.အခန်း - ၁၈
ပူးကပ်ခြင်း ( နောက်ဆုံးပိုင်း - အပိုင်းခွဲတစ် )
ကျိလဲ့ရွှေက အလွန်ကြောက်လန့်တကြီးဖြင့်ပြေးထွက်သွားသောကြောင့် လင်ပန့်ရှ တားချိန်တောင်မရလိုက်ပေ ။
ထိုခွေးသားလေးမှာ သူ့အားတစ်ချက်သာပြန်လှည့်ကြည့်၍ စိတ်ချလက်ချအော်ပြေးသွားခြင်းပင် ။
အမှောင်ထုထဲသို့ပြေး၀င်သွားသည့် ကျိလဲ့ရွှေ၏ နောက်သို့လိုက်သွားချင်ပါသော်လည်း ထူးဆန်းစွာဖြင့် သူ၏ ခြေထောက်များကိုရွေ့၍မရခဲ့ပေ ။ သူ၏ လက်ထဲတွင်ရှိသည်မှာ အရေးအကြောင်းဆိုအသုံးမ၀င်သည့် အ၀တ်ချိတ်တစ်ချောင်းသာရှိ၏ ။ ထို့ကြောင့် ဘာမျှမရှိသည်ထက်စာလျှင် တစ်ခုခုရှိခြင်းက ပို၍သာကြောင်းနှလုံးသွင်း၍ အ၀တ်ချိတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ရပ်နေလိုက်သည် ။
သူ၏ ကျောနောက်ရှိအခန်းမှ တရုတ်ရိုးရာပီကင်းအော်ပရာပြဇာတ်တစ်ခု၏ အသံထွက်ပေါ်လာပြီး အသံများမှာလည်း တဂျစ်ဂျစ်နှင့်သိပ်မပီပြင်လှပေ ။ ထိုသအသံမှာ စာကြောင်းတစ်ကြောင်းကိုသာထပ်ခါတပ်ခါရွတ်ဆိုနေ၏ ။
" ကလေးငယ်လေးရဲ့ဖခင်ဟာ လမ်းကိုပြင်ပြီး ထိုလမ်းကနေပဲ အရာအားလုံးကိုချန်ရစ်ပြီးထွက်ခွာသွားလေရဲ့ "
လင်ပန့်ရှက ခဏမျှတွေးတောနေပြီးနောက် ထိုအော်ပရာသံထွက်နေသည့်အခန်းထဲသို့ တစ်လှမ်းခြင်း၀င်သွားလေသည် ။ အမျိုးသမီးကြီး၏ အလောင်းမှာ ထိုင်ခုံပေါ်တွင်ထိုင်နေဆဲဖြစ်ကာ ကြောင်၀ကြီးမှာမူ ဗိုက်၀သွားဟန်ဖြင့် အမျိုးသမီးကြီး၏ လက်ပေါ်တွင်တက်အိပ်နေလေ၏ ။ သူ့အားမြင်သောအခါ စူးစူး၀ါး၀ါးအော်ဟစ်မန်ဖ်ီလေသည် ။
လင်ပန့်ရှ ဘာဆက်လုပ်ရမည်နည်းစဥ်းစားနေသည့်အချိန်မှာပင် သူ၏ပုခုံးကိုတစ်ယောက်ယောက်ကလာပုတ်လေသည် ။ လှည့်ကြည့်လိုက်သောအခါ လီစုက သူ၏နောက်တွင်ရပ်၍ သူ့အားတအံ့တသြဖြစ်နေသည့်မျက်နှာပေးဖြင့်ကြည့်နေကြောင်းတွေ့လိုက်ရ၏ ။
" ခင်ဗျား / မင်း ဘာလို့ဒီကိုရောက်နေတာလဲ ?"
နှစ်ဦးသာမှာ တူညီသောမေးခွန်းကိုတစ်ပြိုငါနက်တည်းမေးလိုက်မိကြသည် ။
" ကျိလဲ့ရွှေက စုန့်ကောကို လူမိုက်နှစ်ယောက်ကဒီထဲကိုဖမ်းလာတယ်ဆိုလို့ သူ့ကိုလာကယ်တာလေ "
လင်ပန့်ရှက အရင်ဆုံးရှင်းပြရန်ဆုံးဖြတ်လိုက်သည် ။
" ကျွန်တော်တို့က စုန့်ကောတစ်ခုခုဖြစ်သွားမှာစိတ်ပူလို့ "
လီစုက ပြုံးကာ လင်ပန့်ရှ၏ ပုခုံးကိုပုတ်၍
" ငါတို့ကဒီမှာကိစ္စလေးရှိလို့လာဖြေရှင်းတာပါကွာ ... ခုနကအော်ပြေးသွားတာမင်းသူငယ်ချင်းမဟုတ်လား ... သူလုပ်တာနဲ့ငါတောင်လန့်သေတော့မလို့ "
ထူးဆန်းသည့်အသံများဖြင့် အော်ပရာပြဇာတ်မှာမူ ဇာတ်ကောင်နှစ်ဦး အပြန်အလှန်စကားပြောဆိုကြသည့်အခန်းပင် ။ လေထုအခြေအနေမှာ ပုံမှန်မဟုတ်ဘဲ တစ်မျိုးတစ်ဖုံပြောင်းလဲလာပါသော်ငြား လင်ပန့်ရှကမူ သတိမထားမိချေ ။
" ဒီ... ဒီတိုက်ခန်းမှာ ... ဘာတွေဖြစ်ခဲ့တာလဲ ?"
