အခန်း - ၂၆ မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၈ ) ပထမပိုင်း
Viewers 2k

.အခန်း - ၂၆

မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၈ ) ပထမပိုင်း



ဟဲဟျွိုက်အန်းက ကြက်စွပ်ပြုတ်ပန်းကန်ကိုကိုင်ထားကာ ပန်းကန်လုံးထဲရှိစွပ်ပြုတ်အပူချိန်ကြောင့်သူ့လက်ဖဝါးများပင်နွေးထွေးသွားရသည် ။ မျက်လုံးများသည်ပျော်ရွှင်မှုကြောင့်အရောင်တောက်ပလျှက် ဇွန်းအပြည့်စွပ်ပြုတ်တစ်ဇွန်းခပ်ကာဖြည်ဖြည်းချင်းပါးစပ်ထဲသို့ထည့်လိုက်လေသည် ။ စွပ်ပြုတ်သောက်နေသရွေ့ သူ့တစ်ကိုယ်လုံးနွေးထွေးနေလိမ့်မည်ဟု ဟဲဟျွိုက်အန်းတွေးနေမိသည် ။


သို့သော်လည်း ဇွန်းနှင့်နှုတ်ခမ်းထိမိသည့်အချိန်၌ သူ၏အရိုးများထဲသို့တိုင်အေးစိမ့်မှုများဖြတ်ပြေးသွားရ၏ ။ ထိုခံစားချက်ကသူ၏အရိုးအကြောများတစ်လျှောက်ကိုသာမက ဝိညာဥ်ထဲသို့တိုင်ကြက်သီးမွှေးညှင်းထသွားစေပြီး အသိစိတ်ပြန်ကပ်သွားစေသည် ။ ဟဲဟျွိုက်အန်း မှာတုန်တုန်ရီရီဖြင့် ပုံရိပ်ယောင်အယောင်ဆောင်နွေးထွေးမှုများကြားမှလွတ်မြောက်သွားတော့၏ ။ နွေးနွေးထွေးထွေးအကြင်နာတရားပြည့်ဝသည့်ပုံစံဖြင့်ပြုံးနေသည့်ရွာသူကြီးနှင့်လက်ထဲရှိစွပ်ပြုတ်ပန်းကန်လုံးတို့အားတစ်လှည့်စီကြည့်၍ သူတစ်ခုခုလုပ်မိတော့မည်ဖြစ်ကြောင်းရုတ်တရက်သဘောပေါက်သွားရသည် ။ ကံကောင်းသည်မှာ ဘာမှမလုပ်မခင် အချိန်မှီရပ်တန့်နိုင်ခဲ့၏ ။


" ခင်ဗျား ... ခင်ဗျားရောမသောက်ဘူးလား ?" 


ဟဲဟျွိုက်အန်းက ရပ်တန့်ပြီးနောက် မေးခွန်းကိုထပ်မေးပြန်၏ ။ ဤတစ်ကြိမ်တွင်မူသူ၏လေသံထဲ၌ စွပ်ပြုတ်အားသောက်ချင်နေသော လိုချင်တပ်မက်သည့်စိတ်များမပါရှိတော့ချေ ။


ရွာသူကြီး၏အပြုံးမှာတဖြည်းဖြည်းလွင့်ပြယ်သွားပြီး စကားထပ်မပြောဘဲဟဲဟျွိုက်အန်းကိုအေးတိအေးစက်စိုက်ကြည်နေ၏ ။


ဟဲဟျွိုက်အန်းမှာ မလွယ်ကူသလိုခံစားလိုက်ရကာ ထရပ်၍ဤနေရာမှပြေးထွက်သွားချင်နေမိကာခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်မိ၏ ။ မမျှော်လင့်ထားစွာပင် သူ့ခြေချင်းဝတ်ကိုတစ်ခုခုကလာရောက်ထိကိုင်ကြောင်းခံစားလိုက်ရသည် ။ ဟဲဟျွိုက်အန်း ငုံ့ကြည့်လိုက်သောအခါသူ့အားလာထိတွေ့သောအရာမှာ မုရှင်းစီ၏လက်ဖြစ်ကြောင်းတွေ့လိုက်ရ၏ ။ ဟဲဟျွိုက်အန်း၏ ခြေချင်းဝတ်ကိုခပ်ဖွဖွထိကိုင်လာသော မုရှင်းစီ၏လက်ကြောင့် သာလျှင်အသိစိတ်ပြန်ဝင်လာရခြင်းဖြစ်သည် ။ အေးစက်စက်အထိအတွေ့ကပင် ဟဲဟျွိုက်အန်း၏ တစ်ကိုယ်လုံးပေါ်သို့တူဖြင့်ထုလိုက်သကဲ့သို့လေးလံသောဖိအားကိုခံစားလိုက်ရ၏ ။ 


မုရှင်းစီက သေသွားပြီမဟုတ်ဘူးလား ?


ဘာလို့အခုလှုပ်နေရတာလဲ ? 


