.အခန်း - ၂၄
မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၆ )
ဟဲဟျွိုက်အန်း အမှန်ပင်နားမလည်နိုင်င်ပါတော့ချေ ။ မိုးလင်းတော့မည့်အချိန်သို့ရောက်သည့်တိုင်အိပ်မပျော်ခဲ့သော်လည်း စုန့်ချင်းလော်၏ စကားကိုကြားပြီးသောအခါ ခဏမျှနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွား၏ ။
နောက်တစ်နေ့သို့ရောက်နေပြီဖြစ်သည့်တိုင် မိုးရွာသွန်းနေဆဲဖြစ်ကာ ဆက်လက်ရွာသွန်းနေမည်ဖြစ်ပြီး ရပ်တန့်မည့်ပုံလည်းမပေါ်ချေ ။
စုန့်ချင်းလော်နှင့် လင်ပန့်ရှ တို့မှာမနက်စောစောတွင်နိုးလာကြပြီးနောက် ဟဲဟျွိုက်အန်းကိုပါနှိုးလိုက်ကြသည် ။ သုံးယောက်သားမျက်နှာသစ်ပြီးဧည့်ခန်းအတွင်းသို့ဝင်လာသည်နှင့်တစ်ပြိုင်နက်ရွာသူကြီးအသေအချာဂရုတစိုက်ပြင်ဆင်ထားပုံရသည့် မနက်စာများကိုတွေ့လိုက်ရ၏ ။
" ရွာသူကြီး "
ဟဲဟျွိုက်အန်းက ကွေ့ဝိုက်မနေတော့ဘဲတည့်တိုးသာမေးချလိုက်၏ ။
" မနေ့ညကပြတင်းပေါက်အပြင်ဘက်မှာဘာလာလုပ်နေတာလဲ "
ရွာသူကြီးကသူ၏ဆေးပြင်းလိပ်ကြီးကိုတစ်ချက်မျှရှိုက်လိုက်ပြီးနောက် မီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်သည် ။ မှုန်ရီရီမီးခိုးငွေ့များကြားမှသူ၏မျက်နှာမှာတစ်မျိုးတစ်ဖုံထူးဆန်းနေပုံပေါ်၏ ။
" ငါ မင်းတို့တစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့လာကြည့်တာပါ "
မနေ့ညကလူမှာအမှန်ပင်ရွာသူကြီးဖြစ်နေ၏ ။ ဟဲဟျွိုက်အန်းမှာ စိတ်ထဲတွင်ဘဝင်မကျဖြစ်နေလျှက်
" ကျွန်တော်တို့ဘာဖြစ်မှာမို့လို့လဲ "
" လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကဖြစ်သွားတာကိုမှတ်မိသေးလား "
နောက်တစ်ဖန်ဆေးလိပ်တစ်ကျိုက်ရှိုက်ပြီးမှရွာသူကြီးကဆက်ပြောလာ၏ ။
" ငါတူနဲ့ငါရန်ဖြစ်ကြတာလေ ... ငါတို့စကားများပြီးသွားတော့ သူကအိမ်တံခါးဝမှာကိုယ့်ကိုယ်ကိုဆွဲကြိုးချပြီးသတ်သေခဲ့တာ ... မနေ့ညကတစ်ခုခုထပ်ဖြစ်မှာစိုးလို့မင်းတို့ကိုတစ်ချက်လာစစ်ဆေးကြည့်တာ "
ကြားရသည်မှာအဓိပ္ပာယ်ရှိသောကြောင့် ဟဲဟျွိုက်အန်းက ' အိုး ' ဟုသာအသံပြုလိုက်၏ ။
" ဟိုကောင်မလေးရဲ့အလောင်းနဲ့မင်းတို့ဘာလုပ်နေကြတာလဲ ... မြန်မြန်မြုပ်ပစ်လိုက် ဒီလိုထားတာကကံဆိုးမှုတွေကိုသယ်ဆောင်လာလိမ့်မယ် "
ဟဲဟျွိုက်အန်းက တိုးတိုးလေးရေရွတ်လိုက်သည် ။
" ဒီကိစ္စတွေပြီးသွားရင် ကျွန်တော် သူမကိုသေချာပေါက်ပြန်ခေါ်သွားမှာပါ "
ရွာသူကြီး : " ဒါဆိုရင်လည်းဒီနေ့ပဲအလောင်းကိုသယ်သွားတော့ မဟုတ်ရင် တခြားသေပြီးသားရွာသားတွေရဲ့အလောင်းလိုပဲ သူမလဲကျိန်စာမိသွားလိမ့်မယ် "
ရွာသူကြီးက အေးစက်စက်အသံဖြင့်
" သေပြီးသားလူသေအလောင်းတွေကိုမြေမမြုပ်ဘဲအပြင်မှာထားလို့မဖြစ်ဘူး ... သူမရဲ့အလောင်းကိုဒီလိုပဲဆက်ထားထားမယ်ဆိုရင် အသက်ပြန်ရှင်လာပြီးလူတွေလိုက်သတ်လိမ့်မယ် "
ဟဲဟျွိုက်အန်းက စုန့်ချင်းလော် အားအကြံတောင်းနေသည့်ဟန်တစ်ချက်ကြည့်လိုက်သည် ။ စုန့်ချင်းလော်က သာမန်ကာလျံကာလက်ထဲမှဘီစကစ်ကိုနှစ်ပိုင်းပိုင်းပြီးနောက်ဝါးစားရင်း လေသံအေးအေးဖြင့်ပြောလာ၏ ။
" ဒါဆိုလည်း မင်းသူမကိုခေါ်ပြီးတောင်အောက်ဆင်းသွားလိုက် လိုလိုမယ်မယ် ရိက္ခာတွေလည်းပြန်ရင်ဝယ်လာခဲ့ဦး တကယ်လို့ မင်းထွက်သွားနိုင်မယ်ဆိုရင်ပေါ့ ... "
ဟဲဟျွိုက်အန်း စိတ်သက်သာရာရသွား၏ ။
" ကောင်းပြီ "
" မင်းတို့ဒီမနက်စာကိုစားစားမစားစား ငါပြန်သိမ်းသွားတော့မယ် "
ရွာသူကြီးက စားပွဲခုံကိုပြင်းပြင်းထန်ထန်တစ်ထုကာမနက်စာလင်ဗန်းကိုသယ်ကာထွက်သွားရန်ပြင်လိုက်သည် ။
စားပွဲပေါ်၌အနံ့အရသာနှင့်ပြည့်စုံသောမနက်စာများကိုတင်ထား၏ ။ မုန့်ပေါင်းများ ပန်ကိတ်များအပြင် အလွန်မွှေးသောအဖြူရောင်ဆန်ပြုတ်တစ်ခွက်ပါရှိသည် ။ ရက်အတော်ကြာကောင်းကောင်းမွန်မွန်မစားသောက်ခဲ့ရသည့် သူတို့သုံးဦးအတွက်မူ ဤမနက်စာများကနတ်သုဒ္ဒါများနှယ် ။ သို့သော်လည်း မနေ့ညက ဤနေရာရှိမည်သည့်အရာကိုမျှစားသောက်ခြင်းမပြုရန် စုန့်ချင်းလော်က သတိပေးထားသောကြောင့်တစ်ယောက်မှအစားအစာများကိုမထိကြချေ ။
သူတို့သုံးဦးလုံးတိတ်ဆိတ်နေ၍တုပ်တုပ်မလှုပ်သည်ကိုမြင်ရသောအခါ ရွာသူကြီးကအစားအစာများကိုသိမ်းပြီးနောက် ခြံဝန်းထဲမှထွက်သွားတော့သည် ။
စုန့်ချင်းလော်က အမိန့်ပေးလိုက်၏ ။
" ဟဲဟျွိက်အန်း မစ္စမုရဲ့ခန္ဓာကိုယ်ကိုတောင်အောက်သယ်သွားလိုက် လင်ပန့်ရှနဲ့ငါသွားစုံစမ်းလိုက်မယ် ... မင်းရဲ့လုံခြုံရေးကိုလည်းအဓိကဂရုစိုက် "
ဟဲဟျွိုက်အန်းက ခေါင်းညိမ့်၍
" အိုကေ မစ္စတာစုန့် ... ကျွန်တော်ဖြစ်နိုင်သမျှမြန်မြန်ပြန်ခဲ့ပါ့မယ် "
စုန့်ချင်းလော် : " မဟုတ်ဘူး မင်းတကယ်လို့ရွာထဲကထွက်သွားနိုင်ပြီဆိုရင် ပြန်လာစရာမလိုတော့ဘူး ... တတ်နိုင်သမျှအမြန်ဆုံးအကြောင်းကြားပြီး လက်နက်အပြည့်အစုံနဲ့လူလေးယောက်လွှတ်လိုက် "
