အခန်း - ၂၆ မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၈ ) ဒုတိယပိုင်း
Viewers 2k

.အခန်း - ၂၆

မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၈ ) ဒုတိယပိုင်း


လေးနာရီကျော်ကြာသောအခါ ဟဲဟျွိုက်အန်း၏ ဖုန်းမြည်လာလေသည် ။ ဖုန်းဖြေပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အကူအညီပေးမည့်သူများရောက်လာပြီဖြစ်သောကြောင့် ထိုသူများအားသွားခေါ်မည်ဖြစ်သဖြင့် လင်ပန့်ရှအား အခန်းရှိလူနှစ်ယောက်အားခေတ္တမျှစောင့်ကြည့်ပေးရန်ပြော၏ ။ 


နောက်တစ်ကြိမ် ဟဲဟျွိုက်အန်း စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်ရင်းပြန်လာသောအခါ သူနှင့်အတူလူငါးယောက်ပါလာ၏ ။ ထိုလူငါးယောက်မှာရင်ဘတ်တွင်စကြာပုံစံသင်္ကေတ  (卐 or 卍)  များရိုက်နှိပ်ထားသောအနက်ရောင်ဆင်တူယူနီဖောင်းများကိုဝတ်ထားကြသည် ။ လင်ပန့်ရှ သိသလောက်ဆိုလျှင်ထိုသင်္ကေတအား တစ်ကုဋေ ဟုခေါ်ဆိုလေ့ရှိကြပြီး ဗုဒ္ဓဘာသာအယူအဆများအရ အသက်ရှည်ခြင်းနှင့်ကောင်းမွန်သောကံကြမ္မာအားယူဆောင်ပေးလာနိုင်၏ ။ 

 

ထိုလူများက ဟဲဟျွိုက်အန်းနှင့်ရင်းနှီးကြသော်လည်း လင်ပန့်ရှကိုမူမသိကြပါချေ ။ သို့သော်လည်း ဟဲဟျွိုက်အန်းက သူတို့အားကြိုတင်မိတ်ဆက်ပေးထားသဖြင့် မေးခွန်းများမမေးဘဲလေးလေးစားစားနှုတ်ဆက်ကာလုပ်စရာရှိသည်များကိုစလုပ်ကြတော့သည် ။


အခင်းဖြစ်ပွားရာနေရာကိုရှင်းလင်းပြီးနောက် မုရှင်းစီအား လိုအပ်သောကုသမှုများပြုလုပ်ပေးနိုင်ရန်အတွက်တတ်နိုင်သမျှတောင်အောက်သို့ပြန်ပို့ရန်စီစဥ်ကြတော့သည် ။ ကျန်ရှိသူများက အိမ်၏ထောင့်များကိုပင်မချန်စေ့စေ့စပ်စပ်မှတ်တမ်းတင်နေကြသောကြောင့် ကင်မရာမီးရောင်တဖြပ်ဖြပ်လက်နေ၏ ။ ဟဲဟျွိုက်အန်း ရေးသားထားသောမှတ်စုများသည်လည်း မှတ်တမ်းတင်ခြင်းခံရ၏ ။

 

ရှင်းလင်းသင့်သည်များကိုရှင်းလင်းကာ မှတ်တမ်းတင်သင့်သည်များကိုတင်ပြီးသည့်နောက်တွင် ဟဲဟျွိုက်အန်းအား အဖွဲ့ထဲတွင်သေဆုံးသူများရှိမရှိနှင့်အခြားသောအသေးစိတ်အချက်အလက်များကိုမေးမြန်းလာ၏ ။ ပျက်ဆီးဆုံးရှုံးသွားသောအရာများအပါအဝင်အရေးကြီးသောအရာများကို ဟဲဟျွိုက်အန်းက ကျင့်သားရစွာဖြင့်တစ်ခုချင်းစီဖြေဆိုနေလေသည် ။

 

ရွာသူကြီးအား လူသတ်မှုဖြင့်ရဲစခန်းသို့သွားပို့မည်ဖြစ်သည် ။ ကားထဲသို့မဝင်မှီသတိရလာကာ အမည်မသိသောအရာများကိုအန်ထုတ်လိုက်သေး၏ ။ ကြည့်ရသည်မှာ ဟဲဟျွိုက်အန်းအားဆူဆဲရန်ခေါင်းလှည့်လာခြင်းဖြစ်သော်လည်း ဟဲဟျွိုက်အန်းကကုလားထိုင်တစ်လုံးပေါ်တွင်လက်တင်၍သစ်သားတန်းကိုလက်ဖြင့်တတောက်တောက်ခေါက်နေသည်အားမြင်သောအခါ ပါးစပ်ပိတ်၍ငြိမ်ကျသွား၏ ။ ထို့နောက် ကြိုးတုပ်ထားရက်သားဖြင့် ကားထဲသို့ပစ်ထည့်ခြင်းခံလိုက်ရလေတော့သည် ။