ဟဲဟျွိုက်အန်း၏ ကျောတွင်ချွေးစေးများထွက်လာကာ မုရှင်းစီအား တစ်ဖန်ပြန်ကြည့်လိုက်ချိန်၌သူမကမလှုပ်မယှက်ဖြင့်သာပြန်လည်ငြိမ်သက်နေပြန်၏ ။ ထို့နောက် ရွာသူကြီး၏ ထူးထူးဆန်းဆန်းအပြုံးကြီးအားကြည့်မိသောအခါရုတ်တရက်ခြောက်ခြားလာရသည် ။ ဤအချိန်၌ မုရှင်းစီအား အခေါင်းထဲသို့ထည့်နေစဥ်ခံစားခဲ့ရသောထူးထူးဆန်းဆန်းခံစားချက်ကြီးကိုတစ်ဖန်ပြန်လည်ခံစားလိုက်ရ၏ ။

 

မုရှင်းစီ၏ ခန္ဓာကိုယ်မှာယခုအချိန်အထိပျော့ပြောင်းနေဆဲဖြစ်သည် ။ ပုံမှန်အခြေအနေ၌သေဆုံးပြီးသားသူတစ်ဦး၏ခန္ဓာကိုယ်မှာသေဆုံးပြီး ၉နာရီမှ၁၂နာရီအတွင်း၌တဖြည်းဖြည်း​တောင့်တင်းသွားလေ့ရှိ၏ ။ ဤသည်ကိုအကြောများတောင့်တင်းမှုဖြစ်စဥ်ဟုခေါ်ဆိုပြီး ခန္ဓာကိုယ်မပုပ်သိုးမှီကာလအတွင်းဖြစ်သောဖြစ်စဥ်​ဖြစ်သည် ။ အကြောဆွဲခြင်းနှင့် တောင့်တင်းသွားခြင်းဖြစ်စဥ်မှာသေဆုံးပြီးသူများအတွက်ပုံမှန်သာဖြစ်သော်လည်း မုရှင်းစီ၏ ခန္ဓာကိုယ်ကမူထိုသို့မဖြစ်ပေ ။ သူမသေဆုံးသွားပြီဟုသတ်မှတ်လိုက်သည့်အချိန်မှစ၍ယခုအချိန်ထိသူမ၏ခန္ဓာကိုယ်မှာတောင့်တင်းခြင်းမရှိသေးချေ ။


ဟဲဟျွိုက်အန်း၏ စိတ်ထဲတွင်ထူးဆန်းသောမှန်းဆချက်တစ်ခုထွက်ပေါ်လာ၏ ။ မုရှင်းစီ၏ နှလုံးခုန်သွေးကြောနေရာကိုနောက်တစ်ကြိမ်ထပ်မံစမ်းသပ်လိုက်သောအခါ အံ့သြလွန်း၍နေရာမှာတွင်ပင်တောင့်တင်းသွားရ၏ ။

 

အားနည်းနေပါသော်လည်းသူ၏လက်ချောင်းများမှတစ်ဆင့်နှလုံးခုန်သံဖျော့ဖျော့ကိုခံစားမိနေဆဲပင် ။ ထို့အပြင် သူမ၏အရေပြားသည်လည်းအနည်းငယ်ပူနွေးလာ၏ ။ ဤလက္ခဏာအကုန်လုံးက မုရှင်းစီ အသက်မသေဆုံးသေးကြောင်းကိုဖော်ပြနေသည် ။


" ဘယ်လောက်သနားစရာကောင်းလိုက်သလဲ " 


ဘေးတွင်ရပ်နေသော ရွာသူကြီးက ရုတ်တရက်ပြောလာလေသည် ။ ဟဲဟျွိုက်အန်းက ရွာသူကြီးအားကြည့်ကာ


 " မုရှင်းစီ မသေသေးဘူးဆိုတာခင်ဗျားသိနေတာလား မဟုတ်ရင်အခေါင်းထဲထည့်ဖို့အတင်းတိုက်တွန်းနေမှာမဟုတ်ဘူးလေ  ... " 


သဲလွန်စများအားလုံးဆက်စပ်မိသောအခါ သူမေ့နေသည့်အရေးကြီးသောအရာကိုမှတ်မိသွား၍ ရပ်တန့်နေမိသည် ။ ခြံဝန်းထဲတွင်ရှိနေသောအခေါင်းများ၏ အတွင်းဘက်၌ကုတ်ခြစ်ရာများရှိနေခဲ့သည်ပင် ။


" ဒီလူတွေအပေါ်မှာခင်ဗျားနည်းနည်းလေးတောင်အပြစ်ရှိတဲ့စိတ်မျိုးမခံစားရဘူးလား ... သူတို့မသေသေးမှန်းခင်ဗျားသိရဲ့သားနဲ့ ဘာလို့အခေါင်းထဲအရှက်လတ်လတ်ထည့်ပိတ်လိုက်ရတာလဲ "


ရွာသူကြီးကပေါ့ပေါ့ပါးပါး​ပြောလာ၏ ။


" အစတုန်းကတော့ငါတကယ်မသိခဲ့ဘူး " 


ရွာသူကြီးက ဟဲဟျွိုက်အန်းအားကြည့်နေရင်းဖြင့်သူ့နောက်တွင်ဖွက်ထားသောဓားကိုဖြည်းဖြည်းချင်းဆွဲထုတ်လိုက်၏ ။ ထို့နောက် လက်ဖြင့်ဓားသွားကိုဖြည်းဖြည်းချင်းပွတ်သပ်ကာ


" အကြိမ်ရေတော်တော်များများပြီးတဲ့နောက်မှငါဒါကိုသိခဲ့တာ "


ဟဲဟျွိုက်အန်း ကြောက်လန့်စွာဖြင့်နောက်ဆုတ်လိုက်မိသည် ။ ရွာသူကြီးကတည်တည်ငြိမ်ငြိမ်ဖြင့် 


" ဒါပေမဲ့ အရမ်းနောက်ကျသွားပြီလေ သူတို့ကအခေါင်းထဲမှာရက်အတော်ကြာရှိနေခဲ့တာလေ ဘယ်သူမှအသက်မရှင်နိုင်တော့ဘူး "


ဟဲဟျွိုက်အန်းက တုန်တုန်ရီရီဖြင့်


" ခင် ... ခင်ဗျားဘာလုပ်မလို့လဲ "


" မင်းသတိမထားမိသေးဘူးလား ... ဘာလို့ငါ့နားမှာရှိတဲ့လူတွေအကုန်လုံးကကျသေသွားပြီး ငါကျအဆင်ပြေပြေရှိနေရတာလဲဆိုတာကိုလေ "


ဟဲဟျွိုက်အန်း : " ခင်ဗျား ..."