ဟဲဟျွိုက်အန်းကအံ့အားသင့်စွာဖြင့်
" မစ္စတာစုန့် တစ်ခုခုသိထားလို့လား "
စုန့်ချင်းလော်က အေးအေးဆေးဆေးပြောလာ၏ ။
" ခန့်မှန်းထားရုံပဲရှိသေးတာပါ အဓိကကအကုန်လုံး လုံလုံခြုံခြုံရှိဖို့ပဲ "
ဟဲဟျွိုက်အန်းက နှုတ်ဆက်ပြီးနောက်တောင်အောက်သို့ဆင်းရန်ပြင်တော့သည် ။
လင်ပန့်ရှနှင့်စုန့်ချင်းလော်တို့ မည်သည့်နေရာ၌သွားရောက်စုံစမ်းမည်ကိုသူမသိသကဲ့သို့ ထိုအကြောင်းကသူစိတ်ပူရမည့်ကိစ္စလည်းမဟုတ်ချေ ။ သူလုပ်ရမည့်အရာများမှာ စုန့်ချင်းလော် အမိန့်ပေးသည့်အတိုင်းလုပ်ရန်နှင့် အလိုရှိသည့်အရာများကိုလုပ်ပေးရန်သာဖြစ်သည် ။
မုရှင်းစီ၏ အလောင်းအားစောင်ဖြင့်ပတ်ထားဆဲဖြစ်၏ ။ ဟဲဟျွိုက်အန်းက သူမ၏အလောင်းအားမိုးကာစဖြင့်ပတ်ပြီးနောက် ကျောပေါ်တွင်သယ်ပိုးလိုက်သည် ။ ထို့နောက်ကားရပ်ထားသောနေရာသို့ထီးဆောင်းရင်းလျှောက်သွားလိုက်သည် ။
ကားရပ်ထားသောနေရာမှာ ရွာသူကြီး၏အိမ်ခြံဝန်းနှင့်သိပ်မဝေးသည့် မြေကွက်လပ်တွင်ရပ်ထားခြင်းဖြစ်သည် ။ မိုးရေစက်များကြားမှလှမ်းကြည့်လိုက်ရာခပ်လှမ်းလှမ်းနေရာတွင်ရပ်ထားသောကားကိုတွေ့လိုက်ရသဖြင့် အိတ်ကပ်ထဲမှကားသော့အားလက်ဖြင့်ဖိလိုက်သည် ။
သို့သော်လည်း အချက်ပြကားမီးများလင်းမလာပါချေ ။
ထိုအခြေအနေကိုမြင်သောအခါ ဟဲဟျွိုက်အန်း မှာလက်ဖျားများပင်အေးစက်သွားရပြီး ကားရှိရာဆီသို့ပို၍ခပ်မြန်မြန်လျှောက်သွားလ်ုက်သည် ။ ကားရှိရာနေရာသို့ရောက်သောအခါ ကားအတွင်းပိုင်းရှိရှုပ်ယှက်ခတ်နေသောအခြေအနေကိုမြင်သောအခါမှသာစုန့်ချင်းလော် ပြောသောစကား၏အဓိပ္ပာယ်ကိုနားလည်သွားရ၏ ။
" တကယ်လို့မင်းထွက်သွားနိုင်တယ်ဆိုရင်ပေါ့ "
ကားခေါင်းခန်းတစ်ခုလုံးရစရာမရှိတော့သည်အထိဖျက်ဆီးခံထားရ၏ ။ ကားမှန်ပြတင်းတွင်အပေါက်ကြီးတစ်ပေါက်နှင့် ဂီယာတံများလည်းမရှိတော့ဘဲ စတီယာရင်ဘီးသည်လည်းစုတ်ပြတ်သတ်သည်အထိဖျက်ဆီးထုနှက်ခံထားရပြီးဖြုတ်ထား၏ ။ ကားတစ်ခုလုံးပျက်စီးရှုပ်ပွနေကာ မောင်းနှင်နိုင်မည့်အရိပ်လက္ခဏာတစ်ခုကိုမျှမတွေ့ရချေ ။
ဟဲဟျွိုက်အန်း မှင်သက်သွားရသည် ။ ရွာသို့ပထမဆုံးလာသည့်အချိန်က အဓိကပြဿနာရွာသားများသူတို့ကိုမတွေ့စေရန်ရှောင်ရှားရခြင်းဖြစ်သည်ဟုသာတွေးထင်ထားသော်လည်း အခြေအနေများကထင်ထားသည်ထက်ပိုမိုဆိုးရွားနေ၏ ။ စုန့်ချင်းလော်၏ ရွာသားများကိုမတွေ့ရန်ရှောင်ရှားခိုင်းသည့်သတိပေးစကားမှာအမှန်ပင်မှန်ကန်ကြောင်းတွေးမိသွားသည် ။ အမှန်ပင်ရွာသားများ၏ အပြင်လူများဖြစ်သောသူတို့အပေါ်ထားသောခံစားချက်မှာ ဒေါအမုန်းတရားများဖြင့်ပြည့်နှက်နေ၏ ။
ဟဲဟျွိုက်အန်းက ခေါင်းလှည့်လိုက်ကာရွာသွန်းနေသောမိုးစက်များကြားထဲမှ အဆောက်အအုံငယ်လေးဆီသို့မျက်မှောင်ကျုံ့ကာကြည့်လိုက်သည် ။ ဤအခိုက်အတန့်၌ အိမ်လေးအတွင်းတွင်ပုန်းကွယ်ကာမှန်ချပ်များနောက်မှတိတ်တဆိတ်စောင့်ကြည့်နေသည့် ကြမ်းတမ်းရက်စက်သောအကြည့်များကိုခံစားလိုက်ရသည် ။ သူတို့က အပြင်လူများအား ထူးဆန်းသောမတော်တဆမှုများအတွင်းမြန်မြန်သေဆုံးသွားရန်မျှော်လင့်နေကြပုံပင် ။
ဟဲဟျွိုက်အန်းက အလောင်းကိုသယ်ပိုးရင်းဖြင့်သာ ယခင်တည်းခိုရာနေရာသို့တိတ်တဆိတ်ပြန်လာ၏ ။မိုးသည်းထန်စွာရွာသွန်းနေသဖြင့် မိုးရေစက်များကမျက်နှာပေါ်သို့ရိုက်ခတ်သောကြောင့် ခေါင်းငုံ့၍ကာရွံ့ဗွက်များကိုကြည့်ရင်းလမ်းလျှောက်နေရပြီး ရံဖန်ရံခါမှသာခေါင်းမော့ကြည့်နိုင်သည် ။ အပြင်သို့ထွက်သွားရန်မျှော်လင့်ချက်တစ်စွန်းတစ်စမျှမကျန်ခဲ့ခြင်းကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်၏ အပြန်လမ်းကအသွားထက်ပိုမိုခက်ခဲလှသည် ။ ခြေထောက်ကြွက်သားများလေးလံထိုင်းမှိုင်းလာကာ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်တွင်ကွန်ကရစ်ဖြင့်လောင်းချနေသကဲ့သို့ခံစားရ၏ ။
ရွာသူကြီး၏အိမ်သို့ရောက်ခါနီးသောအခါ ဟဲဟျွိုက်အန်း ရုတ်တရက်အေးစိမ့်စိမ့်ခံစားလိုက်ရသည် ။ မိုးရေစက်များက မျက်ခုံးပေါ်မှတစ်ဆင့်စီးဆင်းကာ ပါးပြင်ပေါ်သို့ဖြတ်သန်း၍မေးရိုးမှအောက်သို့စီးကျသွား၏ ။ ဟဲဟျွိုက်အန်း ကခေါင်းခါ၍မျက်နှာပေါ်မှရေစက်များအားခါချနေလေသည် ။ သို့သော်လည်း သူခေါင်းခါလိုက်သည့်အခါ၌ အေးစက်စက်လေများ သူနားအနီးတွင်မှုတ်ထုတ်လိုက်ကြောင်းခံစားလိုက်ရ၏ ။ ဟဲဟျွိုက်အန်း၏တစ်ကိုယ်လုံး တောင့်တင်းသွားရသည် ။ နောက်တစ်ဖန်ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ့ပခုံးပေါ်၌ခေါင်းတင်ထားသည့် သေဆုံးပြီးသားဖြစ်သော ဖြူဖျော့၍သွေးတစ်စက်မျှမရှိတော့သည့်ပုံပေါ်နေသည့် မုရှင်းစီ၏ မျက်နှာကိုသာတွေ့ရ၏ ။
