အခန်း - ၂၈ ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၁ ) ပထမပိုင်း
Viewers 2k

.အခန်း - ၂၈

ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၁ ) ပထမပိုင်း



ကြည့်ရင်းကြည့်ရင်းဖြင့်အခြေအနေကြီးမှာထူးဆန်းရုံသာမကကြောက်စရာလည်းကောင်းလာ၏ ။ ကျိလဲ့ရွှေကသူ့အားစနောက်နေသည်ဟုထင်မှတ်ကာ လင်ပန့်ရှ အံ့သြနေခဲ့သော်လည်း သေသေချာချာကြည့်ရှုပြီးသည့်နောက် ကျိလဲ့ရွှေ နောက်နေခြင်းမဟုတ်ကြောင်း သတိထားမိသွားသည် ။ ထို့ကြောင့် ခဏမျှတုံ့ဆိုင်းနေပြီးနောက် ဂရုတစိုက်ဖြင့်တွေးလိုက်သည် ။


" လဲ့ရွှေ မင်းကျောပေါ်ကဘာကြီးလဲ "


ကျိလဲ့ရွှေ : " ဟမ် ! ဘာကြီး "


လင်ပန့်ရှ : " မင်းကျောကုန်းပေါ်ကဟာလေကွာ ..."


" အိုး ... မင်း ရှောင်ကူကိုပြောတာလား " 


( TN / 小骨头 တွယ်ကပ်နေတဲ့အရာက ကလေးတစ်ယောက်ရဲ့အရိုးစုနဲ့တူတော့ ကျိလဲ့ရွှေက အရိုးလေး လို့ခေါ်တာပါ )


လင်ပန့်ရှ​ ပြောသည့်အရာကို ကျိလဲ့ရွှေ သိသည်မှာသေချာ၏ ။ သူကပြုံးကာ ကျောပေါ်ရှိအရိုးစုလေးကိုယူလိုက်ပြီးနောက် အရိုးခေါင်း၏ချိုင့်ဝင်နေသောပါးပြင်နေရာလေးကိုညင်ညင်သာသာထိတွေ့လိုက်သည် ။ သူ၏အပြုအမူများမှာ ထင်မထားလောက်အောင်ပင်နူးညံ့နေ၏ ။


" မင်းသွားတဲ့ရက်တွေအတွင်းသူပဲငါ့ကိုအဖော်ပြုနေပေးခဲ့တာလေ "


လင်ပန့်ရှ၏ မျက်နှာထားမှာပို၍ပင်ထူးဆန်းသွားရသည် ။ လက်လှမ်းကာ ကျိလဲ့ရွှေ၏ နဖူးကိုစမ်း၍ဖျားနေခြင်းမဟုတ်ကြောင်းသေချာအောင်လုပ်လိုက်သည် ။


" မင်းတစ်ကယ် ... အဆင်ပြေရဲ့လား ?"


ကျိလဲ့ရွှေက စိတ်ဆိုးစွာဖြင့် 


" မင်းအရမ်းအံ့သြသွားတာက ခရီးသွားနေတဲ့အချိန်တွေမှာ ရှောင်ကူကိုမေ့သွားတာမလား ... သူငါတို့နဲ့အတူတူနေလာတာအရမ်းကြာနေပြီလေကွာ"


လင်ပန့်ရှ : "..." 


အိုကေ ... ကျိလဲ့ရွှေ နဲ့ပက်သက်ပြီးတစ်ခုခုကတော့သေချာပေါက်မှားနေပြီ ။


လင်ပန့်ရှ ကဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်ကာ စုန့်ချင်းလော်ကိုသာသွားရှာတော့သည် ။ 


စုန့်ချင်းလော်က ခရီးဆောင်အိတ်များကိုဖွင့်နေဆဲဖြစ်ကာ လင်ပန့်ရှက အလွန်လေးနက်သောမျက်နှာထားဖြင့်အခန်းထဲဝင်လာရင်းပြောလိုက်သည် ။


" စုန့်ချင်းလော် ငါတို့ရဲ့ကျိလဲ့ရွှေ တစ်ခုခုဖြစ်နေသလိုပဲ "


( TN / အယ် ဒီနားလေးကတစ်မျိူးလေးနော် )


စုန့်ချင်းလော်က နောက်ပင်လှည့်ကြည့်မလာချေ ။ 


 " ဘာဖြစ်လို့လဲ "


လင်ပန့်ရှ : " သူကျောကုန်းပေါ်မှာအရိုးစုကြီးကိုတင်ပြီးလျှောက်သွားနေတာ သူတို့ကသူငယ်ချင်းကောင်းတွေလို့လဲပြောသေးတယ် ..."


စုန့်ချင်းလော်၏ လှုပ်ရှားမှုများရပ်တန့်သွား၏ ။ လင်ပန့်ရှကမူ သတိမထားမိဘဲဆက်ပြောလေသည် ။


" အဲ့ဒီအရိုးစုကိုသိလာတာအရမ်းကြာပြီလို့လဲပြောသေးတယ် ... ဒါကြီးကတကယ်အဆင်ပြေပါ့မလား "


စုန်ချင်းလော်က လင်ပန့်ရှ ကိုတည့်တည့်စိုက်ကြည့်ကာပြောလာ၏ ။


 " ကြားရသလောက်တော့ ဘာမှမဖြစ်တဲ့ပုံပါဘဲ တစ်ချက်လောက်သွားကြည့်ကြရအောင် "


လင်ပန့်ရှ ခေါင်းညိမ့်လိုက်ပြီးနောက် စုန့်ချင်းလော် နှင့်အတူ ကျိလဲ့ရွှေ ဆီသို့ထွက်လာလိုက်သည် ။ 

 

ဤသို့ဖြင့် စုန့်ချင်းလော်၏ တိုက်ခန်းသို့ရောက်လာကြပြီး အထဲဝင်လိုက်သောအခါ ကျိလဲ့ရွှေက ဆိုဖာပေါ်တွင်ထိုင်လျှက်အရိုးစုငယ်လေးနှင့်အတူစကားပြောနေသည်အားတွေ့လိုက်ရသည် ။ သူကပြုံးနေပြီးနောက် ဟာသတစ်ခုကိုကြားလိုက်ရဟန်ဖြင့် တခစ်ခစ်ရယ်မောနေပြန်၏ ။ လင်ပန့်ရှက ကျိလဲ့ရွှေကို ခဏမျှစိုက်ကြည့်နေပြီးနောက်မှတစ်ခုခုကိုသတိထားမိသွားဟန်ရကာ လက်ခုပ်တီးရင်းပြောလိုက်သည် ။


