.
အခန်း - ၁၉
မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၁ )
နောက်ဆုံး၌ သည်းကြီးမည်းကြီး ရက်များစွာဆက်တိုက်ရွာသွန်းနေသည့်မိုးစဲသွားပြီဖြစ်၏ ။
နွေဦးကာလဖြစ်သဖြင့် နွေးထွေးသောနေရောင်ခြည်အောက်၌ ထူထဲသည့်ရေခဲစိုင်များအရည်ပျော်ကျလာပြီး တောင်ကျချောင်းလေးတစ်ခုအဖြစ်တောင်ပေါ်မှစီးဆင်းလာကာ ရွာအနောက်ဘက်ရှိမြစ်ငယ်လေးထဲသို့စီးဆင်းသွား၏ ။ ချောင်းငယ်လေးအဖြစ်မှ တောင်ကျရေများကြောင့် မြစ်ငယ်လေးတစ်စင်းသဖွယ်ဖြစ်နေလေသည် ။
ကျန်းရုံနန် ရေခပ်နေချိန်၌ ကားများ၏ အင်ဂျင်စက်သံကိုကြားလိုက်ရသည် ။ ရွာငယ်လေးမှာ ချောင်ကျသောအရပ်ဒေသတွင်တည်ရှိသဖြင့် ပုံမှန်အားဖြင့် လပေါင်းများစွာကြာသည့်တိုင် အပြင်လူမည်သူမျှမလာတတ်ပေ ။ သို့သော်လည်း ဤနှစ်အတွင်း၌ ရွာထဲတွင်အလွန်ထူးဆန်းသောဖြစ်ရပ်များမကြာခဏဖြစ်နေသဖြင့် ရွာသူကြီးမှာ မတတ်သာဘဲအပြင်လူများထံအကူအညီတောင်းကာဖိတ်ခေါ်ထားရတော့၏ ။ ရက်အနည်းငယ်ကြာအောင် စုံစမ်းစစ်ဆေးသည့်တိုင် ရွာထဲရှိအခြေအနေများမှာ တိုးတက်လာပုံမရကာ ကိစ္စများသည်လည်းတွေးထားသည်ထက်ပိုမိုဆိုးရွားနေပုံရသည် ။
ကျန်းရုံနန်က ထိုကိစ္စများကိုဂရုမစိုက်ပေ ။ ရေပုံးကိုသယ်၍သာ ရွံ့ဗွက်များဖြင့်ပြည့်နေသော ရွာအ၀င်လမ်းလေးအတိုင်းလျှောက်လာသောအခါ လူစိမ်းတစ်အုပ်ကိုတွေ့လိုက်ရသည် ။
ထိုသူများလာရောက်ခဲ့စဥ်က လူလေးယောက်ပါလာခဲ့ပြီး ယခုမူလူနှစ်ယောက်ကိုသာတွေ့ရတော့၏ ။ တစ်ယောက်က ကားရှေ့ဖုံးကိုဖွင့်၍ အင်ဂျင်ကိုစစ်ဆေးနေစဥ်အတွင်း ကျန်တစ်ယောက်ကမူ မတ်တပ်ရပ်ကာကျိန်ဆဲနေလေသည် ။ ခပ်လှမ်းလှမ်းမှ ကျန်းရုံနန်ကိုတွေ့သောအခါ ထိုလူကပို၍ဒေါသထွက်လာပုံပင် ။
" ငါတော့ ရွာထဲမှာမကောင်းဆိုး၀ါးတစ်ကောင်ရှိနေတယ်လို့ထင်တယ် "
ကျိန်ဆဲနေသောလူက အချိန်အတန်ကြာသောအခါမှသာ ပတ်၀န်းကျင်ကိုသတိပြုမိသွားပုံရ၏ ။
" ဘယ်လိုလုပ်ပြီးပျောက်သွားရတာလဲ !!"
" မင်းဆက်မပြောနဲ့တော့ "
အခြားတစ်ယောက် ကစိတ်တည်ငြိမ်သေးပုံရကာထိုသူအားဖြောင်းဖြလိုက်သည် ။
" ငါထပ်စဥ်းစားကြည့်လိုက်ဦးမယ် ... နောက်ထပ်နည်းလမ်းတစ်ခုရှာတွေ့နိုင်မယ်ဆိုရင် ..."
" ကားကိုကြည့် ... ကားကိုပဲကြည့်နေ ... ထိုင်ကြည့်နေလို့ ဘာများထူးခြားလာမှာမို့လို့လဲ ... ဘယ်သူကကားမီးကိုဖွင့်ထားခဲ့ဖို့ပြောလို့လဲ အခုတော့ကောင်းရော ဘက်ထရီအားမရှိတော့ဘူး ... ဘယ်လိုပြန်ရတော့မှာလဲ ... လေးဖက်ထောက်ပြီးပြန်ရတော့မှာလား ဟမ် "
" ကားရှေ့မီးကိုဖွင့်လိုက်လို့ငါပြောနေတယ်လေ !"
အခြားတစ်ယောက်လည်းတဖြည်းဖြည်း စိတ်မရှည်တော့ပုံရကာ
" ကားမီးကသူ့ဘာသာသူပိတ်သွားတာကွ !!"
" ဘယ်သူမောင်းတာလဲဆိုတာငါဂရုမစိုက်ဘူး ... မင်းစောစောစီးစီးကသာလာစစ်ဆေးမယ်ဆိုရင် ဒီလိုဖြစ်မှာတဲ့လား ?"
