အခန်း - ၂၈ ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၁ ) ဒုတိယပိုင်း
Viewers 2k

.အခန်း - ၂၈

ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၁ ) ဒုတိယပိုင်း 





ကင်မရာမြင်ကွင်းပြောင်းလဲသွားပုံအရ လီစုက မတ်တပ်ထရပ်လိုက်ပုံပင် ။


" ငါတစ်ချက်သွားကြည့်လိုက်ဦးမယ် " 


ထို့နောက် သူနှင့်အခြားသောယောကျ်ားတစ်ဦးက အနီးအနားရှိခြုံပုတ်များထံသို့လျှောက်သွားကြသည် ။ အကြောင်းအရင်းအချို့ကြောင့် သူတို့နှစ်ဦးကြားရှိလေထုအခြေအနေမှာအနည်းငယ်တိတ်ဆိတ်နေကာ အရေးအပေါ်အခြေအနေများဖြစ်လာသည်နှင့်ရင်ဆိုင်ရန်အသင့်ဖြစ်နေကြ၏ ။


ခြုံပုတ်များကအတော်ရှည်သောကြောင့် အချိန်ယူရကာ အတော်ကြာရှာပါသော်လည်း ဘာရှာလ် ဟူသောမိန်းကလေးအားမတွေ့ပါချေ ။ လီစုကလေသံတိုးတိုးဖြင့် 


" သူမထွက်သွားတာဘယ်လောက်ကြာပြီလဲ "


ဘေးမှလူကဖြေလာ၏ ။


" တစ်နာရီခွဲကျော်ပြီ "


နောက်ထပ်တိတ်ဆိတ်သွားကြပြန်သည် ။ ဘေးမှလူကစိုးရိမ်တကြီးဖြင့် 


" သူမအသက်ရှင်နေဦးပါ့မလား "


လီစု ပြန်မဖြေပါချေ ။ ခြုံများကြားတွင်စေ့စေ့စပ်စပ်ကြည့်ကာလိုက်လံရှာဖွေနေပြီးနောက် ရုတ်တရက်ကြီးအော်ပြောလာ၏ ။


" သူမဟိုမှာ " 


လီစု၏အသံမှာရုတ်တရက်တိမ်ဝင်သွားလျှက်တစ်စုံတစ်ယောက်ကြားသွားမည်ကိုစိတ်ပူနေပုံပင် ။


" မင်းမြင်လိုက်လား "


ထိုသူကပြန်မဖြေပါချေ ။ နှစ်ယောက်စလုံး၏ပြင်းထန်လေးလံနေသောအသံရှုသံကို စခရင်မှတစ်ဆင့် လင်ပန့်ရှ ကြားနေ၏ ။ ထိုလေးလံသောအသက်ရှုသံများကြားတွင်အကြောက်တရားသာမကမပြောပြတတ်လောက်သောသေခြင်းတရားအငွေ့အသက်များပါစိုးမိုးနေလေသည် ။ ထိုသူ၏မျက်နှာကိုမမြင်နိုင်သော်လည်း ထိုသူကအော်ချင်စိတ်ကိုအသည်းအသန်အောင့်အီးသည်းခံထားရ​ကာ အော်သံများကိုအစာအိမ်ထဲသို့ပြန်လည်မြိုချနေရကြောင်းခန့်မှန်းမိနိုင်၏ ။


ကင်မရာလှုပ်ယမ်းနေခြင်းလည်းရပ်တန့်သွားကာ စခရင်တစ်ခုလုံးမဲမှောင်သွားပြန်၏ ။


ပထမတွင် ထိုအရာကအရိပ်တစ်ခုဟု လင်ပန့်ရှ ထင်ခဲ့သော်လည်း ထိုအရာ၏ပုံသဏ္ဍာန်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရသောအခါ၌မူ အရိပ်မဟုတ်ဘဲ လူတစ်ယောက်ဖြစ်ကြောင်းတွေ့လိုက်ရသည် ။ အတိအကျပြောရမည်ဆိုလျှင် အရည်ပျော်သွားသောလူတစ်ယောက်ပင် ။

 