" သေစမ်း ! ဘာမှားနေတာလဲဆိုတာသိသွားပြီး စုန့်ကောအိမ်မှာTV မရှိဘူးမဟုတ်လား ဒီရက်တွေအတွင်း ကျိလဲ့ရွှေက တကယ်ပဲဘာတွေကြည့်နေခဲ့တာလဲ "


စုန့်ချင်းလော်က တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည် ။


" အဆင်ပြေပါတယ် ပြဿနာသေးသေးလေးပါပဲ " 


ထိုသို့ပြောပြီးနောက် တစ်ဖက်တိုက်ခန်းသို့ပြန်သွားလေသည် ။ ပြန်လာသောအခါ လက်ထဲတွင်အနက်ရောင်လက်အိတ်တစ်စုံပါလာ၏ ။


ကျိလဲ့ရွှေက ပတ်ဝန်းကျင်ကိုသတိမထားမိဘဲ အရိုးစုလေးနှင့်ပျော်ပျော်ရွှင်ရွှင်စကားပြောနေသည်မှာ စုန့်ချင်းလော်က ထိုအရိုးစုလေးအားလာမယူခင်အထိပင် ။


" ဟေ့ဟေ့ ... စုန့်ကော ဘာလုပ်တာလဲ " 


ကျိလဲ့ရွှေ အံ့သြတကြီးဖြစ်နေပါသော်လည်း စုန့်ချင်းလော်က သူ့အားတစ်ချက်မျှသာကြည့်၍ဘာမှထပ်မပြောတော့ချေ ။ 


ကျိလဲ့ရွှေက ဒေါသထွက်သွားပါသော်လည်း စုန့်ချင်းလော်အား အပြစ်မတင်ရဲချေ ။ ထို့ကြောင့် လင်ပန့်ရှ ထံသို့သာပြေးသွား၍မကျေမနပ်ရေရွတ်လာ၏ ။


" ပန့်ရှ ပန့်ရှ စုန့်ကောကိုတားပါဦး သူရှောင်ကူရဲ့ခေါင်းကိုအပေါက်ဖောက်တော့မယ်ထင်တယ် "


လင်ပန့်ရှက ကျိလဲ့ရွှေအား ရှုပ်ထွေးနေဟန်အမူအယာဖြင့်ကြည့်၍မေးလိုက်သည် ။


 " ဒီဟာကြီးကို မင်းဘယ်ကနေရှာတွေ့ထားတာလဲ "


ကျိလဲ့ရွှေ ခမျာငိုတော့မလိုလိုပင် ။


" မင်းမေ့သွားပြီလား ... ငါတို့ရှောင်ကူကိုဘယ်လိုကောက်ယူခဲ့တယ်ဆိုတာရယ် ငါတို့အတူတူအများကြီးဖြတ်သန်းခဲ့ကြတာတွေအကုန်မေ့သွားပြီလား ... သူငါ့တို့အသက်ကိုခဏခဏကယ်ခဲ့တာ မင်းဘယ်လိုလုပ်ပြီးမေ့နိုင် .... " 


လင်ပန့်ရှ မှာအလွန်အံ့သြသွားရပြီးနောက် ကျိလဲ့ရွှေ၏ ပေါက်ကရစကားများကိုလျစ်လျှူရှုကာ စုန့်ချင်းလော်ကိုသာ ရှင်းပြဟူသောပုံစံဖြင်ကြည့်လိုက်သည် ။

 

စုန့်ချင်းလော်၏ လှုပ်ရှားမှုများမှာနှေးကွေးနေလျှက်အရိုးစုလေးအားဂရုတစိုက်ဖြင့်ကိုင်ရင်းအခန်းထောင့်ရှိ ဖွင့်လျှက်သားစွန့်ပစ်ခံထားရသောအနက်ရောင်သားရေသေတ္တာထဲသို့ညင်ညင်သာသာပြန်ထည့်ပိတ်လိုက်သည် ။ ကျိလဲ့ရွှေ၏ လည်ချောင်းကွဲမတတ်အော်ဟစ်လိုက်သောအသံကိုကြားသောအခါမှသာ ပြန်လှည့်၍


 " အမှားသေးသေးလေးပါပဲ "


လင်ပန့်ရှ ရူးတော့မလိုပင် ။


 " ဒါကြီးကအမှားသေးသေးလေးတဲ့လား "


စုန့်ချင်းလော် : " အဆင်ပြေပါတယ်ကွာ အရမ်းအန္ဒရာယ်များတဲ့ဟာမဟုတ်ပါဘူး "


လင်ပန့်ရှ : " ဒါဆို အတိအကျဆိုရင်ဒါကြီးကဘာကြီးလဲ "


"  ချိတ်ပိတ်ထားတဲ့ပစ္စည်းအမှတ် ၇၃၉၂၀ ကဒေဝါလီခံသွားရတဲ့ပြတိုက်တစ်ခုကတွေ့ခဲ့တာ " 


စုန့်ချင်းလော်က သေတ္တာကိုဂရုတစိုက်ဖြင့်ပိတ်လိုက်ပြီးနောက် စကားဝှက်ခလုတ်များနှိပ်နေသည်မှာ အသစ်ပြန်လည်သတ်မှတ်နေပုံရသည် ။


