အခန်း - ၂၃ : မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၅ )
Viewers 2k

.


အခန်း - ၂၃ : မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၅ ) 



လင်ပန့်ရှ မျက်ခုံးပင့်လိုက်၏ ။ 


" ကျွန်မ အဲ့ဒီနေ့ကရေခပ်ဖို့လာတဲ့အချိန်မှာ "


 ကျန်းရုံနန်က ဖြည်းဖြည်းချင်းဆက်ပြောလာသည် ။ 


" သူမြစ်ထဲကိုချော်ကျသွားတာတွေ့လိုက်တယ် ... ပြီးတော့... သူ့ခေါင်းက ကျောက်တုံးနှစ်တုံးကြားမှာညပ်နေခဲ့တာ ကျွန်မကူညီဖို့သွားခဲ့ပေမဲ့ ဘယ်လိုပဲလုပ်လုပ်ခေါင်းကိုဆွဲမထုတ်နိုင်ခဲ့ဘူး ... ညပ်နေတုန်းပဲ "


သူမကခေါင်းငုံ့လိုက်ကာ အသံမှာလည်း ပိုမိုတိမ်ဝင်သွားပြီးအလွန်ကြောက်လန့်နေပုံရ၏ ။


" ဘယ်လိုဖြစ်ပြီး ဒီလိုမတော်တဆမှုဖြစ်တာလဲတော့ ကျွန်မမသိဘူး ကျောက်တုံးနှစ်တုံးကြားထဲမှာခေါင်းညပ်နေတာမှ အံ၀င်ခွင်ကျပဲ ဘယ်လိုမှဆွဲထုတ်လို့မရဘူး ... ခဏလောက်ကြာတော့ရေမွန်းပြီး သူသေသွားတယ် ... ကျွန်မကဘေးမှာရှိနေခဲ့တာဆိုတော့ အလောင်းကိုတွေ့တဲ့အခါကျရင် သံသယ၀င်ခံရမှာစိုးလို့ ဘယ်သူ့ကိုမှမပြောခဲ့တာ "


စုန့်ချင်းလော် : " သူလဲဒီကိုရေခပ်ဖို့လာခဲ့တာများလား ?"


ကျန်းရုံနန် : " မဖြစ်နိုင်ဘူး ... ရေခပ်ဖို့သူ့မှာရေပုံးတောင်ပါမလာတာ ရေလာခပ်တာမဖြစ်နိုင်ဘူး "


စုန့်ချင်းလော်က ခဏမျှစဥ်းစားနေပြီးနောက် နောက်ထပ်မေးခွန်းတစ်ခုကိုမေးလာသည် ။


"  မင်းတို့ရွာထဲကသေဆုံးသွားတဲ့လူတွေရဲ့ သေဆုံးတဲ့အချိန်နေရာနဲ့ သေဆုံးရတဲ့အကြောင်းအရင်းတွေကို မှတ်တမ်းတင်ထားတာရှိလား "


" စာနဲ့ချရေးထားတဲ့ဟာကိုပြောတာလား ... အကုန်လုံးကဖိုးဖိုးရဲ့အိမ်မှာရှိလောက်တယ် ဖိုးဖိုးကအကြီးအကဲတစ်ယောက်ဆိုတော့ ဖျားနာတာတွေကိုဘယ်လိုကုသရမလဲဆိုတာသိတယ်လေ ပုံမှန်ဆို တစ်ခုခုဖြစ်တာနဲ့အဲ့ဒီလူကိုသူ့ဆီသယ်သွားကြတာပဲ အလောင်းတွေကိုလည်း ဖိုးဖိုးကပဲစစ်ဆေးပေးတာများတယ် ... ဒါပေမဲ့ သူ့ဆီသွားဖို့တော့ ကျွန်မမတိုက်တွန်းချင်ဘူး ... သူကရွာသားမဟုတ်တဲ့သူစိမ်းတွေကိုသိပ်ပြီးသဘောမကျဘူးလေ " 


စုန့်ချင်းလော် : " အင်း ... ပထမဆုံးသေသွားတဲ့လူကဘယ်အချိန်ကသေသွားတာလဲ ?"


" မတ်လအလယ်လောက်တုန်းက " 


ကျန်းရုံနန်က ဖြည်းဖြည်းချင်းပြန်တွေးကာ 


" ကျွန်မသေသေချာချာမှတ်မိသေးတယ် အဲ့ဒီနေ့ကရာသီဥတုအရမ်းသာယာနေခဲ့တာ နေအပူရှိန်ကြောင့် နှင်းတွေတောင်အရည်ပျော်စပြုနေပြီ... ရွာထဲကအမျိုးသားတစ်ယောက် အဝတ်လာလျော်တာ မြစ်ကမ်းစပ်နားမှာအဝတ်လျှော်ပြီးပြန်ထတော့ခြေမခိုင်ဘဲလဲကျပြီး ကျောက်တုံးနဲ့ခေါင်းနဲ့ရိုက်မိသွားတဲ့အသံကအကျယ်ကြီးပဲ ပြုတ်ကျသွားတော့ သူ့လည်ပင်းကြီးတစ်ခုလုံးအရိုးတွေကျိုးကြေပြီးလိမ်သွားတာကြက်တစ်ကောင်လည်လိမ်ခံလိုက်ရသလိုပဲ  "


ကျန်းရုံနန်က စကားပြောရင်းရေခပ်နေသည်ဖြစ်သောကြောင့် သူမပြောပြီးသည်နှင့်အချိန်ကိုက်ပင် ရေပုံးများထဲ၌ရေပြည့်သွားပြီပင် ။ ထမ်းပိုးကိုပုခုံးပေါ်တင်၍ဂရုတစိုက်သယ်လိုက်ကာ ရွာထဲသို့ပြန်ရန်ခြေလှမ်းပြင်လိုက်သည် ။ လင်ပန့်ရှက စုန့်ချင်းလော်အားကြည့်ကာ 


" သွားစစ်ဆေးကြည့်ကြမလား "


စုန့်ချင်းလော်က ခေါင်းညိမ့်၍


" သွားကြတာပေါ့ " 


မည်သည့်နေရာသို့သွားကြမည်ကိုထုတ်မပြောသော်လည်း နှစ်ယောက်စလုံး၏စိတ်ထဲတွင်အတိအကျသိရှိပြီးဖြစ်၏ ။

 

ဟဲဟျွိုက်အန်း နှင့် မုရှင်းစီတို့နှစ်ဦးသည် ရာသီဥတုကြည်လင်လာရန်စောင့်ဆိုင်းနေပါသော်လည်း ပိုမိုကောင်းမွန်လာရန်အရိပ်အယောင်မရှိပါချေ ။ လင်ပန့်ရှနှင့်စုန့်ချင်းလော်တို့ အပြင်ထွက်သွားပြီးတစ်နာရီမျှကြာသောအခါ၌ မိုးစတင်ရွာသွန်းလာတော့၏ ။ ပဲစေ့အရွယ် မိုးစက်မိုးပေါက်များမြေပြင်ပေါ်သို့ကျဆင်းရိုက်ခတ်လာသည်မှာရေစက်လေးများအတိုင်းမြေပြင်ပေါ်၌အပေါက်လေးများကြွင်းကျန်ရစ်သည်အထိပင် ။


မုရှင်းစီ သည်အ၀တ်အစားလဲကာအထုပ်အပိုးများထုပ်ပိုးပြီးနောက် တိတ်တဆိတ်သာ ဟဲဟျွိုက်အန်း ၏ဘေးတွင်ထိုင်နေ၏ ။ သူမကပြတင်းပေါက်အပြင်ဘက်သို့ ဝမ်းနည်းမှိုင်တွေစွာငေးကြည့်နေကာ သူမမည်သည့်အကြောင်းများကိုတွေးနေသနည်းမည်သူမျှမသိနိုင်ချေ ။ 


ဟဲဟျွိုက်အန်း : " သွားရအောင် "


ရာသီဥတုကအခြေအနေသည်ပိုမိုကောင်းမွန်လာရန်လမ်းစမရှိပေ ။ 


" ရှင်ဘယ်သွားမလို့လဲ "


" မင်းကိုတောင်အောက်လိုက်ပို့ပေးမလို့လေကွာ " 