ရွာသူကြီးက နှစ်ပေါင်းများစွာဆေးလိပ်သောက်ခဲ့သောကြောင့်ဝါထိန်နေသောသူ၏သွားများကိုလျှာဖြင့်သပ်၍ ရူးသွပ်နေသည့်စိတ္တဇလူသတ်သမားတစ်ယောက်ကဲ့သို့ ပြုံး၍


" ဘာလို့လဲဆိုတော့ ငါလူတွေအများကြီးကိုသတ်ခဲ့လို့လေ ဒါ့ကြောင့်မို့တောင်စောင့်နတ်က ..." 


ပြောနေရင်းဖြင့်ဓားကိုင်ထားသောလက်ကိုမြှောက်ကာ ဟဲဟျွိုက်အန်း ရှိရာဆီသို့ဒေါသတကြီးပြေးဝင်လာတော့သည် ။

 

ဟဲဟျွိုက်အန်းမှာကြောက်လန့်တကြားဖြင့်ထောင့်များတွင်လိုက်ရှောင်ပုန်းနေမိသည် ။ ဟဲဟျွိုက်အန်း၏ ရှောင်တိမ်းလိုက်မှုကြောင့် ရွာသူကြီးလက်ထဲမှဓားသွားမှာ ဘေးရှိထိုင်ခုံပေါ်သို့သာကျရောက်သွား၏ ။ ရွာသူကြီးက သူ့အားအမှန်တကယ်အသေသတ်ရန်ရည်ရွယ်ထားသည်ကိုတွေ့သောအခါ ယခင်ကထက်ပို၍လျှင်မြန်စွာလှုပ်ရှားတော့သည် ။ အမည်မသိသောအရာကြောင့်သေဆုံးရမည်သောကြောက်ခဲ့သော်လည်း ယခုမျက်နှာချင်းဆိုင်တိုက်ခိုက်နေရသောအခါ၌မူထင်ထားသလောက်မကြောက်ပါတော့ချေ ။


ဟဲဟျွိုက်အန်းက ကျိန်ဆဲကာဖြင့်စားပွဲပေါ်ရှိကြက်စွပ်ပြုတ်ပန်းကန်အားဆွဲယူ၍ရွာသူကြီး၏မျက်နှာတည့်တည့်သို့ကောက်ပေါက်ထည့်လိုက်၏ ။ ကြက်စွပ်ပြုတ်မှာ ယခုလေးတင်အပူပေးထားခဲ့သည်ဖြစ်၍အပေါ်ယံတွင်ဆီများစွာဝေ့သီနေလေသည် ။ အငွေ့တထောင်းထောင်းထနေခြင်းမရှိသော်လည်း ပုံမှန်အပူချိန်ထက်အလွန်အမင်းပူနေဆဲပင် ။


 " အား ... " 

 

သူတို့နှစ်ဦးကြားရှိအကွာအဝေးမှာနီးကပ်လှသည်ဖြစ်၍ ရွာသူကြီး၏မျက်နှာတည့်တည့်သို့ပန်းကန်လုံးကြီးပါထိမှန်သွားပြီးအပူလောင်သွားကာအော်သံအကျယ်ကြီးထွက်ပေါ်လာစေ၏ ။ မျက်နှာအားလက်ဖြင့်ကာ၍ ဓားကိုကြုံရာကျပန်းလျှောက်ယမ်းနေတော့သည် ။ ဟဲဟျွိုက်အန်းက အခွင့်အရေးအားအမိအရရယူ၍အနီးအနားရှိခုံကိုကိုင်ကာ ရွာသူကြီးအားရိုက်ချလိုက်သည် ။ နှစ်ချက်သုံးချက်မျှရိုက်ချပြီးသောအခါ ရွာသူကြီးလက်ထဲရှိဓားလည်းလွတ်ကျသွားတော့၏ ။


ဓားလွတ်ကျသွားသည်နှင့်တစ်ပြိုင်နက် ဟဲဟျွိုက်အန်းသည်လည်း ထိန်းချုပ်မှုလွတ်သွားကာ ရွာသူကြီး၏ခေါင်းကိုကုလားထိုင်ဖြင့်ပြင်းထန်စွာရိုက်ချလိုက်သည် ။


ရွာသူကြီး ကြောင်အနေသည့်အချိန်မှာပင်ခေါင်းကွဲသွားပြီဖြစ်သည် ။ ကြမ်းပြင်ပေါ်တွင်လှဲကာခေါင်းကိုအုပ်ကိုင်၍အော်ဟစ်နေပြီး သွေးများတတောက်တောက်ကနေ၏ ။


အောင်နိုင်မှုကိုအခွင့်ကောင်းယူ၍ ဟဲဟျွိုက်အန်းက ရွာသူကြီးအား အကြိမ်ရေအနည်းငယ်မျှပိုမိုရိုက်နှက်လိုက်သေး၏ ။ သို့သော်လည်း လူသတ်မိမည်ကိုကြောက်သောကြောင့်သေစေနိုင်မည့်နေရာများကိုရှောင်ရှားကာ ရွာသူကြီးအားအင်ကုန်ခမ်း၍မလှုပ်ရှားနိုင်တော့လောက်ရုံသာရိုက်နှက်လေသည် ။


သူရပ်တန့်လိုက်ချိန်၌ တစ်ကိုယ်လုံးတွင်ချွေးစေးများရွှဲနေပြီဖြစ်သည် ။ သူ့အားစတင်တိုက်ခိုက်ခဲ့သောရွာသူကြီးမှာကြမ်းပြင်တွင်ပုံရက်သားဖြင့်သတိလစ်နေ၏ ။