" ပုံမှန်အခြေအနေမှာဆိုရင်အဲ့ဒီအရာကမလှုပ်ရှားတတ်ပါဘူး ... ဒါပေမဲ့ အဲ့ဒီရာကိုမြင်လို့အရမ်းကြောက်သွားတယ်ဆိုရင် သူကအဲ့တာကိုအခွင့်​ကောင်းယူပြီးတော့ သူရဲ့တည်ရှိမှုနဲ့ပက်သက်ပြီးထင်ယောင်ထင်မှားမှတ်ဥာဏ်တွေကိုဖန်တီးလိမ့်မယ် ... နောက်တစ်နည်းပြောရမယ်ဆိုရင် အကြောက်လွန်သွားတဲ့အချိန်မှာစိတ်အားနည်းတာကိုအခွင့်ကောင်းယူပြီး မင်းဘေးမှာနေရဖို့အတွက်သူကမင်းရဲ့အခင်ဆုံးသူငယ်ချင်းဒါမှမဟုတ်အရင်းနှီးဆုံးသူအဖြစ်ဟန်ဆောင်လိမ့်မယ် ... အန္ဒရာယ်တော့မရှိပါဘူး ပူးကပ်ခံရတဲ့လူအပေါ်မူတည်ပြီး အဲ့တာနဲ့အတူတူရှိနေတဲ့အချိန်ဆိုအရမ်းသက်တောင့်သက်သာရှိသလိုခံစားရလိမ့်မယ် တစ်ခါတစ်လေဆိုရင်အရမ်းပျော်ဖို့ကောင်းတဲ့ပုံရိပ်ယောင်တွေကိုတောင်ဖန်တီးပေးတတ်သေးတာ ... တခြားသဘာဝလွန်အရာတွေနဲ့ယှဥ်ရင်လူတွေကိုအန္ဒရာယ်မပေးတဲ့အပြင်စိတ်ရောဂါဖြစ်နေတဲ့လူတွေကိုကုသတဲ့နေရာမှာတောင်သုံးလို့ရသေးတယ် ... တစ်ခုတည်းသောအားနည်းချက်က ... "


စုန့်ချင်းလော်က ခဏမျှရပ်ပြီးနောက်မှ


 " နှုတ်ဆက်ခွဲခွာရတဲ့အချိန်ကျရင်တော့ လူတွေကိုအရမ်း၀မ်းနည်းစေတယ် " 


ထို့နောက် ဝမ်းနည်းလွန်း၍မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေပြီဖြစ်သော ကျိလဲ့ရွှေ အားလှည့်ကြည့်လိုက်၏ ။


လင်ပန့်ရှ : "..."


ကျိလဲ့ရွှေက ငိုရင်းဖြင့် 


"  မဟုတ်ဘူးငါမယုံဘူး ရှောင်ကူ ကငါတို့နဲ့အတူတူရှိလာတာနှစ်တွေအများကြီးကြာနေပြီဆိုတာ အသိသာကြီးကို ... ပန့်ရှ ... ပန့်ရှ ... "


လင်ပန့်ရှ : "..." 


မင်းကောင်မလေးနဲ့ပြတ်တဲ့အချိန်တုန်းကတောင် ဒီလောက်ထိဝမ်းနည်းတကြီးငိုတာငါမမြင်ဖူးဘူးနော် ငါ့ကောင် !


စုန့်ချင်းလော် : " ကျိလဲ့ရွှေက သေတ္တာရဲ့လျို့ဝှက်နံပါတ်ကိုမတော်တဆမှန်အောင်နှိပ်မိသွားလို့အဲ့ဒီအရာထွက်လာတာဖြစ်ရမယ် ... ငါ့အမှားပါ လျှို့ဝှက်နံပါတ်ကိုပိုပြီးခက်ခဲအောင်လုပ်ထားသင့်တာ မင်းသူငယ်ချင်းအပေါ်အိမ်နံပါတ်ရဲ့အကျိုးသက်ရောက်မှုကလျော့ကျလာပြီး ဖြစ်နိုင်သမျှမြန်မြန်ဒီနေရာကပြောင်းခိုင်းလိုက်တာအကောင်းဆုံးပဲ ..."


ကျိလဲ့ရွှေ မှာသတိလစ်လုနီးနီးငိုယိုနေ၏ ။ သူ၏အခြေအနေမှာစစ်မြေပြင်တွင်ကျဆုံးသွားသောရဲဘော်ရဲဖက်၏ ဇာပနအခမ်းအနားကိုတက်ရောက်နှုတ်ဆက်နေရသည့်နှယ် ။ ကျိလဲ့ရွှေ၏ ထိုသို့သောပုံစံကိုကြည့်နေရသော လင်ပန့်ရှမှာ မတတ်နိုင်တော့ပါဘဲ စုန့်ချင်းလော်ကို ကြည့်ကာတောင်းဆိုဟန်ဖြင့်ဆွေးနွေးလိုက်သည် ။


" အဟမ်း ... မကောင်းတဲ့အကျိုးသက်ရောက်မှုမရှိဘူးဆိုကတည်းက ဘာလို့ကျိလဲ့ရွှေနဲ့ ဆက်ပြီးမနေခိုင်းလိုက်တာလဲ "


လင်ပန့်ရှ၏ စကားအားကြားသောအခါ စုန့်ချင်းလော်၏ အမူအယာမှာအနည်းငယ်ဝေခွဲမရဖြစ်သွားလျှက် သူ့တွင်မျှော်လင့်ချက်အချို့ရှိနေသော်လည်း တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်မေးလာ၏ ။


" အဲ့ဒီအရိုးစုကကြောက်စရာကောင်းတယ်လို့မင်းမထင်ဘူးလား "


လင်ပန့်ရှ : " အဆင်ပြေပါတယ် အဲ့ဒီတစ်ခုကနည်းနည်းလေးတော့ချစ်ဖို့ကောင်းသလိုပဲ "


စုန့်ချင်းလော် ခမျာဘာမှဆက်မပြောနိုင်တော့ဘဲတိတ်ဆိတ်သွားရရှာသည် ။ 


ဘေးတွင်ရှိနေသော ကျိလဲ့ရွှေက ခွေးအူသံကြီးဖြင့်ထပ်မံအော်ဟစ်ငိုယိုလာပြန်၏ ။


 " အူးဝါး .... ရှောင်ကူ ငါရဲ့ရှောင်ကူလေး "