ဟဲဟျွိုက်အန်းမှာ မုရှင်းစီအတွက်စိုးရိမ်နေလေသည် ။


" ဒီမှာခဏလေးစောင့်ဦး ငါမိုးကာဖို့တစ်ခုခုသွားရှာပြီးပြန်လာခဲ့မယ် ... "


မုရှင်းစီမှာမူတစ်ချက်သမ်းဝေလိုက်ပြီးနောက် ဟဲဟျွိုက်အန်းတံခါးမှထွက်သွားသည်ကိုသာငေးကြည့်နေလေသည် ။ 


မိုးစက်မိုးပေါက်များကပိုမိုသည်းထန်စွာရွာသွန်းလာပြီး ထူထဲသည့်ခန်းစီးလိုက်ကာတစ်ခုကဲ့သို့ အပြင်လောကကြီးနှင့် ထိုအိမ်ငယ်လေးအားပိုင်းခြားပစ်လိုက်၏ ။ 


တဖြောက်ဖြောက်ရွာသွန်နေသောမိုးစက်များ၏ အလယ်၌ထူးဆန်းသောအသံတစ်ခုရောနှောနေကြောင်း မုရှင်းစီ သတိထားမိသွားသည် ။ တိရစ္ဆာန်တစ်ကောင် ဆွဲဆွဲငင်ငင်အော်မြည်နေသကဲ့သို့ ဝမ်းနည်းစွာငို​ကြွေးမြည်တမ်းနေသောအသံမျိုးကဲ့သို့ပင် ။ သူမကြားနေရသောအသံမှာအမှန်ပင်ဖြစ်ကြောင်း သိပါ၏ ။ ခေါင်းတလားအတွင်းမှကုတ်ခြစ်သံနှင့် အခန်းတံခါးဝမှတတောက်တောက်ခေါက်သံကဲ့သို့သောအသံများကဲ့သို့ပင် သူမအားခေါ်ဆိုနေသောအသံမှာလည်း အပြင်ဘက်မှအမှန်တကယ်ခေါ်ဆိုနေခြင်းဖြစ်သည် ။ 


" ထွက်လာ  ... ထွက်လာခဲ့ ..."


" ထွက်လာ  ... ထွက်လာခဲ့  ..."


ထိုတီးတိုးခေါ်ဆိုနေသောအသံက မုရှင်းစီအားစွမ်းအားတစ်မျိုးမျိူးဖြင့်ညို့ငင်လိုက်သကဲ့သို့ခြေတစ်လှမ်းချင်းစီလှမ်းချင်းစီလှမ်းလာရန်ဖိအားပေးနေ၏ ။ မသိစိတ်မှမသွားရန်တားမြစ်နေပါသော်လည်း ထိုအသံ၏ရင်းမြစ်ကို သိချင်နေသေးသည် ။ စိတ်ထဲတွင်အကြိမ်ကြိမ်လွန်ဆွဲနေပြီးနောက်ဆုံး၌ သိလိုစိတ်ကအနိုင်ရသွားကာ ခက်ခက်ခဲခဲဖြင့်ဖြည်းဖြည်းချင်းရှေ့တိုးသွားတော့၏ ။


ပြတင်းပေါက်အနားသို့ရောက်သောအခါ အပြင်တစ်ဖက် ပြတင်းပေါက်အနီးနား၌အမျိုးသမီးတစ်ဦးရပ်လျှက်ရှိနေကြောင်းတွေ့လိုက်ရသည် ။ 

 

ထိုအမျိုးသမီးကသူမအားလှည့်ကြည့်လာကာ မျက်နှာထက်တွင်ဖုံးအုပ်နေသော ဆံပင်အရှည်ကြီးများကိုပင် လက်ဖြင့်ဖယ်နေသေး၏ ။ အနက်ရောင်ဆံနွယ်များမှာထူထဲရုံသာမကခြေဖျားသို့ရောက်သည်အထိရှည်လျားလှသည် ။ ရူးနှမ်းနေသည့်နှယ် သူမ၏ဆံပင်များကိုလက်ဖြင့်ဆုပ်ကာနုတ်နေပြီးနောက် ဆံပင်များအားမြေကြီးပေါ်တွင်အပုံလိုက်ပစ်ချလိုက်၏ ။ ဤသို့ဖြင့်ဦးရေပြားပေါ်၌ ဆံချည်မျှင်တစ်မျှင်မျှမရှိတော့အခါ ဖြည်းဖြည်းချင်းဖြင့် အဝတ်အစားချွတ်နေသကဲ့သို့ အရေပြားကိုပါဆွဲခွာလာလေသည် ။ သွေးများတစ်စက်ချင်းစီစိမ့်ထွက်နေသောကြွက်သားများကိုပင်လက်ဖြင့်ကုတ်ဆွဲ၍ အရိုးဖြူဖြူများကိုပါလှစ်ဟပြသလာ၏ ။

 

မုရှင်းစီ အော်ဟစ်ရန်ကြိုးစားလိုက်ပါသော်လည်း မလှုပ်နိုင်ပါချေ ။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကျောက်ရုပ်တစ်ရုပ်နှယ်တောင့်ခဲနေကာ မျက်စိမှိတ်သည့်ရိုးရှင်းလွယ်ကူသောအပြုအမူလေးကိုပင် မလုပ်နိုင်ပေ ။ 


မိုးသည်းထန်စွာရွာသွန်းလာပြီး အမျိုးသမီးသည်လည်း သူမ၏ခန္ဓာကိုယ်ပေါ်ရှိအဆင်တန်ဆာအားလုံးကိုချွတ်ချပြီးသွားသဖြင့် အရိုးစုဖြူဖြူကြီးတစ်ခုသာမတ်တပ်ရပ်လျှက်သားတည်ရှိနေတော့သည် ။ 

 

သူမက မုရှင်းစီ၏ ဘက်သို့တစ်ဖန်ခေါင်းလှည့်လာပြီးနောက် အသားစနှင့်သွေးစများကပ်နေသောဦးခေါင်းခွံ ၊ ဟောင်းလောင်းဖြစ်နေသောအနက်ရောင်မျက်လုံးအစုံတို့ဖြင့် စူးစိုက်ကြည့်ရှုလာ၏ ။ မုရှင်းစီသည်လည်း အမျိုးသမီးအားသတိလက်လွတ်ကြည့်နေမိချိန်၌ သူမကပြုံးပြလာသည် ။ သူမအားအဘယ့်ကြောင့် ပြုံးပြသည်နှင့် အရေပြားနှင့်ကြွက်သားများမရှိတော့သော အရိုးခေါင်းတစ်ခု၏အမူအယာကအဘယ့်ကြောင့်ပြုံးသည့်ပုံပေါ်နေရသနည်းကိုနားမလည်တော့ပါချေ ။ ရုတ်တရက် အရိုးစု၏ဦးခေါင်းခွံမှပြုတ်ထွက်လာပြီးနောက် ရွံ့ဗွက်ထဲတွင်တစ်လှိမ့်ချင်းလှိမ့်သွားတော့၏ ။ 


လေအေးများတိုက်ခတ်လာသောအခါ မုရှင်းစီက ရှိသမျှအားကုန်သုံး၍မျက်တောင်ခတ်ရန်ကြိုးစားလိုက်သည် ။ သူမမျက်တောင်ပြန်ဖွင့်သောအခါအရှေ့ရှိကြောက်မက်ဖွယ်မြင်ကွင်းကြီးမှာ ပုံရိပ်ယောင်တစ်ခုနှယ်အစအနမရှိမြင်ကွင်းအတွင်းမှပျောက်ကွယ်သွား၏ ။

  

