အခန်း - ၂၂ မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၄ )
Viewers 2k

.အခန်း - ၂၂



မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၄ )



" အား  !!!"  


မုရှင်းစီမှာ ကြောက်လန့်တကြီးအော်ဟစ်ရုံကလွဲ၍ခေါင်းထဲတွင်ဘာမျှမရှိတော့ချေ ။ သူမ၏အ၀တ်များကိုဆွဲကာ တုန်တုန်ရီရီဖြင့်အပြင်သို့ထွက်လာသည့်အချိန်တွင် သူမ၏ခြေကျင်း၀တ်ကိုချောကျိကျိအရာတစ်ခုကလာရစ်ပတ်သောကြောင့် ​ကြမ်းပြင်ပေါ်သို့လဲကျသွားရ၏ ။ အကြိမ်ကြိမ်ပြန်လည်ထရန်ကြိုးစားပါသော်လည်း လဲကျဆဲပင် ။


ကံကောင်းစွာဖြင့် ပျော့ပြောင်းထူထဲသောအ၀တ်များကိုဆွဲယူလာခဲ့သဖြင့် ထိုအ၀တ်များက သူမ၏လက်နှင့်ခေါင်းအောက်တွင်ခုခံပေးထားသကဲ့သို့ဖြစ်နေသောကြောင့် လက်နှင့်ဦးခေါင်းတို့ထိခိုက်သွားခြင်းမရှိပေ ။ သို့သော်လည်း သူမ၏ခြေချင်း၀တ်အရိုးကျိုးသွားသည့်အသံကိုမူရှင်းလင်းပြတ်သားစွာကြားလိုက်သည် ။ တစ်ချိန်တည်းမှာပင် ပြင်းထန်သောနာကျင်မှုကြောင့်ကျယ်လောင်စွာညည်းညူလိုက်မိသည် ။


" အား " 


" မုရှင်းစီ အဆင်ပြေရဲ့လား ...?"  


အပြင်ဘက်တွင်စောင့်နေသော ဟဲဟျွိုက်အန်းက မုရှင်းစီ၏ အော်သံကိုကြားသောအခါ စိတ်ပူစွာဖြင့်မေးလိုက်သည် ။


" ဘာဖြစ်လို့လဲ "


မုရှင်းစီက တုန်တုန်ရီရီဖြင့်


" ဆံပင်  ...  ဆံပင်တွေ..." 


ဟဲဟျွိုက်အန်းက အလောတကြီးမေးလာ၏ ။


" ဆံပင် ... ဘာဆံပင်လဲ ငါ၀င်လာခဲ့ရမလား " 


" မလာနဲ့ ကျွန်မအ၀တ်မ၀တ်ရသေးဘူး " 


မုရှင်းစီမှာ သေလုနီးပါးနာကျင်စွာခံစားနေရသော်လည်း သူမ၏ဂုဏ်သိက္ခာအားကာကွယ်ချင်ပါသေး၏ ။


 " ရှင်ခဏလောက်စောင့်ပေးပါလား ... ကျွန်မအ၀တ်၀တ်ပြီးထွက်လာခဲ့မယ်  ..." 


သူမမျက်နှာကျက်ပေါ်သို့တစ်ဖန်ပြန်မော့ကြည့်လိုက်သောအခါ ပြောင်ရှင်းနေသည့်မျက်နှာပြင်ကိုသာတွေ့လိုက်ရ၏ ။ မကြာသေးခင်ကမြင်တွေ့ခဲ့သော ခြောက်ခြားဖွယ်အရာကြီးမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့အစအနမကျန်​ပျောက်ကွယ်သွားပြီပင် ။


သူမ၏ခြေချင်း၀တ်သည်လည်းဆိုးဆိုး၀ါး၀ါးထိခိုက်ထားသဖြင့် ခက်ခက်ခဲခဲအ၀တ်လဲပြီးနောက် ရေချိုးခန်းထဲမှထွက်လာလေသည် ။ 


ဟဲဟျွိုက်အန်းက မုရှင်းစီ ရှက်ရွံ့နေသည်ကိုမြင်သော်လည်း စိတ်ပူနေခြင်းကပိုများသဖြင့် ရေချိုးခန်းထဲတွင်ဖြစ်ပျက်ခဲ့သည်အားမေးလာ၏ ။ မုရှင်းစီက မရေမရာဖြင့် 


" ကျွန်မထူးဆန်းတာတစ်ခုတွေ့ခဲ့သလိုပဲ " 


ဟဲဟျွိုက်အန်း : " ဘာလဲ ?"


မုရှင်းစီကခေါင်းခါ၍ 


" ထားလိုက်ပါတော့ ကျွန်မအမြင်မှားတာပဲနေမှာပါ " 


ဟဲဟျွိုက်အန်းကသေသေချာချာထပ်မေးကြည့်ချင်ပါသော်လည်း မုရှင်းစီကမူ သူ့အားလျှစ်လျှူရှု၍အခန်းထဲသို့၀င်သွားပြီဖြစ်၏ ။ ဟဲဟျွိုက်အန်းမှာ စိုးရိမ်ပူပန်သောအကြည့်များဖြင့် သူမ၏နောက်ကျောအားငေးကြည့်နေမိသည် ။


လင်ပန့်ရှမှာ ဧည့်ခန်းတွင် ညနက်သည့်အချိန်အထိ စုန့်ချင်းလော် ပြန်လာသည်အားထိုင်စောင့်ကာခြံ၀န်းအတွင်း၌ ဖြစ်ပျက်ခဲ့သမျှအကုန်အသေးစိတ်ပြန်လည်ဖောက်သည်ချတော့၏ ။

 

လင်ပန့်ရှ ပြောပြီးသည်အထိစိတ်ရှည်လက်ရှည်နားထောင်ပြီးနောက် စုန့်ချင်းလော်က လင်ပန့်ရှကိုခေါ်ကာ ခေါင်းတလားများကိုနောက်တစ်ဖန်စေ့စေ့စပ်စပ်ပြန်လည်စစ်ဆေးကြပြန်သည် ။ ကျွမ်းကျင်ပညာရှင်ဖြစ်သော စုန့်ချင်းလော်၏ ခန့်မှန်းချက်အရထွက်လာသောမှန်းဆချက်မှာစိတ်မချမ်းမြေ့ဖွယ်ပင် ။ ဤအခေါင်းအတွင်းရှိအလောင်းများမှာအသက်ရှင်စဥ်အချိန်က ဆာလောင်၍သေသည်အထိပစ်ထားခဲ့ခြင်းကိုခံခဲ့ရသည် ။ အဘယ့်ကြောင့်ဆိုသော် ဘေးဘက်ရှိအခေါင်းသစ်သားများမှာ ကိုက်ဖဲ့၍စားသောက်ထားပုံရပြီး အလောင်းများ၏သွားများကျွတ်ထွက်နေကာ ပါးစပ်များထဲ၌လည်းသစ်သားစများကိုမြင်တွေ့ရသောကြောင့်ပင် ။ 


ဤတွေ့ရှိချက်ကို ရွာသူကြီးအားပြောမပြရက်ပါချေ ။ ရွာသူကြီး၏ စိတ်အခြေအနေမှာကောင်းမွန်မနေရုံသာမက ပြောပြလိုက်လျှင်လည်း ကောင်းသည်ထက်ဆိုးကျိုးဖြစ်မည်ကပိုများ၏ ။


ဒီနေ့တွင်းဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များမှာတုန်လှုပ်ဖွယ်ဖြစ်သောကြောင့် ညစာစားရန်မည်သူမျှစိတ်မပါကြချေ ။ ထို့ကြောင့် စုန့်ချင်းလော် ၊ လင်ပန့်ရှ နှင့်ဟဲဟျွိုက်အန်းတို့သာ စားပွဲတွင်စုဝေးနေကြသည် ။ စုန့်ချင်းလော်က မုရှင်းစီအားမတွေ့သဖြင့် မေးရာ ရေချိုးခန်းအတွင်း၌ခြေခေါက်၍ချော်လဲသွားသောကြောင့် အိပ်ရာထဲတွင်အနားယူနေသည်ဟုပြောလေသည် ။


" ဘယ်လိုဖြစ်တာလဲ ?" 


