အခန်း - ၂၅ မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၇ )
Viewers 2k

.


အခန်း - ၂၅


မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၇ )




" ဘာဖြစ်လို့လဲ " 


လင်ပန့်ရှ၏ စိတ်အခြေအနေမကောင်းကြောင်း စုန့်ချင်းလော် သတိထားမိသွား၏ ။


" မင်းတစ်ခုခုတွေ့ခဲ့လို့လား " 


" အဲ့ဒီအသားလိုအရာကြီးအပေါ်မှာ ကျောက်တုံးလိုမျိုးအရာတစ်ခုခုရှိတယ် " 


အအေးဓာတ်ကြောင့်လော အခြားသောအကြောင်းများသော်လည်းကောင်းမသဲကွဲသော်လည်း လင်ပန့်ရှ၏ ခန္ဓာကိုယ်မှာအနည်းငယ်တုန်ရီနေလေသည် ။


" လက်နဲ့ထိကြည့်လိုက်မိတော့ခံစားရတာက ... မကောင်းတဲ့အရာကြီးတစ်ခုလိုပဲ "


လင်ပန့်ရှ ထိုအရာကြီးကိုထိခဲ့ကြောင်း စုန့်ချင်းလော် ကြားလျှင်ကြားချင်းသူ၏အမူအယာမှာချက်ချင်းအလွန်လေးနက်သည့်ပုံစံပြောင်းသွား၏ ။


" အပေါ်ကိုအရင်တက်လာခဲ့ " 


ထို့နောက် လင်ပန့်ရှ ဆီသို့လက်ကမ်းပေးလိုက်သည် ။ 


စုန့်ချင်လော်အဘယ့်ကြောင့်ရုတ်တရက်အလေးအနက်ကဖြစ်သွားရသည်ကိုမသိသော်လည်း နာနာခံခံဖြင့် ပြောသည့်အတိုင်း စုန့်ချင်လော်၏လက်ကိုဆွဲကာအပေါ်တက်ရန်အားယူလိုက်သည် ။

 

စုန့်ချင်းလော်က လင်ပန့်ရှအားရေထဲမှဆွဲထုတ်ရန်အားဖြင့်ဆွဲလိုက်သော်လည်း ထိုအချိန်မှာပင် သူခြေထောက်ဖြင့်ဖိနင်းထားသောကျောက်တုံးကတစ်စစီကြေမွသွား၏ ။ စုန့်ချင်းလော်သည်လည်း လေထဲတွင်တန်းလန်းဖြစ်သွားကာနှစ်ယောက်စလုံးရေကန်ထဲသို့ပြုတ်ကျလုနီးနီးပင် ။


ကံကောင်းစွာဖြင့် စုန့်ချင်းလော်က အမြန်နောက်ပြန်ဆုတ်ကာကျောက်နံရံရှိအစွန်းထွက်နေသောကျောက်ဆောင်ငယ်လေးတစ်ခုကိုလှမ်းဆွဲလိုက်ကာ တည်ငြိမ်စေရန်ထိန်းထားလိုက်သည် ။ ကျောက်ဆောင်စွန်းအားလက်ဖြင့်လှမ်းဖမ်းမိလိုက်ပါသော်လည်း စုန့်ချင်းလော်၏ခန္ဓာကိုယ်တစ်ဝက်ရေစိုသွားရဆဲဖြစ်၏ ။ အသက်ပြင်းပြင်းရှုပြီးနောက် လင်ပန့်ရှ အားရေထဲမှတစ်ဖန်ပြန်ဆွဲထုတ်လိုက်သည် ။


လင်ပန့်ရှက အပေါ်သို့ရောက်သောအခါ မျက်နှာပေါ်ရှိရေစက်များကိုလက်ဖြင့်သပ်ချ၍


" အဆင်ပြေရဲ့လား "


စုန့်ချင်းလော် : " အဆင်ပြေပါတယ် "


လင်ပန့်ရှ : " ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ ... အဲ့ဟာကြီးကိုသွားယူလာခဲ့ရမလား "


အတည်ပြုရန်အတွက် စုန့်ချင်းလော်က ထပ်မေးလာ၏ ။ 


" မင်းအဲ့ဒီဟာရဲ့အရေပြားထဲကိုလက်နဲ့နှိုက်လိုက်တာလား "


စုန့်ချင်းလော်၏ အမူအယာမှာထူးဆန်းနေကြောင်းတွေ့သောအခါ လင်ပန့်ရှက တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ခေါင်းညိမ့်ပြလာ၏ ။


" ရှာနေရင်းနဲ့မတော်တဆလုပ်လိုက်မိတယ် "


စုန့်ချင်းလော် : " ဟုတ်ပြီ မင်းဒီမှာပဲစောင့်နေပြီးဟိုဟိုဒီဒီလျှောက်မသွားနဲ့ ငါအောက်ကိုတစ်ချက်ဆင်းကြည့်လိုက်ဦးမယ် "


 စုန့်ချင်းလော်၏ စကားကိုကြားသောအခါ လင်ပန့်ရှကြောင်အသွားရသည် ။


" ခင်ဗျားတကယ်ဆင်းသွားမလို့လား ... စုန့်ကောက ရေနဲ့ထိမှာမကြိုက်ဘူးမဟုတ်လား "


" အရေးမကြီးတော့ပါဘူး " 


စုန့်ချင်လော်က ညင်ညင်သာသာပြုံးလာ၏ ။ ပြီးနောက် လင်ပန့်ရှ၏ လက်ထဲမှဓာတ်မီးကိုဆွဲယူကာ အင်္ကျီများပင်မချွတ်တော့ဘဲ သူ့နောက်ရှိရေကန်ထဲသို့ခုန်ဆင်းသွားတော့သည် ။ လင်ပန့်ရှ မတုန့်ပြန်နိုင်သေးခင်မှာပင် စုန့်ချင်းလော်က သူ၏မြင်ကွင်းအတွင်းမှပျောက်ကွယ်သွားပြီဖြစ်သည် ။ စုန့်ချင်းလော် ဓာတ်မီးယူသွားသောကြောင့် လင်ပန့်ရှ၏ အမြင်အာရုံတစ်ခုလုံးအမှောင်ထုထဲတွင်နစ်မြုပ်လျှက် နားထဲတွင်ရေစီးသံများကိုသာကြားနေရ၏ ။


ထိုနေရာတွင်ဆက်ရပ်နေရင်း သူချွတ်ထားသောအင်္ကျီကိုပြန်ဝတ်နေသည့်အချိန်တွင် မည်သည့်နေရာမှတိုက်ခတ်လာမှန်းမသိသောလေအေးများကြောင့် အရေပြားပေါ်တွင် ကြက်သီးမွှေးညှင်းများထလာ၏ ။


စုန့်ချင်းလော်​ ပြောခဲ့သည့်အတိုင်းလိုက်နာ၍ခြေတစ်လှမ်းမျှမရွေ့ရဲသော်လည်း အချိန်နှင့်အမျှမဲနက်သောရေများကိုသာစူးစိုက်ကြည့်နေမိသည် ။ ဤအချိန်၌ အချိန်မှာအလွန်အမင်းကြာရှည်နေသည်ဟုခံစားနေရသည့်အပြင် ရေနက်ထဲသို့ငုပ်လျှိုးသွားသူ၏အရိပ်အယောင်ကိုပင်မမြင်ရသေးချေ ။ လင်ပန့်ရှက စုန့်ချင်းလော်၏ လွယ်အိတ်လေးကိုပိုက်လျှက် တဖြည်းဖြည်းစိုးရိမ်စပြုလာ၏ ။ ခဏမျှတွေးပြီးနောက်အိတ်ထဲမှဖုန်းထုတ်ကာဖလက်ရှ်မီးဖွင့်၍ ဟိုဟိုဒီဒီထိုးကြည့်လိုက်ပါသော်လည်းအမှောင်ထုမှလွဲ၍အခြားသောအရာကိုမမြင်ရပါချေ ။


ဤအချိန်တွင်မူ စက္ကန့်တိုင်းကမသိလိုက်ဘာသာဖြင့်လျှင်မြန်စွာကုန်ဆုံးသွား၏ ။ လင်ပန့်ရှ၏ စိုးရိမ်စိတ်များက ပို၍ပို၍ပြင်းထန်လာလေသည် ။ ထိုအချိန်တွင် သူ့နားထဲတွင်းကြားရသည့်အသံမှာရေစီးသံများသာဖြစ်သော်လည်း ထိုအသံထဲ၌အခြားသောလှုပ်ရှားမှုတစ်ခုလည်းရောနှောနေသကဲ့သို့ပင် ။ လူတစ်ယောက်ရေကူးခတ်လာသောအသံမျိုးဖြစ်သဖြင့် လင်ပန့်ရှက စုန့်ချင်းလော်ပြန်တက်လာသည်ဟုထင်မှတ်ကာ ပျော်ရွှင်သွား၏ ။ သို့သော်လည်း ရေထဲမှအရိပ်အားမြင်တွေ့လိုက်ရသောအခါ လင်ပန့်ရှ၏ ပျော်ရွှင်မှုများမှာအစအနမကျန်အောင်ပျောက်ကွယ်သွားရတော့သည် ။

