.အခန်း - ၁၇
ပူးကပ်ခြင်း ( အပိုင်း - ၆ )
လင်ပန့်ရှ၏ အရင်းအနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သည့်အပြင် သေရေးရှင်ရေးအခြေအနေများစွာကိုအတူတူကျော်ဖြတ်ခဲ့ကြသည့်ရဲဖော်ရဲဖက်တစ်ဦးအနေဖြင့် လင်ပန့်ရှ၏ မျက်နှာထားမှာမည်သည်ကိုဆိုလိုကြောင်း ကျိလဲ့ရွှေအတပ်သိ၏ ။
" ပန့်ရှ ... ဒီလိုအခြေအနေကြီးထဲမှာငါ့ကိုလန့်သေစေမဲ့စကားတွေ မပြောလို့မရဘူးလားကွာ !!"
လင်ပန့်ရှက ကျိလဲ့ရွှေအား မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ ကြည့်ကာ
" အိုကေ ငါမပြောဘဲနေကြည့်မယ် "
ကျိလဲ့ရွှေခမျာတော့ ထိုင်သာငိုချချင်မိနေတော့သည် ။
နှစ်ယောက်သားစကားပြောနေသည့်အချိန်မှာပင်ဓာတ်လှေကားမှာရှစ်လွှာသို့ရောက်ရှိလာပြီဖြစ်ပြီး ကော်ရစ်တာတစ်ခုလုံးမှောင်မဲနေလေသည် ။ နေထိုင်သူမရှိသည့်အဆောက်အဦဖြစ်၍ အခန်းတစ်ခန်းခန်းမှမီးလင်းနေမည်ကိုလည်းမမျှော်လင့်ထားပါချေ ။ လင်ပန့်ရှက ဖုန်းဖလက်ရှ်မီးကိုဖွင့်၍ ဓာတ်လှေကားထဲမှအပြင်သို့အရင်ထွက်လိုက်သည် ။
ကျိလဲ့ရွှေမှာ သတိအပြည့်ဖြင့်ရဲကိုဖုန်းဆက်ခေါ်ရန်အသင့်ဖြစ်နေ၏ ။ အမှောင်ထုအတွင်းတွင် ဘက်ပေါင်းစုံမှထူးဆန်းသည့်အရာများစွာပေါ်ထွက်လာနိုင်သည့်အပြင် ဘာဆက်ဖြစ်မည်နည်းမည်သူမျှမသိနိုင်ပေ ။
လင်ပန့်ရှမှာမူ ကျိလဲ့ရွှေကဲ့သို့ များများစားစားစဥ်းစားရန်အချိန်မရှိဘဲ စုန့်ချင်းလော်ကိုရှာရန်သာ စိတ်စောနေ၏ ။
ဖုန်းဖလက်ရှ်မီးရောင်မှလွဲ၍ ကော်ရစ်တာတစ်ခုလုံးမှောင်မိုက်နေကာဘာကိုမှမမြင်ရပေ ။ ဗလာဖြစ်နေသည့် နေရာကြီးတစ်ခုလုံးတွင် ကျိလဲ့ရွှေနှင့်လင်ပန့်ရှတို့၏ ခြေသံများသာပဲ့တင်ထပ်နေ၏ ။ ကျိလဲ့ရွှေက တုန်တုန်ရီရီဖြင့်
" ပန့်ရှ ... ဖြည်းဖြည်းလေးလျှောက်ပါလား ... ခြေသံကိုသူများတွေကြားကုန်ဦးမယ် "
လင်ပန့်ရှလည်း ကျိလဲ့ရွှေ၏ စကားကအကျိုးအကြောင်းသင့်ကြောင်းတွေးမိသည် ။ သို့သော်လည်း ပတ်၀န်းကျင်တစ်ခုလုံးမှာအလွန်တိတ်ဆိတ်နေသည့်အပြင် သက်ရှိသတ္တ၀ါတစ်ကောင်ကောင်၏ အရိပ်အယောင်ပင်မရှိသောကြောင့် မည်မျှပင်ဖွလျှောက်နေသည်ဖြစ်စေ အသံမှာကျယ်လောင်နေဆဲပင် ။ ကျိလဲ့ရွှေက လင်ပန့်ရှ၏ အကျီစကိုဆွဲရင်း
"ပန့်ရှ --"
လင်ပန့်ရှက ခေါင်းလှည့်၍
" ဘာဖြစ်လို့လဲ ?"
