.အခန်း - ၂၀
မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၂ )
အရှိန်တင်၍မောင်းနှင်ပါသော်လည်း ရွာလေးသို့မရောက်မှီမိုးသည်းထန်စွာရွာသွန်းလာ၏ ။
ပဲစေ့အရွယ်အစားရှိသော မိုးပေါက်များကကားမှန်ကိုအဆက်မပြတ်လာရောက်ရိုက်ခတ်နေပြီး ထိုမိုးစက်များကြောင့် ရွံ့ထူနေသောလမ်းမှာတဖြည်းဖြည်းပိုမိုပျက်ဆီးလာလေသည် ။ လမ်းချော်၍ကားမှောက်သွားမည်စိုးသောကြောင့်အရှိန်လျှော့လိုက်သဖြင့် မူလက နေ့လည်တွင်ရောက်ရမည့်အချိန်မှာ ညနေထိတိုင်နောက်ကျသွား၏ ။
လမ်းတစ်လျှောက်လုံး လင်ပန့်ရှက ခရီးလမ်းအခြေအနေကိုလေ့လာဆန်းစစ်ခဲ့သည် ။ ရွာလေးထံသို့သွားရာလမ်းမှာလမ်းကြောင်းတစ်ခုတည်းသာရှိပြီး ထိုလမ်းမှာလည်း တဖြည်းဖြည်းချင်းဖြင့် တောနက်ထဲသို့ဦးတည်နေ၏ ။ ရွာသို့ရောက်ရန်ပိုမိုနီးကပ်လာလေ မြို့နှင့်ဝေးသည့်ချောင်ကျသောနေရာသို့ရောက်ရှိလာလေဖြစ်သည် ။ ဆက်တိုက်ကျဆင်းနေသောမိုးစက်များကြောင့် ပတ်၀န်းကျင်အခြေအနေကိုသဲသဲကွဲကွဲမမြင်ရချေ ။
လူနေအဆောက်အဦကြီးများမရှိသည့်အပြင် လမ်းတစ်လျှောက်တစ်နေရာနှစ်နေရာ၌တွင်သာ အုပ်ဂူများကိုတွေ့ရ၏ ။
ကားနောက်ခုံတွင်ထိုင်နေသောနှစ်ယောက်မှာမူ အစောကတည်းကအိပ်ငိုက်နေပြီပင် ။ လင်ပန့်ရှစိုးရိမ်သည်မှာ စုန်ချင်းလော် ပင်ပန်းလွန်း၍ ကားမောင်းရင်းအိပ်ငိုက်နေမည်ကိုဖြစ်သည် ။ ထို့ကြောင့် တစ်လျှောက်လုံးစုန့်ချင်းလော် ၏ ဘေးတွင်စကားပြောကာအဖော်ပြုပေးနေခဲ့၏ ။ တစ်ခုတည်းသောပြဿနာမှာ စုန့်ချင်းလော်က စကားများများပြောတတ်သူမဟုတ်သဖြင့် လင်ပန့်ရှတစ်ယောက်တည်းကသာဆက်တိုက်ပြောနေရင်း စုန့်ချင်းလော်က တစ်ခါတစ်ရံမှသာ ပြန်လည်ပြောဆိုတတ်သည် ။
လင်ပန့်ရှက သူအလုပ်တွင်ကြုံတွေ့ခဲ့ရသောအကြောင်းအရာပေါင်းစုံကိုအဆက်မပြတ်ဖောက်သည်ချပြောဆိုနေတော့၏ ။
တစ်ခါကအမျိုးသားတစ်ဦးမှာအဆောက်အဦမြင့်တစ်ခုပေါ်မှခုန်ချ၍ မိမိကိုယ်ကိုသတ်သေခဲ့သည် ။ အလောင်းမှာတစ်စစီကြေမွသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အစိတ်အပိုင်းများမှာလည်းနေရာအနှံ့ပြန့်ကြဲကုန်၏ ။ အလုပ်သင်သစ်လေးမှာအတွေ့အကြုံမရှိသေးသဖြင့် ပြန်ကြဲသွားသည့်အစိတ်အပိုင်းများကိုမစစ်ဆေးမိဘဲ သိမ်းယူခဲ့ရာ လက်တစ်ဖက်ကျန်ခဲ့၏ ။ မိသားစု၀င်များမှာ အနည်းငယ်ဒေါသထွက်ခဲ့ကြသော်လည်း မပုပ်သိုးသေးခင်ပြန်ရှာတွေ့ကာ ကိုယ်ခန္ဓာစုံစုံလင်လင်ဖြင့် မြုပ်နှံခဲ့ရသဖြင့်ဘာမျှဆက်မပြောကြတော့ချေ ။
တစ်ခါကအဖြစ်အပျက်မှာလည်း ယာဥ်တိုက်မှုကြောင့်သေဆုံးသွားသည့်အမျိုးသားနှစ်ဦးပင် ။ ကားတစ်စီးလုံးဖိကြိတ်ခံလိုက်ရသည့်အပြင် မတော်တဆမှုတွင်ပါ၀င်သော အမျိုးသားနှစ်ဦးမှာလည်း လုံခြုံရေးခါးပတ်ပင်မပတ်ရသေးသည့်အခြေအနေဖြစ်သဖြင့် ခန္ဓာကိုယ်နှစ်ခုမှာ ဖိညှပ်ခံထားရသည့်အသားပြားကြီးကဲ့သို့ဖြစ်နေ၏ ။ ထိုဖြစ်ရပ်တွင်လည်း မည်သူ၏ အလောင်းမှန်းခွဲခြား၍မရနိုင်သောကြောင့် အဆင်ပြေသလိုသာမြှုပ်နှံလိုက်ရကြောင်း အားရပါးရပြောပြနေသည် ။
လင်ပန့်ရှ၏ အလုပ်အတွေ့အကြုံများမှာအဆုံးမရှိလှသည့်အပြင် လေးလေးနက်နက်အမူအယာဖြင့်ပြောပြနေသည်မှာ လက်ဟန်ခြေဟန်များပင်ပါနေသေး၏ ။ စုန့်ချင်လော်က အေးအေးလူလူနားထောင်နေရင်းမှ လင်ပန့်ရှ၏ပြောပုံဆိုပုံမှာ အလွန်လုပ်သက်ကြာမြင့်နေသောလူအိုကြီးတစ်ယောက်အသွင်ဖြစ်နေသဖြင့်ထိုအလုပ်တွင်လုပ်ကိုင်နေသည်မှာမည်မျှကြာပြီဖြစ်သနည်းဟုမေးလိုက်သည် ။
" နှစ်နည်းနည်းတော့ကြာပြီ ... ကောလိပ်ကဘွဲ့ရတဲ့အချိန်ကတည်းကအဲ့အလုပ်မှာလုပ်ခဲ့တာလေ "
စုန့်ချင်းလော် : " တခြားအလုပ်တစ်ခုခုပြောင်းလုပ်ဖို့တစ်ခါမှမတွေးဖူးဘူးလား ?"
