.
အခန်း - ၁၈
ပူးကပ်ခြင်း ( နောက်ဆုံးပိုင်း - အပိုင်းခွဲနှစ် )
" ကျိလဲ့ရွှေက ခင်ဗျားကိုလူနှစ်ယောက်ဖမ်းသွားတာတွေ့တယ်ဆိုလို့ ပြန်ပေးဆွဲခံရတယ်လို့ထင်သွားတာ"
ကျိလဲ့ရွှေက အလွန်၀မ်းနည်းနေသည့်လေသံဖြင့်
" တကယ်ကြီး စုန့်ကောကို လူဆိုးဂိုဏ်းကဖမ်းသွားတဲ့ပုံစံပေါက်နေတာပဲကို ... အဲဒီလုရီဆိုတဲ့လူက အရမ်းသန်မာလိုက်တာမှ ၀က်၀ံကြီးတစ်ကောင်လိုပဲ ..."
လင်ပန့်ရှမှာ အော်မရယ်ဘဲမနေနိုင်ပါတော့ချေ ။ ထို့နောက် စုန့်ချင်းလော်အားကြည့်ကာ စပ်စပ်စုစုမေးလာ၏ ။
" စုန့်ချင်းလော် ... အဲဒီတိုက်ခန်းထဲမှာ တစ်ခုခုရှိနေမှန်းခင်ဗျား ဘယ်လိုလုပ်သိတာလဲ "
စုန့်ချင်းလော်က အသားကင်ကိုဆလက်ရွက်နှင့်ထုပ်ကာ စားလိုက်ပြီးနောက်
" မင်းနဲ့ကျိလဲ့ရွှေတို့ မြင်ခဲ့ရတဲ့မြင်ကွင်းအကြောင်းမှတ်မိလား ?"
လင်ပန့်ရှရော ကျိလဲ့ရွှေပါပြိုင်တူခေါင်းညိမ့်မိလိုက်ကြ၏ ။ ကျိလဲ့ရွှေကအနည်းငယ်ရှုပ်ထွေးနေဟန်ဖြင့်
" အဲတာတွေက ကျွန်တော်တို့ ၀ယ်ထားတဲ့တိုက်ခန်းကြောင့်ဖြစ်လာတဲ့ ပုံရိပ်ယောင်တွေမဟုတ်ဘူးလား ?"
" မဟုတ်ဘူး ... အဲဒီမြင်ကွင်းကိုမင်းမြင်တဲ့အချိန်က အိမ်တံခါးနံပါတ်ကတစ်ခုခုထူးဆန်းတာစမဖြစ်သေးဘူး "
လင်ပန့်ရှမှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသားဖြစ်နေရှာ၏ ။
" အိမ်နံပါတ် 1303 ရဲ့အကျိုးသက်ရောက်မှုကပုံမှန်အားဖြင့် နေထိုင်တဲ့ဧည့်သည်ကပြဿာနာကိုဖြေရှင်းပြီးသွားပြီး တစ်လကျော်ပြီဆိုတာနဲ့ ဘာအကျိုးသက်ရောက်မှုမှမရှိတော့ဘူး ... တစ်ခုပဲ ... အချိန်ဘယ်လောက်ကြာမှအဆုံးသတ်မယ်ဆိုတာကတော့ နေထိုင်သွားတဲ့လူရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့သက်ဆိုင်တယ် ... အတွင်းစိတ်ထဲကကြောက်လန့်နေမှုကအရမ်းကိုများပြားနေရင် ဒီ့ထက်ပိုဆိုးတာတွေတောင်ဖြစ်နိုင်တယ် "
စုန့်ချင်းလော်မှာသူ၏ ဖြူဖျော့သွယ်လျသောလက်ချောင်းများဖြင့် အသားလွှာများကိုယူ၍ ကျွမ်းကျင်စွာကင်ကာ ဖြည်းဖြည်းချင်းစားသောက်နေ၏ ။
" ငါသေသေချာချာပြန်စဥ်းစားကြည့်တော့မှ ... ကျိလဲ့ရွှေမြင်ခဲ့ရတဲ့အချိန်တုန်းက သူအိမ်ကပြောင်းဖို့စိတ်မကူးသေးဘူးလေ ... ဒါ့ကြောင့် အိမ်နံပါတ်ရဲ့အကျိုးသက်ရောက်မှုကိုခံရတာထက် အဲဒီတိုက်ခန်းကသာတစ်ခုခုမှားနေတာဖြစ်မယ်မှန်းတွေးမိသွားတာ "
လင်ပန့်ရှက သဘောပေါက်သွားဟန်ဖြင့်
" ကျွန်တော် အိမ်ပြောင်းချင်စိတ်မရှိတာတောင် မြင်လိုက်ရတာမထူးဆန်းတော့ပါဘူး ... ဒါ့ကြောင့်ကို "
" အင်း ... မင်းတို့နှစ်ယောက်နဲ့ တွေ့ခဲ့တဲ့ညကတော့ ဒီတိုင်းအတည်ပြုဖို့သွားကြည့်တာ "
သူတို့စကားပြောနေသည့်အချိန်မှာပင် လီစုနှင့်လီရီတို့ပြန်ရောက်လာပြီဖြစ်သည် ။ ဘာဘီကျုစားနေကြစဥ်အချိန်အတွင်းလီစုမှာ အသားအမြောက်အမြားကိုစားနေပြီး စုန့်ချင်းလော်အား မေးခွန်းမေးသည့်အခါ လင်ပန့်ရှကို မသိမသာချောင်းကြည့်တတ်၏ ။
စုန့်ချင်းလော်က အသားကင်နေရင်းဖြင့် လီစုအားကြည့်ကာ
" ဖြစ်နိုင်သမျှမြန်မြန်ပေါ့"
လင်ပန့်ရှက စုန့်ချင်းလော်အား ကြည့်၍ မည်သည့်နေရာသို့သွားမည်နည်းဟုမေးမြန်းချင်ပါသော်လည်း သူနှင့်စုန့်ချင်းလော်၏ ဆက်ဆံရေးမှာ ထိုမျှမရင်းနှီးလှသောကြောင့် ပါးစပ်ပြန်ပိတ်၍သာ ကျိလဲ့ရွှေနှင့်အတူစားသောက်နေတော့သည် ။