တဖြည်းဖြည်းဖြင့် လင်ပန့်ရှ မှာရူးတော့မလိုပင် ။


" ရပ်စမ်း ... မအူနဲ့တော့ မအူနဲ့တော့ မင်းဆက်အူနေမယ်ဆိုရင် ငါမင်းကိုအသက်ရှင်လျှက်ဆက်မထားတော့ဘူး ... ဟော့ပေါ့အရင်သွားစားကြမယ် ပြီးမှ ရှောင်ကူရဲ့အကြောင်းကိုဆက်ပြောကြတာပေါ့ ဟုတ်ပြီလား "


ကျိလဲ့ရွှေ ခမျာအလွန်ဝမ်းနည်းနေဆဲဖြစ်၏ ။


" မင်းမညာနဲ့ ... ငါ့နှလုံးသားထဲက ရှောင်ကူရဲ့နေရာကိုဘယ်သူမှအစားမထိုးနိုင်ဘူး "


လင်ပန့်ရှ : " အင်းအင်း ... ဘာပဲဖြစ်ဖြစ်အဲ့တာကအရိုးခြောက်ကြီးလေကွာ "


ကျိလဲ့ရွှေက ဒေါသတကြီးဖြင့် 


" ပန့်ရှ မင်းကလူမျိုးရေးခွဲခြားနေတာပဲကွ "


လင်ပန့်ရှ မှာကျိလဲ့ရွှေ၏ ပါးစပ်ကိုသာထပိတ်ပစ်လိုက်ချင်တော့သည် ။


နောက်ဆုံး၌ လင်ပန့်ရှနှင့်စုန့်ချင်းလော် တို့၏ဆွေးနွေးဆုံးဖြတ်ချက်အရ ဟော့ပေါ့အရင်သွားစားကြပြီးနောက်မှ ရှောင်ကူ၏ကိစ္စကိုဆက်လက်ဆွေးနွေးကြမည်ဟုဖြစ်သည် ။

 

နာရီဝက်ကျော်ကြာသောအခါမှသာ ကျိလဲ့ရွှေ ၏စိတ်အခြေအနေအနည်းငယ်တည်ငြိမ်၍ငိုယိုနေခြင်းလည်းရပ်တန့်သွားပြီဖြစ်သဖြင့် လင်ပန့်ရှက ဟော့ပေါ့သွားစားရန်တရွတ်တိုက်ဆွဲခေါ်သွားတော့သည် ။ သုံးယောက်လုံးအတွက်အစပ်အရသာကိုသာမှာကြပြီး ကျိလဲ့ရွှေကမူ ဝမ်းနည်းမူများကိုဖြေဖျောက်ရန်ဟုဆိုကာအသေအကြေသောက်နေတော့၏ ။ လင်ပန့်ရှက ကျိလဲ့ရွှေ အားဘယ်အချိန်အထိဤကဲ့သို့အထိန်းအကွပ်မဲ့စွာနေမည်နည်းဟုမေးသောအခါ ကျိလဲ့ရွှေက ရှောင်ကူပြန်လာသည့်အချိန်အထိနေမည်ဟုပြောလေသည် ။ 


ထိုစကားကြောင့် လင်ပန့်ရှသည်လည်း စိတ်ညစ်ညစ်ဖြင့်ရှေ့တွင်ရှိသောဘီယာခွက်ကိုဆွဲယူသောက်လျှက် အရင်တစ်ခေါက် ကျိလဲ့ရွှေ ကောင်မလေးနှင့်ပြတ်သည့်အချိန်ကဆိုလျှင်နှစ်နာရီမျှသာဝမ်းနည်းခဲ့ကြောင်းစိတ်ပျက်လက်ပျက်ဖြင့်ပြောပြလိုက်သည် ။ 


ကျိလဲ့ရွှေက ခြေကားယားလက်ကားယားဖြင့် ရည်းစားဟောင်းမိန်းကလေးနှင့်သူကရုပ်ပိုင်းဆိုင်ရာထိတွေ့မှုအနည်းငယ်မျှကြောင့်သာသံယောဇဥ်နည်းနည်းလေးရှိလာရခြင်းဖြစ်သော်လည်း ရှောင်ကူနှင့်သူကမူ အလွန်လိုက်ဖက်လှသောဝိညာဥ်ဖက်များဖြစ်ကြသည်ဟုဆို၏ ။


လင်ပန့်ရှ အမှန်ပင်လက်လျှော့လိုက်ကာ ကျိလဲ့ရွှေပြောပြသော ရှောင်ကူ၏အကြောင်းကိုသာမပြီးနိုင်မစီးနိုင်ထိုင်နားထောင်နေရတော့သည် ။

 

သုံးခေါက်မြောက်သောက်ပြီးသည့်နောက်တွင် ကျိလဲ့ရွှေ တစ်ယောက်ကောင်းကင်နှင့်မြေကြီးကိုပင်မသဲကွဲတော့သဖြင့် လင်ပန့်ရှ ကိုသာမှီထားရတော့သည် ။ ဤကဲ့သို့လူမှန်းသူမှန်းမသိအောင်မူးရူးနေသည့်တိုင် သူ့နှလုံးသားထဲတွင်ရှောင်ကူသာရှိသည်ဟုအော်ဟစ်ရန်လည်းမမေ့ပါချေ ။ လိပ်ပြာလွင့်မတတ်ငိုနေရင်းဖြင့် လင်ပန့်ရှ၏ လက်ကိုဆွဲကာသူ၏ ရှောင်ကူလေးအားပြန်ပေးပါရန်နှင့် သူတို့နှစ်ဦးအား မခွဲရန်ကိုသာတတွတ်တွတ်တောင်းဆိုနေတော့သည် ။ လင်ပန့်ရှ ခမျာငိုရခက်ခက်ရယ်ရခက်ခက်ဖြင့်သမီးရည်းစားနှစ်ဦးကိုသဘောမတူသဖြင့်ခွဲထားသောယောက္ခ်မဆိုးကြီးကဲ့သို့ မိမိကိုယ်ကိုထင်မြင်မိသွား၏ ။ လင်ပန့်ရှ မှာအရှုပ်ထုပ်ကြောင့်စိတ်ညစ်နေပါသော်လည်း ရွေးချယ်စရာမရှိတော့ဘဲ စုန့်ချင်းလော်ကိုသာ ကူပါကယ်ပါဟူသောအကြည့်များဖြင့်လှမ်းကြည့်လိုက်ရတော့သည် ။