ထိုသူကပြောရင်းဖြင့် ကားစတီယာရင်ကိုပြင်းပြင်းထန်ထန်ထုရိုက်နေ၏ ။
ကျန်းရုံနန်က မိန်းကလေးတစ်ဦးဖြစ်သောကြောင့် ယောက်ျားရင့်မာကြီးနှစ်ဦးစိတ်ဆိုးမာန်ဆိုးဖြင့်အချင်းချင်းအော်ဟစ်နေကြသည်ကိုတွေ့သောအခါ ကြောက်လန့်လာသဖြင့်ရေပုံးကိုသယ်ရင်းတတ်နိုင်သမျှမြန်မြန်လျှောက်လေသည် ။ လေးလံသောရေပုံးများကိုသယ်ထားရသည်ကိုပင်မမူနိုင်တော့ချေ ။
သို့သော် သူမ၏အာရုံမှာ ရန်ဖြစ်အငြင်းပွားနေကြသောအမျိုးသားနှစ်ဦးဘေးရှိ သစ်ပင်အိုကြီးအားသတိထားမိသွားသည် ။ ထိုသစ်ပင် ရွာအ၀င်လမ်းတွင်တည်ရှိနေသည်မှာ နှစ်ပေါင်းများစွာကတည်းကပင် ။ သစ်ပင်အိုကြီးမှာ တစ်ပင်လုံးခြောက်ကပ်နေသည်သာမက အလွန်ရုပ်ဆိုးအကျဥ်းတန်လှ၏ ။ ပုံမှန်ဆူဆူညံညံအော်ဟစ်နေကျကျီးကန်းများသည်ပင် ယနေ့တွင်ထူးထူးခြားခြားတိတ်ဆိတ်နေကာ သစ်ပင်အိုကြီး၏သစ်ကိုင်းများပေါ်တွင်နားခို၍ အငြင်းပွားနေသောလူနှစ်ဦးအား စူးစူးစိုက်စိုက်ကြည့်ရှုနေကြသည် ။
ကျန်းရုံနန်မှာ ရုတ်တရက်အသက်ရှုကြပ်လာရ၏ ။ ထိုအချိန်တွင်ပင် ကြည်လင်သာယာနေသောကောင်းကင်မှာ ရုတ်တရက်လျှက်စီးများလက်၍ မိုးခြိမ်းကာ သည်းထန်စွာမိုးရွာသွန်းလာတော့သည် ။ ကောင်းကင်ယံတွင် တလျှက်လျှက်ဖြစ်ပေါ်နေသည့် လျှပ်စီးကြောင်းများမှာ ယှက်နွယ်နေသော ပင်ကူအိမ်များကဲ့သို့ပင် ။
ကြည့်ရသည်မှာ ရွာသူကြီး၏ ခန့်မှန်းချက်ကမှားယွင်းသွားပုံရပြီး ရွာထဲရှိသက်ကြားအိုကြီး၏စကားမှာမူမှန်နေပုံရသည် ။ အပြင်လူများက တောင်နတ်ဘုရား၏ အမျက်ဒေါသကိုပျက်ပြယ်သွားစေရန်မလုပ်ဆောင်နိုင်ကြချေ ။ ဤလူစိမ်းများရောက်လာသောအခါ ရွာထဲရှိထူးထူးဆန်းဆန်းဖြစ်ရပ်များကမရပ်တန့်သွားသည်သာမက ပို၍ပင်ဆိုးရွားလာသေး၏ ။
သူမတွေးနေသည့်အချိန်မှာပင် ကျယ်လောင်သောမိုးခြိမ်းသံကြီးထွက်ပေါ်လာပြီး သူမ၏ နားကိုပင်ထုံထိုင်းသွားစေသည် ။ ထို့နောက် တောင်ပေါ်မှထူးဆန်းသောအသံများထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံးလှိုင်းထတုန်ခါနေတော့၏ ။ ကျန်းရုံနန်က ရေပုံးများကိုပစ်ချ၍ထွက်ပြေးတော့မည့်အချိန်တွင် မိုးကြိုးပစ်သံနှင့်အတူသစ်ပင်လဲသံကိုပါကြားလိုက်ရသည် ။
သစ်ပင်အိုကြီးလဲကျသွားခြင်းဖြစ်ပြီး ကားတစ်စီးလုံးရော လူနှစ်ယောက်ပါစိစိညက်ညက်ကြေမွသွား၏ ။ ကျန်းရုံနန် အလန့်တကြားကြည့်မိသောအချိန်၌ သူမမြင်ရသမျှမှာ ပတ်ပတ်လည်တွင်ပြန့်ကျဲနေသော လူ့ဦးနှောက်အပိုင်းအစများနှင့် ရွံ့ရေများနှင့်ရောနှောစီးဆင်းသွားသည့် စေးပျစ်ပျစ် လူ့သွေးများပင်ဖြစ်သည် ။
Xxxxxxxxxxxxxxxxxxxxxxxxx
နောက်ဆုံး၌ စုန့်ချင်းလော်မှာ လင်ပန့်ရှ ကျွေးမည်ဆိုသောထမင်းတစ်နပ်အားမစားခဲ့ရချေ ။
စုန့်ချင်းလော်အလုပ်ရှာမရသည့်ကိစ္စကို လင်ပန့်ရှက ထူးထူးဆန်းဆန်းအံ့သြနေဟန်မပြဘဲ လစာကောင်းကောင်းနှင့်အကျိုးခံစားခွင့်အလွန်ကောင်းမွန်သော အလုပ်တစ်ခုရှာရသည်မှာ မဟားတရားခက်ခဲကြောင်းကိုပင် ပြောပြနှစ်သိမ့်နေသေး၏ ။
အလုပ်လျှောက်စာအကြိမ်နှစ်ဆယ်ကျော်ငြင်းဆန်ခံခဲ့ရသည့် စုန့်ချင်းလော်မှာ မျက်လုံးအပြုးသားဖြင့်အလေးအနက်နားထောင်နေရရှာသည် ။
လျှိုရှီ အလုပ်ထွက်သွားပြီးနောက် အလုပ်မှသူ့အတွက် ပါတနာအသစ်တစ်ဦးစီစဥ်ပေး၏ ။ ထိုသူမှာလည်း ကောလိပ်မှဘွဲ့ရခါစလူငယ်လေးတစ်ဦးဖြစ်ပြီး လှုမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွင်အရည်အချင်းရှိပုံမရပေ ။ လူငယ်လေး၏ အမည်မှာ ကျိုးကျီထုံဖြစ်ပြီး ပထမဆုံးအလုပ်စ၀င်သောနေ့မှာပင် လန့်ကာအသံအိုးကွဲမတတ်အော်ဟစ်ခဲ့လေ၏ ။ လင်ပန့်ရှက အတွေ့အကြုံအလွန်ရင့်ကျက်သော ဖခင်အိုကြီးတစ်ယောက် စတိုင်လ်ဖြင့် ကျိုးကျီထုံ၏ ပုခုံးကိုပုတ်၍ ထိုအရာများအားနေ့တိုင်းမြင်ပါများလျှင် ကျင့်သားရသွားလိမ့်မည်ဟုသာနှစ်သိမ့်ပေးလေသည် ။
ပါတနာအသစ်တစ်ဦးရရှိလာပြီဖြစ်သော်လည်း သူ၏ အားလက်ရက်ခံစားခွင့်လေးသက်တမ်းကုန်ဆုံးတော့မည်စိုး၍ အခြားအသင်းတစ်ခုနှင့်သာလွှတ်ထား၍ အတွေ့အကြုံယူစေရန်ဆုံးဖြတ်လိုက်သည် ။
ခွင့်တင်သည့်ကိစ္စနှင့် လုပ်စရာရှိသည်များအားလုံးအဆုံးသတ်ပြီးနောက် စုန့်ချင်းလော်နှင့်အတူ ခရီးသွားရတော့မည်ဟုသောအတွေးကြောင့် မြောက်ကြွမြောက်ကြွဖြင့် အိမ်သို့ပြန်လာလေသည် ။ တစ်ဖက်ရှိ စုန့်ချင်းလော်ကမူ လင်ပန့်ရှအား ခေါ်သွားသင့်ခေါ်မသွားသင့် တုံ့ဆိုင်းနေဆဲဖြစ်၏ ။ စုန့်ချင်းလော်က သူ့အားခေါ်မသွားလိုကြောင်း လင်ပန့်ရှ သတိထားမိသည့်အချိန်ကတည်းက အသံတိတ်ဆန္ဒပြနေခြင်းဖြစ်သည် ။
အိမ်ပြန်သည့်အချိန်ကတည်းကစ၍နောက်တစ်နေ့အလုပ်သွားသည့်အချိန်အထိ စုန့်ချင်းလော်အား စကားတစ်ခွန်းမျှမပြောရုံသာမက တမင်တကာပင်မျက်နှာချင်းမဆိုင်မိအောင်ရှောင်နေတတ်သေး၏ ။ လူနှစ်ဦးတစ်အိမ်တည်းအတူတူနေထိုင်နေကြသော်လည်း စုန့်ချင်းလော်တစ်ယောက်တည်းအထီးကျန်နေရရှာသည် ။
နောက်ဆုံး၌ စုန့်ချင်းလော်၏ ဘက်မှအလျှော့ပေးလိုက်ရပြီး အသေးစိတ်အချက်အလက်တစ်ပုံတစ်ပင်ပါသောစာချူပ်ကြီးတစ်ခုထုတ်လာ၏ ။ ထိုစာချုပ်ထဲ၌ အကျိုးခံစားခွင့်များသာမက ၊ အချိန်မရွေးဖြစ်ပေါ်လာနိုင်သောအန္ဒရာယ်များစွာနှင့် အာရုံစိုက်ရန်လိုအပ်သောအချက်များအကြောင်းသာမက အသက်အာမခံများစွာလည်းပါရှိသည် ။
စုန့်ချင်းလော်က လင်ပန့်ရှ ဆုံးဖြတ်ချက်မချမှီ စာချုပ်ကိုအလွတ်ရမတတ်အခေါက်ခေါက်အခါဖတ်စေ၏ ။ လင်ပန့်ရှမှာမူ အခြားသောအချက်များကိုမဖတ်ရသေးမှီ ရရှိမည့်လစာတွင်ပါ၀င်သော သုညအတန်းလိုက်ကြီးကိုကြည့်ကာ ပါးစပိအဟောင်းသားလေးဖြစ်သွားရှာသည် ။ ထို့နောက် အခြားအချက်များကိုလျှစ်လျှူရှုကာ တစ်ခါတည်းလက်ဗွေတန်းနှိပ်လိုက်ပြီးနောက် စုန့်ချင်းလော်အား ပြုံးပြကာ စာချုပ်ကိုမိတ္တူဆွဲထားရမလားဟုပင်မေးလိုက်သေးသည် ။
စုန့်ချင်းလော်က ခေါင်းခါပြီးနောက် လင်ပန့်ရှ၏ လက်ဗွေနှိပ်ထားသောနေရာလေးအားကြည့်ကာ
" အသက်အာမခံအကျိုးခံစားခွင့်နေရာမှာ ဘယ်သူ့ကိုထားမှာလဲ ?"
