.( TN / မနှစ်မြို့ဖွယ်လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့်ပက်သက်သည့်အကြောင်းအရာများပါ၀င်သည့်အတွက်အစာစားနေချိန် သို့ ညနက်ချိန်တွင်မဖတ်ရန်အကြံပေးလိုပါသည် 🚨 )
အခန်း - ၂၁
မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၃ )
ရုတ်တရက်ဖြစ်ပေါ်လာသောမတော်တဆမှုကြောင့် အသုဘအခမ်းအနားတစ်ခုလုံး ကမောက်ကမဖြစ်သွားရ၏ ။ အသုဘတွင်ပါ၀င်သူများမှာ မျက်စိရှေ့တွင်ဖြစ်ပေါ်သွားသော ဖြစ်ရပ်ဆိုးကြီးကိုမြန်မြန်ဆန်ဆန်လက်ခံနိုင်သွားပုံရကာ သေဆုံးသူများ၏အလောင်းများကို သိမ်းဆည်းသွားကြသည် ။ခြောက်ခြားဖွယ် အသုဘသီချင်းသံကြီးမှာ တစ်ဖန်ပြန်လည်ပေါ်ထွက်လာသည့်အပြင် ၀တ်ရုံဖြူ၀တ်ဆင်ထားသည့်သူများစွာသည်လည်း မှုန်ရီ၀ါးနေသောမိုးစက်များကြားတွင်ရှေ့သို့ဆက်လျှောက်သွားကြ၏ ။ ရွာသွန်းနေသောမိုးစက်များကြောင့် သူတို့သွားရာလမ်းအား သဲသဲကွဲကွဲမမြင်ရပါချေ ။
လင်ပန့်ရှရော စုန့်ချင်းလော်ပါ စကားမပြောကြဘဲ ထိုသူများအားလုံးအတော်ဝေးဝေးသို့ရောက်သွားသောအခါမှသာ လင်ပန့်ရှက စုန့်ချင်းလော်အနားသို့ကပ်၍ တိုးတိုးလေးပြောလာ၏ ။
" ဘာလို့လူတွေအများကြီး ရုတ်တရက်သေသွားရတာလဲ ?"
စုန့်ချင်းလော်ကမူ တစ်စုံတစ်ခုအားအသေအချာစဥ်းစားနေပုံပင် ။
" တကယ်ကြီးကျိန်စာရှိနေတာလား ?"
လင်ပန့်ရှက ခဏမျှတုံ့ဆိုင်းနေပြီးနောက်
" ဒါမှမဟုတ်ရင် ... အခြားအကြောင်းတစ်ခုခု "
စုန့်ချင်းလော် : " စဥ်းစားမနေနဲ့ တော့သုသာန်ကိုသာအရင်သွားကြည့်ကြရအောင် "
နှစ်ယောက်သားမှာ နောက်ထပ်အသုဘပို့သူတစ်သိုက်နှင့်ထပ်ကြုံမည်စိုးသဖြင့် လမ်းမကြီးမှမလျှောက်ရဲကြတော့ချေ ။ ထို့ကြောင့် လမ်းဘေးရှိထူထပ်စွာပေါက်ရောက်နေသော ကိုင်းတောထဲမှသာ ဒုက္ခခံ၍လျှောက်ကြလေသည် ။ ဆယ်မိနစ်ကျော်မျှလျှောက်ပြီးနောက် သူတို့၏ရည်ရွယ်ရာနေရာဖြစ်သော သုသာန်ကိုတွေ့ရပြီဖြစ်၏ ။
သုသာန်၏အနိဌာရုံမြင်ကွင်းအားတွေ့သောအခါ အလောင်းများကိုမြင်တွေ့နေကျဖြစ်သော လင်ပန့်ရှသည်ပင် မတတ်နိုင်ဘဲသက်ပြင်းချမိလေသည် ။ လူသားများအားကောင်းကောင်းမွန်မွန်မြုပ်နှံပေးသည့် နေရာတစ်ခုဆိုသည်ထက်ယခုသုသာန်၏ပုံစံမှာ လူသေများစွာကိုအစုလိုက်အပြုံလိုက်ပစ်စလတ်ခတ်မြုပ်နှံထားသည့်အလောင်းကျင်းကြီးတစ်ခုပင် ။
လူပေါင်းများစွာအချိန်တိုအတွင်းသေဆုံးသွားခြင်းကြောင့်သော်လည်းကောင်း အလောင်းများမှာ များပြားလွန်းသဖြင့်မြုပ်နှံရန်အချိန်မရှိတော့သောကြောင့်သော်လည်းကောင်းမသိနိုင်သော်လည်း အခေါင်းများကို သုသာန်၏လမ်းမကြီးဘေးတွင်အစုလိုက်အပြုံလိုက်စုပုံထား၏ ။ အစောနကလမ်းတွင်တွေ့ခဲ့ရသော အသုဘပို့သည့်အဖွဲ့မှာ အခေါင်းသစ်များကိုလည်းလမ်းဘေးတွင်သာချ၍ထွက်သွားလေသည် ။ အဖြူရောင်၀မ်းနည်းကြေကွဲခြင်း၀တ်စုံနှင့် လူများမှာ အဝေးသို့ရောက်သွားပြီဖြစ်သော်လည်း ခြောက်ခြားဖွယ်အသုဘသီချင်းသံကြီးမှာမူ အဝေးတစ်နေရာမှပျံ့လွင့်လာနေဆဲဖြစ်ကာ နားထဲတွင်ပဲ့တင်ထပ်နေသည် ။
မည်သူမျှကျန်ရစ်နေခဲ့ခြင်းမရှိကြောင်းအသေအချာစစ်ဆေးပြီးသောအခါမှသာ လင်ပန့်ရှ နှင့် စုန့်ချင်းလော်တို့နှစ်ဦးစလုံးသုသာန်အတွင်းသို့၀င်လိုက်ကြသည် ။
သုသာန်အတွင်း၌ခေါင်းတလားများအပြည့်ဖြစ်နေသည့်အပြင် မြေပြင်ပေါ်တွင်လည်းဖယောင်းတိုင်အပိုင်းအစများနှင့် အသုဘငွေစက္ကူများနေရာအနှံ့ပြန့်ကြဲနေ၏ ။ အနိဌာရုံမြင်ကွင်းကြီးကြောင့်သာမန်လူတစ်ဦးသာဆိုလျှင်နေရာမှာပင်ချက်ချင်းသတိလစ်သွားပေလိမ့်မည်ပင် ။ ကံကောင်းစွာဖြင့် လင်ပန့်ရှ၏တုန့်ပြန်မှုနှေးပုံကြောင့် ထိုမြင်ကွင်းအားထူးဆန်းသည်ဟုမထင်ပါချေ ။ ဟိုဟိုဒီဒီလျှောက်ကြည့်နေပြီးနောက်ထူးဆန်းသည့်အရာတစ်ခုကိုတွေ့လိုက်ရသဖြင့်တိုးတိုးလေးကပ်ပြောလာ၏ ။
" စုန့်ကော… အဲ့တာဘာကြီးလဲ ?"
လင်ပန့်ရှ မေးသည့်အရာအား စုန့်ချင်းလော်ကိုယ်တိုင်လည်းသတိပြုမိသည် ။ ထိုအရာမှာလူ့ခန္ဓာကိုယ်အစိတ်အပိုင်းအချို့အားတံစို့ဖြင့်သီထားခြင်းဖြစ်ကာ လမ်းမ၏ဘေးတွင်ပစ်စလက်ခတ်ပစ်ချထား၏ ။ အနည်းငယ်ကွာဝေးနေပါသော်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းများပုပ်သိုးသွားရာမှထွက်လာသည့်အပုပ်နံ့ကြီးမှာအော်ဂလီဆန်ဖွယ်ပျံ့လွင့်နေသည် ။
စုန့််ချင်းလော် ထိုနေရာသို့လျှောက်သွားသောအခါ လင်ပန့်ရှ လည်းနောက်ကလိုက်လာ၏ ။ စုန့်ချင်းလော်က ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက်တံစို့တစ်ဖက်ကိုကိုင်မလိုက်သောအခါ မိုးရေနူး၍ဖြူစုပ်နေသည့်လူ့ခေါင်းပြတ်ကြီးတစ်ခုဖြစ်နေလေသည် ။
ခေါင်းပြတ်ကြီး၏မျက်နှာကိုမြင်သောအခါ စုန့်ချင်းလော် မျက်မှောင်ကျုံ့လျှက် ရွံ့ထဲမှတံစို့တစ်ခုလုံးကိုအားဖြင့်ဆွဲထုတ်လိုက်သည် ။ တံစို့တစ်ခုလုံးပေါ်လာသောအခါမြက်ဖျာဖြင့်ပတ်ထားသည့်အရာတစ်ခုလုံး မြင်ကွင်းအတွင်းသို့ပေါ်ထွက်လာ၏ ။
ထိုအရာမှာ လူ့ခန္ဓာကိုယ်တစ်ခုလုံးကိုနှစ်ပိုင်းပိုင်းဖြတ်ထားခြင်းဖြစ်ကာ သေဆုံးသူ၀တ်ဆင်ထားသောအ၀တ်အစားပုံစံအရရွာသားတစ်ဦးဦးမဖြစ်နိုင်ပေ ။ သေဆုံးခဲ့သည်ကရက်အတော်ကြာကတည်းကဖြစ်ပုံရကာ မိုးရေထဲတွင်စိမ်ခံထားရသဖြင့် မျက်နှာတစ်ခုလုံးဖောင်းပွနေ၏ ။ အလွန်ဆိုးရွားသည့်ပုံစံဖြင့်သေဆုံးခဲ့ပုံရပြီး ယခုထိတိုင်မျက်လုံးများမမှိတ်ချေ ။ နာကျည်းခံပြင်းစွာဖြင့်သေဆုံးခဲ့ရသဖြင့်လက်စားမချေရမချင်းလောကကြီးမှထွက်သွားရန်ဆန္ဒမရှိခဲ့ပုံပင် ။
လင်ပန့်ရှက တစ်ခုခုကိုတွေးမိသွားပုံရကာ
" ချင်းလော် … ဒီလူက … ရွာအ၀င်မှာတုန်းက ကျွန်တော်တို့တွေ့ခဲ့တဲ့ကုမ္ပဏီကလူမဟုတ်ဘူးလား ? ရွာအ၀င်ကသစ်ပင်အိုကြီးပိပြီးသေသွားတာလို့ရွာသူကြီးပြောခဲ့တာလေ "
( TN / တစ်ကယ် ချင်းလော်~ လို့ခေါ်ခဲ့တာပါ မိုရီမလက်ကမြင်းတာမဟုတ်ရပါ 👀)
စုန့်ချင်းလော် : " ဟုတ်တယ် "
စုန့်ချင်းလော်က မတ်တပ်ရပ်လိုက်ပြီးနောက် ပြန့်ကျဲနေသည့်ဖျာစများနှင့် အလောင်းအပိုင်းအစများကိုကြည့်ကာ
" ငါသူ့ကိုသိတယ် "
လင်ပန့်ရှ အံ့သြသွားသော်လည်း ထိုသူက စုန့်ချင်းလော်၏အသိတစ်ဦးဖြစ်နေလိမ့်မည်ဟုတော့မျှော်လင့်မထားမိချေ ။
လင်ပန့်ရှတွေးနေသည့်အချိန်မှာပင် စုန့်ချင်းလော်က ကျန်သည့်မြက်ဖျာများ
ကိုတစ်ခုချင်းစီလိုက်လှန်နေပြီဖြစ်သည် ။ ထင်ထားသည့်အတိုင်းပင် အလောင်းအနေအထားအရပုံစံအမျိုးမျိုးဖြင့်သေဆုံးခဲ့ကြပုံရရုံသာမက အသုဘအ၀တ်များပင်လဲလှယ်မထားဘဲသေဆုံးစဥ်ကအ၀တ်များနှင့်ဖြစ်၏ ။ အထင်အရှားကိုပင် လူများစွာရုတ်တရက်အစုလိုက်အပြုံလိုက်သေဆုံးခဲ့ခြင်းပင် ။
စုန့်ချင်းလော်က အလောင်းများအားစစ်ဆေးရင်းတစ်ခုခုကိုရှာဖွေနေပုံရသောကြောင့် လင်ပန့်ရှ ကမေးလာသည် ။
" စုန့်ကော … ဘာရှာနေတာလဲ … အကူအညီလိုသေးလာ ?"