" ကိစ္စသေးသေးလေးပါပဲ "
လီစုက ဧည့်ခန်းအတွင်းရှိ ဗီဒိုတစ်လုံးပေါ်တွင် လွှားထားသည့်အနီရောင်ပိတ်စကိုဆွဲဖယ်လိုက်သောအခါ ဗီဒိုပေါ်ရှိ အရာများကြောင့် ကြက်သေသေသွားရသည် ။ လီစုက ဗီဒိုပေါ်တွင်ရှိနေသောအရိုးပြာများကို ထိုအနီရောင်ပိတ်စဖြင့်ထုပ်သိမ်းနေသောကြောင့် လင်ပန့်ရှမှာမမေးဘဲမနေနိုင်ပါတော့ချေ ။
" ဘာတွေလုပ်နေတာလဲ ?"
လီစုကပြန်လှည့်မကြည့်ဘဲ
" စောင့်ကြည့်နေ "
ထို့နောက် လီစုက အရိုးပြာများအား အလွတ်ဖြစ်နေသည့်အရိုးပြာအိုးထဲသို့ထည့်လိုက်ကြောင်းတွေ့လိုက်ရသည် ။ အရိုးပြာများအိုးထဲသို့ရောက်သွားသည်နှင့်တစ်ပြိုင်နက် နား၀င်ဆိုးလှသည့် ပီကင်းအော်ပရာသံကြီးလည်းရပ်တန့်သွားလေ၏ ။ လင်ပန့်ရှ ရှေ့ဆက်ဖြစ်မည့်အရာများကိုစပ်စုလိုစိတ်အလွန်ပြင်းထန်နေသည့်အချိန်မှာပင် ပြတင်းပေါက်နား၌ အမျိုးသမီးတစ်ဦး၏ ၀ိညာဥ်ပုံရိပ်မှာမှုန်၀ါး၀ါးဖြစ်နေရာမှ တဖြည်းဖြည်းပီပီပြင်ပြင်ပေါ်ထွက်လာလေသည် ။
လင်ပန့်ရှမှာ မျက်လုံးအပြူးသားဖြင့် ထိုသရဲမအားစိုက်ကြည့်နေမိသည် ။ အခြေအနေနှင့်မြင်ကွင်းရှုထောင့်အရ သူနှင့်ကျိလဲ့ရွှေတို့ မြင်ခဲ့ရသည့်မြင်ကွင်းများ၏ အဓိကဇာစ်မြစ်နေရာမှာ ဤတိုက်ခန်းပါပင် ။
ကျိလဲ့ရွှေပြောခဲ့သည်နှင့်တစ်ပုံစံတည်းပင် အမျိုးသမီးဖြစ်သူက ပြတင်းပေါက်ကိုတဖြည်းဖြည်းချင်းဖွင့်နေပြီးနောက် ရုတ်တရက်ခုန်ချလိုက်လေသည် ။ လွန်ခဲ့သည့်လက တွေ့ခဲ့ရသောမြင်ကွင်းနှင့်ဆက်စပ်ကြည့်ပြီးနောက် လင်ပန့်ရှတစ်ယောက် အခြေအနေအားလုံးကိုကွက်ကွက်ကွင်းကွင်းသဘောပေါက်သွားပြီဖြစ်၏ ။
ထို့ကြောင့် တုန်ချိတုန်ချိဖြင့် နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်၏ ။ လီစုက လင်ပန့်ရှအားအံ့သြတကြီးဖြင့်
" မင်းအခုကြောက်နေတာလား ?"
လင်ပန့်ရှ : " အင်း ... ကြောက်စရာကြီးလေ "
လီစု : "..."
လင်ပန့်ရှ : "0.0 လူတစ်ယောက်လုံးခုန်ချသွားတာလေဗျာ "
လီစုတစ်ယောက် ကိုယ့်ပါးစပ်လေးကိုသာ အသာပြန်ပိတ်ထားလိုက်ရ၏ ။ ဧည့်ခန်းအတွင်းရှိ အသားစများဖွာလန်ကြဲလျှက်သေဆုံးနေသည့်အလောင်းကောင်းကြီးမှာ ပို၍ကြောက်ဖို့ကောင်းမှန်း ကြပ်မပြည့်သူပင်ပြောနိုင်သော်လည်း လင်ပန့်ရှကမူ လွန်ခဲ့သောလက သရဲခြောက်ခံရသည့်အချိန်ကိုပြန်တွေးကာကြောက်နေလေသည် ။
မျက်စိရှေ့ရှိအလောင်းကောင်ကြီးမှာ လင်ပန့်ရှအား စိတ်လှုပ်ရှားအောင်ပင်မလူပ်နိုင်ပါချေ ။
" ဘယ်သူကသောက်ကျိုးနဲ သီချင်းဆိုနေပြန်တာလဲ ?"