စုန့်ချင်းလော် ၊ လီစုနှင့် လီရီတို့မှာ အသိအကျွမ်းဖြစ်ကြသော်လည်း သုံးဦးကြားရှိလေထုအခြေအနေမှာအလွန်ထူးဆန်းနေလေ၏ ။ လီရီမှာ မျက်နှာသေနှင့်ဖြစ်ကာ စုန့်ချင်းလော်ကမူ ရေခဲရိုက်မျက်နှာထားဖြင့် အသားကိုသာနင်းကန်စားသောက်နေလေသည် ။ ထို့ကြောင့် လင်ပန့်ရှမှာ ခပ်ပြုံးပြုံးလေးနေတတ်သည့် လီစုကိုသာစကားပြောရတော့၏ ။
လီစုနှင့်လီရီတို့မှာ ပါတနာများအဖြစ်အလုပ်အတူတူလုပ်နေသည်မှာအချိန်အတော်ကြာကတည်းကဖြစ်သည် ။ လီရီမှာ ရုရှားလူမျိုးတစ်ယောက်ဖြစ်သော်လည်း သူ၏ တရုတ်စကားကျွမ်းကျင်မှုမှာ ကောင်းမွန်သည်ဟုဆိုနိုင်သောလည်း အချို့သောအဓိပ္ပာယ်တူရှုပ်ထွေးသည့်စကားများကိုမူနားမလည်ပါချေ ။
ထိုအကြောင်းကို လီစုကဟာသလုပ်ပြောနေသဖြင့် လီရီကစကားသုံးခွန်းတည်းဖြင့် ချက်ကျလက်ကျပြန်ချေပလိုက်သည် ။
" လိပ်မသား "
လီစု : " အိုး ... ဒီစကားကတော့မဟုတ်သေးဘူးလေကွာ ... ငါသူ့ကိုအမြဲဆူနေကျမို့လို့ အဲဒ်ီစကားကိုတော့သူအသေမှတ်ထားတာ "
လင်ပန့်ရှ : "..."
" ဟေး ... သူ့ကိုထူးဆန်းသလိုကြီးမကြည့်စမ်းပါနဲ့ကွာ ရုပ်ကရင့်နေပေမဲ့ ငါ့ထက်ခြောက်နှစ်တောင်ငယ်တယ်ကွ ... အခုမှအသက်နှစ်ဆယ်ကျော်ရုံလေးရှိသေးတာ ကံမကောင်းချင်တော့ သူ့ရုပ်က၀က်၀ံတစ်ကောင်လိုအားရှိခက်ထန်တဲ့ပုံပေါက်နေတယ်လေ ... တကယ်တမ်းတော့ သူ့နှလုံးသားလေးက နူးညံ့ပါတယ်ကွာ မင်းတို့အထင်မလွဲကြပါနဲ့ "
လင်ပန့်ရှမှာ အော်မရယ်ဘဲမနေနိုင်ပါတော့ချေ ။ လီရီမှာ ဘေးတွင်မျက်နှာသေဖြင့်သာဆက်ထိုင်၍ စားသောက်နေပြီး လီစု၏ အရည်မရအဖက်မရစကားများကိုဖြေရှင်းချက်ပေးရန်ပျင်းနေပုံရသည် ။
ဘာဘီကျုမှာအလွန်စားကောင်းသော်လည်း တစ်ခုတည်းသောလိုအပ်ချက်မှာ အသားမလောက်ငှခြင်းပင် ။ လတ်တလောတွင် အသားစျေးအလွန်အမင်းတက်နေသောကြောင့် ဘာဘီကျုဆိုင်သူဌေးမှာ အသားနည်းနည်းသာလာချပေးထားသည်မှာလည်းမဆန်းချေ ။ သို့သော်လည်း အသားကီလိုအနည်းငယ်က စုန့်ချင်းလော်နှင့် လီရီတို့ကိုဗိုက်ပြည့်စေရန်မစွမ်းဆောင်နိုင်ပေ ။
နာရီ၀က်ကျော်စားသောက်ပြီးနောက်တွင်ပင် လီရီကသူဌေးအားအော်ခေါ်၍ မိုးခိုသားကီလိုအနည်းငယ်ထပ်မှာသေး၏ ။ ဘာဘီကျုဆိုင်ရှင်နှင့် ၀ိတ်တာလေးများမှာ စုန့်ချင်းလော်တို့၏ ခုံ၀ိုင်းအား အလန့်တကြားလှည့်ကြည့်လာကြသည် ။
" ပန့်ရှ မင်းတစ်နှစ်တာခွင့်ရက်တွေကိုယူမှာလား ?"
( TN / တစ်နှစ်တာခွင့်ရက်ကတော့ အချို့ကုမ္ပဏီတွေမှာ တစ်နှစ်တာလုံးပျက်ရက်မရှိတဲ့၀န်ထမ်းတွေကို နားရက်တွေစုပေးတာမျိုးပါ လင်ပန့်ရှရဲ့ အလုပ်ကထူးခြားတဲ့အပြင် အလုပ်ချိန်ပုံမှန်မရှိတတ်တာမလို့ ၀န်ထမ်းတွေကိုအပန်းဖြေခရီးသွားလို့ရအောင် တစ်နှစ်တစ်ခါခွင့်ရက်ရှည်ပေးတတ်ပါတယ်တဲ့ )
အသည်းအသန်နင်းကန်စားသောက်ထားသည့်ကျိလဲ့ရွှေမှာ ဘီယာတစ်ငုံထပ်သောက်လိုက်ပြီးနောက် လေချဥ်တက်ကာ လင်ပန့်ရှအား မေးလိုက်သည် ။
" မင်းရဲ့ခွင့်ရက်ကမေလထဲမှာတရား၀င်ယူခွင့်ရှိတယ်မလား "
" အင်း ... ဟုတ်သားပဲ "
လင်ပန့်ရှက စဥ်းစားနေပြီးနောက်
" ဒါပေမဲ့ ခွင့်ရက်ရတယ်ဆိုရင်တောင် ဘယ်သွားရမလဲငါမှမသိတာ ."