​ဖြေရှင်းသင့်သည့်ကိစ္စများကိုဖြေရှင်းပြီးနောက် ထိုလူများက စုန့်ချင်းလော်၏ အခြေအနေကိုမေးမြန်းလာကြ၏ ။

 

လင်ပန့်ရှက စုန့်ချင်းလော် အိပ်နေသည်ဟုပြောသောအခါထိုသူများကအံ့သြသည့်အမူအယာမပြချေ ။ ခေါင်းညိမ့်ကာ အပြင်တွင်စောင့်နေမည်ဖြစ်ကြောင်းပြော၏ ။ အလျင်မလိုသောကြောင့် စုန့်ချင်းလော် နိုးသည့်အချိန်အထိစောင့်ကာ ပြီးမှညွှန်ကြားချက်အတိုင်းဆက်လက်ဆောင်ရွက်ကြမည်ဖြစ်သည် ။


လင်ပန့်ရှက ထိုသူများအိမ်ကိုသန့်ရှင်းပြီးနောက်အလွန်ယဥ်ယဥ်ကျေးဖြင့်ထွက်သွားသည်ကိုသာကြည့်နေမိ၏ ။ ဟဲဟျွိုက်အန်းက ပင်မဧည့်ခန်းတွင်ထိုင်နေဆဲဖြစ်ကာ လင်ပန့်ရှအား မြင်သောအခါ ဆေးလိပ်တစ်လိပ်ကမ်းပေး၍


 " မင်းပင်ပန်းနေပြီလား ... အိမ်ပြန်ရောက်တဲ့အခါကျအေးအေးဆေးဆေးနားလို့ရပါပြီ "


လင်ပန့်ရှက ခဏမျှတွေးနေပြီးနောက်လက်တွေ့အခြေအနေအမှန်ကိုပြောပြလိုက်သည် ။


" တကယ်တော့ ကျွန်တော်ကအလုပ်ရှိတယ် ဒီခရီးကိုလိုက်ဖို့ခွင့်ယူလာတာ "


ဟဲဟျွိုက်အန်း : " ဟမ် !"


လင်ပန့်ရှက အမှန်အတိုင်းပြောပြလာ၏ ။


" စုန့်ချင်းလော်က ကျွန်တော့်ကိုခရီးတစ်ခုလိုက်ပို့ပေးမယ်လို့ပြောထားလို့ "


ဟဲဟျွိုက်အန်း : "..."


လင်ပန့်ရှ : " တကယ်ကြီးစိတ်ဝင်စားဖို့ကောင်းတာပဲဗျာ "


ဟဲဟျွိုက်အန်း အသက်ပြင်းပြင်းရှုလိုက်မိသည်မှာလက်ထဲရှိဆေးလိပ်တစ်လိပ်လုံးကုန်သွားတော့မတတ်ပင် ။ ဆေးလိပ်ငွေ့များမှုတ်ထုတ်လိုက်သောအခါ ထိုအငွေ့များထဲ၌သူ့ဘဝ၏ဝမ်းနည်းခြင်းနှင့်မျှော်လင့်ချက်မဲ့မှုများကိုပါမှုတ်ထုတ်လိုက်သကဲ့သို့ပင် ။


" ငါမင်းကို လင်ကောလို့ပဲခေါ်တော့မယ်ကွာ "


လင်ပန့်ရှ : "..." 


ဒါပေမဲ့ ခင်ဗျားကိုကြည့်ရတာကျွန်တော့်ထက်အသက်ကြီးနေသလားလို့ !