ထိုမြင်ကွင်းအားစကားနှင့်ဖော်ပြရန်ပင်ခက်ခဲလှသည် ။ အကယ်၍ပြောရမည်ဆိုလျှင်လည်း ထိုသည်ကအရည်ဖျော်ခံလိုက်ရသည့်ဖယောင်းခဲကဲ့သို့ပင် ။ မြင့်မားသောအပူချိန်တွင် တဖြည်းဖြည်းချင်းအရည်ပျော်နေ၏ ။

  

ခြေလက်များနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးတစ်သားတည်းဖြစ်သည်အထိအရည်ပျော်နေသည့်အပြင် မျက်နှာတွင်လည်းနှာခေါင်းပါးစပ်ဟူ၍ခွဲခြားမရတော့ဘဲ ရောနှောကုန်၏ ။ ခန္ဓာကိုယ်တစ်ခုလုံးအရည်ပျော်ကျကာဖယောင်းလုံးတစ်လုံးကဲ့သို့ဖြစ်နေပါသော်လည်း သူမ၏မျက်နှာထက်တွင်ထူးထူးဆန်းဆန်းအပြုံးတစ်ပွင့်ရှိနေသည်ကို လင်ပန့်ရှ ရှင်းရှင်းလင်းလင်းမြင်နေရသည် ။ ထိုလူသား မဟုတ်တော့သော အသားလုံးကြီးကပျော်ပျော်ရွှင်ရွှင်ပြုံးရယ်နေသည်ပင် ။ တဖြည်းဖြည်းအရည်ပျော်လာသော်လည်း ကြောက်မက်ဖွယ်အပြုံးကြီးမှာပို၍ပို၍သာပျော်ရွှင်ကြည်နူးနေသည့်ပုံပေါက်လာသည်မှာ အလွန်ပျော်စရာကောင်းသောကိစ္စတစ်ခုကိုကြုံတွေ့နေရသည့်နှယ် ။


သို့သော်လည်း ချက်ချင်းဆိုသလိုပင်အရည်ပျော်ကျသွားကာ ကိုယ်တွင်းရည်များမှာသဲနှင့်ကျောက်စရစ်မှုန်များကြားစိမ့်ဝင်၍မြေကြီးထဲသို့ရောက်သွားလေတော့သည် ။ လီစု၏ ဘေးတွင်ရှိနေသောသူမှာမထိန်းချုပ်နိုင်တော့ဘဲ အော့အန်နေပါသော်လည်း လီစုကမူ မလှုပ်ပါချေ ။ အလွန်အမင်းတည်ငြိမ်နေသည်မှာ ကင်မရာကိုကိုင်ထားသောလက်သည်ပင်တစ်ချက်မျှမလှုပ်သွားပေ ။


" အဲ့တာ ဘာရှာလ် ရဲ့အဝတ်တွေပဲ ... အဲ့တာသူမဟုတ်တယ် "


ထိုသူကပြန်မဖြေဘဲ အော့အန်နေသံများသာဆက်တိုက်ထွက်ပေါ်နေ၏ ။

 

လီစုက ထိုအရည်ပျော်သွားသောခန္ဓာကိုယ်အကြွင်းအကျန်များရှိရာနေရာသို့သွားရန်ခြေလှမ်းလိုက်သည် ။ ဘာရှာလ်၏ ခန္ဓာကိုယ်မှာအလုံးစုံအရည်ပျော်ကျသွားပြီဖြစ်သဖြင့်မြေပြင်ပေါ်တွင် သူမဝတ်ထားခဲ့သောအဝတ်အစားများသာကျန်ရှိခဲ့၏ ။ 


" မေလ ၁၇ ရက်နေ့ ည ၉နာရီ၁၈မိနစ် "


လီစု၏ အသံမှာ လင်ပန့်ရှ၏အသံနှင့်တစ်ပုံစံတည်းဖြစ်နေကာ အေးတိအေးစက်ဖြစ်ရုံသာမက စုန့်ချင်းလော် စကားပြောသည့်ပုံစံကဲ့သို့ ညင်သာကာတည်ငြိမ်ပါသေး၏ ။


" ဒါငါတို့ရဲ့ အဖွဲ့ထဲမှာ သေဆုံးသွားတဲ့တတိယမြောက်အဖွဲ့ဝင်ပဲ "


ဗီဒိယိုတစ်ခုလုံးမှောင်မဲသွားပြန်၏ ။ စုန့်ချင်းလော်က လင်ပန့်ရှ အားကြည့်ကာ


" အဲ့တာပြီးတော့ ဘာဆက်ဖြစ်သေးလဲ ... အဲ့တာပြီးတော့ဘာဆက်ဖြစ်သေးလဲလို့ " 