စုန့်ချင်းလော် : " သူတို့ရဲ့အိတ်ကပ်ထဲမှာအနက်ရောင်မှတ်စုစာအုပ်ရှိလား တစ်ချက်ရှာကြည့် "
လင်ပန့်ရှက သဘောတူကြောင်းအသံပြုပြီးနောက် စုန့်ချင်းလော်အားကူညီရန်လှည့်လိုက်သည် ။ ကံကောင်းစွာဖြင့် လင်ပန့်ရှ၏ ထူးခြားသောအလုပ်စွမ်းရည်ကြောင့် ရုပ်ပျက်ဆင်းပျက်အလောင်းများကိုတွေ့နေရသော်လည်းမျက်နှာတစ်ချက်ပျက်မသွားချေ ။ အလောင်းအပိုင်းအစများကြားတစ်ခုပြီးတစ်ခုအသေအချာစီစစ်ရှာဖွေကြည့်သောအခါ အမှန်တကယ်မာမာတစ်ခုကိုစမ်းမိသွား၏ ။ လင်ပန့်ရှက ဆွဲထုတ်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့်
" ချင်းလော် … ဒီစာအုပ်လား ?"
စုန့်ချင်းလော် လှည့်ကြည့်လိုက်သောအခါ လင်ပန့်ရှ ကိုင်ထားသည့်အနက်ရောက်စာအုပ်ငယ်လေးကိုတွေ့လိုက်ရသည် ။ စုန့်ချင်းလော်နှင့် လင်ပန့်ရှတို့မှာအနည်းငယ်ဝေးနေသောကြောင့် စုန့်ချင်းလော်ကအော်၍
" အင်း… အဲ့တာဟုတ်တယ် "
လင်ပန့်ရှ : " ဒီနေရာမှာပဲစစ်ဆေးကြည့်မလား ...? ဒါမှမဟုတ် ပြန်ရောက်မှကြည့်ကြမလား ?"
စုန့်ချင်းလော် : " ပြန်ရောက်မှကြည့်ကြမယ် "
စုန့််ချင်းလော်၏ ရှင်းပြချက်အရ ထိုသူနှစ်ယောက်မှာမှတ်တမ်းတင်သူများဖြစ်ကြောင်းသိလိုက်ရသည် ။ ထိုသူတို့၏တာ၀န်မှာမြင်မြင်သမျှအရာရာအတိုင်းကိုမှတ်တမ်းတင်ရန်ဖြစ်ပြီး စုန့်ချင်းလော်နှင့်လင်ပန့်ရှတို့၏စုံစမ်းစစ်ဆေးရေးဖြစ်စဥ်များပင်ပါ၀င်၏
။
မမျှော်လင့်ထားသည့်အခြေအနေများကိုရှောင်ရှားရန်အတွက် စာအုပ်အသားနှင့်စာရေးရာတွင်အသုံးပြုသည့်ဘောပင်တို့မှာအထူးဖန်တီးပြုလုပ်ထားခြင်းပင်ဖြစ်သည် ။ ထို့ကြောင့်မှတ်တမ်းတင်ထားသောစာများကိုဖတ်ရှုရန်အတွက် အထူးနည်းပညာကိုအသုံးပြုရန်လိုသည် ။ ရွာသူကြီးစီစဥ်ပေးသောအိမ်အတွင်း၌ထိုစာအုပ်ကိုရှာကြည့်ပါသော်လည်းမတွေ့သောကြောင့် သေဆုံးသွားသည့်စောင့်ကြည့်သူများနှင့်အတူပါသွားကြောင်းသာခန့်မှန်းလိုက်၏ ။
သူတို့လိုချင်သည့်အရာကိုရှာတွေ့ပြီးနောက်နှစ်ဦးသားပြန်လာကြ၏ ။
အပြန်လမ်းတစ်လျှောက်လုံးချောချောမွေ့မွေ့နှင့်အနှောင့်အယှက်မရှိခဲ့သော်လည်း ရွာသူကြီး၏အိမ်သို့ပြန်ရောက်သောအခါ ခြံ၀န်းထဲ၌အခေါင်းနှစ်ခုရှိနေကြောင်းတွေ့လိုက်ရသည် ။ အခြားသူနှစ်ယောက်တစ်ခုခုဖြစ်သွားပြီဟုထင်၍လန့်သွားသော်လည်း ကံကောင်းစွာဖြင့် ဟဲဟျွိုက်အန်းနှင့် မုရှင်းစီတို့နှစ်ဦးအချိန်ကိုက်ပြန်လာကြ၏ ။ ခြံ၀န်းထဲသို့ရောက်သည်နှင့် လင်ပန့်ရှနှင့်စုန့်ချင်းလော်တို့နှစ်ကောင်မှာ အခေါင်းနှစ်လုံးဘေး၌ တစ်လောကလုံးကိုစိတ်ကုန်နေသည်ဟူသောမျက်နှာထားများဖြင့်ငုတ်တုပ်ထိုင်နေကြလေသည် ။
ဟဲဟျွိုက်အန်း၏ဆံပင်များမှရေတတောက်တောက်ကျနေဆဲဖြစ်ကာ လင်ပန့်ရှအား ခပ်ဖွဖွပြုံးပြ၍
" ပြန်ရောက်ပြီ "
လင်ပန့်ရှ : " ပြန်ရောက်လာတာကောင်းတယ်"
" မြေပုံဆွဲလို့ရခဲ့လား ?"
စုန့်ချင်းလော်က အခြားစကားများများစားစားမပြောဘဲ ဟဲဟျွိုက်အန်း ချိုင်းကြားတွင်ညှပ်ထားသည့်စက္ကူလိပ်အားတည့်စိုက်ကြည့်ကာ
" အဲ့တာမြေပုံလား "
ဟဲဟျွိုက်အန်းက သူ့လက်ထဲမှစက္ကူစာရွက်ကိုစုန့်ချင်းလော်ထံသို့ကမ်းပေးရင်းဖြင့်
" ရွာရဲ့ဖွဲ့စည်းတည်ဆောက်ပုံကရိုးရှင်းပါတယ် … မြောက်ဘက်မှာစမ်းချောင်းလေးတစ်ခုရှိတယ် အဲ့ဒီစမ်းချောင်းကရေကိုပဲတစ်ရွာလုံးအသုံးပြုနေတာ …. ပတ်ပတ်လည်မှာကမြင့််မားတဲ့တောင်တန်းတွေချည်းပဲ အလယ်တည့်တည့်မှာရွာတည်ထားတော့အကျယ်အ၀န်းကျဥ်းတယ် လက်ရှိနေထိုင်တဲ့လူဦးရေက ၅၀၀ ထက်မပိုလောက်ဘူး "
ဟဲဟျွိုက်အန်းက နှာချေကာသူ၏နှုတ်ခေါင်းကိုပွတ်သပ်ကာ
" မူမမှန်တာတစ်ခုမှရှာမတွေ့ခဲ့ဘူး "
စုန့်ချင်းလော်က ခေါင်းညိမ့်ပြီးနောက်
" ရွာထဲမှာထူးဆန်းတဲ့စကားတစ်ခုခုကြားခဲ့သေးလား ?"
" နည်း … နည်းတော့ကြားခဲ့တယ် "
မုရှင်းစီက ဖြည်းဖြည်းချင်းပြောပြလာ၏ ။
" ကျွန်မတို့ပြန်လာတဲ့လမ်းမှာ မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့တယ်… ကျွန်မတို့နည်းနည်းစုံစမ်းကြည့်တော့ သူမကရွာကိုတောင်စောင့်နတ်ကကျိန်စာတိုက်ထားတာလို့ပြောတယ် "
စုန့်ချင်းလော် : " လဲ့ရှန်းတောင်ကလား ?"
မုရှင်းစီ : " ဟုတ်တယ် … ဒီနှစ်ထဲမှာမိုးအရမ်းရွာတော့ စမ်းချောင်းကရေလျှံလာတယ်လေ … အဲဒီအဖြစ်အပျက်ပြီးတော့ ရွာထဲမှာသေဆုံးမှုတွေဆက်တိုက်ဖြစ်လာတော့တာပဲ … ထူးဆန်းတဲ့သေဆုံးမှုတွေကြောင့် ရွာထဲကအသက်အကြီးဆုံးအကြီးအကဲတွက်ချက်လိုက်တာက ဆောင်းဦးမတိုင်ခင် ယဇ်ပူဇော်မှုမလုပ်ဘူးဆိုရင် တောင်စောင့်နတ်ကအရမ်းစိတ်ဆိုးပြီး လူ့သွေးသားကသာနတ်ဘုရားရဲ့ဒေါသကိုပြေစေလိမ့်မယ်တဲ့ "
ဤသည်မှာရွာသူကြီးပြောပြခဲ့သည်နှင့်သိပ်မကွာပါချေ ။ တွေးတောရင်းဖြင့် စုန့်ချင်းလော်က မိုးကာအကျီကိုချွတ်နေလေသည် ။ လင်ပန့်ရှကမူ ဟဲ့ဟျွိုက်အန်း၏ ဘေးတွင်၀င်ထိုင်ကာမီးလှုံ၍
" ခြံ၀န်းထဲကအခေါင်းတွေကဘာအတွက်လဲ ?"
" အဲ့တာတွေလား … မနက်ကလေးတင်မှရွာသားတွေ၀ယ်လာခဲ့တာ ဘယ်သူထပ်သေပြန်ပြီလဲမသိဘူး "
လင်ပန့်ရှ : " ရွာသူကြီးရော … သူအဆင်ပြေရဲ့လား ?"
" အဆင်ပြေပါတယ် "
" အခုမီးဖိုချောင်ထဲမှာရှိမလားမသိဘူး ရှင်တို့အရင်ထိုင်နေလိုက် ကျွန်မသွားကြည့်လိုက်မယ် "
ထိုသို့ပြောပြီးနောက် မီးဖိုချောင်ရှိရာသို့ထသွားလေသည် ။ မီးဖိုချောင်တံခါးဖွင့်ထားခဲ့သဖြင့်အထဲမှမွှေးပျံ့သောရနံ့တစ်ခုထွက်ပေါ်နေလေသည် ။ မုရှင်းစီ အခန်းထဲသို့ရောက်သွားသည့်အချိန်အထိ ရွာသူကြီး၏အရိပ်အယောင်ကိုမမြင်ရသေးချေ ။ မီးဖိုပေါ်မှအငွေ့တထောင်းထောင်းထနေသည့်အိုးကိုကြည့်လိုက်သောအခါ အရသာအလွန်ရှိမည့်ပုံပေါ်သည့်ကြက်စွပ်ပြုတ်တစ်အိုးဖြစ်ပြီး တောရိုင်းမှိုများကိုပါထည့်ထားသေးသည် ။
သူမတို့ရွာကိုစရောက်သည့်အချိန်ကတည်းက ပူပူနွေးနွေးထမင်းဟင်းများကိုမစားရသေးဘဲ သူမတို့စားရသမျှမှာကိုယ်တိုင်ယူလာသည့်ရိက္ခာခြောက်များသာဖြစ်၏ ။ အနံ့ရရုံနှင့်ပင်ကြက်စွပ်ပြုတ်ကအလွန်အရသာရှိမည့်ပုံပေါ်သောကြောင့် သူမ၏အစာအိမ်မှဆန္ဒများကိုဖြေသိမ့်ရန်အလို့ငှာ တံတွေးသာအကြိမ်ကြိမ်မြိုချနေရလေသည် ။
သူမကိုယ်သူမ အခြားသူပိုင်ဆိုင်သောအစားအသောက်ကို လက်လွတ်စပယ်မစားသင့်ဟု နှလုံးသွင်းနေသည့်အချိန်၌ ဘယ်နေရာသို့သွားနေမှန်းမသိသောရွာသူကြီးကတံခါး၀တွင်ရုတ်တရက်ပေါ်လာလေသည် ။ သူမကိုတွေ့သောအခါ ရွာသူကြီး၏မျက်နှာထားပြောင်းလဲသွားပြီးမကျေမနပ်ဖြင့်
“ မင်းဒီမှာဘာလုပ်နေတာလဲ ...? ငါမသိဘဲစွပ်ပြုတ်ကိုလာခိုးသောက်နေတာလား ...? "
" မဟုတ်ပါဘူး … စွတ်ပြုတ်ကအရမ်းမွှေးလို့အနံ့ရှုနေရုံတင်ပါ ကျွန်မ ခိုးမသောက်ပါဘူး "
မုရှင်းစီ ဘက်မှရှက်ရွံ့စွာဖြင့်ရှင်းပြလာပါသော်လည်း ရွာသူကြီးကကျေနပ်ပုံမရသေးချေ ။
" ဒီကြက်စွပ်ပြုတ်ကမင်းအတွက်မဟုတ်ဘူး !"