သူမ၏မျက်နှာထက်တွင်သွေးများလည်ပတ်စီးဆင်းနေသည့်အရိပ်အယောင်မတွေ့ရဘဲ ပြတ်ထွက်နေသည့်သွေးကြောမျှင်များကိုသာမြင်ရသည် ။ ဤသည်ကဖြစ်လေ့ဖြစ်ထရှိသောဆံချည်မျှင်သွေးကြောများပြတ်တောက်ခြင်းဖြစ်ကာ လူသေတစ်ယောက်၏ပုံစံအစစ်အမှန်ပင် ။ ယခုလေးတင်သူခံစားမိလိုက်သောအအေးစက်သည့်အသက်ရှုသံမှာသူစိတ်ထင်၍ထင်ယောင်ထင်မှားဖြစ်သည်ဟုသာမှတ်ယူလိုက်သည် ။
လင်ပန့်ရှနှင့် စုန့်ချင်းလော်တို့ နှစ်ဦးမှာမူ ဟဲဟျွိုက်အန်း ဘက်တွင်ဖြစ်ပျက်နေသည်များအားမသိပေ ။ ရွာသူကြီး၏အိမ်မှထွက်လာပြီးနောက် အဖိုးအိုဟဲ၏နေအိမ်သို့သာတိုက်ရိုက်သွားလိုက်ကြသည် ။
ထိုအိမ်ကသမားရိုးကျရှေးခေတ်မြေသားအိမ်တစ်လုံးဖြစ်ကာ အသုအဘအခမ်းအနားပြီးဆုံးသွားသော်လည်း အိမ်တစ်အိမ်လုံးခြောက်ကပ်တိတ်ဆိတ်နေ၏ ။
စုန့်ချင်းလော် အိမ်တံခါးခေါက်လိုက်ပြီးနောက်ခဏမျှကြာသောအခါအတွင်းမှအဖိုးအိုတစ်ယောက်၏အသံထွက်ပေါ်လာ၏ ။
" ဘယ်သူလဲ "
စုန့်ချင်းလော်က ခဏမျှတွေးနေပြီးနောက်ပြောလိုက်သည် ။
" ကျန်းရုံနန် "
" ရုံနန်လား "
အရေပြားများပင်ရွံ့တွနေပြီဖြစ်သောလက်တစ်ဖက်ကသစ်သားတံခါးကိုဖွင့်လာကာ ဟဲမိသားစုမှလူအိုကြီး၏ မျက်နှာတစ်ခြမ်းကိုလှစ်ဟပြသလာ၏ ။ လင်ပန့်ရှနှင့်စုန့်ချင်လော်တို့အပြင်တွင်ရပ်နေကြောင်းမြင်သောအခါခဏမျှစိုက်ကြည့်နေပြီးနောက် အလွန်အေးစက်စွာဖြင့်ပြောလာ၏ ။
" မင်းတို့ငါ့ဆီကဘာလိုချင်လို့လဲ "
စုန့်ချင်းလော်က တံခါးပြန်မပိတ်သွားစေရန်သစ်သားတံခါးကိုလက်ဖြင့်ထောက်လိုက်လေသည် ။ ဖြူဖြူနုနုနှင့်အရုပ်လေးကဲ့သို့နူးညံ့လှပသော်လည်း စုန့်ချင်းလော်မှာ ရုပ်ကလေးနဲ့မှမလိုက်အားသန်လှသည် ။ စုန့်ချင်းလော်က ပြုံးကာ
" ကျွန်တော်ကတစ်ခုခုမေးချင်ရုံတင်ပါ "
" ဘာမှပြောပြစရာမရှိဘူး "
ဟဲမိသားစုမှ လူအိုကြီးမှာသူတို့အားဖြေကြားချင်ပုံမရဘဲအလွန်ခုခံနေ၏ ။
" ကျွန်တော်တို့အခုထိဘာမှမမေးရသေးဘူးလေဗျာ "
လူသုံးယောက်မှာအကြည့်စစ်ပွဲဆင်နွှဲလျှက်တံခါးဝတွင်ပိတ်လျှက်သားရပ်နေကြလေသည် ။ နောက်ဆုံး၌ ဟဲမိသားစုမှအဖိုးကြီးလက်လျော့၍အံတကြိတ်ကြိတ်ဖြင့်သာ စုန့်ချင်းလော်တို့ကို အထဲဝင်ရန်ခွင့်ပြုလိုက်ရတော့၏ ။ လင်ပန့်ရှလည်း စုန့်ချင်းလော်နောက်မှလိုက်ကာအိမ်ထဲသို့ဝင်လာလေသည် ။
အကြည့်တစ်ချက်နှင့်ပင်အိမ်တစ်အိမ်လုံးအလွန်ရှုပ်ယှက်ခတ်နေကြောင်းမြင်နိုင်၏ ။ အိမ်အပြင်နှင့်ခြံဝန်းတစ်ခုလုံးဆေးပင်များ ၊ နေခြောက်လှန်းထားသောဆေးမြစ်များဖြင့်ပြည့်နှက်နေပြီး လင်ပန့်ရှပင် အမျိုးအမည်မခွဲခြားနိုင်သောအပင်များလည်းပါဝင်သည် ။ ခြံဝန်းအတွင်းရှိလေထုတစ်ခုလုံးသည်ဆေးဖက်ဝင်အပင်နှင့်အမြစ်အမျိုးမျိုး၏ပြိုင်ဘက်ကင်းရနံ့များစွာရောနှောနေပုံမှာအလွန်မနှစ်မြို့ဖွယ်ပင် ။
အိမ်ခြံဝန်းထဲသို့ရောက်နေပြီဖြစ်သည့်တိုင် မစ္စတာဟဲကသူတို့နှစ်ယောက်အားအမြင်မကြည်ပါသေးချေ ။ အဖိုးကြီးက သူတို့နှစ်ဦးဘေးရှိကုလားထိုင်ပေါ်တွင်ဝင်ထိုင်ကာဘာမျှမပြောပေ ။
စုန့်ချင်လော်က မေးခွန်းများမေးရန်အလျှင်မလိုဘဲ ခြံဝန်းအတွင်းပတ်လျှောက်ကာ မျက်နှာထက်တွင်အလွန်စိတ်ဝင်စားနေသည်ဟူသောအမူအယာဖြင့် ခြံဝန်းတစ်ပတ်ပတ်ကြည့်နေလေ၏ ။ နောက်ဆုံးတွင် အဖိုးအိုဟဲမှာစိတ်မရှည်တော့ဘဲ ထိုင်ခုံလက်ရန်းကိုလက်ဖြင့်ရိုက်ကာ
" မင်းတို့ငါ့ဆီဘာလို့လာတာလဲ ... ဒီကိုအပျော်လာကြည့်တာလား ... ဟမ် "
စုန့်ချင်းလော်က တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလာ၏ ။
" ခင်ဗျားရဲ့အိမ်ထဲမှာလူသေအလောင်းတွေဘယ်လောင်တောင်ရှိနေတာလဲ "
အဖိုးကြီးဟဲ ကဒေါသတကြီးဖြင့်
" မင်းကိစ္စဘာပါလို့လဲ "
စုန့်ချင်းလော် : " ဒါဆို ကျွန်တော်မေးခွန်းပြောင်းမေးမယ်လေ ... လူတွေဘယ်လောက်များများကို သေသွားတဲ့ပုံစံမျိုးဖြစ်အောင် "
အဖိုးကြီးဟဲ၏ မျက်နှာတစ်ခုလုံးဖြူဖျော့သွား၏ ။ သူအရမ်းအိုနေပြီးမတိုက်ခိုက်နိုင်တော့သောကြောင့်သာမဟုတ်လျှင် ချက်ချင်းပင် စုန့်ချင်းလော်နှင့်ရန်ထဖြစ်လောက်သည် ။
သို့သော်လည်း စုန့်ချင်းလော်က အဖိုးကြီး၏အလွန်ပျက်ယွင်းနေသောအမူအယာကိုမသိချင်ယောင်ဆောင်ကာအေးအေးဆေးဆေးဖြင့်ပြောလာ၏ ။
" မိုးသည်းတဲ့ရက်တွေကအချိန်အကြာကြီးဆက်ရှိနေဦးမှာ ... ကျွန်တော်သတင်းအချက်အလက်တွေကိုဖတ်ပြီးသွားပြီ ဒီမှာရေကြီးရေလျှံမှုဖြစ်ခဲ့ပြီးတစ်လခွဲကျော်လောက်ရေလွှမ်းနေခဲ့တာ ... ပြောစမ်းပါဦးတကယ်လို့သာမိုးဆက်ရွာမယ်ဆိုရင် ခင်ဗျားအဲ့ဒီတောင်စောင့်နတ်လို့ခေါ်တဲ့ဟာကြီးကိုအစာဆက်ကျွေးနေတာကြောင့် ရွာသားဘယ်လောက်များအသက်ရှင်ကျန်နေခဲ့မှာပါလိမ့် ... ဘယ်သူမှမကျန်တော့ရင် ခင်ဗျားကိုယ်ခင်ဗျားစတေးခံပြီးအစာကျွေးမှာလား "
အဖိုးကြီးဟဲ ကအံကြိတ်၍
