တွေးတောမိ၏ ။ စုန့်ချင်းလော်ထံသို့ဖုန်းဆက်၍ နေ့လည်စာ၀ယ်ရမည်လောဟုမေးမြန်းချင်ပါသော်ငြား သူ့ထံ၌ စုန့်ချင်းလော်၏ ဖုန်းနံပါတ်မရှိချေ ။ ထို့ကြောင့် အိပ်စိုက်၍သာ စုန့်ချင်းလော်အတွက်နေ့လည်စာ ၀ယ်လာခဲ့၏ ။
လင်ပန့်ရှအိမ်ပြန်ရောက်သောအခါ၌ အလွန်မွေးပျံ့သောအသားဟင်းရနံ့ကိုရလိုက်သည် ။ စုန့်ချင်းလော်က ၀က်သားဟင်းပန်းကန်ကိုကိုင်၍ မီးဖိုထဲမှထွက်လာ၏ ။ ၀က်သားဟင်းအနံ့မှာအလွန်မွှေးသည့်အပြင် အရသာရှိမည့်ပုံလည်းပေါ်သောကြောင့် လင်ပန့်ရှကတံတွေးမြိုချ၍
" လက်ကိုထိခိုက်ထားတာကို ဘာလို့ဟင်းချက်နေရတာလဲ ?"
" အဆင်ပြေပါတယ် ... မင်းဆေးထည့်ပေးထားတာပဲကို ...လာ အရင်စားရအောင် "
စုန့်ချင်းလော်က ခုံတွင်၀င်ထိုင်ပြီးနောက် လင်ပန့်ရှအား တူတစ်စုံကမ်းပေးလာ၏ ။ ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားသည့်ထမင်းဟင်းများကိုကြည့်၍ လင်ပန့်ရှမှာ အားနာလာရသဖြင့် စျေးဖိုးတစ်၀က်ကိုသူပေးမည်ဖြစ်ကြောင်း ပြောဆိုသော်လည်း စုန့်ချင်းလော်က လက်မခံပေ ။
စုန့်ချင်းလော်၏ ဟင်းချက်လက်ရာမှာ အင်မတန်ကောင်းမွန်ကြောင်း၀န်ခံရမည်ပင် ။ ၀က်သားဟင်းမှာ အဆီများသော်လည်း မအီဘဲအလွန်စား၍ကောင်းလှသည် ။
( TN / ဘဲကချက်ကျွေးတာဆိုတော့လဲအရသာရှိမှာပေါ့ရှင် )
" လျှိုရှီ့ကိုသွားတွေ့တာဘယ်လိုအခြေအနေရှိလဲ "
" အရမ်းမကောင်းဘူး ... သူက ကျွန်တော်ပြောတာတွေကိုမယုံဘူး "
စုန့်ချင်းလော်က ပေါ့ပေါ့ပါးပါးပြောလာ၏ ။
" မင်းကိုယုံတယ်ဆိုရင်တောင်မှ သူလုပ်နိုင်တာဘာမှမရှိဘူး... သွေးဆောင်မှုကိုခံနိုင်ရည်ရှိတဲ့လူဆိုတာအရမ်းရှားတယ် "
" ဒါပေမဲ့လည်း "
လင်ပန့်ရှက ခါးသက်သက်ပြုံး၍
" ကျွန်တော် သူသေသွားမှာကိုဒီတိုင်းထိုင်မကြည့်နိုင်ဘူးလေ "
" ဒါဆိုရင် ငါလျှိုရှီရဲ့ အခြေအနေကိုအရင်အကဲခတ်ပြီးတစ်ယောက်ယောက်ကို ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်မယ် "
လင်ပန့်ရှက ဂရုတစိုက်ဖြင့်
" သူတို့ လျှိုရှီကိုတော့သတ်မပစ်လောက်ဘူးမလား ?"
စုန့်ချင်းလော်ကပြုံး၍
" ငါတို့က တရား၀င်အဖွဲ့အစည်းတစ်ခုပါကွာ "
လင်ပန့်ရှ : " အိုး ..."
" တစ်ခါတစ်လေမှ နည်းနည်းလေးလွဲတာပါ "
လင်ပန့်ရှ : "..."
ဒါမျိုးကိုတော့ထုတ်မပြောသင့်ဘူးလေဗျာ !