 

ထိုသည်က လူတစ်ဦး၏အရိပ်မဟုတ်ဘဲ ရှည်လျားနက်မှောင်သော ငါးကြီးတစ်ကောင်ပင် ။ အရှည်နှစ်မီတာနီးနီးရှိကာ ရေကန်နက်၏တစ်ဝက်ကျော်ကျော်ကိုနေရာယူထား၏ ။ မည်သည့်နေရာမှကူးခတ်လာသည်ကိုလည်းမသိရပေ ။ ကြီးမားသောခန္ဓာကိုယ်ကြီးကရေအောက်တွင်ရှိနေပုံရကာ အပေါ်စီးမှဆိုလျှင်အရိပ်နက်ကြီးကိုသာမြင်ရသည် ။


ထို့အပြင် ထိုငါး၏အရိပ်အောက်၌ စုန့်ချင်းလော် ရှိနေမည်မှာသေချာသလောက်ပင် ။

 

လင်ပန့်ရှ မျက်လုံးများပြူးကျယ်ကာ သူ့အရှေ့တွင်ရုတ်တရက်ပေါ်လာသည့်ထူးဆန်းသောသတ္တဝါကြီးကြောင့်မှင်သက်သွားရသည် ။ ထိုသတ္တဝါကြီးရေနက်ပိုင်းသို့ဆက်လက်ကူးခတ်သွားမည်ဆိုပါက ရေအောက်တွင်ရှိသော စုန့်ချင်းလော် နှင့်တွေ့ကြမည်မှာသေချာ၏ ။ လင်ပန့်ရှ ချွေးစေးများပင်ထွက်လာလျှက် အလျှင်အမြန်တုံ့ပြန်လှုပ်ရှားလိုက်ကာ အမျိုးအမည်မသိရသောသတ္တဝါကြီး၏ အာရုံအားဆွဲဆောင်ရန်အတွက် လက်ဖြင့်ရေများကိုပုတ်ကာအသံမြည်အောင်လုပ်လိုက်လေသည် ။

 

အသေအချာကိုပင် ငါးကြီးမှာထိုအသံကြောင့်ဆွဲဆောင်ခံလိုက်ရလေသည် ။ လင်ပန့်ရှ၏ လုပ်ဆောင်မှုမှာအကျိုးသက်ရောက်မှုရှိကာ ရေအောက်ထဲရှိသတ္တဝါ၏အရိပ်မှာပိုမိုနီးကပ်လာလျှက် ရေပေါ်သို့တက်ရန်ကူးခတ်လာပုံရ၏ ။

 

လင်ပန့်ရှ လျှင်မြန်စွာတုန့်ပြန်ခြင်းမပြုနိုင်ပါသော်လည်း ထိုအရာကရင်ဆိုင်ရန်ခက်ခဲလိမ့်မည်ကို

မူအသေအချာသိ၏ ။ လင်ပန့်ရှက အံကြိတ်လျှက် စုန့်ချင်းလော်၏ လွယ်အိတ်ကိုဖွင့်၍အထဲမှလက်နက်အဖြစ်အသုံးပြုနိုင်လောက်မည့်ပစ္စည်းတစ်ခုခုကိုစတင်ရှာဖွေတော့သည် ။ အကယ်၍သူမှတ်မိသည်မှာမှန်မည်ဆိုပါက စုန့်ချင်းလော်က အပြင်သို့မထွက်လာမှီလက်နက်အဖြစ်အသုံးပြုရန်အတွက်ဓားတစ်ချောင်းသေချာပေါက်ထည့်လာခဲ့သည် ။ မည်သည့်နေရာတွင်ထည့်ထားသနည်းကိုသူမသိရုံတင်သာ ။ 

 

ကြီးမားသောသတ္တဝါကြီးက ရေမျက်နှာပြင်ပေါ်သို့ပေါ်ထွက်လာပြီဖြစ်ကာ လင်ပန့်ရှက အလောတကြီးလက်နက်ရှာနေရင်းဖြင့် ထိုအရာကြီး၏ပုံပန်းသဏ္ဍာန်ကိုမြင်ဖြစ်အောင်မြင်လိုက်ရသေး၏ ။


ထိုအရာက ထူးထူးဆန်းဆန်းပုံသဏ္ဍာန်ရှိသည့်ငါးတစ်မျိုးဖြစ်ကာ ခန္ဓာကိုယ်ကပြားချပ်လျှက်ရှည်လျားသောဦးခေါင်းရှိ၏ ။ တစ်ချက်ကြည့်လိုက်သည်နှင့် မိချောင်းတစ်ကောင်၏ခေါင်းကိုငါးခန္ဓာကိုယ်တွင်တွဲကပ်ထားသည်နှင့်တူနေ၏ ။ သို့သော်လည်း ထိုငါး၏ခန္ဓာကိုယ်မှာ မိကျောင်းတစ်ကောင်၏ခန္ဓာကိုယ်ထက်ပိုမိုရှည်လျားကာ အနည်းဆုံးနှစ်မီတာအရှည်ရှိသည် ။


ထိုငါး၏ခန္ဓာကိုယ်ပေါ်၌အစက်အပျောက်များစွာရှိနေပြီး ကြည့်လိုက်ရုံနှင့်လူကိုကြက်သီးမွှေးညှင်းထသွားစေ၏ ။ လင်ပန့်ရှ ပြုလုပ်လိုက်သောအသံကိုကြားသောအခါ ထိုထူးဆန်းသောငါးကသူ့ထံသို့ဦးတည်ကူးခတ်လာတော့သည် ။

 

ကံကောင်းစွာနှင့် လင်ပန့်ရှ ရပ်နေသောနေရာမှာရေတိမ်ပိုင်းတွင်ဖြစ်သဖြင့် အရွယ်အစားအလွန်ကြီးမားသောငါးအတွက်ကူးခတ်လာရန်ခက်ခဲ၏ ။ သို့သော်လည်း လင်ပန့်ရှ ကထိုငါးသူ့ထံကူးခတ်မလာနိုင်သည်ကိုသေချာအောင်တဖြည်းဖြည်းချင်းနောက်ဆုတ်နေလေသည် ။

 

လင်ပန့်ရှ၏ မိမိကိုယ်ကိုကာကွယ်သောအပြုအမူကထိုငါးအားပိုမိုဒေါသထွက်သွားစေ၏ ။ ထိုငါးကပို၍ပင်အရှိန်မြန်မြန်ဖြင့်ကူးခတ်လာပြီးနောက် အမြှီးဖြင့်ရေများကိုနေရာအနှံ့လွင့်စင်အောင်ပုတ်ခတ်နေ၏ ။ ကနဦး၌ လင်ပန့်ရှ ကထိုငါးဒေါသထွက်နေရုံသာဖြစ်သည်ဟုထင်ခဲ့သော်လည်း အမှန်တကယ်၌ဒေါသထွက်ရုံသာမက အမြှီးကိုပင်အားပါပါအသုံးပြုနေလေသည် ။ အလွန်လျှင်မြန်သောအရှိန်ဖြင့်ကူးခတ်လာပြီးအကြိမ်ရေအနည်းငယ်အသက်ရှုစာမျှသောအချိန်မှာပင် လင်ပန့်ရှ၏ အရှေ့သို့ရောက်ရှိလာတော့မည်ဖြစ်သည် ။ 


ထိုသည်အားမြင်သောအခါ လင်ပန့်ရှ နောက်လှည့်ပြေးရန်ကြိုးစားလိုက်၏ ။ သို့သော်လည်းခြေနှစ်လှမ်းမျှသာလှမ်းနိုင်ပြီးနောက် ခြေထောက်အောက်တွင်​ချောကျိကျိအရာတစ်ခုကိုနင်းမိသဖြင့်ခြေချော်သွားကာအရှိန်နှင့်လဲကျသွားတော့သည် ။ နှုတ်ခေါင်းနှင့်ပါးစပ်ထဲသို့ရေများဝင်လုနီးနီးဖြစ်သွားသဖြင့် အပြင်းအထန်ချောင်းဆိုးတော့၏ ။ ပြန်လည်မတ်တပ်ရပ်ရန်ကြိုးစားပါသော်လည်းချောကျိနေသဖြင့်ရေထဲတွင်ယက်ကန်ယက်ကန်လုပ်ရန်သာတတ်နိုင်၏ ။ သူရေထဲ၌မတ်တပ်ရပ်ရန်ရုန်းကန်နေသည့်အချိန်မှာပင် ထိုထူးဆန်းသောငါးသည်လည်းသူ့ထံသို့အရှိန်အဟုန်ဖြင့်ကူးခတ်လာပြီဖြစ်သည် ။