စုန့်ချင်းလော်ကမေးလာ၏ ။


" ဘယ်လိုဖြစ်ပြီးအဆစ်လွဲသွားရတာလဲ "


" ကျွန်တော်လဲမသိဘူး ... ကြည့်ရတာဖျားနေလို့စိတ်အခြေအနေမကောင်းတဲ့ပုံပဲ "


စုန့်ချင်းလော်ကခေါင်းငြိမ့်၍


" မင်းသူမကိုပိုပြီးဂရုစိုက်ပေးလိုက်ပါ "


ဟဲဟျွိုက်အန်း ခေါင်းငြိမ့်ကာသဘောတူလိုက်သည် ။

 

ညစာစားပြီးနောက် ရိုးရိုးရှင်းရှင်းဆေးကြောကာ လင်ပန့်ရှအိပ်ရာ၀င်ရန်ပြင်လိုက်သည် ။ အခန်းတည်ဆောက်ပုံမှာကျယ်၀န်းပြီးသူ့အရင်အခန်းနှင့်ပင်တူညီနေသေး၏ ။ကုတင်ဘေး၌သစ်သားဗီဒိုတစ်ခုရှိပြီး ဗီဒို၏တံခါးတစ်ဖက်မှာပိတ်မရချေ ။ လင်ပန့်ရှ အိပ်ချင်လာပါသော်လည်း စိတ်မလုံခြုံသလိုခံစားရသောကြောင့် ဟိုဟိုဒီဒီလှည့်၍သာအိပ်မပျော်ချေ ။ 


စုန့်ချင်းလော်က လင်ပန့်ရှ၏ဘေးတွင်၀င်လှဲကာ တစ်ခုခုဖြစ်နေလို့လားဟုမေးလာ၏ ။


" အဲ့တာကိုကြည့်ရတာအဆုံးမရှိတဲ့ချောက်နက်ကြီးလိုပဲ တွေ့လိုက်တိုင်းစိတ်မသက်သာဘူး " 


စုန့်ချင်းလော် : "..."


လင်ပန့်ရှ : " ခင်ဗျားရဲ့မျက်နှာပေးက ဘယ်လိုကြီးတုန်း "


စုန့်ချင်းလော် : " ငါဒီတိုင်းတွေးနေရုံပါ "


လင်ပန့်ရှ : " ဘာတွေတွေးနေတာလဲ "


စုန့်ချင်းလော် : " မင်းဘယ်မှာမြင်ခဲ့ရလို့အဲ့လိုခံစားနေရတယ်ဆိုတာပြောပြချင်လား "


လင်ပန့်ရှက ခဏမျှစဥ်းစားပြီးနောက်ပြောလာ၏ ။


" ကျွန်တော်မသိတော့ဘူး ... ဒါပေမဲ့အဲ့တာကိုကျွန်တော်ပိုကြောက်လေ ပိုတွေးမိလေပဲ " 


လင်ပန့်ရှကထကာ ဗီဒို၏ဟနေသောတံခါးကိုပစ္စည်းတစ်ခုနှင့်ခုခံကာပိတ်လိုက်သည် ။ ထိုသို့လုပ်ပြီးသောအခါမှသာ စိတ်သက်သာရာရစွာဖြင့်အိပ်စက်လိုက်သည်မှာ ဟောက်သံအကျယ်ကြီးထွက်ပေါ်လာသည်အထိပင် ။ 

 

စုန့်ချင်းလော်၏အတွေးအရဆိုလျှင် အိမ်နံပါတ်ကိစ္စနှင့်ပက်သက်၍ လင်ပန့်ရှ စိတ်ဆိုးကာထွက်သွားရန်ကြံစည်ခဲ့ဖူးသောကြောင့် အကြိမ်ပေါင်းများစွာလိုက်လံခြောက်လှန့်နေခြင်းဖြစ်သည်ဟုပင် ။ ရလဒ်အရဆိုလျှင်အိမ်မှထွက်လာသည်မှာအချိန်အတော်ကြာပြီဖြစ်သဖြင့်ခြောက်ခြားဖွယ်ကောင်းသောအတွေးများတွေးမိနေခြင်းဖြစ်လောက်သည် ။ ပြောရမည်ဆိုလျှင် အတော်လေးသနားစရာကောင်းလှ၏ ။


ညနက်လေ ရွာတစ်ရွာလုံးတိတ်ဆိတ်သွားလေဖြစ်သည် ။

 

နှစ်ခြိုက်စွာအိပ်ပျော်နေသော လင်ပန့်ရှမှာ အလွန်ကျယ်လောင်သောအသံကြောင့်နိုးသွားရ၏ ။ အိပ်ချင်မူးတူးဖြင့်မျက်လုံးဖွင့်လိုက်သောအခါ အပြင်ဘက်ရှိလမ်းပေါ်တွင်တဖြပ်ဖြပ်မီးရောင်များစွာသာမက လူများစွာ၏အော်ဟစ်သံများပါဆူညံနေသည် ။ နာရီကိုတစ်ချက်ကြည့်လိုက်သောအခါ မနက်နှစ်နာရီမျှသာရှိသေးပြီး အာရုဏ်တက်ရန်ပင်အချိန်အတော်လိုသေး၏ ။ သူ့ဘေးတွင်ရှိရမည်ဖြစ်သော စုန့်ချင်းလော်သည်လည်းပျောက်နေသည် ။ အရင်နိုးပြီးအပြင်ဘက်မှအခြေအနေကိုတစ်ချက်သွားစစ်ဆေးနေခြင်းမျိုးလည်းဖြစ်​ကောင်းဖြစ်နိုင်၏ ။ 


ထိုကဲ့သို့တွေးမိသောအခါ လင်ပန့်ရှက အနွေးထည်၀တ်ကာ အပြင်ဘက်မှအခြေအနေကိုတစ်ချက်ကြည့်ရန်ဆုံးဖြတ်လိုက်သည် ။ သို့သော်တံခါး၀သို့လျောက်သွားသည့်အချိန်မှာပင် စုန့်ချင်းလော်က တံခါးဖွင့်၍၀င်လာကာ လင်ပန့်ရှ ကိုနောက်သို့ပြန်တွန်းကာအထဲပြန်၀င်စေ၏ ။


လင်ပန့်ရှက ဇဝေဇဝါဖြင့်


" ဘာတွေဖြစ်နေတာလဲ ?" 


" အဆင်ပြေပါတယ် ... ရွာသူကြီးနဲ့ သူ့ရဲ့ဆွေမျိုးတချို့စကားများနေကြတာ ... ငါတို့အပြင်ထွက်လို့မဖြစ်ဘူး ဒီအချိန်မှာသူတို့ကိုတွေ့ဖို့ကလည်းမသင့်လျှော်သေးဘူးလေ "


အပြင်ဘက်မှတဖြည်းဖြည်းပြင်းထန်လာသောအငြင်းပွားမှုများကိုနားထောင်ရင်း လင်ပန့်ရှက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်ပြောလိုက်သည် ။


" တဖြည်းဖြည်းနဲ့ရန်ဖြစ်တာကအခြေအနေပိုဆိုးသလိုပဲနော် ... တစ်ခုခုတော့မဖြစ်လောက်ဘူးမလား "


စုန့်ချင်းလော် : " ရွာသူကြီးကသူအဆင်ပြေတယ်လို့ပြောလိုက်တယ် "


" ဒါဆိုလဲပြီးတာပဲလေ " 


လင်ပန့်ရှ အိပ်ရာပေါ်သို့သာပြန်လည်ကုတ်တက်သွား၏ ။

 

ဘေးအခန်းတွင်အိပ်နေသည့် ဟဲဟျွိုက်အန်းနှင့် မုရှင်းစီတို့ပါ ဆူညံနေသောအသံဗလံများကြောင့်နိုးလာကြ၏ ။ ဟဲဟျွိုက်အန်းက အိပ်ရာမှထရန်အချိန်အတော်ယူလိုက်ရပြီး သူအပြင်ထွက်ကြည့်တော့မည့်အချိန်မှာပင် ငြင်းခုန်နေသံများရုတ်တရက်ရပ်တန့်သွား၏ ။ အခြားတစ်ဖက်တွင်အိပ်နေသည့် မုရှင်းစီမှာမူ တစ်ကိုယ်လုံးကလေးလေးတစ်ယောက်ကဲ့သို့ကွေးထားကာနိုးသော်လည်းအပြင်သို့ထွက်မလာပါချေ ။ ဟဲဟျွိုက်အန်းက စိတ်ပူစွာဖြင့် 


" ရှောင်စီ အဆင်ပြေရဲ့လား ?"