မုရှင်းစီက ရှက်သွားရုံသာမက ရွာသူကြီးမှာအလွန်ဒေါသကြီးကြောင်းကိုလည်းတွေးမိသွား၏ ။
အနံ့လေးရှုရုံတင်ကို ဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲ ?
မုရှင်းစီ၏ မျက်နှာအမူအယာများမှာအလွန်သိသာလှသောကြောင့် ရွာသူကြီးကအပြစ်တင်ပြောဆိုနေခြင်းကိုရပ်တန့်လိုက်သည် ။ ထို့နောက် မုရှင်းစီ၏ ဘေးမှဖြတ်လျှောက်ကာ ပန်းကန်လုံးတစ်လုံးကိုယူ၍ ထိုထဲသို့ကြက်စွပ်ပြုတ်အနည်းငယ်ထည့်ပေးပြီးသည့်နောက် သူမအားစကားပြောရင်းကမ်းပေးလာ၏ ။
“ ငါတို့ရွာမှာစည်ကမ်းတစ်ခုရှိတယ် … ရွာထဲမှာအိမ်တစ်အိမ်အိမ်မှာလူတစ်ယောက်ဆုံးပါးသွားပြီဆိုရင် အိမ်တိုင်းက အသုဘအိမ်ကိုကြက်စွပ်ပြုတ်တစ်ခွက်စီပို့ပေးရတယ် … ရွာထဲမှာကြက်တွေအများကြီးမရှိတော့ ကြက်စွပ်ပြုတ်ကိုမင်းတို့အတွက်ခွဲဝေမပေးနိုင်ဘူး … ဒီတစ်ခွက်ပဲ "
မုရှင်းစီက အံ့အားသင့်စွာဖြင့်
" ဒါ ... ဒါအဆင်ပြေပါ့မလား ?"
ရွာသူကြီးကခေါင်းညိမ့်၍
" ငါမင်းကိုတိုက်တာကိုသာသောက်စမ်းပါ … အပြင်မှာတော့လျှောက်မပြောနဲ့ "
" ကျေးဇူး… ကျေးဇူးပါ "
မုရှင်းစီက ယဥ်ကျေးစွာကျေးဇူးတင်ပြီးသည့်နောက် စွပ်ပြတ်ရည်များကိုစိတ်ကျေနပ်စွာဖြင့်တစ်ခွက်လုံးကုန်အောင်မော့ချသောက်သုံးလိုက်လေသည် ။ ခန္ဒာကိုယ်တစ်ခုလုံးအေးစက်တုန်ရီနေသောအချိန်တွင် စွပ်ပြုတ်နွေးနွေးလေးတစ်ခွက်ကိုသောက်လိုက်ရသောကြောင့် သူမအားအလွန်နေရထိုင်ရသက်တောင့်သက်သာရှိသွားစေ၏ ။ တောကြက်သားနှင့်တောင်ပေါ်မှိုတို့ရောစပ်ချက်ပြုတ်ထားသည်မှာအလွန်လိုက်ဖက်လှရုံသာမက ကျောက်မီးသွေးဖြင့်နာရီပေါင်းများစွာနူးအိသည်အထိပြုတ်ထားသောကြောင့် လျှာပေါ်တွင်အရသာစွဲထင်ကျန်နေလေသည် ။
လူစုသည့်နေရာသို့ရောက်၍အခြေအနေများကိုဆွေးနွေးသည့်အချိန်အထိ ထိုစွပ်ပြုတ်အရသာကိုတမ်းတကာလျှာသပ်နေမိ၏ ။ စုန့်ချင်းလော် ပြောနေသည့်အရာများလည်း ခေါင်းထဲမ၀င်ဘဲ ဟဲဟျွိုက်အန်းက သူမ၏အမည်ကိုအကြိမ်အနည်းငယ်ခေါ်ဆိုလိုက်သောအခါမှသာ သတိကပ်တော့သည် ။
" အာ… ဘာဖြစ်လို့လဲ ?"
" မင်းဘာတွေတွေးနေတာလဲ ?"
ဟဲဟျွိုက်အန်းက မုရှင်းစီ၏ သတိလက်လွတ်ဖြစ်နေပုံကြောင့် ကူကယ်ရာမဲ့စွာဖြင့်
" ငါတို့မင်းကိုမေးနေတာလေ … ရွာသူကြီးကိုတွေ့ခဲ့လား … သူအဆင်ရောပြေရဲ့လား ?"
" အွန်… အွန်း "
မုရှင်းစီက အထစ်ထစ်အငေါ့ငေါ့ဖြင့်
" သူအဆင်… အဆင်ပြေပါတယ် … မီးဖိုထဲမှာဟင်းချက်နေတာ ဒါပေမဲ့ စိတ်အခြေအနေကတော့သိပ်ကောင်းပုံမရဘူး အစောကတည်းကအိမ်ပြန်ရောက်နေတာတဲ့ "
စုန့်ချင်းလော်က သူမအားမေးလာ၏
" တခြားဘာမှထပ်မပြောဘူးလား ?"
" ဘာမှမပြောဘူး … ဒါပေမဲ့ သူလိမ်နေတာလို့ပဲကျွန်မထင်တယ် လူတွေအစုလိုက်အပြုံလိုက်သေဆုံးနေတာကသေချာပေါက် ပြဿနာဖန်တီးပြီးလုပ်ကြံနေတဲ့လူတစ်စုကြောင့်ဖြစ်လောက်မယ် "
အကယ်၍ လင်ပန့်ရှနှင့်စုန့်ချင်းလော်တို့ နှစ်ဦးစလုံးသာမိမိတို့၏မျက်လုံးများဖြင့်ထူးခြားသောအသုဘအခမ်းအနားကိုတွေ့မြင်ခဲ့ရခြင်းမဟုတ်လျှင် ၊ အခေါင်းပိ၍သေဆုံးသွားသူကအသက်ရှင်နေသည့်သူကဲ့သိုပြန်ထလာခြင်းကိုမျက်မြင်တွေ့ခဲ့ရခြင်းမဟုတ်လျှင် သူတို့လည်း မုရှင်းစီပြောသလိုပင်တွေးမိလောက်သည် ။ သို့သော်လည်း အမှန်ပင် ရွာသားများ၏အသက်ကိုနုတ်ယူနေသောအရာတစ်ခုကမူအမှန်ပင်ရှိနေ၏ ။
ရွာထဲကသက်ကြားအိုကြီးပြောသလို ရွာကတကယ်ကြီးကျိန်စာသင့်နေတာများလား ?
ရက်အတော်အတန်ကြာရွာသွန်းနေခဲ့သောမိုးမှာနောက်ဆုံး၌ ညနေခင်းတွင်ရပ်တန့်သွားပြီဖြစ်သည် ။
လင်ပန့်ရှ နှင့်စုန့်ချင်းလော်တို့ နှစ်ဦးသားမှာ ခြံ၀န်းလေးထဲ၌ပင် ရိုးရိုးရှင်းရှင်းနေ့လည်စာစားလိုက်ကြသည် ။ မိုးရွာသွန်းထားသောကြောင့် ခြံ၀န်းလေးထဲတွင် လတ်ဆတ်သောမြေသင်းရနံ့လေးသင်းပျံ့နေသော်လည်း အခေါင်းများမှာမူမျက်စိဖမ်းစားစရာဖြစ်နေ၏ ။ ကံကောင်းစွာဖြင့် လင်ပန့်ရှ နှင့် စုန့်ချင်းလော်တို့ နှစ်ဦးမှာထိုအခေါင်းများအားဂရုမထားကြပါချေ ။ အေးအေးဆေးဆေးထိုင်၍သာ မနက်ကတွေ့ခဲ့သောအသုဘအခမ်းအနားအကြောင်းကိုပြန်လည်ဆွေးနွေးပြောဆိုနေကြတော့သည် ။ ဟဲဟျွိုက်အန်းနှင့်မုရှင်းစီတို့နှစ်ဦးလည်း စကား၀ိုင်းအတွင်းသို့ပူးပေါင်း၀င်ရောက်လာကြသည် ။ ဟဲဟျွိုက်အန်း၏ အမူအရာမှာထူးထူးခြားခြားမရှိသော်လည်း မုရှင်းစီ၏အကြည့်များကမူ ဂနာမငြိမ်ဘဲခြံ၀န်းထဲရှိအခေါင်းများကိုသာခဏခဏမျက်လုံးစောင်းကြည့်နေလေ၏ ။
စုန့်ချင်းလော်က အေးအေးဆေးဆေးဖြင့် မနက်ကအကြောင်းအရာများကိုတစ်ခုချင်းစီပြောပြလာပြီး ရှာတွေခဲ့သောမှတ်စုစာအုပ်ကိုပါထုတ်ပြလိုက်သည် ။
" မစ္စတာစုန့် … မှတ်စုစာအုပ်ကိုရှာတွေ့ခဲ့တာလား ...?"