မူးဝေဝေဖြင့်ကြည့်လိုက်သောအခါ ထိုငါးသည်ရှည်လျားသောပါးစပ်ကိုဖွင့်လျှက်သူ့ထံတဟုန်ထိုးကူးခတ်လာသည်ကိုသာမကချွန်မြသောသွားအတန်းလိုက်ကိုဓာတ်မီးရောင်အောက်တွင်မြင်လိုက်ရလေသည် ။ 


——


တစ်ချိန်တည်းမှာပင် လင်ပန့်ရှက စုန့်ချင်းလော်၏အိတ်ထဲမှ ဓားကိုလက်ဖြင့်စမ်းမိသွားပြီဖြစ်သည် ။ ဓားမြှောင်တစ်ချောင်းဖြစ်၏ ။ လင်ပန့်ရှက ဓားမြှောင်ကိုထုတ်၍ဝှေ့ယမ်းလိုက်သောအချိန်မှာပင် သူ့ရှေ့တွင်ထိုငါးထွက်ပေါ်လာလေ၏ ။ သို့သော်လည်း လင်ပန့်ရှ မျှော်လင့်ထားသကဲ့သို့ဓားမြှောင်ကငါးအားတစ်စုံတစ်ရာထိခိုက်သွားစေခြင်းမရှိဘဲ ကြေးခွံနှင့်သာခြစ်မိသွားသည် ။ ငါးကြေးခွံကအလွန်မာကျောလှသောကြောင့် ' ဂျစ် ' ဟူသည့်ကျယ်လောင်သောအသံသာထွက်ပေါ်သွား၍ဓားမြှောင်လေးလည်းလွင့်ထွက်သွားကာ လင်ပန့်ရှ၏ လက်မောင်းတစ်ခုလုံးထုံကျဥ်သွားစေ၏ ။ ငါးသည်လည်းအထိန်းအကွပ်မဲ့စွာဖြင့်ဘေးသို့ကူးခတ်သွားတော့သည် ။

 

ငါးတစ်ကောင်ရဲ့ကြေးခွံကိုဒီလောက်ထိမာအောင်ဘယ်လိုတွေများလုပ်ထားကြတာလဲကွာ !


လင်ပန့်ရှက ထုံကျဥ်နေသောလက်မောင်းကိုပွတ်လျှက် ထိုနေရာတွင်သာမလှုပ်မယှက်ရပ်နေလိုက်တော့သည် ။

 

ကြီးမားသောအရိပ်မဲကြီးကသူ့အားလုံးဝလွှမ်းမိုးသွားတော့၏ ။ အသက်ပြင်းပြင်းရှုပြီးနောက် မကောင်းဆိုးဝါးငါးကြီးဂူထဲတွင်ဒေါသတကြီးကူးခတ်နေသည်ကိုသာထိုင်ကြည့်နေလိုက်တော့သည် ။ ထိုငါးကတစ်ဖန် ပါးစပ်ဟ၍သူ့ထံသို့ပြေးလာပြန်၏ ။ လင်ပန့်ရှထံတွင် ခုခံတားဆီးရန်အထောက်အကူပစ္စည်းရောအခွင့်အရေးပါမရှိတော့ပေ ။ တစ်နေရာတည်းတွင်သာငြိမ်ငြိမ်လေးထိုင်၍ငါးကြီးအားကြည့်နေမိသည်မှာ ထိုငါး၏ပါးစပ်ထဲမှထွက်လာသောအာပုပ်နံ့ကြီးကိုပင်အနံ့ရနေသလိုပင် ။


သူသေတော့မှာများလား ! 


သေခြင်းတရားအကြောင်းတွေးမိသော်လည်း ထူးဆန်းသည်မှာ သူ့ထံ၌ကြောက်ရွံ့မှုတစ်စုံတစ်ရာရှိမနေခြင်းပင်ဖြစ်သည် ။

 

လင်ပန့်ရှက မျက်လုံးမှိတ်၍ သူ့ထံသို့ကျရောက်လာမည့်အမှောင်ထုနှင့်နာကျင်မှုများကိုလက်ခံရန်စိတ်ထဲတွင်ပြင်ဆင်ထားလိုက်ပါသော်လည်း သူထင်ထားသလိုဖြစ်မလာချေ ။ ဆူညံနေသောရေသံများကြားတွင်ရေကူးခတ်နေသည့်အသံထွက်ပေါ်နေပြီး အမှောင်ထုကြားမှ အလင်းရောင်လေးတစ်စလည်းထွက်ပေါ်လာ၏ ။ တစ်စုံတစ်ယောက်က သူ့ရှေ့တွင်မားမားမတ်မတ်ရပ်ကာ ငါးကြီး၏တိုက်ခိုက်မှုကိုခုခံကာကွယ်ပေးလာသည် ။ ပြီးနောက် ထိုသူကနောက်လှည့်၍သူ့အားငုံ့ကြည့်ကာခပ်ဖျော့ဖျော့ပြုံးပြလာ၏ ။


" စုန့်ချင်းလော် !" 


လင်ပန့်ရှ အလွန်အံ့သြသွားရသည် ။


" မင်းအဆင်ပြေရဲ့လား " 


စုန့်ချင်းလော်၏ လေသံမှာပုံမှန်အချိန်များနှင်မတူဘဲ များစွာနူးညံ့ညင်သာနေပြီး ငှက်မွှေးလေးကဲ့သို့ပင်ရေစီးသံများကြားထဲ၌ထိုအသံလေးပျောက်ကွယ်သွားမည်ကိုပင်စိုးရိမ်ရ၏ ။


" ခင်ဗျားအနောက်ကိုဂရုစိုက် ... အဲ့ဒီငါး ! " 


လင်ပန့်ရှက စိုးရိမ်စွာဖြင့်အော်လိုက်သော်လည်း စုန့်ချင်းလော်က အေးအေးဆေးဆေးဖြင့်ဆို၏ ။


" သိတယ် ... မင်းမလှုပ်နဲ့ " 


စုန့်ချင်းလော်က နဖူးပေါ်တွင်ကပ်နေသည့်ဆံပင်များကိုလက်ဖြင့်သပ်၍နောက်သို့ပို့ကာ နူးနူးညံ့ညံ့နှင့်အေးတိအေးစက်ကြွေရုပ်လေးကဲ့သို့မျက်နှာကိုထုတ်ဖော်ပြသလာ၏ ။ သို့သော်လည်း ထိုအသက်ရှုမှားလောက်အောင်လှပသောရုပ်ရည်လေးနှင့်မလိုက်ဖက်စွာဤအချိန်တွင် စုန့်ချင်းလော်၏ မျက်နှာထက်၌သတ်ဖြတ်လိုသောအငွေ့အသက်များသာကြီးစိုးနေ၏ ။ စုန့်ချင်းလော်ကနက်မှောင်သောမျက်ဝန်းများဖြင့် လင်ပန့်ရှ အားငုံ့ကြည့်ကာ ချစ်သူများတီးတိုးစကားပြောဆိုကြသကဲ့သို့လေသံတိုးတိုးဖြင့်ပြောလေသည် ။


" ဒီမှာနေပြီး ငါပြန်လာတာကိုစောင့်နေ "


စုန့်ချင်းလော် ရေထဲသို့ခုန်ဆင်းသွားတော့သည် ။ 


လင်ပန့်ရှ နေရာတွင်သာရပ်နေ၍ ငါးကြီး၏လှုပ်ရှားမှုများကြောင့် ဂူအတွင်းဖြစ်ပေါ်လာသောရေလှိုင်းများကိုသာခံစားနေလိုက်သည် ။ အမှောင်ထုအတွင်းရပ်နေရသည်ဖြစ်၍အထိအတွေ့အာရုံမှတစ်ပါးအခြားမည်သည်ကိုမှမမြင်ရပါချေ ။ထိုရေထဲတွင်သွေးနံ့ဖျော့ဖျော့ပါ ရောနှောနေ၏ ။ အစတွင်ငါးညှီနံ့နှင့်သွေးညှီနံ့မှာဖျော့တော့သော်လည်းတဖြည်းဖြည်းနှင့်စူးရှလာ၏ ။ လင်ပန့်ရှ၏ မျက်နှာသို့ရေစက်အချို့လာစင်သဖြင့် လက်ဖြင့်သပ်ကာနှာခေါင်းနားတွင်ကပ်၍အနံ့ခံကြည့်လိုက်ချိန်တွင် ထိုရေများကရေမဟုတ်ဘဲ သွေးများဖြစ်နေကြောင်းအတည်ပြုနိုင်သွားသည် ။ 