လင်ပန့်ရှက သူ၏ ရင်ဘတ်ကိုသူအသာပုတ်ကာ ပြတင်းပေါက်နှင့်ပိုဝေးအောင်နောက်ဆုတ်လိုက်ပြီးမှသာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်၏ ။ လီစုက လင်ပန့်ရှကို ရယ်ချင်နေပုံဖြင့်စိုက်ကြည့်နေပြီးနောက်
" ပြောပြရမယ်ဆိုရင်အရှည်ကြီးပဲ ..."
လင်ပန့်ရှ : " ဒါဆိုလည်းဖြည်းဖြည်းချင်း အချိန်ယူပြီးပြောပြလေဗျာ "
" မင်းအရိုးပြာအိုးထားတဲ့စင်ကိုတွေ့လား ? အဲ့ဒီမှာဘာတွေထူးခြားနေတယ်လို့ထင်လဲ "
လီစုက အရိုးပြာအိုးများကို ယူပြသောအခါ လင်ပန့်ရှက မျက်လုံးအပြူးသားဖြင့်ကြည့်ရှုနေပြီး ရုတ်တရက်သဘောပေါက်သွားဟန်ဖြင့်ထပြောလေ၏ ။
" ဒီတစ်ခုကပိုကြီးသလိုပဲ "
" အင်းပိုကြီးတာ ... စုန့်ချင်းလော်က မင်းတိုက်ခန်းရဲ့အခြေအနေကိုပြောပြတဲ့အချိန်တုန်းက ငါမယုံခဲ့ပေမဲ့ အခုတော့ တကယ်ကြီးဖြစ်နေမှန်းသိသွားပြီ "
လီစုက အနီရောင်အရိုးပြာများအား ပုံမှန်အရွယ်အစားရှိသော အရိုးပြာအိုးထဲသို့ပြောင်းထည့်လိုက်သည့်အချိန်တွင် ပီကင်းအော်ပရာသံကြီးတစ်ဖန်ပြန်လည်ထွက်ပေါ်လာပြန်သည် ။
" ဒီအခန်းနဲ့ပက်သက်ပြီး ထူးဆန်းတာတွေဖြစ်တဲ့အချိန်ကတည်းကငါတို့လာစစ်ဆေးခဲ့ကြတာ ... အခန်းမှာပြဿနာရှိတာလို့ထင်ခဲ့ပေမဲ့ တကယ်တမ်းပြဿနာဖြစ်နေတာက အရိုးပြာအိုးပဲ "
လီစုကအပြုံးလေးဖြင့်
" လူတစ်ယောက်ရဲ့အရိုးပြာကိုဒီအိုးထဲထည့်ထားသရွေ့အဲ့ဒီလူမသေခင်က စွဲလမ်းနေတဲ့အဖြစ်အပျက်တွေကိုထပ်ခါထပ်ခါပြန်ဖြစ်စေလိမ့်မယ်... ပြတင်းပေါက်ကိုဖွင့်နေတဲ့အမျိုးသမီးနဲ့ အိပ်ခန်းထဲက ပီကင်းအော်ပရာသံလိုမျိုးပေါ့ "
လင်ပန့်ရှက ဗီဒိုပေါ်တွင်တင်ထားသည့် ဓာတ်ပုံသုံးပုံကိုကြည့်၍
" ဒါဆိုရင် ကျွန်တော်မြင်ခဲ့ရတာတွေက ဒီလူသုံးယောက်ထဲက တစ်ယောက်သေဆုံးခဲ့ရတဲ့ပုံစံကိုပေါ့ "
" ဟုတ်တယ် ... ငါတို့တွေ အရိုးပြာအိုးရဲ့အကျိုးသက်ရောက်ပုံကိုသိပြီးပြီဆိုပေမဲ့ တခြားအကြောင်းတွေအများကြီးရှိနေသေးတယ် ... ငါကပုံမှန်ဓာတ်ပုံကိုပဲမြင်နေရပေမဲ့ မင်းနဲ့မင်းသူငယ်ချင်းတို့ကဘာလို့ မတူညီတဲ့ပုံတွေကိုမြင်နေရတာလဲ ... ပြီးတော့ ထူးဆန်းတဲ့လုပ်ဆောင်ချက်ရှိတဲ့အရိုးပြာအိုးကတစ်အိုးတည်းရှိတာ "
လင်ပန့်ရှ သဘောပေါက်သွားပြီဖြစ်သည် ။
" အင်း ... ဘာလို့လဲဆိုတော့ ကျွန်တော်က ကျိလဲ့ရွှေနဲ့မတူလို့ ?"
" ငါမင်းကိုအကြောင်းစုံပြောပြမယ် "
လီစုက သက်ပြင်းချလိုက်လေ၏ ။ ညအချိန်ဖြစ်သောကြောင့် နေကာမျက်မှန်မတပ်ထားသဖြင့် သူ၏ ပန်းရောင်ဖျော့ဖျော့မျက်၀န်းတွင်ပေါ်လွင်နေသော ၀မ်းနည်းရိပ်များကိုအတိုင်းသားမြင်နေရလေသည် ။
" မင်းဒီနေရာမှာပဲ နားထောင်မှဖြစ်မယ် ?"