နောက်တစ်နေ့ လင်ပန့်ရှအလုပ်သွားသောအခါ လျှိုရှီတစ်ယောက် စာချုပ်အဆုံးသတ်၍ အလုပ်ထွက်သွားကြောင်းသတင်းကြားလိုက်ရသည် ။ လင်ပန့်ရှ အနေဖြင့်များစွာမအံ့သြမိသော်ငြား အခြားသောလုပ်ဖော်ကိုင်ဖက်များကမူ ပိုက်ဆံရှိသည်နှင့်အလုပ်ပင်လုပ်ချင်စိတ်မရှိတော့ကြောင်း ဝေဖန်ပြောဆိုကြတော့သည် ။ လျှိုရှီ၏ ရည်းစားဟောင်းဖြစ်သူမှာ အလုပ်ထိလာရောက်ရှာဖွေပါသော်လည်း လျှိုရှီကအလုပ်ထွက်သွားပြီဖြစ်၍ ပြဿနာရှာရန်နည်းလမ်းမရှိတော့ပေ ။
တစ်ဖက်တွင် ချန်ယုလျှိုသည်လည်း ခက်ခဲသည့်အခြေအနေထဲသို့ကျရောက်နေ၏ ။ ရေခဲသေတ္တာထဲရှိအလောင်းများမှာ သူမ၏ ဆွေမျိုးများဖြစ်သော်လည်း ရရှိခဲ့သည့်နည်းလမ်းကမူရေခဲတိုက်မှခိုးယူထားခဲ့ခြင်းဖြစ်သဖြင့် ရဲများထံမှသံသယများစွာကိုဖြေရှင်းနေရလေသည် ။ အလောင်းများကရေခဲတိုက်မှကိုယ်တိုင်တွားသွားထွက်လာခြင်းဖြစ်သော်ငြား ချန်ယုလျှိုကမူ အမှန်အတိုင်းပြောရန် ငြင်းဆန်နေလေ၏ ။
ရဲဘက်မှသက်သေများအရ ချန်ယုလျှိုမှာ ရေခဲတိုက်သို့နောက်တစ်ကြိမ်သွားရောက်ခဲ့ခြင်းမရှိစေကာမူ အလောင်းများက သူမ၏အိမ်ရှေ့သို့ထူးဆန်းသည့်နည်းလမ်းဖြင့်ရောက်ရှိလာခဲ့သည် ။ နောက်ဆုံး၌ ရဲများပင်အဖြေမရှာနိုင်သောကြောင့် လက်လျှော့လိုက်ရပြီး အမူပိတ်လိုက်ရသည် ။ ချန်ယုလျှိုကိုမူ မတော်တဆမူအတွင်းသေဆုံးသွားသည့် မိသားစု၏ ကျန်ရစ်သောတစ်ဦးတည်းသောမိသားစု၀င်ဖြစ်သည်ဟူသောအချက်ကြောင့်ပင် ရက်အနည်းငယ်သာပြစ်ဒဏ်ကျခံစေ၍ ပြန်လွှတ်လိုက်၏ ။ သို့သော်လည်း သူမအနေဖြင့် စိတ်ရောဂါကုဆရာ၀န်ထံသို့ သွားရောက်ဆွေးနွေးကြောင်းစစ်ဆေးခံရမည်ပင် ။
ဤအရာများမှာ ချန်ယုလျှိုနှင့်ပက်သက်၍ လင်ပန့်ရှတစ်ယောက် အတင်းအဖျင်းများမှတစ်ဆင့်ကြားသိရသောအကြောင်းများဖြစ်သည် ။ တိုက်ခန်းအသစ်သို့ ပြောင်းရွေ့လာသည့်အချိန်ကစ၍ ထူးထူးဆန်းဆန်းအရာများကိုစတင်ကြုံတွေ့လာခဲ့ရခြင်းဖြစ်သည့်အပြင် အရင်က သူသတိမထားမိခဲ့သော အရာများကိုပါဖြည်းဖြည်းချင်းအသေးစိတ်သတိထားမိလာ၏ ။
ကျိလဲ့ရွှေကမူ စုန့်ချင်းလော်၏ တိုက်ခန်းတွင်ပြောင်းရွေ့နေထိုင်သည့်အချိန်ကတည်းက ထူးဆန်းသည့်ပုံရိပ်များနှင့် ကြောက်မက်ဖွယ်တီးတိုးစကားပြောသံများကိုမကြားရတော့ဘဲ ဘ၀ကြီးကအလွန်အေးချမ်းသာယာနေ၏ ။ ကျိလဲ့ရွှေ၏ လတ်တလောတစ်ခုတည်းသောအိပ်မက်ကလေးမှာ သူ၏ ပုံမှန်ဘ၀သို့ပြန်လည်ရောက်ရှိလာပြီဆိုသည်နှင့် ချစ်သူကောင်မလေးနှင့်အတူတူပြောင်းရွေ့နေထိုင်ရန်ပင် ။ သို့သော်လည်း ကံတရားကြီးကမူ ကျိလဲ့ရွှေလေးအပေါ် အလွန်တရာမှခါးခါးသီးသီးဖြင့်ရက်စက်စွာဆက်ဆံလေ၏ ။
ယခုမူ ကျိလဲ့ရွှေတစ်ယောက် လင်ပန့်ရှထံသို့ ငိုယို၍ ပြေးလာကာ ရင်ဖွင့်နေလေတော့သည် ။
" ငါလမ်းခွဲလိုက်ပြီ "
လင်ပန့်ရှက အံ့အားသင့်စွာဖြင့်
" ဘာလို့လမ်းခွဲတာတဲ့လဲ အကြောင်းပြချက်ကဘာလဲ ?"