ကျိလဲ့ရွှေမှာ တစ်ကိုယ်လုံးရှိသွေးများစီးဆင်းမှုမရှိတော့သည်ဟုထင်ရသည်အထိ တောင့်ခဲသွား၏ ။ ကျိလဲ့ရွှေနှင့်လင်ပန့်ရှ တစ်ဦးကမှလမ်းမလျှောက်နေပါသော်လည်း လမ်းလျှောက်သည့်ခြေသံများကမူဆက်တိုက်ထွက်ပေါ်နေသည် ။ အထူးသဖြင့် ထိုခြေသံများမှာ သူတို့နှစ်ဦး၏ ခြေထောက်အောက်မှပင် ။ ကျိလဲ့ရွှေဖြည်းဖြည်းချင်းခေါင်းငုံ့၍ ကြည့်ရန်ကြိုးစားသည့်အခါ ထိုခြေသံများကရပ်တန့်သွား၏ ။
ကျိလဲ့ရွှေ မှာချွေးစေးများရွဲနစ်သည်နေပြီး သူ့အားအူကြောင်ကြောင်ဖြင့်ကြည့်နေသည့် လင်ပန့်ရှကိုပင်ဂရုမစိုက်အားပါတော့ချေ ။ ဖုန်းကိုထုတ်ကာ သူကျောခိုင်းကာလျှောက်ခဲ့သည့်လျှောက်လမ်းအား ဖလက်ရှ်မီးဖွင့်၍ ဓာတ်ပုံရိုက်ယူလိုက်သည် ။ ထို့နောက် ကိုယ့်ကိုယ်ကိုအတင်းအကြပ်တည်ငြိမ်စေကာ အသက်ပြင်းပြင်းရှု၍ ဓာတ်ပုံကိုစစ်ဆေးကြည့်ရှုလိုက်၏ ။
မည်သူမျှ၀င်ရောက်ခဲ့ခြင်းမရှိသဖြင့် လျှောက်လမ်းတစ်ခုလုံးတွင် ဖုန်အထပ်လိုက်ဖြစ်ပြီး သူနှင့်လင်ပန့်ရှတို့၏ ခြေရာများကအတိုင်းသားပေါ်လံင်နေလေသည် ။ သို့ရာတွင် ထိုခြေရာနှစ်ခု၏ ဘေးတွင်နောက်ထပ် အမည်မဖော်ပြနိုင်သည့်ရှုပ်ထွေးမှုများဖြင့်ခြေရာများစွာရှိနေ၏ ။ ထိုအရာကြီးများက သူတို့၀င်လာသည့်အချိန်ကတည်းက တောက်လျှောက်နောက်မှလိုက်လာနေခဲ့ခြင်းပင် ။
ကျိလဲ့ရွှေမှာ တစ်ကိုယ်လုံးတုန်ရီစွာဖြင့် အသံထွက်ရန်ပင်မနည်းကြိုးစားရနေသည် ။
" အန်တီကြီး ? ဒါကခင်ဗျားရဲ့အိမ်လားဟင် ?"
" အန်တီကြီး "
လင်ပန့်ရှက မိန်းမကြီး၀င်သွားသည့်တိုက်ခန်းထဲသို့လိုက်၀င်သွားသောကြောင့် ကျိလဲ့ရွှေလည်း လင်ပန့်ရှ၏ နောက်မှတုန်ချိတုန်ချိဖြင့်လိုက်လာလေ၏ ။
" အန်တီကြီး ခင်ဗျားကဒီမှာတစ်ယောက်တည်းနေတာလား ?"
