အခန်း - ၂၇ မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၈ ) ဒုတိယပိုင်း
Viewers 2k

.အခန်း - ၂၇

မရဏယဇ်ပူဇော်ပွဲ ( အပိုင်း - ၈ ) ဒုတိယပိုင်း






အဖွားကြီးထွက်သွားပြီးနောက် ကျန်းရုံနန်က မီးအလင်းရောင်မပါဘဲဂူထဲသို့လိုက်ဝင်သွားလေသည် ။ ပတ်ဝန်းကျင်တစ်ခွင်လုံးတိတ်ဆိတ်ငြိမ်သက်နေပြီး သူမလှမ်းနေသောခြေလှမ်းများ၏အသံကိုသာ ကြားနေရသဖြင့် နှလုံးသားထဲတွင်တဖြည်းဖြည်းအေးစက်လာ၏ ။ ဂူအစမှအဆုံးတိုင်လျှောက်သွားသော်လည်း ကလေးငိုသံကိုမကြားရပါသေးချေ ။ သူမ၏ခြေချောင်းများကအေးစက်သောနှင်းတောထဲတွင်နစ်ဝင်နေရင်းရုတ်တရက်သဘောပေါက်သွားသည်မှာ သူမ၏ညီမငယ်လေးမရှိတော့ကြောင်းကိုပင် ။ တစ်နည်းပြောရမည်ဆိုလျှင် သူမ၏အလောင်းမှာမြစ်ငယ်လေးထဲတွင်နစ်မြုပ်သွားပြီဖြစ်သည် ။ 

 

ကျန်းရုံနန် ငိုချင်နေပါသော်လည်း ဤအချိန်တွင်မျက်ဝန်းများချောက်ကပ်နေကာမျက်ရည်တစ်စက်မျှပင်ကျဆင်းမလာပါချေ ။ ရေတိမ်ပိုင်းတွင်ဒူးထောက်ချလိုက်ပြီးနောက် ဖြည်းဖြည်းချင်းဖြင့် သူမ၏ခန္ဓာကိုယ်ကိုရေထဲတွင်နစ်မြုပ်စေလိုက်သည် ။

 

အရည်ပျော်သွားသောနှင်းရည်များမှာ သာမန်ရေများထက်များစွာပိုအေးစက်သောကြောင့် အသွေးအသားများနှင့်အရိုးထဲထိတိုင်အအေးဓာတ်ကထိုးဖောက်နေ၏ ။ ပါးစပ်ထဲသို့လည်းအေးစက်သောမြစ်ရေများကိုတုံ့ဆိုင်းခြင်းမရှိမြိုချလိုက်သည် ။အိမ်နီးချင်းများ၏ပြောစကားများအရကံမကောင်းဟုဆိုခဲ့ကြသော သူမ၏ညီအစ်မများဘယ်နေရာသို့ရောက်သွားသနည်း သူမသိချင်တော့ ၊ သူမဆယ်နှစ်ကျော်ကြာသောက်သုံးခဲ့သည့် မြစ်ရေထဲတွင်မည်ကဲ့သို့သောလျှို့ဝှက်ချက်များနစ်မြုပ်နေလိမ့်မည်ကို မသိချင်တော့ပေ ။ ဘဝတွင်ပထမဆုံးအနေဖြင့် တစ်ရွာလုံးကိုမုန်းတီးမိရုံသာမက သူမ၏အမည်ကိုပင်မုန်းတီးမိသည် ။ အဘယ့်ကြောင့်မိန်းကလေးတစ်ဦးဖြစ်နေရသနည်းဟုမေးမြန်းခဲ့သူတိုင်းကိုသူမမုန်းတီးမိပါ၏ ။


အရည်ပျော်နေသောနှင်းခဲများကြားမှ သူမရှေ့သို့တစ်ခုခုပြုတ်ကျလာသည့်အသံကိုကြားလိုက်ရသည် ။


သူမ သတိမမူမိစွာဖြင့် ထိုအရာအားထိကိုင်ရန်လက်လှမ်းလိုက်သည် ။ အလွန်ကိုအေးစက်လွန်းလှပါ၏ ။ ဆောင်းရာသီ၏အအေးဆုံးသောရေခဲတုံးတစ်တုံးကိုကိုင်လိုက်ရသကဲ့သို့ပင် ။ ဤအချိန်တွင် ဝေးကွာလွန်းလှသောတောင်တန်းများပေါ်မှခေါ်သံများနှင့်အမျိုးအမည်ဖော်မပြတတ်သောရေရွတ်သံများကသူမ၏စိတ်ထဲတွင်အပြည့်နေရာယူထား၏ ။ လူများစွာ၏အော်သံများအပြင် တိရစ္ဆာန်အသေကောင်များစွာကိုလည်းတွေ့မြင်ရကာမရေမတွက်နိုင်သောပုံရိပ်များကအမြင်အာရုံထဲသို့ထိုးဖောက်ဝင်ရောက်လာ၏ ။ အေးခဲသွားလုနီးနီးဖြစ်နေသော သူမ၏ခန္ဓာကိုယ်မှာရုတ်တရက်နွေးထွေးလာ၏ ။ သူမကခေါင်းငုံ့ကိုင်းကာ သူမထက်ထဲသို့ရောက်လာသည့်ထူးဆန်းသောအရာအားမြတ်မြတ်နိုးနိုးဖြင့်နမ်းရှိုက်လိုက်လေသည် ။


ထိုအရာကမြွေဟောက်တစ်ကောင်ကဲ့သို့ကြေးခွံများပါရှိသည့်ထူးထူးဆန်းဆန်းပုံသဏ္ဍာန်ရှိသောကျောက်တုံးတစ်တုံးပင် ။ ကျန်းရုံနန်၏ လက်ထဲတွင်အသက်မရှိသကဲ့သို့လှုပ်ရှားမှုကင်းမဲ့လျှက်ငြိမ်သက်စွာရှိနေ၏ ။ ထိုအရာက မည်သည့်အရာမှန်း ကျန်းရုံနန်မသိပါချေ ။ 

 

ထိုအရာကသူမခန္ဓာကိုယ်နှင့်ဆက်နွယ်မူတစ်ခုခုရှိနေသည်ဟုသာခံစားရသည် ။ ဤအချိန်တွင်သက်ရှိသတ္တဝါတစ်ဦးအနေဖြင့်သူမ၏ထိန်းချုပ်နိုင်စွမ်းအားလုံးလွတ်ထွက်သွားသည်ကိုသာခံစားရ၏ ။ သူမ၏ဝိညာဥ်အတွင်းဘက်မှအေးစက်မှုနှင့်မျော်လင့်ချက်မဲ့နေသောအမှောင်ထုတို့သာရှိသည် ။ ထိုအမှောင်ထုအတွင်းမှ အသံတစ်ခုက ကျန်းရုံနန်အား တောင့်တစွာဖြင့်များစွာသောစတေးမှုများကိုယူဆောင်ရန်တောင်းဆိုနေလေသည် ။ 