ဤနေ့သည် မေလ၂၀ ရက်နေ့ဖြစ်သောကြောင့် ဗီဒီယိုကိုလွန်ခဲ့သောသုံးရက်ကရိုက်ခဲ့ခြင်းဖြစ်သည် ။


" ဒီဗီဒိုကိုပို့ပြီးတာနဲ့ လီစုရဲ့အသင်းကပျောက်ဆုံးသွားတော့တာပဲ ... အခုထိဆက်သွယ်လို့မရသေးဘူး "


လင်ပန့်ရှ : " လီရီက သူ့ရဲ့တွဲဖက်မဟုတ်ဘူးလား ဘာလို့သူ့ဘေးမှမရှိရတာလဲ "


စုန့်ချင်းလော် : " သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကအရမ်းရှုပ်ထွေးတယ် ... ပြီးတော့ပုံပြင်အရှည်ကြီးတစ်ပုဒ်လိုပဲ "


လင်ပန့်ရှ ကခဏမျှတွေးနေပြီးနောက် 


" အဲ့ဒီနေရာကဘယ်နေရာလဲ ... ခင်ဗျားအဲ့ဒီကို သွားချင်နေတာမဟုတ်လား "


စုန့်ချင်းလော် : " ရုရှားမှာ လက်မှတ်ဖြတ်ထားတဲ့လေယျာဥ်ချိန်က မနက်ဖြန်ည "


လင်ပန့်ရှ ကသေသေချာချာတွေးတောကာ


" ကျွန်တော်လည်းအတူတူလိုက်လို့ရမလား " 


သူကတုံ့ဆိုင်းခြင်းမရှိဘဲဆက်ပြော၏ ။


" ခင်ဗျားကျွန်တော့်ကိုဒီဗီဒီယိုလာပြတာက အတူတူခေါ်သွားချင်လို့ ... ဟုတ်တယ်မို့လား "


" မှန်တယ် ... ဒါပေမဲ့ မင်းကိုတစ်ခုပြောချင်တာက ဒီမစ်ရှင်ရဲ့ခက်ခဲမှုနှုန်းကအရမ်းမြင့်တယ် ... မင်းသေသေချာချာဆုံးဖြတ်မှဖြစ်မှာ "


လင်ပန့်ရှက ခဏတိတ်ဆိတ်နေပြီးနောက်တိုးတိုးလေးပြော၏ ။


 " လေယျာဥ်လက်မှတ်ဖိုးက ကျွန်တော်ပြန်ပေးရမှာလား "


စုန့်ချင်းလော် : " စားစရိတ်သောက်စရိတ်ရော နေရာထိုင်ခင်းရော လေယျာဥ်လက်မှတ်ရော အဖွဲ့အစည်းကတာဝန်ယူမှာ "


လင်ပန့်ရှ : “ ဒါပေမဲ့ ကျွန်တော့်မှာရုရှားဗီဇာမရှိဘူး ”


" အထူးသီးသန့်လိုင်းကနေသွားမှာ ဗီဇာမလိုဘူး " 


စုန့်ချင်းလော်က လင်ပန့်ရှအားစနောက်လာ၏ ။


" နောက်ဆုံးတော့လဲသေရမှာပဲလေ ... ဘာပဲဖြစ်ဖြစ်မင်းကသေခါနီးလူဆိုတော့လဲ နည်းနည်းလေးအလုပ်လုပ်သွားတာပိုမကောင်းဘူးလား "


လင်ပန့်ရှ : " သွားမယ် ... သွားမယ် ... သွားမယ် ကျွန်တော်တစ်ခါမှနိုင်ငံခြားမရောက်ဖူးသေးဘူး "


စုန့်ချင်းလော် : " ဒီတစ်ခေါက်အရမ်းအန္ဒရာယ်များမှာနော် "


လင်ပန့်ရှက အရိုးသားဆုံးပြောလာ၏ ။


" ကျွန်တော်မကြောက်ပါဘူး "


စုန့်ချင်းလော် : "..."


