အခန်း - ၂၇ မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၈ ) ပထမပိုင်း
Viewers 2k

.အခန်း - ၂၇

မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၈ ) ပထမပိုင်း



ပြန်လာသည့်လမ်းတစ်လျှောက်လုံး စုန့်ချင်းလော် ကားတံခါးကိုမှီလျှက်အိပ်ရင်းလိုက်လာ၏ ။ အစတွင်ကားမှန်ကိုမှီရင်းအိပ်လိုက်လာသောကြောင့် ကားမှန်နှင့်ခေါင်းခဏခဏတိုက်မိနေသဖြင့် သက်တောင့်သက်သာအိပ်စက်နိုင်ရန်လမ်းမမြင်ပါချေ ။ ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိပါဘဲ သူ့ပုခုံးပေါ်တွင်မှီ၍အိပ်မလားဟုမေးလိုက်သည် ။ စုန့်ချင်းလော်က လင်ပန့်ရှအားတစ်ချက်ကြည့်ပြီးနောက်ဘာမှမပြောဘဲ ပုခုံးပေါ်သို့သာတိုက်ရိုက်မှီလိုက်၏ ။


ယာဥ်မောင်းနေရာ၏ဘေးတွင်ထိုင်နေသောဝန်ထမ်းတစ်ဦးကနောက်ကြည့်မှန်မှတစ်ဆင့် ထိုနှစ်ဦးကြားမှအလွန်ရင်းနှီးလှသော ဆက်ဆံရေးကြောင့်မျက်လုံးများကျွတ်ကျမတတ်အံ့သြသွားရသည် ။ ခဏမျှအံ့သြတကြီးဖြင့်စိုက်ကြည့်နေမိ၏ ။ 


 လင်ပန့်ရှကမူ သတိမပြုမိဘဲ ဖုန်းထုတ်ကာဟိုဟိုဒီဒီကြည့်ရန်ပြင်လိုက်လေသည် ။ ရက်အတော်ကြာလိုင်းမမိဖြစ်နေခဲ့ပြီးနောက် ယခုမူအသုံးပြုနိုင်ပြီဖြစ်၏ ။ ကျိလဲ့ရွှေက သူ့အားအကြိမ်ပေါင်းမြောက်များစွာဖုန်းခေါ်ဆိုထားသည့်အပြင်မက်ဆေ့များလည်းပို့ထားသေးသည် ။ ကနဦးတွင်စိတ်ပူပန်စွာဖြင့် ညင်ညင်သာသာမေးမြန်းထားသော်လည်း တဖြည်းဖြည်းနှင့်ဒေါသထွက်သည့်ခံစားချက်များရောနှောလာကာ နောက်ဆုံးတွင် ငိုကြီးချက်မဖြင့်ရဲစခန်းသို့သွားတိုင်တော့မည်ဖြစ်ကြောင်းကိုပင်ဆိုလာ၏ ။


" လင်ပန့်ရှ မင်းငါ့ကိုပြန်မဖြေဘူးဆိုရင် ငါရဲသွားတ်ုင်တော့မှာနော် ... စုန့်ချင်းလော် ကမင်းကိုပြန်ပေးဆွဲသွားမှာလား ... မင်းနိုင်ငံခြားကိုရောင်းစားခံလိုက်ရတာလား ... ကျေးဇူးပြုပြီး ငါ့ဖုန်းကိုကိုင်စမ်းပါလင်ကောရာ "


ထိုကဲ့သို့တူညီသောအကြောင်းအရာတစ်ခုတည်းဖြင့် ရာချီသောစာများကိုမြင်လိုက်ရသောအခါ လင်ပန့်ရှက သူအဆင်ပြေကြောင်းပြောရန်အမြန်ပင်အသံမက်ဆေ့ပို့လိုက်သည် ။ ဤရက်ပိုင်းအတွင်းဖုန်းလိုင်းလုံးဝမမိသောကြောင့်အဆက်အသွယ်ပြန်မလုပ်နိုင်ခြင်းဖြစ်သည်ဟုလည်းအသေအချာရှင်းပြရသေး၏ ။


စုန့်ချင်းလော်က လင်ပန့်ရှ၏ ပုခုံးကိုမှီလျှက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကာ သူ့အနီးတွင်ဖြစ်ပျက်နေသောအရာများကိုသတိမထားမိချေ ။ 

 

တောင်တက်ကားသည် တောင်ပေါ်ရွာငယ်လေးမှဆင်းလာပြီးနောက် တောင်ခြေရွာတွင်မရပ်နားခဲ့ပေ ။ ထိုအစား အဝေးပြေးလမ်းမကြီးပေါ်သို့ဆက်လက်မောင်းနှင်ကာအမည်မသိတစ်နေရာသို့ဦးတည်သွားနေလေသည် ။ လင်ပန့်ရှ ကားထားတွင်ထိုင်နေရင်းဖြင့် မည်သည့်နေရာသို့သွားနေကြသည်ဖြစ်ကြောင်းအံ့အားသင့်စွာဖြင့်တွေးမိနေသော်လည်း ခဏကြာသောအခါ စုန့်ချင်းလော်နှင့်အတူအိပ်ပျော်သွားတော့၏ ။ 