ကျန်းရုံနန်က လှုပ်ရှားလိုက်ပြီးနောက် ထိုအရာ၏အလိုဆန္ဒအတိုင်းမြစ်ငယ်လေးအတွင်းသို့တဖြည်းဖြည်းဆင်းသွားလိုက်သည် ။


ခန္ဓာကိုယ်တစ်ခုလုံးနစ်မြုပ်သွားပြီးနောက်ရုတ်တရက်သဘောမပေါက်သော်လည်း သူမ၏ပါးစပ်မှအလွန်ပျော်ရွှင်သောတေးသီငှက်လေးတစ်ကောင်ကဲ့သို့ သီချင်းလေးညည်းလျှက်ရေနက်ပိုင်းသို့ဝမ်းမြောက်ဝမ်းသာဆင်းသွားလေ၏ ။

 

တောင်ပေါ်မှဆင်းလာပြီးနောက် အိမ်သို့သာတန်းတန်းမတ်မတ်ပြန်လာ၏ ။ အဖွားဖြစ်သူကသူမ၏စုတ်ပြတ်သတ်ဝမ်းနည်းနေသောအမူအယာကိုမြင်သောအခါ ကျန်းရုံနန် ထင်သည့်အတိုင်းပင်ဆူဆဲရုံကလွဲ၍သေဆုံးသွားသောမြေးမလေးအတွက်ဝမ်းနည်းနေသောစိတ်ကိုမမြင်ရပါချေ ။ ကျန်းရုံနန် သည်လည်းအရင်ကကဲ့သို့ဆူဆဲခံရချိန်တွင်ဝမ်းနည်းစိတ်များမဖြစ်ပါပေ ။ ထို့အစားအဖွားဖြစ်သူအားယဥ်ယဥ်ကျေးကျေးတောင်းပန်ကာအပြုံးလေးတစ်ပွင့်ဖြင့်ပြောလေ၏ ။


" ရေစည်ကမကြာခင်ဖြည့်လို့ပြီးတော့မှာပါ တောင်ပေါ်ကမြစ်ငယ်လေးကမကြာခင်တောင်အောက်ထိရေလျှံလာလိမ့်မယ် "


ထိုနေ့နေ့လည်ခင်းမှာပင်တောင်ပေါ်တွင်မိုးစတင်ရွာသွန်းခဲ့သည် ။ ကျန်းရုံနန်က လေးလံသောထမ်းပိုးကိုထမ်း၍ပုံမှန်ကဲ့သို့ပင်မြစ်ငယ်လေးဆီမှရေကိုတစ်ခေါက်ပြီးတစ်ခေါက်သယ်နေတော့၏ ။ရေနွေးကျိုပြီးနောက် သူမ၏မိသားစုအားစိတ်ကျေနပ်အားရစွာဖြင့်ကြည့်ရင်း ကြည်လင်သောတောင်ကျရေများကိုတစ်ငုံချင်းသောက်နေတော့သည် ။ သူတို့ထိုရေများကိုသောက်နေသရွေ့ သနားစရာကောင်းစွာဖြင့်သေဆုံးသွားရသောသူမ၏ညီအစ်မများနှင့်အတူတူရှိနေနိုင်ပေလိမ့်မည် ။


ဒါမကောင်းဘူးလား ? 


ကျန်းရုံနန်၏ အတွေးထဲတွင်မူ လူတိုင်းသည်နောက်ဆုံး၌သေဆုံးရမည်ဖြစ်သဖြင့် ဤအချိန်တွင်ဖြစ်ခွင့်ပေးလိုက်သည်အားအကောင်းဆုံးဟုထင်မြင်မိလေသည် ။


ကျန်းရုံနန် သူမ၏အကြောင်းအားပြောပြပြီးသွားချိန်တွင်ငိုရှိုက်နေခြင်းလည်းရပ်တန့်သွားပြီဖြစ်သည် ။ အလွန်ပျော်ရွှင်နေသောကလေးငယ်လေးတစ်ယောက်ကဲ့သို့ချိုမြိန်သောအပြုံးလေးအားပန်ဆင်ထား၏ ။ ဤကဲ့သို့သောကြေကွဲဖွယ်မြင်ကွင်းအား လင်ပန့်ရှ ဆက်မကြည့်နိုင်ပါတော့ချေ ။ အေးစက်သောအသံတစ်ခုကချောချောမွေ့မွေ့ဖြင့်ပြောလာ၏ ။


 " မင်းပင်ပန်းနေပြီ အိပ်လိုက်တော့ "


ကျန်းရုံနန် မျက်လုံးမှိတ်လိုက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည် ။


အခြားတစ်ဖက်တွင်မူ ထူးဆန်းသည့်ကျောက်တုံးနက်အားအမျိုးအမျိုးသောပုံစံများဖြင့်စမ်းသပ်နေဆဲပင် ။

 

စုန့်ချင်းလော်က ဆိုဖာပေါ်တွင်မှီနေလျှက်မျက်စိရှေ့ရှိလက်တွေ့စမ်းသပ်မှုမြင်ကွင်းများကိုကြည့်နေရသည်အားအလွန်းပျင်းရိနေပုံရရုံသာမက စိတ်လည်းမဝင်စားပါချေ ။ လင်ပန့်ရှ အတွက်မူဤသို့သောမြင်ကွင်းမျိုးအားပထမဆုံးအကြိမ်မြင်ရခြင်းဖြစ်သည် ။ စခရင်ပေါ်တွင်ထွက်ပေါ်လာသောလူများသာတစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲသွားပြီး ထိမိသည့်သူတိုင်းမတော်တဆတစ်ခုခုဖြစ်ကြသည်ချည်းသာပင် ။


ထို့နောက် တိရစ္ဆာန်များနှင့်ဆက်လက်စမ်းသပ်သောအခါသော လင်ပန့်ရှ မှာကြည့်နေရင်းအိပ်ပျော်သွားလုနီးနီးဖြစ်နေရှာ၏ ။

 

နာရီအချို့ကြာအမျိုးမျိုးသောစမ်းသပ်ချက်များလုပ်ဆောင်ပြီးသည့်နောက်တွင် စက်ရုပ်လက်များကကျောက်တုံးကိုနောက်ထပ်ထူးထူးခြားခြားရှင်းလင်းနေသောအခန်းအသစ်ထဲသို့ယူဆောင်သွား၏ ။ ထို့နောက် အဝတ်ဗလာနှင့်အမျိုးသားတစ်ဦးအခန်းထဲသို့ဝင်လာလေသည် ။ ထိုအမျိုးသားမြင်ကွင်းအတွင်းသို့စတင်ဝင်ရောက်လာသည်နှင့် လင်ပန့်ရှမှာ စုန့်ချင်းလော်အား လှည့်ကာခိုးကြည့်မိလိုက်သည် ။ စုန့်ချင်းလော်၏ အမူအယာမပြောင်းလဲသွားကြောင်းမြင်သောအခါမှသာပြောလိုက်၏ ။