" ကျွန်တော့အစ်မ "
စုန့်ချင်းလော်က လင်ပန့်ရှအားကြည့်လာကာ
" မင်းမှာ အစ်မရှိတာလား ?"
" သွေးရင်းမဟုတ်ဘူး ... ၀မ်းကွဲ "
စုန့်ချင်းလော်က ခေါင်းညိမ့်လိုက်ပြီးနောက် ဘာမှထပ်မမေးပါတော့ချေ ။
လင်ပန့်ရှသည်လည်း သူ၏ ကိုယ်ပိုင်အတိတ်အကြောင်း ဂရုမစိုက်ပါချေ ။ ငယ်စဥ်ကအတူတူနေထိုင်ခဲ့သောမိသားစုနှင့်ပက်သက်သည့်တစ်ခုတည်းသောကောင်းသည့်အရာမှာ သူ၏ အစ်မပင်ဖြစ်သည် ။ သူ၏အဒေါ်မိသားစုမှာအလွန်စည်းကမ်းတင်းကျပ်သောကြောင့် သူ၏အစ်မဖြစ်သူကသာ တစ်ခုတည်းသောမှီခိုစရာလေးဖြစ်ခဲ့သည် ။
စုန့်ချင်းလော်က သမ်းဝေရင်း စာချုပ်ကိုသိမ်းလိုက်ကာ လင်ပန့်ရှအား သုံးရက်ကြာလျှင်ခရီးသွားမည်ဖြစ်သဖြင့် အထုပ်ပြင်ထားရန်မှာလိုက်သည် ။ လင်ပန့်ရှကမူ အလွန်ပျော်ရွှင်နေသည့်အပြင် အခြားသောအရာများကိုအသာထား ခရီးထွက်မည်ဟူသောစကားကပင် ပျားရည်ကဲ့သို့ချိုမြိန်နေလေ၏ ။
အခြားသောအရာများကိုဂရုမစိုက်သကဲ့သို့ တစ်နည်းပြောရမည်ဆိုလျှင် သူဂရုစိုက်စရာမလိုခြင်းပင် ။
စုန့်ချင်းလော် သဘောတူလိုက်သောနေ့မှစ၍ လီစုမှာ လင်ပန့်ရှ၏ အိမ်သို့ချောင်းပေါက်မတတ်လာတော့သည် ။ ပစ္စည်းပစ္စယအသေးအမွှားလေးများယူလာပေးရုံသာမက တစ်ခါတစ်ရံ ဧည့်သည် လုပ်၍ ထမင်းလာစားတတ်သေး၏ ။ ယူလာသည့်ပစ္စည်းများပြောင်းလဲသွားသော်လည်း မပြောင်းလဲသောအရာတစ်ခုမှာ သူ့နောက်မှတစ်ကောက်ကောက်ပါလာတတ်သော လီရီပင် ဖြစ်သည် ။
လီစု၏ နားကွဲမတတ်နားပူနာဆာကျမှုအောက်၌ လီရီမှာ ရွေးချယ်စရာမရှိဘဲ ထူထဲနေသောမုတ်ဆိတ်မွှေးများကိုရိတ်လိုက်ရလေသည် ။ ဖြူဖွေးသောအသားရေ ပြတ်သားတိကျသောမေးရိုးနှင့် အေးစက်စက်အစိမ်းရောင်မျက်၀န်းအကြည့်တစ်ချက်ကြောင့် လီရီသွားသည့်နေတိုင်းတွင် မိန်းကလေးများအုပ်စုလိုက်နောက်မှလိုက်လာတတ်သည် ။ ရေခဲရိုက်မျက်နှာပေးနှင့် ပေါင်းသင်းဆက်ဆံရေးမကောင်းသည့်ပုံစံပေါက်နေသော်ငြား သူ့အားဖုန်းနံပါတ်လာတောင်းသည့်မိန်းကလေးအများအပြားရှိနေဆဲပင် ။
စုန့်ချင်းလော်ကမူ အားအားယားယား လင်ပန့်ရှ၏ အိမ်သို့လာ၍ ထမင်းလာစားနေသည့်လူနှစ်ယောက်အား အမှန်ပင်အမြင်ကတ်နေပြီဖြစ်သည် ။ ရက်အနည်းအတွင်းခရီးသွားရမည်ဖြစ်သောကြောင့်သာ ကြိတ်မှိတ်သည်းခံနေရခြင်းပင် ။
သနားစရာအူကြောင်ကြောင်လူသားလေးကျိလဲ့ရွှေမှာမူ လင်ပန့်ရှတစ်ယောက် စုန့်ချင်းလော်နှင့် သာမန်ခရီးတစ်ခုထွက်မည်ဟုသာထင်နေသဖြင့် အိမ်ပြန်လက်ဆောင်၀ယ်လာပေးပါရန်ပူဆာနေတော့သည် ။ ထို့နောက် ဘလင်းဘလင်းဖြစ်နေသည့် မျက်၀န်းများဖြင့် စုန့်ချင်းလော်ဘက်သို့လှည့်ကာ
" ခရီးသွားမဲ့နေရာကဒေသထွက်ပစ္စည်းတွေကအရည်အသွေးကောင်းလားဟင် ?"
" အင်း ... ကောင်းတယ် "
ကျိလဲ့ရွှေ ဘာမှမပြောရသေးခင်မှာပင် စုန့်ချင်းလော်က ခြောက်ခြားဖွယ်လေသံကြီးနှင့်ပြောလာ၏ ။
" ငါလက်ဆောင်သယ်လာပေးတယ်ဆိုရင်တောင်မှ မင်းယူမထားရဲမှာစိုးရိမ်မိသား "
ကျိလဲ့ရွှေ : " မေ့လိုက်ပါတော့ ... ကျွန်တော်မလိုချင်တော့ပါဘူး "
စုန့်ချင်းလော်၏ တိုက်ခန်းအတွင်းတွင်ရှိနေသည့် သေတ္တာများကိုသွားတွေးမိကာ ကျိလဲ့ရွှေလေးတစ်ယောက် အာမချောင်ရဲတော့ချေ ။ လင်ပန့်ရှက ကျိလဲ့ရွှေအား နှုတ်ဆက်ပြီးနောက် ခရီးဆောင်အိတ်အား စုန့်ချင်းလော်၏ ကားထဲသို့ထည့်ကာမေးလိုက်သည် ။
" ကျွန်တော်တို့ ဘယ်သွားကြမှာလဲ ?"