ဖြူဖျော့နေသောမျက်နှာဖြင့်အိပ်ခန်းထဲမှထွက်မလာမှီ စုန့်ချင်းလော်ကသုံးနာရီကျော်မျှအိပ်နေခဲ့သည် ။ ထို့နောက် သမ်းဝေရင်းဖြင့်လူစုံပြီလားဟုမေးလာ၏ ။


" လူစုံပါပြီ ... ကျွန်တော်တို့အခုတောင်အောက်ဆင်းကြတော့မှာလား "


" အင်း ... ဒါပေမဲ့ ထွက်မသွားခင်လုပ်စရာတစ်ခုရှိသေးတယ် "


လင်ပန့်ရှ : " ဘာလုပ်စရာလဲ "


စုန့်ချင်းလော် : " ကျန်းရုံနန်ဆိုတဲ့ကောင်မလေးကို သွားခေါ် "


လင်ပန့်ရှ မှင်သက်သွားရသည် ။ 


" ဘာလို့လဲ "


" သူမကအသုံးဝင်တယ် ... ငါ့အပေါ်အကျိုးသက်ရောက်နေတဲ့အရာကဘာလဲဆိုတာအတိအကျမသိသေးဘူး ဒီအရာနဲ့သူမကတစ်ခုခုတော့ပက်သက်နေမှာပဲ ... သူမကိုမင်းနဲ့အတူတူထားတာပိုစိတ်ချရတယ် "


လင်ပန့်ရှက ' အွန်း ' ဟုဆိုကာလူသွားခေါ်ရန်အဖော်တစ်ယောက်သွားရှာတော့သည် ။


တဖြည်းဖြည်းနှင့်ကောင်းကင်ကြီးလည်းမှောင်မဲလာလေ၏ ။ ကျန်းရုံနန်က သူမ၏အိမ်မှာအဖိုးကြီးဟဲ၏အိမ်အနီးတွင်ရှိသည်ဟုတစ်ခါကပြောခဲ့ဖူးသောကြောင့် ထိုအိမ်သို့သာတန်းတန်းမတ်မတ်သွားလိုက်တော့သည် ။

  

အဆက်မပြတ်ရွာသွန်းနေခဲ့သောမိုးစဲသွားပြီဖြစ်သဖြင့် ကောင်းယံကင်ယံတွင် လမင်းကြီးလည်းပေါ်ထွက်လာပြီပင် ။ ခေါင်းမော့ကြည့်လိုက်ရုံဖြင့်ကြယ်များကိုပင်ရှင်းရှင်းလင်းလင်းမြင်တွေ့နေရပြီဖြစ်ကာ မနက်ဖြန်ရာသီဥတုသာယာလိမ့်မည်ဖြစ်ကြောင်းမှန်းဆနိုင်သည် ။ အိမ်ခြံဝန်းများထဲမှမီးအလင်းရောင်များဆက်တိုက်ထွက်ပေါ်လာသော်လည်း ရွာအလယ်လမ်းမကြီးတွင်လမ်းလျှောက်နေသော လင်ပန့်ရှ အဖို့ကြောက်စိတ်မဖြစ်မိပါချေ ။ ဤကဲ့သို့တိတ်ဆိတ်ငြိမ်းချမ်းသောကျေးလတ်သဘာဝပတ်ဝန်းကျင်အား အမှန်ပင်နှစ်သက်ပါ၏ ။ သူငယ်စဥ်ကအိပ်မက်မက်ခဲ့ရသည့်အတိုင်း ပိုးစုန်းကြူးများဖြင့်ထိန်ထိန်လင်းနေသောလမ်းအလယ်တွင်လျှောက်လှမ်းနေရသကဲ့သို့ခံစားရ၏ ။

 

အဖိုးကြီးဟဲ ၏အိမ်အနီးတွင်ရှိသည်ဟုပြောခဲ့သောကြောင့် တည်နေရာအကြမ်းဖျည်းကိုသိပါသော်လည်း ရွာသားများ၏အိမ်တံခါးကိုခေါက်၍ ကျန်းရုံနန်၏ နေအိမ်တည်နေရာအတိအကျကိုမေးရဆဲပင် ။ အံ့သြဖွယ်ကောင်းသည်မှာရက်ပေါင်းများစွာအိမ်တံခါးပိတ်ထား၍ကိုယ်ယောင်ဖျောက်နေခဲ့ကြသောရွာသားများမှာတံခါးဖွင့်၍ကူညီရန်ဆန္ဒရှိလာကြခြင်းဖြစ်ကာ တစ်ယောက်ဆိုလျှင်သူ့အားမေးခွန်းပင်ပြန်မေးလာ၏ ။


လင်ပန့်ရှက အပြုံးလေးဖြင့်ပြန်ဖြေလိုက်သည် ။


" အဆင်ပြေသွားပါပြီ ... အခုမိုးတိတ်သွားပြီမို့လို့ခင်ဗျားတို့ထွက်လာလို့ရပါပြီ " 