လင်ပန့်ရှက ခဏမျှစဥ်းစားနေပြီးနောက်
" အရင်ဆုံးအောက်ဆင်းကြရအောင် ... ကျွန်တော့် သူငယ်ချင်းအဆင်ပြေလားသိချင်လို့ "
" စိတ်မပူပါနဲ့ သူအဆင်ပြေပါတယ် စုန့်ချင်းလော်နဲ့ ငါ့ရဲ့အဖော်က သူ့ကိုခေါ်ပြီးလာနေလောက်ပြီ ."
နှစ်ဦးသားစကားပြောနေသည့်အချိန်မှာပင် ဓာတ်လှေကားအချက်ပေးသံကြားလိုက်ရပြီး အလောတကြီးလျှောက်လာသောခြေသံများကိုသတိထားမိလိုက်သည် ။ ကျိလဲ့ရွှေက သူ့ထံသို့ပြေးလာနေကာ နောက်တွင်လည်း စုန့်ချင်းလော်နှင့် သူစိမ်းတစ်ယောက်ပါလာ၏ ။
" မင်းတို့အဆင်ပြေကြရဲ့လား ?"
စုန့်ချင်းလော်က လင်ပန့်ရှအား နူးနူးညံ့ညံ့ပြုံးပြ၍
" အဆင်ပြေပါတယ် "
" ဘာလို့ငါတို့အရင်အောက်ဆင်းပြီးမှစကားမပြောကြတာလဲ ?"
လီစုကလက်ခါ၍
" ဒီအခန်းထဲမှာရှိတဲ့မြင်ကွင်းအခြေအနေက စကားအေးအေးဆေးဆေးပြောဖို့သင့်တော်တဲ့နေရာမဟုတ်ဘူးနော် "
" ဟုတ်တယ် "
လင်ပန့်ရှက ခေါင်းညိမ့်ကာထောက်ခံလာ၏ ။
လီစုသည်လည်း ဤအခြေအနေကြီးထဲတွင်နောက်ထပ်အရိုးပြာအိုးတစ်အိုးကိုရှာရန်မဖြစ်နိုင်သောကြောင့် အိုးအဟောင်းထဲသို့သာပြန်လည်လောင်းထည့်လိုက်သည် ။ နား၀င်ဆိုးလှသည့်အော်ပရာဆိုသံကြီး ရပ်တန့်သွားပြီးနောက် အခန်းအတွင်းတွင် တိတ်ဆိတ်မှုကြီးသာကြီးစိုးကျန်ခဲ့၏ ။ လီစုကအရိုးပြာအိုးအား ပိတ်စအနီဖြင့် အသေအချာထုပ်ပိုးလိုက်ပြီးနောက် သူ၏ အဖော်ဖြစ်သူယူလာသည့် အနက်ရောင်သေတ္တာထဲသို့ထည့်လိုက်သည် ။
လင်ပန့်ရှမှာ ယခုမှသာ လီစုနှင့်အတူပါလာသောသူ၏ မျက်နှာကိုအသေအချာကြည့်လိုက်မိသည် ။ ထိုသူမှာ ကြည့်ကောင်းသောမြင့်မားသည့် အရပ်အပြင် နှာတံမြင့်မြင့်သာမက အစိမ်းရင့်ရောင်မျက်၀န်းများအပြင် ပါးသိုင်းမွှေးများလည်းရှိ၏ ။ ခြုံငုံ၍ ပြောရမည်ဆိုလျှင် သူ့နည်းသူ့ဟန်နှင့်ချောမောသူတစ်ဦးပင် ။ လီစု၏ နောက်တွင်ရပ်နေသောထိုသူအားအချိန်အတော်ကြာစိုက်ကြည့်နေမိ၏ ။
တစ်ပါးသူအား ဤကဲ့သို့စိုက်ကြည့်နေခြင်းမှာ သင့်လျှော်သောအပြုအမူမဟုတ်သဖြင့် ချောင်းအသာဟန့်ကာအကြည့်လွှဲလိုက်သည် ။
ကျိလဲ့ရွှေ၏ နှလုံးသားလေးမှာခုန်ထွက်လာမတတ်ဒုန်းစိုင်းနေခဲ့ရပြီး လင်ပန့်ရှကသူ၏ ပုခုံးကိုပုတ်၍နှစ်သိမ့်ပေးသောအခါမှသာ စိတ်သက်သာရာရသွားရှာ၏ ။ လီစု၏ ရှင်းပြချက်အရ ဤတိုက်ခန်းတွင်ဖြစ်ပျက်နေသည့်ထူးဆန်းသောအရာများမှာ သရဲနှင့်မကောင်းဆိုး၀ါးများလက်ချက်မဟုတ်သဖြင့် ကျိလဲ့ရွှေတစ်ယောက် ကြောက်စရာမရှိတော့ဟု မိမိကိုယ်ကိုတရားချနေရသည် ။