" ငါလည်းဘယ်နေရာမှန်းမသိသေးဘူး ငါ့နောက်ကိုသားစိတ်ချလက်ချလိုက်ခဲ့စမ်းပါကွာ ... မင်းကိုရောင်းမစားပါဘူး "
လင်ပန့်ရှ : " ဟားဟားဟား ... ကျွန်တော့်ကိုရောင်းလည်း ၀ယ်မဲ့သူရှိမှာမဟုတ်ပါဘူးဗျာ "
စုန့်ချင်းလော်က သူ့အားစိုက်ကြည့်လာသောကြောင့် လင်ပန့်ရှက တံတွေးမြိုချကာ
" ကျွန်တော်တို့ တရားမ၀င်တာတစ်ခုခုလုပ်ရမှာတော့မဟုတ်လောက်ပါဘူးနော် ... ဟုတ်တယ်မလားဟင် ?"
စုန့်ချင်းလော် : " မပြောတတ်ဘူးလေ "
လင်ပန့်ရှ : "..."
စုန့်ချင်းလော်က ဖြည်းဖြည်းချင်းပြောလာ၏ ။
" တရားမ၀င်တဲ့အလုပ်မဟုတ်ပါဘူးကွာ "
လင်ပန့်ရှ : ' သေချာပေါက် တရားမ၀င်တာတစ်ခုခုလုပ်တော့မဲ့လေသံကြီးလေဗျာ '
စုန့်ချင်းလော် : " မင်းကိုနောက်လိုက်တာ "
လင်ပန့်ရှမှာ ပို၍ပင်လန့်လာရသည် ။ စုန့်ချင်းလော်၏ ပြောစကားအရသူတို့ သွားရမည့်နေရာမှာ ဝေးလံခေါင်သီသောတောင်ပေါ်ရွာလေးတစ်ရွာဖြစ်ပြီး အလွန်သွားလာရန်ခက်ခဲသည် ။ ပုံမှန်အမြန်နှုန်းဖြင့် ကားမောင်းသွားမည်ဆိုလျှင်ပင် ဆယ်နာရီမကကြာနိုင်၏ ။
" ကျွန်တော်တို့နှစ်ယောက်တည်းလား ?"
" အဲဒီမှာငါ့ရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရောက်နေပြီးသား သူတို့ဆီတန်းသွားလိုက်ရုံပဲ "
" ဒါဆို ... ကျွန်တော်တို့ဘာလုပ်ရမှာလဲ ?"
စုန့်ချင်းလော်က အချက်အလက်များပါသည့်ဖိုင်တစ်ခုကို လင်ပန့်ရှအား လက်တစ်ဖက်ဖြင့်ကမ်းပေးကာ
" ဒါကိုအရင်ဖတ်ကြည့်လိုက် "
လင်ပန့်ရှက ခေါင်းညိမ့်ပြကာ ဖတ်လိုက်သောအခါ အမှန်ပင် ရွာလေးထဲတွင်ဖြစ်ပျက်နေသမျှအားလုံးကိုအသေးစိတ်မှတ်တမ်းတင်ထားကြောင်းတွေ့လိုက်ရသည် ။
ရွာငယ်လေးမှာ ချောင်ကျသောနေရာတွင်တည်ရှိပြီး ပတ်ပတ်လည်တွင်တောင်များဖြင့်ကာရံထား၏ ။ ထို့အပြင် အချို့သောရာသီဥတုအခြေအနေများ၌ တောင်များကိုဖြတ်ကျော်သွားရန်ခက်ခဲသဖြင့် သွားလာဆက်သွယ်ရေးအလွန်မှခေတ်နောက်ကျလေသည် ။ ရွာခံများမှလွဲ၍ အခြားသောဒေသများမှလာရောက်သူအလွန်ရှားပါးလှသည် ။
သို့သော်လည်း ဤနှစ်နွေဦးတွင်ရွာထဲ၌ ထူးဆန်းသောဖြစ်ရပ်များဆက်တိုက်ပေါ်ပေါက်လာ၏ ။
ရွာထဲတွင်လူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားလာ၏ ။ ကနဦးတွင် မတော်တဆမှုများကြောင့်သေဆုံးမှုများသာရှိခဲ့သော်လည်း တဖြည်းဖြည်းနှင့်သေဆုံးမှုများမှာပိုမိုဆိုး၀ါးသည်ထက်ဆိုး၀ါးလာသည် ။ တစ်ခုခုမှားယွင်းနေပြီမှန်း ရွာသားများသတိထားမိချိန်မှစ၍ အကူအညီများဆက်တိုက်ရှာဖွေကြတော့၏ ။
ရဲတိုင်သောအခါ စခန်းမှ အခြေအနေကိုတစ်ချက်မျှစုံစမ်းရန်လူလွှတ်ပေးလာသော်လည်း မကြာမီမှာပင် ရဲ၀န်ထမ်းများကိုင်တွယ်နိုင်သောအရာမဟုတ်မှန်းသတိထားမိသွားကြ၏ ။ ဤသို့ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်သတင်းပျံ့နှံ့သွားရာမှ စုန့်ချင်းလော် ထံသို့ဤရွာအကြောင်းရောက်ရှိလာရခြင်းပင် ။
အချက်အလက်များအရ စုန့်ချင်းလော်၏ အဖွဲ့အစည်းမှ လူများစွာစေလွှတ်ခဲ့သော်လည်း အကုန်လုံးနှင့်အဆက်အသွယ်ပြတ်သွား၏ ။ ထို့ကြောင့် ထိုလူများအသတ်ခံလိုက်ရသည်ဟုသာ မှတ်ယူထားလိုက်ကြသည် ။ လူများစွာပျောက်ဆုံးသွားရသောကိစ္စဖြစ်သဖြင့် စုန့်ချင်းလော်ကိုယ်တိုင်လာရောက်စစ်ဆေးရခြင်းပင် ။
လင်ပန့်ရှမှာ သရဲကားထဲမှရုပ်ရှင်ပြကွက်များစွာကိုပြေးမြင်လိုက်မိ၏ ။
" ရွာထဲမှာ လူဦးရေကငါးရာကျော်ပဲရှိခဲ့တာဆိုတော့ သဘောက လူဦးရေရဲ့ဆယ်ပုံပုံရင်တစ်ပုံက သေဆုံးသွားကြပြီပေါ့ ?"
စုန့်ချင်းလော်က လင်ပန့်ရှအား တစ်ချက်ကြည့်ကာ
" အဲတာလွန်ခဲ့တဲ့တစ်ပတ်တုန်းကအခြေအနေ "
" လူသားစားမကောင်းဆိုး၀ါးတစ်ကောင်ကောင်များရွာထဲမှာပုန်းနေတာလား ?"
" ငါမသိသေးဘူး "
" ဖြစ်ရောဖြစ်နိုင်ပါ့မလား ... မကောင်းဆိုး၀ါးဆိုရင်တောင်မှ လူတွေအများကြီးကိုသတ်မယ်ဆိုရင် ခက်ခဲမှာပဲလေ ? စုန့်ကောရော ဘယ်လိုထင်လဲ ?"