အချိန်မည်မျှကြာသွားသည်ကိုမသိနိုင်တော့သောအခါမှသာ ရေထဲရှိလှုပ်ရှားရုန်းကန်မှုများရပ်တန့်သွားပြီး နောက်ဆုံး၌ငြိမ်သက်သွားတော့၏ ။


လင်ပန့်ရှ၏ နားနားတွင်သက်ပြင်းချသံယဲ့ယဲ့ကြားလိုက်ရသည် ။ သူနောက်လှည့်ကြည့်တော့မည့်အချိန်မှာပင် မျက်လုံးများကိုအေးစက်စက်လက်နှစ်ဖက်ကညင်သာစွာဖြင့်ပိတ်ကာလာ၏ ။


" မီးဖွင့်လိုက် " 


သူ့နားအတွင်းတွင် စုန့်ချင်းလော်၏ အသံကိုသာကြားနေရ၏ ။ လင်ပန့်ရှက စမ်းတဝါးဝါးဖြင့်ဓာတ်မီးရှာရင်းအသံပြုလိုက်သည် ။


" အွန်း "


ဓာတ်မီးအလင်းရောင်နောက်တစ်ကြိမ်ထွက်ပေါ်လာ၏ ။ စူးရှရှအလင်းတန်းမှာ လက်ထဲရှိဓာတ်မီးမှထွက်ပေါ်နေသော်လည်း စုန့်ချင်းလော်က သူ၏မျက်လုံးများကိုအုပ်ကာပေးထားသောကြောင့် မှုန်ဝါးဝါးသာမြင်ရ၍မျက်စိမကျိန်းသွားပေ ။ ခဏကြာသောအခါ စုန့်ချင်းလော်က လက်ကိုဖြည်းဖြည်းချင်းဖယ်လိုက်လေသည် ။ လင်ပန့်ရှ ကြည့်လိုက်သောအခါ စုန့်ချင်းလော်၏ နှုတ်ခမ်းထက်တွင်ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်နှင့်သူ့အားနွေးထွေးစွာပြောလာ၏ ။


" တော်တယ် " 


သူ့အားနူးနူးညံ့ညံ့ကြည့်နေပုံမှာ အလုပ်ကြိုးစား၍စကားနားထောင်လိမ္မာသောကလေးတစ်ယောက်ကိုချီကျူးနေသည့်နှယ် ။


စုန့်ချင်းလော်၏ ဤမျှနူးညံ့သောအမူအယာကို လင်ပန့်ရှ တစ်ခါမျှမမြင်ဖူးပါချေ ။ အခြားတစ်နည်းဖြင့်ပြောရမည်ဆိုလျှင် သူတို့စတွေ့သည့်အချိန်ကတည်းက စုန့်ချင်းလော် အပေါ်ထားရှိမိသောအမြင်မှာ အေးစက်ကာချဥ်းကပ်ရန်မလွယ်ကူဟုသာဖြစ်ခဲ့၏ ။ စုန့်ချင်းလော်တွင် ဤကဲ့သို့နူးညံ့သည့်တစ်ဖက်ခြမ်းရှိလိမ့်မည်ဟုသူတစ်ခါမှထင်မထားမိခဲ့ချေ ။ 

 

သို့သော်လည်း ချက်ချင်းဆိုသလိုပင် စုန့်ချင်းလော်မှာ ပုံမှန်ထူးမခြားနားပုံစံအဖြစ်သို့ပြောင်းလဲလိုက်ကာ အပြုံးလေးသည်လည်းတဖြည်းဖြည်းမှိန်ဖျော့လာ၏ ။ ခါးထောက်ကာအကြိမ်ရေအနည်းမျှအပြင်းအထန်ချောင်းဆိုနေသောကြောင့် စုန့်ချင်းလော် အမှန်ပင်မသက်မသာခံစားနေရသည့်ပုံပေါ်၏ ။ ချောင်းဆိုးပြီးနောက် 


" ရေထဲမှာငါ့လွယ်အိတ်လေးလိုက်ရှာပေးပါဦး..."


လင်ပန့်ရှက ခေါင်းညိမ့်လိုက်သည် ။ အမည်မသိငါး၏တိုက်ခိုက်ခြင်းခံရသည့်အချိန်က အမှုမဲ့အမှတ်မဲ့ဖြင့်လွယ်အိတ်ကိုလက်လွှတ်လိုက်မိသည် ။ ယခုမူ ရေထဲတွင်စမ်းတဝါးဝါးဖြင့်မျောပါသွားသောလွယ်အိတ်ကိုလိုက်ရှာနေရတော့၏ ။


လွယ်အိတ်ရှာတွေ့သွားသောအခါ စုန့်ချင်းလော်က ထပ်မံညွှန်ကြားလာပြန်သည် ။


" အိတ်ထဲကအနက်ရောင်သေတ္တာလေးကိုပေး "


လင်ပန့်ရှ စုန့်ချင်းလော် ပြောသည့်အရာအားအမြန်ရှာဖွေကာကမ်းပေးလိုက်သည် ။


စုန့်ချင်းလော်က သေတ္တာလေးကိုယူ၍လျှို့ဝှက်နံပါတ်ကိုရိုက်ထည့်လိုက်သည် ။ ကလစ်ခနဲ မြည်၍သေတ္တာပွင့်သွားပြီးနောက်အထဲတွင်ရှိနေသောအရာကိုမြင်လိုက်ရတော့သည် ။ 


သားရေတစ်မျိုးမျိုးဖြင့်ပြုလုပ်ထားသောပစ္စည်းဖြစ်ကာ စုန့်ချင်းလော်က ဂရုတစိုက်ဖြင့်ထုတ်ယူလိုက်ပြီးနောက် သူ၏အင်္ကျီအိတ်ကပ်ထဲမှကျောက်တုံးကဲ့သို့အရာလေးတစ်ခုကိုလည်းထုတ်ယူလိုက်ပြန်၏ ။


လင်ပန့်ရှ အနီးကပ်ကြည့်ရှုလိုက်သောအခါ ထိုအရာကရေကန်အောက်ခြေတွင်သူတွေ့ခဲ့သည့်ကျောက်တုံးလေးဖြစ်ကြောင်းသေချာသွားသည် ။

 

ကျောက်တုံး၏အသွင်အပြင်မှာ ရေထဲတွင် လင်ပန့်ရှ တွေ့ခဲ့သည်ထက်ပိုမိုကြည်လင်နေ၏ ။ သို့သော်လည်း မည်မျှပင်စေ့စေ့စပ်စပ်ကြည့်ရှုသည်ဖြစ်စေထူးထူးဆန်းဆန်းပုံသဏ္ဍာန်ရှိသောသာမန်ကျောက်တုံးတစ်တုံးကဲ့သို့ပင် ။

 

သာမန်ကျောက်တုံးတစ်တုံးကဲ့သို့ဖြစ်သော်လည်း အနီးကပ်၍အချိန်ကြာကြာကြည့်ရှုလေစိတ်ထဲတွင်အမျိုးအမည်မသိသောခံစားချက်မျိုးဖြင့်ပို၍မသက်မသာခံစားရေလေလေဖြစ်သည် ။ လင်ပန့်ရှတွေးနေသည့် အချိန်မှာပင် စုန့်ချင်းလော်က ထိုကျောက်တုံးအားသားရေစဖြင့်ပတ်ကာသေတ္တာထဲသို့ထည့်ရန်ပြင်နေကြောင်းတွေ့လိုက်ရ၏ ။ 


" အဲ့ကျောက်တုန်းကဘာကြီးလဲ " 


လင်ပန့်ရှက ရှုပ်ထွေးနေဟန်ဖြင့် 


" ဘာလို့လက်နဲ့ထိလိုက်တိုင်းစိတ်ထဲတော်တော်ကြီးမသက်မသာခံစားရတာလဲ "


စုန့်ချင်းလော် : " အတော်လေးထူးခြားတဲ့ဟာပဲ " 


ခဏမျှ လင်ပန့်ရှအား မည်သို့ရှင်းပြရမည်ကိုအလေးအနက်တွေးနေပြီးနောက်ပြောလိုက်သည် ။


​​" အပြင်အရင်ထွက်ကြရအောင် "


နှစ်ယောက်သား လမ်းလျှောက်ထွက်လာလိုက်၏ ။

  