အရာအားလုံး မူလပုံစံအတိုင်းပြန်ဖြစ်သွားပြီး ခြံဝန်းထဲမှအရာကြီးသည်လည်းပျောက်ကွယ်သွား၏ ။ ယခုလေးတင်ဖြစ်ပျက်ခဲ့သောအရာအားလုံးမှာ မုရှင်းစီ စိတ်ဂယောင်ချောက်ခြားဖြစ်သောကြောင့်သာမြင်ခဲ့ရသောပုံရိပ်ယောင်များဖြစ်နေသလိုပင် ။ နှလုံးတစ်ခုလုံးပေါက်ထွက်မတတ်ခုန်ပေါက်နေပြီးစိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိ၏ ။ နှလုံးတစ်ခုလုံးလည်ချောင်းအတွင်းမှခုန်ထွက်လာတော့မယောင် အလွန်စိတ်လှုပ်ရှားခဲ့ရသည် ။ သို့သော်လည်း မုရှင်းစီ သက်ပြင်းချ၍မပြီးသေးခင်မှာတင် အလွန်အေးစက်သောအဖြူရောင်အရိုးစုလက်တစ်စုံက သူမ၏ပါးပြင်ထက်သို့ရောက်နေကြောင်းတွေ့လိုက်ရသည် ။ မျက်တွင်းပေါက်ဟောင်းလောင်းဖြင့်ဦးခေါင်းခွံက သူမ၏မျက်နှာဘေးတစ်ဖက်တွင်ထွက်ပေါ်လာကာ နားထဲသို့တီးတိုးပြောဆိုမေးမြန်းလာ၏ ။


" ငါနင့်ကိုကူချွတ်ပေးမယ်လေ ... ဟုတ်ပြီလား "


ထိုအသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ခန္ဓာကိုယ်အတွင်းမှတစ်စုံတစ်ခုကျိုးပဲ့သွားသည့်အသံကိုကြားလိုက်ရပြီး အသေကောင်တစ်ကောင်ကဲ့သို့ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရှား၍မရတော့ပါချေ ။ ကမ္ဘာလောကတစ်ခုလုံး၏ အသံများသည်လည်းပျောက်ကွယ်သွား၏ ။


ဤအခိုက်အတန့်၌ သူမ၏ဘဝမှာသေဆုံးခြင်း၏အေးချမ်းသောနယ်မြေအတွင်းအမှန်တကယ်အနားယူအဆုံးသတ်သွားပြီပင် ။ 


ဟဲဟျွိုက်အန်းက ထီးယူပြီးနောက်ပြန်လာ၏ ။ ထီးကိုအိမ်သာဘေးတွင်ထောင်ထားသောကြောင့် ထီးယူပြီးပြန်လာချိန်မှာ အသွားအပြန်သုံးမိနစ်သာကြာ၏ ။


သုံးမိနစ်တည်းကို မုရှင်းစီ တစ်ခုခုဖြစ်မှာမဟုတ်လောက်ပါဘူး ... 

 

ဟဲဟျွိုက်အန်း ထိုသို့တွေးလိုက်သော်လည်း သူ၏ခြေလှမ်းများကမူအသွားကထက်ပိုမိုမြန်ဆန်လာလေသည် ။ သူအိမ်ထဲသို့ပြေးဝင်လာသောအခါ မုရှင်းစီက ပြတင်းပေါက်အပြင်ဘက်သို့အသက်မဲ့စွာဖြင့်စိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည် ။ ပြတင်းပေါက်အပြင်ဘက်ရှိမြင်ကွင်းမှာရှင်းလင်းနေသည့်ခြံဝန်းတစ်ခုဖြစ်ပြီး သည်းထန်စွာရွာသွန်းနေသောမိုးစက်များကသာပုတီးစေ့လိုက်ကာသဖွယ်အပြင်လောကနှင့်ပိုင်းခြားထား၏ ။


မုရှင်းစီ အဆင်ပြေနေသေးကြောင်းမြင်သောအခါမှသာ ဟဲဟျွိုက်အန်းစိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည် ။ ခေါင်းငုံ့ကာခရီးဆောင်အိတ်ကိုသယ်ပြီးနောက်ပြောလိုက်သည် ။ 


" ရှောင်စီ သွားမယ်လေ "


မုရှင်းစီက မလှုပ်ပါချေ ။ 


" ရှောင်စီ " 


ဟဲဟျွိုက်အန်းက မုရှင်းစီ မကြားလိုက်ဟုထင်မိသဖြင့် အသံကျယ်ကျယ်နှင့်အော်ခေါ်လိုက်သော်လည်း သူမကမလှုပ်သေးပေ ။ 


ဆိုးရွားသောမှန်းဆချက်တစ်ခုက ဟဲဟျွိုက်အန်း၏ နှလုံးသားထဲတွင်ထွက်ပေါ်လာ၏ ။ ရှေ့တိုးသွားပြီးနောက် မုရှင်းစီ၏ လက်မောင်းကိုညင်ညင်သာသာပုတ်၍တုန်လှုပ်နေသောအသံဖြင့်မေးလိုက်သည် ။ 


" ရှောင်စီ မင်းဘာဖြစ်နေတာလဲ "


မုရှင်းစီ ပြတင်းပေါက်အပြင်ဘက်သို့သာမလှုပ်မယှက်ဆက်ကြည့်ရှုနေ၏ ။ သည်းထန်စွာရွာသွန်းနေသောမိုးစက်များ၏နောက်တွင်သူမ၏ အာရုံကိုဖမ်းစားနိုင်သည့်တစ်စုံတစ်ရာရှိနေပုံပင် ။ ဟဲဟျွိုက်အန်း မည်မျှပင်အော်ခေါ်နေပါစေ သူမထံမှတုန့်ပြန်မှုတစ်စုံတစ်ရာမရှိချေ ။ 


" ရှောင်စီ !!!" 


မုရှင်းစီ နှင့်ပက်သက်၍တစ်ခုခုမှားနေပြီဖြစ်ကြောင်း ဟဲဟျွိုက်အန်း သတိထားမိသွားသောအခါ အလွန်လန့်ဖြပ်သွားရသည် ။ မုရှင်းစီ၏ အမည်ကိုခေါ်ဆို၍ သူမ၏ပါးပြင်ကိုကိုင်ကာအသိဝင်စေရန်လှုပ်ခါလိုက်ကာ ဤကဲ့သို့သောအခြေအနေမှရုန်းထွက်၍ခန္ဓာကိုယ်ပြန်လည်လှုပ်ရှားစေနိုင်ရန်ကူညီပါသော်လည်း သူမကမလှုပ်သေးပေ ။


အချိန်အတော်ကြာသောအခါမှသာ နောက်ဆုံး၌ သူမ၏မျက်ခွံများထိန်းမရသိမ်းမရတုန်ရီလာပြီး လည်ချောင်းအတွင်းမှလည်း တစ်ခုခုတစ်ဆို့နေဟန် ' ဟစ် ဟစ် ' ဟူသောအသံများသာထွက်ပေါ်လာ၏ ။ ထို့နောက်ကြောက်မက်ဖွယ်အရာတစ်ခုခုကိုမြင်သွားပုံရကာ မျက်လုံးများပြူးထွက်လာကာ သူငယ်အိမ်သည်လည်းကြီးမားလာ တော့၏ ။ 

 

ဟဲဟျွိုက်အန်း လူသေအလောင်းပေါင်းများစွာကိုမြင်ဖူးသဖြင့်လူသေတစ်ယောက်၏ မျက်လုံးသူငယ်အိမ်နှင့် အကြည့်ပုံစံများကိုရင်းရင်းနှီးနှီးပင်သိ၏ ။ မုရှင်းစီ၏ မျက်လုံးများကိုစိုက်ကြည့်ကာ သူမနောက်ဆုံးထွက်သက်ကိုရှုရှိုက်သွားသည့်အချိန်အထိကြောင်အနေမိသည် ။ သူမ၏မျက်လုံးများမှာအဆမတန်ပြူးကျယ်လာပြီးနောက် အသက်ရှိသည့်လက္ခဏာများပျောက်ကွယ်သွားကာ ဗလာသပ်သပ်သာရှိသောအကြည့်များဖြင့် မျက်ခွံသည်လည်းလှုပ်ရှားမှုမရှိတော့ပေ ။ တောင့်တင်းကာလှုပ်ရှားမရဖြစ်နေသောသူမ၏ ခန္ဓာကိုယ်သည်လည်းအရိုးများဂျွတ်ခနဲမြည်သံဖြင့်ကြမ်းပြင်ပေါ်သို့ခွေခနဲလဲကျလာ၏ ။ ဟဲဟျွိုက်အန်းက သူမအားပွေ့ကာ 


" မုရှင်းစီ ... မုရှင်းစီ "  