" မင်းဘာလုပ်နိုင်မှာမို့လို့လဲ ... မင်းမှာသာဖြေရှင်းဖို့နည်းလမ်းရှိမယ်ဆိုရင် မင်းရဲ့သူငယ်ချင်းတွေမကျေမနပ်နဲ့သေသွားကြရမှာမဟုတ်ဘူး "
စုန့်ချင်းလော် : " မြင်သေးတစ်ကောင်ကိုအသက်ရှိနေတဲ့မြင်းလိုဆက်ဆံလို့မရဘူးလေ ... အကုန်သေပြီးနေပြီပဲ ဘာလို့ခင်ဗျားသေဆုံးရမဲ့အကြောင်းအရင်းကိုကျွန်တော်တို့ကိုမရှာကြည့်ခိုင်းတာလဲ ... ခင်ဗျားလက်နဲ့ဆက်ပြီးညစ်ပတ်တာတွေလုပ်ဖို့ဆန္ဒရှိနေတာလား "
အဖိုးကြီးဟဲကမငြင်းဆန်သည့်အပြင် သူ၏မျက်နှာအမူအယာအားအကဲခတ်ကြည့်မည်ဆိုလျှင် စုန့်ချင်းလော်၏ စကားကြောင့်စိတ်ယိုင်နေပြီဖြစ်ကြောင်းမြင်နိုင်၏ ။
" ကျွန်တော်ကရွာသားတွေရဲ့သေစာရင်းမှတ်တမ်းကိုပဲကြည့်ချင်ရုံတင်ပါ ... ခင်ဗျားမှာအပြည့်စုံဆုံးမှတ်တမ်းတစ်ခုရှိကိုရှိတယ်မဟုတ်လား "
အဖိုးကြီးဟဲက အချိန်အတော်ကြာသည်အထိစကားမပြောပါချေ ။ လင်ပန့်ရှက စုန့်ချင်းလော်၏တောင်းဆိုချက်အားအဖိုးကြီးငြင်းဆိုလိမ့်မည်ဟုတွေးနေသည့်အချိန်မှာပင် အဖိုးကြီးဟဲက နံရံကပ်စာအုပ်စင်ကိုလက်ညိုးထိုးပြလာ၏ ။
" ညာဘက်အစွန်ဆုံးကအကန့်ထဲမှာ "
စုန့်ချင်းလော်က စာအုပ်စင်နားသို့အမြန်လျှောက်သွားကာမှတ်တမ်းစာအုပ်ကိုဆွဲယူလိုက်ပြီးနောက်အမြန်လှန်ကြည့်လိုက်လေသည် ။
လင်ပန့်ရှက စုန့်ချင်းလော်၏ဘေးတွင်ရပ်၍မှတ်တမ်းစာအုပ်ကိုအတူပူးကပ်၍ဖတ်နေလေသည် ။ မှတ်တမ်းစာအုပ်မှာအလွန်အသေးစိတ်လှကာ အချိန် ၊ ရာသီဥတုအခြေအနေ ၊ သေဆုံးရသည့်အကြောင်းအရင်း သေဆုံးသူ၏မိသားစုနှင့်ကိုယ်ရေးအကျဥ်းစသည်ဖြင့်စုံလင်လှ၏ ။
ပထမဆုံးသေဆုံးမှုမှာ မတ်လ၁၁ရက်နေ့တွင်ဖြစ်၏ ။ ရာသီဥတုသာယာကာသေဆုံးသွားသည့်နေရာမှာချောင်းအနီးတွင်ဖြစ်၏ ။ သေဆုံးရသည့်အကြောင်းအရင်းမှာ အဝတ်လျှော်ပြီးနောက်ရုတ်တရက်မတ်တပ်ထရပ်လိုက်စဥ်ခြေချော်၍လဲကျကာကျောက်တုံးနှင့်ခေါင်းရိုက်မိသဖြင့်လည်ပင်းရိုးနှင့်ကျောရိုးကျိုးကာသေဆုံးရခြင်းဖြစ်သည် ။ ဒဏ်ရာပြင်းထန်လှသဖြင့်နေရာတွင်ပင်ပွဲခြင်းပြီးသေဆုံးသွားခဲ့၏ ။
ဤသေဆုံးခြင်းမှာ နောက်ထပ်ဆက်တိုက်သောသေဆုံးခြင်းများ၏အစပြုရာဖြစ်သည် ။ နောက်ထပ်ရက်အနည်းငယ်အတွင်းမှာပင် သေဆုံးခြင်းမရဏတရားမှာ မြူနှင်းငွေ့များကဲ့သို့တစ်ရွာလုံးကိုရစ်ပတ်ခြုံလွှမ်းသွားတော့၏ ။
အချိန်ခဏအတွင်းမှာပင် စုန့်ချင်းလော်က လူဆယ်ယောက်၏သေဆုံးခြင်းဖြစ်စဥ်များကိုဖတ်ရှုပြီးဖြစ်သည် ။ လင်ပန့်ရှ မတုံ့ပြန်နိုင်သေးခင်မှာပင် စုန့်ချင်းလော်က ဟဲဟျွိုက်အန်း ပေးထားသည့်ရွာ၏မြေပုံကြမ်းကိုထုတ်ယူလိုက်ကာ ယူလာသောဘောပင်ဖြင့်အမှတ်အသားများကိုစတင်ပြုလုပ်တော့သည် ။
အနက်ရောင်အစက်ကလေးများမှာမြေပုံပေါ်တွင်တစ်နေရာချင်းစီထွက်ပေါ်လာ၏ ။ ထိုအစက်များကတစ်နေစီပြန့်ကျဲနေကာအစပ်အဆက်ရှိပုံပြင်မရဘဲ ဖြစ်ချင်ရာဖြစ်နေသကဲ့သို့ပင် ။
စုန့်ချင်းလော်က ရရှိလာသောရလဒ်နှင့်ပက်သက်၍စိတ်ကျေနပ်ပုံမရပေ ။ မြေပုံကိုဖြန့်ကာ မျက်မှောင်ကျုံ့၍ပေါက်ထွက်မတတ်စိုက်ကြည့်နေတော့၏ ။
လင်ပန့်ရှ နားမလည်နိုင်ပါတော့ချေ ။
" ကြည့်ရတာအစပ်အဆက်ရှိပုံလည်းမရဘဲနဲ့ ဘာလို့ဒီလိုမျက်နှာပေးမျိုးနဲ့ကြည့်နေရတာလဲ "
စုန့်ချင်လော် : " တစ်ခုခုလွဲနေတယ်လို့ခံစားနေရတယ် "
လင်ပန့်ရှ ခဏမျှစဥ်းစားကြည့်လိုက်သောအခါ အမှန်ပင်တစ်ခုခုမှားနေပြီဖြစ်ကြောင်းသေချာသွားရသည် ။
နှစ်ယောက်သားမြေပုံကိုအချိန်အတော်ကြာစိုက်ကြည့်နေပြီးနောက် စုန့်ချင်းလော်က ရုတ်တရက်မြေပုံပေါ်တွင်အမှတ်အသားများထဆွဲပြန်၏ ။
" ဘာလုပ်မလို့လဲ "
စုန့်ချင်းလော်က ပြန်ဖြေလိုက်သည် ။
" မိုးရွာတဲ့နေ့တွေနဲ့ နေသာတဲ့နေ့တွေနဲ့ကိုခွဲခြားကြည့်လိုက်"
မိုးရွာသောနေ့များနှင့်နေသာသောနေ့များအားမတူညီသောသင်္ကေတများဖြင့်မှတ်သားထားပုံရကာဆက်ဆွဲကြည့်လိုက်မည်ဆိုလျှင်ထူးထူးဆန်းဆန်းပုံစံတစ်မျိုးထွက်လာ၏ ။
စကားဖြင့်ဖော်ပြရန်ခက်ခဲပြီးလင်ပန့်ရှ၏အမြင်အရပြောရမည်ဆိုလျှင် တွားသွားသတ္တဝါတစ်ကောင်၏ရက်စက်ကြမ်းကြုတ်သောမျက်လုံးများနှင့်တူနေ၏ ။ အရာအားလုံး၏ဗဟိုချက်မှာရွာအနီးရှိမြစ်ဖြစ်ကာ မြစ်ရေ၏ဦးတည်ရာအတိုင်းမရဏတရား၏သင်္ကေတသည်ရွေ့လျားသွားသည် ။
မိုးရွာသောနေ့များအားဆက်ဆွဲထားသောသင်္ကေတပုံစံများမှာပုံမှန်မဟုတ်ပေ ။ အမှတ်အသားများမှာရွာ၏ထောင့်စွန်းနေရာတိုင်းတွင်တည်ရှိနေပြီးထိုအရာများနှင့်ပက်သက်၍ထူးထူးခြားခြားမရှိပုံပင် ။
" ဘာ ... ဘာတွေဖြစ်နေတာလဲ "
လင်ပန့်ရှက အံ့အားသင့်စွာဖြင့်
" အဲ့ဒီအရာရဲ့အကျိုးသက်ရောက်မှုကြောင့်မိုးရွာတာကအားပျော့သွားတာလား "
စုန့်ချင်းလော်ကရေရွတ်လာ၏ ။
" မဟုတ်ဘူး ... အားပျော့သွားတာမဟုတ်ဘူး ပိုအားကောင်းလာတာ "
လင်ပန့်ရှက စုန့်ချင်းလော်အားတစ်ချက်ကြည့်လိုက်ပါသော်လည်း ဆိုလိုချင်သောအဓိပ္ပာယ်ကိုနားလည်၏ ။
.