ဟဲဟျွိုက်အန်းက အံ့သြနေသော်လည်း စုန့်ချင်းလော်ကမူ အေးအေးဆေးဆေးဖြင့်
" အင်း … တစ်ချက်လောက်အရင်စစ်ဆေးကြည့်ရအောင် "
မှတ်စုစာအုပ်မှာသူတို့အတွက်အလွန်အရေးကြီးသောစာအုပ်တစ်အုပ်ပင် ။ အဘယ့်ကြောင့်ဆိုသော်အလုပ်လိုအပ်ချက်အရ ထိုမှတ်စုစာအုပ်ထဲတွင်အသေးစိတ်အကြောင်းအရာများအားလုံးကိုမှတ်တမ်းတင်ရသည် ။ လာရောက်စစ်ဆေးသူများသည်ပုံမှန်အားဖြင့်ပြင်ပနှင့်အဆက်အသွယ်ရှိသော်ငြား သူတို့သတိမထားမိဘဲကျန်ရစ်ခဲ့သောအရာများစွာရှိနေနိုင်သေး၏ ။ မှတ်စုစာအုပ်ဖြင့်ဆိုပါက ထိုအရာများအားလုံးနှင့်အသေးစိတ်အချက်အလက်များကိုကိုင်တွယ်ရာတွင်များစွာလွယ်ကူသွားလိမ့်မည်ပင် ။
စုန့်ချင်းလော် ပထမဆုံးစာမျက်နှာကိုလှန်လိုက်ချိန်၌ စာရွက်မှာဗလာဖြစ်နေပြီးမှတ်တမ်းတစ်စုံတစ်ရာကိုမျှမတွေ့ရချေ ။ သူ၏အိပ်ကပ်ထဲတွင်အမြဲထည့်ထားနေကျ လက်အိပ်ကိုထုတ်၀တ်ပြီးနောက် စာရွက်မျက်နှာပြင်ပေါ်သို့ပွတ်ဆွဲကာစာအုပ်ကိုပိတ်ပြီးပြန်ဖွင့်လိုက်ကာမှ ဗလာဖြစ်နေသည့်မျက်နှာပြင်ပေါ်တွင် စာလုံးများတဖြည်းဖြည်းပေါ်ထွက်လာလေ၏ ။
ဟဲဟျွိုက်အန်းနှင့်မုရှင်းစီတို့နှစ်ဦးစလုံးအတွက်မထူးခြားသော်လည်း လင်ပန့်ရှ မှာမူအလွန်အံ့အားသင့်နေရ၏ ။
မှတ်စုစာအုပ်၏ထိပ်တွင်မှတ်တမ်းတင်ထားသည့်နေ့ရက်ကိုရေးသားထား၏ ။ လင်ပန့်ရှတစ်ချက်ချောင်းကြည့်လိုက်သောအခါ ထိုစာသားများမှာ မှတ်တမ်းတင်ထားခြင်းဆိုသည်ထက် ဒိုင်ယာရီနှင့်ပိုတူနေသည်ဟုခံစားမိလေသည် ။ ထိုသူနေ့တိုင်းထိတွေ့ကိုင်တွယ်ခဲ့ရသောအရာများသာမက လူများကိုပါမှတ်တမ်းတင်ထားပြီး ကြည့်သလောက်အရာအားလုံးအဆင်ပြေနေပုံရ၏ ။
ဧပြီလအစောပိုင်းရှိမှတ်တမ်းစာမျက်နှာမှာမူ ထိုသူ ထူးဆန်းသည့်ရွာသို့စတင်ရောက်ရှိလာသည့်အချိန်ပင် ။
ရက်အနည်းငယ်အတွင်းရှိမှတ်တမ်းများ၌တစ်စုံတစ်ရာမျှထူးခြားမှုမရှိပေ ။ ရွာသူကြီးနှင့်ရွာသားများအားမေးမြန်း၍ရရှိသောသတင်းအချက်အလက်များကိုတိတိကျကမှတ်တမ်းတင်ထားပြီး ထိုစဥ်က အချက်အလက်များမှာ ယခုလင်ပန့်ရှတို့၏ အခြေအနေနှင့်တစ်ထပ်တည်းပင် ။ မတူညီသောအရာတစ်ခုမှာ သုသာန်တွင်ယခုကဲ့သို့အလောင်းများအစုလိုက်အပြုံလိုက်မရှိခြင်းတစ်ခုသာ ။
ရွာသို့ရောက်ပြီး ငါးရက်မြောက်နေ့၌ အရာအားလုံးတဖြည်းဖြည်းပြောင်းလဲလာ၏ ။ ထိုနေ့က မိုးသည်းထန်စွာရွာနေခဲ့သည် ။
" ဒီနေ့ ၇: ၃၀ ရာသီဥတုကသိပ်ပြီးတော့အခြေအနေကောင်းမနေဘူး … ဒါ့ကြောင့်ငါတို့အနီးအနားကနေရာတစ်ခုမှာအနားယူဖို့ဆုံးဖြတ်ခဲ့တယ် ကျန့်ရှုကိုကြည့်ရတာအဆင်ပြေနေပုံမပေါ်ဘူး သူ့တစ်ကိုယ်လုံးပူခြစ်နေပြီးတော့ ခန္ဓာကိုယ်မှာလည်းအနီကွက်တွေစပေါ်လာပြီ … သူမတည့်တာတစ်ခုခုနဲ့ထိမိခဲ့လို့ အလက်ဂျစ်ထလာတာဖြစ်ရမယ် "
" ကိုးနာရီမှာ ကျန့်ရှုရဲ့ ဓာတ်မတည့်မှုလက္ခဏာတွေပိုပြီးဆိုးရွားလာပြီးအသက်ရှုဖို့တောင်ခက်ခဲလာတယ် … ဓာတ်မတည့်မှုဖြစ်နေတယ်ဆိုတာသိပေမဲ့ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အကြောင်းအရင်းကိုတော့ရှာမတွေ့ဘူး ဒီနေ့မနက်ငါတို့မနက်စာပဲစားကြရသေးတာ မနက်စာထဲမှာလည်းဓာတ်မတည့်တာဖြစ်စရာတစ်ခုမှမပါဘဲ "
" ၉:၃၀ မှာ ငါတို့ကျန့်ရှုကိုဆေးခန်းပြဖို့အတွက်တောင်အောက်ကိုခေါ်ပြီးဆင်းသွားချင်တယ် … ဒါပေမဲ့ တောင်အဆင်းလမ်းကိုတောင်သူကျော်ဖြတ်နိုင်တော့မဲ့ပုံမပေါ်ဘူး "
" ၁၀ : ၁၈ မှာသူဆုံးသွားပြီ … ဓာတ်မတည့်မှုကြောင့် လည်ချောင်းနဲ့အသက်ရှုအဂ်ါအစိတ်အပိုင်းကကြွက်သားတွေအလုပ်မလုပ်တော့လို့ အသက်ရှုကြပ်ပြီးသေဆုံးသွားတာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အနီရောက်အကွက်တွေကကြောက်စရာကောင်းလောက်အောင်ဖုံးလွှမ်းနေတာမှ အရမ်းဆိုး၀ါးတဲ့ကပ်ရောဂါကြီးတစ်ခုလိုပဲ "
" ဆယ့်တစ်နာရီမှာ ငါတို့သူ့အလောင်းကိုစစ်ဆေးကြည့်ခဲ့တယ် … ခြေသလုံးမှာထူးဆန်းတဲ့ပိုးကောင်တစ်ကောင်အသားထဲ၀င်နေခဲ့တယ် … အဲ့လိုပိုးကောင်မျိုးတစ်ခါမှမမြင်ဖူးပေမဲ့ ကျန့်ရှုရဲ့ဓာတ်မတည့်မှုဖြစ်ရတဲ့အကြောင်းအရင်းကပိုးကောင်ကြောင့်ဆိုတာတော့သေချာတယ် ငါစောင့်ကြည့်သူကိုပြောပြခဲ့တယ် … မစ်ရှင်ကိုတော့ရပ်တန့်လိုက်လို့မဖြစ်ဘူး ဆက်လုပ်ရမှာပဲ "
" စိတ်ခံစားမှုစစ်ဆေးတာကို ဆယ့်နှစ်နာရီမှာလုပ်ခဲ့တယ် ဟောက်ရုံနန်က ၆၄ ကျိုးဟုန်နန်က ၃၅ အိုက်ချီက ၈၇ နံပါတ်တွေကအရမ်းမြင့်နေတယ် အန္ဒရာယ်ရှိတယ်လို့တောင်သတ်မှတ်လို့ရနေပြီ အခြေအနေတွေတော်တော်ကြီးမကောင်းဘူး "
" ၁၃ : ၀၀ နေ့လည်မှာ အဖွဲ့လိုက်စုံစမ်းစစ်ဆေးရမယ် … ငါမြစ်နားကိုသွားစစ်ဆေးရမှာ မြစ်နားကိုရောက်တဲ့အချိန်တိုင်း ငါမသက်မသာခံစားရတယ် အဲ့ဒီခံစားချက်ကြီးကိုငါမကြိုက်ဘူး "
" မှတ်တမ်းတင်သူအဖြစ် ၁၇ : ၅၄ ကနေစပြီတော့ ကျွန်တော် ကျိုးဟုန်နန်က ဆက်ပြီးဆောင်ရွက်သွားမှာပါ … မှတ်တမ်းတင်သူအဟောင်းဖြစ်တဲ့ ဟောက်ရုံနန်က မြစ်ထဲမှာရေနနစ်ပြီးသေဆုံးသွားခဲ့တယ် … သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာဘယ်လိုပြင်ပဒဏ်ရာမျိုးကိုမှမတွေ့ရဘူး ရေထဲမှာရုန်းကန်ထားပြီး အဆုတ်ထဲရေ၀င်ပြီးအသက်ရှုကြပ်သေဆုံးသွားတယ်ဆိုတာကလွဲရင် တခြားဘာသဲလွန်စကိုမှမတွေ့ခဲ့ရဘူး."
တုံးတိတိမှတ်တမ်းစာသားများတွင်ခံစားချက်များပါ၀င်မနေသော်လည်း ဖတ်ရသူများအဖို့ စကားမပြောနိုင်တော့သည်အထိခြောက်ခြားမှုကိုခံစားရ၏ ။ ထိုလူလေးယောက်မှာ အလွန်ဆိုးရွားသောထောင်ခြောက်တစ်ခုအတွင်းကျဆင်းသွားပုံရကာ ရုန်းထွက်ရန်ပင်အခွင့်အရေးမရှိဘဲသေဆုံးသွားကြရသည် ။ အမျိုးမျိုးသောမတော်တဆများကြောင့် တိတ်တဆိတ်သေဆုံးသွားကြရ၏ ။
ဓာတ်မတည့်မှု ၊ ရေနစ်ခြင်း ၊ မိုးကြိုးကြောင့်သေဆုံးခြင်း ဤကဲ့သို့သာမန်သေဆုံးခြင်းဖြစ်စဥ်များကတစ်နေရာထဲတွင်အချိန်တိုတွင်းစုစည်းဖြစ်ပေါ်နေပါက သမာရိုးကျမတော်တဆသေဆုံးခြင်းမျိုးမဖြစ်နိုင်တော့ချေ ။
နောက်ထပ်လည်းမှတ်စုတိုတိုလေးများထပ်ရှိသေး၏ ။ အသက်ရှင်ကျန်ရစ်သူများကထွက်သွားရန်ကြိုးစားကြပါသော်လည်း ရွာထဲမှမထွက်နိုင်သေးခင်မှာပင် သစ်ပင်ပိ၍သေဆုံးသွားခဲ့ကြရသည် ။
မည်သူမျှထွက်မသွားနိုင်ခဲ့ကြချေ ။
မှတ်စုစာအုပ်ထဲ၌စုံစမ်းရသမျှအချက်အလက်အားလုံးကိုမှတ်တမ်းတင်ထားကာရွာသားများပြောပြခဲ့သောအချက်အလက်များလည်းအပါအ၀င်ဖြစ်၏ ။ ထိုအချိန်ကရွာသားများမှာအပြင်လူများအား ယခုကဲ့သို့အမြင်မကြည့်ခြင်းမျိုးလည်းမရှိသေးပေ ။ ထို့ကြောင့်ရွာသားများထူးဆန်းစွာသေဆုံးခဲ့ရပုံအဆင့်ဆင့်ကိုမှတ်တမ်းတင်နိုင်ခဲ့သည် ။
မြွေကိုက်ခံရ၍သေဆုံးခြင်းသည်ပင် ယခုအချိန်၌သာမန်မဟုတ်တော့ဘဲ သံသယ၀င်စရာကောင်းနေပြီဖြစ်သည် ။ လင်ပန့်ရှမှာ ကမ္ဘာပေါ်တွင်ဖြစ်နိုင်ခြေအနည်းဆုံးသေပုံသေနည်းကိုလည်းတွေ့လိုက်ရသည် ။ အိပ်ရာထဲတွင်အိပ်နေစဥ်မျက်နှာကျက်ပြိုကျလာ၍သေဆုံးခြင်းသည်အနည်းငယ်သာမန်ဆန်သည်ဟုယူဆနိုင်သော်လည်း လူတစ်ဦးအိပ်နေစဥ်အခြားလူတစ်ဦး၏ကုတင်ကျိုးကျမှုကြောင့်သေဆုံးရခြင်းမှာမူအလွန်ထူးခြား၏ ။ ဖြစ်ပုံမှာ ကုတင်ကျိုးကျသွားသူ၏ကုတင်မှသစ်သားအပိုင်းအစတစ်ခုကအခြားသူ၏ရင်၀တည့်တည့်သို့အားပြင်းပြင်းဖြင့်စိုက်၀င်သွားခြင်းဖြစ်သည် ။ အခြားသူများသတိထားမိသောအချိန်၌ ထိခိုက်သွားသူမှာသေဆုံးသွားပြီဖြစ်၏ ။
" ဒီသေပုံသေနည်းကယုတ္တိမရှိလိုက်တာ "
လင်ပန့်ရှက ခဏမျှတုံ့ဆိုင်းနေပြီးနောက်
" တကယ်လို့တစ်ယောက်ယောက်ကထူးဆန်းနေတယ်လို့ပြောလာခဲ့မယ်ဆိုရင်တောင် ... ရွာထဲမှာလူတွေအများကြီးရုတ်တရက်သေဆုံးသွားတာက ထူးဆန်းတာထက်ကိုပိုနေပြီလေ "
စုန့်ချင်းလော်က ရုတ်တရက်ထမေးလာ၏ ။
" ဟောက်ရုံနန်က စောင့်ကြည့်သူလားမှတ်တမ်းတင်သူလား ?"