ဟဲဟျွိုက်အန်းက ကြောက်လန့်တကြားဖြင့် သူမ၏အမည်ကိုခေါ်ဆိုပြီးနောက် သူမအားကြမ်းပြင်ပေါ်တွင်လှဲစေကာ အရေးပေါ်အသက်ကယ်နည်းအတိုင်းနှလုံးပြန်ခုန်စေရန်လုပ်ဆောင်တော့သည် ။ သို့သော်လည်း မုရှင်းစီ၏အသွေးအသားများထဲကပင်အေးစက်လာပြီး သူမ၏အသက်ရှုသံ နှလုံးခုန်နှုန်းတို့သည်အပြီးတိုင်ရပ်တန့်သွား၏ ။

 

သုံးမိနစ်တာဟူသောတိုတောင်းလှသည့်အချိန်လေးအတွင်းမှာပင် သူမကဟဲဟျွိုက်အန်း နောက်ထပ်မြင်တွေ့နိုင်မည့်မဟုတ်တော့သည့် အလောင်းကောင်တစ်ကောင်အဖြစ်ပြောင်းလဲသွားပြီပင် ။ 


ဟဲဟျွိုက်အန်းက အရေးပေါ်အသက်ကယ်ရေးနည်းလမ်းများကိုလုပ်ဆောင်နေသည်အားရပ်တန့်လိုက်ကာ လက်ကို မုရှင်းစီ၏ရင်ဘတ်ပေါ်မှဖယ်၍ ကြမ်းပြင်ပေါ်တွင်ထောက်ထားမိသည် ။ စိတ်ဓာတ်ကျစွာဖြင့် ခြံဝန်းအတွင်းသို့ကြည့်မိသောအခါ သည်းထန်စွာရွာသွန်းနေသောမိုးစက်များမှအပအခြားအရာမတွေ့ရချေ ။


မုရှင်းစီက ဘာလို့ သူမမသေခင်မှာခြံဝန်းထဲကိုပဲစိုက်ကြည့်နေရတာလဲ ? သူမရဲ့အသက်ကိုနုတ်ယူသွားတဲ့အရာက အဲ့ဒီခြံဝန်းထဲမှာရပ်နေတာများလား ?


ဟဲဟျွိုက်အန်း မတွေးတတ်ပါတော့ချေ ။ 

 

မုရှင်းစီ၏ အလောင်းမှာကြမ်းပြင်ပေါ်တွင်ငြိမ်သက်စွာလဲလျောင်းနေပြီး သူမ၏အကြောက်တရားနှင့်တင်းမာမှုတို့သည်လည်းမရှိတော့ချေ ။ ခန္ဓာကိုယ်မှာပျော့ပြောင်းလျှက် ငြိမ်ငြိမ်ချမ်းချမ်းအနားယူအိပ်စိက်နေသည်နှင့်တူ၏ ။ ခဏမျှကြာသောအခါ ဟဲဟျွိုက်အန်းက သူမကိုချီ၍ကုတင်ပေါ်တွင်နေရာချထားပေးလိုက်သည် ။ 

 

တစ်နာရီလော နှစ်နာရီလော အချိန်မည်မျှကြာသွားသနည်းသူမသိပါတော့ချေ ။ သူအသိစိတ်ပြန်ဝင်လာသောအချိန်၌ တစ်စုံတစ်ယောက်ကသူ့အားခေါ်နေသံကိုကြားလိုက်ရသည် ။ ဟဲဟျွိုက်အန်း ခေါင်းမော့ကြည့်လိုက်သောအခါ ထိုသူကရွာသူကြီးဖြစ်နေ၏ ။ ရွာသူကြီးသည်လည်း ကုတင်ပေါ်ရှိ မုရှင်းစီ၏ အသက်မဲ့နေသောအလောင်းကိုမြင်သွားပုံရကာ မျက်ဝန်းထဲတွင်ဝမ်းနည်းရိပ်များထင်ဟပ်လျှက်တိုးတိုးလေးမေးလာ၏ ။


" လူငယ်လေး မင်းသူငယ်ချင်းဘာဖြစ်သွားတာလဲ "


ဟဲဟျွိုက်အန်းက အက်ရှရှအသံဖြင့် 


" သူမသေသွားပြီ " 


ရွာသူကြီးကမေးလာ၏ ။


" သေသွားပြီလား ... ဘယ်လိုသေသွားတာလဲ "  


" မသိဘူး " 


ဟဲဟျွိုက်အန်းက စိတ်လွတ်နေဟန်ဖြင့် 


" ကျွန်တော်ပြန်လာတဲ့အချိန်မှာသေပြီးနေပြီ "


" မြန်မြန်ထွက်သွားဖို့ ငါမင်းတို့ကိုအစောကြီးကတည်းကပြောသားပဲ " 


ရွာသူကြီးက မုရှင်းစီအား စာနာသနားသောအကြည့်ဖြင့်ကြည့်၍သက်ပြင်းချကာ 


" ဒီသနားစရာကောင်းတဲ့ကလေးကိုကြည့်ပါဦး ..."


ဟဲဟျွိုက်အန်းက ဘာမှမပြောပါချေ ။ ကြည့်ရသည်မှာသူကိုယ်တိုင်လည်းဘာပြန်ပြောလို့ပြောရမယ်မှန်းမသိတော့ခြင်းဖြစ်လောက်သည် ။ ရွာသူကြီးကအသံတိုးတိုးဖြင့် 


" မင်းဘာဆက်လုပ်မှာလဲ "


" ကျွန်တော်မသိတော့ဘူး " 


ဟဲဟျွိုက်အန်းက အရူးတစ်ယောက်နှယ် 


 " ကျွန်တော်ဘာလုပ်သင့်လဲ "


" မင်းတစ်ခုခုအရင်စားချင်လား " 


ရွာသူကြီးကဆက်ပြောလာ၏ ။


" ငါကြက်စွပ်ပြုတ်လုပ်ထားတယ် ... "


ဟဲဟျွိုက်အန်း : " ရပါတယ် ကျွန်တော်သူမအနားမှာပဲနေပြီး သူငယ်ချင်းတွေပြန်လာမှာကိုပဲစောင့်နေလိုက်မယ် ... ရွာသူကြီးရဲ့ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ် "


" ငါတို့ကသံနဲ့လုပ်ထားတာမှမဟုတ်တာကွာ တစ်ခုခုစားထားမှအားရှိမှာပေါ့ " 


 " ဒီမှာစောင့်နေဦး ငါမင်းစားဖို့တစ်ခုခုယူလာပေးမယ် " 


ရွာသူကြီးကချောင်းနှစ်ခါဆိုးပြီးနောက် ဟဲဟျွိုက်အန်းအတွက် အစားအစာယူပေးရန်သူနေထိုင်သောအိမ်သို့ပြန်ရန်လှည့်လိုက်လေသည် ။ 


ဟဲဟျွိုက်အန်းက လက်လည်းမခံငြင်းလည်းမငြင်းဘဲ ရုတ်တရက်တစ်ခုခုကိုသတိရသွားပုံရကာတွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပြောလာ၏ ။


" ရွာသူကြီးမနေ့က တံခါးဝမှာလူသေအလောင်းတစ်လောင်းကိုကြိုးနဲ့တွဲလောင်းဆွဲထားတယ် အဲ့တာဘယ်သူလဲခင်ဗျားသိလား "


ခဏမျှကြာသောအခါ ရွာသူကြီးကဇဝေဇဝါဖြင့် 


" အလောင်းကဘယ်မှာလဲ "


ဟဲဟျွိုက်အန်းက သံသယရှိသောလေသံဖြင့် 


" အလောင်းကို အဓိကခန်းမထဲမှာထားထားတယ်လေ မတွေ့ခဲ့ဘူးလား " 


" ငါသတိမထားမိလိုက်ဘူး ... ဒီမှာစောင့်နေဦး ငါတစ်ချက်သွားကြည့်လိုက်ဦးမယ် "


ကျန်းရုံနန်ပြောသည့် အဖိုးဖြစ်သူမှာဤနှစ်တွင်အသက်ရှစ်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ကာကလေးနှစ်ယောက်ရှိသည် ။ သားတစ်ယောက်နှင့်သမီးတစ်ယောက်ရှိသော်လည်း ကံမကောင်းစွာဖြင့်နို့စို့လသားအရွယ်တွင်သေဆုံးသွားခဲ့၏ ။ ထို့ကြောင့်ဆေးပညာကိုငယ်ရွယ်စဥ်တွင်လေ့လာသင်ယူခဲ့သောကြောင့်အသေးအမွှားဖျားနာသောရွာသားများစွာအားကုသပေးခဲ့သဖြင့် ရွာထဲ၌အတော်အတန်အာဏာရှိသူဖြစ်သည် ။ 