အမှန်ပင် မိုးရွာသောနေ့များကထိုအရာ၏အကျိုးသက်ရောက်မှုကိုမလျော့နည်းသွားစေရုံသာမကဆန့်ကျင်ဘက်အားဖြင့်ရေ၏တည်ရှိမှုကြောင့်ပိုမိုအားကောင်းလာစေသည် ။ အကြောင်းမှာထိုအရာကြီးကအမြဲတမ်းရေရှိရာအရပ်တွင်လှည့်လည်သွားလာနေသောကြောင့်ပင် ။ မိုးရေစက်များကအမျိုးအမည်မသိသောအရာကြီးအားရွာ၏နေရာအနှံ့သို့ပျံ့နှံ့စေကာပုံမှန်ကဲ့သို့သေခြင်းတရားကိုရွာထဲသို့ဆောင်ယူလာ၏ ။ နေသာသောနေ့များတွင်မူ သေဆုံးခြင်းဖြစ်စဥ်များသည် စမ်းချောင်း ( သို့ ) မြစ်အနီးအနားတွင်သာဖြစ်ပွားလိမ့်မည် ။
မည်သို့ပင်ဆိုစေကာမှု ထိုအန္ဒရာယ်များကာလျှို့ဝှက်နက်နဲသောချောင်းအတွင်း၌ တစ်ရွာလုံးကိုကယ်တင်နိုင်မည့်တစ်ခုတည်းသောမျှော်လင့်ချက်တည်ရှိနေ၏ ။
စုန့်ချင်းလော်နှင့် လင်ပန့်ရှ တို့စကားပြောနေသည့်အချိန်အတွင်း အဖိုးကြီးဟဲသည်လည်းနားထောင်နေ၏ ။ တစ်ချိန်လုံးနားထောင်နေခဲ့သည်မှာ ထိုနှစ်ဦးနောက်ဆုံး အပြီးသတ်ယူဆချက်ကိုဆုံးဖြတ်လိုက်သည့်အချိန်အထိပင် ။ အဖိုးကြီးဟဲက ဖြူဖျော့နေသောမျက်နှာဖြင့်
" မြစ်နဲ့ပက်သက်ပြီးတစ်ခုခုမှားနေတာလား "
( TN / မြစ်လို့ပြောပေမဲ့ တကယ်က တောင်ကျချောင်းလေးပါ )
" ဖြစ်နိုင်တယ် ... ငါမှတ်မိတာသာမှန်မယ်ဆိုရင်တစ်ရွာလုံးအဲ့မြစ်ထဲကရေကိုပဲသောက်ကြတာမလား "
အဖိုးကြီးဟဲ : " ဒါဆိုရင်လူတိုင်းသောက်ပေမဲ့ ဘာလို့အဲ့လူတွေပဲသေသွားရတာလဲ "
စုန့်ချင်းလော် : " တိကျတဲ့အကြောင်းအရင်းကိုရှာဖို့တစ်ခေါက်ပြန်ပြီးစစ်ဆေးကြည့်ရမယ် "
ထိုသို့ပြောပြီးနောက်မှတ်တမ်းစာအုပ်နှင့်မြေပုံကိုသိမ်းဆည်းကာ မြစ်အနီးသို့သွား၍တစ်ဖန်စစ်ဆေးရန်အစီအစဥ်ဆွဲလိုက်သည် ။ သူတို့ထွက်သွားတော့မည်အားမြင်သောအခါ အဖိုးကြီးဟဲက တိုးတိုးလေးမေးလာ၏ ။
" မြစ်ကတောင်ပေါ်ကဂူတစ်ဂူထဲကနေစီးဆင်းလာတာအဲ့ဒီဂူကမြစ်ရဲ့အစပဲ ဒါပေမဲ့ဒီရက်ပိုင်းမိုးအရမ်းရွာတော့ဂူကရေအပြည့်ဖြစ်နေတယ် မင်းတို့ဝင်သွားလို့ရမှာမဟုတ်ဘူး ... "
စုန့်ချင်းလော် : " အဲ့လိုဆိုရင်တောင်တစ်ချက်လောက်တော့သွားစစ်ဆေးကြည့်ရမှာပဲ "
အဖိုးကြီးဟဲက စကားပြောရန်တုံ့ဆိုင်းသွား၏ ။ လင်ပန့်ရှက အဖိုးကြီးဟဲ၏တုံ့ပြန်ပုံကိုမြင်သောကြောင့်မေးလိုက်သည် ။
" အဖိုး ကျွန်တော်တို့ကိုပြောစရာတစ်ခုခုများရှိလို့လား "
အဖိုးကြီးဟဲက အနည်းငယ်စိတ်မသက်မသာဖြစ်နေဟန်ဖြင့်
" တောင်စောင့်နတ်အမျက်ထွက်နေတယ်ဆိုတာတစ်ကယ်မဟုတ်ဘူးလား "
စုန့်ချင်းလော်က အေးတိအေးစက်ဖြင့်ပြောလာ၏ ။
" ဒီမှာဘယ်လိုလုပ်ပြီးတောင်စောင့်နတ်တွေအများကြီးရှိနိုင်မှာလဲ "
အဖိုးကြီးဟဲက အသံတိုးတိုးဖြင့်
" မင်းတို့ရွာသူကြီးရဲ့အိမ်မှာနေတာလား "
လင်ပန့်ရှ မှင်သက်သွားရသည် ။
" အဖိုး ဘာသဘောနဲ့မေးတာလဲ "
အဖိုးကြီးဟဲက စကားဆက်မပြောတော့ဘဲ ခေါင်းတယမ်းယမ်းဖြင့် လင်ပန့်ရှရောစုန့်ချင်းလော်ပါ နားမလည်သည့်စကားများကိုတတွတ်တွတ်ရေရွတ်နေတော့၏ ။
စုန့်ချင်းလော်က ခဏမျှတိတ်တိတ်နေကာစဥ်းစားနေလေသည် ။
" အရင်ဆုံးမြစ်နားကိုသွားပြီးစစ်ဆေးရအောင်မဟုတ်ရင်လူတိုင်းလုံခြုံမှာမဟုတ်တော့ဘူး "
လင်ပန့်ရှလည်း ထိုသို့တွေးမိပါ၏ ။ လူပေါင်းများစွာသေဆုံးပြီးဖြစ်သော်လည်း ထိုသူတို့၏အသတ်ကိုနုတ်ယူသွားသောအရာကြီးမှာမည်သည့်အရာဖြစ်ကြောင်းယခုထိမသိရသေးချေ ။ ရွာထဲရှိရွာသားများဆက်လက်သေဆုံးမည့်အကြောင်းအရင်းကိုအရင်ထိန်းချုပ်ခြင်းကသာလျှင်လောလောဆယ်ဖြေရှင်းနိုင်မည့်အကောင်းဆုံးနည်းလမ်းဖြစ်နေလေသည် ။ ဤနည်းအားဖြင့် ရွာသားများသည်လည်းလွန်လွန်ကျူးကျူးလုပ်ရပ်များလုပ်လာလိမ့်မည်မဟုတ်ကာ သူတို့နှစ်ဦးသည်လည်းမိမိတို့၏အလုပ်ကိုစိတ်အေးလက်ပေးလုပ်နိုင်မည်ဖြစ်၏ ။
အဖိုးကြီးဟဲအားတောင်တက်လမ်းတည်ရှိရာနေရာကိုမေးပြီးနောက် လင်ပန့်ရှနှင့်စုန့်ချင်းလော်တို့မှာ ဂူရှိရာနေရာသို့သာတစ်ခါတည်းဦးတည်၍သွားလိုက်ကြသည် ။
အနည်းငယ်မိုးစဲသွားပြီဖြစ်သော်လည်းတောင်တက်လမ်းတွင်းသွားလာရန်မှာမူခက်ခဲနေဆဲပင် ။ မိုးရေစက်များကြောင့်တောင်တက်လမ်းတစ်လျှောက်ရွံ့ဗွက်များအပြည့်ဖြင့်ဖြစ်နေကာခြေတစ်လှမ်းချင်စီကိုပင်ခက်ခက်ခဲခဲဖြင့်လှမ်းနေရ၏ ။
ကံကောင်းစွာဖြင့် လင်ပန့်ရှက အားကစားလုပ်လေ့ရှိသူဖြစ်သောကြောင့်တောင်နံရံကိုကျွမ်းကျွမ်းကျင်ကျင်တွယ်ကပ်ထားနိုင်၏ ။ စုန့်ချင်းလော်က စိုစိစိအရာများကိုကြိုက်သူမဟုတ်သောကြောင့် အေးစက်စက်တောင်နံရံမဆိုနှင့် တောင်တက်လမ်းဘေးရှိရေစိုနေသောမြက်ဖုတ်များကိုဆွဲကိုင်ထားရန်ပင်ငြင်းဆန်နေ၏ ။ လင်ပန့်ရှ တောင်ကုန်းလေးအပေါ်သို့ရောက်သောအခါ ပြန်လှည့်ကြည့်ချိန်၌ စုန့်ချင်းလော်ပါမလာကြောင်းတွေ့လိုက်ရသည် ။ ညစ်ပေနေသောလက်ကိုအင်္ကျီဖြင့်ပြန်သုတ်ပြီးနောက် စုန့်ချင်းလော်ထဲ လက်ကမ်း၍