မုရှင်းစီက အသံတိုးတိုးဖြင့်ပြန်ဖြေလာ၏ ။


" အဆင်ပြေပါတယ် " 


သူမ၏အသံကိုကြားသောအခါမှသာ ဟဲဟျွိုက်အန်းက စိတ်ချလက်ချဖြင့် မျက်လုံးမှိတ်ကာပြန်အိပ်လိုက်သည် ။

 

သို့သော်လည်းတစ်ဖက်ရှိ မုရှင်းစီမှာမူ အိပ်မပျော်နိုင်ခဲ့ပါချေ ။ ညတစ်၀က်လုံးသူမအိပ်မရခဲ့ဘဲ အိပ်ပျော်လုနီးနီးဖြစ်နေသည့်အချိန်တွင်လည်း အပြင်မှဆူညံသံများကြောင့် လုံး၀အိပ်မရတော့ဘဲနိုးလာခဲ့ရသည် ။ သူမခန္ဓာကိုယ်ကပင်ပန်းလွန်းသောကြောင့်အလွန်အမင်းအိပ်ချင်နေပါသော်လည်း သူမ၏အာရုံကြောတစ်မျှင်ချင်းစီတိုင်းကအလွန်တင်းမာနေ၏ ။ ဦးနှောက်ထဲ၌ပင်မရေတွက်နိုင်သောခြောက်ခြားစရာပုံရိပ်များကဆက်တိုက်ထွက်ပေါ်နေကာသူမ၏စိတ်ကိုခြောက်လှန့်၍အိပ်မပျော်နိုင်အောင်လုပ်နေ၏ ။


ပတ်၀န်းကျင်မှအသံတိုးတိုးလေးသည်ပင်သူမ၏နှလုံးသားအောက်ခြေမှအကြောက်တရားကိုနှိုးဆွနိုင်သလိုခံစားရ၏ ။ သူမက ခေါင်းကိုအိပ်ရာထဲအတင်းနှစ်ပြီးနောက် ထိုအသံများအားလုံးကိုလျှစ်လျှူရှုရန်ကြိုးစားလိုက်သည် ။

 

အချိန်မည်မျှကြာပြီမသိတော့သောအခါမှသာ ပတ်၀န်းကျင်မှအသံများအားလုံးရုတ်တရက်တိတ်ဆိတ်သွား၏ ။ ခြံ၀န်းတစ်ခုလုံးအား အလင်းတန်းတစ်ခုဖြတ်သန်းလွှမ်းခြုံကာလင်းထိန်သွားပြီးနောက် တစ်ဖန်မှောင်မိုက်သောညနက်ထဲသို့ပြန်လည်ရောက်ရှိသွားပြန်၏ ။


မုရှင်းစီသည် မျက်လုံးများမှိတ်ကာ အိပ်ပျော်သွားစေရန်မိမိကိုယ်ကိုတွန်းအားပေးနေမိသည် ။ 

 

သို့သော် သူမအိပ်မပျော်ခင်မှာပင် တစ်ယောက်ယောက်ကတံခါးကိုထုရိုက်နေပံပေါ်သော တတောက်တောက်အသံများကိုကြားလိုက်ရသည် ။ အသံမှာအလွန်တိုးကာ ဖြည်းဖြည်းချင်းထုရိုက်နေပုံရပြီး ညနေကအခေါင်းထဲမှထွက်ပေါ်လာသောအသံကို သူမအား အမှတ်ရသွားစေ၏ ။ 


မုရှင်းစီက တုန်လှုပ်နေသောအသံဖြင့်မေးလိုက်သည် ။


" အပြင်က ... ဘယ်သူလဲ ?" 


ပြန်လည်ဖြေဆိုသူမရှိချေ ။ 


တောက် ... တောက် ... တောက် ... 


အသံကအဆက်မပြတ်ဖြည်းဖြည်းချင်းပုံမှန်ထွက်ပေါ်နေပြီး မုရှင်းစီ၏ တင်းမာနေသောအာရုံကြောများအားပိုမို၍တင်းမာလာစေသည် ။ 


" အပြင်ကဘယ်သူလဲလို့ ... နောက်နေရမဲ့အချိန်မဟုတ်ဘူးနော် !" 


မုရှင်းစီက ထိုအသံဖြင့်နှိပ်စက်ညှင်းပန်းခံရမှုကိုသည်းမခံနိုင်တော့သောကြောင့် အိပ်ရာထဲမှငေါက်ခနဲထကာ သူမ၏ဖြူလျော်နေသော်နှုတ်ခမ်းကိုခပ်တင်းတင်းကိုက်လျှက်တံခါးဆီသို့လျှောက်သွားလိုက်သည် ။ သူတို့အခန်း၏တံခါးမှာ ကျေးလတ်တောရွာများတွင်အသုံးပြုသည့် သာမန်သစ်သားတံခါးများဖြစ်ကာ သိပ်မခိုင်မာချေ ။ တံခါးဘောင်နှင့်အိမ်နံရံကြားတွင် ဟကြောင်းအကြီးကြီးတစ်ခုရှိနေကာ တံခါးအပြင်ဘက်ရှိအခြေအနေများကိုထိုနေရာမှချောင်းကြည့်၍ရ၏ ။ မနေ့က ဟဲဟျွိုက်အန်းနှင့်အတူ အခန်းကိုစစ်ဆေးကြစဥ်က တံခါးဟနေသည်နှင့်ပက်သက်၍ မကျေမနပ်ပြောခဲ့သော်လည်း ယခုမူထိုအဟလေးကပင်သူမအပြင်ဘက်သို့ချောင်းကြည့်ရာတွင်အထောက်အကူရနေသည် ။

 

အငြင်းပွားရမှထွက်ပေါ်လာသောဆူဆူညံညံအသံများမရှိတော့သောအခါ ခြံ၀န်းတစ်ခုလုံးတိတ်ဆိတ်နေသောအမှောင်ထုထဲသို့တစ်ဖန်ပြန်လည်ကရောက်သွား၏ ။ ယနေ့ည၌မိုးမရွာသော်လည်း လေပြင်းများတိုက်ခတ်နေသည် ။ အေးစိမ့်သောလေပြင်းများက တံခါးဟကြားမှတစ်ဆင့် မုရှင်းစီ၏ ပါးပြင်ပေါ်သို့ဖြတ်သန်းတိုက်ခတ်သွား၏ ။ အလွန်အေးသောကြောင့် အနွေးဓာတ်ရစေရန်သူမ၏ပါးကိုယ်သူမလက်ဖြင့်အုပ်ကိုင်လိုက်ရင်း အပြင်သို့ပြန်ကြည့်လိုက်သည် ။ တံခါးရှေ့တွင်မည်သူမျှရှိမနေသော်လည်း တတောက်တောက်အသံကမူဆက်လက်ထွက်ပေါ်နေဆဲဖြစ်၏ ။


အမည်မသိသောခြောက်ခြားမှုတစ်ခုကြောင့် မုရှင်းစီ၏အကြည့်များကိုရုတ်သိမ်းသွား၏ ။ ချွေးစေးများထွက်နေကာ ဘာမှမမြင်လိုက်ရသော်လည်း အမှောင်ထုအတွင်းနစ်မြုပ်သွားသကဲ့သို့ခြောက်ခြားဖွယ်အကြောက်တရားကိုခံစားလိုက်ရသည် ။ မယုံကြည်နိုင်ဖွယ်အဖြေတစ်ခုက ဖော်ထုတ်ခံရရန်စောင့်ဆိုင်းနေကာ ဖော်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် အဆုံးသတ်၌သူမရူးသွပ်သွားလိမ့်မည်ပင် ။ 


အသံဆက်လက်ထွက်ပေါ်နေဆဲဖြစ်သော်လည်း မုရှင်းစီကမူ အသံထွက်ပေါ်ရာအကြောင်းအရင်းကိုရှာဖွေလိုစိတ်မရှိတော့ပါပေ ။ သူမ၏မျက်နှာထားမှာအလွန်အသက်မဲ့လျှက် သစ်သားကုတင်ရှိရာဆီသို့သာပြန်လာ၏ ။ သူမကိုယ်သူမစောင်ဖြင့်နွေးထွေးအောင်ထုပ်ပတ်ထားပြီးနောက် အသံထွက်ပေါ်နေဆဲဖြစ်သည့်သစ်သားတံခါးရှိရာဆီသို့မျက်တောင်မခတ်ဘဲ မျှော်လင့်ချက်မဲ့စွာစူးစိုက်ကြည့်ရှုနေတော့သည် ။ 