ကျီလဲ့ရွှေက နှာသံဖြင့်
" မသိဘူး "
" ဒါဆိုလဲ မင်းမြန်မြန်အသစ်တစ်ယောက်တွေ့ဖို့ဆုတောင်းပေးပါတယ်ကွာ "
ကျိလဲ့ရွှေက နှပ်ချေးညှစ်ပြီးနောက် လင်ပန့်ရှနှင့်အတူအမူးသောက်မည်ဟုဆိုကာ စူပါမားကတ်သို့သွား၍ ဘီယာနှင့်အစားသောက်များ၀ယ်ယူမည်ဟုပြော၍ အပြင်ထွက်ရန်ပြင်လေ၏ ။ လင်ပန့်ရှမှာ ကျိလဲ့ရွှေအား ဂရုစိုက်ရန်အထပ်ထပ်မှာ၍ ဓာတ်လှေကားထဲသို့၀င်သွားသည့်အချိန်ထိနောက်မှလိုက်ကြည့်ရလေသည် ။
ငါးမိနစ်မျှကြာသောအခါ၌ ကျိလဲ့ရွှေတစ်ယောက် ဓာတ်လှေကားထဲမှအူးယားဖားယားဖြင့်ပြန်ပြေးထွက်ပြီး အိမ်တံခါးကိုတဗုန်းဗုန်းထုကာ
" ပန့်ရှ ... မကောင်းတော့ဘူး ... မကောင်းတော့ဘူး စုန့်ကော ထိခိုက်သွားလို့ "
လင်ပန့်ရှက တံခါးကိုချက်ချင်းဆွဲဖွင့်၍ စိုးရိမ်တကြီးမေးလာ၏ ။
" ဘာဖြစ်လို့လဲ "
ကျိလဲ့ရွှေက အသက်ပြင်းပြင်းရှု၍
" ငါအခုလေးတင်စုန့်ကောကိုအောက်မှာတွေ့ခဲ့တာ ... စုန့်ကောကိုလူနှစ်ယောက်ကဘေးတစ်ဖက်ီမှာညှပ်ပြီးသယ်သွားတာတွေ့လိုက်တယ် မှောင်နေလို့သေသေချာချာမမြင်လိုက်ရပေမဲ့ သူတို့တွေကြောက်စရာကြီးတွေကွ... အခြားသူတွေလည်းရှိသေးတယ် လူအုပ်တောင့်တဲ့ပုံစံအရလူမိုက်ဂိုဏ်းတစ်ခုခုကဖြစ်လောက်မယ်ထင်တယ် ... သူတို့ကစုန့်ကောကို လူမနေတဲ့ တိုက်ခန်းတွေဘက်ကိုခေါ်သွားတာ ... မင်းမြန်မြန်လာလေ လူကယ်ဖို့သွားရမယ်ကွ !!! "
လင်ပန့်ရှက အိမ်ထဲသို့ပြန်ပြေး၀င်သွားပြီးနောက် မုန့်လှိမ့်သည့်ဒလိမ့်တုံးကိုယူလိုက်ကာ အကျီချိတ်ကိုယူရန်လည်းမမေ့ပါချေ ။ ထိုအရာများကမလုံလောက်သေးဟုတွေးကာ မီးဖိုချောင်ထဲသို့၀င်ပြီး အသားလှီးထားကိုခါးကြားထိုး၍ ကျိလဲ့ရွှေအားဆွဲကာ အောက်ထပ်သို့လေအလျှင်ဖြင့်ပြေးဆင်းသွားလေ၏ ။
စုန့်ချင်းလော်က သူတို့နှစ်ဦးစလုံးအတွက် အသက်သခင်ကျေးဇူးရှင်ဟုယူဆ၍ ရနိုင်သောကြောင့် အသက်သခင်ကျေးဇူးရှင်ကြီးအနိုင်ကျင့်ခံနေရသည်ကိုထိုင်ကြည့်မနေနိုင်ပါချေ ။