 " အဲ့တာဘာလုပ်နေတာလဲ "


စုန့်ချင်းလော် : " စမ်းသပ်နေတာလေ "


လင်ပန့်ရှ : " စမ်းသပ်နေတာဆိုရင်ဘာလို့အဝတ်အစားတွေမဝတ်ထားတာလဲ "


စုန့်ချင်းလော် : " အကာအကွယ်ဝတ်စုံဝတ်ထားတဲ့လူတွေအကုန်လုံးမတော်တဆဖြစ်ကြတယ်လေ အခုအကာအကွယ်ဝတ်ရုံကိုချွတ်ထားရင်တောင်အဆင်ပြေတယ် "


လင်ပန့်ရှ : "..." 


နောက်ဆုံး၌ စုန့်ချင်းလော်၏ ရူးကြောင်ကြောင်မှန်းဆချက်ဖြင့်တကယ်ကြီးချွေးသိပ်ခံလိုက်ရသည် ။


ထိုသူကနေသားကျနေပုံဖြင့်အခန်းအလယ်သို့တည်တည်ငြိမ်ငြိမ်ဖြင့်လျှောက်သွား၍ ငုံ့ကိုင်းရင်းကျောက်တုံးကိုထိလိုက်သည် ။ လက်တွင်မည်သည့်အကာအကွယ်ကိုမှဝတ်မထားပေ ။


ဤမြင်ကွင်းက လင်ပန့်ရှအား အလွန်ကြောက်လန့်စေကာ မမျှော်လင့်ထားသောတစ်စုံတစ်ခုဖြစ်၍ရုတ်တရက်ကြီးထိုသူသေဆုံးသွားမည်ကိုစိုးရိမ်နေမိသည် ။ သို့သော်လည်း မျှော်လင့််မထားမိသည်ကထိုသူ၏လက်ထဲတွင်ကိုင်ထားသော်လည်းထူးခြားသောအရာတစ်ခုမှမဖြစ်ပျက်ခဲ့ပေ ။


" ဟမ် ... ကျောက်တုံးရဲ့အကျိုးသက်ရောက်မှုကအသက်ဓာတ်တွေကိုစုပ်ယူတာမဟုတ်လား ?" 


လင်ပန့်ရှက စုန့်ချင်းလော်၏ ခန့်မှန်းချက်ကိုမှတ်မိနေဆဲပင် ။ ထိုအချိန်က စုန့်ချင်းလော် ၏စကားများကအဓိပ္ပာယ်ရှိသည်ဟုထင်ခဲ့သော်လည်းမျက်စိရှေ့ရှိထိုလူတွင်မည်သည့်ကိစ္စမျိုးမှဖြစ်မလာသေးချေ ။ 


" အခုလေးတင်တိရစ္ဆာန်တွေနဲ့စမ်းသပ်ခဲ့သေးတယ်မဟုတ်ဘူးလား " 


စုန့်ချင်းလော် :  " တကယ်လို့ တိုက်ရိုက်ထိလိုက်တဲအချိန်မှာသေမသွားဘူးဆိုရင် အကျိုးသက်ရောက်မှုက အသက်ဓာတ်တွေကိုစုပ်ယူတာမဟုတ်ဘူးလို့ဖော်ပြနေတာပဲလေ "


စုန့်ချင်းလော်၏ စကားကြောင့် လင်ပန့်ရှ ဝေခွဲမရဖြစ်သွား၏ ။


 " အကျိုးသက်ရောက်မှုကဘာဖြစ်နိုင်လဲ "


စုန့်ချင်းလော်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် 


" ငါလည်းမသိဘူးလေ "


လင်ပန့်ရှ : "..."


စခရင်ပေါ်တွင် အမျိုးမျိူးသောစမ်းသပ်မှုများပြုလုပ်နေပြီး ကနဦးတွင်လင်ပန့်ရှ နားမလည်သော်လည်းတဖြည်းဖြည်းဖြင့်ထူးခြားသောချိတ်ဆက်မှုအချို့ကိုသတိထားမိလာသည် ။


အကယ်၍ လူတစ်ဦးကကျောက်တုံးကိုထိလိမ့်မည်ဆိုလျှင်တောင်မှ အနီးအနားတွင်အခြားသောအရာဝတ္ထုများရှိမနေပါကအဆင်ပြေမည်ဖြစ်သော်လည်း ပတ်ဝန်းကျင်တွင်အခြားသောအရာများရှိနေမည်ဆိုပါက ထိုအရာများကလူပုဂ္ဂိုလ်အားထိခိုက်စေလိမ့်မည် ။ 

 

မသိလိုက်ဘာသာဖြင့် သူတို့နှစ်ဦးမှာ လက်တွေ့စမ်းသပ်မှုကိုတစ်ညလုံးထိုင်ကြည့်နေမိကြသည် ။ စုန့်ချင်းလော်က ဆိုဖာပေါ်တွင်မှီလျှက်အသက်ရှုနှုန်းမှန်မှန်ဖြင့်အိပ်ပျော်သွား၏ ။ လင်ပန့်ရှ ဆက်လက်ကြည့်ရှုနိုင်ရန်အတွက်အားခဲ ထားပါသော်လည်းအိပ်ချင်စိတ်ကိုဆက်လက်တောင့်ခံမထားနိုင်တော့သည့်အတွက်အေးစက်သောစက်ရုပ်အသံများကြားတွင် စုန့်ချင်းလော်နှင့်အတူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည် ။


နှစ်ဦးသားမိုးလင်းသွားသည့်အချိန်ထိတိုင်အိပ်ပျော်သွားကြ၏ ။ 


လင်ပန့်ရှအား တစ်စုံတစ်ယောက်ကလာနှိုးသဖြင့်အိပ်ချင်မူးတူးဖြင့်မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လှပသောမျက်နှာလေးအားမြင်လိုက်ရသည် ။ ထိုသူမည်သူမှန်းသဘောမပေါက်ခင်အချိန်အထိခဏမျှကြောင်အနေမိ၏ ။


 " လီစုလား " 


လီစုက သူတို့နှစ်ဦးနှင့်တူညီသောအနက်ရောင်အလုပ်ဝတ်စုံကိုပင်ဝတ်ဆင်ထားကာ လင်ပန့်ရှအား ပြုံးပြ၍ပြောလာ၏ ။


" ခဏနေရင် ထတော့မဟုတ်ရင်မနက်စာလွတ်သွားလိမ့်မယ် "