အချိန်အတော်ကြာမှောင်မိုက်နေသောဂူတစ်လျှောက်လျှောက်လာပြီးနောက် နောက်ဆုံးတွင်အလင်းရောင်ကိုနောက်တစ်ကြိမ်တွေ့ရပြီဖြစ်သည် ။

အပြင်ဘက်တွင် သည်းထန်စွာရွာသွန်းနေသောမိုးလည်းရပ်တန့်သွားပြီဖြစ်ကာအချိန်အတော်ကြာမျက်နှာမပြခဲ့ရသောနေမင်းမှာတိမ်တိုက်များကြားမှတစ်ဝက်တစ်ပျက်ထွက်ပေါ်နေ၏ ။ လင်ပန့်ရှက ကွက်တိကွက်ကြားသာယာနေသောနေရောင်အောက်တွင်မတ်တပ်သွားရပ်လိုက်ပါသော်လည်း ရာသီဥတုအလွန်အေးနေဆဲဖြစ်သောကြောင့် နေရောင်ခြည်၏နွေးထွေးမှုကိုမခံစားရချေ ။ ခေါင်းလှည့်ကြည့်လိုက်သောအခါ စုန့်ချင်းလော်က သားရေစဖြင့်ပတ်ထားသောကျောက်တုံးကိုစိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည် ။


" အခုပြောပြလို့ရပြီလား "


စုန့်ချင်းလော် :  " ခဏလောက်စောင့်ဦး " 


စုန့်ချင်းလော်က လမ်းဘေးရှိမြက်ပင်ရှည်များကိုလက်တစ်ဆုပ်စာဆွဲနုတ်လိုက်ပြီးနောက် ဂရုတစိုက်ဖြင့် ထိုမြက်များနှင့်ကျောက်တုံးတို့ကိုအတူထားလိုက်သည် ။


လင်ပန့်ရှ အနည်းငယ်နားမလည်နိုင်ဖြစ်နေပါသော်လည်း လိမ်လိမ်မာမာဖြင့်သာဘေးတွင်ရပ်ကြည့်နေ၏ ။ အချိန်ခဏလေးအတွင်းမှာပင် မြက်ပင်များကြားမှအနက်ရောင်မီးခိုးငွေ့များတလူလူထွက်လာပြီးနောက်မီးတောက်များပါထွက်ပေါ်လာလေသည် ။ မြက်ပင်များမှာအကြောင်းအရင်းမရှိပါဘဲမီးလောင်ပြာကျသွားရှာ၏ ။


" ဘာတွေဖြစ်သွားတာလဲ " 


လင်ပန့်ရှ မှင်သက်သွားရသည် ။


" ဒီကျောက်တုံးကအသက်ဓာတ်တွေကိုအတင်းအကြပ်စုပ်ယူပစ်တာလား "


" သိပ်ပြီးမတိကျသေးဘူး ... အတိအကျပြောရမယ်ဆိုရင် ဒီကျောက်တုံးနဲ့ထိမိတဲ့အရာတွေကမကြာခင်သေတော့မဲ့ဟာတွေပဲဖြစ်ရမယ် ... ငါခန့်မှန်းထားရုံပဲရှိသေးတာပါ တခြားရည်ရွယ်ချက်တစ်ခုခုနဲ့အသုံးပြုတာမျိုးလည်းဖြစ်နိုင်တာပဲ "


လင်ပန့်ရှ : " ဒါဆိုရင် ကျွန်တော်ကောင်းကောင်းမလုပ်ခဲ့ဘူးပေါ့ " 


"  အဲ့ဒီငါးကမိကျောင်းနှုတ်သီးရှည်ငါးလို့ခေါ်တယ် အပူပိုင်းဒေသတွေမှာပဲနေထိုင်တဲ့ငါးကြီးအမျိုးအစားပဲ ဒီလိုတောင်ပေါ်ဒေသမျိုးမှာမပေါ်လာသင့်ဘူး မင်းအဲ့ကျောက်တုံးကိုထိလိုက်တာကြောင့်သာမဟုတ်ရင် ..."


လင်ပန့်ရှ အမှန်ပင်ပြောစရာစကားပျောက်ရှသွား၏ ။


" ဒါဆိုရင်ခင်ဗျားကရောဘာလို့အဆင်ပြေနေတာလဲ "


စုန့်ချင်းလော် : " မင်းကံကောင်းနေလို့များလား "


လင်ပန့်ရှ : "..."


စုန့်ချင်းလော်က စကား​ပြောနေရင်းဖြင့် ကျောက်တုံးကိုသားရေစဖြင့်ဂရုတစိုက်ပြန်ပတ်ကာသိမ်းထားလိုက်၏ ။ ထိုကျောက်တုံး၏အသုံးဝင်ပုံအတိအကျကိုအချိန်ကာလတစ်ခုကြာစမ်းသပ်ရဦးမည်ဆိုသော်လည်း ထိုအရာကသက်ရှိအရာများ၏သေဆုံးခြင်းကိုဖြစ်ပေါ်စေသည်ဟုသောအ​ချက်မှာမူချွင်းချက်မရှိမှန်ကန်၏ ။


" အရင်ဆုံးပြန်ရအောင် ... ဟဲဟျွိုက်အန်း ရဲ့ဘက်မှာကမလုံခြုံသေးဘူး "


" ဟုတ်သားပဲ " 


မုရှင်းစီ၏ ကြေကွဲဖွယ်ကောင်းသောသေဆုံးမှုကိုတွေးမိသွားသောအခါ လင်ပန့်ရှ၏ ကောင်းမွန်နေ​သောစိတ်အခြေအနေမှာချက်ချင်းပျောက်ကွယ်သွားရ၏ ။


" မြန်မြန်ပြန်ကြမယ်လေ "


ကောင်ကင်တစ်ခုလုံးကြည်လင်လာပြီဖြစ်သော်လည်း တောင်တက်လမ်းလေးမှာမူရွံ့ဗွက်အပြည့်နှင့်ဖြစ်နေ၏ ။ မတော်တဆအန္ဒရာယ်များကိုရှောင်ရှားရန်အလို့ငှာ ဖြည်းဖြည်းချင်းလျှောက်၍တောင်​ပေါ်မှဆင်းရန်မှအပအခြားရွေးချယ်စရာမရှိချေ ။ 


ဟဲဟျွိုက်အန်းမှာ ခက်ခက်ခဲခဲဖြင့် မုရှင်းစီ၏ အလောင်းအား ရွာသူကြီး၏အိမ်သို့ပြန်သယ်လာခဲ့ရသည် ။ အိမ်ထဲသို့ဝင်လိုက်သည့်အချိန်တွင် ရွာသူကြီးက ပင်မဧည့်ခန်းထဲ၌သစ်သားစများကိုဖြတ်တောက်ရင်းဆေးလိပ်ထိုင်သောက်နေသည်ကိုတွေ့လိုက်ရသည် ။


ဟဲဟျွိုက်အန်းက သူ့ရှေ့တွင်ရှိနေသော သစ်သားအပြားကြီးကိုကြည့်လျှက်ထိုသည်ကခေါင်းတလားတစ်ခုဖြစ်ကြောင်းအလျှင်အမြန်သတိထားမိသွား၏ ။တစ်ချိန်တည်းမှာပင် ပင်မဧည့်ခန်းထောင့်၌ခေါင်းတလားအနည်းငယ်ရှိနေကြောင်းတွေ့လိုက်ရသည် ။


" မင်းဘာလို့ပြန်လာတာလဲ " 


ရွာသူကြီးကမေးလာ၏ ။


" သေပြီးသားလူရဲ့အလောင်းကိုမြန်မြန်တောင်အောက်ကိုပို့လို့ငါသတိမပေးခဲ့လို့လား "


" ကားကဖျက်စီးခံလိုက်ရပြီ " 


ဟဲဟျွိုက်အန်းက မုရှင်းစီ၏ အလောင်းကိုဘေးတွင်ချလျှက်တီးတိုးပြောလာ၏ ။


" လောလောဆယ်တော့ ကျွန်တော်ထွက်မသွားနိုင်သေးဘူး ..."