လင်ပန့်ရှ : " ဘဏ်ဏဒ်ထဲမှာပိုက်ဆံမရှိတော့မှာကိုပဲကြောက်တာ "


စုန့်ချင်းလော်မှာ အံ့သြလွန်း၍စကားပင်မပြောနိုင်တော့​ချေ ။


လင်ပန့်ရှ ကတကယ်ကြီးလက်တွေ့ကျလွန်းတယ် !


လင်ပန့်ရှကမူ စုန့်ချင်းလော်၏ အတွေးများကိုမသိပါချေ ။ စုန့်ချင်းလော်အား စာချုပ်တွင်လက်မှတ်ထိုးပေးရန်ပျော်ပျော်ကြီးဂျီကျပြီးနောက် ကျိလဲ့ရွှေအား ခရီးထပ်ထွက်မည့်အကြောင်းပြောလိုက်သည် ။


ဤရက်များအတွင်း ကျိလဲ့ရွှေက ရှောင်ကူနှင့်အချိန်ဖြုန်းဆော့ကစားရသည်ကိုသာစွဲလမ်းနေ၏ ။ လင်ပန့်ရှက ခရီးထပ်ထွက်တော့မည့်အကြောင်းကြားသောအခါ မနာလိုနေသောမျက်နှာပေးဖြင့်ခါးသီးစွာပြောလိုက်သည် ။


" မင်းက စုန့်ကောနဲ့အတူတူခရီးထွက်ပြန်ပြီလား ... ငါကိုတောင်လိုက်ဖို့မခေါ်ဘူး  "


လင်ပန့်ရှ : " နောက်တစ်ခေါက်ကျရင်ငါမင်းကိုတကယ်အတူတူခေါ်သွားပါ့မယ်ကွာ ... ဒီရက်တွေအတွင်းရှောင်ကူ နဲ့ကစားနေရတာကိုပဲမင်းပျော်နေတာမဟုတ်ဘူးလား "


သူ့အားခေါ်မသွားချင်သောကြောင့်အကြောင်းပြချက်များပေးနေသည့် လင်ပန့်ရှ၏ ဝတ်ကျေတန်းကျေစကားများကိုကြားသောအခါ ကျိလဲ့ရွှေက ဒေါသတကြီးဖြင့်


 " အခုတော့ငါ့ရဲ့အဓိရည်ရွယ်ချက်ကပျော်ရွှင်ဖို့ဖြစ်သွားပြီ ရှောင်ကူက ငါ့ကိုအပြင်ထွက်ပြီးသူငယ်ချင်းများများထားဖို့တိုက်တွန်းနေတာ ... ပိုက်ဆံမရှိလို့ပေါ့ ... ပိုက်ဆံသာရှိမယ်ဆိုရင် ဘယ်သူကခရီးမထွက်ဘဲနေမှာလဲ "


လင်ပန့်ရှက " ငါ့ကောင်ဒါတော့ငါနားလည်တယ် "ဟုပြောရင်း ကျိလဲ့ရွှေ၏ ပုခုံးအားပုတ်လိုက်သည် ။


နားလည်နေခြင်းတစ်ခုတည်းကအသုံးမဝင်ပါချေ ။ ပကျီပကျီလုပ်တတ်သောကြက်ကလေးကျိလဲ့ရွှေက ခရီးအတူသွားမည်ဟုစိတ်ပိုင်းဖြတ်ကာအော်ဟစ်နေသော်လည်းနောက်ဆုံး၌နေခဲ့ရရှာသည် ။

 

ခရီးစဥ်မှာအလျှင်စလိုဖြစ်သွားရသဖြင့်ခရီးသွားလမ်းညွှန်စာအုပ်ကိုဖတ်ရန်လင်ပန့်ရှထံတွင်အချိန်မရှိခဲ့ပါ​​ချေ ။ ထို့ကြောင့် စုန့်ချင်းလော်ကသာသူ့အားဦးဆောင်ခေါ်သွားရ၏ ။ စုန့်ချင်းလော်အား ကြည့်ရသည်မှာဤနိုင်ငံနှင့်အတော်လေးရင်းနှီးပုံပင် ။ ရုရှားနိုင်ငံနှင့်ပက်သက်၍ လင်ပန့်ရှပထမဦးဆုံးစသိခဲ့ရသည်မှာ ရုရှားလူမျိုး၂၀၀ကျော်နှင့်ထောင်ချီသောအခြားသူများကြားပဋိပက္ခဖြစ်ပွားသောသတင်းမှတစ်ဆင့်ဖြစ်သည် ။ ထိုသတင်းကအမှန်ပင်အူကြောင်ကြောင်နိုင်လှပြီး အမေရိကန်ပိုင်သတင်းဌာနတစ်ခုကထုတ်လွှင့်ခဲ့ခြင်းဖြစ်သော်ကြောင့် နှစ်နိုင်ငံမှာအမြဲတမ်းယှဥ်ပြိုင်တိုက်ခိုက်နေကြသောနိုင်ငံများဖြစ်ကြောင်းမြင်သာ၏ ။