အကယ်၍အကောင်အထည်သာရှိမည်ဆိုပါက ရရှိနိုင်မည့်အချိန်အကန့်အသတ်သည်သူမအပေါ်၌သာမူတည်နေ၏ ။

 

ဤအချိန်တွင်ထွက်ပေါ်နေသောအသံမှာ အသွားချွန်ထက်သောဓားတစ်လတ်ကဲ့သို့သူမ၏အရေပြားကိုဖြတ် သွေးကြောများကိုခြစ်ထုတ်၍ ဦးခေါင်းခွံနှင့်ကျောရိုးတစ်လျှောက်ရှိအရိုးများကိုကုတ်ခြစ်နေသကဲ့သို့ခံစားနေရသည် ။ ထူးဆန်းသောပုံရိပ်ယောင်များပင်ဖြစ်ပေါ်လာပြီးဘေးပတ်၀န်းကျင်ရှိအရာများအားလုံးကအရည်ပျော်သွားသကဲ့သို့အမည်မသိတွင်းနက်ကြီးအတွင်းသို့စုပြုံတိုး၀င်နေကြ၏ ။ သူမကြားနေရသောအသံမှာ စည်းချက်ကျစွာဖြင့် ပုံရိပ်ယောင်အတွင်းရှိအရာအားလုံးပျက်ဆီးသွားအောင်ရှေ့ဆောင်လမ်းပြပြုနေသည်မှာ ခြောက်ခြားဖွယ်ရုပ်ရင်တစ်ကားကဲ့သို့ပင် ။ 


အလင်းရောင်ရှိတယ်ဆိုရင်တောင် အလင်းရောင်က အလင်းရောင်အစစ်အမှန်ဖြစ်နေပါ့မလား ...


မုရှင်းစီက မျက်လုံးပွင့်လျှက်သားဖြင့် အရာအားလုံးပြီးဆုံးသွားမည့်အချိန်ကိုသာစောင့်နေလိုက်သည် ။ 


ဟဲဟျွိုက်အန်း တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်မှာသူ၏နှိုးစက်ကမနက် ၆နာရီခွဲတွင်ရင်းနှီးနေသောသီချင်းသံဖြင့် သူ၏အိပ်မက်လေးအားဖျက်ဆီးရန်မြည်လာသည့်အချိန်အထိပင် ။ မျက်လုံးဖွင့်၍ပျင်းရိစွာသမ်းဝေလိုက်ပြီးနောက် ပုံမှန်ကဲ့သို့အိပ်ရာထဲမှဖြည်းဖြည်းချင်းထလာ၏ ။


သို့သော်လည်း အိပ်ရာတစ်ဖက်ကိုကြည့်လိုက်မိသောအခါ အိပ်ရာပေါ်ရှိလူကြောင့်သူ၏အကြည့်များရပ်တန့်သွားရသည် ။ ဟဲဟျွိုက်အန်းကြည့်နေသည့်အချိန်၌ မုရှင်းစီက သူမကိုယ်သူမအိပ်ရာပေါ်တွင်ကောက်ညှင်းထုပ်တစ်ထုပ်ကဲ့သို့စောင်ဖြင့်ရစ်ပတ်ထားကာဖြူဖျော့နေသည့်မျက်နှာသေဖြင့်ငုတ်တုပ်ထိုင်နေ၏ ။ တစ်ချက်ကြည့်လိုက်သည်နှင့် အသက်မဲ့နေသည့်ပလက်စတစ်ရုပ်တစ်ရုပ်ကဲ့သို့ပင် ။


ဟဲဟျိုက်အန်းက မုရှင်းစီ၏အခြေအနေကိုကြည့်ရင်းနှလုံးတစ်ချက်ဆောင့်ခုန်သွားရသည် ။ သူကခဏမျှတုန့်ဆိုင်းနေပြီးနောက် 


" ရှောင်စီ ... အဆင်ပြေရဲ့လား ?"


ဟဲဟျွိုက်အန်း ၏အသံထွက်လာသောအခါမှသာသူ့အား အသက်မဲ့ကာဗလာဖြစ်နေသောအကြည့်များဖြင့်လှည့်ကြည့်လာ၏ ။


ဟဲဟျွိုက်အန်းက မုရှင်းစီ၏ ပုံစံကြောင့်အလွန်စိတ်ပူသွားကာ တုန်လှုပ်စွာဖြင့်မေးလာ၏ ။


" ရှောင်စီ မင်းဘာဖြစ်နေတာလဲ "


မုရှင်းစီ : " ရှင်အသံတစ်ခုခုများမကြားဘူးလား " 


သူမ၏အသံသည်လည်း နည်းနည်းလေးမှအသက်၀င်နေပုံမပေါ်သောကြောင့် ဟဲဟျွိုက်အန်း မှာစိတ်မသက်မသာခံစားလိုက်ရသည် ။ သူကစမ်းသပ်သည့်အနေဖြင့် 


 " ဘာအသံလဲ "


" တစ်ယောက်ယောက်ကတံခါးခေါက်နေတာ ... တစ်ယောက်ယောက်ကတံခါးကိုခေါက်နေတာ "


ဟဲဟျွိုက်အန်းက အတင်းလုပ်ယူကာပြုံး၍


 " ဒီနေရာကလား... "


သူမပြောနေသော်လည်း သူကမူဘာသံမှမကြားရချေ ။


" ဟုတ်တယ် ရှင်နားထောင်ကြည့် " 


မုရှင်းစီက ခြောက်ခြားဖွယ်ကောင်းအောင်ပြုံး၍ သူမ၏လက်ညိုးကိုသွေးမရှိဖြူလျှော်နေသောနှုတ်ခမ်းနားတွင်ကပ်၍ရူးနှမ်းနေသည့်အမူအယာဖြင့်


 " ရှင်သေသေချာချာနားထောင်ကြည့်စမ်းပါ ... တံခါးခေါက်နေတာ ... တစ်ညလုံးတံခါးခေါက်နေခဲ့တာ  ..."

 

ထိုအခါမှသာ ဟဲဟျွိုက်အန်းက မုရှင်းစီနှင့်ပက်သက်၍တစ်ခုခုမှားနေကြောင်းသတိထားမိသွားပြီပင် ။ အမြန်အ၀တ်အစားလဲပြီးနောက် မုရှင်းစီအားဆွဲခေါ်၍ စုန့်ချင်းလော်တို့နှင့်တွေ့ရန်ဆွဲခေါ်သော်လည်း မုရှင်းစီ ကသွားရန်သဘောမတူပါချေ ။ သူမကခေါင်းတတွင်တွင်ခါယမ်းကာ တံခါးအပြင်ဘက်ရှိအရာမှာထွက်မသွားသေးကြောင်းကိုသာ တုန်တုန်ရီရီဖြင့်ပြောဆိုနေ၏ ။ ယခုထိတံခါးခေါက်နေဆဲဖြစ်သဖြင့် သူမကြောက်လန့်ကာအပြင်မထွက်ရဲပါချေ ။ 


ထို့ကြောင့်ရွေးချယ်စရာမရှိတော့ဘဲ ဟဲဟျွိုက်အန်းကအပြင်ထွက်၍ စုန့်ချင်းလော်ကိုသာသွားခေါ်ရတော့သည် ။ သစ်သားတံခါးကိုဖွင့်လိုက်ပြီးနောက်အပြင်သို့လှမ်းထွက်ရန်ခြေလှမ်းလှမ်းသည့်အချိန်တွင်ရုတ်တရက်ရပ်တန့်သွား၏ ။


ဟဲဟျွိုက်အန်း၏ မျက်နှာရှေ့တည့်တည့်၌လူသားတစ်ဦး၏ ခြေထောက်တစ်စုံတွဲလောင်းကျနေ၏ ။ မနက်ခင်းလေပြင်းနှင့်အတူ ထိုခြေထောက်တစ်စုံမှာတွဲလောင်းတွဲလောင်းဖြင့်လှုပ်ယမ်းနေသည် ။ ခေါင်းမော့ကြည့်လိုက်သောအခါ ခြေထောက်တစ်စုံ၏ပိုင်ရှင်ကိုတွေ့လိုက်ရ၏ ။ မျက်နှာတစ်ခုလုံးပြာနှမ်းနေကာမျက်လုံးများလည်းပြူးနေ၏ ။  ခန္ဓာကိုယ်အလေးချိန်ကြောင့်မီးဆိုင်းထုပ်တန်းပေါ်မှပြုတ်ကျလုနီးနီးပင် ။


တစ်ယောက်ယောက်သေသွားပြီ...