သူနိုးလာသောအခါ သူ့ပုခုံးပေါ်တွင်မှီ၍အိပ်ပျော်နေသော စုန့်ချင်းလော်ကို တွေ့ရမည့်အစားသူကသာ စုန့်ချင်းလော်ကိုမှီအိပ်နေမိပြီး ခန္ဓာကိုယ်တစ်ခုလုံးကစုန့်ချင်းလော်၏လက်မောင်းထဲသို့ရောက်နေကာပွေ့ဖက်ပေးထားသည့်ပုံဖြစ်နေ၏ ။


လင်ပန့်ရှ ခဏမျှကြောင်အနေပြီးနောက်ခေါင်းမော့ကြည့်သောအခါ အလွန်တည်ငြိမ်သောနက်မှောင်သည့်အကြည့်များဖြင့် စုန့်ချင်းလော်က သူ့အားမျက်လုံးမှေးကာကြည့်နေကြောင်းတွေ့လိုက်ရသည် ။


 " နိုးလာပြီလား "


လင်ပန့်ရှ ရုတ်တရက်ကြီးရှက်လာရ၏ ။


 " နိုးပြီ "


စုန့်ချင်းလော် : " မင်းပါးစပ်ကသွားရည်တွေကိုသုတ်လိုက်ဦး ငါ့ကိုပေတော့မယ် "


လင်ပန့်ရှ : "..." 


ချက်ချင်းပင်ကိုယ်ကိုမတ်မတ်ထိုင်၍နှုတ်ခမ်းထောင့်မှသွားရည်များကိုတိတ်တဆိတ်နှင့်အလျှင်အမြန်သုတ်လိုက်လေသည် ။ ကားမောင်းနှင်းသောအရှိန်မှာတဖြည်းဖြည်းချင်းနှေးလာပြီးနောက် နောက်ဆုံးတွင်ရပ်တန့်သွားတော့သည် ။ လင်ပန့်ရှ နာရီကြည့်လိုက်သောအခါ သူတို့ကားစီးလာကြသည်မှာရှစ်နာရီကျော်ပင်ကြာခဲ့၏ ။ ခရီးလမ်းတစ်လျှောက်လုံးတစ်ခါလေးမှမနိုးခဲ့ဘဲ အိမ်တွင်အိပ်ရသည်ထက်ပို၍နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည် ။

 

ကားပြတင်းပေါက်မှတဆင့်ကြည့်လိုက်သောအခါ သူနှင့်လုံးဝမရင်းနှီးသောပတ်ဝန်းကျင်မြင်ကွင်းကိုတွေ့လိုက်ရသည် ။ သူတို့က ကားပါကင်နေရာတွင်ရှိနေကြသည်ဟုယူဆနိုင်ပြီး လေးဘက်လေးတန်တွင်နံရံများဖြင့်ကံရံထားလျှက် နံရံပေါ်တွင်ခပ်လုံးလုံးအဖြူရောင်အရာများတွဲလောင်းချထား၏ ။ လင်ပန့်ရှက အစတွင်ထိုအရာများသည်ကင်မရာများဟုထင်ခဲ့သော်လည်း စုန့်ချင်းလော်က သူ၏အတွေးများကိုထွင်းဖောက်မြင်နိုင်ဟန်ဖြင့်ပြောလာလိမ့်မည်ဟုမည်သူသိလိမ့်မည်နည်း ။ စုန့်ချင်းလော်က ပေါ့ပေါ့ပါးပါးဖြင့် 


" အဲ့တာလက်နက်တွေ "


လင်ပန့်ရှ : "..."


" ကားထဲကဆင်းကြရအောင် " 


လင်ပန့်ရှက ကားပေါ်မှခုန်ဆင်းကာ အကြောဆန့်​ပြီးနောက်ထူးထူးဆန်းဆန်းဖြစ်နေဟန်ဖြင့်ပြောလာ၏ ။


 " ဟေ့ ... ရွာသူကြီးနဲ့မုရှင်းစီတို့ကိုသယ်လာတဲ့ကားရော ... ပြီတော့ ကျန်းရုံနန် "


စုန့်ချင်းလော် : " သူတို့ကတခြားတစ်နေရာမှာ စိတ်မပူနဲ့ခဏနေရင်တွေ့ရလိမ့်မယ် ... ဗိုက်ဆာနေပြီလား "


လင်ပန့်ရှက ရိုးရိုးသားသားခေါင်းညိမ့်ပြလာလေသည် ။


" ဗိုက်ဆာနေပြီ "


စုန့်ချင်းလော်က နာရီကိုကြည့်၍


 " စောပါသေးတယ် အရင်ဆုံးငါနဲ့အတူတူတစ်ခုခုသွားစားကြတာပေါ့ " 


စုန့်ချင်းလော်က သမ်းဝေလိုက်ပြီးနောက်အနက်ရောက်သံတံခါးကို လင်ပန့်ရှအားဦးဆောင်ခေါ်လာကာထွက်ခွာလာကြသည် ။