 

အလုပ်သို့အမြန်ခွင့်တင်ပြီးနောက် အထုပ်များကိုအမြန်ထုပ်ပိုးကာ စုန့်ချင်းလော်၏ အမြန်ဆွဲခေါ်မှုဖြင့်လေဆိပ်သို့ရောက်လာခဲ့သည် ။ မူလအစီအစဥ်အရဆိုလျှင် သူနှင့်စုန့်ချင်းလော်တို့နှစ်ဦးသာအတူတူသွား​ကြမည်ဖြစ်သော်လည်း လီရီကပါလေဆိပ်တွင်ရောက်နေလိမ့်မည်ဟုထင်မထားမိခဲ့ချေ ။

 

လီရီမှာအလွန်အရပ်ရှည်လှသည် ။ နှစ်မီတာနီးနီးရှည်လျားသောအရပ်ကြောင့် လူအုပ်ကြီးထဲတွင်ထင်းထွက်နေ၏ ။ ဖုန်းကိုသာသည်းကြီးမည်းကြီးစူးစိုက်ကြည့်နေသော်လည်း သူ၏မြစိမ်းရောင်မျက်ဝန်းများ​မှာအေးစက်ရုံသာမက ဂရုမထားဟန်လည်းအပြည့်ဖြစ်နေ၏ ။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပေါင်းသင်းခက်ဆံရခက်ခဲ့လိမ့်မည်ဟုထင်ရသည် ။ အတိအကျပြောရမည်ဆိုလျှင် ကြည့်ရသည်မှာ စုန့်ချင်းလော်၏ အကျင့်စရိုက်နှင့်အလွန်ဆင်တူ၏ ။


စုန့်ချင်းလော်က လီရီအားအရင်စတင်နှုတ်ဆက်လိုက်သောအခါ လီရီကလည်းသူတို့နှစ်ဦးအားပြန်လည်နှုတ်ဆက်ရင်းပြောလာသည် ။


" သွားကြမယ်လေ "


စုန့်ချင်းလော်လည်း ပြန်လည်ခေါင်းညိမ့်ပြလိုက်၏ ။


ဤသည်မှာ လင်ပန့်ရှ အတွက်ပထမဆုံးအကြိမ်လေယျာဥ်စီးခြင်းပင် ။ လေယျာဥ်ပေါ်မတက်ခင်က "  ပထမဆုံးအကြိမ်လေယျာဥ်စီးဖူးသည့်မပေါ်အောင် မည်ကဲ့သို့ပြုမူနေထိုင်ရမည်နည်း " ဟူသောအချက်များကိုပင်အင်တာနက်ပေါ်တွင်တကူတကသွားရှာလိုက်သေး၏ ။ သို့သော်လည်း ထိုအချက်များကအသုံးမဝင်လိုက်ပါချေ ။ အဘယ့်ကြောင့်ဆိုသော် စုန့်ချင်းလော်က ဝန်ထမ်းများကိုတိုက်ရိုက်ဆက်သွယ်ကာစစ်ဆေးရေးဂိတ်ကိုပင်မဖြတ်ဘဲအထူးလိုင်းသို့တိုက်ရိုက်သွားလိုက်သောကြောင့်ပင် ။