" ငါရောပဲ "
ကျိလဲ့ရွှေက လင်ပန့်ရှ၏ ထူးခြားသောတိုက်ခန်းအခြေအနေကိုပြန်တွေးမိကာ ဘာမျှဆက်မပြောတော့ချေ ။ တဖြည်းဖြည်းချင်းစားသောက်နေကြရင်းဖြင့် အရက်သောက်နိုင်စွမ်းအင့်မတန်အင်မတန်နိမ့်ကျလှသော ကျိလဲ့ရွှေမှာ သုံးခွက်သောက်ပြီးမှောက်သွားလေ၏ ။ ကျိလဲ့ရွှေက စားပွဲပေါ်တွင်မှောက်လျှက်အိပ်ပျော်နေပြီး လင်ပန့်ရှသည်လည်း လီစုထည့်ပေးသမျှဒိုင်ခံသောက်နေသည့်အတွက် အနည်းငယ်ရီဝေဝေဖြစ်နေလေသည် ။
" ဟေ့ ... မင်းတစ်ကယ်ခွင့်ရက်ရှည်ယူမှာလား ?"
လီစုက ရုတ်တရက်ထမေးလာ၏ ။
" မင်း စုန့်ချင်းလော် နောက်ကိုလိုက်ပြီး အပြင်မှာအတူတူသွားကစားပါလား ? သူခရီးတစ်ခုသွားဖို့ရှိတယ် "
စုန့်ချင်းလော်က လီစုအားတစ်ချက်မသိမသာကြည့်လိုက်သည် ။ လင်ပန့်ရှက စုန့်ချင်လော် သူ့အားမခေါ်လိုဟုတွေးမိသွားကာ ရှက်ကိုးရှက်ကန်းဖြင့်ပြောလာ၏ ။
" မဟုတ်တာ ... မလိုပါဘူး စုန့်ကောကိုဒုက္ခပေးသလိုဖြစ်နေပါ့မယ် ...စုန့်ချင်းလော်က "
လင်ပန့်ရှ၏ မူလစကားလုံးမှာ စုန့်ကောဟုပြောချင်လိုခြင်းဖြစ်သော်လည်း ပါးစပ်ဖျားသို့ရောက်သောအခါ စုန့်ချင်းလော်ဟုပြောင်းလဲသွားရသည် ။ လင်ပန့်ရှ၏ စကားများကိုကြားသောအခါ စုန့်ချင်းလော်၏ နှုတ်ခမ်းထောင့်မှာ မသိမသာတင်းမာသွားရ၏ ။
လီစုက ထိုနှစ်ယောက်ကြားမှအခြေအနေကိုပြုံး၍သာထိုင်ကြည့်နေပြီး ဘေးတွင်ထိုင်နေသောလင်ပန့်ရှနားသို့ကပ်ကာ တိုးတိုးလေးပြောလာ၏ ။
" တကယ်တော့ ငါနောက်လိုက်တာ ... စုန့်ချင်းလော်မှာ ခရီးသွားကိစ္စမရှိပါဘူး ဒါပေမဲ့ လုပ်စရာလေးတွေတော့ရှိတယ် "
" ဒါဆို ကျွန်တော် သူ့နောက်လိုက်တာက ... ပိုပြီးမသင့်တော်ဘူးမလား "
လီစုကပြုံးကာ
" ငါကမင်းကိုစိတ်လှုပ်ရှားစရာလေးတွေလုပ်ချင်လားလို့မေးချင်ရုံပါကွာ ... ပြီးတော့ ပိုက်ဆံလဲရဦးမှာနော် "
လင်ပန့်ရှမှာ လီစုအားအူလည်လည်ဖြင့်သာထိုင်ကြည့်နေမိ၏ ။
" တကယ်တော့ စုန့်ချင်းလော်က အဖော်ရှာနေတာကြာပြီ ဒါပေမဲ့ သူနဲ့သင့်တော်တဲ့သူကိုတစ်ခါမှမတွေ့ခဲ့ဘူး ... မင်းနဲ့ဆိုရင်တော့ အဆင်ပြေမယ်လို့ငါထင်မိတာပဲ ငါတို့အလုပ်ကနည်းနည်းလေးအန္ဒရာယ်များတယ်ဆိုပေမဲ့ လစာကတော့မဟားတရားကောင်းတာနော် ... လ၀က်လောက်အလုပ်လုပ်ရုံနဲ့ တိုက်ခန်းတစ်ခန်းအေးဆေး၀ယ်လို့ရတယ် "
လင်ပန့်ရှက လီစုအားကြည့်နေရင်းဖြင့်
" ဟုတ်လည်းဟုတ်သလို မဟုတ်လဲမဟုတ်ဘူးနော် ..."
" မင်းပိုက်ဆံလိုနေတာမလား ? မင်းစိတ်ချထားလို့ရပါတယ် ငါတို့အလုပ်ကတရား၀င်ပါတယ်ကွ မင်းလက်ခံလိုက်ပြီဆိုတာနဲ့ အခုအလုပ်မှာ ရက်တစ်ထောင်လုပ်မှရမဲ့၀င်ငွေကို ငါတို့ဆီမှာ ဆယ်ရက်လုပ်တာနဲ့ရမှာကွာ ... သေသေချာချာစဥ်းစားကြည့်ပေါ့ "
( TN / သူတို့အလုပ်ကိုလင်ပန့်ရှမယုံတာလဲမပြောနဲ့လေ MLM မြူဆွယ်နည်းနဲ့ အလုပ်ခေါ်နေတာကိုး 😆 )
ထိုသို့ပြောပြီးနောက် လီစုက ပြုံးကာ လင်ပန့်ရှ၏ ခါးကိုတို့ထိလိုက်ပြီးနောက် လင်ပန့်ရှ၏ ဘီယာခွက်နှင့် သူ၏ အအေးခွက်ကိုတိုက်ကာ ကမ်းပေ့ ဟုပင်ပြောလိုက်သေးသည် ။
မည်သည့်အချိန်ကတည်းက ဘေးသို့ရောက်နေမှန်းမသိရသော စုန့်ချင်းလော်က မျက်မှောင်ကြီးကျုံ့လျှက်
" လီစု မင်းပါးစပ်ပိတ်ထားလိုက်တော့ "
" အိုက်ယား ... ဘာလို့ရှက်နေတာလဲကွ ... မင်းသဘောကျတဲ့လူကို တွေ့တာနဲ့ချက်ချင်းဖမ်းဆွဲထားရမှာကွ မဟုတ်ရင်ထွက်ပြေးသွားလိမ့်မယ် ... ပြီးတော့ မင်းလဲ လင်ပန့်ရှရဲ့ စွမ်းရည်တွေကို အလောင်းလိုက်သိမ်းရင်းဖြုန်းတီးနေမှာမမြင်ရက်ဘူးမလား ?"