ပထမတွင် စုန့်ချင်းလော်က သူမမြင်ဟုဟန်ဆောင်နေခဲ့သော်လည်း နောက်ပိုင်းတွင်သည်းမခံနိုင်တော့သဖြင့် လင်ပန့်ရှအား ကျိလဲ့ရွှေအားဤကဲ့သို့ဆက်အလိုလိုက်နေမည်ဆိုပါက အနာဂတ်တွင်ပို၍ဆိုးဝါးလာလိမ့်မည်ဖြစ်ကြောင်းသတိပေးလိုက်ရတော့သည်  ။ 


လင်ပန့်ရှ : " မဟုတ်ရင်ရော ... သူ့ကိုနေ့တိုင်းဒီလိုပုံစံနဲ့သေတဲ့အထိငိုခိုင်းနေရမှာလား "



စုန့်ချင်းလော်က နှစ်မိနစ်မျှကောင်းကျိုးဆိုးကျိုးများကိုချိန်ဆနေပြီးနောက် နောက်ဆုံး၌ ကျိလဲ့ရွှေ အားအလိုလိုက်ရန်ဆုံးဖြတ်ချက်ချလိုက်ကာ အရိုးခြောက်ငယ်လေးအားသေတ္တာထဲမှဂရုတစိုက်ထုတ်ယူလိုက်သည် ။ အနီးအနားတွင်ရပ်နေသာ လင်ပန့်ရှ မှာအရိုးစုငယ်လေး၏အသွင်ကိုအသေးစိတ်မြင်လိုက်ရပြီဖြစ်သည် ။ ကြည့်ရသည်မှာကလေးငယ်လေးတစ်ဦး၏အရိုးစုဖြစ်ပုံရပြီးအရိုးများမှာချောမွတ်တောက်ပြောင်နေ၏ ။ ထိုအရိုးစု၏အရောင်မှာ ကျောက်စိမ်းကဲ့သို့ကြည်လင်နေသဖြင့်ကျောက်စိမ်းအရိုးစုဟူ၍ပင်ခေါ်ဆို၍ရနိုင်သည် ။ စုန့်ချင်းလော်က လက်ထဲရှိအရိုးစုအားအလွန့်အလွန်ဂရုတစိုက်နူးညံ့ညင်သာစွာဖြင့်ကိုင်ထားသည်မှာ ကြေကွဲလွယ်သောဖန်စလေးကိုကိုင်ထားသည့်နှယ် ။


" ကျွန်တော်ထိကြည့်လို့ရမလား "


 လင်ပန့်ရှက သိချင်စိတ်ပြင်းပြစွာဖြင့်ပြောလာ၏ ။


" ရတာကရတယ် ... ဒါပေမဲ့ မင်းသူ့ကိုထိလိုက်မယ်ဆိုရင် ..."


လင်ပန့်ရှ : " ဘာဖြစ်သွားမှာမို့လို့လဲ "


စုန့်ချင်းလော်က သက်ပြင်းချ၍


" အဲ့ဒီအရာကိုသေတ္တာထဲပြန်ထည့်ချင်စိတ်ရှိမှာမဟုတ်တော့ဘူး " 


ထိုသို့ပြောနေသော်လည်း အရိုးစုငယ်လေးအား လင်ပန့်ရှ ထံသို့ကမ်းပေးနေဆဲပင် ။

 

လင်ပန့်ရှက သိချင်စိတ်ပြင်းပြစွာဖြင့်လှမ်းယူပြီးနောက် လက်ထဲတွင်ပွေ့ပိုက်လိုက်သည် ။ သူ၏အရေပြားနှင့်အရိုးစုငယ်လေးတို့မှာထိတွေ့မိသွားပြီးနောက် သေဆုံးသွားသောအရာများပင်ပြန်လည်ရှင်သန်လာနိုင်သောခံစားချက်မျိုးကိုခံစားလိုက်ရသည် ။ ထိုအရိုးစုငယ်လေး၏ ကြီးမားသောမျက်လုံးဟောင်းလောင်းပေါက်များကမျက်တောင်ခတ်ကာ သူ့အားဂရုတစိုက်ကြည့်နေပုံကိုပင်မြင်လိုက်မိသလိုခံစားလိုက်ရ၏ ။

 

အရိုးစုတစ်ခုကဘယ်လိုလုပ်ပြီးမျက်တောင်ခတ်နိုင်ရတာလဲ ?


ထိုသို့တွေးမိသွားသည်နှင့်တစ်ပြိုင်နက် အရိုးစုလေး၏အခြားသောလှုပ်ရှားမှုတစ်ခုကြောင့်လင်ပန့်ရှ၏အာရုံမှာပြောင်းလဲသွားရပြန်သည် ။ အရိုးစုငယ်လေးက လင်ပန့်ရှ၏ လက်မောင်းကိုလက်ဖြင့်အသာပုတ်ကာ ရှောင်ကူ ဟူ၍အော်ဟစ်ငိုယိုနေ​သော ကျိလဲ့ရွှေအား လက်ညိုးထိုးပြလာ၏ ။


လင်ပန့်ရှက အူလည်လည်ဖြင့် စုန့်ချင်းလော် အားကြည့်ကာ


" သူဘာပြောချင်နေတာလဲ "


စုန့်ချင်းလော် : " ကျိလဲ့ရွှေ ကိုဆက်မအူဖို့ပြောနေတာ "


( TN / အူတယ်လို့ပြောတာ မိုရီလက်ကမြင်းတာမဟုတ်ရပါ မူရင်းမှာထဲက ကျိလဲ့ရွှေ ငိုတဲ့အချိန်တိုင်း အူတယ်ဆိုပြီးသုံးထားတာပါ )


လင်ပန့်ရှ : "..." 


ကျိလဲ့ရွှေ မင်းရဲ့ရှောင်ကူလေးက မင်းကိုငြူစူနေပြီကွ ...