သူတို့စီးနင်းသောလေယျာဥ်မှာကိုယ်ပိုင်လေယျာဥ်ဖြစ်သောကြောင့် တစ်စီးလုံးပေါ်တွင်သူတို့သုံးဦးသာရှိ၏ ။ လင်ပန့်ရှက ပြတင်းပေါက်နားရှိထိုင်ခုံကိုရွေးချယ်လိုက်ပြီးနောက် အပြင်ဘက်သို့သိလိုစိတ်ပြင်းပြစွာဖြင့်တောင်ကြည့်မြောက်ကြည့်လုပ်နေလေသည် ။ စုန့်ချင်းလော်နှင့် လီရီတို့မှာမူအချက်အလက်များအကြောင်းဆွေးနွေးနေကြလေသည် ။ စုန့်ချင်းလော်က လီရီကိုသတင်းအချက်အလက်များအကြောင်းမေးသောအခါ လီရီကလက်ဖြန့်၍


 " မသိဘူး "


စုန့်ချင်းလော်က မျက်မှောင်ကျုံ့၍


" မသိဘူးဟုတ်လား ဘာအဓိပ္ပာယ်လဲ " 


" တကယ်တော့ အမှန်တရားတစ်ခုမှမပါဘူး အခြေအနေကိုသတင်းပို့ခဲ့တာက မေလ၈ရက်နေ့ ... နှစ်ရက်ကြာတော့ လီစုကအဖွဲ့ကိုဦးဆောင်ပြီးဝင်သွားခဲ့တာ ... လက်ရှိမှာအဲ့နယ်မြေရဲ့ခန့်မှန်းခြေအကျယ်အဝန်းကိုပဲသိနိုင်သေးတယ် အထဲကအခြေအနေကိုဘာမှမသိရသေးဘူး "


စုန့်ချင်းလော် : " ဒါဆိုရင် လီစုရဲ့ဗီဒီယိုတွေကတစ်ခုထက်မကရှိတာပေါ့ "


" မဟုတ်ဘူး ... ကော်ပီကူးထားတဲ့တစ်ခုကလွဲရင်တခြားအချက်အလက်ဘာမှမရှိတော့ဘူး "


စုန့်ချင်းလော် တိတ်ဆိတ်သွား၏ ။


လင်ပန့်ရှ နားမလည်သော်လည်းမေးခွန်းထမေးရန်အတွက်မူရှက်နေလေသည် ။ နောက်ဆုံးတွင် စုန့်ချင်းလော်က လီရီအား အခြေအနေအသေးစိတ်ကိုရှင်းပြရန်ပြောသောအခါမှသာ ကိစ္စတစ်ခုလုံး၏အကြောင်းအရာအချို့ကိုသဘောပေါက်သွား၏ ။


 မေလအစောပိုင်းတွင် ရုရှားနိုင်ငံ အနောက်ဆိုက်ဘေးရီးယားလွင်ပြင်၏ အလယ်ပိုင်းဒေသတွင် လေဟာနယ်ကြီးတစ်ခုပေါ်လာပြီး အတွင်းတွင် လူနှင့်တိရစ္ဆာန်များစွာပျောက်ဆုံးသွားခဲ့သည်။  ရုရှားနိုင်ငံသည်ကျယ်​ဝန်းသော်လည်းလူဦးရေနည်းပါးသောကြောင့်ဤကဲ့သို့သောအခြေအနေသည် မည်သည့်အချိန်ကတည်းကစတင်ခဲ့သည်ကို မည်သူမျှအတိအကျမသိနိုင်ခဲ့ပေ ။  အတိုချုပ်ပြောရမည်ဆိုလျှင်မေလအစောပိုင်းကာလများအထိ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသော်လည်း ပထမဦးဆုံးသတိထားမိသွားကြသူများမှာတာဝန်ကျရဲသားနှစ်ဦးဖြစ်သည် ။

  

သူတို့နှစ်ဦးထဲမှတစ်ဦးက နယ်မြေအထဲဝင်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည် ။ ကျန်ရစ်ခဲ့သူတစ်ဦးသည်လည်းအခြေအနေများကတစ်ခုခုမူမမှန်တော့ကြောင်းသတိထားမိသွားသဖြင့်အထက်အာဏာပိုင်များထံသို့သတင်းပေးပို့ခဲ့ခြင်းဖြစ်သည် ။ ထိုအချိန်မှစ၍ဤထူးဆန်းသောနယ်မြေကိုစတင်တွေ့ရှိခဲ့ခြင်းပင် ။