ဟဲဟျွိုက်အန်းက ပြန်ဖြေလိုက်သည် ။
" စောင့်ကြည့်သူ "
" စောင့်ကြည့်သူဆိုရင် သူကဘာလို့မှတ်တမ်းတင်နေရတာလဲ ?"
" ဒီအုပ်စုကနည်းနည်းလေးထူးခြားတယ် ဟောက်ရုံနန်က မစ်ရှင်တစ်ခုမှာ မှတ်တမ်းတင်သူအဖြစ်ကနေစောင့်ကြည့်သူအဖြစ်ကိုပြောင်းခဲ့ရတာမို့လို့ ပုံမှန်အားဖြင့်တော့ သူကိုယ်တိုင်ပဲမှတ်တမ်းတင်လေ့ရှိတယ် "
ဟဲဟျွိုက်အန်းရှင်းပြလာသောအခါ စုန့်ချင်းလော်လည်းဘာမျှဆက်မပြောတော့ချေ ။
လင်ပန့်ရှ : " ဘာဖြစ်လို့လဲ အခြေအနေကတစ်ခုခုထူးဆန်းနေလို့လား ?"
စုန့်ချင်းလော် : " ငါတို့မြစ်ကိုတစ်ချက်သွားစစ်ဆေးကြည့်သင့်တယ် "
လင်ပန့်ရှ : " ရွာသားတွေက ရေကိုမြစ်ကနေပဲယူကြတာမလား ?"
စုန့်ချင်းလော် : " အင်း ... ဟောက်ရုံနန်က အဲ့ဒီနေရာမှာသေသွားခဲ့တာဆိုတော့သဲလွန်စတစ်ခုခုတော့ရှိရမယ် "
" အခုသွားမှာလား ?"
လင်ပန့်ရှက ကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်သည် ။
" မနက်ဖြန်မှ ... ဒီညတော့ငါ့မှာသေသေချာချာစဥ်းစားစရာတွေအများကြီးရှိသေးလို့ "
ဆိုး၀ါးသောရာသီဥတုအခြေအနေကြောင့်ကောင်းကင်တစ်ခုလုံးမှောင်မဲနေသည့်အပြင် နေ၀င်သည်မှာလည်းမြန်၏ ။ ညနေသုံးနာရီလေးနာရီမျှသာရှိသေးသော်လည်း အပြင်ဘက်၌မဲမှောင်နေပြီပင် ။ လင်ပန့်ရှက အိပ်ခန်းထဲတွင်ခဏမျှအိပ်စက်ပြီးနိုးလာချိန်၌စုန့်ချင်းလော်ကို မတွေ့ရတော့ချေ ။ ဟဲဟျွိုက်အန်းအားမေးကြည့်သောအခါ စုန့်ချင်းလော် အပြင်ထွက်သွားပြီးအခုထိပြန်မလာသေးဘူးဟုဆို၏ ။
" သူတစ်ယောက်တည်းသွားတာလား ? ဘယ်လောက်တောင်အန္ဒရာယ်များလိုက်လဲ "
လင်ပန့်ရှမှာ အနည်းငယ်မလွယ်ကူသလိုခံစားလိုက်ရသည် ။ ရွာအ၀င်အ၀ရှိထူးဆန်းသောအရာများသာမက ရွာသားများကပါပုံမှန်မဟုတ်ကြောင်း သူ၏မသိစိတ်ထဲမှရေးတေးတေးခံစားမိနေ၏ ။
" အဆင်ပြေမှာပါ "
ဟဲဟျွိုက်အန်းက စိတ်သက်သာရာရသည့်လေသံဖြင့်
" မစ္စတာစုန့်က သာမန်လူတစ်ယောက်မဟုတ်လို့သေချာပေါက် ပြဿနာတစ်ခုခုရှိမှာမဟုတ်ပါဘူး "
လင်ပန့်ရှက ခေါင်းညိမ့်ပြီးနောက် စကား၀ိုင်း၏အကြောင်းအရာကိုပြောင်းလဲလိုက်လေသည် ။
" ဒါနဲ့ခုနက ခင်ဗျားဘာလုပ်နေတာလဲ ?"
သူအိမ်ထဲမှအပြင်သို့ထွက်လာစဥ်က ဟဲဟျွိုက်အန်းတစ်ယောက်မျက်နှာမသာမယာဖြင့် အိမ်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်ကိုတွေ့ခဲ့ရသည် ။
" အပြင်ကိုမက်ဆေ့ပို့ချင်ပေမဲ့ ဖုန်းလိုင်းကတစ်တိုင်တောင်မမိဘူးဖြစ်နေလို့ ..."
လင်ပန့်ရှ : " ကျွန်တော်တို့စစလာချင်းတုန်းကလိုင်းမိပါသေးတယ် ဘာလို့ရုတ်တရက်ကြီးမမိတော့တာလဲ ?"
" မသိဘူးလေ ... ဒီနေရာမှာဖုန်းလိုင်းကမတည်ငြိမ်ဘူး ခုနလေးတင်လိုင်းကောင်းသွားလို့၀မ်းသာနေရုံရှိသေးတယ် ချက်ချင်းကြီးလိုင်းမမိတော့ပြန်ဘူး "
" အင်း ..."
လင်ပန့်ရှ ဖုန်းထုတ်ကြည့်လိုက်သောအခါ သူ့ဖုန်းလည်းလိုင်းမမိသည်က်ိုတွေ့လိုက်ရသောကြောင့်စကားစမြည်ပြောရန်သာဆုံးဖြတ်လိုက်၏ ။
" မုရှင်းစီရော ... ဘာလို့သူမကိုမတွေ့ရတာလဲ ?"
" သူလား ... ခြံ၀န်းထဲမှာရှိနေတာမဟုတ်ဘူးလား "
လင်ပန့်ရှ ခြံ၀န်းထဲသို့လျှောက်သွားလိုက်သောအခါ ခြံ၀န်းထောင့်တစ်နေရာတွင်မတ်တပ်ရပ်နေသည့် မုရှင်းစီကို တွေ့လိုက်ရသည် ။ သူမ၏မျက်နှာတစ်ခုလုံးဖြူဖျော့နေပြီး လင်ပန့်ရှ ကိုမြင်သောအခါ ရှုပ်ထွေးသောအမူအရာဖြင့်မျက်လုံးတည့်တည့်စိုက်ကြည့်လာ၏ ။
သူမထူးထူးဆန်းဆန်းပြုမူနေသည်အား လင်ပန့်ရှ မြင်သောအခါ မေးမြန်းမည်အပြုတွင် မုရှင်းစီက သူ့အားအသံတိုးတိုးဖြင့်ပြောလာ၏ ။
" နင် ... နင်ထူးဆန်းတဲ့အသံတစ်ခုခုမကြားဘူးလား ?"
" ဘာအသံလဲ ?"
လင်ပန့်ရှမှာ သူမပြောနေသည်အားနားမလည်ပါချေ ။
" ရှုး ... ရှုး ... စကားကိုတိုးတိုးပဲပြောပြီးသေသေချာချာနားထောင်ကြည့် ..."
လင်ပန့်ရှက သူမပြောသည့်အတိုင်းသေသေချာချာနားထောင်ကြည့်ပါသော်ငြား ဘာမှမကြားရချေ ။ မုရှင်းစီက သူ့အားကြောင်တောင်တောင်အကြည့်များဖြင့်စိုက်ကြည့်နေပြီးနောက် ဒေါသတကြီးပြောလာ၏ ။
" ဘာလို့ နင်ကျ မကြားရတာလဲ ? အဲ့တာဟိုနေရာကလာနေတာလေ "
သူမက ခြံ၀န်းထဲရှိအခေါင်းတစ်ခုကိုလက်ညိုးထိုးပြ၍
" အဲ့ထဲကအသံကိုနင်မကြားဘူးလား "
လင်ပန့်ရှ ခဏမျှကြောင်အနေပြီးနောက်
" အသံကအခေါင်းထဲကထွက်လာတာလား ?"
မုရှင်းစီ ဖြည်းဖြည်းချင်းခေါင်းငြိမ့်ပြလာပြီး သူမ၏အမူအယာမှာလည်းတစ်ခုခုကိုစိုးရိမ်နေပုံပင် ။
" နင်သေချာနားထောင်ကြည့် ... အထဲကလူတွေက သူတို့ရဲ့လက်တွေနဲ့အခေါင်းကိုထုရိုက်နေတာ "
လင်ပန့်ရှက မုရှင်းစီကိုတစ်ချက်ကြည့်ပြီးနောက် အခေါင်းများထားသည့်နေရာသို့သွား၍အခေါင်းတစ်ခုရှေ့၌ရပ်ကာမေးလိုက်သည် ။
" ဒီတစ်ခုလား ?"
မုရှင်းစီက ခေါင်းခါ၍
" မဟုတ်ဘူး ... အတွင်းဘက်အကျဆုံးတစ်ခု "
လင်ပန့်ရှက မုရှင်းစီပြောသည့် ခေါင်းတလားရှိရာသို့လျှောက်သွားလိုက်သည် ။ သစ်သားခေါင်းတလားကိုအနက်ရောင်ဆေးသုတ်ထားပြီး မိုးရည်စက်များမှာခေါင်းတလားပေါ်မှာတဖြည်းဖြည်းချင်းစီးကျနေသော်လည်း အထဲသို့စိမ့်၀င်သွားခြင်းမရှိပေ ။
လင်ပန့်ရှက ဖြည်းဖြည်းချင်းခေါင်းငုံ့ပြီးနောက် ခေါင်းတလား၏သစ်သားမျက်နှာပြင်ပေါ်တွင်နားကပ်၍နားထောင်လိုက်သည် ။ တိတ်ဆိတ်နေရုံသာမက သူ၏နှာခေါင်းထဲသို့ သုတ်ဆေးနံ့ဖျော့ဖျော့ပါတိုး၀င်လာ၏ ။ အချိန်ခဏနားထောင်ပြီးနောက် လင်ပန့်ရှက မတ်တပ်ပြန်ရပ်၍
" ဘာသံမှမကြားရဘူး ..."