ဟဲဟျွိုက်အန်း ထွက်သွား၍မရကြောင်းပြောသောအခါ ရွာသူကြီး၏မျက်နှာထားမှာရုတ်ချည်းအေးစက်သွားသည့်အပြင် ထူးထူးဆန်းဆန်းလေသံဖြင့် 


" ထွက်မသွားနိုင်သေးဘူးဟုတ်လား ထွက်သွားလို့မရတော့တာလား ... မင်းတို့ကိုအစကတည်းကမလာနဲ့တော့လို့ငါမပြောခဲ့ဘူးလား ရွာထဲမှာအခေါင်းများများစားစားမရှိတော့ဘူး ... နောက်ထပ်လူတွေသေရင်မြေမြုပ်ဖို့အခေါင်းရှိမှာမဟုတ်တော့ဘူး "


ရွာသူကြီးအားကြည့်ရသည်မှာထူးဆန်းနေသောကြောင့် ဟဲဟျွိုက်အန်းကပြန်လည်ခုခံပြောဆိုလိုက်သည် ။ 


" ကျွန်တော်တို့က ဒီကိုရွာအတွက်လာခဲ့တာ ခင်ဗျားဒီလိုရွဲ့စောင်းပြောနေစရာမလိုဘူး "


ရွာသူကြီးက သူ့အားအေးတိအေးစက်ဖြင့်သာကြည့်နေပြီးမတုံ့ပြန်ပါချေ ။ ညာလက်ဖြင့်တူကိုမြှောက်၍ဘယ်လက်ကသံကိုထိန်းထားကာသစ်သားပြားထဲသို့သာသံကိုအားပြင်းပြင်းနှင့်ထုရိုက်ထည့်နေ၏ ။


' ဘုန်း ' ဟူသောအားပါသည့်ထုရိုက်သောအသံများကြောင့် ဟဲဟျွိုက်အန်းက စိတ်မသက်မသာဖြစ်စွာနှင့်ပြောလိုက်သည် ။ 


" ကျွန်တော်အနားသွားယူတော့မယ် ..."


ရွာသူကြီးက ရုတ်တရက်ထမေးလာ၏ ။


" အလောင်းကိုဘယ်လိုလုပ်မှာလဲ " 


"  စောင့်ကြည့်ဖို့အတွက် ကျွန်တော်အိပ်တဲ့အခန်းဆီကိုပဲသယ်သွားလိုက်ပါ့မယ် " 


ရွာသူကြီးကခေါင်းခါ၍ပြောလာ၏ ။


 " အလောင်းကအပြင်မှာအချိန်အတော်ကြာရှိနေခဲ့တာ လူနေတဲ့အခန်းထဲထပ်သယ်ထည့်လို့မရတော့ဘူး ... အလောင်းကိုအခေါင်းထဲထည့်ပြီးခြံထဲမှာထားလိုက် မဟုတ်ရင်မင်းလဲအိမ်ထဲမဝင်ရဘူး " 


ရွာသူကြီးက အခန်းထောင့်စွန်းရှိ အခေါင်းများကိုလက်ညှိုးထိုးပြလာ၏ ။

 

ခြံဝန်းထဲတွင်အမိုးမရှိသောကြောင့် အလောင်းအားခြံဝန်းထဲတွင် ဒီတိုင်းထားမည်ဆိုပါက မိုးရေစို၍ဆိုးဆိုးရွားရွားပုပ်ပွပျက်စီးသွားပေလိမ့်မည် ။ ထိုသို့သောအဖြစ်မျိုးအား ဟဲဟျွိုက်အန်း လက်မခံနိုင်ပါချေ ။ ရွာသူကြီး၏ထူးထူးဆန်းဆန်းတုံ့ပြန်ပုံနှင့် အဘယ့်ကြောင့်အလောင်းများနှင့်ပက်သက်၍ဤမျှအသည်းအသန်ကန့်ကွက်နေရကြောင်းနားမလည်နိုင်တော့ပေ ။ သို့သော်လည်း သာမန်လူများအတွက်မူဤသို့သောတုန့်ပြန်ပုံကပုံမှန်ဟုသာယူဆနိုင်သည် ။ နောက်ဆုံး၌အလောင်းများကသေဆုံးခြင်းမရဏတရားကိုသတိပေးနေသောနိမိတ်တစ်ခုကဲ့သို့ပင် ။


ဟဲဟျွိုက်အန်းက ခဏမျှတိတ်ဆိတ်နေပြီးနောက် 


" ဒါဆိုလဲ အခေါင်းထဲထည့်ထားလိုက်တာပိုအဆင်ပြေမယ်ထင်တယ် "


" အင်း ... မှန်တယ် " 


ရွာသူကြီးကပြုံး၍


" ထည့်ထားလိုက် ဟုတ်တယ် ... အခေါင်းလဲအများကြီးမကျန်တော့ဘူးလေ ... မြန်မြန်ထည့်ထားလိုက် "


ယခင်နေ့များနှင့်နှိုင်းယှဥ်လျှင်ရွာသူကြီး၏ ကျန်းမာရေးအခြေအနေပိုမိုဆိုးရွားလာပုံရသည့်အပြင် အနည်းငယ်လည်းဂနာမငြိမ်ဖြစ်နေပုံရသည် ။ ဆေးလိပ်ကိုနှုတ်ခမ်းတွင်တေ့၍ ဟဲဟျွိုက်အန်း နားမလည်သောဒေသိယစကားဖြင့်ခပ်တိုးတိုးရေရွတ်နေ၏ ။ 

 

ခေါင်းတလား၏အဖုံးမှာအလွန်လေးလံကာ ဖယ်ရှားမည်ဆိုလျှင်အနည်းဆုံးအရွယ်ရောက်ယောက်ျားနှစ်ဦးသယ်မရန်လိုအပ်၏ ။ ရွာသူကြီးကကူညီရန်ထလာသောအချိန်တွင် ဟဲဟျွိုက်အန်းက မုရှင်းစီ၏အလောင်းအား ညင်ညင်သာသာချီမလိုက်သည် ။ သူမကမိန်းမငယ်လေးတစ်ဦးသာဖြစ်၍ငယ်ရွယ်သေးပြီး မစ်ရှင်အချို့လုပ်ဆောင်ခဲ့သော်လည်းများများစားစားမခံစားခဲ့ရချေ ။ သို့သော်လည်း ကံမကောင်းစွာဖြင့်နောက်ဆုံးမစ်ရှင်တွင်သူမ၏တွဲဖက်ကိုဆုံးရှုံးခဲ့ရသည် ။

 

ဟဲဟျွိုက်အန်း လည်းထိုမတော်တဆမှုအကြောင်းကြားဖူးသည် ။ အတွင်းသတင်းများအရ သူမ၏တွဲဖက်ဖြစ်သူမှာသားရိုင်းကောင်တစ်ကောင်၏အရှင်လတ်လတ်ဆွဲဖြဲခြင်းကိုခံလိုက်ရပြီး အလောင်ပြန်ကောက်၍မရသည်အထိအစိတ်စိတ်အမြွှာမြွှာဖြစ်သွားခဲ့ရသည်ဟုဆို၏ ။ ထိုသည်သာမက မုရှင်းစီက အဖြစ်အပျက်တစ်ခုလုံးကိုမျက်မြင်တွေ့ခဲ့ရပြီးနောက် ပြန်လည်နာလန်ထူနိုင်ရန်အတော်လေးကြိုးစားခဲ့ရသည် ။ ဟဲဟျိုက်အန်းက သူမ၏ရှုပ်ပွနေသောဆံပင်များကိုညင်ညင်သာသာရှင်းလင်းပေးနေ၏ ။ သူ့စိတ်ထဲတွင်နက်နက်ရှိုင်ရှိုင်းပင်နောင်တရနေလေသည် ။ ထိူအချိန်ကသူသာစိတ်ခိုင်၍နှလုံးသားမာကျောခဲ့မည်ဆိုပါကသူမယခုလိုခံစား၍သေဆုံးသွားရလိမ့်မည်မဟုတ်ပေ ။

  

ဤသို့တွေးမိသောအခါ ဟဲဟျွိုက်အန်းအလွန်ဝမ်းနည်းလာရသည် ။ မျက်လုံးများကိုအကြမ်ပတမ်းပွတ်သပ်လိုက်ပြီးနောက် မုရှင်းစီ၏အလောင်းအား အေးစက်နေသည့်ခေါင်းတလားထဲသို့ဖြည်းဖြည်းချင်းထည့်လိုက်လေသည် ။ မုရှင်းစီ၏ ခန္ဓာကိုယ်မှာပျော့ပြောင်းနေဆဲဖြစ်သဖြင့် သူမအားအေးချမ်းစွာအနားယူနေသည့်ပုံစံမျိုးပြုပြင်လိုက်၏ ။ ဟဲဟျွိုက်အန်း မတ်တပ်ပြန်ရပ်လိုက်စဥ်တွင်တစ်ခုခုထူးဆန်းနေကြောင်းစိတ်ထဲခံစားလိုက်ရသည် ။ အလွန်အရေးကြီးတစ်သောတစ်ခုခုကိုသူမတော်တဆမေ့နေပုံပင် ။