အချိန်အနည်းငယ်လမ်းထပ်လျှောက်ပြီးနောက် ရွာသားများပြောသည့် ကျန်းရုံနန်နေထိုင်သောအိမ်သို့ရောက်ပြီဖြစ်သည် ။ အိမ်ထဲတွင်မီးထွန်းထား၏ ။ တံခါးခေါက်လိုက်သောအခါ ငယ်ရွယ်သောမျက်နှာပိုင်ရှင်မိန်းကလေးတစ်ဦးကတံခါးလာဖွင့်လေသည် ။

" ရှင်ပဲ ... ဘာကိစ္စရှိလို့လဲ " 


ကျန်းရုံနန်က လင်ပန့်ရှ အားစိုးရိမ်တကြီးဖြင့်ကြည့်လာ၏ ။


လင်ပန့်ရှ : " အိမ်မှာမင်းတစ်ယောက်တည်းနေတာလား "


ကျန်းရုံနန်၏ကပို၍ပင်သတိအပြည့်ဖြင့်ကြည့်လာ၏ ။


မေးခွန်း၏အဓိပ္ပာယ်မှာလမ်းကြောင်းလွဲနေကြောင်းသတိထားမိသွားသောအခါ လင်ပန့်ရှက အားနာနာဖြင့်ရှင်းပြလိုက်လေသည် ။


" အာ ...  ငါကလူဆိုးတစ်ယောက်မဟုတ်ပါဘူး မင်းနဲ့စကားပြောချင်ရုံလေးတင်ပါ  "


ကျန်းရုံနန်မှာ ပို၍ပင်မလေးမစားပြုမူလာ၏ ။


" မကောင်းတဲ့လူဆိုးတွေကအမြဲတမ်းအဲ့လိုပြောကြတာပဲလေ ..."


လင်ပန့်ရှ : "..."


" လူဆိုးတွေကအစ်ကိုတို့လောက်ကြည့်လို့ကောင်းမှာမဟုတ်ပါဘူးလေ "


လင်ပန့်ရှ ဘာဆက်လုပ်ရမည်ဝေခွဲမရဖြစ်နေသည့်အချိန်တွင် ကျန်းရုံနန်ကစကားပြောရင်းတံခါးဖွင့်ပေးလာ၏ ။ လင်ပန့်ရှ စိတ်လှုပ်ရှားသွားရလေသည် ။


" တကယ်လို့ ပိုလှတဲ့အစ်ကိုတစ်ယောက်သာကျွန်မကိုလာတွေ့တာဆိုရင် ဘာတစ်ခွန်းမှမမေးဘဲသူနဲ့ချက်ချင်းလိုက်သွားမိမှာ "


လင်ပန့်ရှ သက်ပြင်းချကာမတွေးဘဲမနေနိုင်ပါတော့ချေ ။ 


မင်းကမှအရမ်းလှတဲ့မိန်းကလေးလေ ... ခေါ်သွားပြီးရောင်းစားခံလိုက်ရမှာမကြောက်ဘူးလား ...


" ကျွန်မကိုဘာပြောချင်တာလဲ " 


ဤတစ်ကြိမ်တွင်မူ လင်ပန့်ရှ ကစကားကိုလိမ်မာပါးနပ်စွာပြောလာ၏ ။


" အရမ်းလှတဲ့ ကိုကိုကမင်းကိုတွေ့ချင်တယ်ဆိုလို့လာခေါ်တာ "


ကျန်းရုံနန်က ခဏမျှတုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင်တကယ်ကြီးသဘောတူလိုက်ကာတံခါးသော့ခတ်၍ လင်ပန့်ရှ နှင့်အတူလိုက်ရန်ပြင်လိုက်သည် ။ မိန်းမငယ်လေး၏ဂရုမထားသောအပြုအမူကြောင့် ကူကယ်ရာမဲ့စွာဖြင့် 


" ဘာလို့ဒီလောက်လွယ်လွယ်သဘောတူလိုက်တာလဲ ... ကိုကိုလှလှလေးကမင်းအပေါ်မကောင်းတာတစ်ခုခုလုပ်မှာမကြောက်ဘူးလား "


ကျန်းရုံနန်က ခဏမျှငြိမ်နေပြီးနောက် လင်ပန့်ရှ လုံးဝထင်မှတ်မထားသောစကားတစ်ခွန်းကိုပြောလာ၏ ။


" သူကအစ်ကို့အပေါ်မကောင်းတာတစ်ခုခုလုပ်လို့လား ... အစ်ကိုအဲ့လိုအလုပ်ခံရဖူးလို့လား "


လင်ပန့်ရှ : "..."