ဟဲဟျွိုက်အန်းက ထိုင်ခုံကိုပစ်ချပြီးနောက်အနီးအနားသို့ထွက်သွားလေတော့သည် ။ ခဏကြာသောအခါကြိုးတစ်ချောင်းဖြင့်ပြန်ရောက်လာ၏ ။ မတော်တဆမှုများဖြစ်ပွားခြင်းမှကာကွယ်ရန်အလို့ငှာရွာသူကြီးအားကြိုးဖြင့်တင်းကြပ်စွာတုပ်နှောင်လိုက်သည် ။ မည်သို့ပင်ဖြစ်စေ ရွာသူကြီးအားကြိုးတုပ်ပြီးသောအခါ အပြင်ဘက်တွင်ရွာသွန်းနေသောမိုးမှာရုတ်တရက်ရပ်တန့်သွားပြီဖြစ်သည် ။ 

 

ချက်ချင်းဆိုသလိုပင် လောကကြီးတစ်ခုလုံးတောက်ပလာကာအချိန်အတော်ကြာမမြင်တွေ့ခဲ့ရသောနေမင်းကြီးနှင့်နေရောင်သည်လည်းတိမ်တိုက်များကြားမှတောက်ပစွာထွက်ပေါ်လာလေသည် ။ အချိန်အတော်ကြာသောအခါမှ မျှော်လင့်ချက်ရောင်ခြည်လေးအားတွေ့မြင်လိုက်ရသကဲ့သို့ပင် ။

 

ဟဲဟျွိုက်အန်းက ထိုင်ခုံလွတ်တစ်ခုံပေါ်တွင်ထိုင်ကာ မောပန်းစွာဖြင့်ခဏမျှအသက်ပြင်းပြင်းရှုနေပြီးနောက်ကြမ်းပြင်ပေါ်တွင်သတိလစ်နေသောရွာသူကြီးကိုတစ်လှည့် အပြင်ဘက်ရှိသာယာနေသောရာသီဥတုကိုတစ်လှည့်ကြည့်ကာအနည်းငယ်မရေမရာဖြစ်နေ၏ ။ သူတွေးမိသည်မှာ ရွာသူကြီးကအရာအားလုံး၏နောက်ကွယ်မှကြိုးကိုင်နေသောသူဖြစ်သည်ဟုကောက်ချက်ချလိုက်မိသည် ။ ထိုသို့သာမဟုတ်လျှင် ရွာသူကြီးသတိလစ်သွားသည်နှင့်တစ်ပြိုင်နက်အပြင်ဘက်တွင်နေသာလာမည်မဟုတ်ပေ ။

 

ဟဲဟျွိုက်အန်းက အမောဖြေသည့်အနေဖြင့်ခဏမျှအနားယူပြီးနောက်ကြမ်းပြင်ပေါ်တွင်လှဲနေသည့်ဟမုရှင်းစီအား နောက်တစ်ကြိမ်ထပ်မံစစ်ဆေးလိုက်သည် ။ မုရှင်းစီ၏ ခန္ဓာကိုယ်အပူချိန်မှာ သာမန်လူတစ်ယောက်၏ အပူချိန်ကဲ့သို့ဖြစ်နေပြီပင် ။ အသက်ပြန်ရှုနေရုံသာမက နှလုံးခုန်နှုန်းကိုလည်းတိတိကျကျစမ်းသပ်၍ရနေပြီဖြစ်၏ ။ သူမကသေဆုံးသွားသည့်ပုံမပေါ်သည့်အပြင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်အလှလေးနှင့်တူနေလေသည် ။


ဘာတွေဖြစ်ကုန်တာလဲ ?


ဟဲဟျွိုက်အန်း မည်မျှစဥ်းစားနေပါစေအဖြေမထွက်သောကြောင့် ထိုင်၍သာဆေးလိပ်သောက်နေမိသည် ။ စုန့်ချင်းလော်နှင့်လင်ပန့်ရှ တို့ပြန်လာသောအခါမှသာအခြေအနေအားလုံးကိုပြောပြ၍စေ့စေ့စပ်စပ်ဆွေးနေကြရန်စီစဥ်လိုက်၏ ။


နောက်ဆုံး၍ စုန့်ချင်းလော်နှင့်လင်ပန့်ရှ တို့တောင်အောက်သို့ရောက်ရှိလာကြပြီဖြစ်သည် ။

 

သူတို့နှစ်ဦး၏လက်ရှိအသွင်အပြင်မှာတစ်ကိုယ်လုံးစိုရွှဲ၍ရွံ့များပေရေလျှက်အလွန်စုတ်ပြတ်သတ်နေကြတော့၏ ။ စုန့်ချင်းလော်၏ စိတ်အခြေအနေမှာအလွန်ဆိုးရွားနေလျှက် ဖြူဖျော့နေကာမျက်နှာထက်တွင်သွေးတစ်စက်မျှပင်မရှိပါတော့ချေ ။ ငါးကြီးနှင့်တိုက်ခိုက်ခဲ့စဥ်ကသူဒဏ်ရာရသွားမသွားကိုပင်မစစ်ဆေးကြရသေးပေ ။ လင်ပန့်ရှက စုန့်ချင်းလော်အား အလွန်စိုးရိမ်သောကြောင့် ကုန်းပိုးသွားမည်ဟုပြောသော်လည်း စုန့်ချင်းလော်က ငြင်းဆန်ခဲ့၏ ။


" အဲ့ဒီအရာကိုအခုထိအပြည့်အဝစည်းတံဆိပ်မခတ်ရသေးဘူး ... မင်းငါ့အနားကိုမကပ်သေးတာကောင်းမယ် " 


လင်ပန့်ရှ : " အဲ့ဒီအရာကခင်ဗျားအပေါ်အကျိုးသက်ရောက်မှုမရှိဘူးမဟုတ်လား "


စုန့်ချင်းလော် : " နည်းနည်းလေးတော့လွှမ်းမိုးခံရလိမ့်မယ်ထင်တယ် "


လင်ပန့်ရှ : " ဒါဆိုရင် ခင်ဗျား ..."