အနည်းဆုံးနှစ်လကြာသည့်တိုင်ထိုဒေသတွင်နေထိုင်သောသူများနှင့်အဆက်အသွယ်ပြတ်တောက်နေသည့်အပြင် အတွင်းအပြင်ဆက်သွယ်ခြင်းလည်းမရှိချေ ။ ထိုသူအားလုံးသည်အကြောင်းအရင်းမရှိဘဲထူးဆန်းစွာပျောက်ဆုံးသွားကြပုံပေါ်နေ၏ ။

  

ကနဦးတွင် ရဲဌာနမှစုံစမ်းရန်အတွက်တပ်သားများစေလွှတ်ခဲ့သော်လည်းမကြာမှီအချိန်အတွင်းမှာပင်တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်းသတိထားမိသွားကြသည် ။ အထဲသို့ဝင်သွားသူတိုင်းပျောက်ဆုံးသွားကြရုံသာမက လျှပ်စစ်ပစ္စည်းကိရိယာများသည်လည်းပျက်စီးသွား၏ ။ နောက်ဆုံးထွက်လာရမည့်အချိန်သတ်မှတ်ထားသော်လည်း မည်သူကမျှပြန်ထွက်မလာကြတော့ချေ ။ အထဲသို့ဝင်သွားသူတိုင်းအဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားကြ၏ ။


ထိုသူများအားလုံးမှာ ရုတ်တရက်ကြီးသစ်တောထဲတွင်ပျောက်ကွယ်သွားကြသည် ။

 

အလွန်မူမမှန်တော့သောအခြေအနေများကိုသတိထားမိသွားပြီးနောက် အစိုးရဘက်မှအခြားသောအဖွဲ့အစည်းများထဲမှအကူအညီကိုစတင်တောင်းဆိုတော့သည် ။ ထို့ကြောင့် မေလ၁၀ရက်နေ့တွင် လီစုက အဖွဲ့ကိုဦးဆောင်၍ထိုနေရာသို့ဝင်သွားခြင်းဖြစ်၏ ။ သူပျောက်ဆုံးမသွားခင်အချိန်တွင် လင်ပန့်ရှ ကြည့်ခဲ့ရသောကြောက်မက်ဖွယ်ဗီဒီယိုကြီးကိုပို့ပေးခဲ့ခြင်းဖြစ်သည် ။ ပို့ပေးပြီးနောက်အပြင်လောကနှင့်လုံးဝအဆက်အသွယ်ပြတ်သွားခဲ့၏ ။


လီစု ဤဗီဒီယိုကိုတင်ခြင်းသည် သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာဖြစ်လိမ့်မည်မှန်းမည်သူမျှမထင်ခဲ့ချေ ။


ဗီဒီယိုထဲတွင်ပါဝင်သောအချက်အလက်များအရ သေဆုံးသွားသည့်မိန်းကလေးဖြစ်သော ဘာရှာလ်မှာ သုံးယောက်မြောက်သေဆုံးသူဖြစ်သည် ။ အထဲတွင်မည်ကဲ့သို့သောအရာများဖြစ်ပျက်နေလိမ့်မည်ကိုမှန်းဆရန်အလွန်ခက်ခဲလှ၏ ။


သို့သော်လည်း အထဲသို့ဝင်သွားသူတိုင်းတွင်သေခြင်းတရားမှလွတ်မြောက်ရန်အတွက် လမ်းကျဥ်းလေးတစ်လမ်းရှိနေနိုင်သေးသည် ။


လီရီက အခြေအနေများကိုရှင်းပြပြီးနောက် လင်ပန့်ရှ အားတစ်ချက်ကြည့်လိုက်သည် ။ လင်ပန့်ရှ ကြောက်လန့်တွန့်ဆုတ်ခြင်းမရှိဘဲအကြည့်များထဲတွင်ဤကဲ့သို့အကြောင်းအရာများကိုနားထောင်ရသည်အား အလွန်စိတ်ဝင်စားနေသည့်အကြောင်းအတိုင်းသားပေါ်လွင်နေ၏ ။ လင်ပန့်ရှက အလွန်စိတ်ဝင်စားဖို့ကောင်းသူတစ်ဦးဟု လီရီတွေးလိုက်မိသည် ။


" မင်းရဲ့တရုတ်အသံထွက်တကယ်ကောင်းတာပဲ " 


လီရီ၏ ပြောပြချက်ပြီးနောက် လင်ပန့်ရှက သက်ပြင်ူချ၍


" တရုတ်မှာနေတာဘယ်လောက်ကြာပြီလဲ "