လီစုက ထပ်မံ၍ မကျေမနပ်ပြောလာသေး၏ ။
" အလောင်းလိုက်ကောက်ရတာဘာတွေများကောင်းနေလို့လဲကွာ ... ငါတို့အလုပ်ထက်တောင်ပိုပြီးကြောက်ဖို့ကောင်းသေးတယ် "
လင်ပန့်ရှက လီစု၏ စကားများအား အပြည့်အ၀ခေါင်းတဆတ်ဆတ်ငြိမ့်ကာထောက်ခံရှာလေသည် ။ အလောင်းလိုက်ကောက်ရသည်မှာ အမှန်ပင် လွယ်ကူသောအလုပ်မဟုတ်ပါချေ ။ ဆိုးဆိုးရွားရွားကြေမွနေသည့်အသားစများကို ပထမဆုံးလိုက်ကောက်ရသည့်အချိန်ကဆိုလျှင် နှစ်၀က်ကျော်လောက် အသားမစားနိုင်ခဲ့ပေ ။
စုန့်ချင်းလော်ကလည်း သဘောတူချင်ပုံမရချေ ။
" ငါ့အလုပ်ကအန္ဒရာယ်များတယ် "
လင်ပန့်ရှက စိတ်ဓာတ်ကျနေသည့်လေသံဖြင့်
" ကျွန်တော်တို့ချည်းပဲ အိမ်မှာ ကျန်နေခဲ့ရမယ်ဆိုရင်လည်းရပါတယ် .... အရေးမကြီးပါဘူး "
စုန့်ချင်းလော်က အေးတိအေးစက်လေသံဖြင့်
" ဘယ်ဟာက အရေးမကြီးတာလဲ "
" တကယ် ... အရေးမကြီးပါဘူးဆို "
စုန့်ချင်းလော်က ဆက်မမေးတော့ချေ ။ လင်ပန့်ရှာ အသံမှာညင်သာသော်ငြား စကားလုံးများကြားထဲရှိအဓိပ္ပာယ်ကမူလေးနက်နေ၏ ။ လီစုက မေးထောက်ကာ စိတ်၀င်တစားပွဲကြည့်နေစဥ်အတွင်း လီရီကကြားဖြတ်ထောက်ခံလာသည် ။
" စုန့်ချင်းလော် ... သူကမင်းအတွက် အရမ်းသင့်တော်တယ် "
လင်ပန့်ရှက စုန့်ချင်းလော်အား ဘလင်းဘလင်းဖြစ်နေသည့်မျက်၀န်းများဖြင့်လှမ်းကြည့်လာသောကြောင့် စုန့်ချင်းလော်လေးခမျာ လေသံပျော့ပျော့ဖြင့်သာပြောလိုက်ရ၏ ။
" ငါထပ်စဥ်းစားကြည့်ပါ့မယ် "
လင်ပန့်ရှက စိတ်ကျေနပ်စွာဖြင့်ဆက်လက်စားသောက်နေလိုက်သည် ။ မနက်သုံးနာရီကျော်သည်အထိ သောက်စားနေခဲ့ကြပြီး အသားကီလိုများစွာမှာ လီရီ၏ ဗိုက်ထဲသို့သာတည့်တည့်မတ်မတ်ရောက်သွားကြ၏ ။ လီရီက စကားသိပ်မပြောဘဲဆက်တိုက်သာစားနေခဲ့ပြီး ကျိလဲ့ရွှေကမူ အစောကတည်းက မှောက်နေပြီးဖြစ်၏ ။ လီစုက သူ၏ ကျန်းမာရေးအခြေအနေကြောင့် အအေးသာသောက်နေခဲ့သဖြင့်ပုံမှန်အသိစိတ်ရှိသေးကာ စုန့်ချင်းလော်ကမူ အရက်ချိုးတစ်ယောက်ပမာ မူးပုံမရပေ ။ လင်ပန့်ရှတစ်ယောက်သူ အူကြောင်ကြောင်ရီဝေဝေဖြင့် ဟိုဟိုဒီဒီလိုက်ကြည့်နေလေသည် ။
လင်ပန့်ရှ၏ နောက်ဆုံးအသိစိတ်လက်ကျန်မှာ စုန့်ချင်းလော်နှင့် လီစုတို့စကားပြောနေသည်ကိုထိုင်နားထောင်နေခြင်းဖြစ်ပြီး မည်ကဲ့သို့အိမ်ပြန်ရောက်လာသည်ကိုမမှတ်မိပါချေ ။ သူနိုးလာသည့်အခါ အိပ်ရာပေါ်သို့ရောက်နေပြီဖြစ်ကာ သန့်ရှင်းသော ညအိပ်၀တ်စုံကိုလည်းလဲလှယ်၀တ်ဆင်ထား၏ ။ အာခေါင်တစ်ခုလုံးခြောက်ကပ်နေသဖြင့် ရေသောက်ရန် အိပ်ရာထဲမှ ယိုင်တိယိုင်တိုင်ထလာချိန်တွင် ဧည့်ခန်းအတွင်းရှိ TV မှဆူညံသံများကိုကြားလိုက်ရသည် ။
လင်ပန့်ရှမှာ TV မှအသံများကိုမတ်တပ်လေးရပ်ကာ အသေအချာနားထောင်နေမိသည် ။ ပထမကနားကြားမှားသည်ဟုထင်လိုက်မိသော်လည်း အသေအချာနားထောင်ကြည့်ကာမှ ထိုအသံမှာ လျှိုရှီ၏ အသံဖြစ်နေ၏ ။
လျှိုရှီရဲ့အသံက ဘယ်လိုလုပ်ပြီး TV ကနေထွက်လာနေရတာလဲ ?