" အခုထိတော့အဆင်ပြေနေပါသေးတယ် " 


စုန့်ချင်းလော်က ငြင်ငြင်သာသာပြောလာ၏ ။


" အရမ်းမစိုးရိမ်ပါနဲ့ ..."


နှစ်ယောက်စလုံးတောင်ခြေသို့ရောက်သည်နှင့်တိုက်ရိုက်ဦးတည်သွားသည့်နေရာမှာရွာသူကြီး၏အိမ်သို့ဖြစ်၏ ။ သူတို့၏လမ်းတွင်မြစ်ကိုဖြတ်သန်းသွားရမည်ဖြစ်သည် ။


သူတို့လမ်းပြန်လျှောက်လာသည့်အချိန်တွင် မနေ့ကအသုံးဝင်သောသတင်းအချက်အလက်အမြောက်အမြားပြောပြပေးခဲ့သော ကျန်းရုံနန်အား တွေ့လိုက်ရသည် ။ မနေ့ကကဲ့သို့ပင် သူမကရေလာခပ်ခြင်းဖြစ်ကာတူညီသောအဝတ်အစားကိုပင်ဝတ်ဆင်ထား၏ ။ ရေပုံးနှစ်ပုံးနှင့်ထမ်းပိုးကိုထမ်းလာဆဲဖြစ်ကာ တေးသီချင်းလေးတစ်ပုဒ်ကိုခပ်တိုးတိုးညည်း၍ရေခွက်လေးဖြင့်အလေးအနက်ရေခပ်ထည့်နေ၏ ။


တစ်ယောက်ယောက်လာနေသောခြေသံကိုကြားသောအခါ သူမခေါင်းမော့ကြည့်လာ၏ ။ စုန့်ချင်းလော်နှင့် လင်ပန့်ရှတို့ တစ်ကိုယ်လုံးတွင်ပေကျံနေသောရွံ့များကိုမြင်သောအခါ 


" အာ ... ရှင်တို့ဘယ်လိုဖြစ်လာကြရတာလဲ " 


ကျန်းရုံနန်က အံ့အားသင့်စွာဖြင့်


" ဘာလို့ရေတွေစိုရွှဲနေပြီး ရွံ့တွေပေလာရတာလဲ " 


သူမပြောပြီးနောက် တစ်ခုခုကိုချက်ချင်းမှတ်မိသွားပုံရကာ သူမ၏အပြုံးမှာဖြည်းဖြည်းမှိန်ဖျော့လာရ၏ ။


" ရှင်တို့တောင်ပေါ်ကဆင်းလာတာလား "


လင်ပန့်ရှ : " အင်း ... အခုလေးတင်ဆင်းလာတာလေ "


" ရှင်တို့တောင်ပေါ်တကယ်တက်သွားကြတာလား " 


ကျန်းရုံနန်က ဘာမျှမသိနားမလည်တော့သောအမူအယာဖြင့်ခေါင်းစောင်းကာ 


" ရှင်တို့ အသက်ရှင်ရက်ဆင်းလာနိုင်တယ်ပေါ့ "


သူမ၏တုံ့ပြန်ပုံကထူးဆန်းနေသောကြောင့် လင်ပန့်ရှနှင့်စုန့်ချင်းလော်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည် ။


" မင်းမနေ့ကလည်းရေလာခပ်သေးတယ်မဟုတ်လား " 


လင်ပန့်ရှက ထူးဆန်းနေဟန်ဖြင့်ပြောလာ၏ ။


" ဒီလောက်ရေအများကြီးကိုမင်းတစ်ယောက်တည်းနဲ့ကုန်အောင်ဘယ်လိုသုံးနေတာလဲ "


" ဒါပေါ့ ကျွန်မနေ့တိုင်းရေခပ်ရမယ်လေ " 


ကျန်းရုံနန်က ရယ်မောလိုက်သည် ။ သူမ၏လှပသောမျက်နှာလေးထက်၌ လင်ပန့်ရှနားမလည်နိုင်သောအပြုံးတစ်ပွင့်ရှိနေ၏ ။


 " ကျွန်မရဲ့မိသားစုထဲမှာရေအများကြီးအသုံးလိုတဲ့လူတွေအများကြီးရှိတယ်လေ အိမ်နီးချင်းတွေ ... ကျွန်မရဲ့အဒေါ်တွေရဲ့အိမ်အတွက်ပါရေဖြည့်ပေးရသေးတယ်  ..."


စုန့်ချင်းလော်ရော လင်ပန့်ရှပါ ထိုတောက်ပသောအပြုံးထဲမှထူးဆန်းသောအငွေ့အသက်အားခံစားလိုက်မိသည် ။ သူမကရိုးရာတေးလေးတစ်ပုဒ်ကိုဆက်လက်ညည်းရင်း ရေခပ်ပြီးသောအခါ ထမ်းပိုးကိုထမ်း၍ထသွားတော့မည့်အချိန်အထိစကားမပြောကြချေ ။


သူမခပ်လှမ်းလှမ်းသို့ရောက်ခါနီးသောအခါမှသာ စုန့်ချင်းလော်က ရုတ်တရက်မေးလာ၏ ။ သူ့အသံကမကျယ်သော်လည်း ကျန်ရုံနန် ကြားရန်အတွက်မူလုံလောက်၏ ။


" မင်းရဲ့မိသားစုထဲမှာ မိသားစုဝင်ဘယ်နှယောက်ကျန်သေးလဲ "


ကျန်ရုံနန်၏ အသံမှာအနည်းငယ်တုန်ယင်နေသော်လည်း လင်ပန့်ရှ ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏ ။ သူမကအကြောင်းအရာနှင့်ဘာမျှမသက်ဆိုင်သောစကားကိုပြောလာလေသည် ။