စကားဆုံးသည်နှင့်တစ်ပြိုင်နက် တိတ်ဆိတ်သောခြံ၀န်းလေးထဲတွင် ဒုန်းခနဲထုရိုက်သံတစ်ချက်ပေါ်ထွက်လာ၏ ။ တိုးညှင်းသောအသံဖြစ်သော်လည်း အနီးအနားတွင်ရှိနေသော လင်ပန့်ရှအတွက်မူ လျှစ်လျှုရှုပစ်ရန်မဖြစ်နိုင်ချေ ။ ထို့ပြင်အသံလာရာဇစ်မြစ်မှာသူရပ်နေသောနေရာနားရှိခေါင်းတလားထဲမှဖြစ်နေသေး၏ ။
" နင်ကြားလိုက်လား ... နင်ကြားလိုက်တယ်မလား ?"
လင်ပန့်ရှ၏ မျက်နှာအမူအယာပြောင်းလဲသွားသည်အား မုရှင်းစီမြင်သောအခါ သူကြားလိုက်မှန်းအသေအချာသိသွား၏ ။ သူမခမျာပျော်လွန်း၍ထကမိမတတ် မြေပြင်ပေါ်တွင်ခုန်ပေါက်နေလေသည် ။
" ငါတစ်ယောက်တည်းထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်တော့ဘူး ... ကြားလိုက်တဲ့လူရှိသွားပြီ "
" ဒုန်း ... ဒုန်း ... ဒုန်း ..."
တစ်ဆက်တည်းမှာပင် ခေါင်းတလားအတွင်းမှ ထုရိုက်သံများထပ်မံပေါ်ထွက်လာ၏ ။ လင်ပန့်ရှ၏ မျက်နှာထားမှာရုတ်တရက်တည်ကြည်သွားပြီး အိမ်ဘက်သို့ဦးတည်လျှောက်သွားနေချိန်၌ မုရှင်းစီက မေးလာ၏ ။
" ဟဲဟျွိုက်အန်းကိုသွားခေါ်မလို့ ခေါင်းတလားတွေကိုဖွင့်ပြီးစစ်ဆေးကြည့်ရမယ် "
" ဖွင့်လို့မဖြစ်ဘူး "
မုရှင်းစီက ကြောက်ကြောက်လန့်လန့်ဖြင့်
" နင်မကြောက်ဘူးလား ... ဖွင့်လိုက်ပြီးရင် နင်မမြင်သင့်တာတွေကိုလည်းတွေ့ရနိုင်တယ်နော် "
လင်ပန့်ရှက ထူးဆန်းနေဟန်ဖြင့်
" ကျွန်တော်မမြင်သင့်တာတစ်ခုခုများရှိနေလို့လား ?"
မုရှင်းစီ၏ စိုးရိမ်မှုများမှာ လင်ပန့်ရှ၏ စကားကြောင့်လွင့်ပြယ်သွားရသည် ။
" နင့်မှာအခြေခံဗဟုသုတလေးတောင်မှမရှိဘူးလား စောင့်ကြည့်သူတွေအတွက်၀င်ပါရမဲ့နေရာတွေကအကန့်အသတ်ရှိတယ် ... မမြင်သင့်တာကိုမြင်ခဲ့မယ်ဆိုရင် ဒါမှမဟုတ်မကြားသင့်တာကိုကြားခဲ့မယ်ဆိုရင် နင်ရူးသွားလိမ့်မယ် "
လင်ပန့်ရှမှာ စုန့်ချင်းလော်အား မရမကဂျီကျ၍ခရီးစဥ်အတွင်းလိုက်ပါလာခဲ့ရသူဖြစ်သဖြင့် အမှန်ပင် သူ့ထံ၌အခြေခံဗဟုသုတမရှိပါချေ ။ ထို့ကြောင့် မုရှင်းစီ၏ ပြစ်တင်ပြောဆိုသံအားကြားရသောအခါထူးဆန်းနေဟန်ဖြင့် တိုက်ရိုက်သာမေးချပစ်လိုက်၏ ။
" တကယ်လို့ မဖွင့်ဘူးဆိုရင် အထဲမှာဘာရှိနေမှန်းဘယ်လိုလုပ်သိနိုင်မှာလဲ ... ရွာရဲ့လျှို့၀ှက်ချက်နဲ့လည်းပက်သက်ကောင်းပက်သက်နေနိုင်တယ်လေ ... အရေးကြီးတဲ့သဲလွန်စကိုလည်းရနိုင်တာပဲ "
မုရှင်းစီ၏ ထိတ်လန့်နေသည်ကိုမြင်သောအခါ လင်ပန့်ရှကမေးလာ၏ ။
" အဆင်ပြေရဲ့လား ?"
မုရှင်းစီက စကားမပြောဘဲရပ်နေဆဲဖြစ်ကာအချိန်အတော်ကြာသောအခါမှသာ ဖြည်းဖြည်းချင်းပြောလာ၏ ။
" သွားတော့ ... ငါကအရည်အချင်းပြည့်မှီတဲ့မှတ်တမ်းတင်သူတစ်ယောက်မဟုတ်ဘူး "
လင်ပန့်ရှက အိမ်ထဲသို့၀င်သွားပြီးနောက် ဟဲဟျွိုက်အန်းအားအကြောင်းစုံပြောပြကာ ခေါင်းတလားအတွင်းရှိအရာကိုဖွင့်၍စစ်ဆေးရန်အပြင်သို့ခေါ်ထုတ်လာလိုက်သည် ။ လင်ပန့်ရှ၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက် ဟဲဟျွက်အန်းကမှင်သက်စွာဖြင့်
" မင်းနားကြားမှားတာရောမဖြစ်နိုင်ဘူးလား ? တကယ်ကြီးအခေါင်းထဲက အသံထွက်လာတာလား ?"
လင်ပန့်ရှ : " တကယ် ကျွန်တော်သေသေချာချာကြားခဲ့တာ "
မုရှင်းစီထက်စာလျှင် ဟဲဟျွိုက်အန်း၏ အမူအယာမှာများစွာပိုမိုတည်ငြိမ်၏ ။
" ဒါဆိုလည်းအတူတူသွားကြည့်ကြရအောင် "
ဤသို့ဖြင့်နှစ်ယောက်သားခြံ၀န်းထဲသို့ပြန်ရောက်လာကြသည် ။
ဟဲဟျွိုက်အန်းလည်း မကြာသေးခင်က လင်ပန့်ရှ ပြုလုပ်သကဲ့သို့ အခေါင်းနားတွင်နားကပ်ကာနားထောင်ကြည့်လိုက်သည် ။ အသေအချာဂရုတစိုက်နားထောင်ကြည့်ပြီးသည့်နောက်၌သူ၏အမူအယာမှာရုတ်ချည်းပြောင်းလဲသွားရ၏ ။
" တကယ်ကြီးပဲ "
ဟဲဟျွိုက်အန်းကြောက်လန့်နေပုံကိုမြင်သောအခါ လင်ပန့်ရှက စနောက်လိုက်လေသည် ။
" ဘာလို့ဒီလောက်တောင်ကြောက်နေရတာလဲဗျာ ... အသက်ရှင်သန်ဖို့နည်းလမ်းမရှိတော့ရင်လဲသေရုံပဲပေါ့ "
လင်ပန့်ရှက ပေါ့ပေါ့တန်တန်စနောက်လိုက်ခြင်းဖြစ်သော်လည်း ဟဲဟျွိုက်အန်းနှင့်မုရှင်းစီတို့နှစ်ဦးကမူ သူ၏စကားကြောင့်အတွေးများသွားပုံရကာ တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်နေကြ၏ ။ အချိန်ခဏကြာသောအခါမှသာ ဟဲဟျွိုက်အန်းက ဖြည်းဖြည်းချင်းရှင်းပြလာလေသည် ။
" မစ္စတာလင်း ဒါကခင်ဗျားရဲ့ပထမဆုံးမစ်ရှင်လားမသိပေမဲ့ ဒီလိုကိစ္စမျိုးကိုကျွန်တော်တို့အများကြီးကြုံခဲ့ရပြီးပြီ "
ထို့နောက် သူ၏နဖူးထက်မှချွေးစေးများကိုသုတ်ကာ အကောင်းဆုံးကြိုးစား၍ တည်တည်ငြိမ်ငြိမ်ဖြင့် လင်ပန့်ရှ အားအခြေအနေအမှန်ကိုပြောပြလိုက်သည် ။
" အလုပ်သဘောအရ ဒိီလိုလူသေအလောင်းတွေကိုတွေ့ရတာမထူးဆန်းဘူးဆိုပေမဲ့ တွေ့လိုက်ရတဲ့အကြိမ်တိုင်း အရမ်းမသက်မသာခံစားနေရတုန်းပဲ "
ထိုစကားကိုကြားသောအခါ လင်ပန့်ရှ တစ်ယောက်မနေနိုင်မထိုင်နိုင် ချန်းယုလျှိုအားသွားတွေးမိသွားလေ၏ ။ သာမန်လူများအတွက်အလောင်းများအားတွေ့မြင်ရလျှင်မနှစ်မြို့သည်မှာ ပုံမှန်ကိစ္စတစ်ရပ်ဖြစ်ပုံရသည် ။
ဟဲဟျွိုက်အန်း မျက်နှာမကောင်းသည်ကိုတွေ့သောအခါ လင်ပန့်ရှက တွေးဆဆဖြင့်မေးလိုက်သည် ။
" အခုဖွင့်ကြည့်မလား ဒါမှမဟုတ် စုန့်ချင်းလော် ပြန်လာတဲ့အထိစောင့်ကြမလား ?"
" ရတယ် ရတယ် အခုဖွင့်ကြည့်ရအောင် မစ္စတာစုန့်ကဘယ်အချိန်မှပြန်ရောက်မယ်မသိသေးဘူးလေ "
ပြောရင်းနှင့်ပင် အခေါင်းတစ်ဖက်စွန်းကိုလက်ဖြင့်ကိုင်၍ လင်ပန့်ရှအား အခြားတစ်ဖက်အစွန်းကိုသွား၍မရန်အချက်ပြလိုက်သည် ။ နှစ်ယောက်သားတစ်ပြိုင်တည်းအားပါပါမသောအခါမှသာ လေးလံသောအခေါင်းဖုံးကြီးကပွင့်ဟလာ၏ ။ တစ်ချိန်တည်းမှာပင် အထဲမှပုပ်အဲ့နေသောအလောင်းပုပ်နံ့ကြီးပေါ်ထွက်လာလေသည် ။လင်ပန့်ရှ ကြည့်လိုက်သောအခါ လူသေလောင်းတစ်ခုကိုတွေ့လိုက်ရ၏ ။ မိုးရွာထဲတွင်ထား၍အခေါင်းတစ်ခုလုံးစိုစွတ်နေသောကြောင့် အထဲရှိအလောင်းကောင်မှာလည်း ပုပ်ပဲ့ကာအလောင်းပုပ်ရည်များအသားထဲမှစိမ့်ထွက်နေပြီဖြစ်သည် ။
ဟဲဟျွိုက်အန်းလည်း တစ်ချက်ကြည့်လာပြီးနောက် အကြည့်လွှဲလိုက်ကာခက်ခက်ခဲခဲဖြင့် လည်ချောင်းထဲမှဆန်တက်လာသောပျို့အန်ချင်သည့်စိတ်အားမနည်းထိန်းချုပ်ထားရလေသည် ။
လင်ပန့်ရှကမူ တည်တည်ငြိမ်ငြိမ်ဖြင့်အလောင်းတစ်ခုလုံးပေါ်ရှိသဲလွန်စများအားလုံးကိုစေ့စေ့စပ်စပ်ရှာဖွေနေ၏ ။ အလျှင်အမြန်ပင် အခေါင်းတွင်းမှထွက်လာသောထုရိုက်သံ၏လာရာဇစ်မြစ်ကိုရှာဖွေတွေ့ရှိသွားလေသည် ။ ထိုအရာမှာ အခေါင်းထောင့်စွန်းတွင်ရှိနေသည့် အစိမ်းရောင်မိုးဖားလေးတစ်ကောင်ဖြစ်ကာ မျက်လုံးအပြူးသားဖြင့် အပြင်သို့ထွက်ရန်ခုန်ပေါက်နေသောကြောင့်ပင် ။
လင်ပန့်ရှ : " လူတော့မဟုတ်ဘူး အသံထွက်အောင်လုပ်နေတာက ဖားတစ်ကောင်ပဲ "
ဟဲဟျွိုက်အန်း : " ဖားလား ... ? ဘယ်လိုလုပ်ပြီး အခေါင်းထဲဖား၀င်နေရတာလဲ ..."