မနက်စာအကြောင်းကြားသောအခါ လင်ပန့်ရှ၏ စိတ်အခြေအနေမှာချက်ချင်းဆိုသလိုပင်ကြက်သွေးထိုးလိုက်သကဲ့သို့တက်ကြွလာ၏ ။


" ဒီမှာ မနက်စာကျွေးတာလား "



လီစုကပြောလိုက်သည် ။


 " အင်း ... စုန့်ချင်းလော်က သူအလုပ်လုပ်စရာတစ်ခုခုရှိလို့ ငါ့ကိုမင်းကိုစားဖို့လာပြောခိုင်းလိုက်တာ " 


ထို့နောက် တစ်ဖက်ကိုညွှန်ပြ၍


" ဒီထဲမှာမျက်နှာသစ်လို့ရတယ် ပြီးတော့မသုံးရသေးတဲ့အတွင်းခံအသစ်တွေရောပဲ ... မင်းရေချိုးချင်သေးလား  "


လင်ပန့်ရှ : " အွန်း "


အတော်လေးသက်တောင့်သက်သာရှိစွာအိပ်စက်ခဲ့ရသောကြောင့် အလွန်အမင်းအားပြည့်တက်​ကြွနေ၏ ။ ရေချိုးကာအဝတ်သစ်များကိုလဲလှယ်ဝတ်ဆင်ပြီးနောက် လီစုနှင့်အတူမနက်စာစားရန်ထွက်လာလိုက်သည် ။


ဤနေရာရှိကန်တင်းမှာအလွန်စုံလင်လျှက် မည်သည့်အရာမဆိုရနိုင်၏ ။ လင်ပန့်ရှက ယာဂုနှင့်ခေါက်ဆွဲအချို့ကိုမှာလိုက်ပြီးနောက် စိတ်ကျေနပ်မှုအပြည့်ဖြင့် စတင်စားသောက်တော့သည် ။ 


လီစုက ပြုံး၍သာလင်ပန့်ရှ စားသောက်နေသည်အားဘေးမှကြည့်နေ၏ ။ ဤရှုထောင့်မှဆိုလျှင် လင်ပန့်ရှက ကြင်နာတတ်သောသူဖြစ်ကာပေါင်းသင်းဆက်ဆံရန်လွယ်ကူသည်ဟုထင်ရသည် ။ချောမောသောမျက်နှာအသွင်အပြင်အစိတ်အပိုင်းများအပြင် ဆံပင်ကိုလည်းဆေးဆိုးထားပုံရသည် ။ သာမန်လူများ၏နက်မှောင်သောဆံပင်အရောင်နှင့်ကွာခြားလျှက်အနည်းငယ်အညိုရောင်သမ်းသည့်ဘက်သို့သွား၏ ။

 

သူ၏ မျက်ဝန်းထောင့်လေးများမှာအောက်သို့အနည်းငယ်နိမ့်ကျလျှက် နူးနူးညံ့ညံ့ယုန်လေးတစ်ကောင်၏မျက်ဝန်းများကဲ့သို့ပင် ။ အကယ်၍ အမြှီးကိုပြန်ကိုင်လိုသည်ဆိုလျှင်တောင် လက်တံတိုတိုလေးများကသူ့ခြေထောက်ကိုသာပြန်ထိနိုင်လိမ့်မည် ။ စိတ်ခံစားချက်တစ်စုံတစ်ရာမရှိသော စုန့်ချင်းလော် ကဲ့သို့စိတ်အတွင်းမဲနက်၍နတ်ဆိုးတစ်ကောင်ပုန်းအောင်းနေသကဲ့သို့အကျင့်ဗီဇနှင့်သူက ယုန်ကလေးကဲ့သို့ဖြူစင်သော လင်ပန့်ရှနှင့် အတူပူးကပ်နေကြသည်မှာအံ့ဖွယ်ပင် ။


လင်ပန့်ရှက လီစု သူ့အားစိုက်ကြည့်နေသည်ကိုသတိထားမိသောအခါ လက်ထဲမှပန်းကန်လုံးကိုရှေ့သို့တိုးပေး၍ပြောလိုက်သည် ။ 


 " ခင်ဗျားလည်း စားချင်လို့လား "


" မဟုတ်ဘူး ... ငါကမင်းစားတာကိုကြည့်နေရုံတင်ပါ "


လင်ပန့်ရှက ရုတ်တရက်တစ်ခုခုကိုသတိရသွားပုံရကာ ဂရုတစိုက်ဖြင့်ပြောလာ၏ ။


" ဒါစားပြီးသွားရင် ကျွန်တော့်ကိုစမ်းသပ်ခန်းထဲပစ်ထည့်ပြီးကျောက်တုံးကိုထိခိုင်းတော့မှာတော့မဟုတ်လောက်ပါဘူးနော် "


လီစု မှာရယ်ရလွန်း၍ မျက်ရည်များပင်ထွက်တော့မည် ။


" မင်းဘာတွေလျှောက်တွေးနေတာလဲကွာ ... စိတ်ချလက်ချသာစား မင်းစားပြီးသွားရင် စုန့်ချင်းလော် နဲ့တွေ့ဖို့ခေါ်သွားပေးမယ် "


လင်ပန့်ရှက အမှန်ပင်ဗိုက်မပြည့်သေးသောကြောင့်တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာမုန့်ပေါင်းများကိုဆက်စားနေလိုက်သည် ။ စုန့်ချင်းလော် ရောက်လာချိန်တွင် လင်ပန့်ရှ၏ ပါးနှစ်ဖက်လုံးတွင်အစာများအပြည့်နှင့်ဖောင်းကားလျှက်မတရားနှိပ်စက်ခံနေရသည့်ဟမ်းစတားသေးသေးတစ်ကောင်ကဲ့သို့အသွင်အပြင်ကိုတွေ့လိုက်ရသည် ။ 


စုန့်ချင်းလော် နှင့်လင်ပန့်ရှ တို့၏အခြေအနေမှာ အဆိပ်ပြင်းသောမြွေတစ်ကောင်ကဟမ်းစတားလေးအားစူးစူးစိုက်စိုက်ကြည့်နေသကဲ့သို့ပင် ။ မြွေ၏အကြည့်ကြောင့် ဟမ်းစတားလေးကကြောက်လန့်နေပါသော်လည်း ရှက်ရှက်နှင့်ပါးစပ်ထဲသို့အစာများကိုဆက်လက်သွပ်သွင်းနေရန်လည်းမမေ့ပါချေ ။


" ဟေး ... ဘာလို့ပြန်လာတာလဲ ဒီလောက်မြန်မြန်ကြီးပြီးသွားတယ်လား " 


စုန့်ချင်းလော် လာနေသည်အားမြင်သောအခါ လီစုသည်လည်း အနည်းငယ်အံ့သြသွား၏ ။ စုန့်ချင်းလော်က ခေါင်းညိမ့်၍ 