အိပ်ခန်းတံခါးကိုအသာဖွင့်၍ ချောင်းကြည့်လိုက်သောအခါ စုန့်ချင်းလော်က ဆိုဖာပေါ်တွင်သက်တောင့်သက်သာထိုင်လျှက် လက်ထဲတွင် အန်စာတုံးနှစ်တုံးကိုလှိမ့်ကာကစားနေ၏ ။ အဖြူနှင့်အနက်အံစာတုံးနှစ်တုံးမှာ စုန့်ချင်းလော်၏ လက်ထဲတွင် ကျွမ်းကျွမ်းကျင်ကျင်ဖြင့် သူ၏ ခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့လှည့်စားခြင်းခံနေရလေသည် ။
TV ပေါ်ရှိအစီအစဥ်မှာပြီးဆုံးသွားပုံမရဘဲ လင်ပန့်ရှကြည့်လိုက်သောအခါ အမှန်ပင် လျှိုရှီဖြစ်နေ၏ ။
ထူးဆန်းသည့်အဖြူရောင်၀တ်စုံတစ်ခုကို၀တ်ဆင်ထားပြီး ဘေးဘက်လေးတန်မှန်နံရံများကာရံထားသည့်အခန်းတစ်ခုအတွင်းထည့်ထား၏ ။ မျက်နှာကျက်အလယ်တည့်တည့်မှ တောက်ပသောမီးဆိုင်းအပြင် မှန်နံရံများမှရောင်ပြန်ဟပ်မှုကြောင့် မျက်လုံးဖွင့်ရန်ပင်တတ်နိုင်မည်မဟုတ်ချေ ။
လျှိုရှီအား အရောင်မဲ့သော ကုတင်ပေါ်တွင်စိတ္တဇအရူးတစ်ယောက်ကဲ့သို့ခြေလက်များတုပ်နှောင်ထားသော်လည်း ပါးစပ်ကိုမူဖွင့်ပေးထားသောကြောင့် အားရပါးရကျိန်ဆဲနေလေ၏ ။
" မင်းတို့ကအခုတရားမ၀င်တာကိုလုပ်နေတာနော် ... ငါရဲတိုင်မှာ မင်းတို့အားလုံးကိုတရားစွဲမှာ တရားစွဲမှာလို့ !!!"
လျှိုရှီ၏ သဘောဆန္ဒအလျှောက်လာခြင်းမဟုတ်သည်မှာသိသာလှပြီး ရုန်းကန်းကာအော်ဟစ်နေသော်လည်း မည်သူကမျှသူ့အားအဖတ်မလုပ်ကြချေ ။ ကုတင်ဘေးပတ်ပတ်လည်မှ အမျိုးသားများစွာ၏ အသံများထွက်ပေါ်လာပြီး ထိုအသံများမှာ စက်ရုပ်များမှအသံများကဲ့သို့ တညီတညာတည်းဖြစ်၏ ။
" ကျေးဇူးပြုပြီးပူးပေါင်းဆောင်ရွက်ပေးပါ "
" ဘာကိုပူးပေါင်းဆောင်ရွက်ပေးရမှာလဲ... မင်းတို့ကဘာတွေလဲ ? ဘာတွေလဲလို့ ??"
အခြားသောမေးခွန်းများကိုဖြေကြားခြင်းမရှိဘဲ အခန်းအတွင်း၌ လျှိုရှီ၏ အော်ဟစ်ကျိန်ဆဲသံများကိုသာကြားရ၏ ။ နှစ်နာရီကျော်ကြာသည့်တိုင်တောက်လျှောက်အော်ဟစ်ပြီးနောက်မှ လျှိုရှီမှာ ရုန်းကန်ရန်အားမရှိတော့သလို အော်ဟစ်ခြင်းလည်းမပြုနိုင်တော့ချေ ။
" ကျေးဇူးပြုပြီးပူးပေါင်းဆောင်ရွက်ပေးပါ "
လျှိုရှီ၏ မျက်လုံးများကိုမျက်လုံးအကာဖြင့်ကာထားသောကြောင့် အချိန်မည်မျှကုန်ဆုံးသွားငည်ကိုပင်မသိတော့ပေ ။ သူခံစားရသမျှမှာ အမှောင်ထုနှင့်အလွန်နှေးကွေးသောအချိန်စီးဆင်းမှုတို့ပင် ။
" မင်းတို့ဘာလို့ဒီလိုတွေလုပ်နေကြတာလဲ ? ပိုက်ဆံလိုနေလို့လား ? ငါမင်းတို့ကိုပိုက်ဆံပေးမယ် ငါ့မှာပိုက်ဆံတွေအများကြီးရှိတယ် "
စက်ရုပ်ကဲ့သို့အသံကြီးတစ်ဖန်ပေါ်ထွက်လာပြန်သည် ။
" ကျေးဇူးပြုပြီးဆုတောင်းပါ "
လျှိုရှီ တစ်ကိုယ်လုံးတောင့်တင်းသွားရသည် ။
" ဘာ ?"
ထိုအသံကထပ်မံပြောလာပြန်၏ ။
" ကျေးဇူးပြုပြီးဆုတောင်းပါ "
လျှိုရှီက ကုတင်ပေါ်တွင်ရုန်းကန်အော်ဟစ်နေတော့သည် ။
" မင်းတို့ ဘာတွေသိထားတာလဲ ? မင်း ..."