အရှေ့မှဦးဆောင်လျှောက်နေသည့်လင်ပန့်ရှ ရုတ်တရက်ရပ်တန့်လိုက်ပြီး ကျိလဲ့ရွှေဘာမှထပ်မပြောခင်မှာပင် တိုးတိုးလေးပြောလိုက်သည် ။
" အပြင်ပြန်ထွက်ကြရအောင် "
ကျိလဲ့ရွှေရော လင်ပန့်ရှပါနှစ်ယောက်စလုံးပြိုင်တူခေါင်းညိမ့်မိကြသော်လည်း အကြည့်များမှာမူ အခန်းအတွင်းရှိအရာတစ်ခုမှခွာ၍မရကြချေ ။ ဆိုဖာပေါ်တွင် အမျိုးသမီးကြီးတစ်ဦးထိုင်လျှက်သေဆုံးနေပြီး သူမ၏ ဗိုက်မှာပွင့်လျှက်သားရှိနေကာ ထိုထဲမှထွက်ကျနေသည့်အူကလီစာတို့အားကြောင်တစ်ကောင်ကမြိန်ရေယှက်ရေစားသောက်နေလေ၏ ။
အမျိုးသမီးကြီးကိုယ်တိုင်လည်းသူမသေဆုံးသွားပြီးဖြစ်ကြောင်းသိပုံမရချေ ။ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့မှအပုပ်ရည်အကျိအချွဲများစီးကျနေပြီး သွေးပုပ်များမှာလည်းထိုင်ခုံအောက်တွင်ရေအိုင်တစ်ခုသဖွယ်ဖြစ်နေ၏ ။ မျက်နှာတစ်ခြမ်းမှာ ကုတ်ဖဲ့ခံထားရပုံပေါ်ပြီးအသားစများဖွာလန်ကြဲနေသည့်အပြင် မျက်လုံးတစ်လုံးမရှိတော့ဘဲ ကျန်တစ်ဖက်မှမူ မျက်လုံးအိမ်အတွင်းမှ ဟောင်းလောင်းပေါက်ဖြစ်နေသည့်ပါးပြင်ပေါ်သို့ တန်းလန်းကျနေသည် ။
ကျိလဲ့ရွှေမှာ ငယ်သံပါသည်အထိအော်မိလုနီးနီးဖြစ်သွားသော်လည်း ပို၍ဆိုးရွားသောအကြောင်းပြချက်များကိုတွေးမိသွားသဖြင့် အသံကိုပြန်မြိုချကာ မအော်ရဲပါတော့ချေ ။ ပါးစပ်ကိုလက်ဖြင့်အုပ်၍ တိုက်ခန်းအတွင်းမှပြန်ထွက်ရန်လျှောက်လာသည့်အချိန်တွင် ဗီဒိုတစ်ခုပေါ်မှ ဓာတ်ပုံများအားကြည့်မိသွား၏ ။
ဓာတ်ပုံသုံးပုံအနက် တစ်ပုံမှာ သေဆုံးနေသည့်အမျိုးသမီးကြီး၏ပုံဖြစ်ပြီး ကျန်ပုံများမှာအဖြူအမဲခေတ်မှပုံဟောင်းတစ်ပုံဖြစ်ပုံရကာ ဟောင်းလောင်းပေါက်ဖြစ်နေသည့်မျက်၀န်းများဖြင့် ကျိလဲ့ရွှေအားဖော်ဖော်ရွေရွေပြုံးပြနေကြလေသည် ။
" အား !!!!!!"
ကျိလဲ့ရွှေတစ်ယောက် အမှန်ပင်ရူးသွပ်သွားလုနီးနီးခံစားနေရှာသည် ။ လင်ပန့်ရှ လှမ်းမဆွဲနိုင်ခင်မှာပင် အပြင်သို့အော်ဟစ်ကာပြေးထွက်သွား၏ ။ လင်ပန့်ရှ စိတ်ပူစွာဖြင့်ပြေးလိုက်လာသည့်အချိန်တွင် ကျိလဲ့ရွှေတစ်ယောက် တိုက်ခန်းတံခါးနားတွင် တုန်တုန်ရီရီဖြင့်မတ်တပ်ရပ်နေရှာသည် ။ ကော်ရစ်တာတစ်လျှောက်လုံး အသူရာချောက်တစ်ခုကဲ့သို့မှောင်မိုက်နေသဖြင့် တစ်ယောက်တည်းမသွားရဲသောကြောင့် လင်ပန့်ရှ လိုက်လာသည်ကိုသာ အားကိုးတကြီးဖြင့်ရပ်စောင့်နေရုံကလွဲအခြားသောနည်းလမ်းမရှိပါချေ။