" ပြီးခါနီးနေပါပြီ "


လင်ပန့်ရှက ပါးစပ်ထဲရှိ မုန့်ပေါင်းကိုခက်ခက်ခဲခဲမြိုချပြီးနောက် အသည်းအသန်မေးလိုက်သည် ။


" စုန့်ကော ဘယ်တွေသွားနေတာလဲ "


စုန့်ချင်းလော် : " ကျန်းရုံနန်ကို သွားတွေ့တာ "


လင်ပန့်ရှ : " သူမအဆင်ပြေရဲ့လား "


စုန့်ချင်လော် : " အဆင်ပြေပါတယ် "


" ဒီလေသံကြီးကဘယ်လိုကြီးလဲ ... ဘာတွေဖြစ်ခဲ့တာမို့လို့လဲ " 


မနေ့ညက လင်ပန့်ရှ အိပ်ပျော်သွားသည်ဖြစ်သဖြင့်ဆက်လက်လုပ်ဆောင်နေသောစမ်းသပ်မှုများကိုမတွေ့ခဲ့ရချေ ။ 


စုန့်ချင်းလော်က လင်ပန့်ရှ၏ ဘေးတွင်ဝင်ထိုင်၍မုန့်များကိုဖြည်းဖြည်းချင်းစားရင်းပြောလာ၏ ။


" တကယ်တော့ငါခန့်မှန်းထားခဲ့တာနဲ့ ခပ်ဆင်ဆင်ပဲ နည်းလမ်းလေးပဲကွာသွားတာ ..."


" ဘာတွေကွာခြားသွားတာလဲ " 


" အကျိုးသက်ရောက်မှုကလွင့်ပြယ်သွားမှာမဟုတ်ဘူး "


စုန့်ချင်းလော်က ညင်ညင်သာသာဆက်ပြောလာ၏ ။


" ဒါပေမဲ့သက်ရှိတွေကအဲ့ပစ္စည်းကိုထိလိုက်မယ်ဆိုရင် မတော်တဆမှုတွေဖြစ်ပြီးသေဆုံးနိုင်ချေအရမ်းမြင့်မားသွားလိမ့်မယ် ... တကယ်လို့သာတိုက်ရိုက်ထိတွေ့ခဲ့မယ်ဆိုရင်အကျိုးသက်ရောက်မှုကိုခံရနိုင်ခြေက 100 % ပဲ "


လင်ပန့်ရှက သူထိုကျောက်တုံးကိုလက်ဖြင့်တိုက်ရိုက်ထိမိခဲ့ကြောင်းပြန်တွေးမိသောအခါ အူလည်လည်ဖြင့်မေးလိုက်သည် ။


" ကျွန်တော်ကျတော့ ဘာလို့အဆင်ပြေနေတာလဲ "


" မင်းအဆင်ပြေနေတာမဟုတ်ဘူး အကျိုးသက်ရောက်မှုစတင်ဖို့လုံလောက်တဲ့စွမ်းအင်မရှိသေးလို့ရပ်တန့်နေတာ နှစ်မိနစ်ကနေသုံးမိနစ်အတွင်း ဒါမှမဟုတ်ရင်ထိတွေ့မိတဲ့သူအပေါ်မူတည်ပြီးကွာခြားသွားလိမ့်မယ် ပြီးတော့တိကျတဲ့အသုံးဝင်ပုံတွေကိုအခုထိရှာဖွေနေတုန်းပဲ အဲ့ဒီအချိန်တုန်းကဆိုရင်မင်းဒီတိုင်းရပ်နေပြီးလှုပ်တောင်လှုပ်ခဲ့တာမဟုတ်ဘူးလေ ... ဒါပေမဲ့လည်း ရုတ်တရက်ကြီးမိကျောင်းငါး​ပေါ်လာတာပဲမဟုတ်ဘူးလား  အဲ့ဒီလိုငါးအမျိုးအစားကအပူပိုင်းဒေသကငါးမျိုးစိတ်ထူးခြားတဲ့အခြေအနေကြောင့်သာမဟုတ်ရင် တောင်ပေါ်ကဂူလေးထဲမှာပေါ်လာစရာအကြောင်းကိုမရှိတာ "


လင်ပန့်ရှ ကသက်ပြင်းချလိုက်ပြီးနောက် တောင်ပေါ်တွင်ရှိခဲ့ကြစဥ်ကအဖြစ်အပျက်များကိုပြန်တွေးကာပြောလိုက်သည် ။


 " အဲ့တာကပြဿနာပဲဖြစ်ရမယ် !"


" အဲ့ဒီအရာရဲ့အကျိုးသက်ရောက်မှုက ရေထဲမှာစွမ်းအားအကြီးဆုံးပဲ ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေအပေါ်လွှမ်းမိုးနိုင်တယ်ဆိုပေမဲ့ ရေထဲမှာလောက်တော့စွမ်းအားကြီးမှာမဟုတ်ဘူး "


" ဘယ်လိုအကျိုးသက်ရောက်မှုမျိုးလဲ " 


" တကယ်လို့မင်းကမတော်တဆမှုတစ်​ခုကြောင့်သေဆုံးဖို့အချိန်နီးကပ်နေပြီဆိုရင်တောင်မှ အဲ့ဒီအရာအတွက်လူသတ်ပေးနေသရွေ့မင်းအသက်ဆက်ရှင်နေလိမ့်မယ် " 


စုန့်ချင်းလော်က ကျန်ရှိနေသောမုန့်ပေါင်းကိုတစ်ကိုက်တည်းအပြတ်ဖျက်လိုက်ပြီးနောက် လက်ချောင်းများကို တစ်ရှုးဖြင့်သုတ်လိုက်သည် ။

 

လင်ပန့်ရှ အံ့သြသွားရသည် ။ ထိုကဲ့သို့သောအကျိုးသက်ရောက်မှုမျိုးရှိနေလိမ့်မည်ဟုသူမထင်မိခဲ့ပါချေ   ။ ရွာသူကြီး၏ လုပ်ရပ်များကိုသိခဲ့သော်လည်း ထိုကဲ့သို့ထူးခြားသောပတ်ဝန်းကျင်တွင်ရှင်သန်နေထိုင်ခဲ့ရသဖြင့်ရူးသွပ်သွားခြင်းဖြစ်သည်ဟုထင်ခဲ့သော်လည်း ယခုလိုအကြောင်းပြချက်အတွက်လုပ်ခြင်းဖြစ်သည်ဟုမတွေးမိခဲ့ပေ ။

 