ထိုအချိန်တွင် စုန့်ချင်းလော်ပြောသည့် သေတ္တာထဲသို့ပြန်ထည့်ရန်ဆန္ဒရှိတော့မည်မဟုတ်ဟူသော အဓိပ္ပာယ်ကို လင်ပန့်ရှ အပြည့်အဝနားလည်သွားပြီပင် ။ ထိုအရိုးစုသေးသေးမှာကြောက်မက်ဖွယ်မကောင်းဘဲ ချစ်စဖွယ်သတ္တဝါသေးသေးလေးတစ်ကောင်ကဲ့သို့ပင် ။ ခဏတာမျှသာဆက်သွယ်ရခြင်းဖြစ်သော်လည်း လင်ပန့်ရှ၏ နှလုံးသားထဲမှပြောမပြတတ်လောက်သောနူးညံ့မှုတစ်မျိုးပေါက်ဖွားလာရသည် ။


" ပြန်နားကြရအောင် " 


စုန့်ချင်းလော် နာရီကြည့်လိုက်သောအခါ အချိန်မှာမစောတော့ကြောင်းတွေ့လိုက်ရသည် ။


 " သူ့ကိုကျိလဲ့ရွှေနဲ့ အတူတူထားလိုက် "


လင်ပန့်ရှ ရှောင်ကူလေးအား အောက်ချပေးလိုက်သောအခါ ထိုအရိုးစုလေးကပျော်ရွှင်စွာဖြင့် ခုန်ပေါက်ရင်း ကျိလဲ့ရွှေ နားသို့သွားကာ သူ၏အရိုးခေါင်းလေးနှင့်ကျိလဲ့ရွှေ၏ ပါးကိုပွတ်သပ်ရင်းဗလုံးဗထွေးစကားများရေရွတ်နေ၏ ။ ကျိလဲ့ရွှေသည်လည်းနောက်ဆုံးတွင်အူနေသကဲ့သို့ငိုနေခြင်းအားရပ်တန့်၍ ရှောင်ကူလေး၏အရိုးခေါင်းလေးကိုပွတ်ကာ " ရှောင်ကူ " ဟူ၍ရေရွတ်နေတော့သည် ။


လင်ပန့်ရှက ကျိလဲ့ရွှေအားကြည့်၍ သူတစ်ခုခုမှားမနေတော့ကြောင်းအသေအချာစစ်ဆေးပြီးသောအခါမှသာ စုန့်ချင်းလော် နှင့်အတူအိမ်ထဲသို့ဝင်လာလိုက်သည် ။ 


ထိုနေ့မှစ၍သူတို့၏အိမ်တွင်အပိုဖြစ်သော အရိုးစုတစ်ခုရောက်ရှိလာခဲ့သည် ။ စုန့်ချင်းလော်က ခရီးသွားနေသည့်ရက်အတွင်း ကျိလဲ့ရွှေ ထံတွင်ရှိသောမှတ်ဥာဏ်များမှာအတုအယောင်များသာဖြစ်ကြောင်းအမှန်တရားကိုပြောပြခဲ့သော်လည်း ကျိလဲ့ရွှေက မကြောက်လန့်သွားရုံသာမက ရှောင်ကူအားဆက်လက်ချစ်ခင်ရန်ဆန္ဒရှိနေဆဲပင် ။ ကံကောင်းစွာဖြင့် ရှောင်ကူက ထင်ယောင်ထင်မှားမှတ်ဥာဏ်များကိုဖန်တီးပေးခဲ့လို့သာပင် ။ မဟုတ်လျှင် အရိုးစုတစ်ခုလှုပ်ရှားနေသည်ကိုတွေ့သည်နှင့်တစ်ပြိုင်နက် ကျိလဲ့ရွှေ ကြောက်လွန်း၍ရူးသွားလောက်သည် ။

 

စုန့်ချင်းလော်၏ တိုက်ခန်းအတွင်းရှိအခြားသောအရာများကိုချိတ်ပိတ်ထားသည့်သေတ္တာများကိုထပ်ဖွင့်လိုက်မိမည်စိုးသောကြောင့် လင်ပန့်ရှမှာ ရွေးချယ်စရာမရှိတော့ပါဘဲ ကျိလဲ့ရွှေ အားအိမ်ပြောင်းရန်ဖြောင်းဖြရတော့သည် ။ သို့သော်လည်း ကျိလဲ့ရွှေက အရှက်မရှိစွာဖြင့်ဤအချိန်တွင် အိမ်ပြောင်းရန်အစီအစဥ်မရှိသေးကြောင်းနှင့်သူ၏ချစ်လှစွာသောရှောင်ကူလေးနှင့်သာအတူနေထိုင်လိုကြောင်းပြော၏ ။ 


လင်ပန့်ရှက ကျိလဲ့ရွှေအား လွန်လွန်ကဲကဲမပြုရန်အကြည့်များဖြင့်သတိပေးနေသော်လည်း ရူးသွပ်သွားသောကြက်တစ်ကောင်ကဲ့သို့တက်ကြွနေသည့် ကျိလဲ့ရွှေအား မထိန်းချုပ်နိုင်ပါချေ ။


ဤဆယ်ရက်အတွင်း လင်ပန့်ရှ၏ နှစ်စဥ်အားလပ်ရက်သည်လည်းကုန်ဆုံးတော့မည်ဖြစ်ကာမကြာခင်အလုပ်ပြန်ဝင်ရတော့မည်ဖြစ်သည် ။


အလုပ်သို့ရောက်သောအခါ ကျိုးကျီထုန်က အသစ်ရောက်လာသောလူသစ်လေးမှာသည်းမခံနိုင်တော့သည်ဖြစ်သဖြင့် လင်ပန့်ရှ ပြန်မလာခင်တစ်ပတ်ကပင်အလုပ်ထွက်သွားပြီဖြစ်ကြောင်းပြော၏ ။ လူသစ်များကိုအလုပ်လက်ခံနေဆဲဖြစ်သော်လည်း သင့်တော်သောအသစ်တစ်ယောက်ကိုရှာမတွေ့သေးချေ ။

  