" လူတွေရဲ့ပယောဂတစ်ခုခုကြောင့်လည်းဖြစ်နိုင်တာပဲလေ ... အခြေအနေကိုသေသေချာချာမသိဘဲနဲ့ ခန့်မှန်းနေလို့မရဘူးလေ "
လင်ပန့်ရှက ခေါင်းညိမ့်ကာထောက်ခံလာ၏ ။ စုန့်ချင်းလော်က နေ့တစ်၀က်လုံးနီးပါးကားမောင်းနေရသောကြောင့် ပင်ပန်းနေမည်စိုး၍ လင်ပန့်ရှက သူမောင်းလိုကြောင်းတောင်းဆိုလာသည် ။ ကားမောင်းနေစဥ်အတွင်း စုန့်ချင်းလော် အိပ်ငိုက်၍ နှစ်ယောက်သားညလယ်ခေါင်ကြီးကားတစ်စီးနှင့် မြောင်းထဲခေါင်းစိုက်နေမည့်အဖြစ်မျိုးမဖြစ်ချင်ပါပေ ။
စုန့်ချင်းလော်က လင်ပန့်ရှ အားကားမောင်းရန်ခွင့်ပြုလိုက်ပါသော်လည်း သူကမူမအိပ်ချင်သောကြောင့် ရောက်တတ်ရာရာစကားပြောနေလိုက်သည် ။
ညနေ ငါးနာရီကျော်ခြောက်နာရီခန့်တွင် ကျန်သောအဖွဲ့သားများနှင့်တွေ့ရန်ချိန်းဆိုထားသောနေရာသို့ရောက်သွား၏ ။ စုန့်ချင်းလော်က ရွာလေးသို့သွားရန်အတွက် အလျှင်မလိုသဖြင့် ဟိုတယ်တစ်ခုတွင်အရင်ဆုံးအနားယူရန်ဆုံးဖြတ်လိုက်သည် ။
နောက်တစ်နေ့နံနက်၌ လင်ပန့်ရှ အိပ်ပျော်နေသည့်အချိန်တွင် စုန့်ချင်းလော်ထံ အမျိုးသားနှင့်အမျိုးသမီးတစ်ဦးရောက်ရှိလာ၏ ။ ထိုသူများမှာရိုးရိုးရှင်းရှင်းသာ၀တ်စားထားသော်လည်း စုန့်ချင်းလော် အပေါ်၌မူအလွန်လေးစားသောသဘောထားရှိပုံရသည် ။ ဟိုတယ်ခန်းထဲသို့၀င်လာသောအခါ အိပ်ရာပေါ်တွင်စောင်ထဲတိုး၍ အိပ်နေဆဲဖြစ်သော လင်ပန့်ရှ အားကြည့်၍ အသံတိုးတိုးလေးနှင့်မေးလာ၏ ။
" သူက မစ္စတာစုန့်ရဲ့ ပါတနာများလား ? "
စုန့်ချင်းလော်က ထိုသူများအား ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ကာ
" အင်း "
အိပ်တစ်၀က်နိုးတစ်၀က်ဖြစ်နေသော လင်ပန့်ရှ၏ နားထဲ၌မူ ' စောင့်ကြည့်သူ ' ဟုသောစကားကိုကြားလိုက်သောကြောင့် အခန်းအတွင်းသူစိမ်းများရောက်နေကြောင်းသတိထားမိသွားသည် ။ ယခုမှထရန်အတွက်လည်းရှက်ဖို့ကောင်းသောကြောင့် ဆက်၍အိပ်ချင်ယောင်ဆောင်ရန်သာဆုံးဖြတ်လိုက်၏ ။
စုန့်ချင်းလော်ကလည်း လင်ပန့်ရှ နိုးသွားမည်စိုးသဖြင့် ထိုသူများကိုအသံတိုးတိုးဖြင့်သာစကားပြောရန်အချက်ပြလိုက်သည် ။ အမျိုးသားဖြစ်သူ၏ အမည်မှာ ဟဲဟျွိုင်အန်းဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ မုရှင်းစီ ဖြစ်၏ ။ နှစ်ဦးစလုံးမှာ ဤအလုပ်၌အလွန်အတွေ့အကြုံများသူများဖြစ်သည် ။
" လက်ရှိအခြေအနေကဘယ်လိုလဲ ?"
စုန့်ချင်းလော်က သူတို့၏ အမည်များကိုသိပြီးသည့်နောက်တွင် အရေးကြီးအကြောင်းရာကိုတိုက်ရိုက်ပြောဆိုရန်အတွက် စကား၀ိုင်းကိုဦးတည်လိုက်သည် ။
ဟဲဟျွိုင်အန်းမှရှင်းပြလာ၏ ။
" နှစ်ယောက်စလုံးသေသွားပြီလို့ပဲကောက်ချက်ချလို့ရသေးတယ် "
" သူတို့ဘယ်လိုသေသွားကြတာလဲ ?"
" တစ်ယောက်ကပြင်းထန်တဲ့ဓာတ်မတည့်မှုကြောင့် နောက်တစ်ယောက်ကတော့ရေနစ်တာ ... ဓာတ်မတည့်မှုကြောင့်သေဆုံးသွားတဲ့တစ်ယောက်ကတော့ မတော်တဆမှုပဲဖြစ်ပုံရတယ် ... တောင်ပေါ်ကအဆိပ်ရှိသတ္တ၀ါတစ်ကောင်ကိုက်လိုက်တာမို့လို့ အခုတော့လက္ခဏာတွေက ဓာတ်မတည့်မှုကလွဲရင်အခြားအကြောင်းအရင်းရှာလို့မရဘူး "
စုန့်ချင်းလော်က ခေါင်းညိမ့်၍
" ရေနစ်သွားတဲ့တစ်ယောက်ကရော ?"
" ဒီတစ်ယောက်ကတော့ထူးဆန်းတယ် ... သူတစ်ယောက်တည်းရှိနေတဲ့အချိန်မှာရုတ်တရက်ကြီးပျောက်သွားပြီး ပြန်တွေ့တဲ့အချိန်ရောက်တော့ ရေထဲမှာခေါင်းနှစ်ပြီးသေဆုံးနေတာကိုတွေ့လိုက်ရတာ ... ပတ်ပတ်လည်မှာရုန်းကန်ထားတဲ့ခြေရာလက်ရာတွေတွေ့ရပေမဲ့ အနားမှာဒုတိယလူတစ်ယောက်ရှိနေတဲ့ခြေရာလက်ရာကိုမတွေ့ရဘူး ... "
" အဲဒီနှစ်ယောက်က စောင့်ကြည့်သူတွေလားမှတ်တမ်းတင်သူတွေလား ?"
" တစ်ယောက်က စောင့်ကြည့်သူ နောက်တစ်ယောက်ကတော့ မှတ်တမ်းတင်သူ ... လူနှစ်ယောက်ထပ်သေသွားတော့ သူတို့က ထူးဆန်းလာပြီလို့ထင်မိတာနဲ့ ကျန်တဲ့နှစ်ယောက်ကိုပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ ရုတ်တရက်ကြီးအဆက်အသွယ်ပြတ်တောက်သွားတယ် ... အဲဒီ့လိုမျိုးအခြေအနေက ... "
ဟဲဟျွိုင်အန်း ကသက်ပြင်းချလိုက်မိသည် ။ ပုံမှန်အခြေများ၌ မှတ်တမ်းတင်သူများမှာ သာမန်လူများဖြစ်သောကြောင့် အန္ဒရာယ်များသောအခြေအနေတွင်သေဆုံးနိုင်ခြေအလွန်များ၏ ။ သို့သော်လည်း စောင့်ကြည့်သူများမှာမူထူးခြားသောသူများဖြစ်သဖြင့် စောင့်ကြည့်သူသေဆုံးသွားပါက အခြေအနေမှာအမှန်ပင်ဆိုးရွားနေပြီဖြစ်သည် ။
" သူတို့ပို့ခဲ့တဲ့နောက်ဆုံးအချက်အလက်ကဘာလဲ ?"