ဟဲဟျိုက်အန်း ရပ်နေသည့်အချိန်တွင် ရွာသူကြီးကမှုန်ကုပ်ကုပ်ဖြင့်ပြောလာ၏ ။


" ဘာလုပ်နေတာလဲ "


ရွာသူကြီး၏ရုတ်တရက်မေးခွန်းထမေးလိုက်ခြင်းက ဟဲဟျွိုက်အန်း၏ အာရုံစိုက်မှုကိုလမ်းလွဲသွားစေ၏ ။ ရွာသူကြီးဘက်သို့လှည့်လိုက်ကာအလေးအနက်ပြောလာ၏ ။


" ကျွန်တော်သူမကို ရွာသူကြီးရဲ့အခေါင်းထဲမထည့်တော့ပါဘူး ... သူမရဲ့မိသားစုကသူမအိမ်ပြန်လာတာကိုစောင့်နေကြလိမ့်မယ် ... ခန္ဓာကိုယ်ပဲဆိုရင်တောင် မရရအောင်ပြန်သယ်သွားရမှာပဲ ကျွန်တော်တို့ကိုခင်ဗျားအိမ်ထဲမှာမထားချင်ဘူးဆိုရင် အပြင်မှာပဲထွက်နေလိုက်ပါ့မယ် "


ရွာသူကြီး၏အမူအယာကရုတ်တရက်ပြောင်းလဲသွား၏ ။ ဒေါသထွက်ခြင်း ၊ အေးစက်ခြင်း ၊ မုန်းတီးခြင်း နှင့် ဟဲဟျွိုက်အန်း အားအနည်းငယ်လည်းကြောက်လန့်နေပုံရသည် ။


ဟဲဟျွိုက်အန်း ဤကဲ့သို့သောအကြည့်မျိုးအား အချို့သောသူများထံတွင်တွေ့ခဲ့ဖူး၏ ။ ထိုသူများကရူးသွပ်နေသောသူများနှင့်စိတ္တဇလူသတ်သမားများပင် ။


ရွာသူကြီးကမကျေမနပ်ဖြင့်ပြောလာ၏ ။


" တကယ်ဒီလိုလုပ်ဖို့တွေးထားတာလား "


ဟဲဟျွိုက်အန်း အနည်းငယ်စိတ်မသက်မသာခံစားနေရသော်လည်း ခေါင်းမာမာဖြင့်ခေါင်းညိမ့်လိုက်သည် ။


" ကောင်းပြီ ... ကောင်းပြီ "


ထိုသို့ပြောပြီးနောက် ရွာသူကြီးကဘာမျှဆက်မပြောတော့ချေ ။


ဟဲဟျွိုက်အန်းက ရွာသူကြီး၏လေးနက်နေသောအပြုအမူနှင့်အပြောအဆိုများကိုကြည့်ကာပို၍ပင်စိတ်မသက်မသာခံစားလာရသည် ။ မုရှင်းစီ၏ အလောင်းအားကျောပေါ်တွင်ပြန်သယ်၍အပြင်သို့လျှောက်ထွက်သွားတော့မည်အချိန်မှာပင်ရုတ်တရက် ရွာသူကြီးကတားလာ၏ ။


" အပြင်မှာမိုးရွာနေတယ်လေ မင်းဘယ်နေရာကိုသွားနိုင်မှာမို့လို့လဲ ... အိမ်ထဲမှာပဲမိုးစဲတဲ့အထိစောင့်နေလိုက် ခဏလောက်ရွာပြီးရင်ပြီးသွားမှာပါ "


ဟဲဟျွိုက်အန်း : " မိုးကတစ်ကယ်ရောစဲသွားမှာမို့လို့လား "


ရွာသူကြီးကပြုံး၍ ဘာမှပြန်မဖြေဘဲလှည့်ထွက်သွားကာ ဟဲဟျွိုက်အန်းအား အခေါင်းများနှင့်အခန်းထဲတွင်ထားခဲ့လေသည် ။


အခန်းတစ်ခုလုံးတိတ်ဆိတ်လျှက် ဟဲဟျွိုက်အန်းနှင့် အေးစက်နေသောမုရှင်းစီ၏ အလောင်းတို့သာကျန်ရှိတော့၏ ။ သွေးအေးသွားသည့်အချိန်တွင်သူရင်ဆိုင်ရမည့်ရက်စက်ကြမ်းကြုပ်သောအမှန်တရားကိုလက်ခံရန်ကြိုးစားရတော့သည် ။ တည်းခိုရာအိမ်သို့ပြန်မသွားနိုင်တော့သောကြောင့် ဤအခန်းတွင်းငုပ်တုပ်ထိုင်၍သာတိတ်တိတ်ဆိတ်ဆိတ်နေ၍ မုရှင်းစီ၏အလောင်းကိုကြည့်နေရတော့သည် ။


ဟဲဟျွိုက်အန်း လူသေများစွာကိုမြင်ဖူးပါသော်လည်း လူသေအလောင်းတစ်လောင်းနှင့်ဤမျှအေးအေးဆေးဆေးအတူထိုင်မနေဖူးပါချေ ။ အာရုံပြောင်းရန်အတွက်ဖုန်းထုတ်ကာကြုံရာဂိမ်းတစ်ခုခုဆော့ရန်ကြိုးစားသော်လည်း ဂိမ်းထဲတွင်အာရုံမစိုက်နိုင်ဘဲ မုရှင်းစီကို သာကြည့်နေမိ၏ ။ မုရှင်းစီ အနည်းငယ်လှုပ်ရှားသွားသလိုပင် ။


မုရှင်းစီက သူ့ခြေထောက်နားတွင်ငြိမ်သက်စွာလဲလျှောင်းနေပြီး သူမမျက်နှာထက်တွင်ပေါ်လာသောထူးထူးဆန်းဆန်းသွေးကြောများပြတ်နေခြင်းမှအပအခြားထူးခြားသောတစ်ခုခုမရှိပေ ။ သူမကမလှုပ်မယှက်ရှိနေသည့်အပြင် အခန်းတစ်ခုလုံးတိတ်ဆိတ်နေသောကြောင့် ကျယ်ဝန်းသောအခန်းထဲ၌ ဟဲဟျွိုက်အန်း တစ်ယောက်တည်းစိတ်မသက်မသာခံစားနေရ၏ ။


ထင်ယောင်ထင်မှားဖြစ်၍ အသက်ရှုပင်ကြပ်လာရ၏ ။ ဤအချိန်၌မူ အဘယ့်ကြောင့်သေဆုံးပြီးသောတွဲဖက်၏အလောင်းနှင့်တစ်ခန်းအတူမနေရဟူသောစည်းကမ်းချက်ထုတ်ထားသည်ကိုသူအနည်းငယ်နားလည်လာသလိုပင် ။ ဆယ်မိနစ်ဟူသောအချိန်တိုလေးအတွင်းမှာပင် သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေမှာအတိုင်းအတာတစ်ခုအထိကျဆင်းလာ၏ ။ အခန်းထဲတွင်သက်ရှိလူသားမှာသူတစ်ယောက်တည်းရှိနေမှန်းသေချာပါရက်နှင့်အသံရှုသံဖျော့ဖျော့ကိုကြားရသည်ဟုစိတ်ထဲတွင်ထင်နေလေသည် ။


ဟဲဟျွိုက်အန်းက အသက်ပြင်းပြင်းရှုပြီးနောက် ဘောပင်နှင့်စာအုပ်ကိုယူထုတ်ကာမှတ်စုရေးရန်ပြင်လိုက်သည် ။ သူမြင်တွေ့ကြားခဲ့ရသောအရာများကိုတစ်ခုချင်းစီအသေးစိတ်ချရေးကာမှတ်တမ်းတင်လိုက်၏ ။ စာလုံးများမှာသူရေးပြီးသည်နှင့်တစ်ပြိုင်နက်ပျောက်ကွယ်သွားသောကြောင့် မိမိကိုယ်တိုင်ဘာရေးလိုက်မှန်းကိုပင်မသေချာပါတော့ချေ ။ 


ဟဲဟျွိုက်အန်း ရပ်တန့်လိုက်သည့်အချိန်၌ အပြင်ဘက်တွင်မှောင်နေပြီဖြစ်သည် ။ နေ့လည်ခင်းအချိန်သာရှိသေးသော်လည်း အပြင်ဘက်တွင်ညနေခင်းကဲ့သို့အလင်းရောင်ဖျော့ဖျော့သာရှိတော့၏ ။ ကောင်းကင်ကြီးတစ်ခုလုံးမြေပြင်ပေါ်သို့ပြိုဆင်းကျလာလုမတတ်ဖြစ်နေကာ အဆုံးသတ်နေဝင်ချိန်ကဲ့သို့ဖြစ်နေ၏ ။