လင်ပန့်ရှက အပြုံးလေးတစ်ပွင့်ဖြင့်ပြောလာ၏ ။
" တစ်ခါတစ်လေမှာ ငြိမ်ငြိမ်လေးနေတာလည်းကောင်းတဲ့အချက်တစ်ခုပဲလေ "
စုန့်ချင်းလော်က လင်ပန့်ရှ အားတစ်ချက်ကြည့်လိုက်ကာ ဘာကြောင့်လဲဟုတော့ဆက်မမေးတော့ချေ ။
ထိုအချိန်မှာပင်လမ်းဘေးရှိမြင်ကွင်းအခြေအနေများမှာပြောင်းလဲသွား၏ ။ လမ်းဘေးရှိထူထပ်ရှည်လျှားနေသောသစ်ပင်များကကျိုးတိုကျဲတဲဖြစ်လာပြီး လမ်းအဆုံး၌ မြေပြန့်တစ်နေရာဖြစ်နေသည် ။ စုန့်ချင်းလော်က ထိုနေရာကျယ်ကျယ်သို့ကားမောင်းသွားပြီးနောက် ရွံ့နည်းသောနေရာတွင်ကားရပ်လိုက်သည် ။
အနည်းငယ်မိုးစဲသွားပြီဖြစ်သော်လည်း လင်ပန့်ရှ နှင့်အခြားသူများက ကားထဲမှမထွက်ခင် မိုးကာအကျီကိုယ်စီ၀တ်ဆင်လိုက်ကြသေး၏ ။
ကားထဲမှထွက်လျှင်ထွက်ချင်းပင် လင်ပန့်ရှမှာ လမ်းတစ်ဖက်ရှိဆိုင်းဘုတ်တစ်ခုကိုတွေ့လိုက်ရသည် ။ " စန်းရွှေရွာ " ဟုအနီရောင်တောက်တောက်ဆေးများဖြင့်ဆိုင်းဘုတ်ပေါ်တွင်ရေးဆွဲထား၏ ။
ထိုသည်မှာ ရွာ၏ အမည်နာမဖြစ်သင့်သော်လည်း လင်ပန့်ရှဆက်ကြည့်လိုက်သောအခါ ထိုစာသားများ၏ အောက်၌ငိုနေသည့်မျက်နှာတစ်ခုအားရေးဆွဲထားသည်ကိုတွေ့လိုက်ရသည် ။ မုရှင်းစီကအံ့သြတကြီးဖြင့်
" ဘာကြီးလဲ ?!"
လင်ပန့်ရှ သူမကြည့်နေသည့်နေရာသို့လိုက်ကြည့်လိုက်သောအခါခြောက်ကပ်နေသည့်သစ်ပင်အိုကြီးတစ်ပင် မြေပြင်ပေါ်သို့လဲကျနေကြောင်းတွေ့လိုက်ရသည် ။ တစ်ခုတည်းသောထူးဆန်းသည့်အရာမှာ သစ်ပင်အိုကြီး၏အောက်တွင်ပိနေသည့်ကားတစ်စီးပင် ။ ကားတစ်ခုလုံးနီးပါးပေါ်သို့အလျှားလိုက်လဲကျနေခြင်းဖြစ်သဖြင့် ကားတစ်စီးလုံးကြေမွပျက်စီးနေ၏ ။ ကားတစ်စီးလုံးကိုကြေမွသွားစေလောက်သည်အထိ သစ်ပင်အိုကြီးမှာတန်ပေါင်းများစွာလေးလံလှသည် ။
" သစ်ပင်ကြီးရဲ့အောက်မှာတစ်ခုခုရှိနေပုံပဲ "
ဟဲဟျွိုက်အန်း၏ အမြင်အာရုံမှာအလွန်ကောင်းသောကြောင့် ထူးဆန်းနေသည့်အရာကိုတစ်ချက်ကြည့်ရုံဖြင့်ပင် သတိထားမိသွား၏ ။ စုန့်ချင်းလော် သစ်ပင်အိုကြီးနားသို့လျှောက်သွားသဖြင့် လင်ပန့်ရှလည်းနောက်မှလိုက်လာလိုက်သည် ။
လေးယောက်စလုံးသစ်ပင်နားသို့ရောက်သောအခါ အောက်တွင်ရှိနေသည့်ထူးဆန်းသည့်အရာကိုလူတိုင်းမြင်လိုက်ကြရပြီဖြစ်သည် ။ ထိုသည်မှာ တောင်တက်ကားတစ်စီးဖြစ်ပြီး ခေါင်းခန်းတစ်ခုလုံးရစရာမရှိအောင်ကြေမွနေသည့်အပြင် အထဲတွင်တစ်ခုခုရှိနေသည်ကိုပင်မမြင်ရချေ ။
ဟဲဟျွိုက်အန်း ကားအားစေ့စေ့စပ်စပ်ကြည့်ရှုပြီးသောအခါ အလွန်ထိတ်လန့်သွားရ၏ ။ ကားနံပါတ်အားစစ်ဆေးပြီးသောအခါ ပို၍ပင်တုန်လှုပ်သွားရသည် ။
" ဒါ ... ဒါက နောက်ဆုံးလူလေးယောက်ထွက်လာတုန်းက စီးလာတဲ့ကားမဟုတ်ဘူးလား ? "
မိုရှင်းစီ: " တကယ်လား ?"
ဟဲဟျွိုက်အန်း : " တကယ် ငါ လိုင်စင်နံပါတ်ပြားကိုမှတ်မိတယ် !!! သူတို့ကားထဲမှာရှိနေတာများဖြစ်နေမလား ?"
လင်ပန့်ရှက ကားဘေးတွင်ဆောင့်ကျောင့်ထိုင်ချလိုက်ပြီးနောက် ကားထဲသို့သေအချာကြည့်ရှုစစ်ဆေးကာ တဖြည်းဖြည်းချင်းပြောလာ၏ ။
" ဒါ ခင်ဗျားတို့အဖွဲ့က ကားဆိုတာသေချာရဲ့လား ?"
လင်ပန့်ရှမှာ အသံကိိုနှိမ့်၍
" ဒီကားထဲမှာ ... အလောင်းတွေရှိနေတယ် ... ကြည့်ရတာတော့ သေသွားတာရက်နည်းနည်းလောက်ကြာပြီထင်တယ် "
ဟဲဟျွိုက်အန်းရော မုရှင်းစီပါ နှစ်ယောက်လုံးတုန်လှုပ်သွားရသည် ။
လင်ပန့်ရှမှာ ကျွမ်းကျင်အလောင်းစစ်ဆေးသူတစ်ယောက်မဟုတ်သော်လည်း သူ့အလုပ်၏ အတွေ့အကြုံများအရ လူ့ခန္ဓာကိုယ်၏ ပုပ်သိုးမှူအခြေအနေကိုအနည်းနှင့်အများခန့်မှန်းပြောဆိုနိုင်ပါ၏ ။ လက်ရှိရာသီဥတုအခြေအနေအရသေဆုံးသွားသည်မှာ သုံးလေးရက်မျှကြာမြင့်သွားပုံရပြီး ထိုအဖွဲ့ ဟဲဟျွိုက်အန်းနှင့် အဆက်အသွယ်ပြုခဲ့သောနောက်ဆုံးအကြိမ်နှင့်ကိုက်ညီနေသည် ။
မိုးကာနှင့်တောနင်းဖိနပ်ကို၀တ်ဆင်ထားပါသော်လည်း စုန့်ချင်းလော်မှာ ထီးဆောင်းဖို့ရာမမေ့ပါချေ ။ သူ့ကြည့်ရသည်မှာ စိုစွတ်သောရာသီဥတုကိုမုန်းပုံရပြီး မိုးရေတစ်စက်မှမထိအောင် ကိုယ့်ကိုယ်ကိုလုံလုံခြုံခြုံထုပ်ပိုးထား၏ ။ စုန့်ချင်းလော်က နူးညံ့သော်လည်းခြောက်ခြားဖွယ်လေသံဖြင့်
" ထပ်ရှိသေးတယ် "
လင်ပန့်ရှ လှည့်ကြည့်သောအခါ စုန့်ချင်းလော်က လက်ညိုးညွှန်ပြလာ၏ ။