" ကျွန်မနာမည်ကအရမ်းရုပ်ဆိုးတယ်လို့မထင်ဘူးလား ... တကယ်တော့ ကျွန်မရဲ့နာမည်ကတကယ်ကြီးနားထောင်လို့မကောင်းဘူးလို့ ကျွန်မတော့ထင်တယ် "


လင်ပန့်ရှက ကျန်းရုံနန် ထွက်သွားသည်ကိုသာအနောက်မှကြည့်နေ၏ ။ ကျန်းရုံနန်အား ပထမဆုံးစတွေ့သည့်အချိန်ကိုသူမှတ်မိပါသေး၏ ။ နနယ်အားနည်းပုံရသောမိန်းမငယ်လေးက သူ့ရှေ့မှာပင် ပုပ်ပွနေသောအလောင်းမှပြုတ်ထွက်လာသည့်ပုံပျက်ပန်းပျက်ခေါင်းကြီးအားကောက်ကာ အခေါင်းထဲသို့တည်တည်ငြိမ်ငြိမ်ဖြင့်ပြန်ထည့်ခဲ့သူပင် ။ ထိုအချိန်က သူတွေးမိသည်မှာဤမိန်းကလေးကအကြောက်အလန့်မရှိသူဟုထင်ခဲ့သော်လည်း ယခုအခြေအနေအရအခြားသောလျှို့ဝှက်ချက်များစွာရှိနေပုံရသည် ။


စုန့်ချင်းလော် လည်းမေးစရာရှိတာမေးပြီးပြီဖြစ်သဖြင့် လင်ပန့်ရှနှင့်အတူ ဖြည်းဖြည်းချင်းလမ်းလျှောက်ပြန်လာတော့သည် ။


ရာသီဥတုအခြေအနေပိုမိုကြည်လင်လာပြီဖြစ်ကာ လေထုထဲရှိမိုးရေရနံ့သည်လည်းတဖြည်းဖြည်းလွင့်ပြယ်လာပြီဖြစ်၏ ။ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသောစိုစိစိမှိုနံ့များအစား မြေသင်းရနံ့လေးနှင့်သစ်ပင်ပန်းမာန်များ၏ရနံ့ကပိုမိုသင်းပျံ့နေသည် ။


သို့သော်လည်း တစ်ရွာလုံးတွင်လူတစ်ယောက်မှမရှိသကဲ့သို့အရာအားလုံးအလွန်အမင်းတိတ်ဆိတ်နေ၏ ။ လင်ပန့်ရှနှင့်စုန့်ချင်းလော်တို့ ရွာသူကြီး၏အိမ်သို့ပြန်လာသည့်လမ်းတစ်လျှောက်လုံးဘေးပတ်ဝန်းကျင်ကိုအချိန်ယူလေ့လာခဲ့ကြသည် ။ ခြံဝန်းထဲသို့ဝင်လာသည်နှင့်တစ်ပြိုင်နက် အဓိကဧည့်ခန်းတွင်ထိုင်နေသော ဟဲဟျွိုက်အန်းအားတွေ့လိုက်ရ၏ ။


ဟဲဟျွိုက်အန်း ဆေးလိပ်သောက်နေဆဲဖြစ်သော်လည်း သူ၏အခြေအနေမှာမူအစောကထက်တည်ငြိမ်နေပြီဖြစ်သည် ။ စုန့်ချင်းလော်နှင့် လင်ပန့်ရှ တို့အားတွေ့သောအခါစိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ယမ်းပြလာ၏ ။


" နောက်ဆုံးတော့ မင်းတို့ပြန်လာကြပြီပဲ "


လင်ပန့်ရှ အိမ်ထဲသို့ဝင်လိုက်သောအခါ ကြိုးတုပ်ခံထားရသောရွာသူကြီးအားတွေ့လိုက်ရကာ ကြမ်းပြင်တွင်လည်းသွေးကွက်များရှိနေ၏ ။ လင်ပန့်ရှ မှင်သက်နေမိကာမေးလိုက်သည် ။


" ဘာတွေဖြစ်ကုန်တာလဲ ... မုရှင်းစီ ရဲ့အလောင်းကိုတောင်အောက်ပြန်ပို့နေတာမဟုတ်ဘူးလား "


" ငါတို့တောင်အောက်ပြန်ဆင်းလို့မရတော့ဘူး ... ကားကဖျက်ဆီးခံလိုက်ရပြီ " 


စီးကရက်အားအချိန်အတော်ကြာရှိုက်လိုက်ပြီးမှ


" ငါတော့ သူလုပ်တာလို့ထင်တယ် " 


ဟဲဟျွိုက်အန်းက ရွာသူကြီးအားတစ်ချက်ကန်လိုက်၏ ။ လင်ပန့်ရှက စိတ်ဝင်တစားဖြင့် 


" ရွာသူကြီးကဖျက်ဆီးခဲ့တာလား ... ဘာတွေများဖြစ်ခဲ့လို့လဲ " 


ဟဲဟျွိုက်အန်းက သူတို့နှစ်ဦးအားအကြောင်းအရာအစုံကိုအသေးစိတ်ပြန်လည်ပြောပြတော့သည် ။ ရွာသူကြီးက စွပ်ပြုတ်အားလှည့်စား၍တိုက်ခဲ့ပုံနှင့် မုရှင်းစီ မသေသေးကြောင်းကိုသာမက သူအမှန်တရားကိုသိပြီးနောက် ရွာသူကြီးကသူ့အားဓားဖြင့်ခုတ်သတ်ရန်ကြိုးစားလာပုံကိုပါပြောပြ၏ ။