ကျေးဇူးရှင်အားကယ်တင်ရမည်ဟူသောစိတ်ကိုလက်ကိုင်ထား၍ ကျိလဲ့ရွှေပြောသည့်အဆောက်အဦဆီသို့နှစ်ဦးသားသုတ်ချေတင်သွားကြလေသည် ။ ရေခံမြေခံမကောင်းသောကြောင့် ထိအဆောက်အဦကြီးမှာ မှောင်ရိပ်ထဲတွင်တည်ရှိပြီးမြင်ရုံနှင်ပင် ကြက်သီးတဖြန်းဖြန်းထစေ၏ ။
ညအမှောင်ထဲ၌ အဆောက်အဦးတစ်ခုလုံးတွင် မီးရောင်ဟူ၍ တစ်နေရာမှမရှိပေ ။ ထို့အပြင် ဓာတ်လှေကားတစ်ခုတည်းသာရှိပြီး ထိုဓာတ်လှေကား၏အသွင်အပြင်မှာလည်း အသက်၀ိညာဥ်ကိုနုတ်ယူတော့မည့် သားရဲကောင်ကြီးတစ်ကောင်၏ အာခံတွင်းကဲ့သို့ပင် ။ ဓာတ်လှေကားမှနံပါတ်မှာရှစ်ဟုပြနေသဖြင့် ထိုသူများကစုန့်ချင်းလော်အား ရှစ်ထပ်မြောက်သို့ခေါ်သွားကြသည်မှာ သေချာသလောက်ရှိ၏ ။
ကျိလဲ့ရွှေနှင့် လင်ပန့်ရှတို့အမြန်ပြေးသွားပါသော်လည်း ဓာတ်လှေကားထွက်သွားသည်ကိုမမှီလိုက်ပေ ။ ကျိလဲ့ရွှေက ရုတ်တရက်ဆိုသလိုတစ်ခုခုကိုစဥ်းစားမိသွားပုံရကာ ကြက်သီးတဖြန်းဖြန်းထလာ၏ ။ လင်ပန့်ရှနားသို့ကပ်၍ အကျီစကိုဆွဲကာ အသံတိုးတိုးလေးနှင့်ပြောလာ၏ ။
" ပန့်ရှ ... ဒီအဆောက်အအုံမှာ ငါတို့ပြောပြောနေကျတိုက်ခန်းရှိတယ်မလား ... ဟို... ဟိုပြတင်းပေါက်လေကွာ ? "
လင်ပန့်ရှ : " ဟုတ်တယ်ထင်တယ် "
ကျိလဲ့ရွှေ: " ငါ ... နည်းနည်းလေးကြောက်လာသလိုပဲ "
လင်ပန့်ရှက ကျိလဲ့ရွှေအားနှစ်သိမ့်ပေးလာ၏ ။
" ဘာမှကြောက်စရာမရှိပါဘူးကွာ "
ကျိလဲ့ရွှေ စိတ်သက်သာရာရစွာသက်ပြင်းချသည့်အချိန်မှာပင် လင်ပန့်ရှက တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ထပ်ပြောလာလေသည် ။
" ဒါပေမဲ့ အဲဒီနေ့ကငါမြင်ခဲ့ရတဲ့မြင်ကွင်းကြီးကတော့ နည်းနည်းလေးကြောက်ဖို့ကောင်းတယ်လို့ထင်တယ် 0.0."
ကျိလဲ့ရွှေက အမှန်အကန်ကြောက်ပြနေသည့် လင်ပန့်ရှ၏ မျက်နှာထားကိုကြည့်၍ ဒေါသတကြီးအော်ဟစ်တော့၏ ။
" လင်ပန့်ရှ ... တခြားအချိန်မှာပြောရင် မြွေကိုက်မှာမို့လို့လားကွ ... လက်ရှိအခြေအနေကိုတစ်ချက်လောက်ကြည့်ပါဦးကွာ !!!"
×××
အခန်း - ၁၆ ပြီး၏ ။
Translater - Mori
( 6 . 6 . 2023 )