လင်ပန့်ရှ စုန့်ချင်းလော် ညွှန်ပြသည့်နေရာသို့ကြည့်လိုက်သောအခါ သစ်ပင်အိုကြီးနှင့်မနီးမဝေးတစ်နေရာ၌ ထူးဆန်းသောခြေရာလက်ရာများကိုတွေ့လိုက်ရသည် ။ ထို့အပြင် ကားနံပါတ်ပြားနှင့် ကားမျက်နှာစာတွင်လည်းသတ္တ၀ါတစ်ကောင်ကောင်အားတိုက်မိထားပုံရသည့် အရေပြားနှင့်အသားစအစိတ်အပိုင်းများအပြင် အရိုးအစများကိုလည်းတွေ့ရ၏ ။ မိုးရွာသွန်းထားသောကြောင့် သွေးများကိုဆေးကြောလိုက်သကဲ့သို့ပြောင်စင်သွားသော်ငြား ကားတွက်ကပ်ညှိနေသည့် အစိတ်အပိုင်းများကမူသက်သေတစ်ခုအဖြစ်ကျန်ရစ်နေခဲ့သည်ပင် ။
စုန့်ချင်းလော်က မိုးစိုသွားမည်ကိုအလွန်မနှစ်မြို့သည့်ပုံပေါ်နေ၏ ။
" အရင်ဆုံးနားဖို့နေရာရှာကြရအောင် ... မိုးတိတ်တော့မှ ရွာထဲ၀င်ပြီးစုံစမ်းကြတာပေါ့ "
ဟဲဟျွိုက်ရှန်းက ခေါင်းညိမ့်၍
" ကောင်းပြီ "
လူလေးဦးက ကားထဲသို့ပြန်၀င်ပြီးနောက် ရွာလေးထဲသို့တောက်လျှောက်မောင်း၀င်လာကြ၏ ။ အချိန်အတန်ကြာသောအခါမှသာ အိမ်တန်းလေးများကိုမြင်လိုက်ရသည် ။ ထိုအချိန်၌မိုးချုပ်လုနီးနီးဖြစ်နေပြီပင် ။ မိုးအုံ့နေသောကြောင့် ပတ်၀န်းကျင်တစ်ခုလုံးမှုန်၀ါး၀ါးဖြစ်နေပြီးအိမ်လေးများထဲမှ မီးရောင်တစ်စွန်းတစ်စကိုသာမြင်ရ၏ ။ သို့သော်လည်း လမ်းပေါ်တွင်သွားလာနေသူတစ်ဦးတစ်ယောက်မျှမရှိရုံသာမက တစ်ရွာလုံးအိပ်မောကျနေသကဲ့သို့တိတ်ဆိတ်နေလေသည် ။
စုန့်ချင်းလော်က မီးထွန်းထားသည့်အိမ်တစ်အိမ်နားတွင်ကားရပ်လိုက်ပြီးနောက် အိမ်တံခါးကိုသွားခေါက်လိုက်သည် ။ မိုးသံကြောင့် မကြားကြသည်လော သို့မဟုတ် တမင်သပ်သပ်ဂရုမစိုက်ချင်သည်လောမသဲကွဲသော်လည်း အိမ်အတွင်းရှိမည်သူကမျှတံခါးလာမဖွင့်ပေးကြပါချေ ။ ထို့အပြင် အိမ်ထဲ၌လူသားတစ်ဦးတစ်ယောက်သွားလာလှုပ်ရှားနေထိုင်ပုံရသော အသံဗလံများကိုပင်မကြားရချေ ။
" ဘာဆက်လုပ်ကြမလဲ ?"
ဟဲဟျွိုက်အန်းမှာ ဂနာမငြိမ်ဖြစ်နေ၏ ။ ထို့နောက် ဖုန်းကိုထုတ်၍ဆက်သွယ်ရေးလိုင်းအားစစ်ဆေးကြည့်သောအခါတိုင်နှစ်တိုင်ရှိကြောင်းတွေ့လိုက်ရသည် ။ ဖုန်းနံပါတ်တစ်ခုကိုရေရွတ်ကာနှိပ်ပြီးနောက်
" ရမလားမသေချာပေမဲ့ ရွာသူကြီးကိုဖုန်းဆက်ကြည့်ဦးမယ် "
လင်ပန့်ရှမှာ ဟဲဟျွိုက်အန်းတစ်ယောက်ဖုန်းခေါ်ဆို၍ရသွားလိမ့်မည်ဟုမမျှော်လင့်ထားသော်လည်း စက္ကန့်အနည်းငယ်ကြာအောင်ခေါ်ဆိုပြီးသောအခါ အမှန်ပင်ဖုန်း၀င်သွား၏ ။
" ရသွားပြီ !"
" ဟယ်လို ... ရွာသူကြီးလားမသိဘူး ? ဟုတ်ပါတယ် ... ဟုတ်ပါတယ် ... ကျွန်တော်တို့ကလာစစ်ဆေးတဲ့သူတွေပါ "
ဟဲဟျွိုက်အန်းက မိုးသံများကြောင့်သေချာမကြားရသဖြင့် ဖုန်းကိုလက်ဖြင့်အုပ်ကာ
" ကျွန်တော်တို့ ရွာထဲရောက်နေပါပြီ ... အခုရွာအ၀င်အ၀မှာပါ ... ကျွန်တော်တို့ကိုလာခေါ်ပေးလို့ရမလားဗျ ... ? ဟယ်လို ? ဟယ်လို ? ”
သို့သော်လည်း ဖုန်းလိုင်းပြတ်တောက်သွားပြန်၏ ။
" သေစမ်း ... လိုင်းကျသွားပြန်ပြီ "
" ဒါပေမဲ့ ကျွန်မတို့ရွာထဲရောက်နေတာကိုတော့ သူသိသွားလောက်မှာပါ "
မုရှင်းစီကတစ်ခုခုဆိုးဆိုး၀ါး၀ါးမဖြစ်သွားစေရန်မျှော်လင့်သည့်အကြည့်များဖြင့် ဟဲဟျွိုက်အန်း အားကြည့်နေလေသည် ။
" အဲဒီလိုပဲမျှော်လင့်ရတာပေါ့ ... ခဏလောက်စောင့်ကြည့်ကြရအောင် "
ထို့နောက် အနီးအနားတွင်ပင်မိုးခိုရန်နေရာတစ်ခုရှာကာ ရွာသူကြီးရောက်လာမည်ကိုစောင့်နေလိုက်ကြသည် ။
ဆယ်မိနစ်ကြာပြီးနောက် သည်းထန်စွာရွာသွန်းနေသည့်မိုးစက်များကြား၌အလင်းရောင်တစ်ခုမှာသူတို့ရှိရာထံသို့ဦးတည်၍လာကြောင်းတွေ့လိုက်ရသည် ။ သက်ကယ်ဦးထုပ်ကြီးကိုဆောင်းထားသောမျက်နှာသေနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရ၏ ။ ထိုအမျိုးသားကြီးက လူလေးယောက်အားတွေ့သောအခါတိုးတိုးလေးရေရွတ်လိုက်သည် ။
" ဘယ်လိုလုပ်ပြီးထပ်ရောက်လာကြရပြန်တာလဲ "
ဟဲဟျွိုက်အန်းက သတိထား၍မေးလိုက်သည် ။
" ဒီက ဦးလေးက ရွာသူကြီးများလား ?"
" မင်းတို့ကိုမလာနဲ့တော့လို့ ငါမပြောခဲ့ဘူးလား ?"
ရွာသူကြီးကိုယ်တိုင်ရောက်လာခဲ့သော်လည်း သဘောထားကမူ သူတို့အားကြိုဆိုချင်ပုံမရချေ ။
" မင်းတို့လာတာက တောင်စောင့်နတ်ကိုပိုပြီးစိတ်ဆိုးသွားစေလိမ့်မယ် ... သေသွားတာကလွဲရင်ဒီနေရာကနေမင်းတို့ပြန်ထွက်သွားဖို့နည်းလမ်းမရှိဘူး "
ဟဲဟျွိုက်အန်းက အနည်းငယ်အားနာသွားဟန်ဖြင့်
" ဘာလို့ဒီလိုမျိုးကြီးပြောရတာလဲဗျာ ... ကျွန်တော်တို့လာရဲတယ်ဆိုမှာတော့ ဖြေရှင်းနိုင်မဲ့နည်းလမ်းတစ်ခုခုကိုသေချာပေါက်ရှာမှာပါ ... ရွာထဲမှာ လူတွေဆက်တိုက်သေနေတာကို ခင်ဗျားလည်းမဖြစ်စေချင်ဘူးမလား ?"