အနက်ရောင်သံတံခါးဂိတ်၏နောက်တွင်ဆွတ်ဆွတ်ဖြူနေသောအဆောက်အအုံတစ်ခုရှိနေသည် ။ တံခါးများသည်လည်းအဖြူ နံရံများသည်လည်းအဖြူ မီးများပင်လျှင်အဖြူဖြစ်၏ ။ ခဏမျှကြည့်နေပြီးနောက် မြင်မြင်ရာအဖြူဖြစ်နေသဖြင့် လင်ပန့်ရှ တစ်ယောက်မျက်လုံးကန်းတော့မလိုပင်ခံစားနေရကာမျက်လုံးပင်ဖွင့်မကြည့်နိုင်တော့ချေ ။

 

စုန့်ချင်းလော် အားကြည့်ရသည်မှာနေသားကျနေပုံရကာ လင်ပန့်ရှအားခေါ်၍တံခါးများစွာကိုဖြတ်သန်းပြီးနောက် အဝတ်လဲခန်းဟုထင်ရသောအခန်းတစ်ခန်းထဲသို့ခေါ်လာလေသည် ။ ဗီဒိုထဲမှအနက်ရောက်အဝတ်အစားအစုံလိုက်ကိုထုတ်ယူပြီးနောက် လင်ပန့်ရှအားပေးကာ လဲဝတ်ရန်ပြောလေ၏ ။


အဝတ်လဲပြီးသောအခါ ထိုအဝတ်များအားလုံးတွင်စကြာပုံသင်္ကေတပါရှိကြောင်းတွေ့လိုက်ရသည် ။ စုန့်ချင်းလော် လည်းအဝတ်လဲလိုက်ပြီးနောက် နှစ်ဦးသားသွားချင်သည့်နေရာသို့ရောက်ရန် တံခါးငါးချပ်ကိုဆက်လက်ဖြတ်ကျော်ရသေး၏ ။ အချို့တံခါးများက ပိုးသတ်ရန်အတွက်ဖြစ်ပြီး အချို့ကမူစကန်ဖတ်ရန်နှင့်မှတ်တမ်းတင်ရန်ဖြစ်သည် ။ တံခါးတစ်ချပ်ကိုဖြတ်လိုက်သည့်အချိန်တိုင်း သူသွားနေသောနေရာမှာအလွန်အရေးကြီးလှသောကြောင့်တင်းကြပ်စွာစောင့်ကြည့်ထားရခြင်းဖြစ်သည်ဟုသာတွေးမိနေ၏ ။


ဝင်ခွင့်စာရင်းသွင်းသည့်နေရာကိုဖြတ်သန်းပြီးနောက် အဆောက်အဦအတွင်းသို့ဝင်ရောက်နိုင်ပြီဖြစ်သည် ။  သူတို့နှစ်ဦးဝတ်ဆင်ထားသောအဝတ်များနှင့်တူညီစွာဝတ်ဆင်ထားသည့်လူအများအပြားကိုလည်းတွေ့ရသည် ။ ထိုသူများအားလုံးက စုန့်ချင်းလော်အားသိနေကြပုံရကာ လူတိုင်းနီးပါးသိသိသာသာရော မသိမသာပါသူတို့နှစ်ဦးအားကွက်ကြည့်ကွက်ကြည့်လုပ်နေကြ၏ ။


စုန့်ချင်းလော်က ထိုအကြည့်များကိုလျှစ်လျှူရှုကာ စားသောက်ဆိုင်နှင့်တူသောနေရာသို့ လင်ပန့်ရှ အားခေါ်လာ၏ ။ အေးအေးဆေးဆေးဖြင့်စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်ပြီးနောက် လင်ပန့်ရှအား ကြည့်ကာဘာစားချင်သလဲဟုမေးလာ၏ ။


လင်ပန့်ရှက မီနူးကိုသာကြည့်လျှက်ဘေးပတ်ဝန်းကျင်ရှိအကြည့်များကသူ့အပေါ်သက်ရောက်မှုမရှိသကဲ့သို့အေးအေးလူလူပင် ။ စုန့်ချင်းလော်အား အဓိကအရေးအကြီးဆုံးမေးခွန်းကိုမေးလိုက်သည် ။


" ပိုက်ဆံပြန်တောင်းမှာလား "


စုန့်ချင်းလော် : " မတောင်းဘူး "


လင်ပန့်ရှ : "0.0 ဒါဆိုရင် ဝက်အူချောင်းနှစ်ချောင်းစားလို့ရမလား "


စုန့်ချင်းလော် : " ရတယ် "


သုံးမိနစ်ကြာသောအခါ သူတို့နှစ်ဦးမှာထားသောအရာများရပြီဖြစ်သည် ။ ဖေးကျိုက်ရေသန့်နှင့်ဝက်အူချောင်းများပင် ။ လင်ပန့်ရှတစ်ယောက်သူ့အကြိုက်ဝက်အူချောင်းများကိုပျော်ပျော်ရွှင်ရွှင်စတင်စားသောက်တော့သည် ။ 


လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လင်ပန့်ရမှာ အရသာမရှိလှသောဘီစကစ်များကိုသာစားသောက်နေရသဖြင့် ဤကဲ့သို့အနံ့အရသာနှင့်ပြည့်စုံလှသောဝက်အူချောင်းများကိုစားသောက်ရသောအခါ ဘီစကစ်များမှလွဲ၍ဘာမဆိုစားနိုင်သည်ဟုခံစားရပြီး မျက်ရည်များပင်ဝဲလာ၏ ။ စားသောက်၍ပြီးလုဆဲဆဲအချိန်မှာပင် စုန့်ချင်းလော်က နာရီကိုကြည့်ကာအချိန်စေ့တော့မည်ဖြစ်ကြောင်းပြော၍ လင်ပန့်ရှကိုအလုံပိတ်အခန်းတစ်ခန်းထဲသို့ခေါ်သွားလေသည် ။