" နောက်ဆုံးစကားက ရွာထဲမှာပြဿနာပေါင်းစုံစုပေါင်းနေတယ်ဆိုတဲ့အချက်ရယ် ... နေထိုင်သူတွေက မိစ္ဆာအယူရှိတဲ့လူတွေဖြစ်ပြီး ဘာသာရေးမှိုင်းတိုက်ခံထားရတာသာမက လူလုပ်ပယောဂတွေအများကြီးကိုလည်းတွေ့ရတယ်တဲ့ ..."
စုန့်ချင်းလော်က ခေါင်းညိမ့်ပြလိုက်ပြီးနောက် မနက်ဖြန်မနက်တွင်ရွာငယ်လေးသို့အတူတူသွားကြမည်ဖြစ်ကြောင်းချိန်းဆိုလိုက်သည် ။ ထိုလူနှစ်ဦးတိတ်တဆိတ်ထွက်သွားပြီးသောအခါ ရရှိထားသောသတင်းအချက်များကိုက်ညီမှုရှိမရှိနှင့် ဟာကွက်တစ်ခုခုရှိမရှိတစ်ညလုံးစေ့စေ့စပ်စပ်စစ်ဆေးပြီးမိုးလင်းခါနီးမှသာ လင်ပန့်ရှအား လာနှိုးလေ၏ ။
" မိုးလင်းနေပြီထတော့လေ "
လင်ပန့်ရှက အိပ်ချင်မူးတူးဖြစ်နေသည့်အပြင် ဆံပင်ပုံစံမှာလည်း ငှက်သိုက်ကေဖြစ်နေ၏ ။
" မောနင်း "
" အင်း ... ငါ မင်းအိပ်နေတာကိုမနှောင့်ယှက်ချင်ပေမဲ့ အရေးအကြောင်းဆိုလမ်းကြောင်းသိရအောင် လိုက်ကြည့်ကြမလား တောင်ပေါ်ရွာအကြောင်းလည်းနည်းနည်းလောက်စုံစမ်းကြတာပေါ့ "
" အင်း "
" မနက်စာစားပြီးဟိိုဟိုဒီဒီအတူတူလျှောက်ကြည့်ရအောင် "
လင်ပန့်ရှက အမြန်မျက်နှာသစ်ကာအ၀တ်လဲလိုက်ပြီးနောက် စုန့်ချင်းလော်နှင့်အတူမနက်စာစားရန်မြို့ထဲသို့ထွက်လာလိုက်သည် ။ မြို့လေး၏ တည်နေရာမှာလည်းအနည်းငယ်သွားရလာရခက်ခဲသောနေရာတွင်တည်ရှိသဖြင့်ရှေးဟောင်းအငွေ့အသက်အချို့ကျန်ရှိနေဆဲဖြစ်၏ ။ စုန့်ချင်းလော်နှင့် လင်ပန့်ရှ တို့၏ ချောမောသန့်ပြန့်သောရုပ်ရည်လေးများကြောင့် မနက်စာရောင်းသည့်အန်တီကြီးက အပြုံးလေးတစ်ပွင့်ဖြင့် စပ်စုသမျှကိုပြန်ဖြေပေးလာသည် ။
" ကောင်လေး မင်းကရွာထဲမှာဘာတွေဖြစ်နေလဲဆိုတာသိချင်တာလား ... တောင်တွေပေါ်တက်ရအရမ်းခက်တာမို့လို့ အပြင်လူတွေအဲ့ဒီရွာကိုသွားတာအရမ်းရှားတယ် "
" ရွာထဲမှာ အခုတလောဘာတွေဖြစ်နေတယ်ဆိုတဲ့သတင်းတစ်ခုခုရောမကြားမိဘူးလား ?"
" အမ်း ... တစ်ခုခုဖြစ်နေတယ်လို့သတင်းကြားပေမဲ့ ဘာလဲဆိုတာကိုတော့အတိအကျမသိဘူး "
ထို့နောက် အန်တီကြီးကဘေးဘီကိုတစ်ချက်ကြည့်ကာ အသံတိုးတိုးလေးဖြင့်
" အန်တီပြောပြမယ် မင်းဘယ်သူ့ကိုမှလျှောက်မပြောနဲ့ အန်တီ့ရဲ့တူက မြို့ထဲမှာအသုဘပစ္စည်းရောင်းတဲ့ဆိုင်ဖွင့်ထားတာ ... အဲ့ဒီတောင်ပေါ်ရွာကလူတွေက လွန်ခဲ့တဲ့တစ်လကျော်လောက်တုန်းက အခေါင်းတွေအများကြီးလာ၀ယ်သွားတယ်တဲ့ ... "
" ဒီလိုကိုး "
" မင်းဘာလုပ်မလဲဆိုတာတော့ အန်တီမသိဘူးကောင်လေး ဒါပေမဲ့ အန်တီသတိပေးမယ်နော် အဲဒီ့ရွာကို ၀င်သွားဖို့မလွယ်ကူသလိုပြန်ထွက်လာဖို့ကပိုတောင်ခက်ခဲသေးတယ် ... စပ်စုချင်ရုံသပ်သပ်ကြောင့်တော့မသွားနဲ့ "
စုန့်ချင်းလော်က အန်တီကြီးအားကျေးဇူးတင်လိုက်ပြီးနောက် လင်ပန့်ရှ နှင့်အတူပြန်လာလိုက်သည် ။
" တစ်လတည်းနဲ့လူတွေအများကြီးသေသွားရအောင်ဘာတွေများဖြစ်ခဲ့တာမို့လို့လဲ ... သဘာ၀ဘေးတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် လူအချင်းချင်းသတ်လို့ပဲဖြစ်ဖြစ် ဒီလောက်ထိသေနေကြတာတော့မဟုတ်သေးဘူး ... ဘယ်လိုဖြစ်ပြီး ဓာတ်မတည့်တာလေးတစ်ခုကတောင် လူတစ်ယောက်ကိုသေသွားစေနိုင်ရတာလဲ ? "
စုန့်ချင်းလော်က ဖြည်းဖြည်းချင်းပြောလာ၏ ။
" အရမ်းကြီးလျှောက်တွေးမနေနဲ့ "
သို့သော်လည်း လင်ပန့်ရှ၏ စပ်စုလိုစိတ်လေးမှာမူ ပို၍သာကြီးထွားလာ၏ ။ မြို့ထဲ၌ စားနပ်ရိက္ခာများ၀ယ်ကူကာ ကားကိုလည်းဆီအပြည့်ဖြည့်ပြီးသည့်နောက်တွင် လင်ပန့်ရှနှင့်စုန့်ချင်းလော်တို့မှာ ဟဲဟျွိုက်အန်းတို့နှင့်အတူတောင်ပေါ်ရွာလေးသို့သွားရန်အသင့်ဖြစ်နေပြီဖြစ်သည် ။
ဟိုတယ်မှမထွက်ခွာမှီအချိန်တွင် စုန့်ချင်းလော်က သူ၏ အိတ်ကပ်ထဲမှအဖြူအမဲအံစာတုံးနှစ်တုံးကိုထုတ်၍ ဟဲဟျွိုင်အန်းတို့နှစ်ယောက်ထံကမ်းပေးလိုက်ကာ ညင်သာစွာပြောလာ၏ ။
" ထုံးစံအတိုင်းပဲ "
နှစ်ယောက်သားက ထူးဆန်းပုံမရဘဲ ဟဲဟျွိုင်အန်းကအရင်အံစားတုံးကိုကိုင်ကာ စားပွဲပေါ်သို့ပစ်လိုက်သည် ။ ကိုးထောင့်သဏ္ဍာန်အံစာတုံးနှစ်တုံးမှာ အကြိမ်အရေအနည်းငယ်မျှလည်နေပြီးနောက်ရပ်တန့်သွားကြ၏ ။အနက်မှာ 3 ဖြစ်၍ အဖြူမှာ 4 ဖြစ်သည် ။ စုန့်ချင်းလော်က ရလဒ်ကိုကျေနပ်နေပုံပင် ။ နောက်တစ်ကြိမ်အလှည့်ကျသူမှာ မုရှင်းစီဖြစ်ပြီး သူမအလှည့်၌မူ အလွန်စိတ်လှုပ်ရှားနေပုံရကာ အံစာတုံးနှစ်တုံးရပ်သွားချိန်တွင် အနက်မှာ 4 ဖြစ်ပြီး အဖြူမှာ 5 ဖြစ်နေ၏ ။
" ဘယ်လိုဖြစ်ရတာလဲ ?"