ရွာသူကြီးက စိတ်မရှည်ဟန်ဖြင့်
" နည်းလမ်းကရှိရောရှိလို့လား ... အရင်လာတဲ့လေးယောက်လည်းတစ်ယောက်ပြီးတစ်ယောက်သေကုန်ကြတာပဲလေ "
ထိုသူများသေဆုံးသွားပြီဖြစ်ကြောင်းဟဲဟျွိုက်အန်းခန့်မှန်းမိပါသော်လည်း ယခုလိုကြားလိုက်ရသောအခါ စိတ်မသက်မသာ ခံစားနေရဆဲပင် ။
" အကုန်လုံးသေသွားတာလား?"
" အကုန်သေပြီ "
ထို့နောက် လူလေးယောက်ဘက်သို့လှည့်၍
" ထားလိုက်ပါတော့ ... ရောက်တောင်ရောက်နေကြပြီပဲ ... မိုးချုပ်တော့မယ် အရင်ဆုံးငါ့အိမ်ကိုလိုက်ခဲ့ကြ "
လူလေးယောက်မှာ ရွာသူကြီး၏ ဦးဆောင်မှုနောက်သို့လိုက်၍သူ၏အိမ်သို့လိုက်လာကြသည် ။
အိမ်လေးထဲသို့၀င်သည့်အချိန်တွင် လူလေးဦးက မိုးကာအကျီများကိုချွတ်၍မိုးစက်များကိုခါပြီးသောအခါမှသာ အိမ်ထဲသို့၀င်လာကြလေသည် ။ ရွာသူကြီးရောက်လာသည့်အချိန်ကတည်းက စုန့်ချင်းလော်စကားတစ်ခွန်းမှမပြောသေးပေ ။ မိုးကာအကျီအားချွတ်လိုက်သောအခါ သူ၏ မျက်နှာထက်သို့မိုးစက်များစင်သွား၏ ။ စုန့်ချင်းလော်က လက်မြှောက်၍သုတ်ရန်ပြင်လိုက်ပါသော်လည်း လင်ပန့်ရှက သူ့အားတစ်ရှုးတစ်ထုပ်ကမ်းပေးလာသည် ။
လင်ပန့်ရှက အပြုံးလေးတစ်ပွင့်ဖြင့်
" ဒါဆို စုန့်ကောက မိုးရေစိုတာကိုမကြိုက်ဘူးပေါ့ ?"
စုန့်ချင်းလော်က တိုးတိုးလေးအသံပြုလာ၏ ။
" အင်း "
" စုန့်ကော ဘာလို့ ကိုကာကိုလာကို အရမ်းကြိုက်ရတာလဲ ?"
စုန့်ချင်းလော်က ခဏမျှတုံ့ဆိုင်းနေပြီးနောက်
" ချိုလို့ "
စုန့်ချင်းလော် မိုးရေမကြိုက်ရသည့်အကြောင်းအရင်းမှာ မိုးရေကမချိုသောကြောင့်ဟုတွေးမိသွားပြီး လင်ပန့်ရှ တစ်ယောက်အရယ်မရပ်နိုင်တော့ချေ ။ စုန့်ချင်းလော်၏ ဤကဲ့သို့အူတူတူကလေးဆန်သည့်အမူအရာလေးမှာလည်းချစ်ဖို့ကောင်းလှသည်ဟုထင်မိ၏ ။
ရွာသူကြီးကမူ မီးဖိုချောင်ထဲသို့၀င်သွားပြီးနောက် လူလေးဦးအတွက်စွပ်ပြုတ်လေးပန်းကန်သယ်လာပေး၏ ။ ပူနွေးကားအငွေ့တထောင်းထောင်းထနေသောစွပ်ပြုတ်ပန်းကန်များကိုစားပွဲပေါ်တွင်တင်ထားသော်လည်း မည်သူကမျှမထိရဲပါချေ ။
ရွာသူကြီးက ' ဟမ့် ' ဟုအသံပြုကာ အနွေးကုတင်ပေါ်မှဆေးလိပ်ကြီးကိုယူ၍ မီးညှိကာပြာမှုန့်များကိုခါချကာ
" ဒီကိုတော့လာရဲပြီး စွပ်ပြုတ်လေးတစ်ခွက်ကိုကျမသောက်ရဲကြဘူးလား ? "
ရွာသူကြီးပြောသည်မှာမှန်ကန်ကြောင်း လင်ပန့်ရှလည်းတွေးမိသည် ။ သို့သော်လည်း စုန့်ချင်းလော်က စွပ်ပြုတ်ပန်းကန်များအားမထိသောကြောင့် မည်သူကမျှလက်မလှမ်းရဲကြချေ ။
ဟဲဟျွိုက်အန်းက နေရခက်နေသည့်လေထုကိုစတင်ချိုးဖောက်လာ၏ ။
" ရွာသူကြီး ... ဘာတွေဖြစ်ခဲ့လဲဆိုတာကိုကျွန်တော်တို့ကိုပြောပြလို့ရမလား "
" အကုန်သေကုန်ပြီ "
ရွာသူကြီးကသက်ပြင်းချလိုက်ပြီးနောက်အေးစက်စက်အက်ရှရှလေသံဖြင့်ပြောလာ၏
။ လူလေးဦး၏ သေဆုံးမှုဖြစ်စဥ်အကြောင်းပြောဆိုသည့်အချိန်တွင် အပြင်ဘက်ရှိရာသီဥတုမှာလည်းပိုမိုဆိုးရွာလာလေသည် ။
" တစ်ယောက်က အဆိပ်ရှိပိုးကောင်ကိုက်ခံလိုက်ရတာ ... တစ်ယောက်ရေနစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာ သစ်ပင်ပိသွားတာ... တစ်ယောက်သေပြီးတာနဲ့နောက်တစ်ယောက်သေတဲ့ပုံစံကပိုပြီးဆိုရွားလာတယ် ... ရွာထဲမှာလည်းအသက်ရှင်တဲ့လူကသိပ်မကျန်တော့ဘူး ... သစ်ပင်ကြီးကလည်းအရမ်းကြီးနေတော့လူအားနဲ့ရွေ့ဖို့မဖြစ်နိုင်ဘူးလေ ... သူတို့ရဲ့အလောင်းတွေကိုတောင်ယူပြီးမမြှုပ်ပေးနိုင်သေးဘူး .... "
ရွာသူကြီးလူလေးဦး၏ သေဆုံးမှုကိုအသေးစိတ်ပြောပြနေစဥ်တွင် မုရှင်းစီနှင့်ဟဲဟျွိုက်အန်း တို့၏ မျက်နှာများမှာ ဖြူဖျော့နေကြ၏ ။ သူတို့မှာသာမန်လူသားများဖြစ်သဖြင့် အနိဋာရုံဆန်ဆန်သေခြင်းတရားများအကြောင်းကြားသောအခါ ခြောက်ခြားမှုကိုထိန်းချုပ်မထားနိုင်ကြပါချေ ။ မုရှင်းစီက စုန့်ချင်းလော်၏ ဘေးတွင်ငြိမ်ငြိမ်လေးထိုင်နေသည့် လင်ပန့်ရှ အားကြည့်လိုက်မိသည် ။ ထိုလူသစ်လေးမှာ မျက်နှာတစ်ချက်ပျက်သွားခြင်းမရှိသည့်အပြင် သူ၏ အကျီထဲတွင်ထည့်သယ်လာသည့် တစ်၀က်ကျန်သေးသောကိုကာကိုလာဘူးကိုပင် ထုတ်သောက်နေလိုက်သေး၏ ။ တစ်ငုံသောက်ပြီးနောက် စုန့်ချင်းလော်အားပြုံးပြကာ လက်ဖြင့်ကုတ်၍ ပုလင်းကိုလက်ထဲထိုးပေးလိုက်သည် ။
စုန့်ချင်းလော်က နေသားကျနေပုံရပြီး လင်ပန့်ရှပေးလာသည့်တစ်ဝက်ကျန်နေသော ကိုလာဘူးကိုအကုန်မော့သောက်ချပစ်လိုက်၏ ။
နေပါဦး ... အကုန်မော့သောက်ချပစ်လိုက်တာလား ?