 

အခန်းထဲတွင် ဆိုဖာအကြီးကြီးတစ်ခုံနှင့် နံရံပေါ်တွင်ပရိုဂျက်တာတစ်လုံးကိုချိတ်ဆွဲထား၏ ။ လင်ပန့်ရှ ဆိုဖာပေါ်တွင်ထိုင်လိုက်သောအခါအလွန်နူးညံ့လှသောပိုင်မုန့်ပေါ်တွင်တက်ထိုင်နေရသကဲ့သို့သက်တောင့်သက်သာခံစားရသဖြင့်အလွန်ပျော်ရွှင်သွားရသည် ။ စုန့်ချင်းလော်က လင်ပန့်ရှ ဘေးရှိရီမုတ်ကိုယူကာခလုတ်နှိပ်လိုက်သောအခါ သူတို့ရှေ့ရှိပရိုဂျက်တာကမြင်ကွင်းတစ်ခုကိုစတင်ပြသလာ၏ ။


ပထမဦးဆုံးစတင်ပေါ်ထွက်လာသော သူမှာကျန်းရုံနန်ပင် ။


သူမက ကုလားထိုင်ပေါ်တွင်အသက်မဲ့စွာထိုင်လျှက် ကင်မရာဖန်သားပြင်ကိုအေးစက်စက်စိုက်ကြည့်နေ၏ ။

 

အသက်မဲ့နေသော စက်ရုပ်သံကဲ့သို့အသံတစ်ခုကသူမ၏ အမည် ၊ အသက် ၊ လိင်အမျိုးအစား နှင့်အခြားလိုအပ်သောအခြေခံမေးခွန်းများကိုမေးမြန်းနေခေ၏ ။ ကျန်းရုံနန်က ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပုံမရဘဲ မေးခွန်းများကိုပြန်မဖြေချေ ။ စုန့်ချင်ူလော် ပြန်ယူလာသောထူးထူးဆန်းဆန်းကျောက်တုံးကိုမြင်သောအခါမှသာ သူမ၏အမူအယာကလှုပ်လှုပ်ရှားရှားဖြစ်လာလေသည် ။ စက်ရုပ်အသံကမေးလိုက်၏ ။


" မင်း ဒါကိုမှတ်မိလား " 


ကျန်းရုံနန်က ကျောက်တုံးကိုကြည့်ရင်း သိသိသာသာတုန်လှုပ်သွားပါသော်လည်း နောက်ဆုံးတွင်နှုတ်ခမ်းကိုခပ်တင်းတင်းကိုက်လျှက်ဖြေဆိုရန်ငြင်းဆန်လေသည် ။


အသံကဘာမှထပ်မပြောတော့ဘဲ နောက်ထပ်စကားတစ်ခွန်မပြောမှီ သုံးမိနစ်ကြာငြိမ်သက်နေခဲ့၏ ။


 " ပဏာမစမ်းသပ်မှုကိုလုပ်ဆောင်ပါတော့မယ် "


ထူးထူးဆန်းဆန်းကျောက်တုံးအား စက်ရုပ်လက်တစ်ခုကအသေအချာကိုင်၍ ထွင်းဖောက်မြင်ရသောမှန်ဖြင့်ကာရံထားသော ကျန်းရုံနန်၏ရှေ့တွင်ပြသလာလေသည် ။ 


ထွင်းဖောက်မြင်ရသောနံရံ၏တစ်ဖက်ခြမ်းတွင် ကျန်းရုံနန်ရှိနေပြီး ကျန်တစ်ဖက်ခြမ်းတွင်မူအကာအကွယ်ဝတ်စုံကိုဝတ်ဆင်ထားသောသူများရှိနေ၏ ။ ဝန်ထမ်းတစ်ဦးက စက်ရုပ်လက်ထဲမှကျောက်တုံးကိုဂရုတစိုက်ဖြင့်ကိုင်ယူလိုက်သည်အားမြင်သောအခါ ကျန်းရုံနန်မှာ အလွန်ကြောက်လန့်နေသောအမူအယာကိုပြသလာ၏ ။

 

အကာအကွယ်ဝတ်စုံကိုဝတ်ဆင်ထားသောဝန်ထမ်းကထူးထူးဆန်းဆန်းကျောက်တုံးအား တစ်စက္ကန့် ၊ နှစ်စက္ကန့် ၊ သုံးစက္ကန့် ကြာကိုင်ထားပြီးနောက် ထိုင်နေရာမှရုတ်တရက်မတ်တပ်ထရပ်လိုက်သည် ။ ထို့နောက် လက်ထဲရှိကျောက်တုံးကိုပစ်ချ၍ သူ၏လည်ပင်းအားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာအောက်ဆီဂျင်ပြတ်တောက်သွားပုံဖြင့် ကြမ်းပြင်ပေါ်သို့လဲကျသွားတော့သည် ။ ခန္ဓာကိုယ်တစ်ခုလုံးရုန်းကန်ကွေးကောက်နေပြီး ကြည့်ရုံနှင့်ပင်အလွန်အမင်းနာကျင်ခံစားနေရကြောင်းသိနိုင်၏ ။