ကျန်းရုံနန်၏ စကားအရရွာထဲ၌ထူးဆန်းသောသေဆုံးမှုများစတင်ဖြစ်ပွားလာသည့်အချိန်ကတည်းက ရွာသူကြီး၏အပြင်လူများထံမှအကူအညီတောင်းသည့်အကြံကို ထိုဆေးဆရာအဖိုးကြီးကသဘောမကျသည့်အပြင်ကန့်ကွက်ခဲ့သည် ။ ရွာသားများကအမှားတစ်ခုခုပြုမိသောကြောင့် တောင်စောင့်နတ်ဘုရားကအမျက်ထွက်ကာကျိန်စာတစ်ခုကိုဖြစ်ပေါ်စေခဲ့သည်ဟုလည်းသတိပေးခဲ့သေး၏ ။

 

ပထမ၌ရွာသားများက ဆေးဆရာအဖိုးအို၏စကားကိုအယုံအကြည်မရှိခဲ့ကြချေ ။ အခြေအနေများထိန်းချုပ်မရတော့ဘဲဆိုးရွားသောအများဆက်တိုက်ဖြစ်လာသောအခါမှသာ ဆေးဆရာအဖိုးကို​ပြောသည့်စကားများမှန်ကန်ကြောင်းတွေးလာကြသည် ။

 

အဘယ့်ကြောင့်ဆိုသော်ထိုအဖိုးကြီးမှာရွာထဲ၌ဆေးပညာအကြောင်းတတ်ကျွမ်းသည့်တစ်ဦးတည်းသောသူဖြစ်သဖြင့် သေဆုံးသွားသောအလောင်းများအားစစ်ဆေးပေးရသူဖြစ်သည် ။ ထိုမျှမကရွာသားတိုင်း၏သေဆုံးရသောအကြောင်းအရင်းကိုမှတ်တမ်းတင်ပေးသောသူလည်းဖြစ်၏ ။ ကျန်းရုံနန်က ရေခပ်ပြီးပြန်မသွားမှီ စုန့်ချင်းလော်နှင့်လင်ပန့်ရှ တို့အားဆေးဆရာအဖိုးအို၏အိမ်ရှိသည့်နေရာကိုပြောပြသွားခဲ့သည် ။


လင်ပန့်ရှ နှင့် စုန့်ချင်းလော်တို့ ကျန်းရုံနန်ညွှန်ပြသည့်လမ်းအတိုင်းသွားလိုက်သောအခါ ဟဲမိသားစုမှအဖိုးအို၏နေအိမ်သို့ရောက်ရှိသွားကြသည် ။ 

  

သို့သော်လည်း ကံမကောင်းသည်မှာထိုအိမ်တွင်အသုဘအခမ်းအနားတစ်ခုပြုလုပ်နေသောကြောင့် သူတို့ဝင်သွား၍မရပါချေ ။ လူတန်း၏နောက်ဆုံးတွင်လိုက်ပါသွားသောသူမှာတုတ်ကောက်ကိုအားပြုကာလမ်းလျှောက်နေသည့်အဖိုးအိုတစ်ဦးဖြစ်သည် ။ မိုးစက်မိုးပေါက်များကြောင့်အဖိုးအို၏မျက်နှာကိုသဲသဲကွဲကွဲမမြင်ရသော်လည်း အသက်အရွယ်ကြီးရင့်နေသူတစ်ဦး၏ဘဝတွင်ဆက်လက်ရှင်သန်လိုစိတ်မရှိတော့သောအငွေ့အသက်များကိုမူအတိုင်းသားမြင်နေရ၏ ။


ယနေ့တွင်မိုးသည်းထန်စွာရွာသွန်းသောကြောင့် အသုဘအခမ်းအနားကိုအနည်းနှင့်အများအနှောင့်အယှက်ဖြစ်စေ၏ ။ မည်သူမျှခေါင်းတလားကိုသယ်ပိုးထမ်းဆောင်ခြင်းမရှိဘဲအလောင်းအားအဝတ်စဖြင့်သာပတ်ထားလေသည် ။

 

လူများစွာရှိနေသည့်အပြင် ရွာသားများ၏အပြင်လူများကိုမကြိုဆိုသောသဘောထားအရ စုန့်ချင်းလော်တို့နှစ်ဦးစလုံးအခမ်းအနားလုပ်နေသည့်အိမ်ထဲသို့မဝင်တော့ချေ ။ မကြာခင်မှောင်လာတော့မည်ဖြစ်သဖြင့် နောက်တစ်နေ့မှသာပြန်လာရန်ဆုံးဖြတ်လိုက်ကြသည် ။ ထိုအချိန်တွင် အသုဘအခမ်းအနားကိုလာရောက်ကြသူများလည်းနည်းပါးသွားလိမ့်မည်ဟုမျှော်လင့်ရသည် ။ 

   

မိုးသည်းထန်စွာရွာသွန်းနေသော်လည်းနှစ်ဦးစလုံးရွာသူကြီး၏အိမ်သို့ပြန်လာကြသည် ။ စုန့်ချင်းလော်တစ်ကိုယ်လုံးနီးပါးလုံအောင်ဖုံးအုပ်ထားသော်လည်း သူ၏ဆံပင်များမှာစိုသွားဆဲပင် ။ လင်ပန့်ရှက ခြောက်သွေ့သောပုဝါတစ်ထည်ကိုအရင်ယူပြီးနောက် စုန့်ချင်းလော်၏ စိုစွတ်နေသောဆံပင်များအားဂရုတစိုက်ဖြင့်ခြောက်သွေ့အောင်သုတ်ပေးကာ


" ခန္ဓာကိုယ်နွေးသွားအောင်အရင်မီးလှုံချင်လား ... ခင်ဗျားမျက်နှာကြည့်ရတာအခြေအနေမကောင်းတဲ့ပုံပေါက်နေတယ် "


" အဆင်ပြေပါတယ် နည်းနည်းအေးလို့ပါ " 


စုန့်ချင်းလော်က မျက်လွှာချထားကာအရင်ကထက်ပိုမိုအားလျော့ပင်ပန်းသည့်ပုံပေါ်နေ၏ ။


လင်ပန့်ရှ : " ရွာသူကြီးပြန်ရောက်နေတာဖြစ်ရမယ် ခြံဝန်းထဲကအခေါင်းရောခန်းမထဲကအလောင်းရောမရှိတော့ဘူး "


စုန့်ချင်းလော် : " အင်း "


" ဟဲဟျွိုက်အန်းတို့ထွက်သွားကြပြီလားမသိဘူး ... ခင်ဗျားတစ်ချက်လောက်သွားကြည့်ချင်လား "


စုန့်ချင်းလော် : " အဆင်ပြေပါတယ် "


ခဏအကြာသူတို့နှစ်ဦး ဟဲဟျွိုက်အန်းတို့ တည်းခိုခဲ့သည့်အခန်းသို့သွားသောအခါ အခန်းထဲတွင်မည်သူမျှရှိမနေတော့ကြောင်းတွေ့လိုက်ရသည် ။ လင်ပန့်ရှက စိတ်သက်သာရာရစွာသက်ပြင်းချ၍


" သူတို့သွားပြီထင်တယ် "


" မဟုတ်ဘူး " 


စုန့်ချင်းလော်၏ မျက်နှာအမူအယာမှာရုတ်ချည်းပြောင်းလဲသွား၏ ။


 " သူတို့ထွက်မသွားရသေးဘူး "


လင်ပန့်ရှ အံ့သြသွားရသည် ။


စုန့်ချင်းလော်က အခန်းထောင့်တွင်ရှိနေဆဲဖြစ်သောခရီးဆောင်အိတ်အားလက်ညိုးထိုးပြလိုက်သည် ။ ထိုသည်က မုရှင်းစီ ယူလာသောခရီးဆောင်အိတ်ဖြစ်သည် ။


" သူတို့ထွက်မသွားကြသေးဘူးလား " 


လင်ပန့်ရှ ချက်ချင်းစိတ်ပူသွားရသည် ။


" တစ်ခုခုဖြစ်သွားလို့များလား "


စုန့်ချင်းလော် : " လူခွဲပြီးသူတို့ကိုအရင်ရှာကြတာပေါ့ "