ကျိလဲ့ရွှေမှာ လင်ပန့်ရှ၏ လက်ကိုဆွဲကာ နှာချေးတွဲလောင်းဖြင့်အော်ဟစ်ငိုယို၍ ဤကဲ့သို့နေရာမျိုးကိုထပ်လာရသည်ထက် အခြားသောအရာများကိုသာပို၍ ကြုံတွေ့ချင်ကြောင်းနှင့် ဧည့်ခန်းအတွင်းရှိ အလောင်းကောင်ကြီးအား ရဲသို့အကြောင်းကြားတိုင်ကြားသင့်ကြောင်း တတွတ်တွတ်ပြောနေရှာ၏ ။
လင်ပန့်ရှမှာ ကျိလဲ့ရွှေ၏ ပုံစံလေးအားကြည့်၍ အားရပါးရအော်ဟစ်ရယ်မောမိလေသည် ။
လီစုနှင့် သူ၏ အဖော်တို့မှာတိုက်ခန်းကိုချိတ်ပိတ်ပြီးနောက် အရိုးပြာအိုးကိုယူဆောင်ကာ ဗိုဒိုပေါ်တွင်တင်ထားသည့်ဓာတ်ပုံများ၏ ရှေ့တွင် အမွှေးနံ့သာတိုင်ထွန်းကာ စကားအချို့တိုးတိုးပြောဆိုပြီးနောက် လင်ပန့်ရှအားခေါ်၍ အောက်သို့ပြန်ဆင်းလာကြသည် ။
အဆောက်အဦကြီးအတွင်းမှ ပြန်ထွက်သည့်အချိန်ကပင် အတော်ညနက်နေပြီဖြစ်သည် ။ ကျိလဲ့ရွှေနှင့် လင်ပန့်ရှတို့၏ မူလအစီအစဥ်မှာ ဟော့ပေါ့တစ်အိုးချက်၍ အမူးမှောက်သည်အထိ ဘီယာသောက်ရန်ဖြစ်ပါသော်လည်း ယခုမူ ကျိလဲ့ရွှေလေးအတွက် အသည်းကွဲ၍ ငိုရသည့်အပြင် ကြောက်၍ လိပ်ပြာလွင့်မတတ်အော်ဟစ်နေခဲ့ သေး၏ ။
ကျိလဲ့ရွှေက လီစုကိုပါ အိမ်အပါခေါ်၍ အတူတူသောက်ရန်ပြောဆိုသောအခါ လိီစုက
" အရမ်းနောက်ကျနေပြီလေ သိပ်မလုံခြုံတော့ဘူး "
ကျိလဲ့ရွှေက နားမလည်ဟန်ဖြင့်
" ဘာကမလုံခြုံတာလဲ ."
" ခုနကတိုက်ခန်းရဲ့အကြောင်းကို ပန့်ရှသိချင်နေတယ်မဟုတ်လား ? ဇာတ်လမ်းကနည်းနည်းရှည်တော့ လမ်းလျှောက်ရင်းပြောပြမယ် "
လင်ပန့်ရှက အလွန်သိချင်နေပြီဖြစ်သောကြောင့် အဆက်မပြတ်ခေါင်းညိမ့်ပြလေ၏ ။
" လဲ့ရွှေ မင်းအိမ်ကိုအရင်ပြန်နားချင်လား ?"
" ဟင့်အင်း—"
ကျိလဲ့ရွှေက အကြောက်အကန်ငြင်းဆန်လာ၏ ။
" ငါမင်းနဲ့ပဲအတူတူပြန်မှာ "
ထိုတိုက်ခန်းအတွင်းတစ်ယောက်တည်းမနေရဲပါချေ ။ နောက်ဆုံး၌ အမျိုးသားငါးယောက်မှာ အနီးအနားရှိ စားသောက်ဆိုင်လေးသို့သာသွားရနိဆုံးဖြတ်လိုက်ကြသည် ။ လမ်းတစ်လျှောက်လုံးတွင် လီစုက ဖြည်းဖြည်းချင်းပြောပြလာ၏ ။
" အရင်တုန်းကအဲ့ဒီမိသားစုမှာ အရမ်းကိုလှတဲ့မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးတယ် "
( TN / ဘာလို့မှန်းမသိ ကလေးလေးတွေကိုပုံပြင်ပြောပြနေတဲ့မြင်ကွင်းကိုပြေးမြင်မိသွားတယ် 😆 )
လီစု၏ အသံမှာ ညင်ညင်သာသာပြောသည့်အချိန်၌ နားထောင်၍ကောင်းလှပြီး စုန့်ချင်းလော်၏ လေသံနှင့်ဆင်တူလှသည် ။
" အဲ့ဒီမိန်းကလေးက မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိသွားတယ်လေ ... ရှေးရိုးဆန်တဲ့မိသားစုတစ်စုဆိုတော့ ဒီလိုမျိုးချစ်သူရည်းစားဆက်ဆံရေးကိုလက်မခံကြဘူး "
လင်ပန့်ရှသာမက စုန့်ချင်းလော်ကပါ တိတ်တိတ်လေးနားထောင်နေ၏ ။