 

သတိပေးအချက်ပြသံများပေါ်ထွက်လာပြီးနောက် စက်ရုပ်လက်နှစ်ဖက်ကထိုဝန်ထမ်းအားအခန်းထဲမှဆွဲထုတ်သွားတော့သည် ။ ကြမ်းပြင်ပေါ်တွင်ကျနေသောထူးထူးဆန်းဆန်းကျောက်တုံးထံမှ ကလစ် ဟုသောအသံများထွက်​ပေါ်နေပြီးကြားရသည်မှာသာယာနာပျော်ဖွယ်မကောင်းလှချေ ။ သေမင်းတမန်နတ်ဘုရားတစ်ပါးမှစကားပြောနေသည်နှင့်တူနေ၏ ။


အခြားသောဝန်ထမ်းတစ်ယောက်ထပ်ဝင်လာပြီးနောက် အရှေ့ကဝန်ထမ်းကဲ့သို့ငုံ့ကိုင်း၍လက်ဆန့်ကာကျောက်တုံးကိုထိကိုင်ရန်ကြိုးစားလိုက်သည် ။ သို့သော်လည်း သူကျောက်တုံးကိုထိလုဆဲဆဲအချိန်မှာပင်ခေါင်းပေါ်ရှိ စက်ရုပ်လက်မှကွဲအက်သံတစ်ခုထွက်ကာအချိန်ကိုက်ပင် ထိုသူ၏ခန္ဓာကိုယ်ပေါ်သို့တည့်တည့်ပြုတ်ကျလာ၏ ။ ထိုဝန်ထမ်းမှာလှုပ်ရှားရန်ပင်အချိန်မရလိုက်ဘဲ စက်ရုပ်လက်ပိသွားရှာတော့သည် ။ ဘေးဘက်ရှိအခြားသောစက်ရုပ်လက်နှစ်ဖက်မှာ ထိုသူလဲကျသွားသည်နှင့်အခန်းထဲမှဆွဲထုတ်သွား၏ ။


ထို့နောက် အခန်းထဲသို့ဝန်ထမ်းသုံးယောက်ဝင်လာလေသည် ။


" ရပ်လိုက် ... မထိကြနဲ့တော့ ... အကုန်သေကုန်လိမ့်မယ်  " 


ဖြစ်ပျက်နေသောအရာများအားလုံးကိုကြည့်ရှုနေရသည့် ကျန်းရုံနန်မှာ မနေနိုင်တော့သဖြင့် အလွန်ကြောက်လန့်နေသောကလေးတစ်ယောက်ကဲ့သို့စတင်အော်ဟစ်တော့သည် ။ 


" ရှင်တို့ဘာတွေလုပ်နေကြတာလဲ ... သေကုန်ကြလိမ့်မယ်  - "


အေးတိအေးစက်အသံကမေးလာ၏ ။


" ဘာလို့သေမှာလဲ "


" အဲ့ဒီအရာကစဥ်းစားတွေးတောနိုင်ပြီးသေခြင်းတရားကိုနှစ်သက်တာ နီးကပ်သွားတဲ့ သတ္တဝါတိုင်းသေရလိမ့်မယ် "


ကျန်းရုံနန် စတင်ငိုယိုလာတော့သည် ။ ဤအချိန်တွင်သာ သူမကအသက်ဆယ့်သုံးနှစ်အရွယ်နုနယ်သည့်ကလေးမလေးတစ်ဦးကဲ့သို့ကြောက်လန့်စွာအကူအညီမဲ့စွာဖြင့်ငိုယိုခြင်းဖြစ်သည် ။


 " သေခြင်းတရားကိုရှာဖွေနေတဲ့အချိန်မှသာ အဲ့ဒီအရာကအန္ဒရာယ်မပေးမှာ ”


ကြမ်းပြင်ပေါ်တွင်ငြိမ်သက်စွာလဲလျောင်းနေသောကျောက်တုံး၏ ချောမွတ်သောမျက်နှာပြင်ကညို့ယူဆွဲဆောင်နိုင်သောအလင်းတစ်မျိုးထုတ်လွှတ်နေသကဲ့သိုတည်ငြိမ်စွာတောက်ပနေ၏ ။ 


အေးတိအေးစက်အသံ : " ဆက်​ပြောပြပါဦး "


သုံးယောက်မြောက်ဝန်ထမ်းကစတင်လှုပ်ရှားလာကြီး ကျန်းရုံနန်၏သတိပေးစကားကိုလျှစ်လျှူရှုကာကျောက်တုံးကိုနောက်တစ်ကြိမ်ကောက်ကိုင်လိုက်လေသည် ။


" ခရက် "  


မြည်သံတစ်ခုနှင့်အတူ ဝန်ထမ်းရင်ဘတ်ရှိACအသက်ရှုစက်မှာမီးတောက်များထွက်လျှက်ပေါက်ကွဲသွားတော့သည် ။ ကာကွယ်ရေးဝတ်စုံများမှာအပူဒဏ်ခံနိုင်သော်လည်း ACအသက်ရှုစက်မှမီးခိုးများအဆက်မပြတ်ထွက်နေသောကြောင့် ဝတ်စုံအတွင်းပိုင်း၌ မီးခိုးအပြည့်ဖြစ်လာ၏ ။ ထို့ကြောင့်အဆုတ်ကွဲထွက်လုနီးနီးချောင်းဆိုးနေရကာ စက်ရုပ်လက်များက အခန်းထဲမှတရွတ်တိုက်ဆွဲထုတ်သွားတော့သည် ။


" ကြည့်ပါလား ကြည့်ပါလား !!" 