မုရှင်းစီ ကြားရသမျှသတင်းများအရ စုန့်ချင်းလော်ဟု အမည်ရသည့်စောင့်ကြည့်သူမှာ ချဥ်းကပ်ရန်လွယ်ကူသောသူတစ်ယောက်မဟုတ်ပေ ။
အဲ့ဒီလိုလူမျိုးက သူများသောက်ပြီးသား ကိုကာကိုလာဘူးကြီးကိုဆက်သောက်တယ်တဲ့လား ?
မုရှင်းစီ၏ မျက်နှာထားမှာ အံ့ဖွယ်တစ်ခုခုကိုတွေ့လိုက်ရသကဲ့သို့ အံ့သြတကြီးဖြစ်နေ၏ ။
ဟဲဟျွိုက်အန်းကမူ မုရှင်းစီထက်စာလျှင် ခံစားချက်ကိုများစွာထိန်းချုပ်ထားနိုင်သည် ။ နောက်ဆုံး၌ သူသည်သာ စုန့်ချင်းလော်၏ အကျင့်စရိုက်ကိုကောင်းကောင်းသိသူဖြစ်သဖြင့် ကားထဲတွင်ရှိနေကြစဥ်အချိန်ကတည်းက အံ့သြဖွယ်ရာအမျိုးအမျိုးကိုမျက်မြင်တွေ့ခဲ့ပြီးဖြစ်၏ ။ ဤတစ်ကြိမ်၌မူ အတွေ့အကြုံရှိသူတစ်ယောက်အနေဖြင့် မုရှင်းစီ၏ ပုခုံးကိုပုတ်၍ အရမ်းသိသာသောမျက်နှာထားမျိုးမလုပ်ရန် သတိပေးလိုက်သည် ။
မုရှင်းစီက အရှက်ပြေခပ်ဖွဖွပြုံးလိုက်ကာ စုန့်ချင်းလော် အကြောင်းသူမကြားခဲ့ရသမျှသတင်းများမှာ မမှန်ကန်ကြောင်းသာတွေးလိုက်၏ ။
မည်သူမျှစားပွဲပေါ်ရှိ စွပ်ပြုတ်ပန်းကန်များကိုမထိကြသဖြင့် ရွာသူကြီးက သူကိုယ်တိုင်တစ်ငုံသောက်ကာမပျော်မရွှင်ဖြင့်
" မင်းတို့ဘာတွေကြောက်နေကြတာလဲ ? ငါမင်းတို့ကိုအဆိပ်ခတ်ထားမှာစိုးလို့လား ... တကယ်လို့သာငါလုပ်ချင်မယ်ဆို အပြင်လူတွေဆီကနေအသည်းအသန်အကူအညီတောင်းနေမှာတဲ့လား ... သေဖို့ထိုင်စောင့်နေတာကမှပိုကောင်းဦးမယ် "
ရွာသူကြီး၏ စကားများမှာလည်းမှန်ကန်သဖြင့်ငြင်းဆိုရန်အကြောင်းပြချက်ရှာမတွေ့ပါချေ ။
" မနက်မိုးလင်းတာနဲ့မင်းတို့ပြန်ကြဖို့ငါအကြံပေးချင်တယ် "
ရွာသူကြီးက အေးစက်စက်ပြောလာ၏ ။
" ရွာတစ်ခုလုံးကစတင်ပြီးသေဆုံးလာပြီ ... မင်းတို့နည်းလမ်းတစ်ခုခုရှာတွေ့တယ်ဆိုရင်တောင်မှဘာမှအသုံး၀င်မှာမဟုတ်တော့ဘူး ... ငါကြောက်တာက အပြင်လူတွေထပ်ရောက်နေမှန်း ရွာထဲကလူတွေသိသွားကြရင် မင်းတို့ကိုတစ်ခုခုလုပ်ကြမှာကိုပဲ "
" ဘာတွေဖြစ်နေတာလဲ ...? ရွာကစတင်သေဆုံးနေပြီဆိုတာဘာကိုပြောတာလဲ ? "
" ရွာထဲကသက်ကြီးရွယ်အိုတွေ စသေတဲ့အချိန်ကအကုန်လုံးက သက်ကြီးရောဂါကြောင့်သေဆုံးသွားကြတယ်ပဲထင်ကြတာ... တဖြည်းတဖြည်းနဲ့ ရွာလူဦးရေရဲ့ တော်တော်များများသေဆုံးကုန်တဲ့အချိန်မှသာတစ်ခုခုထူးဆန်းနေပြီမှန်းသတိထားမိလာကြတာ ... "
ရွာသူကြီးက ဆေးလိပ်တစ်ဖွာရှိုက်ထုတ်လိုက်ပြီးနောက် စိတ်ဓာတ်ကျစွာပြောလာ၏ ။
" သက်ကြီးရွယ်အိုတစ်ယောက်ပြောတာတော့ တောင်စောင့်နတ်ကိုဒေါသထွက်အောင်လုပ်မိလို့တဲ့ ... ဒေါသပြေတဲ့အထိလူတွေသေပြီးသွားရင် ပြီးဆုံးသွားလိမ့်မယ်လို့ပြောတယ် ... အခုတော့လူတိုင်းကျီးလန့်စာစားဘ၀နဲ့နေနေရတာ ... လူစိမ်းတွေရောက်လာတာကြောင့် တောင်စောင့်နတ်ကပိုပြီးဒေါသထွက်သွားတယ်ဆိုပြီး လူစိမ်းတွေကိုဆိုလက်မခံချင်ကြဘူး ... ငါ့မှာလည်းမင်းတို့အတွက်ပေးစရာအချိန်ရှိမနေဘူးကွ "
လင်ပန့်ရှမှာ အံ့သြသွားရ၏ ။
" ရွာထိပ်ကလူနှစ်ယောက်ကဘယ်လိုလုပ်ပြီးသေသွားကြရတာလဲ "
ရွာသူကြီးက လင်ပန့်ရှ အားတစ်ချက်ကြည့်ကာ
" မင်းမမြင်ခဲ့ဘူးလား ? မိုးကြိုးပစ်ထားတဲ့သစ်ပင်ပိလို့သေသွားကြတာလေ ... အဲ့လူတွေဘယ်လိုလုပ်ပြီး ဆိုးဆိုး၀ါး၀ါးပုံစံနဲ့သေဆုံးသွားကြရတာလဲ ဆိုတာကိုမင်းကိစ္စတွေကိုဆက်စပ်ကြည့်နိုင်ပါတယ် ... "
လင်ပန့်ရှက တိတ်တိတ်လေးဖြင့်သာ မိုးကြိုးပစ်ချသည်ဟူသောစကားကိုသာတွေးတောနေ၏ ။ သဘာ၀လွန်ကိစ္စရပ်များပါ၀င်နေနိုင်သော်လည်းရွာသူကြီး၏ပြောစကားများမှာ ခုနှစ်ချက်ရှစ်ချက်မျှသာမှန်ကန်သည် ။
" အရမ်းနောက်ကျနေပြီ အရင်အနားယူကြရအောင် "
တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် စုန့်ချင်းလော်က ရွာသူကြီးကိုကြည့်ကာ
" ကျွန်တော်တို့တစ်ညအိပ်ဖို့အတွက်အခန်းစီစဥ်ပေးလို့ရမလား ?"