လင်ပန့်ရှ : " အခေါင်းမပိတ်ခင်ကတည်းကအထဲရောက်နေတာဖြစ်လောက်မယ် "
ပြန်ဖြေရင်းနှင့်ပင် လင်ပန့်ရှက အခေါင်းထဲမှဖားလေးကိုထုတ်ယူ၍ခါးကိုင်းကာ မြေပြင်ပေါ်သို့ချပေးလိုက်ကာ အဝေးသို့ခုန်ထွက်သွားသည်အထိကြည့်နေလိုက်သည် ။ ခါးဆန့်ကာထရပ်တော့မည့်အချိန်၌ သူတို့ဖွင့်ချထားသောအခေါင်းဖုံး၏အတွင်းဘက်မျက်နှာပြင်၌ထူးဆန်းသည့်အစင်းရာများစွာကိုတွေ့လိုက်ရသည် ။ ခဏကြာကြောင်အသွားပြီးနောက် သူအမြင်မှားသည်ဟုထင်မိ၍အသေအချာစစ်ဆေးကြည့်လိုက်သောအခါ အမှန်ပင်အစင်းရာများစွာကိုထပ်တွေ့လိုက်ရပြီး အမြင်မှားခြင်းမဟုတ်ပေ ။
အခေါင်းဖုံးအတွင်းဘက်၌တစ်ခုနှင့်တစ်ခုထပ်နေသည့်အစင်းရာများစွာကိုသာမက ထိုအစင်းရာများ၏ဘေးတွင်စေးကပ်ခြောက်သွေ့နေသောညိုညစ်ညစ်သွေးစက်များကိုပါတွေ့လိုက်သည် ။ အစင်းရာများမှာ လက်သည်းဖြင့်ကုတ်ထားခြင်းနှင့်တူညီနေပြီး သွေးများပါပေါင်းစပ်လိုက်သောအခါ အလွန်ခြောက်ခြားဖွယ်ပင် ။
အခေါင်းဖုံးအားပြုလုပ်ထားသည့် သစ်သားအမျိုးအစားမှာ အလွန်မာကျောသောကြောင့် လူသားတစ်ဦး၏လက်ဖြင့်အစင်းရာထင်ကျန်သည်အထိကုတ်ခြစ်မည်ဆိုပါကအားများစွာလိုအပ်လိမ့်မည်ပင် ။ လင်ပန့်ရှက တိတ်တဆိတ်ဖြင့်သာမတ်တပ်ရပ်နေရင်းအလောင်းအားစေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးတေလေသည် ။ အလောင်း၏လက်ချောင်းများမှာ မိုးရေများစိုစွတ်ထားရုံသာမက ပုပ်ပွနေပြီဖြစ်သော်လည်း ထင်ရှားသောအနာများနှင့် ကျိုးပဲ့နေသောလက်သည်းများမှာမူ ရုန်းကန်ကုတ်ခြစ်နေခဲ့ခြင်းကိုဖော်ပြနေ၏ ။ တစ်ချက်ကြည့်ရုံနှင့်ပင် မသေဆုံးခင်ကမည်မျှထိတ်လန့်ကြောက်ရွံ့နေမည်ကိုသိမြင်နိုင်သည် ။
" ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ ..."
လင်ပန့်ရှက ရေရွတ်လာ၏ ။
" ဘာလို့ အခေါင်းကိုကုတ်ခြစ်ထားရတာလဲ ?"
ဟဲဟျွိုက်အန်း လင်ပန့်ရှ ၏စကားများကိုကြားသောအခါ အနည်းနှင့်အများသဘောပေါက်သွားပြီပင် ။ ထို့ကြောင့်အခေါင်းနားမှခြေတစ်လှမ်းနောက်ဆုတ်၍
" ဒီကရွာသားတွေမှာပြဿနာတစ်ခုခုများရှိနေတာလား ?"
လင်ပန့်ရှက တိတ်တဆိတ်သာ သူမသိကြောင်းခေါင်းခါပြလိုက်လေသည် ။
လေထုအခြေအနေမှာ အချိန်အတော်ကြာသည်အထိ စိတ်ဓာတ်ကျဖွယ်ဖြစ်နေလေသည် ။ လင်ပန့်ရှ အကြောင်းအရာများအားဆက်စပ်တွေးတောနေသည့်အချိန်မှာပင် ရွာသူကြီးပြန်ရောက်လာ၏ ။ ခြံ၀န်းထဲသို့မရောက်မှီကတည်းက အော်ဟစ်လာလေသည် ။ အခေါင်းအားဖွင့်ကြည့်လိုက်သည့်လုပ်ရပ်အား ရွာသူကြီးမကျေနပ်သည်မှာထင်ရှားနေသည့်အပြင် သူ၏မျက်နှာထားမှာလည်း လူရိုက်ရန်လာသည်နှင့်တူနေ၏ ။
ဟဲဟျွိုက်အန်းက အလောတကြီးဖြင့်
" ရွာသူကြီးခင်ဗျ ဒေါသမထွက်ပါနဲ့ဦး ... အခေါင်းထဲကနေလှုပ်ရှားနေတဲ့အသံတွေကြားလို့ ကျွန်တော်တို့ အခေါင်းကိုဖွင့်ကြည့်ပြီးစစ်ဆေးကြတာပါ "
" အခေါင်းထဲကလှုပ်ရှားမှုလား ... ဘယ်လိုလုပ်ပြီးအခေါင်းထဲမှာလှုပ်ရှားမှုရှိရမှာလဲ "
ရွာသူကြီးက အလွန်ဒေါသတကြီးဖြင့်ကျုံး၀ါးလာ၏ ။
" မင်းတို့လူစိမ်းတွေကဘာလို့ သေပြီးသားလူတွေကိုတောင်အေးအေးဆေးဆေးပေးမနေဘဲအရှက်ခွဲနေရတာလဲ ! သူတို့ကသေပြီးသွားပြီလေ အေးအေးဆေးဆေးအနားယူပါစေတော့ "
လင်ပန့်ရှက အမြန်ရှင်းပြလာ၏ ။
" ရွာသူကြီး ... ကျွန်တော်တို့အခေါင်းထဲမှာရှာတွေ့ခဲ့တာတစ်ခုရှိတယ် "
ရွာသူကြီးကအေးစက်စွာဖြင့်
" ဘာလဲ ...?"
လင်ပန့်ရှ : " အထဲကအလောင်းက အခေါင်းထဲထည့်ပိတ်ခံရတဲ့အချ်ိန်မှာ သူမသေသေးဘူး "
ရွာသူကြီးအလွန်ထိတ်လန့်သွားရလေသည် ။
" ကြည့် "
လင်ပန့်ရှက အခေါင်းဖုံးမှ လက်သည်းဖြင့်ကုတ်ခြစ်ထားသည့်ခြောက်ခြားဖွယ်ခြစ်ရာအစင်းကြောင်းများကိုပြကာ
" သူလုပ်ထားခဲ့တဲ့ခြစ်ရာတွေကိုကြည့်ပါဦး "
ရွာသူကြီးက လင်ပန့်ရှ ညွှန်ပြသည့်နေရာကိုကြည့်ရင်း သူ၏အကြည့်များမှာရုတ်တရက်ပြောင်းလဲသွားကာ အသက်ပြင်းပြင်းရှု၍စိတ်လွတ်သွားဟန်ဖြင့်ရေရွတ်နေ၏ ။
" ဘယ်လိုလုပ်ပြီးဖြစ်နိုင် ... ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ !!"
လင်ပန့်ရှနှင့် ဟဲဟျွိုက်အန်းတို့ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက်
" အခြားအခေါင်းတွေရှိသေးတယ် ... အဲ့တာတွေကိုပါဖွင့်ပြီးစစ်ဆေးကြည့်စေချင်လား ...?"
ရွာသူကြီးမှာ သူမြင်တွေ့နေရသောအရာကြောင့်စိတ်လွတ်နေဆဲဖြစ်သဖြင့် စကားပြန်မဖြေနိုင်ချေ ။ ထို့ကြောင့် ဟဲဟျွိုက်အန်းကသာ သင့်လျှော်သလိုဆုံးဖြတ်ချက်ချလိုက်၏ ။
" စိတ်ထဲရှင်းသွားအောင်စစ်ဆေးကြည့်ကြတာပေါ့ "
ရွာသူကြီး မတားဆီးကြောင်းသေချာသောအခါ နှစ်ယောက်သားအခေါင်းနောက်တစ်ခုကိုဖွင့်ရန်စတင်လိုက်သည် ။
လင်ပန့်ရှနှင့်ဟဲဟျွိုက်အန်းတို့အခြားသောအခေါင်းများအားဖွင့်လိုက်သည့်အကြိမ်တိုင်း ရွာသူကြီး၏မျက်နှာမှာ လူသေတစ်ယောက်ကဲ့သို့ဖြူဖျော့နေတော့၏ ။ အခေါင်းဖုံးတွင်သွေးစွန်းနေသောကုတ်ခြစ်ရာအများအပြားရှိနေသည်ကိုကြည့်ခြင်းအားဖြင့် ဤလူများအခေါင်းထဲထည့်ပိတ်ခံခဲ့ရသည့်အချိန်က အသက်ရှင်နေဆဲဖြစ်သည် ။ ထိုသူများမှာကူကယ်ရာမဲ့စွာဖြင့် လွတ်မြောက်လိမ့်မည်မဟုတ်မှန်းသိသော်လည်း တတ်စွမ်းသမျှကြိုးစားခဲ့ကြ၏ ။ မသေဆုံးမှီကာလအတွင်း မည်မျှကြောက်လန့်နေမည်အားမှန်းဆနိုင်သည် ။ လင်ပန့်ရှသော ဟဲဟျွိုက်အန်းတို့ပါ ကူကယ်ရာမဲ့စွာခေါင်းခါမိကြ၏ ။
ရွာသူကြီး၏ခြေထောက်များအားနည်းပျော့ခွေသွားကာ ရွံ့ဗွက်အိုင်ထဲသို့ လဲကျသွား၏ ။ ထိုသည်အားမြင်သောအခါ လင်ပန့်ရှက ရွာသူကြီးအားကူညီရန်ပြေးသွားပြီး ဟဲဟျွိုက်အန်း ကိုမူအခေါင်းများပြန်ပိတ်ရန်အချက်ပြလိုက်သည် ။
" ရွာသူကြီး ဘာဖြစ်လို့လဲ ?"
ရွာသူကြီး၏ တုံ့ပြန်မှုအရဤအကြောင်းကို သူမသိခဲ့ကြောင်းသေချာသွားသဖြင့် အနည်းငယ်အစ်အောက်မေးလိုက်သည် ။
" ငါမသိဘူး ... မသိဘူး ... သူတို့တွေသေချာပေါက်သေသွားခဲ့တာပါ "
ရွာသူကြီးကတုန်လှုပ်စွာဖြင့်
" အသက်မရှုတော့ဘူး ... နှလုံးခုန်သံမရှိတော့ဘူး လေ အဲ့တာကလူသေသွားရင်ဖြစ်တဲ့လက္ခဏာတွေမဟုတ်ဘူးလား ...?"