အမှန်တကယ်ပင် လုပ်ရပ်အားလုံး၏နောက်ကွယ်တွင်ထူးခြားသောအကြောင်းတရားများရှိနေသည်ချည်းသာ ။ မုရှင်းစီ သတိရနေပြီးဖြစ်ကြောင်းကိုလည်း စုန့်ချင်းလော်က ပြော၏ ။ ဆရာဝန်များ၏ဆေးစစ်ချက်အရသူမ၏သွေးထဲတွင် အကြောဆိုင်းစေသောအဆိပ်အတောက်တစ်မျိုးကိုတွေ့ခဲ့ရပြီး ကြက်စွပ်ပြုတ်ထဲတွင်တွေ့ခဲ့သည့်အဆိပ်နှင့်တူညီနေ၏ ။


အခြားတစ်နည်းဖြင့်ပြောရမည်ဆိုလျှက် ရွာသူကြီးကြက်စွပ်ပြုတ်ထဲတွင်ထည့်ချက်ခဲ့သောတောင်ပေါ်မှိုများမှာအဆိပ်ရှိ၏ ။ သူ၏ဝန်ခံချက်နှင့်ကျန်းရုံနန်၏ စကားများကိုနှိုင်းယှဥ်ကြည့်လိုက်သောအခါ နောက်ဆုံးကောက်ချက်ချနိုင်သည့်အဆုံးသတ်ဆုံးဖြတ်ချက်သည်ကား ထိုကျောက်တုံး၏အကျိုးသက်ရောက်မှုကြောင့် ရွာသူကြီကမှိုအမျိုးအစားနှစ်မျိူးကိုမှားယွင်းစားသောက်မိကာသေဆုံးလုနီးနီးဖြစ်ခဲ့ရသည်ဟူ၍ပင် ။

 

ပုံသဏ္ဍာန်တူညီသောမှိုများကြောင့် ပထမဆုံးသူတစ်ဦးသေဆုံးခဲ့ရခြင်းဖြစ်သည် ။ ရွာသူကြီးထိုအကြောင်းကိုသတိထားမိသွားချိန်၌ လူတစ်ဦးကိုသတ်မိသွားပြီဖြစ်ကာ သူ၏စိတ်အခြေအနေမှာပိုပို၍ဆိုးရွားလာလေသည် ။

 

မတော်တဆ ကျောက်တုံး၏အကျိုးသက်ရောက်မှုကိုလည်းရှာတွေ့သွား၏ ။ မတော်တဆမှုများကိုနောက်ကွယ်မှဖန်တီးနေသူဖြစ်နေသရွေ့ ကျောက်တုံး၏အကျိုးသက်ရောက်မှုမှာတူညီတော့မည်မဟုတ်ကြောင်းကိုပင် ။ အမှန်ပင်ရွာသူကြီး၏မသိစိတ်ထဲတွင်တောင်စောင့်နတ်ကိုအပြစ်ပြုမိသောကြောင့် ဤကဲ့သို့သောသေဆုံးမှုများဖြင့်အပြစ်ပေးခြင်းဖြစ်သည်ဟုသာမှတ်ယူထား၏ ။


လင်ပန့်ရှက ခဏမျှတိတ်ဆိတ်ကာစဥ်းစားနေပြီးနောက် မေးခွန်းများဆက်တိုက်မေးလာ၏ ။


 " ကျန်းရုံနန်ရော ... သူနဲ့ကျောက်တုံးနဲ့ကဘယ်လိုပက်သက်တာလဲ  "


စုန့်ချင်းလော်က လင်ပန့်ရှအား ကြည့်ကာနူးနူးညံ့ညံ့လေသံဖြင့်ပြောလာလေသည် ။ 


" သူမကကျောက်တုံးရဲ့တွဲဖက်ဖြစ်လိမ့်မယ် လက်ခံကောင်လို့လဲခေါ်နိုင်သေးတယ်လေ "


လင်ပန့်ရှ : "..."


' တွဲဖက် ' ဟူသောစကားလုံးမှာသူနှင့်မစိမ်းသက်ပါသော်လည်း စုန့်ချင်းလော်၏ အမူအယာကိုကြည့်လိုက်သောအခါ ထိုစကားလုံးကိုကောင်းသောအဓိပ္ပာယ်နှင့်ပြောခြင်းမဟုတ်မှန်း လင်ပန့်ရှ သဘောပေါက်သွားသည် ။


" အဲ့တာဘာဖြစ်လို့လဲ " 


လင်ပန့်ရှ ကတုံ့ဆိုင်းတုံ့ဆိုင်းဖြင့် 


 " အဲ့တာကတစ်ခုခုမို့လို့လား ... ကောင်းတာလားဟင် "


စုန့်ချင်းလော်က လင်ပန့်ရှ အားတစ်ချက်ကြည့်၍ပြောလိုက်သည် ။ 


 " တချို့လူတွေကမသန့်ရှင်းတဲ့အရာ​တွေရဲ့ လွှမ်းမိုးမှုကိုခံရရင် လူ့ခန္ဓာကိုယ်မှာတစ်ခုခုပြောင်းလဲသွားတတ်ကြတယ် ကောင်းတာဒါမှမဟုတ်ဆိုးတာတစ်ခုခုပေါ့ ... တချို့တွေကျတော့လည်း လုံးလုံးလျားလျားလွှမ်းမိုးမှုခံရပြီးအဲ့ဒီအရာတွေရဲ့ကျွန်ဖြစ်သွားကြတယ် "


လင်ပန့်ရှက စုန့်ချင်းလော်၏ စကားများကိုနားလည်သင့်သလောက်နားလည်၏ ။


" ကျန်းရုံနန် ဘယ်လိုဖြစ်သွားမှာလဲ ... သူမကိုဘယ်လိုလုပ်မှာလဲ "


လင်ပန့်ရှ ၏အလွန်စိုးရိမ်နေသောလေသံကိုနားထောင်ပြီးနောက် လီစုကရယ်မောရင်း ပုခုံးကိုလက်ဖြင့်ပုတ်ကာ 


" အဲ့လောက်ထိလည်းစိတ်ပူမနေပါနဲ့ ငါတို့ကတရားဝင်တဲ့အစိုးရအဖွဲ့အစည်းပါကွ ဥပဒေနဲ့မညီညွတ်တဲ့အလုပ်ဆိုဘာမှမလုပ်ဘူး  သူမကိုဘယ်လိုဖြေရှင်းမယ်ဆိုတာပြောလို့မရသေးဘူး အရင်ဆုံးစောင့်ကြည့်ပြီး သူမရဲ့အခြေအနေအသေးစိတ်နဲ့ လွှမ်းမိုးခံရတဲ့စိတ်အခြေအနေကိုသုံးသပ်ရမယ် ... သေချာတာတစ်ခုကတော့ ရွာမှာနေတာထက်စာရင်ဒီမှာငါတို့နဲ့အတူတူရှိနေတာက ပိုလုံခြုံတယ် "