" မင်းတို့လူတွေနေသွားတဲ့အိမ်တစ်လုံးတော့ရှိတယ် ... မင်းတို့အဆင်ပြေတယ်ဆို အဲ့မှာပဲဆက်နေကြပေါ့ ... သူတို့ရဲ့ပစ္စည်းတွေလဲအဲ့မှာရှိတုန်းပဲ သိမ်းချိန်တောင်မရသွားခဲ့ကြရှာဘူးလေ "
ပြောရမည်ဆိုလျှင် အခြားသောရွေးချယ်စရာနည်းလမ်းလည်းရှိမနေပါပေ ။ ထို့ကြောင့် ထိုအိမ်တွင်သာနေထိုင်ရန်စီစဥ်လိုက်ကြသည် ။ မုရှင်းစီမှာ တစ်ဦးတည်းသောမိန်းကလေးဖြစ်သဖြင့် တစ်ယောက်တည်းတစ်ခန်းနေသင့်သော်လည်း မတော်တဆတစ်ခုခုဖြစ်မည်ကိုစိုးရိမ်သောကြောင့် ဟဲဟျွိုက်အန်းက သူမအားစောင့်ကြည့်ပေးရန်ဆုံးဖြတ်လိုက်၏ ။ လင်ပန့်ရှနှင့် စုန့်ချင်းလော်ကမူ တစ်ကုတင်တည်းအတူတူအိပ်ကြမည်ပင် ။
နွေဦးသို့ရောက်နေပြီဖြစ်သော်လည်း တောင်ပေါ်ရွာငယ်လေး၌မူရာသီဥတုမှာအေးစက်နေဆဲပင် ။ ရွာသူကြီးက ဂွမ်းစောင်ထူးကြီးများစီစဥ်ပေးသော်လည်း လင်ပန့်ရှမှာမူ အိမ်ထဲသို့၀င်လိုက်သည်နှင့်ဆက်တိုက်နှာချေ တော့၏ ။
စုန့်ချင်းလော် အခန်းများကိုစစ်ဆေးသောအခါ အမှန်ပင်လူများနေထိုင်သွားခဲ့သောခြေရာလက်ရာများကိုတွေ့ရ၏ ။ အလောတကြီးထွက်သွားပုံရသည့်အပြင်ပစ္စည်းအမြောက်အမြားကျန်ရစ်နေခဲ့သည် ။ ထွက်သွားကြရသည့်အကြောင်းအရင်းမှာ တစ်ခုခုကိုသိရှသွား၍လော သို့မဟုတ် ရိုးရိုးရှင်းရှင်းကြောက်၍ထွက်ပြေးရန်ကြိုးစားကြသည်လောကမူ ထိုသူတို့ကိုယ်တိုင်သာသိမည့်အမှန်တရားတစ်ခုပင် ။
အခန်းထဲတွင်ပစ္စည်းအမြောက်အများကျန်ရစ်ခဲ့ပြီး ဖုန်းတစ်လုံးပင်ပါသေး၏ ။ စုန့်ချင်းလော်က ဖွင့်ရန်ကြိုးစားပါသော်လည်း passward ခံထားသဖြင့်ဖွင့်မရပါချေ ။
တစ်နေ့တာလုံးကားစီးနေခဲ့ရသဖြင့် လင်ပန့်ရှ လည်းပင်ပန်းနေပြီဖြစ်သည် ။ မျက်နှာသစ်ပြီးနောက် စုန့်ချင်းလော် အားအိပ်ရန်သွားခေါ်လေ၏ ။ စုန့်ချင်းလော် က လင်ပန့်ရှအားတစ်ချက်ကြည့်ကာ ဘာမျှမပြောဘဲသမ်းဝေလိုက်ပြီးနောက် လင်ပန့်ရှ၏ ဘေးတွင်၀င်လှဲလိုက်သည် ။
" မနက်ဖြန်ကျွန်တော်တို့ဘယ်သွားကြမလဲ ?"
ဤအလုပ်အားယခုမှလုပ်ဖူးခြင်းဖြစ်သဖြင့် လင်ပန့်ရှ တွက်အတွေ့အကြုံနည်းနည်းလေးမှမရှိပေ ။
" လူသေတွေရဲ့အလောင်းတွေကိုအရင်သွားစစ်ဆေးကြရအောင် "
လင်ပန့်ရှ : " အွန်း "
စုန့်ချင်းလော် : " အိပ်တော့ "
လင်ပန့်ရှ မျက်လုံးမှိတ်လိုက်သောအခါ သူ၏ဘေးတွင်အိပ်နေသည့် စုန့်ချင်းလော်၏ ညင်သာသောအသက်ရှုသံအား အတိုင်းသားကြားနေရ၏ ။ ဤသည်မှာ သူတို့နှစ်ဦးတစ်ကုတင်တည်းတွင်အိပ်သည့်ပထမဆုံးအကြိမ်ပါပင် ။ တစ်မျိုးတစ်ဖုံစိတ်ထဲတွင်ထူးထူးဆန်းဆန်းခံစားနေရသည့်အပြင် နေရာစိမ်းတစ်ခုတွင်ဖြစ်သည့်အတွက်အိပ်မပျော်ပါချေ ။
အပြင်ဘက်တွင် အဆက်မပြတ်မိုးရွာသွန်းနေဆဲဖြစ်ပြီး ရပ်တန့်မည့်ပုံမပေါ်ပါပေ ။ မနက်မိုးလင်းခါနီးအချိန်သို့ရောက်မှသာ လင်ပန့်ရှတစ်ယောက် ပင်ပန်းလွန်း၍အိပ်ပျော်သွား၏ ။ မည်သည့်အိပ်မက်မှမက်ခဲ့ခြင်းမရှိသည့်အပြင် နောက်တစ်နေ့သို့ရောက်သည့်တိုင်မိုးမစဲသေးပါချေ ။
လင်ပန့်ရှ နိုးလာသောအခါ သူ့ဘေးတွင် အိပ်စက်ခဲ့သည့် စုန့်ချင်းလော်မှာမရှိတော့ပေ ။ လင်ပန့်ရှလည်း အ၀တ်အမြန်လဲလိုက်ပြီးနောက် အိမ်ရှေ့သို့ထွက်လာလိုက်၏ ။ စုန့်ချင်းလော်မှာ မနက်စာစားနေပြီး လင်ပန့်ရှ အားတွေ့သောအခါပြုံးပြနူတ်ဆက်လာလေသည် ။
လင်ပန့်ရှက စုန့်ချင်းလော်၏ လက်ထဲမှ ကွတ်ကီးထုပ်ကိုယူ၍ တစ်ခုစားလိုက်ကာ
" ခင်ဗျား၀ယ်ခဲ့တာလား ?"
" အင်း "
စုန့်ချင်းလော်က လင်ပန့်ရှ စားသောက်နေသည်ကိုကြည့်ရင်းဖြင့်
" ငါအခုလေးတင် ရွာသူကြီးကို အလောင်းတွေဘယ်မှာမြုပ်ထားတာလဲလို့မေးလိုက်တယ် ... ရွာအရှေ့ပိုင်းအဆုံးက သုသာန်မြေမှာလို့တော့ပြောတာပဲ သွားရင်းလာရင်း ရွာသားတွေဆီကနေတတ်နိုင်သမျှရှောင်ဖို့လဲပြောသွားသေးတယ် "
လင်ပန့်ရှ : " ရွာရဲ့ဖွဲ့စည်းပုံက ဘယ်လိုပုံစံလဲ ?"
စုန့်ချင်းလော် : " မသိသေးဘူး ... နှစ်ခေါက်လောက်လိုက်ကြည့်ရအောင် "
နှစ်ယောက်စကားပြောနေသည့် အချိန်မှာပင် ဟဲဟျွိုက်အန်းနှင့် မုရှင်းစီတို့လည်းရောက်လာကြ၏ ။ ထိုနှစ်ဦး၏ မျက်၀န်းအောက်၌ ပန်ဒါများကဲ့သို့ညိုမဲနေပြီး တစ်ညလုံးအိပ်မရခဲ့ကြသည်မှာထင်ရှားလှသည် ။ ခြောက်ကပ်နေသည့်ကွတ်ကီးများကိုမြင်သောအခါ တစ်ကိုက်နှစ်ကိုက်မျှသာကိုက်ပြီးဆက်စားချင်စိတ်မရှိကြတော့ပေ ။
" မင်းတို့ရွာထဲကအခြအနေကိုတစ်ချက်သွားစစ်ဆေး ... ငါနဲ့သူက အရှေ့ဘက်ကသုသာန်ဆီသွားလိုက်မယ် "
စုန့်ချင်းလော်က တာ၀န်များအသီးသီးခွဲဝေပေးလာ၏ ။
" တတ်နိုင်သလောက်ရွာသားတွေနဲ့မတွေ့စေနဲ့ ... အပြင်မှာမိုးတွေအရမ်းရွာနေတယ် ဘယ်နေရာသွားသွားသတိနဲ့သွား "
" အင်း "
ဟဲဟျွိုက်အန်း ပြန်ဖြေလိုက်သောအခါ မုရှင်းစီလည်းခေါင်းညိမ့်ပြလာ၏ ။ စုန့်ချင်းလော်က ထိုနှစ်ဦး၏ မျက်ကွင်းညိုများကိုကြည့်ကာ
" မင်းတို့မနေ့ကအိပ်ပျော်ကြရဲ့လား ?"