လင်ပန့်ရှလည်း နောက်မှလိုက်ထွက်လာကြောင်းသေချာသောအခါမှာ နောက်ပြန်လှည့်မကြည့်ဘဲ မိုင်ကုန်မြင်မြင်သမျှကျော်ခွ၍ထွက်ပြေးလေတော့၏ ။ အလွန်အလောတကြီးပြေးနေရသဖြင့် အောက်စီဂျင်ပြတ်တောက်မှုကြောင့် ကျိလဲ့ရွှေ၏ မျက်နှာတစ်ခုလုံးနီရဲနေသော်လည်း ကြောင်တစ်ကောင်စားသောက်ခြင်းခံထားရသည့် အမျိုးသမီးကြီးကိုပြန်တွေးမိကာ ပို၍ပင်ကြောက်လန့်တကြားပြေးပြန်သည် ။
အလွန်ရှည်လျားသော လျှောက်လမ်းနှင့် လှေကားထစ်များစွာမှာ အဆုံးမရှိတော့သကဲ့သို့ပင် ။ မည်သည့်နေရာသို့ရောက်နေမှန်းမသိရသော်လည်း အဝေးမှမြင်နေရသည့်မှုန်ပျပျအလင်းရောင်က ကျိလဲ့ရွှေအား အနည်းနှင့်အများဆိုသလိုအားတက်သွားစေသည် ။
အလင်းရောင်ရှိရာသို့ရောက်သောအခါ ကျိလဲ့ရွှေမှာ စိတ်သက်သာရာ သွားသော်လည်း ထိုစိတ်သက်သာရာရမှုက သုံးစက္ကန့်ပင်မကြာခဲ့ချေ ။ သူ၏ မျက်စိရှေ့တွင်ရှိနေသည့်အရပ်ရှည်ရှည်နှင့်လူမှာ ထူးဆန်းသည့်အမူအယာကြီးဖြင့် သူ့အားစိုက်ကြည့်နေပြီး မျက်နှာကိုဖုံးအုပ်ထားသည့်ဆံပင်ရှည်ကြီးကြောင့် ကျိလဲ့ရွှေမြင်ရသမျှမှာ ထိုသူ၏ စိမ်းဖန့်ဖန့်မျက်လုံးများသာလျှင်ဖြစ်၏ ။
ကျိလဲ့ရွှေ : " အား !!!"
ကျိလဲ့ရွှေ၏ ရှေ့တွင်ရပ်နေသည့်ထိုလူမှာ ကျိလဲ့ရွှေတစ်ယောက် ငိုယိုရင်းဗလုံးဗထွေးပြောဆိုနေသည့်စကားများအားကြောင်အကာနားထောင်နေမိပြီးနောက် သူ့အားထိရန်လက်လှမ်းလာ၏ ။ ကျိလဲ့ရွှေမှာ သေလောက်အောင်ကြောက်လန့်နေပါသော်ငြားမိမိကိုယ်ကိုယ်ကိုကာကွယ်ရန်ကိုမူသိသေးသဖြင့် မုန့်လှိမ့်တုံးဖြင့် ထိုသူအားရိုက်ရန်ပြင်လိုက်သည် ။ သို့သော်လည်း ထင်မှတ်မထားမိသည်မှာ ထိုသူက ဒလှိမ့်တုံးကိုကိုင်၍ နှစ်ပိုင်းပိုင်းပစ်လိုက်သည်ကိုပင် ။
ကျိလဲ့ရွှေက ထပ်မံအော်ဟစ်ငိုယိုရင်းဖြင့်
" လင်ပန့်ရှကိုသာ တစ်ယောက်ယောက်ကယ်ပေးကြစမ်းပါ --"
အပေါ်ထပ်တွင် လူသေအလောင်းကြီးရှိနေပြီးအောက်ထပ်၌မူ လူဆိုးကောင်များရှိနေ၏ ။ ကျိလဲ့ရွှေလေးမှာ သူ၏ မျက်ရည်ပင်လယ်ပင်လယ်ထဲသို့သာ ဒိုင်ပင်ထိုးချ၍သေလိုက်ချင်စိတ်ပေါက်နေတော့သည် ။
ကျိလဲ့ရွှေ၏ နောက်မှနောက်ထပ်မီးရောင်တစ်ခုပေါ်ထွက်လာသောကြောင့် လှည့်ကြည့်လိုက်သည့်အခါ ကယ်တင်မည်ဟုအသံကောင်းဟစ်လာခဲ့သည့် အဖမ်းခံရသူစုန့်ချင်းလော်ဖြစ်နေ၏ ။ စုန့်ချင်းလော်ကိုယ်တိုင်လည်း ကျိလဲ့ရွှေတစ်ယေူက် အဘယ့်ကြောင့်ဤနေရာသို့ရောက်နေသည်ကိုသိပုံမရချေ ။
" စုန့်ကော --"
ကျိလဲ့ရွှေက စုန့်ချင်းလော်ကိုမြင်သည်နှင့် ကယ်တင်ရှင်နတ်ဘုရားတစ်ဦးကိုတွေ့လိုက်ရသကဲ့သို့အပြေးအလွှားသွားဖက်လေတော့သည် ။
အရပ်ရှည်ရှည်နှင့်လူမိုက်က
" မင်းသူတို့ကိုသိလား ?"