စုန့်ချင်းလော်က မုရှင်းစီ ၏ ရလဒ်အပေါ်စိတ်ကျေနပ်ပုံမရချေ ။ မုရှင်းစီက တုန်တုန်ရီရီဖြင့်
" ကျွန် ... ကျွန်မ မနေ့ညကစိတ်လှုပ်ရှားနေလို့ ကောင်းကောင်းအိပ်မပျော်လို့ပါ ..."
" အိပ်မပျော်ရုံလေးတင်လား ?"
မုရှင်းစီက ခါးခါးသီးသီးပြုံး၍
" အင်း ... တကယ် အိပ်မပျော်လို့ပါ "
စုန့်ချင်းလော်က အံစာတုံးများကိုသိမ်းလိုက်ပြီးနောက်ဘာမှဆက်မပြောတော့ချေ ။
မုရှင်းစီက စုန့်ချင်းလော်သူမအား မလိုက်ခိုင်းသည်ကိုစိုးရိမ်နေပုံရကာ စကားတသီလိုက်ကြီးကိုအလောတကြီးပြောဆိုလာ၏ ။ စုန့်ချင်းလော်ကမူ တစ်ခွန်းမျှပြန်မပြောဘဲ ဟဲ့ဟျွိုင်အန်းကိုသာ အေးတိအေးစက်ဖြင့်ကြည့်နေသည် ။
ဟဲဟျွိုင်ရှန်း ကတိုးတိုးလေးကပ်ပြောလာ၏ ။
" စုန့် ... မစ္စတာ ... သူမက ကျွန်တော့်ရဲ့ ပါတနာအသစ်ပါ ... သူ့ရဲ့အရင်ပါတနာအဟောင်းကမကြာသေးခင်ကမှမတော်တဆတစ်ခုဖြစ်သွားတာမို့လို့ သူမရဲ့စိတ်အခြေအနေကိုနည်းနည်းလေးသက်ရောက်မှုရှိနေတာပါ "
" ရွာထဲမှာ သူမတစ်ခုခုဖြစ်သွားမှာ မင်းမစိုးရိမ်ဘူးလား ?"
ဟဲဟျွိုင်အန်း ဘာမှဆက်မပြောနိုင်တော့ချေ ။
" ပြန်လွှတ်လိုက် ... ငါက သူမကောင်းဖို့ပြောနေတာ "
မုရှန်းစီက တိုးတိုးလေးပြောလာ၏ ။
" မစ္စတာစုန့် ကျွန်မကိုလိုက်ခွင့်ပြုပါ ကျွန်မတကယ်ပိုက်ဆံကိုအရေးတကြီးလိုနေလို့ပါ "
စုန့်ချင်းလော်က သူမကိုတစ်ချက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေ၏ ။ လင်ပန့်ရှက တကျီကျီဖြင့် ဘေးမှပြောဆိုသောအခါမှသာ နောက်ဆုံး၌ မုရှင်းစီ တစ်ယောက်ကားပေါ်တက်ခွင့်ရလေသည် ။
စုန့်ချင်းလော်က ကားမောင်းပြီး လင်ပန့်ရှက ဘေးခုံတွင်ထိုင်ကာ ဟဲဟျွိုက်အန်းနှင့် မုရှင်းစီတို့မှာနောက်ခုံတွင်ထိုင်နေကြသည် ။ နှစ်ဦးသား၏ မျက်နှာထက်တွင်ခါးသီးသည့်ပုံပေါ်နေပါသော်လည်း စကားတစ်ခွန်းမှမပြောရဲကြချေ ။ ကားအတွင်းရှိလေထုအခြေအနေမှာ မြောက်၀င်ရိုးစွန်းသို့ရောက်နေသကဲ့သို့အေးစက်နေသဖြင့် လင်ပန့်ရှက စုန့်ချင်းလော် အားချော့ရန် ကျောပိုးအိတ်ထဲမှ ကိုကာကိုလာတစ်ဘူးဆွဲထုတ်လိုက်သည် ။ ထို့နောက် ဖောက်၍ ပိုက်တပ်ပေးကာ ပါးစပ်နားသို့ပင်တေ့ပေးလိုက်သေး၏ ။
စုန့်ချင်းလော်က လင်ပန့်ရှ၏ အပြုအမူကြောင့်အံ့သြသွားကာ မျက်လုံးအပြူးသားဖြင့်မေးလာသည် ။
" ငါတောင်၀ယ်ဖို့မေ့နေတာကို မင်းဘယ်လိုလုပ်ပြီးသတိတရနဲ့၀ယ်လာတာလဲ "
" စျေးဆိုင်၀င်တာလမ်းကြုံတာနဲ့၀ယ်လာခဲ့လိုက်တာလေ "
" မင်းစားဖို့အတွက် ၀က်အူချောင်း၀ယ်မလာဘူးလား ?"