ဟဲဟျွိုက်အန်းမှာ ရုတ်တရက်ထွက်ပေါ်လာသောရုပ်အလောင်းကြီးကြောင့် လန့်ကာခြေလှမ်းအနည်းငယ်နောက်ပြန်ဆုတ်လိုက်မိသဖြင့် ခြေထောက်ခေါက်ပြီးကြမ်းပြင်ပေါ်သို့လဲကျသွား၏ ။ မျက်နှာတစ်လုံးသွေးမရှိတော့သည်အထိဖြူဖျော့သွားရပြီး တံခါး၀ရှိတွဲလောင်းကျနေသောအလောင်းကြီးကိုတစ်လှည့် အသက်မဲ့စွာဖြင့် အလောင်းအားစိုက်ကြည့်နေသော မုရှင်းစီကိုတစ်လှည့်ကြည့်နေမိတော့သည် ။ သူ့နောက်မှ မုရှင်းစီ၏ အကြည့်များမှာခြောက်ခြားဖွယ်ကောင်းလွန်းသောကြောင့် ကြက်သီးတဖြန်းဖြန်းထသည်အထိကျောချမ်းလာရ၏ ။


တွဲလောင်းကျနေခြင်းကြောင့်သာမက လေတိုက်ခတ်မှုကြောင့် အလောင်း၏​ခြေထောက်နှစ်ဖက်မှာ သစ်သားတံခါးကိုအသံမြည်အောင်တိုက်မိနေသဖြင့် မုရှင်းစီ တစ်ညလုံးကြားနေရသောတံခါးခေါက်သံထွက်ပေါ်လာရခြင်းဖြစ်သည် ။ 


" ကြည့်ပါလား ကြည့်ပါလား သူတစ်ကယ်ကြီးတံခါးခေါက်နေတာပါဆို " 


တစ်ချိန်လုံး တုန်လှုပ်တိတ်ဆိတ်နေခဲ့သော မုရှင်းစီမှာ ရုတ်တရက်ကြီးကျယ်လောင်စွာရယ်မော၍ ၀မ်းသာအားရလက်ခုပ်တီးကာ


" တစ်ကယ်ကြီးအပြင်မှာတစ်ယောက်ယောက်ရှိနေတာ ... ငါစိတ်ခြောက်ခြားပြီးမြင်နေတာမဟုတ်ဘူး ငါရူးနေတာမဟုတ်ဘူး  !! "


ဟဲဟျွိုက်အန်း မှာစကားပင်မပြောနိုင်တော့ပဲ ကြမ်းပြင်ပေါ်တွင်သတိလက်လွတ်ဖြင့်ထိုင်နေမိတော့သည် ။ အချိန်အတော်ကြာလေစိမ်းတိုက်ခံပြီး၍ အသိစိတ်ကပ်သောအခါမှသာ တုန်တုန်ရီရီဖြင့်ထရပ်၍


" ရှောင်စီ မင်းဒီမှာပဲစောင့်နေလိုက် ငါမစ္စတာစုန့်တို့ကိုသွားခေါ်လိုက်ဦးမယ် "


မုရှင်းစီက စကားတစ်ခွန်းမှပြန်မပြောဘဲ ခြောက်ခြားဖွယ်ကောင်းစွာပြုံးနေမြဲပင် ။


ဟဲဟျွိုက်အန်းက အခန်းထဲမှအလျှင်အမြန်ပြေးထွက်ကာ လူလာရှာသည့်အချိန်၌  လင်ပန့်ရှ နှင့်စုန့်ချင်းလော်တို့မှာ အိပ်ရာထခါစပင်ရှိသေးသည် ။ လင်ပန့်ရှ အိပ်ရာထလျှင်ထချင်းပင် ကြေမွနေသောအ၀တ်အစားများနှင့် အလွန်ကြောက်လန့်နေသော ဟဲဟျွိုက်အန်းကို တွေ့လိုက်ရ၏ ။


" မကောင်းတော့ဘူး မစ္စတာစုန့်  ... ထူးဆန်းတာတစ်ခုခုဖြစ်သွားတယ် "


စုန့်ချင်းလော် : " ဘာဖြစ်လို့လဲ "


" တံခါး၀မှာလူတစ်ယောက်ကိုတွဲလောင်းချိတ်ထားတာ !" 


ဟဲဟျွိုက်အန်းမှာ လူသေများစွာကိုတွေ့မြင်ခဲ့ဖူးသောသူဖြစ်သဖြင့် အလျှင်အမြန်ပင် တံခါး၀ရှိအရာကြီးကိုလက်ခံနိုင်သွား၏ ။ သူကြောက်လန့်သောအရာမှာ တံခါး၀ရှိတွဲလောင်းကျနေသောအလောင်းကြီးမဟုတ်ဘဲ မူရှင်းစီ၏ ထူးဆန်းသောအပြုအမူများနှင့်ကျန်းမာရေးအခြေအနေတို့ပင် ။ 


" မုရှင်းစီရဲ့ အခြေအနေလည်းသိပ်မကောင်းဘူး ... သူမတစ်ခုခုဖြစ်ခဲ့ပုံရပေမဲ့ ဘာဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော်မသိတော့ဘူး "


စုန့်ချင်းလော် : " ဒါဆိုလဲ သွားကြည့်ကြရအောင် "


သုံးယောက်သား ဟဲဟျွိုက်အန်းနှင့်မုရှင်းစီ တို့တည်းခိုသောအိပ်ခန်းနေရာကိုသွားကြည့်သောအခါတံခါး၀၌အလောင်းကြီးမှာတွဲလောင်းတွဲလောင်းဖြစ်နေဆဲဖြစ်သည် ။ လေတိုက်လိုက်သည်နှင့် လေနှင့်အတူအလောင်းမှာညင်သာစွာလှုပ်စိလှုပ်စိဖြစ်နေ၏ ။ ညအမှောင်ထဲ၌သာမြင်လိုက်ရမည်ဆိုပါက ထိုရုပ်အလောင်းမှာအသက်ရှင်နေသောသူတစ်ယောက်ဟုပင်ထင်မှတ်စရာဖြစ်နေသည် ။ တွေ့အကြုံများသော အလောင်းသိမ်းသူတစ်ယောက်အနေနှင့်ပြောရမည်ဆိုလျှင် ဆွဲကြိုးချသတ်သေခြင်းသည် သက်တောင့်သက်သာရှိသောသေဆုံးခြင်းနည်းလမ်းတစ်ခုတော့မဟုတ်ပေ ။ ပုံမှန်အားဖြင့် လည်ပင်အားကြိုးဖြင့်ဖိညှစ်ထားသကဲ့သို့ဖြစ်နေကာခန္ဓာကိုယ်တစ်ခုလုံး၏အလေးချိန်သည် ကြိုးတင်ထားသောလည်ပင်းပေါ်တွင်သာမူတည်နေသဖြင့်မိနစ်အနည်းငယ်ကြာသည်အထိသတ်သေသူသည်ပြင်းထန်သောနာကျင်မှုကိုခံစားရလိမ့်မည်ပင် ။ သူတို့၏ရှေ့တွင်ရှိနေသော သေဆုံးပြီးသားရုပ်အလောင်းသည် ကြိုးဆွဲဆုံးသူများ၏ ရုပ်ပျက်ဆင်းပျက်ဂုဏ်အင်လက္ခဏာတို့အပြည့်နှင့်ဖြစ်၏ ။ 


စုန့်ချင်းလော် : " အလောင်းကိုအရင်ဖယ်ကြရအောင် " 


ဟဲဟျွိုပ်အန်းက ခေါင်းညိမ့်၍


" အင်း " 


" မုရှင်းစီ ... မင်းအဆင်ပြေရဲ့လား " 


လင်ပန့်ရှ အခန်းထဲသို့၀င်လိုက်သည်နှင့် မုရှင်းစီ တစ်ယောက်သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအားစောင်များဖြင့်တင်းတင်းကြပ်ကြပ်ထုပ်ထားကြောင်းတွေ့လိုက်ရသည် ။ သူမက လင်ပန့်ရှ၏အမေးစကားကိုကြားသောအခါ ခေါင်းမော့ကြည့်လာသော်လည်း စကားတစ်ခွန်းပြောရန်ပင်အနိုင်နိုင်အားယူနေရ၏ ။


" အဆင်ပြေပါတယ် "


စုန့်ချင်းလော်လည်း အခန်းထဲသို့၀င်လာပြီး မုရှင်းစီ၏အခြေအနေကိုမြင်သောအခါ စကားတစ်ခွန်းမျှမပြောဘဲ သူ့လက်ကို သူမရှေ့သို့ဆန့်ထုတ်လိုက်သည် ။ သူ၏လက်ဖ၀ါးထဲ၌ အဖြူနှင့်အနက်အံစာတုံးနှစ်တုံးရှိနေပြီး ရည်ရွယ်ချက်မှာသိသာလှ၏ ။


" ဟင့်အင်း ...ကျွန်မ မလုပ်ချင်ဘူး !" 