ကျန်းရုံနန်က ငိုယိုရင်းဖြင့် 


" ကျွန်မရှင်တို့ကိုမလိမ်ခဲ့ဘူး ... မလိမ်ဘူး " 

 

သူမကဝမ်းနည်းစွာဖြင့် ရှေ့ရှိမှန်ချပ်ကိုငိုရင်းလက်ဖြင့်ပြင်းပြင်းထန်ထန်ထုရိုက်နေသည်မှာ မြင်ရသူတိုင်းကိုသနားသွားစေ၏ ။


" ကျွန်မတကယ်မလိမ်ပါဘူး "


မှန်သားပြင်တစ်ဖက်တွင်အနက်ရောက်လိုက်ကာစတဖြည်းဖြည်းကျဆင်းလာ​ပြီးနောက် မြင်ကွင်းတစ်ခုလုံးကိုပိတ်ဆို့သွားတော့သည် ။ လက်တွေ့စမ်းသပ်မှုပြီးဆုံးသွားပြီဟုထင်မှတ်ကာ ကျန်းရုံးနန်က အနက်ရောင်လိုက်ကာစကိုသာအသိစိတ်လွတ်လျှက်ကြည့်ရှုနေ၏ ။ နှစ်ဖက်စလုံးရှိမြင်ကွင်းများကိုအသေးစိတ်မြင်နေရသော လင်ပန့်ရှ နှင့်စုန့်ချင်းလော် တို့ကမူလက်တွေ့စမ်းသပ်ချက်ကမပြီးဆုံးသေးဘဲဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းသိလေသည် ။


အေးတိအေးစက်စက်ရုပ်သံပိုင်ရှင်က စိတ်အခြေအနေပြိုလဲလုနီးနီးဖြစ်နေသောသူမအားအတွင်းဘက်ရှိမြင်ကွင်းများကိုမြင်စေလိုသောဆန္ဒမရှိပုံပင် ။

 

ကျန်းရုံနန်က ဝမ်းနည်းတကြီးဖြင့်ပို၍ပင်အသည်းအသန်ငိုကြွေးလာသည်မှာ ခုံပေါ်မှပြုတ်ကျသည်အထိပင် ။ သူမကကြမ်းပြင်ပေါ်တွင်တစ်ကိုယ်လုံးကွေးလျှက်ကျုံထားကာငိုရှိုက်နေသည်မှာ ထိခိုက်ဒဏ်ရာများဖြင့်စွန့်ပစ်ခံထားရသောအကောင်ငယ်လေးနှင့်ပင်တူနေ၏ ။


" ကျွန်မ အသက်ခြောက်နှစ်အရွယ်ကတည်းကအလုပ်လုပ်ခဲ့ရတာ အဲ့ဒီအချိန်တုန်းကအားနည်းလွန်းလို့ရေပုံးတစ်ပုံးကိုတောင်မမနိုင်ခဲ့ဘူး ... အဖွားကအမြဲတမ်းအပြစ်ပေးတဲ့အနေနဲ့ ဇလုံတစ်လုံးပေးပြီးမြစ်ထဲမှာရေသွားခပ်ခိုင်းခဲ့တယ် ... လမ်းတစ်လျှောက်လုံးရေဖိတ်ကျန်ခဲ့လို့မရဘူး မဟုတ်ရင် ညစာကျွေးတော့မှာမဟုတ်ဘူး  ”


ကျန်းရုံနန် သူမ၏မိဘများနှင့်တွေ့ရခဲသည် ။ အိမ်နီးချင်းများ၏ပြောစကားအရသူမ၏မိဘများက ကလေးမွေးသောအခါမှသာပြန်လာလေ့ရှိသည်ဟုဆို၏ ။ ထိုအချိန်က အဘယ့်ကြောင့်သူမ၏မိဘများကကလေးမွေးသောအခါမှသာပြန်လာသည်ကိုနားမလည်ခဲ့ပါချေ ။ တစ်ခါလေးမျှတွေ့ခွင့်ရရန်အတွက် သူမစောင့်ဆိုင်းပြီးရင်းစောင့်ဆိုင်းနေခဲ့ရ၏ ။


သူတို့က အိမ်နားကရှောင်ကျုံးရဲ့ မိဘတွေလိုမျိုး လက်ဆောင်တွေအများကြီးဝယ်ခဲ့လောက်မှာပါ ...