" မိန်းကလေးနှစ်ယောက်က အချိန်အတော်ကြာတောင့်ခံရုန်းကန်ခဲ့ကြပေမဲ့ နောက်ဆုံးတော့ လမ်းခွဲလိုက်ကြရတယ် ... မိန်းကလေးတစ်ယောက်က သူမရဲ့အဖေကိုမလွန်ဆန်နိုင်တဲ့အတွက် မနှစ်သက်တဲ့အမျိုးသားတစ်ဦးနဲ့လက်ထပ်လိုက်ရတယ် ဒါပေမဲ့ လက်ထပ်ပြီးမကြာခင်မှာပဲ သူမကိုယ်သူမအဆုံးစီရင်သွားတယ်လေ ... နောက်ထပ်မိန်းကလေးတစ်ဦးကလည်း လက်ထပ်လိုက်ရပေမဲ့ သူမရဲ့ဘ၀ကလည်းလွယ်ကူမနေခဲ့ဘူး ... အဲဒီတိုက်ခန်းမှာနေတဲ့မိန်းကလေးက အမျိုးသားဖြစ်သူရဲ့ ရွံရှာတဲ့အကြည့်တွေနဲ့အတူ အကြမ်းဖက်တာကိုပါခံခဲ့ရတယ် ... သူမအတွက်တောင့်ခံနိုင်တဲ့တစ်ခုတည်းသောမျှော်လင့်ချက်က သူမကိုအရမ်းချစ်တဲ့အဖွားဖြစ်သူကြောင့်ပဲ "
လင်ပန့်ရှကမေးလိုက်သည် ။
" ကျွန်တော်တို့တွေ့ခဲ့တဲ့အမျိုးသမီးကြီးလား ?"
" အင်း ... အဖွားဖြစ်သူကမြေးလေးခံစားနေရတာကိုမြင်ပြီးအရမ်းစိတ်မကောင်းဖြစ်နေတာပေါ့ ... ဒါ့ကြောင့်မို့လို့ အဲဒီမိန်းကလေးကိုကွာရှင်းဖို့တိုက်တွန်းခဲ့ပေမဲ့ အရာအားလုံးကနောက်ကျသွားခဲ့ပြီ "
" လက်မခံနိုင်တဲ့အဖေဖြစ်သူက သူ့သမီးရဲ့ခေါင်းကို ကိုယ်တိုင်ဖြတ်ပြီး ပြတင်းပေါက်ကနေပစ်ချလိုက်တယ်... အဲဒီမိန်းကလေးရဲ့ခေါင်းက လမ်းမပေါ်မှာတောက်လျှောက်လှိမ့်သွားခဲ့တာကိုလူတိုင်းမြင်လိုက်ကြရတယ်လေ ... ဖခင်ဖြစ်တဲ့သူကိုလည်း လူသတ်မှုနဲ့စွဲချက်တင်ခဲ့ပြီး ထောင်ချလိုက်ကြတယ် အယူခံ၀င်ခွင့်တောင်မပေးခဲ့ဘူး "
လီစုက ပြောရင်းဆိုရင်းဖြင့် စီးကရက်သောက်ရန်ပြင်လိုက်သည် ။ သို့သော် မီးမညှိရသေးခင်မှာပင် အဖော်ဖြစ်သူထံမှ စီးကရက်ပြန်လည်သိမ်းယူခြင်းကိုခံလိုက်ရ၏ ။ လီစုက ပြန်ရန်တွေ့ချင်ပါသော်လည်း အဖော်ဖြစ်သူ၏ စူးရှသောအကြည့်များကြောင့် စကားလုံးများကိုပြန်လည်မြိုချကာ လေသံကိုလည်းအနူးညံ့ဆုံးဖြစ်အောင်လျှော့ချကာမျက်နှာချိုသွေးလိုက်သည် ။
" မသောက်တော့ဘူး ... မသောက်တော့ပါဘူးကွာ... ရက်နည်းနည်းကြာတော့ အဖွားဖြစ်သူလည်းအကြောင်းအရင်းမရှိဘဲသေဆုံးသွားခဲ့တယ် ... သူမသေဆုံးနေတာကိုရက်အတော်ကြာတဲ့ထိဘယ်သူကမှမသိခဲ့ကြဘူး ... အလောင်းကိုရှာတွေ့တဲ့အချိန်မှာ သူမရဲ့ခန္ဓာကိုယ်တစ်၀က်နီးပါးကိုကြောင်တွေကစားသောက်ထားပြီးနေပြီ ... နောက်ဆုံးထွက်သက်အထိ သူမရဲ့သားကိုခွင့်မလွှတ်ခဲ့သလို ... အဲဒီအမျိုးသားကလည်း အသုဘအခမ်းအနားပြီးတာနဲ့ ဘယ်တော့မှထပ်မတွေ့ရတော့ဘူး "
" ဒါဆိုရင်ဘာလို့ ကျွန်တော်နဲ့ကျိလဲ့ရွှေနဲ့က မိန်းကလေးနှစ်ယောက်ရဲ့ သေဆုံးခဲ့တဲ့အချိန်ကအတိုင်းတစ်ပုံစံတည်းတွေ့နေရတာလဲ ?"