ခြံဝန်းအတွင်းသို့ဆင်း၍အရင်ရှာလိုက်ကြသည် ။ ကံကောင်းစွာဖြင့် ခြံဝန်းကသိပ်မကျယ်သောကြောင့်အခြားအခန်းတွင်ရှိနေသော ဟဲဟျွိုက်အန်းအား လင်ပန့်ရှ အရင်ရှာတွေ့သွားသည် ။ သို့သော်လည်း သူစိတ်သက်သာရာရစွာသက်ပြင်းချ၍မပြီးသေးခင်မှာပင် ဟဲဟျွိုက်အန်း၏ အမူအယာမှာတစ်ခုခုထူးဆန်းနေကြောင်းသတိထားမိသွား၏ ။


လင်ပန့်ရှက အိမ်ထဲသို့ဝင်ရင်း ဟဲဟျွိုက်အန်းအားမေးလိုက်သည် ။


" ဘာဖြစ်ထားလို့လဲ " 


ဟဲဟျွိုက်အန်းက ညင်သာစွာ​ပြောလာ၏ ။


" မုရှင်းစီသေသွားပြီ " 


လင်ပန့်ရှကနားကြားမှားလိုက်သည်ဟုထင်ကာမယုံကြည်နိုင်စွာဖြင့်ထပ်မေးမိပြန်သည် ။


" ခင်ဗျားဘာပြောလိုက်တာလဲ ... မုရှင်းစီက ဘာဖြစ်သွားတာ "


" မုရှင်းစီသေသွားပြီ " 


ဟဲဟျွိုက်အန်းက ပြန်ဖြေရင်းဖြင့် သူ့နောက်သို့လှည့်ကြည့်လိုက်သည် ။ လင်ပန့်ရှ သူ၏အကြည့်များနောက်လိုက်ကြည့်လိုက်သောအခါ မုရှင်းစီက လှုပ်ရှားမှုကင်းမဲ့စွာဖြင့်ကုတင်ပေါ်တွင်လှဲနေကြောင်းတွေ့လိုက်ရ၏ ။


လင်ပန့်ရှ၏ နှလုံးခုန်သံများပင်အေးခဲသွားရပြီး မုရှင်းစီ ရှိရာဆီသို့ခြေလှမ်းအနည်းငယ်တိုးသွားမိသည် ။ မုရှင်းစီက မျက်လုံးများမှိတ်ထားကာအမူအယာသည်လည်းအေးချမ်းနေ၏ ။ သူမကသေဆုံးသွားသည့်အလောင်းကောင်နှင့်မတူဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသလိုပင် ။ သို့သော်လည်း လင်ပန့်ရှ သူမ၏သွေးကြောကိုစမ်းကြည့်လိုက်သောအခါ နောက်ဆုံးသောမျှော်လင့်ချက်ကလေးကွဲကြေသွားရ၏ ။ မုရှင်းစီ၏ လက်ကောက်ဝတ်တစ်ခုလုံးအေးစက်နေကာနှလုံးခုန်ခြင်းလည်းမရှိတော့ဘဲအမှန်တကယ်သေဆုံးသွားပြီပင် ။


" ဘာတွေ ... ဘာတွေဖြစ်သွားတာလဲ " 


လင်ပန့်ရှ ဟဲဟျွိုက်အန်းအားလှည့်ကြည့်လိုက်သည် ။


" ငါမသိဘူး ... ငါမသိဘူး " 


ဟဲဟျွိုက်အန်း၏ မျက်နှာအမူအယာတစ်ခုလုံးခါးသက်နေကာငိုချတော့မလိုလိုပင် ။


" ငါတို့အထုပ်ပြင်ပြီးတော့ ခြံထဲမှာထီးနှစ်ချောင်းသွားယူတာ ငါပြန်လာတော့ သူမမလုပ်နိုင်တော့ဘူး ..."


လင်ပန့်ရှ : " ဘာ ... မလုပ်တာလဲ "


" ငါမသိဘူး " 


ဟဲဟျွိက်အန်းက ထိုစကားသုံးခွန်းကိုသာပြောရင်းခေါင်းတတွင်တွင်ခါယမ်းနေတော့သည် ။ 


" သူမဘာဖြစ်သွားတာလဲငါမသိဘူး ... ငါသိတာက သူမခြံဝန်းထဲကိုပဲတောက်လျှောက်စိုက်ကြည့်နေတာ ကြည့်နေရင်းနဲ့လဲကျသွားတော့တာပဲ "


လင်ပန့်ရှသည်လည်းနားမလည်ပါချေ ။ အကယ်၍ သူမကြောက်စရာကောင်းလွန်းသောအရာတစ်ခုကိုတွေ့သဖြင့်ကြောက်လန့်၍သေဆုံးသွားသည်ဟုပြောရအောင်လည်း သူမမျက်နှာထက်တွင်မသေဆုံးခင်ကြောက်လန့်နေသောအမူအယာမျိုးကျန်ရှိမနေပါချေ ။ သူမ၏မျက်နှာအအယာမှာအေးချမ်းနေကာ အိပ်ပျော်ရင်းသေဆုံးသွားသောသူတစ်ယောက်ကဲ့သို့ပင် ။


" မုရှင်းစီ ဘာဖြစ်လို့လဲ " 


လင်ပန့်ရှ တွေးနေသည့်အချိန်မှာပင် စုန့်ချင်းလော်လည်းဝင်လာ၏ ။ အခန်းထဲသို့ဝင်လာပြီးပြီးချင်း အသက်မဲ့စွာလဲလျောင်းနေသည့် မုရှင်းစီ အပေါ်သို့အကြည့်ကျရောက်သွားလေသည် ။ ဟဲဟျွိုက်အန်းကထပ်ပြောလာ၏ ။


" သေသွားပြီ " 


 စုန့်ချင်းလော်က ဟဲဟျွိုက်အန်းအားတစ်ချက်ကြည့်ကာအသုံးမဝင်သောမေးခွန်းများမေးမနေတော့ဘဲ မုရှင်းစီ ထံသို့သာတိုက်ရိုက်လျှောက်သွား၍အရေးကြီးသောလက္ခဏာများကိုစစ်ဆေးပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည် ။


" ဘာတွေဖြစ်ခဲ့တာလဲဆိုတာငါ့ကိုအသေးစိတ်ပြောပြ "


ဟဲဟျွိုက်အန်း : " ကောင်းပြီ ..."


ထို့နောက် စုန့်ချင်းလော်တို့ ထွက်သွားပြီးသည့်အချိန်မှစ၍အဖြစ်အပျက်အားလုံးကိုအသေးစိတ်ပြောပြလာ၏ ။ မုရှင်းစီ သေဆုံးပြီးနောက် ရွာသူကြီးရောက်လာသောအကြောင်းကိုပြောသောအခါ စုန့်ချင်းလော်က ခေါင်းညိမ့်ကာ​ပြောလာသည် ။ 


" ရွာသူကြီးပြန်ရောက်နေပြီလား ... သူအခုဘယ်မှာလဲ "


" ကျွန်တော်မသိဘူး စားစရာချက်ပေးပြီးတာနဲ့ထွက်သွားတော့တာပဲ ... အခုသူဘယ်မှာလဲဆိုတာမသိဘူး "


စုန့်ချင်းလော်က မေးလိုက်သည် ။ 


" မင်းစားပြီးသွားပြီလား " 


" မစားရသေးဘူး ... အစာစားချင်စိတ်လဲရှိမနေပါဘူးလေ "


" ရွာသူကြီးပေးတဲ့အစားအစာတွေကိုမစားနဲ့ ရေတောင်မသောက်နဲ့ ... ဒီမှာရှိသမျှအရာအားလုံးကတစ်ခုခုတော့ထူးဆန်းနေတယ် ငါခန့်မှန်းမိထားတာရှိတယ် မနက်ရောက်မှအတည်ပြုကြည့်ရတော့မှာပဲ ဒီညတော့ငါတို့နဲ့အတူတူလာအိပ်လိုက် "  


" မုရှင်းစီကိုဘယ်လိုလုပ်ကြမလဲ " 


ဟဲဟျွိုက်အန်းကစိတ်လွတ်နေဟန်ဖြင့်မေးလာ၏ ။ 


 " သူမကအမှောင်ကိုအရမ်းကြောက်တာ ဒီမှာတစ်ယောက်တည်းထားခဲ့မယ်ဆိုရင် ..."