လင်ပန့်ရှ ကနှုတ်ခမ်းကိုက်လိုက်ပြီးနောက် ဘာမှဆက်မပြောပါတော့ချေ ။ ထိုသည်ကိုမြင်သောအခါ လီစုက 


" ဘာလဲ ... ငါတို့ကိုမယုံဘူးလား "


" မနေ့ကစမ်းသပ်မှုလုပ်ခဲ့တဲ့လူတွေရောဘာဖြစ်သွားလဲ " 


လင်ပန့်ရှ ထိုသူများကိုမမေ့ပေ ။


" ဘယ်နှယောက်သေသွားလဲ "


" အိုး ... မင်းကအဲ့တာကြောင့်စိုးရိမ်နေတာပေါ့"


 လီစုကလက်ဆန့်၍


" စိတ်မပူပါနဲ့ အထဲမဝင်ခင်ကတည်းကသူတို့ကြိုတင်ပြီးသားပါ ငါတို့မှာလုံခြုံမှုကိုအာမခံဖို့အထူးနည်းလမ်းတွေရှိတယ်လေ မဟုတ်ရင် ဘယ်လိုလုပ်ပြီးဒီလောက်များတဲ့ဝန်ထမ်းတွေရှိနေပါ့မလဲ "


လင်ပန့်ရှ လည်းထိုသို့တွေးမိပါ၏ ။


နောက်ဆုံး၌ဤထူးဆန်းထွေလာကိစ္စရပ်ကြီးအဆုံးသတ်တော့မည်ပင် ။ ရက်သတ္တပတ်အနည်းငယ်ကြာသောအခါ ထူးဆန်းသောကျောက်တုံးနှင့်ထိုကိစ္စတစ်ခုလုံးကိုအသေးစိတ်မှတ်တမ်းတင်ထားသောအစီရင်ခံစာတစ်ခုကို စုန့်ချင်းလော် ထံမှရရှိလေသည် ။ 


အစီရင်ခံစာ၏နောက်ဆုံးစာပိုဒ်တွင်ရွာသူကြီးနှင့်ပက်သက်၍ပြောပြထာ၏ ။ ခြောက်ဦးခုနှစ်ဦးခန့်ရှိသောလူများကိုသတ်ခဲ့သဖြင့် တစ်သက်တစ်ကျွန်းထောင်ဒဏ်ကျရန်သေချာသလောက်ရှိကာ အာမခံနှင့်ရက်ချုပ်များကိုလည်းခံစားခွင့်ရှိမည်မဟုတ်ချေ ။ တိုလီမိုလီအကြောင်းအရာများစွာရှိသော်လည်း ကျန်းရုံနန်၏ အကြောင်းကိုမူထည့်သွင်းရေးသားထားခြင်းမရှိပေ ။


လင်ပန့်ရှ ထိုပိန်ပါးသောကလေးမလေးကိုမေ့မရခဲ့ပါချေ ။ ထိုကလေးမအားမြင်သည်နှင့် ဝမ်းကွဲဖြစ်သူအားအမြဲတမ်းသတိရနေမိ၏ ။


ကျောက်တုံးကပြဿနာများစွာကိုဖြစ်ပွားစေသော်လည်း အပြီးသတ်ချိတ်ပိတ်၍မရနိုင်ချေ ။ စမ်းသပ်မှုများစွာပြုလုပ်ပြီးသည့်နောက် နောက်ဆုံးဖြတ်ချက်မှာ ကျောက်တုံးကိုအပြီးသတ်ချိတ်ပိတ်၍မဖြစ်နိုင်ဟူ၍သာ ။ 

 

လက်ရှိအခြေအနေအရ ထိုကျောက်တုံး၏အကျိုးသက်ရောက်မှုကိုတားဆီးရန် လုံလောက်သောစွမ်းအင်ရှိသည့်ပစ္စည်းမျိုးကိုရှာမတွေ့သေးခြင်းကလည်းတစ်စိတ်တစ်ပိုင်းပါဝင်သည် ။ ထို့ကြောင့် အချိန်အပိုင်းအခြားဖြင့်ထိန်းသိမ်းထားပြီးနောက် အကျိုးသက်ရောက်မှုကိုလေ့လာမည့်အချိန်မှသာလျှင်အပြင်သို့ထုတ်ကာဆက်လက်လေ့လာကြမည်ဖြစ်၏ ။


လင်ပန့်ရှက သူ၏အိမ်နံပါတ်အကြောင်းတွေးလိုက်ပြီးနောက် သူ့အိမ်နံပါတ်တွင်လည်း ထူးဆန်းသောကျောက်တုံးနှင့်အလားတူအကျိုးသက်ရောက်မှုမျိုးရှိကြောင်းတွေ့မိသွားသည် ။ သူပြောင်းရွေ့သွားသည့်အချိန်ကတည်းက ထိုအိမ်နံပါတ်ကလူများကိုမခြောက်လှန့်နိုင်တော့ခြင်းပင် ။ အသေအချာစဥ်းစားကြည့်မည်ဆိုပါက အမှန်ပင်အနည်းငယ်ရှက်စရာကောင်းလှသည် ။

 

ထိုနေရာတွင်ရက်အနည်းငယ်အနားယူကြပြီးနောက် စုန့်ချင်းလော်က အနားရှိကမ်းရိုးတန်းမြို့လေးသို့အနားယူရန်ထပ်မံခေါ်ဆောင်သွား၏ ။


လင်ပန့်ရှက ခဏမျှမှင်သက်သွားသော်လည်း အချိန်ခဏကြာသောအခါ ကျိလဲ့ရွှေ အတွက်အိမ်ပြန်လက်ဆောင်အဖြစ်ပင်လယ်စာအများအပြားကိုပြန်သယ်သွားတော့သည် ။ ခရီးသွားရသည်ကိုအလွန်ကြိုက်နှစ်သက်သောကြောင့်ပျော်ရွှင်ရပါသော်လည်း သူ့အားလိပ်ပြာလွင့်မတတ်ပိုမိုပျော်ရွှင်စေသောအရာမှာအိမ်အပြန်ဘဏ်ကဒ်ထဲတွင်ပိုတိုး၍ပါလာသောထောင်ပေါင်းများစွာသောဒေါ်လာများပင် ။ သူ့ဘဝတွင်ဤမျှများပြားသောငွေကြေးပမာဏကိုတစ်လုံးတစ်ခဲတည်းတစ်ခါမျှမရခဲ့ဖူးပေ ။ ATM စက်ရှေ့တွင်မတ်တပ်ရပ်လျှက် ဘဏ်ကဒ်ထဲရှိလက်ကျန်ငွေပမာဏကိုစိတ်မကျေမနပ်ချင်းစစ်ဆေးကြည့်ရှုနေမိသည် ။