ထိုသို့ပြောပြီးနောက်မှ လင်ပန့်ရှက တစ်ခုခုကိုစဥ်းစားမိသွားပုံရကာ ပြောလာ၏ ။
" အဲဒီအရိုးပြာတွေက ?
" ဟုတ်တယ် ... မင်းကဥာဏက်ကောင်းတာပဲ "
လီစုကရယ်မော၍
" ငါကြားခဲ့ရသလောက်ကတော့ အဲဒီအမျိုးသားက သူ့သမီးနဲ့အမေဖြစ်သူရဲ့သေဆုံးမှုကြောင့် နောင်တရပြီး သူ့သမီးရဲ့ချစ်သူမိန်းကလေးမိသားစုဆီသီးသန့်ဆက်သွယ်ခဲ့တယ်ဆိုပဲ ... ရှေးရိုးစွဲမိသားစုနှစ်ခုရဲ့ ကောလဟာလတွေဆိုပေမဲ့လည်း နောက်ဆုံးမှာတော့ သူမတို့ရဲ့အကြွင်းအကျန်တွေကအတူတူရှိနေကြတယ်လေ "
( ငါတို့အသက်ရှင်စဥ်မှာအတူနေထိုင်ခွင့်မရခဲ့ပေမဲ့ သေလွန်ပြီးနောက်မှာတော့ သေခြင်းတရားကတောင် ငါတို့ကိုဝေးကွာအောင်မလုပ်နိုင်စေရဘူး
မိန်းကလေးနှစ်ဦး၏ ကြားမှဇာတ်လမ်းလေးမှာ ၀မ်းနည်းဖွယ်ပုံပြင်လေးတစ်ပုဒ်အဖြစ်အဆုံးသတ်သွားခဲ့ရ၏ ။
" အဲ့ဒီတိုက်ခန်းပိုင်ရှင်က မိန်းကလေးနှစ်ယောက်ကိုအတူတူရှိစေချင်တဲ့အတွက် သူမတို့ရဲ့အရိုးပြာကို အိုးတစ်ခုတည်းမှာအတူတူထည့်ထားပေးပြီး ဓာတ်ပုံသုံးပုံကိုလည်း ဗီဒိုပေါ်မှာထားပေးခဲ့တယ် ... ဒါပေမဲ့ ဘယ်သူမှထင်မထားတာတစ်ခုက အရိုးပြာအိုးက ထူးခြားနေတယ်ဆိုတာကိုပဲ အိမ်ရှင်ရဲ့ကျန်းမာရေးအခြေအနေက ဆိုးရွားနေတဲ့အပြင်ကိုမှ သူ့ရဲ့ကံဇာတာကလည်းကောင်းတဲ့ဘက်ကိုရောက်မနေဘူး ... ထပ်ပြီးအသေးစိတ်စုံစမ်းရဦးမယ် "
လင်ပန့်ရှမှာ မနေနိုင်မထိုင်နိုင် ကျိလဲ့ရွှေ၏ အလွန်ဆိုးရွားလှသောကံကြမ္မာလေးအကြောင်းတွေးမိသွားရပြန်သည် ။
ဇာတ်လမ်းလေးအဆုံးသတ်သောအချိန်တွင် ဘာဘီကျုဆိုင်ရှေ့သို့ရောက်ပြီဖြစ်သည် ။ ညနက်နေပြီဖြစ်သော်လည်း စနေနေ့ဖြစ်သဖြင့် စားသုံးသူအများအပြားရှိသေး၏ ။ ထို့ကြောင့် လွတ်သည့်နေရာတွင်၀င်ထိုင်ကာ အစားအစာများမှာယူလိုက်ကြသည် ။
" ဪ ... ငါမိတ်ဆက်ပေးဖို့မေ့နေတာ ... ဒါကငါ့ရဲ့အဖော် လီရီ "
လီရီက ပြန်မဖြေသော်လည်း လင်ပန့်ရှကို ခေါင်းညိမ့်ပြလာသည် ။ လင်ပန့်ရှက စပ်စပ်စုစုဖြင့်
" ခင်ဗျားက တရုတ်လူမျိုးမဟုတ်ဘူးလား ?"
" ရုရှားလူမျိုးပါ "
လီစုက ပြုံးရင်းဖြင့် လီရီ၏ ပုခုံးကိုပုတ်ကာ
" ပြီးတော့ သူကယောက်ျားလေး !"
လီရီက လီစုအား စိုက်ကြည့်နေသဖြင့် လီစုက လက်ခါ၍
" သူကစလို့မကောင်းဘူး ... အရမ်းပျင်းဖို့ကောင်းတာပဲကွာ စုန့်ချင်းလော်နဲ့ တစ်ပုံစံတည်းပဲ "
စုန့်ချင်းလော်က အေးစက်စက်လေသံဖြင့်
" မင်းစကားမပြောဘူးဆိုရင်တောင် ဘယ်သူပမှမင်းကိုအနေတယ်လို့ထင်မှာမဟုတ်ဘူး "
ခုံ၀ိုင်းလေးရှိလေထုမှာသဟဇာတဖြစ်စွာဖြင့် တစ်ဦးကစနောက်၍ ကျန်တစ်ဦးကမူ ခွက်ထဲသို့ဘီယာများလောင်းထည့်နေလေသည် ။ လီရီက ဘီယာသုံးခွက်ထည့်၍ လင်ပန့်ရှ ၊ ကျိလဲ့ရွှေ နှင့် စုန့်ချင်းလော်ရှေ့သို့ တိုးပေးလိုက်ကာ လီစု၏ရှေ့၏ ခွက်မှာမူ ဘာမှမရှိပေ ။ လီစုက ဗလာဖြစ်နေသည့်ခွက်ထိပ်ကို လက်ချောင်းများဖြင့်ခေါက်ကာ
" ဆက်ဆံတဲ့ပုံစံကလည်းကွာခြားလိုက်တာကွာ ?"