၀ိညာဥ်လွင့်နေသကဲ့သို့ဖြူဖျော့နေသော မုရှင်းစီမှာ အံစာတုံးနှစ်တုံးကိုမြင်သောအခါ ကြောက်လန့်တကြားဖြင့် ရုတ်တရက်ကြီးနောက်ဆုတ်ကာရှောင်ပုန်းတော့သည် ။ 


" မစ္စတာစုန့် ကျွန်မရူးနေတာမဟုတ်ဘူး ... ကျွန်မစစ်ဆေးဖို့မလိုပါဘူး "


စုန့်ချင်းလော်က နူးညံ့ညင်သာစွာဖြင့်


" မကြောက်ပါနဲ့ "


" ကျွန်မမလုပ်ချင်ဘူး ... ကျွန်မရူးနေတာမဟုတ်ဘူး ... ကျွန်မအဆင်ပြေတယ် ..."


စုန့်ချင်းလော်၏ လက်ထဲရှိအရာများမှာအဖြူအမဲအံစာတုံးနှစ်တုံးမဟုတ်ဘဲ လူသတ်လက်နက်များဖြစ်နေသကဲ့သို့ မုရှင်းစီက အံစာတုံးလှိမ့်မည်မဟုတ်ကြောင်းအကြောက်အကန်ငြင်းဆိုကာငိုယိုနေတော့သည် ။


စုန့်ချင်းလော်က ခဏမျှတိတ်ဆိတ်နေပြီးနောက်ပြောလာ၏ ။


" မင်းဒီနေရာမှာမသေချင်ဘူးမလား "


မုရှင်းစီ သက်ပြင်းခပ်ဖွဖွချလာ၏ ။


စုန့်ချင်းလော်: " ယူလိုက်တော့ "


မုရှင်းစီက တုန်လှုပ်စွာဖြင့်အံစာတုံးများကိုလက်လှမ်းယူပြီးနောက် ငိုရင်းဖြင့်အိပ်ရာပေါ်သို့ပစ်ချလိုက်သည် ။ အံစာတုံးများမှာဖြည်းဖြည်းချင်းလိမ့်သွားပြီးနောက် အနက်ရောင်အံစာတုံးကနံပါတ်၉ အဖြူရောင်အံစာတုံးက နံပါတ်၈တို့၌ရပ်တန့်သွား၏ ။ စုစုပေါင်းအမှတ်မှာ ၈၉ ပင် ။ 


နံပါတ်များနှင့်ပက်သက်၍ လင်ပန့်ရှ သေသေချာချာမသိသော်လည်း ဂဏန်းတန်ဖိုးအရမ်းများနေခြင်းသည် ကောင်းသောအရာမဟုတ်နိုင်မှန်းတော့ရိပ်မိ၏ ။ မုရှင်းစီက အားပါးတရရယ်မော၍ 


" တွေ့ပြီလားမစ္စတာစုန့် ... ကျွန်မမရူးဘူး အဆင်ပြေတယ် ကျွန်မမရူးဘူး "


စုန့်ချင်းလော်က အံစာတုံးများကိုပြန်သိမ်းပြီးနောက် ဟဲဟျွိုက်အန်းကိုကြည့်ကာပြောလိုက်သည် ။


" ဒီနေ့နေ့လည်မတိုင်ခင်သူ့ကိုရွာထဲကနေအပြင်ပို့ပေးလိုက်တော့ "


ဟဲဟျွိုက်အန် : " ဒါက  ... အရမ်းလောမနေဘူးလား ?"


" သူမရဲ့အခုလက်ရှိအခြေအနေကိုလည်းကြည့်ဦး " 

စုန့်ချင်းလော်က အေးစက်စွာဖြင့် 


" ဒီညနေအထိအသက်ရှင်နိုင်လိမ့်မယ်လို့ထင်လို့လား "


ဟဲဟျွိုက်အန်း မငြင်းဆန်နိုင်ပါချေ ။


" သွားမယ် ... ငါနဲ့အတူအလောင်းစစ်ဆေးဖို့လိုက်ခဲ့ " 


စုန့်ချင်းလော်က ထိုနှစ်ယောက်ကိုလျှစ်လျှူရှုပြီးနောက် လင်ပန့်ရှကိုသာ အခန်းထဲမှခေါ်ထုတ်လာ၏ ။ 


နှစ်ယောက်သား တံခါး၀ရှိအလောင်းတစ်ခုလုံးကိုမည်မျှပင်စစ်ဆေးသည်ဖြစ်စေ သေဆုံးသွားသူတွင်မိမိကိုယ်ကိုသတ်သေသည့်လက္ခာဏာများကလွဲ၍ အခြားသောကိုယ်ခန္ဒာပြင်ပထိခိုက်မှုတစ်စုံတစ်ရာကိုမတွေ့ရချေ ။ 


" ရွာသူကြီးကိုအသိပေးကြမလား ... သူသိသင့်တယ်လို့ကျွန်တော်ထင်တယ်  "


စုန့်ချင်းလော် : " ငါသူ့ကိုသွားရှာလိုက်မယ် "


စုန့်ချင်းလော် ရွာသူကြီးအားရှာရန် ထွက်သွားပြီးနောက်ခဏအကြာ၌ပြန်လာ၏ ။ ရွာသူကြီး အိမ်မှာမရှိဘဲ မနေ့ညကတည်းကအပြင်ထွက်သွားခြင်းဖြစ်နိုင်သော်လည်း ယခုထိပြန်မရောက်သေးပေ ။


လင်ပန့်ရှက စိတ်မကောင်းဖြစ်စွာဖြင့် 


" အခုကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ... ဒီတိုင်းကြီးထားခဲ့ရမှာလား "


" ဧည့်ခန်းထဲကိုအရင်သွားကြည့်ရအောင် " 


စုန့်ချင်းလော်က နာရီကိုကြည့်လိုက်ပြီးနောက် 


" မနက်စာအရင်စားပြီးမှကျန်တာဆက်ဆွေးနွေးကြမယ် "


သူတို့နှစ်ဦးမနက်စာစားမည်ဖြစ်သဖြင့် မုရှင်းစီနှင့် ဟဲဟျွိုက်အန်း တို့ကိုပါမနက်စာအတူတူစားမလားဟုမေးလိုက်သည် ။ 

ဟဲဟျွိုက်အန်းမှာမူ ဗိုက်ဆာနေပြီဖြစ်သော်လည်း အခြေအနေမူမမှန်သော မုရှင်းစီအားစိတ်ပူသောကြောင့် တစ်ယောက်ထဲမထားခဲ့နိုင်သဖြင့် နောက်မှစားမည်ဟုသာဆိုလေ၏ ။ သို့သော်လည်း ထိုနှစ်ဦးတွင်တစ်ယောက်ကမှထမင်းစားလိုစိတ်ရှိပုံမရပေ ။ ပြန်ပို့ခံရတော့မည်ကိုသိပြီးနောက် မုရှင်းစီကမရယ်တော့သလို စကားလဲမပြောတော့ဘဲ ကိုယ့်ကိုယ်ကိုစောင်နှင့်ထုပ်၍ကုတင်ပေါ်တွင်လှဲနေ၏ ။ သူမ မည်သည်ကိုတွေးတောနေသည်မှန်းဘယ်သူမှမသိနိုင်ပေ ။


ရိက္ခာချွေတာရမည်ဖြစ်သဖြင့်မနက်စာမှာရိုးရှင်းသော ဘီစကွတ်နှင့်တွင်းထွက်သောက်ရေသန့်များသာဖြစ်သည် ။ စုန့်ချင်းလော်က ခံတွင်းပျက်နေသောကြောင့် ဘီစကစ်နှစ်ချပ်မျှစားပြီးနောက်ဆက်မစားတော့ချေ ။ လင်ပန့်ရှကမူ နောက်ထပ်မည်မျှကြာကြာနေရဦးမည်မသိသောကြောင့် ရိက္ခာမလောက်မည်စိုးသဖြင့် အများကြီးမစားရဲပေ ။ ဘီစကစ်အနည်းငယ်စားပြီးနောက် လင်ပန့်ရှက အထုပ်ပိတ်၍ပြန်သိမ်းလိုက်ကာ ရှေ့ဆက်၍ဘာလုပ်မည်ကိုမေးမြန်းလာ၏ ။