လင်ပန့်ရှလည်း ရွေးချယ်စရာမရှိတော့ဘဲ အခြားသောအဖွဲ့များနှင့်အတူအလုပ်လုပ်ရတော့သည် ။ နွေဦရာသီရောက်လာပြီဖြစ်သော်လည်း လင်ပန့်ရှက နွေဦးကိုမကြိုက်ပါချေ ။ အမျိုးမျိုးသောရာသီကူးပြောင်းဖျားနာမှုများအပြင်လူသားတစ်ယောက်၏စိတ်ကူးယဥ်နိုင်စွမ်ကိုကျော်လွန်နေသည့်ဆိုးဝါးသောသေပုံသေနည်းမျိုးစုံကိုကြုံတွေ့ရနိုင်ချေအများဆုံးကာလလည်းဖြစ်သောကြောင့်ပင် ။ အသစ်ကလေး တစ်ပတ်ကျော်လောက်နှင့်ထွက်ပြေးသွားသည်မှာလည်းမဆန်းပါချေ ။ လင်ပန့်ရှ အပြည့်အဝကိုယ်ချင်းစာနားလည်ပေးနိုင်ပါ၏ ။


စုန့်ချင်းလော်သည်လည်း အလွန်အလုပ်များနေလျှက်တစ်လတွင်အကြိမ်ရေအနည်းသာတွေ့ရတော့သည် ။ လင်ပန့်ရှ စောင့်ဆိုင်းနေသည့်တိုင် အိမ်တွင်ပြန်အိပ်သည့်အချိန်မှာတွင်သာ စုန့်ချင်းလော်အားဖမ်းမိ၏ ။


လင်ပန့်ရှ မေးသည့်အချိန်တိုင်း စုန့်ချင်းလော်က ဤကာလအတွင်းအရမ်းအလုပ်များသောကြောင့်နှင့် အသေးအမွှားကိစ္စများသာဖြစ်သဖြင့် လင်ပန့်ရှ အတူလိုက်ရန်မလိုအပ်သေးဟုပြော၏ ။


လင်ပန့်ရှက သူ့ဘဏ်ကဒ်ထဲရှိပိုက်ဆံပမာဏကိုပြန်တွေးမိကာအကယ်၍ သူ့အားလိုအပ်လာလျှင်လည်းအချိန်မရွေးထလိုက်သွားနိုင်သည် ။ စုန့်ချင်းလော်က လင်ပန့်ရှ အလုပ်တွင်အဆင်ပြေမ​ပြေမေးလာ၏ ။


" လူသေတွေကိုလိုက်ကောက်နေရတာပဲရှိတာလေ သေချာပေါက် ပိုက်ဆံများများရမဲ့အလုပ်ကိုလုပ်ချင်တာပေါ့ " 


လင်ပန့်ရှက အလွန်တည်ငြိမ်စွာပြန်ဖြေလိုက်သည် ။ 


စုန့်ချင်းလော် တိတ်ဆိတ်သွားရသည် ။ လင်ပန့်ရှ တည်တည်တံ့တံ့စကားပြောလာမည်ဟု မျှော်လင့်ထားခဲ့မိခြင်းပင် ။


ဤသို့ဖြင့်တစ်လကျော်မျှအလုပ်များနေပြီးနောက် နွေရာသီအစောပိုင်း လင်ပန့်ရှ အလုပ်စောဆင်းလာသည့်အချိန်တွင် စုန့်ချင်းလော်က ဆိုဖာပေါ်တွင်ထိုင်လျှက် သူ့အားစောင့်နေ၏ ။


" ဘာဖြစ်ထားလို့လဲ "


စုန့်ချင်းလော်၏ အမူအယာမှတစ်ဆင့်သဲလွန်စအချို့ကိုတွေ့နိုင်လေသည် ။ 


" ကိစ္စနည်းနည်းတော့ရှိတယ်  "


စုန့်ချင်းလော်က USB ကဒ်ကိုထုတ်လိုက်ပြီးနောက် ညင်ညင်သာသာပြောလာ၏ ။


 " အတူတူကြည့်ကြရအောင် "


လင်ပန့်ရှ : " အင်း..."


စုန့်ချင်းလော် ကလက်ပ်တော့ထဲသို့ USB ကဒ်ကိုထိုးထည့်လိုက်ပြီးနောက် အထဲတွင်ပါဝင်သောဖိုင်ကိုကြည့်ရှုရန်ဖွင့်လိုက်သည် ။ စခရင်တစ်ခုလုံးမဲမှောင်သွားပြီးနောက် အလင်းပြန်လည်ရရှိသောအချိန်တွင် ကြယ်တာရာများအပြည့်နှင့်အလွန်လှပသောကောင်းကင်ကြီးကို လင်ပန့်ရှ မြင်လိုက်ရလေသည် ။


လင်ပန့်ရှ ညကောင်းကင်မြင်ကွင်းကိုအကြိမ်ပေါင်းများစွာမြင်ဖူးပါ၏ ။

 

သူ့၏ငယ်ဘဝမှတ်ဥာဏ်များထဲတွင်ညကောင်းကင်ယံမှာအလှပဆုံးတစ်ခုဖြစ်ခဲ့၏ ။ ထိုအချိန်က အထပ်မြင့်အဆောက်အဦများစွာမရှိသေးသည့်အပြင် နီယွန်မီရောင်များသည်လည်းနေရာအနှံ့မရှိပါသေးချေ ။ သူ၏အိမ်မှာကျေးလတ်တောရွာပုံစံရှေးဟောင်းတစ်ထပ်အိမ်လေးဖြစ်သဖြင့်ရာသီဥတုသာယာသည့်အချိန်တိုင်းအိမ်ခေါင်မိုးပေါ်သို့တက်ကာလှပသောကောင်းကင်ယံကိုငေးမောကြည့်ရှုတတ်သည် ။

 

ထိန်ထိန်သာနေသောလမင်းကြီးနှင့်ကောင်းကင်တစ်ခွင်၌ကြယ်တာရာတို့ကအပြည့်နေရာယူထားကြ၏ ။ ကြယ်တာများအကြောင်းသိပ်မသိသောကြောင့် ဖတ်စာအုပ်ထဲတွင်ပါဝင်သောအကြောင်းအရာအချို့ကိုသာသိလေသည် ။ ခုနှစ်လုံးတန်းနေသောကြယ်များကိုတွေ့သည့်အချိန်တိုင်း ထိုအရာကခုနှစ်စင်ကြယ်ဟူ၍သူ၏ဝမ်းကွဲဖြစ်သူအားအမြဲပြောပြတတ်သည် ။ ပြန်တွေးကြည့်သောအခါမှသာ သူ​ပြခဲ့သောကြယ်များကခုနှစ်စင်ကြယ်မဟုတ်ပါချေ ။