လီရီက လီစုအား ထူးမခြားနားကြည့်၍လာ၏ ။
လီစု : " တစ်ခွက်တည်းနဲ့မသေနိုင်ပါဘူးကွာ "
လီစုက ဒေါသတကြီးအော်ဟစ်လာသည် ။
" ဆိုင်ရှင် ... ဒီကိုအပြင်းဆုံးအရက်လာချပေး "
လင်ပန့်ရှ တစ်ယောက်ဘာဖြစ်လို့ဖြစ်မှန်းမသိလိုက်ခင်မှာတင် အခြေအနေမှာပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲသွား၏ ။ လီစုက အလောတကြီးလေသံဖြင့်
" ထားလိုက်တော့ ... ဘီယာပဲဖြစ်ဖြစ် အအေးပဲဖြစ်ဖြစ် အတူတူပါပဲ ... အအေးပဲသောက်တော့မယ် !"
လီရီ၏ နူတ်ခမ်းထောင့်မှာအပေါ်သို့ ကွေးတက်သွားပြီးအပြုံးယောင်ယောင်လေးဖြစ်ပေါ်လာသော်လည်း သူ၏မုတ်ဆိတ်မွှေးများကြောင့် ဒေါသထွက်နေသည်လော ရယ်မောနေသည်လောမည်သူမျှမသိနိုင်ပါချေ ။
လီစုမှာ အမှန်ပင်ဒေါပွနေပြီပင် ။
" မင်းကငါ့အဖေထက်တောင်ပိုဆိုးနေပါလား "
လီရီက နှာခေါင်းရှုံ့၍
" မင်းကိုယ့်ကိုဒယ်ဒီလို့ခေါ်မယ်ဆိုရင်လဲ ကိုယ်စိတ်ထဲမထားပါဘူး "
လီစု : "..."
လင်ပန့်ရှနှင့်ကျိလဲ့ရွှေတို့မှာ မျက်လုံးလေးကလယ်ကလယ်ဖြင့် သွေးအေးစစ်ပွဲစတင်နေကြသည့်နှစ်ဦးသာတွင်ဟိုကြည့်ဒီကြည့်ဖြစ်နေကြရှာ၏ ။ စုန့်ချင်းလော်က စိတ်မရှည်သည့်လေသံဖြင့် ထိုနှစ်ဦးသား၏ အကြည့်တိုက်ပွဲကိုဖြိုဖျက်လိုက်လေသည် ။
" မင်းတို့နှစ်ယောက် တစ်ခုခုမစားခင်အရင်လက်ဆေးကြပါဦးလား ? အရိုးပြာတွေကိုလက်နဲ့ကိုင်လာပြီး ဒီတိုင်းကြီးစားကြတော့မလို့လား? "
လီစု ပြန်ရန်တွေ့တော့မည့်အချိန်မှာပင် လီရီကသူ့အားကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ချီမသွားသောကြောင့် ဆူဆူအောင့်အောင့်ဖြင့်လက်ဆေးလာရလေ၏ ။
လင်ပန့်ရှက ထိုမြင်ကွင်းအားကြည့်ကာရယ်မော၍
" သူတို့နှစ်ယောက်ကအရမ်းဆက်ဆံရေးကောင်းကြတာပဲနော် "
" ဘာလို့လဲဆိုတော့ ... လီရီကို လီစုက ရုရှားကနေကောက်လာတာမို့လို့ "
" အချိန်အတော်ကြာအတူရှိနေနိုင်ဖို့ဆိုတာမလွယ်ကူဘူးလေ "
စုန့်ချင်းလော်က ခေါင်းညိမ့်ပြလာ၏ ။ တစ်ဖက်တွင် ကျိလဲ့ရွှေမှာ စားသောက်ရန်အပြည့်အစုံမှာယူနေပြီးဖြစ်သည် ။ စုန့်ချင်းလော်က မီနူးကိုကြည့်ကာ အသားကီလိုအနည်းငယ်ထပ်မှာလိုက်ပြီးနောက် လင်ပန့်ရှကိုကြည့်ကာမေးလာ၏ ။
" မင်းနဲ့ ကျိလဲ့ရွှေက ဘာလို့ပြေးလိုက်လာကြတာလဲ ?"
အခန်း ( ၁၈ ) ပိုင်းခွဲတစ် ပြီး၏ ။
Translater - Mori
18 . 6 . 2023 ( 10 : 13 )