" ကိုင်လိုက် ... ဒီနေရာကလမ်းလျှောက်ရတာမလွယ်ဘူး "
စုန့်ချင်းလော်က ခဏမျှတုန့်ဆိုင်းသွားသော်လည်း လင်ပန့်ရှ၏ လက်ကိုဆွဲကိုင်လိုက်ဆဲပင် ။ လင်ပန့်ရှ လည်းချက်ချင်းပင် စုန့်ချင်းလော်အား အားဖြင့်ဆွဲတင်လိုက်သည် ။ စုန့်ချင်းလော်က ဖြူဖျော့ဖျော့ရုပ်ကလေးနှင့်မလိုက်အလွန်သန်မာသောကြောင့် လေးမည်ဟုထင်ခဲ့ပါသော်လည်း ဆွဲယူလိုက်သည်နှင့်ငှက်မွှေးလေးကဲ့သို့ကောက်ခနဲပါလာလိမ့်မည်ဟုမထင်မိခဲ့ချေ ။ လင်ပန့်ရှ မတုံ့ပြန်နိုင်သေးခင်မှာပင် စုန့်ချင်းလော်က သူ့ရှေ့သို့ရောက်နေပြီဖြစ်သည် ။
စုန့်ချင်းလော်က နူးနူးညံ့ညံ့ပြောလာ၏ ။
" သွားကြမယ်လေ "
လင်ပန့်ရှက စုန့်ချင်းလော် အားကြည့်လိုက်မိသော်လည်းဘာမှမပြောဘဲ ဂရုတစိုက်ဖြင့်သာတောင်တက်လမ်းကိုဆက်တက်နေတော့သည် ။
အဖိုးကြီးဟဲ ၏စကားအရတောင်ခြေမှစ၍မြစ်ငယ်လေးအတိုင်းစုန်တက်၍တောင်တက်လမ်းတစ်လျှောက်တက်လာမည်ဆိုပါက ဂူကိုတွေ့ရလိမ့်မည်ဟုဆို၏ ။
ရွာတစ်ရွာလုံးအသုံးပြုသောရေအရင်းမြစ်ဖြစ်သဖြင့်ရွာသားများကမြစ်ငယ်လေးနှင့်ပက်သက်လာလျှင်အလွန်ဂရုတစိုက်ရှိကြသည် ။ သို့သော်လည်း လွန်ခဲ့သောလများအတွင်းရေကြီးရေလျှံမှုများဆက်တိုက်ဖြစ်ပွားနေသောကြောင့်ဤနေရာတွင်မည်သူမျှမရှိပေ ။ သူတို့နှစ်ဦးစလုံးကလူငယ်များဖြစ်သောကြောင့် နာရီအနည်းငယ်မျှတောင်တက်ရုံဖြင့်ဂူကိုရှာတွေ့နိုင်သော်လည်း ဂူထဲတွင်သူတို့အတွက်အသုံးဝင်မည့်အရာတစ်ခုခုရှိနေမည်လောဆိုသည်မှာမူမသေချာသေးချေ ။
လင်ပန့်ရှက ထိုအရာများနှင့်ပက်သက်၍များများစားစားဆက်မတွေးပါတော့ချေ ။ ထိုနေရာသို့မရောက်သေးသရွေ့အထဲရှိအခြေအနေကိုမသိနိုင်ပေ ။
လမ်းတစ်လျှောက်လုံး မည်သူကမျှစကားမပြောဘဲတိတ်တဆိတ်သာတက်လာကြ၏ ။ အဖိုးကြီးဟဲ ပြောသည့်နေရာသို့ရောက်သောအခါ လင်ပန့်ရှ ဖုန်းကိုကြည့်လိုက်မိသည် ။ မိနစ်လေးဆယ်သာကြာမြင့်ပြီး သူတို့မှန်းထားသောအချိန်ထက်ပိုမိုစောစီးစွာရောက်ရှိလာကြ၏ ။
အဖိုးကြီးဟဲ ပြောသည့်အတိုင်းပင် ဂူတစ်ဂူလုံးရေအပြည့်ဖြင့်ဖြစ်နေ၏ ။ ရေမျက်နှာပြင်အမြင့်မှာဂူအမိုးခုံးကိုပင်ထိလုနီးနီးဖြစ်နေလေသည် ။ ရေများမှာကြည်လင်ကာအရည်အသွေးမဆိုးလှသော်လည်းမျောပါနေသောသစ်ကိုင်းခြောက်များနှင့်သစ်ရွက်များပေါလောပေါ်နေ၏ ။
စုန့်ချင်လော်က ရေမြင်သည်နှင့်သက်ပြင်းခပ်ဖွဖွချလာ၏ ။ စုန့်ချင်းလော် ရေနှင့်ထိရမည်ကိုမကြိုက်ကြောင်း လင်ပန့်ရှ သိသဖြင့်ပြောလိုက်သည် ။
" ခင်ဗျားအပြင်မှာအရင်စောင့်နေလိုက်ရင်ရော ... ကျွန်တော်အထဲဝင်ပြီးအရင်စစ်ဆေးကြည့်လိုက်မယ်လေ "
" မဟုတ်ဘူး "
စုန့်ချင်းလော်က သဘောမတူပါချေ ။
" မင်းတစ်ယောက်တည်းသွားဖို့ကအရမ်းအန္ဒရာယ်များလွန်းတယ် "
လင်ပန့်ရှ : " ခင်ဗျားရေထိရမှာမကြိုက်ဘူးမလား "
စုန့်ချင်းလော်က နှုတ်ခမ်းကိုက်၍
" မကြိုက်ရုံတင်ပါ ..."
နှစ်စက္ကန့်မျှတုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ကာ
" အတူတူသွားကြရအောင် "
လင်ပန့်ရှက စုန့်ချင်းလော်အား လက်လျော့ရန်ဖျောင်းဖြချင်ပါသော်လည်း စုန့်ချင်းလော်၏စိတ်ဆုံးဖြတ်ထားပြီးဖြစ်သောအမူအယာနှင့် မျက်ခုံးတင်းတင်းကျုံ့ထားပုံကိုကြည့်ကာရွေးချယ်စရာမရှိဘဲလက်လျှော့လိုက်ရတော့သည် ။
ထို့ကြောင့်နှစ်ယောက်သားဘောင်းဘီအနားများကိုလိပ်တင်၍ ဂူအတွင်းသို့ဂရုတစိုက်ဖြင့်ဝင်လိုက်ကြသည် ။
အထဲသို့ပို၍ဝင်သွားလေ ပိုမိုမှောင်မိုက်လာလေပင် ။ စုန့်ချင်းလော်က အလင်းရစေရန်အတွက်အိပ်ကပ်ထံမှရေစိုခံဓာတ်မီးကိုထုတ်လိုက်သည် ။ လင်ပန့်ရှက အနောက်မှလမ်းလျှောက်လိုက်လာရင်းဘေးပတ်ဝန်းကျင်ကိုလည်းအသေအချာကြည့်ရှုနေ၏ ။
အလယ်တွင်တောင်ကျချောင်းလေးဖြတ်သန်းစီးဆင်းနေပြီးဘေးနှစ်ဖက်တွင်လျှောက်လမ်းရှိသောသာမန်ဂူတစ်လုံးပုံစံသာဖြစ်၏ ။ သို့သော်လည်းရေကြီးထားသောကြောင့်ဘေးနှစ်ဖက်သို့ပါ ရေများလျှံတက်နေ၏ ။ ကနဦးဝင်လာခါစက ကြည်လင်သောရေကြောင့်အောက်ခြေကြမ်းပြင်အထိမြင်ရသော်လည်း အထဲသို့ပို၍ဝင်လာလေမနှစ်မြို့ဖွယ်ကောင်းစွာအမှောင်ထုနှင့်တူညီသောရေအရောင်ပိုရင့်လာလေဖြစ်သည် ။
စုန့်ချင်းလော်၏ ဦးနှောက်မှာပုံမှန်ထက်သွက်လက်စွာအလုပ်လုပ်နေပြီး ခေါင်းငုံ့ကာဖြင့်ရေအောက်ထဲတွင်တစ်ခုခုလိုက်ရှာနေပုံရသည် ။ လင်ပန့်ရှက ထိုသည်အားကြည့်ကာစနောက်လာ၏ ။
" ကံကောင်းတာကတောင်ကျချောင်းလေးဖြစ်နေလို့သာပေါ့ တကယ်လို့မြွေတွေဘာတွေတစ်ခုခုရေထဲမှာရှိနေရင်ဘယ်လိုလုပ်ကြမလဲ "
စုန့်ချင်းလော်က လင်ပန့်ရှ အားကြည့်ကာတည်တည်ငြိမ်ငြိမ်ဖြင့်ပြောလာ၏ ။
" ငါတို့မမြင်ရပေမဲ့ ရှိနေရင်လည်းရှိနေနိုင်တာပဲလေ "