သူအိမ်ပြန်သွားသည့်နေ့မှာ စနေနေ့ဖြစ်သဖြင့် ကျိလဲ့ရွှေသည်လည်းအလုပ်နားကာအိမ်တွင်ရှိနေလိမ့်မည်ဖြစ်သည် ။ အမြန်ရထားပေါ်မှဆင်းပြီးနောက် လင်ပန့်ရှက အိမ်တွင်ရှိနေသော ကျိလဲ့ရွှေကိုသာတိုက်ရိုက်ဖုန်းခေါ်လိုက်သည် ။


" ငါမကြာခင် အိမ်ပြန်ရောက်တော့မှာ မင်းအခုဘာလုပ်နေတာလဲ "


" ငါစုန့်ကောရဲ့အိမ်မှာ TV ကြည့်နေတာလေ ... မင်းဘယ်အချိန်ပြန်ရောက်မှာလဲ "


လင်ပန့်ရှ : " ငါအခုလေးတင်အမြန်ရထားပေါ်ကဆင်းလာတာ အိမ်ပြန်မရောက်ခင်နာရီနည်းနည်းတော့ကြာဦးမယ်ထင်တယ်"


ကျိလဲ့ရွှေ : " မင်းတစ်ခုခုစားပြီးပြီလား ... ပြန်ရောက်ရင်အတူတူဟော့ပေါ့သွားစားကြမယ်လေ "


လင်ပန့်ရှ : " အိုကေတယ်လေ ... ဒီရက်တွေအတွင်းအိမ်မှာနေရတာအဆင်ပြေရဲ့လား"


" အဆင်ပြေပါတယ် " 


ကျိလဲ့ရွှေက ပြုံး၍


" မင်းတစ်ယောက်တည်းပြန်လာမှာလား "


ကျိလဲ့ရွှေ၏ စကားများကိုကြားသောအခါ လင်ပန့်ရှ ခဏမျှအံ့သြသွားရသည် ။


သူနဲ့အတူတူတစ်ယောက်ယောက်များရှိနေတာလား ... ကျိလဲ့ရွှေ ကောင်မလေးအသစ်များရနေတာလား ...


သို့သော်လည်း သူမမေးနိုင်ခင်မှာပင် ကျိလဲ့ရွှေက ဖုန်းချသွားပြီဖြစ်သည် ။


စုန့်ချင်းလော်က လင်ပန့်ရှ၏ မျက်နှာထားကိုမြင်သောအခါ တစ်ခုခုမှားနေသည်ထင်၍မေးလာ၏ ။


" အဆင်ပြေပါတယ် ... ကျွန်တော်အတွေးလွန်သွားတာနေမှာပါ " 


လင်ပန့်ရှ ကပြုံး၍


" အရင်ပြန်ကြရအောင် "


ပိုက်ဆံအများကြီးရှာထားနိုင်ပါသော်လည်း လင်ပန့်ရှ ကတက္ကစီငှားရန်ကတ်စေးကုပ်နေသောကြောင့် စုန့်ချင်းလော်ပါ သူနှင့်အတူဘက်စ်ကားစီးရရှာတော့သည် ။ တစ်နာရီခွဲကြာသောအခါအိမ်သို့ပြန်ရောက်လာကြ၏ ။


လင်ပန့်ရှက ခရီးဆောင်အိတ်အားသူ့တိုက်ခန်းတွင်အရင်ဝင်ထားပြီးနောက် မျက်နှာချင်းဆိုင်ရှိ စုန့်ချင်းလော်၏ တိုက်ခန်းတံခါးကိုသွားခေါက်လိုက်သည် ။ 


ခဏကြာသောအခါ ကျိလဲ့ရွှေတံခါးလာဖွင့်ပြီး တောက်တောက်ပပပြုံးကာမေးလာ၏ ။


 " ပန့်ရှ ပြန်လာပြီလား ... ခရီးကဘယ်လိုနေလဲ "


လင်ပန့်ရှ : " အတော်လေး ကောင်းပါတယ် ... မင်းရော "


" ငါလည်းအဆင်ပြေတယ် "


ကျိလဲ့ရွှေကပြုံး၍


" လာလေခဏလောက်စကားပြောကြရအောင် " 


ထိုသို့ပြောပြီးနောက် တိုက်ခန်းထဲသို့ပြန်လှည့်ဝင်သွားတော့သည် ။ 

 

လင်ပန့်ရှလည်း တိုက်ခန်းထဲသို့လိုက်ဝင်ရန်ပြင်လိုက်သော်လည်း သူ၏အာရုံအားတစ်စုံတစ်ခုကဖမ်းစားသွား၏ ။ အမြင်မှားသည်ဟုထင်မိသောကြောင့် မျက်လုံးကိုပွတ်၍နောက်တစ်ဖန်ပြန်ကြည့်လိုက်သောအခါ သူအမြင်မှားခြင်းမဟုတ်ကြောင်းသေချာသွားရသည် ။ ကျိလဲ့ရွှေ၏ နောက်တွင်အရိုးခေါင်းဖြူဖြူတစ်ခုထွက်ပေါ်နေ၏ ။ ထိုအရိုးခေါင်းက ကလေးတစ်ဦး၏အရိုးခေါင်းဖြစ်ပုံရကာကျိလဲ့ရွှေ၏ နောက်ကျောတွင် ကလေးတစ်ဦးကိုကုန်းပိုးထားသည့်ပုံသဏ္ဍာန်ဖြင့် သဘာဝကျကျကပ်တွယ်နေ၏ ။



စာရေးသူမှာပြောစရာရှိပါတယ် :


လင်ပန့်ရှ : ကျိလဲ့ရွှေ ! ငါ့​ကောင်မင်းမှာထူးခြားတဲ့လိင်စိတ်ဆန္ဒခံစားချက်တွေရှိနေတာပဲကွ 



ဘာသာပြန်သူမှာပြောစရာရှိပါတယ် : 


မိုရီ : မနက်၇နာရီထိုးကတည်းကသင်တန်းတက်ဖို့အိမ်ကထွက်ရပြီး ညနေစောင်းမှပြန်ရတာမို့ ဘာသာပြန်တာကိုညမှလုပ်ရတာပါ စာပြန်စစ်တာဘာညာနဲ့ဆို ၁၁ကျော်လောက်မှပြီးတာဆိုတော့ ဘာသာပြန်နေရင်းခွေးအူတဲ့အချိန်ဆို mood ကစပယ်ရှယ်ကိုကြောက်စရာကောင်းတာရယ် TwT အမှန်အတိုင်းပြောရရင် စာစစ်ပြီး၁၂ကျော်တဲ့အချိန်ကျ သေးတောင်ထမပေါက်ရဲတော့ဘူး ... ဝူးဝူးဝူး


🐳❤️



Translater - Mori ( 24 . 11 . 2023 ) 11 : 50 PM