" သူတို့ပြောတဲ့မြစ်ဆီသွားကြည့်ရအောင် ... မနေ့ကနေ့လည်ငါအပြင်ထွက်တုန်းက အသုဘပွဲမှာပါတဲ့မိန်းကလေးကိုတွေ့ခဲ့ရတယ် "


လင်ပန့်ရှ : " ခေါင်းကိုလာကောက်တဲ့တစ်ယောက်လား "


" အင်း ... သူက ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်သေသွားတဲ့နေရာကိုတိတိကျကျပြောပြလာတယ် ... ငါတစ်ချက်လောက်သွားကြည့်ချင်လို့ "


လင်ပန့်ရှ :  " ကျွန်တော်လည်း လိုက်ခဲ့မယ် "


စုန့်ချင်းလော် သဘောတူလိုက်သည် ။


" ကောင်းပြီ " 


အပြင်မသွားမှီ မုရှင်းစီနှင့် ဟဲဟျွိုက်အန်းတို့အားတစ်ခေါက်သွားကြည့်လိုက်ကြသေး၏ ။ အစောကအခြေအနေနှင့်နှိုင်းယှဥ်လျှင် မုရှင်းစီမှာ အတော်လေးသက်သာနေပြီဖြစ်ကာ အိပ်ရာထဲမှထွက်၍အခန်းထဲတွင်ထိုင်နေပြီပင် ။ ဟဲဟျွိုက်အန်းက သူမ၏ဘေးတွင်ထိုင်၍ ခေါင်းငုံ့ကာမှတ်စုရေးနေလေသည် ။ အကယ်၍ အခန်း၀တွင်ယခုလေးတင်ဖြုတ်ချထားသောအလောင်းကြီးသာမရှိပါက လေထုအခြေအနေမှာအတော်လေးလိုက်ဖက်ညီကာနွေးထွေးလိမ့်မည်ဖြစ်၏ ။


သူတို့မြင်သော် ဟဲဟျွိုက်အန်းက မှတ်စုစာအုပ်ကိုအောက်ချကာပြောလိုက်သည် ။ 


" မင်းတို့သွားရင် ဘေးကင်းဖို့ကိုပဲအဓိကဂရုစိုက် ... နေနည်းနည်းပိုသာလာတော့မှရွာကစထွက်တော့မယ် ကြည့်ရတာမကြာခင်မိုးရွာတော့မဲ့ပုံပဲ မိုးကာတွေယူသွားဖို့မမေ့နဲ့  "


စုန့်ချင်းလော် : " အင်း ... မင်းလည်းအသွားအပြန်ကိုအလျှင်မလိုနဲ့ လုံခြုံဖို့ကိုအဓိကဂရုစိုက် " 


ဟဲဟျွိုက်အန်းက ခေါင်းညိမ့်ပြီးနောက် သူတို့နှစ်ဦးထွက်သွားသည်ကိုသာအနောက်မှကြည့်နေ၏ ။ ထိုအချိန်၌ ကောင်းကင်ယံတွင်တစ်ဖန်မိုးအုံ့လာပြန်သည် ။ မနက်အစောပိုင်းသာရှိသေးသော်လည်း မနက်ခင်းအရသာကိုမခံစားရဘဲ အလင်းရောင်မှာ ညနေခင်းနေ၀င်ခါနီးမှုန်ရီရီအချိန်ကဲ့သို့ဖြစ်နေ၏ ။ ပြင်းပြင်းထန်ထန်ဝေ့ဝိုက်တိုက်ခတ်လာသောလေပြင်းမှာ ဓားတစ်လတ်ကဲ့သို့ဟောင်းနွမ်းသောပြတင်းပေါက်များအားလာရောက်ရိုက်ခတ်၏ ။ ဟဲဟျွိုက်အန်းက တိတ်ဆိတ်နေသောမုရှင်းစီအားတစ်ချက်ကြည့်ပြီးနောက် ပြတင်းပေါက်သွားပိတ်လိုက်လေသည် ။


စုန့်ချင်းလော်လည်း မိုးကာအကျီ၀တ်လိုက်ပြီးနောက် လင်ပန့်ရှ နှင့်အတူခြံ၀န်းထဲမှထွက်လိုက်သည် ။ 


လမ်းသွားနေရင်းဖြင့် လင်ပန့်ရှက အံစာတုံးများအကြောင်းနှင့် နံပါတ်တန်ဖိုးများကိုမည်ကဲ့သို့သတ်မှတ်ကြောင်း မေးလာ၏ ။


" ငါအရင်တုန်းကပြောခဲ့သလိုပဲ အံစာတုံးတွေပေါ်ကနံပါတ်က စိတ်ခံစားချက်အခြေအနေကိုဖော်ပြပေးတာ ၁ကနေ ၆ အထိဆိုရင်စိတ်အခြေအနေတော်တော်ကောင်းတယ်လို့ပြောလို့ရတယ် ၉၆ ကနေ ၁၀၀ အထိဆိုရင်စိတ်ပိုင်းဆိုင်ရာအခြေအနေကပြိုလဲကျလုနီးနီးကိုဖြစ်နေပြီ နံပါတ်၉၆ ထက်ကျော်နေပြီဆိုရင်တော့ အဲ့ဒီလူကမကြာခင်ရူးတော့မှာသေချာသလောက်ပဲ ... အဲ့ဒီလိုအခြေအနေမျိုးဆိုရင် ပတ်၀န်းကျင်မှာလည်းထူးဆန်းတာတွေတစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာလိမ့်မယ် ... နောက်ဆုံးအဲ့ဒီလူရူးသွားတဲ့အချိန်အထိ  "


စုန့်ချင်းလော်က အေးအေးဆေးဆေးဆက်လက်ရှင်းပြလာ၏ ။ 


" အဲ့ဒီ့အပြင်ကိုစိတ်ပိုင်းဆိုင်ရာခံစားချင်တွေက ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကိုလည်းသက်ရောက်မှုရှိနေသေးတယ် ... ဥပမာ မုရှင်းစီ လိုမျိုးဆိုရင် စိတ်ပိုင်းဆိုင်ရာပြိုလဲကျပြီးမကြာခင်မှာတင် ခန္ဓာကိုယ်ကတောင့်မခံနိုင်ပဲသေသွားမှာ ... ဒီညတောင်ကျော်နိုင်မှာမဟုတ်လောက်ဘူး "


လင်ပန့်ရှက သမ်းဝေလိုက်ပြီးနောက် 


" ကျွန်တော်ကျတော့ ဘာလို့အံစာတုံးမလှိမ့်ရတာလဲ "


စုန့်ချင်းလော်က တည်တည်ငြိမ်ငြိမ်ဖြင့် 


" ဘာလို့လဲဆိုတော့ မင်းရဲ့တုံ့ပြန်မှုနှေးကွေးတဲ့အခြေအနေကိုဖော်ထုတ်လိုက်သင့်မသင့်မသေချာသေးလို့ "


လင်ပန့်ရှ : "..."