ထိုအကြောင်းများအား ကြားသောအခါ လင်ပန့်ရှ ခဏမျှအံ့သြမှင်သက်နေပြီးနောက် လူတိုင်းကြုံတွေ့ကြရသည့်အတွေ့အကြုံများမှာအလွန်စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်းတွေးနေမိ၏ ။


ဟဲဟျွိုက်အန်းက သူပြောချင်သမျှကိုအားပါးတရပြောပြီးသောအခါမှသာ စုန့်ချင်းလော်ရော လင်ပန့်ရှပါ စုတ်ပြတ်သတ်နေကြောင်းသတိထားမိသွားရ၏ ။ ထိုအခါမှသာအသိစိတ်ကပ်လျှက် စုန့်ချင်းလော်တို့ မည့်သည့်အရာများကြုံတွေ့ခဲ့ရသနည်းဟုမေးလာလေသည် ။


" ဘာမှထူးထူးခြားခြားတော့မဖြစ်ခဲ့ပါဘူး ... ငါးတစ်ကောင်နဲ့တစ်ပွဲတစ်လမ်းနွှဲခဲ့ရုံတင်ပါ "


ဟဲဟျွိုက်အန်း : " ဟမ် ?"


လင်ပန့်ရှ : " ကျွန်တော်တကယ်ပြောနေတာ "


ဟဲဟျွိုက်အန်း : "???"


လင်ပန့်ရှ လက်လျှော့လိုက်တော့သည် ။


" ထားလိုက်ပါတော့ "


စုန့်ချင်းလော် သည်လည်းအားမရှိတော့ပါချေ ။ ကုလားထိုင်အလွတ်တစ်လုံးကိုရှာကာ မှီချ၍အနားယူနေတော့သည် ။ စုန့်ချင်းလော် ဤသို့ပြုမူနေသည်အားတွေ့သောအခါ လင်ပန့်ရှက အမြန်ရေချိုး၍အဝတ်လဲရန်တိုက်တွန်းတော့၏ ။ စုန့်ချင်းလော်ကလင်ပန့်ရှ အားမော့ကြည့်ကာ စိတ်ပျက်လက်ပျက်လေသံဖြင့်


" ငါရေထပ်ထိဖို့လိုနေသေးတုန်းလား "


လင်ပန့်ရှက ကလေးတစ်ယောက်အားချော့မြူနေသကဲ့သို့ချော့လာ၏ ။


" ရေချိုးပြီးအရင်နားလိုက်တော့ ... ဟဲဟျွိုက်အန်းနဲ့ကျွန်တော် ကျန်တာဆက်ဖြေရှင်းလိုက်မယ်လေ "


စုန့်ချင်းလော်က ဟဲဟျွိုက်အန်းနှင့် ကြမ်းပြင်ပေါ်တွင်လဲနေသောရွာသူကြီးအားတစ်ချက်ကြည့်၍ပြောလိုက်သည် ။


 " အင်း " 


ထို့နောက် လှုပ်လီလှုပ်လဲ့ဖြင့်ထွက်သွားလေ၏ ။


လင်ပန့်ရှနှင့်စုန့်ချင်းလော်တို့ စကားပြောနေသည့်အချိန်တွင်ဟဲဟျွိုက်အန်းက ဘေးတွင်သာရပ်ကြည့်နေ၍စကားဝင်မပြောရဲပါချေ ။ စုန့်ချင်းလော် ရေချိုးရန်ထွက်သွားသောအခါမှသာ စိတ်သက်သာရာရစွာသက်ပြင်းချ၍


" မစ္စတာစုန့် ကိုကြည့်ရတာနေမကောင်းဖြစ်နေသလိုပဲ  "


" ကျွန်တော်တို့ မိုးမိလာခဲ့လို့ပါ ... ခင်ဗျားဖုန်းလိုင်းမိပြီလား "


ထိုအခါမှသာ သူတွင်ဖုနရှိသေးကြောင်း ဟဲဟျွိုက်အန်းသတိရသွားလေ၏ ။ ဖုန်းကောက်ကိုင်၍ကြည့်လိုက်သောအခါ အမှန်ပင်တိုင်အပြည့်ဖြစ်နေကြောင်းတွေ့လိုက်ရသဖြင့် အံ့သြတကြီးပြောလိုက်သည် ။


 " လိုင်းမိနေပြီ ... လိုင်းမိနေပြီ "


လင်ပန့်ရှ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်လေသည် ။ လိုင်းမိသွား၍သာတော်သေးသည် မဟုတ်လျှင် မည်သည့်လျှို့ဝှက်ချက်များကိုဖြေရှင်းနိုင်သည်ဖြစ်စေ ဤရွာမှထွက်သွားရန်မှာပြဿနာကြီးတစ်ရပ်ဖြစ်လာပေလိမ့်မည် ။


ဟဲဟျွိုက်အန်းက ချက်ချင်းပြောလာ၏ ။


" ကျွန်တော်အပြင်ကလူတွေကိုဆက်သွယ်ပြီး ဒီကိုလာခေါ်ခိုင်းလိုက်မယ် ... လက်နက်တွေဘာတွေယူလာဖို့ရောမှာရဦးမလား "


လင်ပန့်ရှက ခဏမျှတွေးပြီးနောက်လုံခြုံရေးအတွက်လိုလိုမယ်မယ်ယူလာသည်ကပိုကောင်းလိမ့်မည်ဟုပြောလိုက်သည် ။ နောက်ဆုံး၌ ရွာသူကြီးအားမည်သို့ဖြေရှင်းကြရမည်ဆိုသည်မှာ အဓိကပြဿနာဖြစ်နေ၏ ။ ဟဲဟျွိုက်အန်းက ရယ်မော၍လူသားများဖြစ်နေသရွေ့ဤကဲ့သို့သောပြဿနာများကိုဖြေရှင်းရန်မှာလွယ်ကူသည်ဟုဆိုလေသည် ။ ရွာသူကြီးအားသက်သေအထောက်အထားအပြည့်အစုံဖြင့်ရံလက်သို့အပ်လိုက်မည်ပင် ။ ဟဲဟျွိုက်အန်းက ဖုန်းခေါ်လိုက်ကာခဏမျှအကျိုးအကြောင်းရှင်းပြနေပြီးနောက် တောင်အောက်မှလူကချက်ချင်းတောင်ပေါ်သို့တက်လာတော့မည်ဖြစ်ကြောင်းပြောလေသည် ။