စုန့်ချင်းလော်နှင့်အတူကြည့်နေရသော ကြယ်တာရာများအပြည့်နှင့်ကောင်းကင်ကြီးမှာသူငယ်စဥ်ကကြည့်ခဲ့ရသောကောင်းကင်ထက်များစွာပိုလှပသည်ဟုခံစားနေရလေသည် ။


နက်မှောင်သောကောင်းကင်ယံကြီးထက်ဝယ် ကြယ်ပွင့်လေးများမှာစိန်မှုန်လေးများကြဲချထားသည့်နှယ်တောက်ပသောနဂါးငွေ့တန်းကိုလည်းတွေ့မြင်နိုင်၏ ။ အလွန်အံ့သြဖွယ်ကောင်းလှကာ​ဖော်ညွှန်းရန်စကားလုံးမရှိတော့သည်အထိလှပ၏ ။ လီစု၏ အသံကနောက်ကွယ်မှာထွက်ပေါ်လာကာ ကြည့်ရသည်မှာအလွန်ပျော်ရွှင်စွာဖြင့်ရယ်မောနေပုံပင် ။


" ရာသီဥတုကလည်းအရမ်းကောင်းတယ် ... ငါတို့သိုးကငါကဘယ်လိုအရသာထွက်လာလိမ့်မလဲမသိဘူး " 


မြင်ကွင်းမှာ မီးပုံကြီးဘေးတွင်ထိုင်နေသောလူများစွာထံသို့ပြောင်းလဲသွား၏ ။


ထိုသူများတွင်မတူညီသောမျက်နှာသွင်ပြင်များရှိပြီး အနောက်တိုင်းသားများရောအရှေ့တိုင်းသားများပါပါဝင်နေကာ မီးပုံတွင်သိုးကင်နေကြသည် ။ သို့သော်လည်း ထိုသူများထဲတွင် လီရီကိုမတွေ့မိပါချေ ။


လီစုက စိတ်အခြေအနေအလွန်ကောင်းနေပုံရကာ ပတ်ဝန်းကျင်အခြေအနေကိုအစီအစဥ်တင်ကြနေသည့်နှယ်ဆက်တိုက်မိတ်ဆက်နေလေသည် ။ ကင်မရာကိုရွေ့လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခွင်ကိုလင်ပန့်ရှ ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏ ။

 

အဆောက်အဦတစ်ခုမျှပင်မရှိဘဲ တောရိုင်းဟင်းလင်းပြင်ကြီးဖြစ်ကာ သစ်ပင်တစ်ပင်မျှပင်မရှိချေ ။ ချုံပုတ်လေးများသာရှိပြီး ဆက်ကြည့်လိုက်ရုံဖြင့် မိုးကုတ်စက်ဝိုင်းအဆုံးကိုမြင်နိုင်တော့မယောင်ခံစားရစေ၏ ။


လေတိုက်နှုန်းမှာအနည်းငယ်ပြင်းထန်နေပုံရကာ မီးပုံမှမီးပွားစများကိုပတ်ဝန်းကျင်တစ်ခွင်သို့လွင့်စင်သွားစေ၏ ။ လီစုကပြုံး၍


 " ငါဒီနေရာကိုကြိုက်တယ် ... တိတ်ဆိတ်ငြိမ်သက်ပြီးတော့လူလဲမရှိဘူး ကိုယ်ကြိုက်တာကိုယ်လုပ်လို့ရတယ် " 


သူပြောလိုက်သောစကားအား မီးပုံနားတွင်ဝိုင်းထိုင်နေသောသူများကြားသောအခါ အချို့ကသဘောတူကြောင်းစတင်အော်ဟစ်လာကြ၏ ။

 

တရုတ်စကားကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သောသူတစ်ယောက်က​မေးလိုက်သည် ။


" လီစု မင်းဒီနေရာကိုအရမ်းကြိုက်တာပဲလား "


လီစု : " အင်း "


လူစိမ်း : " မင်းနည်းနည်းလေးမှတောင်စိတ်မပူဘူးလား "


လီစု :  " ခင်ဗျား ဘာကိုစိတ်ပူနေတာမို့လို့လဲ "


လူစိမ်း : " ရှိတာပေါ့ ... အကြောင်းအရင်းမသိလိုက်ရဘဲသေသွားရမှာကြောက်တယ်လေ "


လီစုက ဆက်လက်ရယ်မောနေကာ ထိုလူ၏စကားများကိုစိတ်ထဲထားပုံမရချေ ။


 " ဘာလဲ ခင်ဗျားကြောက်တာက အကြောင်းအရင်းမသိဘဲသေရမှာတဲ့လား "



ထိုသူကဆက်မပြောတော့ပေ ။


လီစု : " ကျွန်တော်ကတော့ သေတာကကြောက်စရာသိပ်မကောင်းဘူးလို့ထင်တာပါပဲလေ ..."


လူတိုင်းစကားဆက်ပြောနေကြပြီးနောက် လူအုပ်ကြီးထဲမှတစ်ယောက်က ရုတ်တရက်တရုတ်လိုမကျွမ်းမကျင်ဖြင့်ပြောလာ၏ ။


" ဘာလို့ ဘာရှာလ် အခုထိပြန်မလာသေးတာလဲ "


လူတိုင်း၏အသံများပျောက်ကွယ်သွားပြီး လူအုပ်ထဲတွင်တိတ်ဆိတ်မှုကြီးစိုးလာ၏ ။ တစ်ယောက်ယောက်ကထပြောလိုက်သည် ။


" ဒီနားကခြုံပုတ်တစ်ခုမှာအပေါ့သွားနေတာမဟုတ်ဘူးလား "



🐳❤️



Translater - Mori ( 25 . 11 . 2023 ) 10 : 01 PM