စုန့်ချင်းလော် : " နောက်နေတာပါကွာ "


လင်ပန့်တစ်ယောက် မချိုမချဥ်ငါးခူပြုံးလေးဖြင့်ပြန်ပြုံးပြလိုက်ရရှာသည် ။

 

​စကားပြောရင်းလျှောက်လာခဲ့ကြသည်မှာ ရွာသားများပြောသည့် မြစ်အနီးသို့ရောက်လာသည့်အချိန်အထိပင် ။ ထိုသည်ကမြစ်ဆိုသည်ထက် တောင်ကျချောင်းလေးတစ်စင်းနှင့်ပိုတူ၏ ။ တောင်ပေါ်မှအရည်ပျော်ကျလာသောဆီးနှင်းရေများကချိုင့်၀ှမ်းလေးအတွင်းသို့စီး၀င်နေကြသည် ။ သည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့သောမိုးကြောင့် မိုးရေများပါရောနှောနေပြီး ရေမျက်နှာပြင်မှာလက်မအနည်းငယ်မြင့်တက်နေ၏ ။


စုန့်ချင်းလော်က မြစ်ကမ်းနားမှကျောက်ရိုင်းတုံးများပေါ်မှကျော်ခွသွားရင်း


" ဟောက်ရုံနန်က ဒီနေရာမှာရေနစ်ပြီးသေသွားခဲ့တာ "


လင်ပန့်ရှကတစ်ချက်ကြည့်ကာ 


 " ရေလည်းသိပ်မနက်တာကို ဘယ်လိုဖြစ်ပြီးရေနစ်သေရတာလဲ "


နှစ်ယောက်စကားပြောနေသည့်အချိန်မှာပင် သူတို့နှင့်မနီးမဝေးမှတဖြည်းဖြည်းနီးကပ်လာသောခြေသံများကိုကြားလိုက်ရသည်  ။ စုန့်ချင်းလော်က လင်ပန့်ရှအား မျက်စိတစ်ဖက်မှိတ်ပြလိုက်သောအခါ နှစ်ယောက်သားနားလည်မှုရှိစွာဖြင့် သူတို့ဘေးတွင်ရှိသော သစ်တုံးနောက်တွင်၀င်ပုန်းလိုက်ကြ၏ ။


ခဏမျှကြာသောအခါ ပုခုံးပေါ်တွင်သစ်သားရေပုံးကြီးနှစ်ပုံးပါသောထမ်းပိုးတစ်ခုကိုထမ်း၍တောအုပ်ထဲမှထွက်လာသည့်မိန်းမငယ်လေးတစ်ဦးကိုတွေ့လိုက်ရသည် ။ သူမ၏ခန္ဓာကိုယ်မှာအလွန်ပိန်ပါးနေပါသော်လည်း သစ်သားရေပုံးကြီးနှစ်ပုံးကိုသယ်၍ မြစ်နားသို့လာသည်မှာ ကျင့်သားရနေပုံပေါ်သဖြင့်ချော်လဲသွားခြင်းမျိုးမရှိပေ ။ သစ်သားရေပုံးများကို မြစ်စပ်တွင်ချ၍ရေခပ်နေသည်မှာ ရေပုံးနှစ်ခုလုံးရေပြည့်သွားသည့်အချိန်အထိပင် ။


" ဟေး ... အဲ့တာ ခင်ဗျားပြောတဲ့မိန်းကလေးမဟုတ်လား" 


လင်ပန့်ရှက လေသံတိုးတိုးဖြင့်ဆက်ပြော၏ ။


" ကျွန်တော်တို့နဲ့တကယ်ရေစက်ပါပုံရတယ်နော် "


" အင်း " 


စုန့်ချင်းလော်ပြန်ဖြေသောအခါ လင်ပန့်ရှကထပ်မေးလာ၏ ။


" ခင်ဗျားသူ့ကိုသွားနှုတ်ဆက်မှာလား ?" 


စုန့်ချင်းလော်က ခဏမျှတွေးနေပြီးနောက်ခေါင်းငြိမ့်ကာ


 " သေချာတာပေါ့ ... ငါသူ့ကိုသေသေချာချာမေးစရာတွေရှိသေးတယ် "


ထိိုသို့ပြောပြီးနောက် နှစ်ဦးသားပုန်းခိုနေရာမှအပြင်သို့ထွက်လိုက်ကြသည် ။ မိန်းကလေးမှာရေခပ်နေစဥ်သူမ၏နောက်မှခြေသံများကြား၍လှည့်ကြည့်လိုက်သောအခါ အမျိုးသားကြီးနှစ်ဦးကိုတွေ့လိုက်ရ၏ ။ သူမမှာထိတ်လန့်လွန်း၍အသံပင်မထွက်နိုင်တော့ချေ ။


" ဟယ်လို " 


စုန့်ချင်းလော်က ဖော်ဖော်ရွေရွေဖြင့်


 " မနေ့ကနေ့လည်တုန်းကစကားပြောခဲ့ကြသေးတယ်လေ "


သူမကအသေအချာစိုက်ကြည့်နေပြီးမှ မှတ်မိသွားဟန်ဖြင့် 


" အိုး  ... ရှင်ကိုး " 


စုန့်ချင်းလော်အားတွေ့သောအခါ သူမ၏ပါးပြင်မှာရှက်သွေးဖြာကာနီရဲသွားလျှက် ၀ဲကျနေသောဆံစများကိုနားနောက်သို့သပ်တင်လိုက်သည် ။


" ရှင်ဘယ်လိုလုပ်ပြီး ဒီချောင်းလေးနားကိုရောက်လာရတာလဲ "


စုန့်ချင်းလော်က သူမ၏မေးခွန်းကိုပြန်မဖြေဘဲမေးခွန်းထပ်မေးလိုက်၏ ။


 " ဒီနေရာမှာလူသေခဲ့တာမဟုတ်လား အဲ့တာကိုဘာလို့ ဒီနေရာကနေရေခပ်နေတုန်းလား "


" တခြားနည်းလမ်းလည်းမရှိဘူးလေ ရွာတစ်ခုလုံးသုံးနေတဲ့ရေကိုထောက်ပံ့ပေးနေတာဒီမြစ်ပဲရှိတယ် မြစ်ထဲကရေကိုမှမသုံးရင် သုံးစရာတခြားရေမရှိတော့ဘူး " 


စုန့်ချင်းလော် : " ကိုယ့်နာမည်က စုန့်ချင်းလော်ပါ ဒါကိုယ့်သူငယ်ချင်း လင်ပန့်ရှ ... မင်းနာမည်ကရော ?"


" ကျွန် ... ကျွန်မနာမည်က ကျန်းရုံနန်ပါ " 


သူမက လင်ပန့်ရှကိုတစ်ချက်ကြည့်၍


 " ရှင်နဲ့ ရှင့်သူငယ်ချင်းတို့က  ... ဒီမှာဆက်နေကြဦးမလို့လား ? ရွာကအချိန်အကြာကြီးခံမှာမဟုတ်တော့ဘူး "


လင်ပန့်ရှ : " မင်းတစ်ခုခုသိထားလို့လား ?"


လင်ပန့်ရှ တို့အားပြောပြသင့်သလောက်ပြောထားပြီးဖြစ်သည့်အတွက် ဆက်ပြောသင့်မပြောသင့်စဥ်းစားရင်းသူမတုံ့ဆိုင်းနေ၏ ။ သူမ၏အမူအယာကိုတွေ့သောအခါ လင်ပန့်ရှက အမြန်ရှင်းပြလိုက်သည် ။ 


" ငါတို့ကလူဆိုးတွေမဟုတ်ပါဘူး ရွာထဲမှာဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းပေးမလို့ပါ မင်းတကာ်လို့ပြောချင်တာတစ်ခုခုရှိတယ်ဆိုရင်ငါတို့ကိုပြောပြလို့ရပါတယ် ... အချက်အလက်သေးသေးလေးဆိုရင်တောင်မှ ငါတို့စုံစမ်းတဲ့အခါကျရင်အရေးကြီးတဲ့သဲလွန်စတစ်ခုဖြစ်သွားနိုင်တယ် "


ကျန်းရုံနန်က ဆက်လက်တုံ့ဆိုင်းနေဆဲဖြစ်သောကြောင့် စုန့်ချင်းလော်က ညင်ညင်သာသာဖြင့်ပြောလာ၏ ။


" ထားလိုက်ပါတော့ ပန့်ရှ ... သူမမပြောချင်ဘူးဆိုရင်အတင်းတွန်းအားမပေးပါနဲ့ သူမကအခုမှကလေးမလေးသာသာပဲရှိသေးတာလေကွာ  ..."


လင်ပန့်ရှ တစ်ယောက် စုန့်ချင်းလော်၏ မဟားတရားနားလည်မှုအပြည့်အ၀ရှိနေသောပုံစံကိုအံ့သြတကြီးဖြစ်နေချိန်၌ ကျန်းရုံနန်၏ အသံတိုးတိုးလေးထွက်လာ၏ ။ 


" ကျွန်မတစ်ကယ်တော့  ... တစ်ခုခုကိုမြင်ခဲ့တယ် " 


သူမ၏ လက်ချောင်းများကိုသူမဖိနှိပ်နေရင်း အသံသည်လည်းတိုးသထက်တိုးလာ၏ ။


" ရှင်ရဲ့လုပ်ဖော်ကိုင်ဖက် မြစ်ထဲမှာရေနစ်သွားတာကိုကျွန်မမျက်စိနဲ့တပ်အပ်မြင်ခဲ့တယ် "



🐳❤️



အခန်း - ၂၂ ပြီး၏ ။


Translater - Mori ( 12 .10 . 2023 ) { 2 : 56 PM }