စုန့်ချင်းလော်၏ အသားအရေမှာအလွန်ဖြူဖျော့ကာအမှောင်ထဲ၌တောက်ပနေသကဲ့သို့ပင် သူ၏မျက်ဆံနက်များနှင့်အနက်ရောင်ဆံပင်များကမူ ပတ်ဝန်းကျင်ရှိအလင်းရောင်အားလုံးကိုစုပ်ယူသွားတော့မယောင်ထင်မှတ်ရ၏ ။ အမှန်ပင် ဝိရောဓိဖြစ်ဖွယ်တည်ရှိနေသည့်အလှတရားဖြစ်သောကြောင့် လင်ပန့်ရှမှာ မထိန်းချုပ်နိုင်ပါဘဲ စက္ကန့်အနည်းငယ်မျှကြောင်အကာကြည့်နေမိ၏ ။
စုန့်ချင်းလော်က လင်ပန့်ရှ စိုက်ကြည့်နေသည်အားစိတ်ထဲမထားပေ ။ ရေအောက်ရှိသူ၏ခြေချောင်းများကိုသာစူးစိုက်ကြည့်ရှုနေဆဲဖြစ်ကာ ရှေ့သို့ခြေလှမ်းအနည်းငယ်မျှလှမ်းပြီးနောက်ပြောလာ၏ ။
" ငါတို့ဆက်သွားလို့မရတော့ဘူး "
လင်ပန့်ရှ : " ဟမ် "
စုန့်ချင်းလော် : " အတွင်းထဲကရေတွေကအရောင်အရမ်းရင့်လွန်းတယ် အဲ့တာရေကန်တစ်ကန်ဖြစ်လောက်မယ် "
လင်ပန့်ရှ ဓာတ်မီးဖြင့်လှမ်းထိုးကြည့်လိုက်သောအခါ လျှောက်လမ်းမှာအရှေ့တွင်လမ်းဆုံးနေပြီဖြစ်ကြောင်းတွေ့လိုက်ရသည် ။ လမ်း၏အရှေ့ဘက်ခပ်လှမ်းလှမ်းတွင်အမှန်ပင်အတော်အတန်နက်ပုံရသောရေကန်တစ်ကန်တည်ရှိနေ၏ ။ ရေကြည်ပါသော်လည်း ဓာတ်မီးအလင်းရောင်မှာရေကန်၏အပေါ်ယံအပိုင်းကိုသာထိုးဖောက်နိုင်၏ ။
လင်ပန့်ရှက ဓာတ်မီးဖြင့်ခဏဆက်ထိုးကြည့်နေပြီးနောက်
" စုန့်ကောပြောတဲ့အရာကအဲ့အထဲမှာရှိနေတာလား "
စုန့်ချင်းလော် : " ဖြစ်နိုင်တယ် "
လင်ပန့်ရှက ခဏမှတွေးနေပြီးနောက်ပြောလိုက်သည် ။
" ကျွန်တော်ရေငုပ်ပြီးသွားကြည့်လိုက်မယ်လေ "
စုန့်ချင်းလော်က လင်ပန့်ရှအားစိုက်ကြည့်နေပြီးဘာမှပြောမလာပါချေ ။
" အောက်သို့သွားမကြည့်ဘဲနဲ့ဘာရှိနေလဲဆိုတာပြောနိုင်မှာမဟုတ်ဘူးလေ ... ရေကအရမ်းမနက်ပါဘူး ကျွန်တော်ရေငုပ်သွားပြီးတစ်ခုခုထူးခြားတာရှိလားစစ်ဆေးကြည့်လိုက်မယ်လေ ..."
စုန့်ချင်းလော်က တိတ်ဆိတ်နေကာ အန္ဒရာယ်ကြားထဲသို့ လင်ပန့်ရှအား လွှတ်သင့်မလွှတ်သင့်စဥ်းစားနေလေ၏ ။ ထိုနေရာတွင်အန္ဒရာယ်များသောအရာများရှိနေနိုင်သော်လည်း ဤနည်းလမ်းထက်ပိုကောင်းသောအခြားနည်းလမ်းကိုတွေး၍မရချေ ။
" ကောင်းပြီ "
နောက်ဆုံး၌ စုန့်ချင်းလော်က လင်ပန့်ရှ၏ အဆိုပြုချက်ကိုသဘောတူညီလိုက်၏ ။ လင်ပန့်ရှအားဓာတ်မီးကိုပြန်ကမ်းပေးကာ
" ကြည့်ရုံပဲကြည့်လာခဲ့ တကယ်လို့မင်းတစ်ခုခုတွေ့ခဲ့တယ်ဆိုရင်တောင် ဘာမှလုပ်စရာမလိုဘူး "
လင်ပန့်ရှက ပြုံးကာစကားနားထောင်မည်ဟုဂတိပေးလိုက်သည် ။ ဓာတ်မီးသေးသေးလေးကိုပါးစပ်တွင်ကိုက်၍ အပေါ်အင်္ကျီကိုချွတ်ကာအချိုးအစားကျနလှသောခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများကိုပြသလာ၏ ။ စုန့်ချင်းလော်ထံအင်္ကျီအပ်၍ ပြောလိုက်သည် ။
" ကျွန်တော်သွားတော့မယ်နော် "
စုန့်ချင်းလော် : " မင်းဘောင်းဘီမချွတ်တော့ဘူးလား "
လင်ပန့်ရှက ခဏမျှတွေးနေပြီးနောက် ဘောင်းဘီချွတ်မည်မဟုတ်ကြောင်းခေါင်းခါပြလိုင်သည် ။ နောက်လှည့်ကာရေထဲသို့ခုန်ချတော့မည့်အချိန်မှာပင် စုန့်ချင်းလော်က သူ့အားလှမ်းဆွဲကာ ပါးစပ်တွင်ကိုက်ထားဆဲဖြစ်သောဓာတ်မီးကိုလက်ညိုးထိုး၍
" ပါးစပ်နဲ့မကိုက်နဲ့ လက်ကကိုင်သွား ရေကသောက်လို့ရတဲ့ရေမဟုတ်ဘူး ... တတ်နိုင်သမျှပါးစပ်ထဲမဝင်စေနဲ့ "
လင်ပန့်ရှ လည်း စုန့်ချင်းလော် ပြောသည့်အတိုင်းလုပ်လိုက်သည် ။
ဓာတ်မီးကိုလက်ထဲတွင်ကိုင်၍ရေအေးထဲသို့ခုန်ဆင်းသွားတော့သည် ။ ရေကန်မှာသိပ်မနက်လှသောကြောင့် လျှင်လျှင်မြန်မြန်ပင်ကူးခတ်ကာရေကန်အောက်ခြေသို့ရောက်ရှိသွား၏ ။ အလင်းပိတ်၍အမှောင်ထုသာကြီးစိုးနေသောကြောင့် ဓာတ်မီးအလင်းရောင်ရှိနေသည့်တိုင် မိမိ၏လက်ချောင်းများကိုမြင်နိုင်ရုံအကွာအဝေးထိသာမြင်ရ၏ ။ ရေကန်အောက်ခြေတွင် သဲကြမ်ူအလွှာတစ်လွှာရှိပြီး၎င်းအပေါ်၌ကျိုးပဲ့နေသောသစ်ကိုင်းခြောက်များနှင့်သစ်ရွက်ဆွေးများအပုံလိုက်ရှိနေသည် ။ လင်ပန့်ရှ သစ်ကိုင်းခြောက်များကိုဖယ်ရှား၍ခဏမျှရှာဖွေပါသော်လည်းဘာမှမတွေ့ရသဖြင့် အသက်ရှုရန်ရေပေါ်သို့ပြန်တက်လာလိုက်သည် ။
" ငါဘာမှမတွေ့ခဲ့ဘူး နောက်တစ်ခေါက်လောက်ထပ်သွားကြည့်ရမလား "
လင်ပန့်ရှက မျက်နှာပေါ်ရှိ ရေစက်များကိုသုတ်လိုက်လေသည် ။ စုန့်ချင်းလော်က သူ့အားကြည့်ကာ
" အင်း "
လင်ပန့်ရှ ရေကန်ထဲသို့နောက်တစ်ကြိမ်ခုန်ဆင်းသွားပြန်၏ ။ ဤတစ်ကြိမ်တွင်မူ စေ့စေ့စပ်စပ်ရှာဖွေပါသော်လည်း စိတ်ပျက်ဖွယ်ကောင်းစွာအသုံးဝင်သည့်အရာတစ်ခုခုမှမတွေ့ချေ ။ ရေပေါ်သို့ပြန်တက်လာသောအခါ လင်ပန့်ရှ ရှာမတွေ့ခဲ့သည်ကိုသိ၍ပြောလိုက်သည် ။
" မင်းရေကန်ရဲ့အနက်ဆုံးနေရာမှာရှာသင့်တယ် အဲ့ဒီအရာကရေပေါ်မှာရှိနေတာမဟုတ်လောက်ဘူး ... လတော်တော်ကြာပြီဆိုတော့သဲတွေအောက်မှာမြုတ်သွားတာလဲဖြစ်နိုင်တယ် "