" ငါ့ရဲ့အိမ်နီးချင်းတွေပါ ... လွှတ်လိုက် "
ကျိလဲ့ရွှေက ကြမ်းပြင်ပေါ်သို့ထိုင်ချကာ ငိုကြီးချက်မဖြင့်
" စုန့်ကော ကဘာလို့ဒီနေရာမှာရှိနေရတာလဲ ... ကျွန်တော်နဲ့ပန့်ရှက စုန့်ကောရှစ်ထပ်မြောက်မှာလို့ထင်နေတာ --"
" ပန့်ရှကအခု ရှစ်လွှာမှာလား ?"
စုန့်ချင်းလော်၏ မျက်နှာအမူအယာမှာအနည်းငယ်အေးစက်သွားလျှက်
" မင်းတို့နှစ်ယောက်အပေါ်တက်သွားတာလား ?"
" အင်း ... အဲဒီမှာ အရမ်းကြောက်ဖို့ကောင်းတဲ့အလောင်းကောင်ကြီးကိုလည်းတွေ့ခဲ့တယ် "
စုန့်ချင်းလော်နှင့်အရပ်ရှည်ရှည်လူမိုက်က အချင်းချင်းကြည့်နေကြပြီးနောက် ဓာတ်လှေကားနားသို့သွားကာ နံပါတ်တစ်ခုကိုနှိပ်လိုက်၏ ။
" စုန့်ကော ... လိုက်သွားမလို့လား ... အရမ်းကြောက်ဖို့ကောင်းတယ် ကျွန်တော်တို့အသတ်ခံရရင်ဘယ်လိုလုပ်မလဲ ?"
ကျိလဲ့ရွှေက တုန်ရီစွာဖြင့်
" အရင်ဆုံး ရဲခေါ်လိုက်တာကကောင်းမယ်လို့ထင်တယ်မလားဟင် "
" ရဲခေါ်စရာမလိုပါဘူး ... မင်းအောက်မှာပဲစောင့်နေခဲ့ ငါနောက်မှသေသေချာချာရှင်းပြမယ် "
ဓာတ်လှေကားတံခါးပွင့်လာပြီးနောက် စုန့်ချင်းလော်နှင့် လူမိုက်တို့နှစ်ယောက်မှာ အပေါ်သို့ပြန်တက်ရန်၀င်သွားကြ၏ ။ ကျိလဲ့ရွှေမှ ရှစ်လွှာတွင်ရှိနေသောအရာများကြောင့် ပြန်လိုက်မသွားချင်သော်လည်း ဘေးတွင်တစ်ယောက်မှမရှိဘဲ ကျန်မနေခဲ့ချင်ပေ ။ ထို့ကြောင့် မိမိကိုယ်ကိုပါးနှစ်ချက်ပြန်ရိုက်လိုက်ပြီးနောက် စုန့်ချင်းလော်တို့ နောက်သို့လိုက်ရန်သာဆုံးဖြတ်လိုက်သည် ။
ဤသို့ဖြင့် လိပ်ပြာလွင့်မတတ်အော်ဟစ်ကာထွက်ပြေးသွားသည့် ကျိလဲ့ရွှေလေးတစ်ယောက် စစ်ကူများခေါ်ကာ ရှစ်လွှာသို့ပြန်လည်ရောက်ရှိလာရတော့သည် ။
အခန်း ( ၁၇ ) ပြီး၏ ။
Translater - Mori
17 . 6 . 2023 ( 12 : 24 )