စုန့်ချင်းလော် : " အဆင်ပြေပါတယ် သူမကိုပါ ငါတို့အခန်းထဲသယ်လာခဲ့လိုက် ... ငါမကြောက်ဘူး မင်းတို့အဆင်ပြေရင်ရပြီ  "


ဟဲဟျွိုက်အန်းက ခါးသက်သက်ပြုံး၍ 


" သေပြီးသားလူတစ်ယောက်မှာဘာမှကြောက်စရာမရှိပါဘူး " 


တကယ်ကြောက်စရာကောင်းသည်က သူတို့၏အသက်ကိုနုတ်ယူမည့်ဘာမှန်းမသိရသည့်အရာများပင် ။ 

 

စုန့်ချင်းလော်၏ အန္ဒရာယ်ကိုကြိုတင်သတိထားနိုင်သောအကျင့်အရ မုရှင်းစီအားပြန်ပို့ရန်စီစဥ်ခဲ့သော်လည်း ခြေတစ်လှမ်းနောက်ကျသွားရ၏ ။ အချိန်ခဏလေးအတွင်းမှာပင် အမျိုးအမည်မသိရသောအရာတစ်ခုက မုရှင်းစီ၏အသက်ကိုနုတ်ယူသွားခဲ့သည် ။ သူမကငယ်ရွယ်သည့်အပြင်တောက်ပသောအနာဂတ်ရှိသောလှပသည့်မိန်းမငယ်လေးတစ်ဦးဖြစ်သောကြောင့် ဤကဲ့သို့လူမသိသူမသိနေရာမျိုးတွင်ကြွေလွင့်သွားရခြင်းသည်ကားမဖြစ်သင့်ပါချေ ။  


တဖြည်းဖြည်းညနက်လာသော်လည်း ရွာသူကြီးပြန်ရောက်မလာသေးရုံသာမက သုံးယောက်စလုံးသည်လည်းအစာစားချင်စိတ်ရှိမနေကြပေ ။ သို့သော်လည်း အားမပြတ်သွားစေရန်အတွက်သူတို့နှင့်အတူသယ်လာသောဘီစကစ်ခြောက်များအား အဆာပြေအဖြစ်စားလိုက်ကြသည် ။ 

 

မုရှင်းစီ၏ ခန္ဓာကိုယ်မူကား လင်ပန့်ရှက စောင်နှင့်ပိတ်ကာအခန်းထောင့်၌ထားထား၏ ။ သုံးယောက်စလုံးအိပ်ရာဝင်သည့်အချိန်အထိစကားမပြောကြဘဲ လေထုအခြေအနေမှာလေးလံထိုင်းမှိုင်းနေလေသည် ။ 

 

ဟဲဟျွိုက်အန်း အိပ်ရာပေါ်တွင်လှဲနေပါသော်လည်းအိပ်မရပါချေ ။ သူမျက်စိမှိတ်လိုက်သည့်အခါတိုင်း စိတ်ထဲ၌ မုရှင်းစီ၏ ပြတင်းပေါက်အပြင်ဘက်သို့အမူအယာမရှိအသက်မဲ့စွာစိုက်ကြည့်နေသောအကြည့်များကိုသာပြန်မြင်ယောင်နေသောကြောင့်ပင် ။ 

 

ကမ္ဘာပေါ်ကဘယ်လိုအရာမျိုးကများလူတစ်ယောက်ရဲ့အသက်ကိုမျက်စိတစ်မှိတ်အတွင်းနုတ်ယူနိုင်တာလဲ ? အဲ့ဒီအရာကိုစိုက်ကြည့်လိုက်မိတာနဲ့သေသွားနိုင်တာလား ? အဲ့ဒီအရာကြောင့်ရွာထဲကလူတွေတစ်ယောက်ပြီးတစ်ယောက်အစုအလိုက်အပြုံလိုက်သေကုန်ကြတာလား ?


ဟဲဟျွိုက်အန်းက မိမိကိုယ်ကိုမနည်းတည်ငြိမ်အောင်ကြိုးစားကြည့်ပါသော်လည်း သူမလုပ်နိုင်ပေ ။ အကြိမ်မည်မျှရှိနေပါစေ သူ၏ပါတနာဖြစ်သူသေဆုံးသွားသည့်အကြိမ်တိုင်း သေခြင်းတရားကိုလက်သင့်မခံနိုင်သေးချေ ။ ဤသည်မှာ မှတ်တမ်းတင်သူနှင့်ကြီးကြပ်စောင့်ကြည့်သူတို့၏အကြီးမားဆုံးကွာဟချက်ပင်ဖြစ်လောက်မည် ။

  

မှတ်တမ်းတင်သူများသည်​သေရမှာကြောက်သောသာမန်လူသားများသာဖြစ်ကြ၏ ။ သူတို့၏တစ်ခုတည်းသောရည်မှန်းချက်နှင့်တာဝန်မှာ နောက်ထပ်တာဝန်ထမ်းဆောင်သူများအတွက်အကျိုးဖြစ်စေမည့် သတင်းအချက်အလက်များကိုမသေခင်ရသလောက်မှတ်တမ်းတင်ထားခဲ့ရန်ဖြစ်သည် ။ ကြီးကြပ်စောင့်ကြည့်သူများမှာပဟေဠိဖြေရှင်းသူများဖြစ်ပြီး ရရှိထားသောသဲလွန်စသတင်းအချက်အလက်များကိုအသုံးပြု၍လျှို့ဝှက်သောပဟေဠိအကြောင်းအရာများကိုဖြေရှင်းကြရ၏ ။ သူတို့သာလျှင်အ​မှောင်ထုထဲမှထူးဆန်းသောအရာများအားဟန့်တားနိုင်သည် ။ ထို့သို့တွေးမိသောအခါ ဟဲဟျွိုက်အန်းက မျက်ခုံးရိုးကိုခပ်တင်းတင်းဖိလိုက်မိ၏ ။

 

အပြင်ဘက်တွင်မိုးရွာသွန်းနေဆဲဖြစ်ကာရပ်တန့်သွားမည့်ပုံမပေါ်ချေ ။ လေထုထဲတွင်စိုစွတ်နေသောရေမှုန်ရေငွေ့များသာမက အိပ်ရာမှလည်းအောက်သိုးသိုးမှိုနံ့ကြီးထွက်နေသေးသည် ။ သူ၏ဘေးတွင်မှုလူတစ်ယောက်၏စည်းချက်ကျကျအသက်ရှုသံထွက်ပေါ်နေ၏ ။ လင်ပန့်ရှ နှင့်စုန့်ချင်းလော်တို့ နှစ်ဦးစလုံးအိပ်ပျော်​နေကြသည် ။ ထိုနှစ်ယောက်မှာတစ်ညလုံးတစ်စက်မျှမလှုပ်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနိုင်ကြသေးသည်ပင် ။ 

  

ဟဲဟျွိုက်အန်း ဂရုတစိုက်ဖြင့်ဖုန်းထုတ်ကြည့်လိုက်သောအခါ မနက်သုံးနာရီရှိနေပြီဖြစ်သည် ။ သူဆက်၍အိပ်မပျော်နိုင်သေးပါက မကြာခင်မနက်မိုးလင်းတော့မည် ။ ခဏမျှတွေးပြီးနောက်အိပ်ရာပေါ်မှထကာ မျက်မမြင်တစ်ယောက်ကဲ့သို့စမ်းတဝါးဝါးဖြင့်စားပွဲနားသို့သွားကာ စိတ်ငြိမ်သွားစေရန်အတွက်ရေသောက်ရန်တွေးလိုက်သည် ။ စားပွဲသည်အိပ်ရာ၏ညာဘက်တွင်ရှိသောကြောင့်အလွယ်တကူရှာတွေ့နိုင်သည် ။ ဟဲဟျွိုက်အန်း စားပွဲနားသို့ရောက်သောအခါ စားပွဲပေါ်ရှိရေဘူးကိုလည်းအလွယ်တကူရှာတွေ့၏ ။

 