လင်ပန့်ရှက ခေါင်းညိမ့်ပြီးနောက်သုံးကြိမ်မြောက်ရေထပ်ငုပ်လိုက်သည် ။ စုန့်ချင်းလော်အကြံပေးသည့်အတိုင်းသဲအောက်တွင်ရှာဖွေရန်ကြိုးစားလိုက်သည် ။ ခဏမျှကြာသောအခါအမှန်ပင်တစ်ခုခုကိုရှာဖွေတွေ့ရှိသွား၏ ။ သစ်ကိုင်းခြောက်များ ကျောက်တုံးများနှင့်မတူညီသောနူးနူးညံ့ညံ့အရာတစ်ခုကိုလက်ဖြင့်းစမ်းမိသွား၏ ။ အထိအတွေ့အရဆိုလျှင် ထိုအရာမှာအသားနှင့်တူနေလေသည် ။ လင်ပန့်ရှက အသက်အောင့်လိုက်ပြီးနောက် ထိုအရာပတ်ဝန်းကျင်ရှိ ကျောက်တုံးနှင့်သစ်ကိုင်းများကိုလက်ဖြင့်ဖယ်ရှားလိုက်သည် ။ ခဏကြာသောအခါမြုပ်နှံထားသောအရာ၏မူရင်းပုံသဏ္ဍာန်ပေါ်ထွက်လာပြီပင် ။ အမှန်ပင်အရေပြားနှင့်အသားဖြစ်နေ၏ ။
အတိအကျပြောရမည်ဆိုလျှင် ထိုအရာမှာအမည်မသိသတ္တဝါတစ်ကောင်ကောင်၏ပုပ်ပွနေသောခန္ဓာကိုယ်ကြီးပင် ။
ထိုအရာကြီးမှာအလွန်ကြီးမားကာရေကန်အောက်ခြေတစ်ခုလုံးတစ်နီးပါးကိုဖုံးအုပ်ထား၏ ။ ရေကန်အတွင်းနစ်မြုပ်နေသည်မှာ မည်သည့်အချိန်ကတည်းကမှန်းမသိရှိနိုင်ပေ ။ ရေကန်ထဲတွင်အချိန်အတော်ကြာနစ်မြုပ်နေခဲ့သောကြောင့်၎င်း၏အရောင်မှာအလွန်တရာဖြူဖျော့နေသည့်အပြင် ဖောသွပ်၍ပုပ်ပွနေ၏ ။ ရေအောက်အနက်ထဲမှိန်ဖျော့သောနေရာတွင်ဤကဲ့သို့တည်ရှိနေသည်မှာအလွန်ကြောက်မက်ဖွယ်ကောင်းလှသည် ။ ၎င်းသည်ယခုလေးတင် လင်ပန့်ရှ ထိကိုင်မိလိုက်သောအရာလည်းဖြစ်ပါ၏ ။ အကယ်၍သာမန်လူတစ်ဦးသာဆိုလျှင်အကြောက်လွန်၍နေရာမှာတင်သတိလစ်သေဆုံးသွားနိုင်ပေ၏ ။ သို့သော်လည်း လင်ပန့်ရှ အတွက်မှုလှုပ်ရှားမှုများကိုခေတ္တမျှရပ်တန့်သွားစေရုံသာဖြစ်စေသည် ။ ထို့နောက် အသက်ရှုရန်အပေါ်သို့ပြန်တက်လာ၏ ။
" ကျွန်တော်တွေ့ခဲ့တယ် ... ရေကန်အောက်ခြေမှာပုပ်ပွနေတဲ့အသားတုံးကြီးအကြီးကြီးရှိနေတာ ... အဲ့တာကြောင့်များပြဿနာဖြစ်နေတာလား "
" မဟုတ်ဘူး ... အဲ့တာကဒီတိုင်းသာမန်ပုပ်နေတဲ့အသားလောက်ပဲမဖြစ်လောက်ဘူး "
စုန့်ချင်းလော်က လေသံအေးအေးဖြင့်ပြောလာ၏ ။ ထူးဆန်းသောအရာတစ်ခုခုရှိမည်ဆိုလျှင်ကောင်းလိမ့်မည်ဆိုသော်လည်း ရှာမတွေ့နိုင်မှာကိုစိတ်ပူနေမိသည် ။
" ထပ်ရှာကြည့်ပါဦး အဲ့တာထက်ထူးခြားတာတစ်ခုခုရှိလိမ့်မယ် "
လင်ပန့်ရှက ရေရွတ်လိုက်ပြီးနောက်အသက်ဝဝရှုကာနောက်တစ်ကြိမ်ရေထဲသို့ငုပ်ဆင်းလိုက်ကာ သူတွေ့ခဲ့သောထူးဆန်းသည့်အရာကြီးထံသို့ဦးတည်ကူးခတ်သွားလိုက်သည် ။ အချိန်ခဏကြာသဲများနှင့်သစ်ကိုင်းခြောက်များကိုဖယ်ရှားပြီးနောက် ထိုအရာကြီး၏အစိတ်အပိုင်းအတော်များများကိုဖော်ထုတ်နိုင်သွား၏ ။ ထိုအရာကြီးကရေများဖြင့်ဖောသွပ်ကာပွနေပါသော်လည်း အလွန်လေးသောကြောင့်ရေအောက်ကြမ်းပြင်တွင်နစ်မြုပ်နေခြင်းဖြစ်၏ ။ လင်ပန့်ရှက ထိုအရာကြီးပေါ်တွင်လက်ဖြင့်စမ်း၍ စုန့်ချင်းလော်ပြောသည့်ထူးခြားသောအရာကိုကြိုးစားရှာဖွေနေလေသည် ။ အတွေ့ခံစားမှုအရအံသြဖွယ်ကောင်းလောက်အောင် နူးနူးညံ့ညံ့နှင့်ထိကိုင်၍ကောင်းသော်လည်းစေးကပ်စေးကပ်ဖြစ်နေ၏ ။ ထိုအရာက လင်ပန့်ရှအား မနှစ်မြို့ဖွယ်ခံစားသွားရစေသော်လည်း ထိုစိတ်အားအတတ်နိုင်ဆုံးထိန်းချုပ်ကာအောင့်အီးသည်းခံ၍ဆက်လက်ရှာဖွေနေလိုက်သည် ။ နောက်ဆုံးတွင် ထိုစေးကပ်နူးညံ့သောအရာကြီးထဲမှခပ်မာမာအရာတစ်ခုကိုစမ်းမိသွား၏ ။ လင်ပန့်ရှအနီးကပ်ကြည့်ရှုလိုက်သောအခါ ထိုအရာမှာထူးထူးဆန်းဆန်းပုံသဏ္ဍာန်ရှိသည့်ကျောက်တုံးတစ်တုံးဖြစ်နေကြောင်းတွေ့လိုက်ရသည် ။
ဒါကကျောက်တုံးတစ်တုံးလား ?
ဓာတ်မီးရောင်ဖျော့ဖျော့အောက်၌ထိုအရာ၏ပုံသဏ္ဍာန်ကိုမြင်သောအခါ လင်ပန့်ရှ ၏စိတ်ထဲ၌မေးခွန်းပေါင်းစုံတစ်သီတစ်တန်းထွက်ပေါ်လာတော့သည် ။
ဘယ်လိုဖြစ်ပြီးကျောက်တုံးကဒီလိုထူးထူးဆန်းဆန်းပုံစံကြီးဖြစ်နေရတာလဲ ?
ထိုအရာမှာမာကျောကာအေးစက်နေပြီး ခွေခေါက်နေသောမြွေတစ်ကောင်နှယ် ။ အကြေးခွံကဲ့သို့အဖုအထစ်များရှိရုံသာမက ကိုင်ကြည့်လိုက်ရုံနှင့်ပင်ထူးထူးဆန်းဆန်းခံစားရစေ၏ ။ လင်ပန့်ရှ ထိုအရာအားထိလိုက်သည့်အချိန်မှာပင်ဖော်မပြနိုင်သောခံစားချက်တစ်ခုဖြစ်ပေါ်လာရသည် ။ သူ့ခန္ဓာကိုယ်အတွင်းရှိဆဲလ်တိုင်းလှုပ်လှုပ်ရှားရှားဖြစ်သွားပြီးကြက်သီးမွှေးညှင်းများထကာ ထိုအရာနှင့်ဝေးဝေးနေရန်မသိစိတ်ကသတိပေးနေ၏ ။
နောက်ခဏမျှကြာသောအခါ လင်ပန့်ရှ ရေမွန်းကာပါးစပ်ထဲရှိလေများအားလုံးရေပူပေါင်းသဖွယ်မှုတ်ထုတ်လိုက်ပြီး ရေပြင်ပေါ်သို့ပြန်လည်ကူးခတ်သွား၏ ။ ရေပေါ်သို့ရောက်သောအခါ အပြင်းအထန်ချောင်းဆိုးတော့သည် ။
စာရေးသူမှာပြောစရာရှိပါတယ် :
လင်ပန့်ရှ : ဝက်အူချောင်းကြော်စားချင်တယ် ...
စုန့်ချင်းလော် : စားလေ ... အကြီးကြီးနှစ်ချောင်းဆိုရင်လုံလောက်ပြီလား
လင်ပန့်ရှ : ရတယ် ... လောက်ပြီ
ကျိလဲ့ရွှေ : မင်းတို့နှစ်ယောက် ကားမောင်းနေတယ်လို့ငါသံသယရှိပေမဲ့ သက်သေပြစရာမရှိဘူးဖြစ်နေတယ် !
Translater - Mori ( 18 . 11 . 2023 ) 6 : 23 PM