ဟဲဟျွိုက်အန်း ဟိုဟိုဒီဒီကြည့်ရှုနေရင်းဖြင့် ရွာသူကြီးပြန်လာသည်ကိုတွေ့လိုက်ရ၏ ။ ယခုလေးတင်အပြင်သွားထားသကဲ့သို့သူ့တစ်ကိုယ်လုံးစိုစွတ်နေပြီး လက်ထဲ၌အငွေ့တထောင်းထောင်းထနေသော ပန်းကန်လုံးကိုကိုင်လာလေသည် ။

 

ရွာသူကြီးက ခပ်လှမ်လှမ်းနေရာတွင်သာရှိသေးသော်လည်း ပန်းကန်လုံးထဲမှမွှေးပျံ့သောအရသာရှိလောက်မည့်ရနံ့လေးအားခံစားမိနေ၏ ။ ဤကဲ့သို့မွှေးပျံ့လှသောရနံ့ကိုသူ့တစ်သက်တစ်ခါမျှမရှုရှိုက်ခဲ့ဖူးသလိုပင် ။ မထိန်းချုပ်နိုင်ပါဘဲ လည်ချောင်းထဲတွင်စို့တက်လာလျှက် ပါးစပ်ထဲမှတံတွေးများကိုအကြိမ်ကြိမ်မြိုချနေရတော့သည် ။


" မင်းအခုထိဘာမှမစားရသေးဘူးမလား " 


ထွက်မသွားခင်အချိန်က ဒေါသတကြီးနှင့်မကျေမနပ်ဖြစ်နေခဲ့သောရွာသူကြီးမှာ ယခုတွင် ပို၍စိတ်ငြိမ်သွားပုံရသည် ။ သူ၏အသံမှာညင်သာလျှက်အလွန်စိုးရိမ်သည့်ပုံပေါ်နေ၏ ။ စွတ်ပြုတ်ပန်းကန်လုံးကိုကိုင်၍ ဟဲဟျွိုက်အန်းနားသို့လာကာပြုံး၍


 " ငါမင်းစားဖို့နေ့လည်စာသွားလုပ်လာတာ ... ဘာလို့အရင်မစားကြည့်ရတာလဲ "


ဟဲဟျွိုက်အန်းက စွပ်ပြုတ်ကိုကြည့်၍မေးလိုက်သည် ။


" အဲ့တာကြက်စွပ်ပြုတ်လား " 


ကြက်သားအသားဖတ်များပါဝင်သည့်ကြက်စွပ်ပြုတ်ကိုကြည့်လိုက်မိသည် ။ အလွန်အရသာရှိမည့်ပုံပေါ်နေပြီး တစ်ချက်သာကိုက်ရမည်ဆိုလျှင်အမှန်ပင်နူးညံ့နေလိမ့်မည် ။ ပါးစပ်ထဲတွင်နူးညံ့သောကြက်သား၏အရသာပျံ့နှံ့သွားလိမ့်မည်ဖြစ်ကာ အနံ့အရသာနှင့်ပြည့်စုံသောကြောင့် အလွန်အရသာရှိလိမ့်မည်ပင် ။ ကြက်စွပ်ပြုတ်ကိုကြည့်ရင်းဖြင့်တံတွေးမြိုချမိပြန်သည် ။


ရွာသူကြီးက ပြုံးမြဲပြုံးလျှက် 


"  ဟုတ်တယ် တောကြက်သားကိုတောင်ပေါ်မှိုနဲ့ ချက်ထားတာလေ အရမ်းအရသာရှိတာ ရွာထဲကလူတိုင်းကြိုက်ကြတယ်လေ ..." 


ထို့နောက် စွပ်ပြုတ်ပန်းကန်ကို ဟဲဟျွိုက်အန်း၏ ဘေးတွင်ချ၍ပြောလာ၏ ။


" ငါမင်းအတွက်ပန်းကန်လုံးတစ်လုံးစာယူလာတာ " 


ထိုသို့ပြောပြီးနောက် မီးဖိုချောင်ထဲသို့ဝင်သွားကာ ဟဲဟျွိုက်အန်း၏ဘေးတွင်စွတ်ပြုတ်ပန်းကန်ကိုချထားခဲ့တော့သည် ။

 

စွပ်ပြုတ်၏မွှေးပျံ့သောရနံ့က ဟဲဟျွိုက်အန်း၏ နှာခေါင်းထဲသို့တိုးဝင်လာသဖြင့် လောဘတကြီးရစ်မူးစွာဖြင့် တစ်ငုံသောက်လိုက်မိသည် ။ အစားအသောက်အပေါ်လောဘတကြီးစွဲလမ်းတတ်သူတစ်ဦးမဟုတ်သော်လည်းသူ့ရှေ့ရှိစွပ်ပြုတ်မှာမူ ကြည့်မိလိုက်ရုံနှင့်ပင် လူများအားအကြည့်မလွှဲသွားနိုင်အောင်ဆွဲဆောင်နိုင်စွမ်းရှိလှ၏ ။


တစ်ငုံချင်းစီနှင့်သောက်ရင်းဖြင့် စွပ်ပြုတ်တစ်ပန်းကန်လုံးကုန်သွားပါသော်လည်း သူ့အတွက်မလုံလောက်နိုင်သေးချေ ။ စွပ်ပြုတ်ရည်များအစာအိမ်အတွင်းသို့ရောက်သွားသောအခါခန္ဒာကိုယ်တစ်ခုလုံးနွေးထွေးသွားပြီး အရိုးထဲထိတိုင်နွေးထွေးမှုများပြည့်လျှံသွားသကဲ့သို့ခံစားလိုက်ရသည် ။ တစ်ငုံမျှသောက်လိုက်မိရုံဖြင့် သူတောင့်တနေခဲ့ရသောဆန္ဒများအားလုံးပြည့်ဝသွားရသလိုထင်မှတ်မိ၏ ။ ရွာသူကြီးကလက်ထဲတွင်ပန်းကန်လုံးတစ်လုံးနှင့်ဇွန်းတစ်ချောင်းကိုင်၍ပြုံးလျှက်ပြန်ထွက်လာပြီး ဟဲဟျွိုက်အန်း ရှေ့တွင်ညင်ညင်သာသာချပေးလိုက်သည် ။


" ကြက်သားကိုလည်းစားကြည့်လေ မင်းဟင်းရည်ချည်းပဲသောက်ပြီးအသားမစားရင်မကြာခင်အေးသွားလိမ့်မယ် "


ဟဲဟျွိုက်အန်းက ရွာသူကြီးအားကြည့်၍


" ရွာသူကြီးရောမစားဘူးလား " 


" ငါလား ... ငါစားပြီးသွားပြီ ... မင်းအတွက်သီးသန့်ယူလာပေးတာ " 


ရွာသူကြီးကပြုံး၍


 " ဆက်စားလေ "


ဟဲဟျွိုက်အန်း အသည်းအသန်တံတွေးမြိုချမိပြန်၏ ။ ဤတစ်ကြိမ်၌သူ၏အာရုံအလုံးစုံမှာမျက်စိရှေ့ရှိ စွပ်ပြုတ်ပန်းကန်ပေါ်တွင်သာရှိနေလေသည် ။ ဇွန်းအပြည့်တစ်ဇွန်းချင်းစီခပ်ရင်းဖြင့်မထိန်းချုပ်နိုင်တော့ပါဘဲ ပန်းကန်လုံးလေးအားအပြည့်ဖြည့်နေမိတော့၏ ။


ရွာသူကြီးက ဟဲဟျွိုက်အန်း အားကြည့်နေပုံမှာချစ်ချင်ရသောကိုယ်တိုင်ပြုစုစောင့်ရှောက်ထားသည့်ကလေးငယ်လေးအားကြည့်နေသကဲ့သို့ပင် ။ မျက်ဝန်းထဲတွင်နူးညံ့ညင်သာမှုများပြန်လျှံလာလျှက် ဗုဒ္ဓမြတ်စွာက သတ္တဝါများအပေါ်သနားကြင်နာမှုအပြည့်နှင့်ကြည့်ရှုနေသောအကြည့်များနှင့်တူညီစွာကြည့်နေလေသည် ။



Translater - Mori ( 19 . 11 .2023 ) 1 : 58 PM


🐳



ဒါကြီးကမိကျောင်းနှုတ်သီးရှည်ငါးပါ ပုံမှန်အရှည်ကငါးပေကနေ အများဆုံးနှစ်မီတာခွဲသုံးမီတာအထိကြီးထွားနိုင်ပါတယ်တဲ့ ...