သူမအသက်ကြီးလာသောအခါဤဝေးလံခေါင်သီသောတောင်ပေါ်ရွာကလေးပေါ်မှ မြို့ကြီးသို့သူမအားခေါ်သွားကြလောက်သည် ။ ထိုအခါ သူမကလှပသောပန်းပွင့်စကတ်လေးကိုဝတ်၍အလွန်ချိုမြိန်လှသောသကြားလုံးလေးများကိုစားရလိမ့်မည် ။


ကျန်းရုံနန် အမြဲတမ်းဤကဲ့သို့သာစိတ်ကူးယဥ်နေလေ့ရှိသည် ။


သို့သော်လည်း ထိုအတွေးများကသူမအသက်ဆယ့်သုံးနှစ်တွင်မိဘများအားအမှန်တကယ်တွေ့လိုက်ရသည့်အချိန်အထိသာ ။ သူတို့နှစ်ဦးအတူပြန်လာခဲ့ကြသည် ။ အမေဖြစ်သူကကိုယ်ဝန်ကြီးနှင့်ပြန်လာခဲ့ပြီးအဖေဖြစ်သူကဘေးမှစောင့်ရှောက်ရင်းလိုက်ပါလာ၏ ။ သူတို့နှစ်ဦးအရမ်းချစ်ကြပုံပေါ်၏ ။ ကျန်းရုံနန်အားတွေ့သောအခါ အကြည့်များထဲ၌နွေးထွေးကြင်နာသောအရိပ်အယောင်များမရှိတော့ဘဲ သူစိမ်းတစ်ယောက်ကိုကြည့်နေသည်နှင့်တူကာ သူမနားမလည်နိုင်သော တစ်မျိုးတစ်ဖုံရွံရှာသည့်ခံစားချက်များလည်းရောယှက်နေသေးသည် ။ 


ဖခင်ဖြစ်သူကဝတ်ကျေတန်းကျေပြုံးလျှက် သူမကြီးပြင်းလာပြီဖြစ်ကြောင်းပြောသော်လည်း မိခင်ကမူပြုံးပြရန်မဆိုနှင့် သူမအားမကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့သတ်မှတ်ကာတိမ်းရှောင်နေတော့သည် ။ ကျန်းရုံနန်မှာ မိခင်ဖြစ်သူ၏ရွံရှာသောအကြည့်များ၏အဓိပ္ပာယ်ကိုနားမလည်ပါချေ ။

 

သူမကမကောင်းဆိုးဝါးလား ? ဘာလို့မကောင်းဆိုးဝါးဖြစ်ရတာလဲ ?


ကလေးမလေးမှာ နားမလည်နိုင်ဖြစ်နေရရှာသည် ။ အိမ်အပြင်သို့နှင်ထုတ်ခံလိုက်ရပြီးနောက် အဖွားဖြစ်သူကခြံဝန်းအတွင်းရှိရေအိုးများကိုရေအပြည့်ဖြည့်ရန်နှင့် ရေမပြည့်မချင်းအိမ်ထဲသို့ဝင်မလာရန်ပြော၏ ။

 

သူမခေါင်းလှည့်ကြည့်လိုက်သောအခါ အပြင်ဘက်တွင်းနှင်းများကျဆင်းနေပြီး တောင်တစ်တောင်လုံးပင်နှင်းများထူထပ်စွာဖုံးလွှမ်းနေ၏ ။ ဒီနှစ်တွင်အရင်နှစ်များထက်စော၍နွေဦးရောက်မည်ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိအရင်နှစ်များထက်ပိုအေးနေသည်ဟုသူမခံစားနေရလေသည် ။

  

ရာသီဥတုအခြေအနေဆိုးရွာနေခြင်းကြောင့် ရေခပ်ရာတွင်ရေခဲများမပါစေရန်အတွက်တစ်ခွက်ချင်းစီဂရုတစိုက်ခပ်ရမည်ဖြစ်သည် ။ သူမ၏သေးသွယ်ပိန်ပါးသောပုခုံးလေးပေါ်တွင်လေးလံသောထမ်းပိုးကိုတင်လျှက် ရေခပ်ရန်ထွက်လာခဲ့၏ ။ သူမစီးထားသောပိတ်ဖိနပ်ပါးမှာအလွန်စုတ်ပြတ်နေပြီဖြစ်သဖြင့်ခြေချောင်းထိပ်လေးများထွက်နေကာနှင်းများ၏စိုစိစိအအေးဓာတ်ကိုခံစားနေရသည် ။ အအေးဓာတ်ကြောင့်နှာရည်များကျနေသော သူမ၏နှာခေါင်းထိပ်ကိုနီရဲသည်အထိပွတ်လျှက် အိမ်ထဲသို့အမြန်ပြန်ဝင်ချင်သောကြောင့် ခြေလှမ်းများကိုလည်းအရှိန်တင်ကာလျှောက်လှမ်းလိုက်၏ ။

 

နောက်ဆုံး၌ အိမ်သို့ပြန်ရောက်ပြီဖြစ်ကာ ပုခုံးပေါ်မှထမ်းပိုးကိုချလိုက်သောအချိန်မှာပင်အိမ်ထဲမှကလေးငိုသံထွက်ပေါ်လာလေ၏ ။ ကလေးငိုသံများဆက်တိုက်ထွက်ပေါ်လာသောကြောင့် မွေးဖွားလာသောကလေးမှာတစ်ဦးထက်ပိုပုံရသည် ။ 


မောင်လေးတွေ ညီမလေးတွေမွေးပြီလား ?