လင်ပန့်ရှက ခေါင်းညိမ့်လိုက်ပြီးနောက် မုရှင်းစီနှင့် ကြမ်းပြင်ပေါ်တွင်လှဲနေသောရွာသူကြီးတို့အားကြည့်ကာ


" ဒါဆိုရင် ခင်ဗျားသူတို့ကိုစောင့်ကြည့်ထားလိုက်ဦး ကျွန်တော် စုန့်ချင်းလော် ဆီသွားလိုက်ဦးမယ် "

 

ဟဲဟျွိုက်အန်းခေါင်းညိမ့်ပြလိုက်လေသည် ။ လင်ပန့်ရှ ခေတ္တတည်းခိုသည့်အခန်းထဲသို့ဝင်သွားသောအခါ စုန့်ချင်းလော်က အဝတ်အစားလဲပြီး၍ကုတင်ပေါ်တွင်အားအင်မဲ့စွာလှဲနေ၏ ။ လင်ပန့်ရှ၏ ခြေသံကိုကြားသောအခါ မျက်လုံးဖွင့်၍


 " ဘယ်လိုလဲ "


လင်ပန့်ရှ : " ဟဲဟျွိုပ်အန်းကတစ်ယောက်ယောက်ကိုဆက်သွယ်ပြီးပြီ ချက်ချင်းကူညီဖို့လာမယ်လို့ပြောတယ် "


စုန့်ချင်းလော်က အားအင်မဲ့စွာတုန့်ပြန်၏ ။


လင်ပန့်ရှ : " ခင်ဗျားရော ဘယ်လိုနေသေးလဲ တစ်နေရာရာမှာမသက်မသာခံစားနေရတာရှိလား "


စုန့်ချင်းလော် : " ဟင့်အင်း "


လင်ပန့်ရှက စိုးရိမ်နေဆဲပင် ။


" ခင်ဗျားတကယ်ဒဏ်ရာမရတာသေချာလား "


စုန့်ချင်းလော် ပြန်မဖြေပါတော့ချေ ။ လင်ပန့်ရှကြည့်လိုက်သောအခါ စုန့်ချင်းလော်ကအိပ်ပျော်သွားပြီပင် ။ သူ၏မျက်တောင်ရှည်ကြီးများမှာအသက်ရှုသံနှင့်အညီစည်းချက်ညီညီလှုပ်ရှားနေပြီး မျက်ခုံးများသည်လည်းပင်ပန်းနေဟန်အနည်းငယ်မျက်မှောင်ကျုံ့နေ၏ ။ လင်ပန့်ရှက ညင်ညင်သာသာဖြင့်စောင်ခြုံပေးကာ ခြေဖော့၍အပြင်သို့အမြန်ပြန်ထွက်လာလိုက်သည် ။


သူလည်းပဲ ရေချိုးကာအဝတ်အစားအသစ်များလဲဝတ်ချင်နေ၏ ။ ယနေ့ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များမှာအလွန်ထိတ်လန့်ခြောက်ခြားဖွယ်ဖြစ်သော်လည်း သူမပင်ပန်းပါပေ ။ ထို့ကြောင့် ရေချိုးအဝတ်အစားလဲပြီးနောက်ပင်မဧည့်ခန်းသို့သွားကာ ဟဲဟျွိုက်အန်းခေါ်ထားသည့်သူရောက်လာမည်ကိုထိုင်စောင့်နေလိုက်တော့သည် ။ 

 

စောင့်ဆိုင်းနေသည့်အချိန်မှာပင် ရွာသူကြီးသတိပြန်ရလာသဖြင့် ဟဲဟျွိုက်အန်းက ရရာလက်နက်ဆွဲကာအားရပါးရသတိလစ်သည်အထိဆော်ချလိုက်ပြန်၏ ။ လင်ပန့်ရှက ဟဲဟျွိုက်အန်းအား ပါးစပ်အဟောင်းသားဖြင့်ကြည့်ကာ ရွာသူကြီးကဲ့သို့လူကြီးတစ်ယောက်အားအဘယ့်ကြောင့်ဤသို့မညှာမတာရိုက်ရသနည်းဟုတွေးနေလေ၏ ။ ဟဲဟျွိုက်အန်းက လင်ပန့်ရှ၏ အတွေးချော်နေသောအကြည့်များကိုခံစားမိသွားပုံရကာအမြန်ရှင်းပြလာလေသည် ။


" သူကလူကောင်းတစ်ယောက်မဟုတ်ဘူး လူတွေအများကြီးကိုသတ်ခဲ့တာ "


လင်ပန့်ရှက တီးတိုးပြောလာ၏ ။


 " ခင်ဗျားအရင်ကအရမ်းကြောက်တတ်တာမဟုတ်ဘူးလား အခုဘာလို့သတ္တိတွေအရမ်းရှိနေရတာလဲ "


ဟဲဟျွိုက်အန်း : " ရွာသူကြီးကသက်ရှိလူသားတစ်ယောက်လေကွာ "


လင်ပန့်ရှ : "..."


ဟဲဟျွိုက်အန်း : " လူအချင်းချင်းကိုဘာကြောက်စရာရှိလို့လဲ "


လင်ပန့်ရှ ပြန်ခံမငြင်းနိုင်ပါတော့ချေ ။






Translated by - Mori  ( 20 . 11 . 2023 ) 9 : 19 PM