ရေဘူးအဖုံးဖွင့်နေသည့်အချိန်မှာပင် သူ့နားထဲတွင် မိုးခြိမ်းသံကြားလိုက်ရသည် ။ တစ်မျိုးတစ်ဖုံတစ်စုံတစ်ခုအားကုတ်ခြစ်နေခြင်းမှထွက်ပေါ်လာသောအသံနှင့်လည်းတူညီနေသေး၏ ။ ခြံဝန်းဘက်သို့ကြည့်လိုက်သောအခါ ခြံထဲတွင်ပိန်းပိန်းပိတ်မှောင်မိုက်နေသောအမှောင်ထုမှအပအခြားသောအလင်းရောင်ကိုမတွေ့ရချေ ။ ပြတင်းပေါက်အားပိတ်စအနက်ဖြင့်ကာရံထားသည်နှင့်လည်းတူညီနေပါသေး၏ ။ အမှောင်ထုမှလွဲ၍အခြားမည်သည့်အရာမှမတွေ့ရပါချေ ။ 

 

ရုတ်တရက်ဆိုသလိုပင်ကောင်းကင်ယံမှတောက်ပသောရွှေရောင်လျှပ်စီးကြောင်းတစ်ခုထွက်ပေါ်လာပြီး မှောင်မိုက်နေသောခြံဝန်းလေးအားခေတ္တမျှအလင်းပေးသွား၏ ။ ဟဲဟျွိုက်အန်း ရေသောက်နေရင်းတစ်ခုခုကိုမြင်မိလိုက်သလိုပင် ။ 

 

သူအမြင်မှားသည်ဟုတွေးမိကာအနည်းငယ်မရေမရာလည်းဖြစ်နေသဖြင့် မှန်ပြတင်းပေါက်နားသို့တိုးကပ်ကာကြည့်လိုက်သည် ။ နောက်ထပ်လျှပ်စီးတစ်ချက်လက်သွားပြီးနောက် မူလကမဲမှောင်နေသောပြတင်းပေါက်နားတွင်ဖြူစုပ်စုပ်မျက်နှာကြီးတစ်ခုပေါ်ထွက်လာ၏ ။ ဖြူစုပ်စုပ်မျက်နှာပိုင်ရှင်မှာပါးပြင်ကိုမှန်သားပြင်နှင့်အကြမ်းပတမ်းဖိကပ်ထားပြီး ဟဲဟျွိုက်အန်းနှင့်သူ့ကြားထဲတွင်မှန်တစ်ချပ်စာမျှသာကွာဝေး၏ ။ 


" အား !" 


ဟဲဟျွိုက်အန်းမှာ ကြောက်လန့်တကြားဖြင့်နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည် ။ ပြတင်းပေါက်သို့တစ်ဖန်ပြန်ကြည့်လိုက်သောအခါ ထိုမျက်နှာကြီးပျောက်ကွယ်သွားပြီဖြစ်၏ ။ 

ဟဲဟျွိုက်အန်း အိမ်ထဲမှပြေးထွက်၍ခြံဝန်းထဲသို့သွားကြည့်သောအခါဘာမှရှိမနေပေ ။ 


" ဘာဖြစ်လို့လဲ " 


လှုပ်ရှားသံများကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော လင်ပန့်ရှ အားနိုးသွားစေ၏ ။ ရီဝေဝေဖြင့်မျက်လုံးဖွင့်ကြည့်လိုက်သောအခါ တံခါးဝတွင်တုန်လှုပ်စွာဖြင့်ရပ်နေသည့် ဟဲဟျွိုက်အန်း အားတွေ့လိုက်ရသည် ။ 


" ငါ ... ငါအခုလေးတင်ရွာသူကြီးကိုတွေ့လိုက်ရသလိုပဲ " 


သေမတတ်ကြောက်လန့်နေပါသော်လည်း ဟဲဟျွိုက်အန်းက ထိုမျက်နှာပိုင်ရှင်အားရှင်းရှင်းလင်းလင်းမှတ်မိ၏ ။


" အဲ့တာနေ့လည်တုန်းကတွေ့ခဲ့တဲ့ရွာသူကြီးပဲ "


" ရွာသူကြီးလား ...? " 


လင်ပန့်ရှက စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည် ။ 


" ရွာသူကြီးကဒီမှာဘာလာလုပ်တာလဲ ?"


" ငါမသိဘူးလေ " 


ဟဲဟျွိုက်အန်းက အသံတိုးတိုးဖြင့် 


"  ငါနိုးလာတဲ့အချိန်မှာပြတင်းပေါက်နားမှာသူလာချောင်းကြည့်နေတာတွေ့လိုက်တယ် ... ငါခြံဝန်းထဲကိုထွက်ကြည့်တော့သူမရှိတော့ဘူး ... အဲ့ဒီ့လူကတစ်ကယ်ရွာသူကြီးလား သူကငါတို့ပြတင်းပေါက်အပြင်ဘက်မှာဘာကိုလာကြည့်နေတာလဲ ... ငါတို့လည်းတစ်ခုခုဖြစ်သွားမှာကိုမင်းစိတ်မပူဘူးလား  "


ဟဲဟျွိုက်အန်း၏ တန်းစီထွက်လာသောမေးခွန်းများအား လင်ပန့်ရှ ဖြေရန်အလျင်မမှီပါချေ ။ ရွာသူကြီး၏အပြုအမူများကအမှန်ပင်လူကိုစိတ်မသက်မသာဖြစ်စေ၏ ။ သူတို့နှစ်ဦးနှင့်ဆန့်ကျင်ဘက်ဖြစ်စွာပင် စုန့်ချင်းလော်က ညင်ညင်သာသာပြောလာသည် ။


" အရင်အိပ်လိုက်ကြဦး မနက်မှပြောကြတာပေါ့ " 


သူ၏လေသံမှာသိသိသာသာကိုပင်နှစ်သိမ့်နေသည့်အသံနေအသံထားဖြစ်၏ ။


" အင်း ..." 


ဟဲဟျွိုက်အန်းက ကုတင်ပေါ်သို့ပြန်တက်ပြီးနောက် တစ်ကိုယ်လုံးကိုစောင်ဖြင့်ထုပ်ကာလှဲနေလိုက်သည် ။ ထိုအပြုအမူကိုလုပ်ဆောင်ပြီးသွားသောအခါမှသာ မနေ့ညက မုရှင်းစီ လုပ်ဆောင်ခဲ့သောအပြုအမူနှင့်အတူတူဖြစ်နေကြောင်းသတိထားမိသွားရ၏ ။ 




စာရေးသူမှာပြောစရာရှိပါတယ် :


လင်ပန့်ရှ : ဒီလူကိုထိခိုက်အောင်လုပ်တဲ့အရာတွေကအရမ်းဆိုးတာပဲ ! ငါဆိုရင်ဘယ်တော့မှသူများတွေကိုထိခိုက်အောင်မလုပ်ဘူး 


စုန့်ချင်းလော် : မင်းနေတဲ့အိမ်နံပါတ်ကိုတစ်ချက်စစ်ဆေးပြီးမှထပ်ပြောစမ်းပါ !


အိမ်နံပါတ် ၁၃၀၃ :  ဝူးဝူးဝူး ! ငါလည်းမင်းကိုခြောက်ဖို့အကောင်းဆုံးကြိုးစားတာပဲလေကွာ ဒါပေမဲ့ အလှလေးအတွက်မင်္ဂလာဝတ်ရုံကိုကိုယ်တိုင်ချုပ်ပေးလိုက်မိမယ်မှန်း ဘယ်လိုလုပ်သိမှာလဲလို့ !


လင်ပန့်ရှ : 0.0 ဘာမင်္ဂလာဝတ်ရုံလဲငါနားမလည်ဘူး !


( မင်္ဂလာဝတ်စုံကိုကိုယ်တိုင်ချုပ် means အိမ်နံပါတ်ကြောင့်အခြောက်ခံရတော့ ကိုကိုစုန့်က သူ့ချစ်ချစ်လေးပန့်ရှဆီတစ်ခါတည်းအိမ်ပြောင်းပြီးနေတော့တာပဲလေ အဲ့တာကိုပြောတာပါ )



မိုရီလေးမှာပြောစရာရှိပါတယ် : ငါလည်းဟိုစိတ်ကောက်ပြီးအချော့မခံရတဲ့ဗီဒိုလေးကိုသတိရမိသွားတယ် 




Translater - Mori    14 . 11 . 2023  ( 6 : 55 PM )


🐳