သူ၏ လျှို့၀ှက်ချက်ကိုအခြားသူများသိသွားမည်ဆိုပါက ခွဲစိတ်စမ်းသပ်ခန်းထဲမှ ကြွက်တစ်ကောင်အဖြစ်ပြောင်းလဲသွားရမည့် သူ့ဘ၀အကြောင်းတွေးမိကာကြောက်လန့်လာလေသည် ။
" ဘယ်လိုလုပ်ပြီး ..."
" ကျေးဇူးပြုပြီးဆုတောင်းပါ "
အသံက လျှိုရှီ၏ စိတ်ခံစားချက်အားလုံးကိုလျှစ်လျှူရှုထားပြီး တောင်းဆိုချက်ကိုသာထပ်တလဲလဲပြောနေ၏ ။ လျှိုရှီက ရူးသွပ်စွာဖြင့်
" ငါဒီနေရာကြီးကနေထွက်သွားနိုင်ဖို့ဆုတောင်းတယ် "
မည်သည့်တုံ့ပြန်သံကိုမှမကြားရဘဲ အခန်းတစ်ခုလုံးတိတ်ဆိတ်နေကာ လျှိုရှီ၏ ဆုတောင်းသည်လည်းမပြည့်မြောက်ပါချေ ။
" B32 ကိုဖွင့်လိုက်ပါပြီ "
အေးစက်စက်အသံထွက်ပေါ်လာသည်နှင့် လျှိုရှီဘက်မှမီးများငြိမ်းသွားပြီး သူ့ရှေ့ရှိတစ်ခုတည်းသောအရာမှာ ရှည်မြောမြောအရိပ်တစ်ခုသာဖြစ်၏ ။
" ကျေးဇူးပြုပြီးဆုတောင်းပါ "
ဘာတွေဖြစ်ကုန်မှန်းမသိသော်လည်း လျှိုရှီမှာ အမှန်ပင်ကြောက်လန့်တုန်လှုပ်နေပြီဖြစ်သည် ။
" ငါဂတိပေးဖို့လိုသေးတယ် ..."
ထိုအသံကအေးစက်စက်ပြောလာ၏ ။
" ဒါဆိုလည်း ဂတိပေးပြီး နောက်တစ်ကြိမ်ဆုတောင်းလိုက်ပါ "
လျှိုရှီ စတင်ငိုယိုလာတော့၏ ။ ဤလူတစ်စု၏ ရည်ရွယ်ချက်မှာမည်သည့်အရာမှန်းသူမသိသော်ငြား သူ့အားလူများစွာကစောင့်ကြည့်နေကြောင်းခံစားမိလေသည် ။ နာခံရန်ငြင်းဆိုလိုက်မည်ဆိုပါက စမ်းသပ်ခံကြွက်တစ်ကောင်ကဲ့သို့အသတ်ခံရမည်ကိုကြောက်ရွံ့နေ၏ ။ သူသည် ဘွဲ့ရသည်မှာမကြာသေးသည့် လူငယ်တစ်ဦးဖြစ်၍ ဤသို့သောနေရာမျိုးတွင် လက်ကျန်ဘ၀တစ်ခုလုံးမကုန်ဆုံးချင်သောကြောင့် ဆုတောင်းအားထပ်တလဲလဲအော်ဟစ်ရန်သာတတ်နိုင်သည် ။
" ငါ့ကိုလွှတ်ပေးကြပါ "
ဆုတောင်းအသက်၀င်သည်နှင့် လျှိုရှီ၏အရိပ်မှာသူ့ထံမှခွဲထွက်လာပြီး တဖြည်းဖြည်းနှင့်လူတစ်ယောက်ပုံစံပေါ်ပေါက်လာကာ လျှိုရှီ၏ကိုယ်ပွားတစ်ယောက်ကဲ့သို့ဖြစ်တည်လာ၏ ။
" မှတ်တမ်းယူထားလိုက်ပါပြီ "
ပတ်ပတ်လည်မှအေးစက်စက်အသံများပေါ်ထွက်လာပြီး
" ခြောက်စက္ကန့် ... ခုနှစ်... သုံး ... ကျိုးပျက်သွားပါပြီ ... နှစ်ဆယ့်ခြောက်စက္ကန့် ... ရှစ် ... တံခါးပွင့်သွားပါပြီ --"
ဒေတာတသိီတန်းကြီးကိုမှတ်တမ်းတင်ယူထားပြီးနောက် မီးဖွင့်လိုက်သောအခါ လျှိုရှီ၏ ဘေးမှအရိပ်သည်လည်းပျောက်ကွယ်သွား၏ ။ ထို့နောက် လက်ပေါင်းများစွာက သူ့အားအိပ်ရာပေါ်သို့ဖိချ၍ ကြိုးများဖြင့်ချည်နှောင်နေကြောင်းခံစားလိုက်ရသည် ။
" ဆုတောင်းကျရှုံးပါတယ် ... အခုလျှပ်စစ်ရှော့တိုက်စမ်းသပ်မှုစတင်ပါမယ် --"
" လျှပ်စစ်စီးကြောင်းဖြန့်ကျက်ပြီးပါပြီ ... စောင့်ကြည့်ကာလ ၄၈၀ နာရီကြာမြင့်ပါမယ် "
" မင်းတို့ဘာလုပ်မလို့လဲ ..."