စုန့်ချင်းလော် သောက်ပြီးနောက် လင်ပန့်ရှက ပြန်ယူကာသူလည်းတစ်ငုံသောက်လိုက်သည် ။
" အဲဒီ့ဆိုင်မှာ၀က်အူချောင်းမရှိဘူးလေ "
စုန့်ချင်းလော်၏ အေးတိအေးစက်မျက်နှာကြီး မှာ အနည်ငယ်နွေးထွေးသည့်ပုံပေါ်လာ၏ ။
တောင်ပေါ်ရွာလေးသို့သွားရန်လမ်းတစ်လမ်းသာရှိသည့်အပြင် ထိုလမ်းမှာလည်း ရွံ့ထူကာ မောင်းနှင်ရန်ခက်ခဲ၏ ။ လမ်းတစ်လျှောက်လုံးတွင် စုန့်ချင်းလော်မောင်းလာသည့်ကားဘီးရာသာရှိသည် ။ ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လမ်းမှာအလွန်ပျက်ဆီးနေ၏ ။ စုန့်ချင်းလော်၏ ကားမှာအကြမ်းခံသည့်တောင်တက်ကားအမျိုးအစားဖြစ်၍သာတော်တော့သည် ။ မဟုတ်လျှင်အလွန်ဒုက္ခများမည်မှာမလွဲမသွေပင် ။
အချက်အလက်များအရ မြို့ငယ်လေးမှ တောင်ပေါ်ရွာသို့ရောက်ရန်လေးနာရီမျှသာမောင်းနှင်ရသည် ။ ယခုမူ ရာသီဥတုသာယာရုံသာမက အချိန်အတော်ကြာမောင်းနှင်လာပါသော်လည်းရွာသို့မရောက်သေးချေ ။ လမ်းမှာရွံ့ဗွက်များအပြည့်ဖြစ်နေသောကြောင့် လမ်းမချော်သွားစေရန် သတိထားမောင်းနှင်နေရသဖြင့် လင်ပန့်ရှလည်း စုန့်ချင်းလော်အား မစနောက်ရဲပါပေ ။ ဘေးခုံတွင်ထိုင်၍ ဂိမ်းဆော့နေရင်းမှ ရုတ်တရက်သတိရသွား၍ မေးလာ၏ ။
" အဲဒီရွာမှာဖုန်းလိုင်းမိလား "
" ဖုန်းလိုင်းလား ?"
ဟဲဟျွိုက်အန်းကပြန်ဖြေလိုက်သည် ။
" ရှိတော့ရှိပေမဲ့ ရာသီဥတုမကောင်းရင်လိုင်းမမိတော့ဘူး "
လင်ပန့်ရှ : " လူနှစ်ယောက်ပျောက်သွားတာလေးရက်တောင်ကျော်နေပြီကို ဘယ်လို့ရဲစခန်းကိုဘယ်သူမှမတိုင်ကြတာလဲ ... သတင်းတစ်ခုခုရောမကြားရဘူးလား ?"
" ဟင့်အင်း ... အမှန်တိုင်းပြောရရင် ရွာသူကြီးက အရင်တုန်းကအပြင်ကမြို့ငယ်လေးနဲ့အဆက်အသွယ်ရှိခဲ့ပေမဲ့ အခုတစ်လောရာသီဥတုအလွန်ဆိုး၀ါးနေတာနဲ့အဆက်အသွယ်ပြတ်နေခဲ့တာကြာပြီ "
လင်ပန့်ရှမှာ မအံ့သြဘဲမနေနိုင်တော့ပါချေ ။
" ဘာဆိုဘာမှမရှိတဲ့နေရာကိုသွားရမှာလေ ? မကြောက်ကြဘူးလား ?"
ဟဲဟျွိုက်အန်းက စုန့်ချင်းလော်၏ မျက်နှာကိုဂရုတစိုက်ကြည့်လိုက်ပြီးနောက်
" တကယ်တော့ မစ္စတာစုန့်နဲ့ အတူတူအလုပ်လုပ်ရတာက တော်တော်လေး ... စိတ်လှုပ်ရှားဖို့ကောင်းတယ် "
လင်ပန့်ရှက ပြုံး၍
" ဒါပေမဲ့လည်း ခင်ဗျားကြောက်နေတုန်းပဲမလား ?"
ဟဲဟျွိုက်အန်းခေါင်းညိမ့်ပြလာသောအခါ လင်ပန့်ရှက နှစ်သိမ့်သောလေသံဖြင့်
" တစ်ခါတစ်လေတော့လည်းကြောက်တတ်တာကကောင်းပါတယ် "
အကြောက်တရားမှာ လူသားမျိုးစိတ်၏ အခြေခံအကျဆုံးမိမိကိုယ်ကိုခုခံကာကွယ်ခြင်းတစ်ခုပင် ။ အမှောင်ကိုကြောက်ခြင်းနှင့် သေနတ်ဖြင့်ခေါင်းကိုတေ့ခံထားရ၍ဖြစ်ပေါ်လာသောအကြောက်တရားမှာ အတူတူပင်ဖြစ်သည် ။ လူသားတို့၏ မျိုးရိုးဗီဇထဲတွင် အကြောက်တရားမှာမွေးဖွားစဥ်အချိန်ကတည်းကပါလာခြင်းဖြစ်၏ ။
လင်ပန့်ရှ လည်းလူသားတစ်ယောက်ဖြစ်၍ ကြောက်တတ်ပါသော်လည်း သူကြောက်သောအချိန်မှာ အရာအားလုံးဖြစ်ပျက်ပြီးသွားသောအချိန်မှသာဖြစ်သည် ။ အကြောက်တရား၏ လွှမ်းမိုးခြင်းမခံရသဖြင့် ထိုအရာမှာကောင်းသောအချက်တစ်ခုဖြစ်သော်လည်း အခြားတစ်ဖက်၌ထိုအချက်ပင်မကောင်းသည့်အရာတစ်ခုဖြစ်နေ၏ ။ အန္ဒရာယ်များသောအခြေအနေတစ်ခုအတွင်းတွင်ပင် သူမည်မျှအန္ဒရာယ်များကြောင်းမသိခြင်းဖြစ်သည် ။
လင်ပန့်ရှ အတွေးများနေသောအချိန်မှာပင် မုရှင်းစု ၏အချိန်ကိုက်ပြောလာသောစကားသံထွက်ပေါ်လာသည် ။
" မစ္စတာစုန့် ... မစ္စတာလင် ကိုအံစာတုံးလှိမ့်ခိုင်းဖို့မေ့သွားတာလား ? သူမလုပ်ရသေး ..."
လင်ပန့်ရှ အံ့သြနေသည့်အချိန်တွင် စုန့်ချင်းလော်က ပြောလာ၏ ။
" သူလုပ်ဖို့မလိုဘူး "
" တကယ်မလိုတာလား ?"
" အင်း "
မုရှင်းစီ၏ မျက်နှာထားမှာ အလွန်အံ့သြသွားပုံရသည် ။ စည်းမျဥ်းစည်းကမ်းများကိုအလေးထားသည့် စုန့်ချင်းလော် ကဲ့သို့သူမျိုးက လင်ပန့်ရှ အားခြွင်းချက်အဖြစ်ထားပေးထားခြင်းကိုပင် ။
လင်ပန့်ရှမှာ ဘာမျှမပြောရဲတော့ဘဲ ကိုကာကိုလာ ဘူးကိုသာပိုက်၍ သစ်သားရုပ်တုကြီးတစ်ခုကဲ့သို့တိတ်ဆိတ်နေတော့၏ ။ ပျင်းရိလာသောအခါမှသာတစ်ခါတစ်ရံဖုန်းထုတ်ကြည့်ရင်း နှစ်နာရီကျော်သုံးနာရီမျှကြာသောအခါ ကောင်းကင်၌တိမ်မည်းများအုံ့မှိုင်းနေကာ မိုးရွာတော့မည်ဖြစ်ကြောင်းတွေ့လိုက်သည် ။ ထို့ကြောင့် လင်ပန့်ရှက
" စုန့်ကော ... မိုးရွာတော့မယ်ထင်တယ်မြန်မြန်မောင်းပါလား ?"
စုန့်ချင်းလော်က ကားမှန်မှတစ်ဆင့်နောက်သို့တစ်ချက်ကြည့်ကာ အရှိန်ပြည့်တင်လိုက်တော့၏ ။
အခန်း ( ၁၉ ) ပြီး၏ ။
Translater - Mori Sue
8. 7 . 2023 ( 11 : 39 PM )