ဟဲဟျွိုက်အန်းက ခါးသက်သပ်အပြုံးတစ်ပွင့်ဖြင့်ပြန်ဖြေလေသည် ။
" မဆိုးပါဘူး "
မုရှင်းစီက လေသံတိုးတိုးဖြင့်
" ပြတင်းပေါက်အပြင်ဘက်မှာတစ်ခုခုရှိနေတယ်လို့ ကျွန်မခံစားနေရတာ ... ပြီးတော့ တစ်ညလုံးပတ်ပြေးနေတဲ့အသံတွေရော "
စုန့်ချင်းလော်က ဟဲဟျွိုက်အန်းကိုကြည့်၍
" မင်းရောကြားလား ?"
ဟဲဟျွိုက်အန်းက ခေါင်းခါပြလာ၏ ။
စုန့်ချင်းလော် : " မင်းမကြားရဘူးဆိုရင်တောင်မှ အမြဲတမ်းသတိ၀ီရိယနဲ့နားစွင့်ထားမှဖြစ်မယ် ... ရွာထဲကို၀င်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုလုံခြုံအောင်နေဖို့ကပထမဦးစားပေးပဲ ... အခြေအနေတစ်ခုခုမှားနေတာကိုခံစားမိတာနဲ့ ချက်ချင်းပြေးတော့ ... နားလည်လား "
ဟဲဟျွိုက်အန်းနှင့် မုရှင်းစီတို့နှစ်ဦးလုံးနာနာခံခံခေါင်းညိမ့်ပြလာ၏ ။
လင်ပန့်ရှက ဘေးတွင်ငြိမ်ငြိမ်လေးထိုင်၍ ကွတ်ကီးစားရင်းထိုင်ကြည့်နေလေသည် ။ ထိုသုံးယောက်အရသာရှိသောကွတ်ကီးကိုမစားကြသည်မှာအနည်းငယ်နှမြောစရာကောင်းလှ၏ ။ ထို့ကြောင့် တစ်ထုပ်လုံးကို သူကိုယ်တိုင်အပြတ်ရှင်းလိုက်ပြီးနောက်
" ဒါဆိုလည်းသွားကြရအောင်လေ "
စုန့်ချင်းလော်က မိုးကာအကျီဝတ်၍တောနင်းဖိနပ်စီးရုံသာမက ထီးကိုပါမပါပါအောင်ယူခဲ့သေး၏ ။ ဟဲဟျွိုက်အန်းနှင့် မုရှင်းစီတို့မှာ အနောက်ဘက်သို့ဦးတည်သွားကြမည်ဖြစ်ပြီး လင်ပန့်ရှနှင့် စုန့်ချင်းလော်တို့ကမူ အရှေ့ဘက်သို့သွားကြမည်ဖြစ်သဖြင့် အဖွဲ့နှစ်ဖွဲ့၏ ဦးတည်ရာမှာဆန့်ကျင်ဘက်ဖြစ်သည် ။
မိုးရွာသွန်းသည်မှာ ပို၍သည်းထန်လာပြီး လမ်းမကြီးပေါ်၌ မည်သည့်အရာကိုမျှသဲသဲကွဲကွဲမမြင်ရချေ ။ ရှေ့ဆက်၍လျှောက်လာလေ လူနေအိမ်များပိုမိုနည်းပါးလာလေဖြစ်သည့်အပြင် လမ်းသည်လည်း ပို၍ပို၍ကျဥ်းမြောင်းလာ၏ ။
လမ်းတစ်၀က်သို့ရောက်သောအခါ အေးအေးလူလူလမ်းလျှောက်နေသည့် လင်ပန့်ရှ တစ်ယောက် စုန့်ချင်းလော်၏ ဆောင့်ဆွဲခြင်းကိုခံလိုက်ရလေသည် ။ လင်ပန့်ရှက စုန့်ချင်းလော်အား အူတူတူပုံစံလေးဖြင့်လှည့်ကြည့်ကာ
" ဘာဖြစ်လို့လဲ ?"
စုန့်ချင်းလော်က တစ်စုံတစ်ခုကိုအလေးအနက်နားထောင်နေဟန်ဖြင့်
" မင်းအသံတစ်ခုခုမကြားလိုက်ဘူးလား ?"
လင်ပန့်ရှက စုန့်ချင်းလော် အားကြည့်၍
" ဘာသံလဲ ?"
စုန့်ချင်းလော်က လက်ညိုးကိုနူတ်ခမ်းပေါ်တင်၍ အသံတိတ်တိတ်နေရန်အချက်ပြလာသဖြင့် လင်ပန့်ရှ လည်း စကားပြောနေသည်ကိုရပ်တန့်ကာ အသေအချာနားစွင့်လိုက်သည် ။ စုန့်ချင်းလော် ပြောသည့်အတိုင်းပင် မိုးသံများကြားထဲ၌ သီချင်းသံတိုးတိုးလေးကပ်ညှိပါနေ၏ ။ ထိုသီချင်းသံ၏ သံစဥ်မှာ အသုဘအခမ်းအနားများတွင်းတီးခတ်သည့် သံစဥ်နှင့်ဆင်တူသည့်အပြင် အထင်ရှားဆုံးမှာ ဗုံနှင့် ခရာသံများပင်ဖြစ်သည် ။
သီချင်းသံထဲတွင် ၀မ်းနည်းသည့်ဟန်အငွေ့အသက်များစွာကပ်ပါနေပြီး ထိုအသံမှာ သူတို့၏ နောက်ကျောဘက်မှနေ၍တဖြည်းဖြည်းနီးကပ်လာ၏ ။
စုန့်ချင်းလော်နှင့် လင်ပန့်ရှ တို့မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် နားလည်မှုရှိစွာပင် သစ်ပင်တစ်ပင်အောက်တွင်ပြေးပုန်းလိုက်ကြသည် ။
နှစ်မိနစ်ခန့်ကြာသောအခါ ဆယ့်နှစ်ယောက်မကသောသူများကိုတွေ့လိုက်ရသည် ။ ထိုသူများက အဖြူရောင်အသုဘ၀တ်ရုံများကို၀တ်ဆင်ထားပြီး အခေါင်းတစ်လုံးကိုထမ်းလာကြ၏ ။ ကနဦး၌ လင်ပန့်ရှ သာမန်အသုဘအခမ်းအနားတစ်ခုဟုသာထင်ခဲ့သော်လည်း ကြည့်လေကြည့်လေ အလွန်ထူးဆန်းလာလေဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် အခေါင်းများမှာ အလွန်များပြားနေ၍ပင် ။
အခေါင်းတစ်လုံး ... နှစ်လုံး ... သုံးလုံး ....