ကျန်းရုံနန်က လေးလေးနက်နက်ဖြင့်


 " ဘယ်လိုပဲဖြစ်ဖြစ် ညီမအစ်ကို့ကိုတတ်နိုင်သလောက်ကာကွယ်ပေးမယ်လေနော် "


လင်ပန့်ရှမှာ ကျန်းရုံနန်အား အံ့သြတကြီးဖြင့်စိုက်ကြည့်ကာ ဤကလေးမမှာအမှန်ပင်အခြားသူများနှင့်ကွာခြားလွန်းလှသည်ဟုတွေးမိသွား၏ ။


ပြန်လာသည့်လမ်းတစ်လျှောက်တွင် လင်ပန့်ရှ ကျန်းရုံနန်နှင့်စကားပြောလာရာ သူမကမိသားစုတွင်ငါးယောက်မြောက်သမီးမိန်းကလေးဖြစ်ကြောင်းသိလိုက်ရသည် ။ သူမအထက်တွင်အစ်မလေးယောက်ရှိသေးသော်လည်း ထိုကလေးများကသူမလောက်ကံမကောင်ခဲ့ကြချေ ။ အကြောင်းအမျိုးမျိုးကြောင့်တစ်နှစ်မပြည့်မှီမှာပင်သေဆုံးသွားကြရသည် ။ သို့သော်လည်း ကျန်းရုံနန်၏ဘဝသည်ကား ကံကောင်းသည်ဟုလည်းမဆိုနိုင်ချေ ။ ယခုသူမအသက် ဆယ့်သုံးနှစ်ရှိပြီဖြစ်ကာ နောက်နှစ်အနည်းငယ်ဆိုလျှင်သူမ၏မိသားစုကသတို့သမီးတင်တောင်းကြေးလက်ခံ၍သူမအားအိမ်ထောင်ချပေးတော့မည်ဖြစ်သည် ။ မိသားစုက သားယောကျ်ားလေးအလွန်လိုချင်လှသည်ဖြစ်သဖြင့် သူမ၏အမည်အား ကျန်ရုံနန် ဟုပေးခဲ့ကြသည် ။ သူမတွင်မောင်ငယ်လေးတစ်ယောက်လည်းရှိသေး၏ ။ သူမ၏မောင်လေးအားအဖိုးအဖွားများကအတူနေထိုင်ရန်ခေါ်ထားသောကြောင့် မောင်ငယ်လေးအားစောင့်ရှောက်ရန်အတွက်သူမပါအတူလာနေထိုင်ရခြင်းပင် ။ 


ကျန်းရုံနန်မှာ အမှန်ပင်တက်ကြွချစ်စဖွယ်ကောင်းသောကလေးမလေးတစ်ယောက်ဖြစ်ကြောင်းတွေးမိသွားသည် ။ သူမကပိန်ပါးကာအာဟာရချို့တဲ့သည့်ပုံပေါ်နေသော်လည်း တစ်မျိူးတစ်ဖုံဖြင့် လင်ပန့်ရှမှာဝမ်းကွဲဖြစ်သူအားသတိရမိသွား၏ ။


နှစ်ယောက်သားစကားတပြောပြောဖြင့်လမ်းလျှောက်လာရာ အချိန်ခဏလေးအတွင်းမှာပင်ရွာသူကြီး၏အိမ်သို့ရောက်လာပြီဖြစ်သည် ။ စုန့်ချင်းလော်က သူတို့နှစ်ဦးပြန်လာသည်ကိုတံခါးဝတွင်ထွက်စောင့်နေကြောင်း ခပ်လှမ်းလှမ်းကပင်မြင်နေရ၏ ။


စုန့်ချင်းလော် : " ပြန်လာကြပြီလား " 


လင်ပန့်ရှ : " ပြန်ရောက်ပါပြီ "


ကျန်းရုံနန် စုန့်ချင်းလော်အားတွေ့သောအခါ သူမ၏တက်ကြွရွှင်လန်းသောအမူအယာလေးပျောက်ကွယ်သွားလျှက်အနည်းငယ်ရှက်သွေးဖြာသွား၏ ။ လင်ပန့်ရှ၏ နောက်တွင်မျက်နှာလေးနီရဲလျှက်ပုန်းနေလေသည် ။