သူ၏ မေးခွန်းကိုပြန်လည်ဖြေဆိုမည့်သူမရှိပါချေ ။
လင်ပန့်ရှကမူ ထိုသူများမှစမ်းသပ်စစ်ဆေးမှုမှတစ်ဆင့် လျှိုရှီထံတွင်ကပ်တွယ်နေသည့်အရိပ်၏ ဖြစ်တည်မှုကိုလေ့လာလိုခြင်းဖြစ်ကြောင်းအတပ်သိ၏ ။ ဤသည်မှာ စုန့်ချင်းလော်တစ်ခါပြောဖူးသည့်အချက်အလက်စုဆောင်းခြင်းသာဖြစ်ပြီး အမှန်တကယ်စုံစမ်းစစ်ဆေးမှုမှာ မည်မျှပင်ရှုပ်ထွေးလိမ့်မည်ကိုမှန်းဆနိုင်သည် ။
သာမန်လူသားတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော လျှပ်စီးကြောင်းမျိုးကိုခံနိုင်ရည်ရှိမည်မဟုတ်ချေ ။ သို့သော်လည်း သူ၀တ်ဆင်ထားသည့်အဖြူရောင်၀တ်စုံတွင်ထူးခြားချက်များစွာရှိနေပုံရသည် ။ တစ်နေ့လျှင်နာရီအနည်းငယ်သာနိုးနေပြီး ကျန်အချိန်များတွင်အိပ်ပျော်နေတတ်ကာ မည်သည့်အစားအစာကိုမှမစားသော်လည်း ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တစ်ခုမှမရှိသကဲ့သို့ အဆင်ပြေနေ၏ ။
လင်ပန့်ရှ TV အားအာရုံစိုက်၍ ကြည့်နေသည့်အချိန်တွင် နူးညံ့သောအသံတစ်သံပေါ်ထွက်လာလေသည် ။
" ဆိုဖာပေါ်မှာသွားထိုင်ကြည့်လေ "
လင်ပန့်ရှက သတိလက်လွတ်ဖြင့်ငြင်းဆန်လိုက်မိ၏ ။
" မလိုပါဘူး ... ရပါတယ် "
ထိုသို့ပြောပြီးသောအခါမှသာ ခေါင်းလှည့်ကြည့်လိုက်ချိန်၌ စုန့်ချင်းလော်က သူ့ဘေးတွင်ရပ်၍ သူ့အားလာကြည့်နေကြောင်းတွေ့လိုက်ရသည် ။
" အာ ..."
လင်ပန့်ရှမှာ အူတူတူဖြစ်သွားရ၏ ။
အခုလေးတင်ဆိုဖာပေါ်မှာထိုင်နေတာမဟုတ်ဘူးလား ?
ဘာလို့ ချက်ချင်းကြီးဘေးမှာပေါ်လာရတာလဲ ?
လင်ပန့်ရှက ရှက်ကိုးရှက်ကန်းဖြင့်
" ကျွန်တော် ... နိုးလာတော့ ... ချောင်းကြည့်ဖို့မရည်ရွယ်ပါဘူး ... "
" အဆင်ပြေပါတယ် ... ငါမင်းရဲ့ဧည့်ခန်းမှာအသံအကျယ်ကြီးဖွင့်ပြီးကြည့်နေတယ်ဆိုကတည်းက မင်းတွေ့သွားမှာကိုမစိုးရိမ်လို့ပေါ့ "
စုန့်ချင်းလော်က ခဏမျှစဥ်းစားနေပြီးနောက်
" ဒါပေမဲ့ လျှိုရှီကမင်းရဲ့သူငယ်ချင်းအရင်းကြီးလေ ... သူ့ကိုအဲ့လိုပုံစံမျိုးနဲ့တွေ့ရတော့ မင်းစိတ်မကောင်းမဖြစ်ဘူးလား "
" ဗီဒီယိုကိုဘယ်တုန်းကစရိုက်ထားတာလဲ ?"
" လွန်ခဲ့တဲ့ဆယ်ရက်ကျော်တုန်းက "
"လျှိုရှီကအခုဘယ်မှာလဲ ?"
" ပြန်ရောက်ပါပြီ ... သူမင်းကိုဆက်သွယ်လာလိမ့်မယ်ထင်တယ် "
" သူ့အခြေအနေက ... အဆင်ပြေရဲ့လား ?"
" အင်း ... အခြေအနေကောင်းတယ် "
" တော်ပါသေးရဲ့ ... ကျွန်တော်က သူချန်ယုလျှို လိုဖြစ်သွားမှာစိုးရိမ်နေတာ ..."
လင်ပန့်ရှက သက်ပြင်းချလိုက်ပြီးနောက်
" စုန့်ကောကရော ဘာတွေလုပ်နေတာလဲ "
သူစုန့်ချင်းလော်နှင့် စကားပြောနေသည့်အချိန်မှာပင် TVမှ မြင်ကွင်းမှာတစ်ခုပြီးတစ်ခုပြောင်းလဲနေ၏ ။ လျှိုရှီဆုတောင်းသည့်အချိန်တိုင်း အရိပ်ပေါ်ထွက်လာသည် ။ ထိုအချိန်တွင်ယခင်ကကဲ့သို့မီးပိတ်ခြင်းမပြုတော့ဘဲ တဖြည်းဖြည်းချင်း လူတစ်ယောက်ကဲ့သို့အကောင်အထည်ပေါ်လာသည့်အရိပ်အား စောင့်ကြည့်မှတ်တမ်းတင်ကြ၏ ။ ထိုအရိပ်မှာလည်း တဖြည်းဖြည်းချင်းလျှိုရှီနှင့်နီးကပ်လာလေသည် ။
ပြီးပြည့်စုံစွာ လူတစ်ယောက်သဏ္ဍာန်ဖြစ်ပေါ်လာသောအခါ အမျိုးအမည်မသိရသော သားရေစဖြင့် အရိပ်အားအုပ်လိုက်သောအခါ ခြောက်ခြားဖွယ်အော်ဟစ်သံကြီးပေါ်ထွက်လာ၏ ။ အော်သံနက်ကြီးအပြင် သံပူရည်ထဲသို့ရေခဲရည်လောင်းထည့်လိုက်သကဲ့သို့ ရှဲခနဲအသံများလည်းပါ၀င်လေသည် ။ သားရေစအောက်မှ အဖြူရောင်အငွေ့များထွက်ပေါ်လာပြီး အကာအကွယ်၀တ်စုံ၀တ်ဆင်ထားသူတစ်ဦးက ထိုသားရေစကြီးအားအသေအချာလိပ်ပြီးနောက် သေတ္တာတစ်လုံးထဲထည့်ကာသော့ခတ်လိုက်သည် ။
လင်ပန့်ရှ ၏မြင်ကွင်းမှဆိုလျှင် အဖြူရောင်အငွေ့များမှစ၍ သားရေစကြီးကိုလိပ်သွားသည့်အချိန်အထိသာမက သော့ခတ်သည်အထိအဆုံးကွက်ကွက်ကွင်းကွင်းမြင်နေရလေ၏ ။ လျှိုရှီမှာမူ ဘာဖြစ်လို့ဖြစ်သွားမှန်းမသိရတော့ပဲ နောက်တစ်နေ့သို့ရောက်သောအခါ လင်းထိန်နေသည့်စမ်းသပ်ခန်းကြီးထဲမှထွက်ခွာခွင့်ရသွားပြီဖြစ်သည် ။
တစ်ချိန်တည်းမှာပင် စက်ရုပ်သံကြီးပေါ်ထွက်လာ၏ ။
"No. 37421 စိတ်ခံစားချက်ကြီးကြီးမားမားထိခိုက်သွားတာမရှိပေမဲ့ ကျန်တဲ့လူမှုဆက်ဆံရေးပိုင်းကိုတော့ စောင့်ကြည့်ရပါဦးမယ် "
ဗီဒိီယိုပြီးဆုံးသွားသောအခါ တစ်ခန်းလုံးတိတ်ဆိတ်သွားလေ၏ ။ လင်ပန့်ရှက TV ကိုဆက်လက်စိုက်ကြည့်နေပြီး စုန့်ချင်စလော်ကလည်း ဘာမျှမပြောဘဲ ဘေးတွင်သာတိတ်တိတ်လေးရပ်နေသည် ။
" ဒါကြီးက စုန့်ကောရဲ့ အလုပ်လား ?"