လင်ပန့်ရှက ရွာသူကြီးကိုအိမ်ထဲသို့သေသေချာချာတွဲခေါ်သွားရင်း
" ကျွန်တော်တို့ကိုသေသေချာချာပြောပြပါဦး "
ရွာသူကြီး၏တစ်ကိုယ်လုံးတွင်ချွေးစေးများရွဲနစ်နေ၏ ။
" အဲ့ဒီမိသားစုက ငါ့ရဲ့ဆွေမျိုးတွေ ရွာထဲမှာလူတွေအများကြီးသေနေကျဆိုတော့ လူတိုင်းအသားကျနေပြီလေ လွန်ခဲ့တဲ့ရက်အနည်းတုနိးကသေသွားတဲ့လူတွေကိုမြှပ်ထားပြီးပေမဲ့ မတော်တဆမှုတွေလည်းဆက်တိုက်ဖြစ်နေတော့ "
သူ၏အသံမှာအလွန်တုန်လှုပ်တုန်ရီနေလေသည် ။
" သူတို့တွေကထူးထူးဆန်းဆန်းနဲ့သေဆုံးသွားကြတာလေ ပထမနေ့တွေတုန်းကအဆင်ပြေနေသေးတယ် နောက်ပိုင်းတော့လူတိုင်းပင်ပန်းနေကြပြီလေ သူတို့မိသားစုကိုရှာတွေ့တဲ့အချိန်တုန်းက ခန္ဒာကိုယ်တွေအေးစက်နေကြပြီ ရွာထဲမှာရှိတဲ့အခေါင်းတွေကမလောက်ဘူးလေ ဒါ့ကြောင့်စိတ်ဆုံးဖြတ်ပြီး အခေါင်းပြင်ဆင်ပေးခဲ့တာ ... အဆင်ပြေတဲ့ရက်ကိုရွေးပြီးမြေမြှပ်ပေးဖို့စဥ်းစားထားပေမဲ့ "
လင်ပန့်ရှ : " ဒီလိုဆိုရင် ... အခေါင်းတွေကတစ်ခုခုများမှားနေလို့လား ...?"
" မဖြစ်နိုင်ဘူး ...ပုံမှန်ဆိုရင် အခေါင်းတွေကိုအသုဘအခမ်းအနားကျင်းပတဲ့ကွင်းပြင်မှာထားတာ ဒါပေမဲ့ မတော်တဆမှုတွေအရမ်းများတော့ အဲဒီမှာလည်းအခေါင်းထားဖို့နေရာမရှိတော့ဘူး အဲဒါကြောင့် ငါ့ခြံ၀န်းထဲမှာရက်နည်းနည်းလောက်အရင်ထားဖို့စီစဥ်ထားခဲ့တာ "
ရွာသူကြီးမှာအလွန်ခြောက်ခြားနေလေ၏ ။
" ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ ... ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာ ..."
လင်ပန့်ရှ : " သူတို့ဘာလို့သေရတာလဲဆိုတာကိုစစ်ဆေးကြည့်ခဲ့သေးလား ?"
ရွာသူကြီးကခေါင်းခါပြီးနောက် ခါးခါးသီးသီးပြုံးရင်း
" ရွာထဲမှာဖြစ်နေတဲ့သေဆုံးမှုတွေကအရမ်းထူးဆန်းတော့ သူတို့အကုန်လုံးကိုဘာကြောင့်သေတာလဲသေသေချာချာမစစ်ဆေးနိုင်ဘူးလေ ဒါပေမဲ့တော်တော်များများမှာထိခိုက်ဒဏ်ရာမရှိဘူး ..."
လင်ပန့်ရှ အလေးအနက်စဥ်းစားမိသွားရသည် ။
တစ်ဖက်၌ ဟဲဟျွိုက်အန်း သည်လည်းအခေါင်းဖုံးကိုပြန်ပိတ်လိုက်ပြီးသည့်အချိန်အထိချွေးစေးများရွဲနေလေ၏ ။ မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့်၀ိဥာည်လွင့်မတတ်ဖြစ်နေသော မုရှင်းစီ လည်းဟဲဟျွိုက်အန်း၏နောက်မှလိုက်လာလေသည် ။ သူမ၏မျက်မှာမကောင်းသည်ကိုတွေ့သောအခါ ဟဲဟျွိုက်အန်းက တစ်နေရာရာတွင်မသက်မသာခံစားနေရသလောဟုစိတ်ပူစွာဖြင့်မေးလာ၏ ။
" နည်းနည်းလေးအေးတော့ အအေးမိသွားတယ်ထင်တယ် "
မုရှင်းစီက နှာချေပြီးနောက် သူမ၏နှာခေါင်းထိပ်ကိုပွတ်၍
" ပထမဆုံးရောက်တဲ့နေ့တုန်းကနည်းနည်း မိုးမိသွားလို့ပါ ..."
ဟဲဟျွိုက်အန်းက သူမအားများစွာဂရုစိုက်သောကြောင့်
" ဒါဆိုရင် မင်းသောက်ဖို့ဆေးယူပေးမယ် "
" ကျေးဇူးပါ ... ဒုက္ခပေးမိသလိုဖြစ်နေပါပြီ "
ထိုသို့ပြောပြီးနောက် အမူအယာမဲ့စွာဖြင့်ပြန်ထိုင်နေလေ၏ ။
ရွာသူကြီးမှာစိတ်ဓာတ်ကျမှုကြောင့် ခေါင်းငိုက်စိုက်ကျနေပြီး လင်ပန့်ရှက ဤအရာများမှာမတော်တဆမှုသပ်သပ်သာဖြစ်၍ရွာသူကြီး၏အပြစ်မဟုတ်ကြောင်းဘေးမှနေ၍အသံတိုးတိုးဖြင့်နှစ်သိမ့်ပေးနေလေသည် ။
" မတော်တဆတိုက်ဆိုင်တာလား ... ဘယ်လိုလုပ်ပြီးမတော်တဆမှုတွေကဒီလောက်အများကြီးဖြစ်နိုင်မှာလဲ "
ရွာသူကြီးက ရူးသွပ်သွားဟန်ဖြင့်
" ဘာ... ဘာလို့လဲဆိုတော့ ငါတို့ရွာကကျိန်စာသင့်နေလို့ပဲဖြစ်ရမယ် "
လင်ပန့်ရှ : " ဒါပေမဲ့လည်း ကျိန်စာသင့်ရတဲ့အကြောင်းတစ်ခုခုတော့ရှိမှာပဲလေ ... တစ်ခုခုကိုများမခန့်မှန်းမိဘူးလား ... ?"
ရွာသူကြီးက ခေါင်းခါပြီးနောက်ဘာမျှဆက်မပြောတော့ချေ ။
ဟဲဟျွိုက်အန်းက မုရှင်းစီအားဆေးပေးပြီးနောက် ဆေးသောက်စေကာအိပ်ခိုင်းလိုက်သည် ။ မုရှင်းစီကဆေးသောက်ပြီးနောက် အနည်းငယ်ချမ်းစိမ့်စိမ့်ခံစားရသည်ဟုဆိုကာ ရေနွေးနွေးဖြင့်ရေချိုးချင်သည်ဟုပြော၏ ။
" မင်းတစ်ခုခုလိုတာနဲ့ ငါ့ကိုချက်ချင်းပြောနော် "
ဟဲဟျွိုက်အန်းက သူ၏ပါတနာအသစ်နှင့်ပက်သက်၍ သူမတစ်ခုခုအဆင်မပြေဖြစ်မည်အားစိုးရိမ်နေလေသည် ။ မုရှင်းစီက အေးအေးဆေးဆေးပင်ခေါင်းညိမ့်ပြလေ၏ ။
တောင်ပေါ်ရွာလေးရှိ သန့်စင်ခန်းများမှာရေလုံအိမ်သာပုံစံမျိုးဖြစ်ကာ အိမ်တည်ဆောက်ပုံများမှာလည်းရိုးရှင်း၏ ။ ရေပူပေးစက်များရှိသော်လည်း ကြိုတင်အပူပေးထားရန်လိုအပ်သည် ။ မုရှင်းစီက ရေပူလာသည်အထိထိုင်စောင့်နေပြီးနောက် ရေပူသောအခါမှသာအ၀တ်အစားလဲ၍ရေချိုးခန်းထဲသို့၀င်သွားလေသည် ။ ထို့နောက် ရေပန်းကိုဖွင့်ကာရေပူများကိုသူမကိုယ်ပေါ်သို့ကျဆင်းခွင့်ပြုလိုက်၏ ။
နွေးထွေးသောရေပူများခန္ဒာကိုယ်ပေါ်သို့ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် သက်တောင့်သက်သာရှိလွန်းသောကြောင့် သက်ပြင်းချလိုက်မိသည် ။ သူမခေါင်းငုံ့၍ခေါင်းကုတ်ကာခေါင်းလျှော်နေစဥ်အတွင်း သူမ၏ခေါင်းပေါ်သို့ခပ်ပျော့ပျော့အရာတစ်ခုလာလာထိနေကြောင်းခံစားမိသွား၏ ။ ထို့ကြောင့်ထိုအရာအားလက်ဖြင့် ဖမ်းဆုပ်၍ကြည့်လိုက်သောအခါ အနက်ရောင်ဆံပင်အထွေးလိုက်ကြီးဖြစ်နေလေသည် ။ အနက်ရောင်ဆံပင်များမှာ ရေနှင့်အတူ သူမ၏လက်ချောင်းများကြားမှအောက်သို့မျောပါကျဆင်းသွား၏ ။
ထိုအနက်ရောင်ဆံပင်များအားတွေ့သောအခါ မုရှင်းစီ၏ နှလုံးတစ်ခုလုံးအပြင်သို့ပေါက်ထွက်လာမတတ်ခုန်နေသည့်အပြင် အရိုးထဲထိတိုင်အေးစက်မှုတစ်ခုကိုခံစားလိုက်ရသည် ။ သာမန်လူတစ်ယောက်သာဤမျှများပြားသောဆံပင်ထွေးလိုက်ကိုတွေ့ရပါက သူတို့တစ်ခုခုဖြစ်နေပြီဟုအရင်စိုးရိမ်ကြလိမ့်မည်ပင် ။ သို့သော် မုရှင်းစီကမူထိုသို့မတွေးနိုင်ပါချေ ။ အဘယ့်ကြောင့်ဆိုသော် သူမဤနေရာသို့မလာခင်ကတည်းက သူမ၏ဆံပင်များအားအရောင်ချွတ်၍ရွှေ၀ါရောင်ဆေးဆိုးခဲ့သောကြောင့်ပင် ။
ဒါဆိုရင် ဒီဆံပင်ထွေးကြီးကဘယ်နားကရောက်လာတာလဲ ?
မုရှင်းစီ၏တစ်ကိုယ်လုံးတောင့်တင်းလျှက် မျက်နှာကျက်ပေါ်သို့ဖြည်းဖြည်းချင်းခေါင်းမော့ကြည့်လိုက်သောအခါယိုယွင်းပျက်ဆီးနေပြီဖြစ်သောမျက်နှာကျက်ပေါ်မှ ဆံပင်အရှည်ကြီးတွဲလောင်းကျနေကြောင်းတွေ့လိုက်ရသည် ။ ထိုအရာမှာမျက်နှာကျက်ပေါ်တွင် ကမ္ဘာမြေဆွဲအားကိုဆန့်ကျင်လျှက်အိမ်မြှောင်တစ်ကောင်ကဲ့သို့ကပ်လျှက်ရှိနေပြီး ဆံပင်များကထိုအရာကိုဖုံးအုပ်နေရုံသာမက မုရှင်းစီ၏ မျက်နှာထက်သို့ပင်ထိလုနီးနီးကျဆင်းလာလေ၏ ။
အခန်း - ၂၁ ပြီး၏ ။
Translater - မိုရီ