စုန့်ချင်းလော်က ကျန်းရုံနန်အားကြည့်ကာ


" ကားထဲဝင် " 


ကျန်းရုံနန်က စီတန်းရပ်ထားသည့်တောင်တက်ကားများကိုကြည့်ကာတိုးတိုးလေးပြောလာ၏ ။


 " ကျွန်မကိုဘယ်ခေါ်သွားမလို့လဲ "


စုန့်ချင်းလော်က သူမအားတည်တည်ငြိမ်ငြိမ်ဖြင့်စိုက်ကြည့်နေကာ အကြည့်များကမိန်းမငယ်လေးတစ်ဦးကိုကြည့်သောအကြည့်များနှင့်မတူပါချေ ။


" ဒီနေရာထက်ဆိုးတဲ့နေရာဆိုတာရှိပါဦးမလား "


ကျန်းရုံနန် တိတ်ဆိတ်သွားရတော့သည် ။ ယခုလေးတင်ဖြစ်တည်သောသူမ၏ရှက်သွေးဖြာနေသည့်အမူအယာမှာတဖြည်းဖြည်းလွင့်ပြယ်သွားလျှက် ဖြူဖပ်ဖြူရော်ဖြစ်လာ၏ ။ သူမ၏ခြောက်ကပ်နေသောနှုတ်ခမ်းများကိုလျှာဖြင့်သပ်လိုက်ပြီးနောက် မည်သည့်စကားမှမဆိုဘဲ ကားပေါ်သို့နာနာခံခံဖြင့်တက်သွားတော့သည် ။


လင်ပန့်ရှက အူလည်လည်ဖြင့် 


" ဘာတွေဖြစ်နေတာလဲ "


စုန့်ချင်းလော်က သက်ပြင်းချ၍


" ကားထဲအရင်ဝင် "


နှစ်ယောက်သားကားထဲဝင်ကာနောက်ခုံတွင်ထိုင်လိုက်သည့်အချိန်တွင် ဟဲဟျွိုက်အန်းကကားမောင်းသူနေရာတွင်ထိုင်နေပြီပင် ။ တဖြည်းဖြည်းဖြင့်ရွာလမ်းတစ်လျှောက်မောင်းနှင်လာကြပြီးနောက် ရွံ့ဗွက်ထူသောတောင်တက်လမ်းမှဆင်းကာ တောင်အောက်သို့ဦးတည်သွားကြတော့သည် ။




စာရေးသူမှာပြောစရာရှိပါတယ် :


လင်ပန့်ရှ : ခရီးကအပြန် ကျိလဲ့ရွှေ အတွက်အိမ်ပြန်လက်ဆောင်လေးတစ်ခုခုများယူသွားမပေးချင်ဘူးလား ?


စုန့်ချင်းလော် : မင်းဘာပြန်ယူသွားပေးချင်လို့လဲ 


လင်ပန့်ရှ : မိကျောင်းနှုတ်သီးရှည်ငါးက စျေးကြီးတဲ့ပုံပေါ်ပေမဲ့ ကြည့်ရတာအရသာရှိလားမရှိလား ကျွန်တော်သိပ်မသေချာလို့ ...


စုန့်ချင်းလော် : ငါကတော့ သားရိုင်းတိရစ္ဆာန်တွေရဲ့အသားကိုစားရမှာကိုငြင်းဆိုတယ် 


လင်ပန့်ရှ : အွန်း ! ဒါဆိုရင်လဲ တခြားတစ်ခုခုပဲပေးလိုက်တော့မယ် 


တစ်ပတ်ကြာသောအခါ၌ ထူးထူးဆန်းဆန်းအသားပုပ်လုံးကြီးတစ်လုံးကိုလက်ခံရရှိသော ကျိလဲ့ရွှေ တစ်ယောက်လည်ချောင်းကွဲမတတ်အသံကြီးဖြင့်ကြက်တစ်ကောင်ကဲ့သို့အော်ဟစ်ရတော့သည် ။



translater - mori ( 21 . 11 . 2023 ) 10 : 00 PM 





 ( TN / ဒီလိုချစ်စရာကောင်းတဲ့ ငါးလေးကိုသာအိမ်ပြန်လက်ဆောင်အဖြစ်သယ်သွားပေးမယ်ဆိုရင် ကျိလဲ့ရွှေ တစ်ယောက်အော်ချိန်တောင်မရလိုက်ဘဲ တစ်ခါတည်းလန့်သေသွားမှာနော် 🤣 )