စုန့်ချင်းလော်က ခေါင်းညိမ့်ပြလာသောအခါ လင်ပန့်ရှက သက်ပြင်းချ၍
" တကယ်မိုက်တာပဲ "
" မင်းဘာထပ်မေးချင်သေးလဲ ?"
လင်ပန့်ရှမှာ စပ်စုချင်စိတ်ကိုထိန်းမရပါတော့ချေ ။
" ကုမ္ပဏီကအာမခံရောလုပ်ပေးလား ? စုန့်ကောမှာ အာမခံငါးခုနဲ့ရွှေအဆင့်ထိရောက်တာတစ်ခုရှိလား ? နှစ်စဥ်အလုပ်ပိတ်ရက်ရော? နှစ်ကုန်ဘောနပ်စ်ရောပေးလား ? အလုပ်လျှောက်ရင် ဘွဲ့လက်မှတ်ပြဖို့လိုလား ?"
စုန့်ချင်းလော် : "... မင်းအလုပ်လျှောက်မလို့လား?"
လင်ပန့်ရှက အနည်းငယ်ရှက်နေဟန်ဖြင့်
" စုန့်ကောပြောတော့ ... တစ်ခုခုမေးစရာရှိသေးလားဆို ?"
စုန့်ချင်းလော်က ခဏမျှစဥ်းစားနေပြီးနောက်
" အာမခံလုပ်ပေးတယ် ... အာမခံငါးခုနဲ့တစ်ခုကရွှေအဆင့် ... နှစ်စဥ်အလုပ်ပိတ်ရက်လည်းရှိတယ် ... နှစ်ကုန်ဘောနပ်စ်လည်းများများပေးတယ် ... အလုပ်လျှောက်ရင် ဘွဲ့လက်မှတ်ပြဖို့မလိုဘူး "
" ကောင်းလိုက်တာ "
စုန့်ချင်းလော်က လင်ပန့်ရှ စကားလမ်းကြောင်းပြောင်း၍ ရှောင်သွားရန်မျှော်လင့်သော်လည်း လင်ပန့်ရှကမူ အားတက်သရောပြောလာ၏ ။
" ကျွန်တော် တကယ်ပြောမယ် ဒီလိုအကျိုးခံစားခွင့်များတဲ့အလုပ်မျိုးရှာဖို့မလွယ်ဘူး ... ကျွန်တော်စမ်းကြည့်ချင်တယ် "
စုန့်ချင်းလော် : " တကယ်လား ?"
လင်ပန့်ရှ : " တကယ်ပါဆို "
လင်ပန့်ရှက အာမခံသည့်အနေဖြင့် သူ့ရင်ဘတ်သူပုတ်ကာ
" စုန့်ကော နောက်ထပ်အလုပ်တစ်ခုကိုသုံးရက်အတွင်းလက်ခံရရင် ကျွန်တော်ကောကို ညစာဖိတ်ကျွေးမယ် "
တစ်ရက်ကြာ လီစု စုန့်ချင်းလော်နှင့်ညစာအတူတူစားချိန်၌ အမှန်တကယ်ကြီး စုန့်ချင်းလော်က ဖုန်တက်မတတ်ဖြစ်နေသည့် သူ့ဖုန်းအားခဏခဏ ဂနာမငြိမ်စွာကြည့်ကြည့်နေတတ်ကြောင်းတွေ့လိုက်ရသည် ။ ထို့ကြောင့် လီစုက တအံ့တသြဖြစ်နေသည့်လေသံဖြင့်
" ဟမ် ... စုန့်ချင်းလော် မင်းဘာဖြစ်နေတာလဲ မင်းဆွဲထားချင်တဲ့လူကိုမဆွဲထားနိုင်လို့ အလုပ်ပြောင်းပြီး သူ့နောက်လိုက်တော့မလို့လား ? "
စုန့်ချင်းလော်က တည်တည်ငြိမ်ငြိမ်ဖြင့်မဟုတ်ဘူးဟုပြောလာ၏ ။
" ဒါဆို မင်းဘာတွေတွေးနေတာလဲကွ?"
စုန့်ချင်းလော်က မျက်နှာသေဖြင့်ပြောလာ၏ ။
" လင်ပန့်ရှ ငါ့ကိုညစာဖိတ်ကျွေးတာလိုချင်တယ် "
လီစု : "..."
စုန့်ချင်းလော် မင်းကသားရိုင်းကောင်ကြီးလား ?
သနားစရာဆင်းရဲသားလေး လင်ပန့်ရှ ဆီကတောင်ကပ်စားတော့မလို့လား !
အခန်း ( ၁၈ ) ပြီး၏ ။
Translater - Mori
24 . 6 . 2023 ( 2 : 07 )