ကျန်းရုံနန်၏ နှလုံးသားထဲမှပြောမပြတတ်လောက်သောအပျော်များတဟုန်ထိုးထွက်ပေါ်လာ၏ ။ သူမပြတင်းဘောင်နားတွင်ခြေဖျားထောက်လျှင်အထဲသို့ခိုးကြည့်ရန်ကြိုးစားနေစဥ်တွင်မမျှော်လင့်ပါဘဲ လူကြီးများ၏စကားဝိုင်းကိုကြားလိုက်ရသည် ။


" ယောက်ျားလေး ... ယောက်ျားလေးပဲ !!" 


သူမ၏ မိခင်မှာပျော်လွန်း၍ငိုသံပင်ပါနေ၏ ။


" ဘာလို့အပိုလူတစ်ယောက်ထပ်ပါနေရတာလဲ " 


အဖွားဖြစ်သူကမကျေမနပ်ဖြင့်ရေရွတ်နေ၏ ။


" အခုမှဘယ်လိုလုပ်ရတော့မှာလဲ မွေးပြီနေပြီလေ ... နောက်တစ်ကြိမ်ထပ်စွန့်ပစ်လိုက်လို့မရဘူးလား "


" မြို့ထဲကလူအိုကြီးယန်ရဲ့အိမ်မှာသမီးမိန်းကလေးမရှိဘူး ငါသူတို့ကိုမွေးစားဖို့ပေးလိုက်မယ် ... အိမ်မှာကျန်းရုံနန် တစ်ယောက်ရှိနေပြီပဲ နောက်တစ်ယောက်ထပ်မလိုဘူး " 


" မပြောစမ်းပါနဲ့ ရွံဖို့ကောင်းလိုက်တာ ... အမေကဘာလို့သူ့ကိုအဲ့လိုနာမည်မျိုးပေးထားရတာလဲ ကြားရတာစိတ်မချမ်းသာစရာကြီး "


" ဘာဖြစ်လဲ ... တကယ်လို့ငါတို့သူသူ့ကိုအဲ့လိုနာမည်မျိုးမပေးခဲ့ဘူးဆိုရင် မိသားစုထဲမှာဘယ်လိုလုပ်ပြီးတော့များ ယောက်ျားလေးမွေးလာနိုင်မှာတဲ့လဲ " 


အဖွားကြီးကဂုဏ်ယူစွာဖြင့်


" ငါအခုထိကြိုခန့်မှန်းနိုင်နေတုန်းပဲ ..."


မိခင်နှင့်အဖွားတို့ကြားမှ စကားဝိုင်းကိုနားထောင်ရင်း ကျန်းရုံနန်တစ်ကိုယ်လုံးအေးစက်လာရသည် ။ စိတ်ထဲတွင်သာမက ခန္ဓာကိုယ်တွင်လည်ပတ်နေသောသွေးများသည်ပင် တစ်လက်မချင်းစီအေးခဲလာရသည် ။ တံခါးဖွင့်သံကြားသောအခါ ထင်းပုံနောက်တွင်ပုန်းနေလိုက်ကာ အဖွားဖြစ်သူကကလေးငယ်လေးကိုအနှီးဖြင့်ပတ်၍အပြင်သို့ယူထုတ်လာသည်ကိုကြည့်နေလိုက်သည် ။ 

 

ထိုကလေးလေးမှာမွေးစားရန်အတွက်ပေးပစ်ခြင်းခံရမည့် ကျန်းရုံနန် ၏ညီမလေးပင် ။ သူမ၏အဖွားဖြစ်သူက ကလေးကိုချီလျှက်ဘယ်ဘက်သို့ထွက်သွားသောအခါ ထူးဆန်းသလိုခံစားလိုက်ရသည် ။ 


မြို့ကိုသွားတဲ့လမ်းက ညာဘက်မှာမဟုတ်ဘူးလား ? ဘယ်ဘက်မှာဘာသွားလုပ်မလို့လဲ ?


ထိုသို့တွေးလျှက် ကျန်းရုံနန်က သူမအဖွား၏နောက်မှတိတ်တဆိတ်ခိုးလိုက်သွား၏ ။

 

အဖွားကြီးက မြို့သို့မသွားဘဲ တောင်တက်လမ်းတစ်လျှောက်တက်လျှက် မြစ်ငယ်လေး၏အစဖြင်သောဂူထဲသို့ဝင်သွား၏ ။ အလင်းရောင်မရှိသဖြင့် ဂူတစ်ဂူလုံးမဲမှောင်နေသဖြင့် ကြောက်သောကြောင့်ကျန်းရုံနန် လိုက်မဝင်သွားရဲပါချေ ။ သူမ၏အဖွားထွက်လာသောအခါ လက်ထဲတွင်ဗလာဖြစ်လျှက်ကလေးပြန်မပါလာတော့ချေ ။

 

ငါ့ညီမလေးဘယ်ရောက်သွားတာလဲ ?


ကျန်းရုံနန် မတွေးတတ်တော့ပေ ။ 


အဖွားက သူ့ကိုဂူထဲမှာပစ်ထားခဲ့တာလား ? အခုကအရမ်းအေးနေတာ အေးခဲပြီးသေသွားရင်ဘယ်လိုလုပ်မလဲ ?



🐳




Translater - Mori ( 24 . 11 . 2023 ) 12 : 12 PM