အခေါင်းကြီးငယ်စုံလင်လှပြီး အရောင်များကမူကွဲပြားနေ၏ ။ အဖြူရောင်အသုဘ၀တ်ရုံများ၀တ်ဆင်ထားသည့်သူများက အခေါင်းတစ်လုံးချင်းစီကိုသယ်လာကြပြီး အချို့မှာ အလွန်ကြီးများသောအခေါင်းများကိုပေါ့ပေါ့ပါးပါးပင်သယ်သွားကြသည် ။ ဤသို့ဖြင့် အသုဘအခေါင်းများစွာမှာ လင်ပန့်ရှတို့၏ မျက်လုံးရှေ့မှ ဖြတ်သန်းသွားကြ၏ ။
အသုဘသီချင်းသံမှာ တဖြည်းဖြည်းနှင့်ဝေးကွာသွားပါသော်လည်း ဖြတ်သန်းသွားနေသည့်အခေါင်းထမ်းထားသောသူများကမူအဆုံးမရှိသေးချေ ။ လင်ပန့်ရှ နှင့်စုန့်ချင်းလော်တို့မှာ သစ်ပင်နောက်ကွယ်တွင်ပုန်း၍ ထိုခြောက်ခြားဖွယ်မြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည် ။
အချိန်မည်မျှကြာသည်မသိဘဲ အလွန့်အလွန်ကြာသောအခါမှသာ နောက်ဆုံးသောအခေါင်းတစ်လုံးကိုမြင်လိုက်ရသည် ။ အခေါင်း၏ အရောင်မှာအလွန်နက်မှောင်သည့်အနက်ရောင်ဖြစ်ပြီး ပိန်ပိန်ပါးပါးလူအချို့ကသယ်လာကြ၏ ။ မိုးရွာထား၍ ရွံ့ထူနေသည့်လမ်းပေါ်တွင်ခြောက်ခြားဖွယ် ခြေသံများသာထွက်ပေါ်နေပြီး လင်ပန့်ရှတို့ ပုန်းခိုနေသည့် သစ်ပင်ကိုမကျော်ဖြတ်သွားခင်မှာပင် မတော်တဆမှုတစ်ခုဖြစ်ပေါ်သွားလေသည် ။
အခေါင်းကိုအရှေ့ဘက်မှထမ်းထားသည့် လူမှာတစ်ခုခုကိုတက်နင်းမိ၍ချော်လဲသွားပုံရကာ အနောက်မှလူလည်းရုတ်တရက်ဖြစ်နေသဖြင့်မတုံ့ပြန်နိုင်ဖြစ်သွားရသည် ။
လေးလံသောအခေါင်းကြီးအားသယ်ထားရသည့်ဟန်ချက်ပျက်သွားသဖြင့် ဆက်လက်ထမ်းထားဆဲဖြစ်သော ကျန်လူများမှာ အခေါင်း၏ အလေးချိန်ကိုဆက်ထိန်းမထားနိုင်တော့သဖြင့် ကျန်လူများမျာခါးမှအရိုးများဂျွတ်ခနဲကျိုးသံနှင့်အတူ အခေါင်းကြီး၏ဖိကြိတ်ခံလိုက်ကြရလေသည် ။ ထို့နောက်အခေါင်းကြီးမှာ ချောနေသောရွံ့များကြောင့် အရှိန်ဖြင့်ပြုတ်ကျသွားပြီး အဖုံးပွင့်ကာ လင်ပန့်ရှ နှင့်မနီးမဝေးနေရာတွင်ရပ်တန့်သွား၏ ။
အခေါင်းထဲရှိအရာမှာလည်းထွက်ကျလာပြီး လင်ပန့်ရှ တစ်ယောက် ထိုအရာအားရှင်းရှင်းလင်းလင်းကြီးပင်မြင်လိုက်ရ၏ ။ မအော်နိုင်သေးခင်မှာတင် စုန့်ချင်းလော်က လင်ပန့်ရှ၏ ပါးစပ်ကိုလက်ဖြင့်အုပ်၍နူးနူးညံ့ညံ့ဖြင့် တိုးတိုးလေးပြောလာသည် ။
" မအော်လိုက်နဲ့ "
စုန့်ချင်းလော်က ထိုသို့ပြောပြီးမှ လင်ပန့်ရှ မှာ သာမန်ကြောက်တတ်သောသူတစ်ယောက်မဟုတ်မှန်းသတိပြန်ရသွားပြီး လွှတ်ပေးကာ တောင်းပန်လိုက်သည် ။
" တောင်းပန်ပါတယ် ... ငါအကျင့်ပါနေလို့ "
လင်ပန့်ရှက သူအဆင်ပြေကြောင်း မျက်တောင်တစ်ချက်ခတ်ပြလိုက်သည် ။ အခေါင်းတွင်းမှထွက်ပေါ်လာသောအရာမှာ လူသားဦးခေါင်းတစ်လုံးဖြစ်ပြီး သေဆုံးနေသည့်မှာအတော်အတန်ကြာနေပုံရကာ ပုပ်ပွ၍အလောင်းရည်များအပြင်လောက်များလည်းတက်နေ၏ ။ အပြင်သို့ပြူးထွက်နေသည့်မျက်လုံးများကမူ လင်ပန့်ရှတို့ရှိရာဆီသို့ကြည့်ရှုနေသကဲ့သို့ ဦးတည်နေလေသည် ။
ထို့နောက် အသု၀တ်စုံ၀တ်ထားသည့်သူများထံမှဆူဆူညံညံစကားသံများထွက်ပေါ်လာလေသည် ။ အခေါင်းအတွင်း၌မူ ငယ်ရွယ်သောအမျိုးသမီးတစ်ဦး၏ အလောင်းရှိနေပြီး ခေါင်းမှာမူရှိမနေပေ ။ ငိုကြွေးသံများနှင့်အတူ အော်ဟစ်သံများလည်းပေါ်ထွက်လာ၏ ။
" ပျောက်သွားပြီ ... ပျောက်သွားပြီ !!"
လင်ပန့်ရှမှာမူ ဆိုးဆိုးရွားရွားသေဆုံးသွားသည့်အခေါင်းထမ်းသူများ၏ မြင်ကွင်းကိုကြည့်လိုက်မိသည် ။ ခါးပိုင်းမှာပြတ်ထွက်နေပြီး အချို့သောခန္ဓာကိုယ်အစိတ်အပိုင်းများမှာလည်း အခေါင်းဖြင့်ဖိကြိတ်ခြင်းခံထားရသဖြင့်ကြေမွနေ၏ ။ မြေပြင်၌ ရွံ့ရေများမှာ ခပ်ပျစ်ပျစ်သွေးများနှင့်ရောနှော၍ အနီနင့်ရောင်ဖြစ်ပေါ်နေသည် ။ မြင်ကွင်းမှာအလွန်သွေးပျက်ဖွယ်ပင် ။
လူအုပ်ကြီးမှာ ခဏမျှဆူညံဆူညံလုပ်နေကြပြီးနောက်ပြန်လည်တည်ငြိမ်သွားကြသည် ။ ထိုလူများမှာ သွေးပျက်ဖွယ်မြင်ကွင်းအားတွေ့ကြုံမေကျဖြစ်သကဲ့သို့အလျှင်အမြန်ပင်စိတ်တည်ငြိမ်သွားကြသည် ။ လူအုပ်ကြီးထဲမှ မိန်းကလေးတစ်ယောက်ထွက်လာ၍ ပုပ်သိုးနေသည့် ဦးခေါင်းကိုကောက်ယူလိုက်ကာ ပေကျံနေသည့်ရွံ့များကိုသုတ်ပေးရန်လည်းမမေ့ပေ ။
" မြန်မြန်ပြန်လာခဲ့ပါ "
ထိုထွက်လာသောမိန်းကလေးမှာ ဦးခေါင်း၏ ပိုင်ရှင်ဖြစ်ကာ သူမ၏ ဦးခေါင်းကိုအမြတ်တနိုးကိုင်၍ အခေါင်းထဲသို့ပြန်၀င်လှဲလိုက်လေသည် ။ အခြားသောသူများက ဤကဲ့သို့မြင်ကွင်းမျိုးနှင့်နေသားကျနေသကဲ့သို့ထူးထူးခြားခြားတုံ့ပြန်မှုမရှိဘဲ တိတ်တဆိတ်သာရပ်ကြည့်နေကြသည် ။
အခန်း - ၂၀ ပြီး၏ ။
Translater - Mori
16 . 7 . 2023 ( 8: 00 )