" ရှစ်နှစ်ရှိပြီ " 


လေယူလေသိမ်းကိုနားထောင်ကြည့်မည်ဆိုပါက လီရီမှာဒေသခံတစ်ဦးစကားပြောနေသကဲ့သို့ပင် ။


" အိုး ... အရမ်းကြာနေပြီပဲ "


လီစု : " အင်း "


လီရီက စကားများများပြောတတ်သူမဟုတ်သောကြောင့် စုန့်ချင်းလော် ထက်ပင်တိတ်ဆိတ်၏ ။


စုန့်ချင်းလော် : " မင်းသိချင်တာတစ်ခုခုရှိသေးလား "


လင်ပန့်ရှ : " မရှိတော့ပါဘူး " 


ဤအရာများနှင့်ပက်သက်၍အရမ်းမကျွမ်းကျင်သောကြောင့် လီရီပြောပြသောအကြောင်းအရာများအရအနည်းနှင့်အများတော့နားလည်နေပြီဖြစ်သည် ။ ထိုမျှမက သူသိသည်ဖြစ်စေမသိသည်ဖြစ်စေ အထဲတွင်ဖြစ်ပေါ်လာမည့်အခြေအနေများကိုခန့်မှန်း၍မရနိုင်သဖြင့် မီးစင်ကြည့်ကရမည်သာဖြစ်၏ ။


သူတို့နေထိုင်သောမြို့မှ ရုရှားသို့ရောက်ရန်ရှစ်နာရီကြာလေယျာဥ်စီးရပြီးအချိန်ကွာခြားချက်မှာငါးနာရီဖြစ်သည် ။ သူတို့ရောက်သောအခါ ညနေလေးနာရီထိုးတော့မည်ပင် ။ လင်ပန့်ရှက လမ်းတစ်ဝက်တွင်အိပ်ပျော်သွားခဲ့သဖြင့် စုန့်ချင်းလော်က နှိုးလာ၏ ။


" ရောက်ပြီလား " 


အိပ်ချင်မူးတူးဖြစ်နေသဖြင့် အနည်းငယ်မူးဝေနေလေသည် ။


" အင်း ... ရောက်ပြီ " 


ခရီးဆောင်အိတ်များကိုသယ်လာပြီးနောက် လေဆိပ်တွင်သူတို့အားလာကြိုသည့်သူများနှင့်တွေ့ဆုံခဲ့ကြသည် ။ ထိုနှစ်ဦးကဒေသခံများဖြစ်ပုံရကာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးပင် ။ တရုတ်စကားမပြောတတ်သောကြောင့်နောက်ဆုံးတွင်ရွေးချယ်စရာမရှိတော့ဘဲ စကားနည်းသော လီရီကိုသာ စကားပြန်လုပ်ခိုင်း၍အချင်းချင်းမိတ်ဆက်လိုက်ကြသည် ။


ထိုနှစ်ဦး၏ အမည်များမှာအလွန်ရှည်လျားလှသောကြောင့် လင်ပန့်ရှမှာ အမည်အတိုကောက်များကိုသာမှတ်မိရှာ၏ ။ အမျိုးသားဖြစ်သူမှာ ဆာဂေး ဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ အိုင်ရီနာ ဖြစ်၏ ။


ဤသို့ဖြင့် လင်ပန့်ရှ၏ ရုရှားခရီးစဥ်လေးစတင်ခဲ့လေသည် ။



စာရေးသူမှာပြောစရာရှိပါတယ် :


လင်ပန့်ရှ :  ရှောင်ကူလေးကသာ တကျီကျီအော်နေတဲ့ကြက်ပေါက်လေးကိုထိန်းသိမ်းနိုင်တာ


ကျိလဲ့ရွှေ :  စုန့်ချင်းလော် တစ်ယောက်တည်းကသာအထီးကျန်နေတဲ့တစ်ကိုယ်တည်းသမားလေးကိုနှစ်သိမ့်ပေးနိုင်တာ 


စုန့်ချင်းလော် : လူသားမျိုးနွယ်ရဲ့သဘာဝကိုက မျိူးနွယ်တူအချင်းချင်းတိုက်ခိုက်နေကြတာလား ???



Translater - Mori ( 27 . 11 . 2023 ) 12 : 01 PM 



🐳❤️