.အခန်း - ၂၉
ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၂ ) ပထမပိုင်း
လေဆိပ်အပြင်ဘက်တွင်ကားနှစ်စီးစောင့်၏ ။ တစ်စီးမှာခရီးဆောင်အိတ်များသယ်ရန်အတွက်ဖြစ်သဖြင့် လင်ပန့်ရှနှင့်အခြားသူများကနောက်ကားတစ်စီးတွင်ဝင်ထိုင်လိုက်ကြသည် ။ ကားထဲသို့ရောက်သောအခါ လီရီက ရုရှားလူမျိုးအမျိုးသားနှင့်စကားပြောနေ၏ ။ လေထုအခြေအနေမှာအဆင်ပြေနေပုံရသည် ။ စုန့်ချင်းလော်က ဖုန်းကိုသာအာရုံစိုက်နေပြီးတစ်စုံတစ်ယောက်နှင့်ဆက်သွယ်နေပုံပေါ်၏ ။ လင်ပန့်ရှ တစ်ယောက်သာလုပ်စရာမရှိဖြစ်နေရှာသည် ။ ထို့ကြောင့် သမ်းဝေရင်းဖြင့်မိမိတို့သွားမည့်နေရာမှာမည်သည့်နေရာဖြစ်ကြောင်းနှင့်မည်မျှဝေးကြောင်းမေးမြန်းလိုက်၏ ။
" အဲ့ဒီနေရာကအရမ်းဝေးတယ် မနက်မိုးလင်းတဲ့အထိမောင်းရင်တောင်ရောက်မှာမဟုတ်သေးဘူး "
လီရီက လင်ပန့်ရှ၏ မေးခွန်းများကိုဖြေလိုက်သည် ။
" မြို့ထဲကနေမောင်းမယ်ဆိုရင်တောင်အနည်းဆုံးရှစ်နာရီကျော်ကြာတယ် အဲ့ဒီမှာညအိပ်မယ်ဆိုရင် တရုတ်မှာလိုလုံခြုံတာမဟုတ်ဘူး ညဘက်မှာဟိုဟိုဒီဒီလျှောက်သွားနေလို့မဖြစ်ဘူး "
လင်ပန့်ရှက နာနာခံခံဖြင့်ပြန်ဖြေလိုက်သောအခါ စုန့်ချင်းလော်က မေးလာပြန်၏ ။
" လီစုရဲ့သတင်းအခုထိမကြားရသေးဘူးလား "
လီရီက စကားနှစ်လုံးကိုခက်ခက်ခဲခဲအားယူ၍မပြောမှီတွင်ခဏမျှတိတ်ဆိတ်နေလေသည် ။
" ဟင့်အင်း "
စုန့်ချင်းလော် ဆက်မမေးပါတော့ချေ ။
တစ်နာရီခွဲမျှကြာသောအခါ ကားမြို့လယ်ခေါင်ရှိ B&B ဆိုင်ရှေ့တွင်ရပ်သွား၏ ။ လမ်းတစ်လျှောက်လုံး လင်ပန့်ရှသည် ရုရှားနိုင်ငံလမ်းများ၏အငွေ့အသက်ကိုအပြည့်အဝတွေ့မြင်ခဲ့ရသည် ။ ဤနိုင်ငံရှိအချိန်မှာ လှပသောအတိတ်နေ့ရက်များတွင်ရပ်တန့်အေးခဲနေပုံရလေသည် ။ အဆောက်အဦအများစုမှာရှေးဟောင်းအငွေ့အသက်များအပြည့်ဖြစ်နေသည့်အပြင် လမ်းများသည်လည်းအလွန်သန့်ရှင်းနေပါသော်လည်း ဖြတ်သွားဖြတ်လာများတော့သိပ်မရှိလှချေ ။ သူတို့မြို့ထဲသို့ရောက်သည့်အချိန်တွင်မိုးချုပ်နေပြီပင် ။ လီရီက သူ၏ခရီးဆောင်အိတ်ကိုဆွဲကာလျှောက်လမ်းတွင်ရပ်၍ လမ်းမီးတိုင်များကိုစိုက်ကြည့်နေ၏ ။ သူမည်သည့်အရာများကိုတွေးနေသနည်းမည်သူမျှမသိနိုင်ပေ ။
လင်ပန့်ရှက အခန်းထဲတွင်ပစ္စည်းများကိုနေရာချပြီးနောက် လီရီ၏ နောက်ကျောကိုကြည့်ကာ ဘေးသို့လျှောက်သွားလိုက်သည် ။ ထို့နောက်သူ၏အိတ်ကပ်ထဲမှဆေးလိပ်ဘူးကိုထုတ်ကာ
" ဆေးလိပ်သောက်ချင်လား "
လီရီက လင်ပန့်ရှ ကိုတစ်ချက်ကြည့်ပြီးနောက်ဆေးလိပ်ကိုယူကာကျေးဇူးတင်လိုက်သည် ။
" မင်းပြန်ရောက်တဲ့အချိန်ကတည်းကဆိုရင်ဘယ်လောက်တောင်ကြာနေပြီလဲ "
လင်ပန့်ရှမေးလိုက်၏ ။ ပြောရမည်ဆိုလျှင် လီစုနှင့်လီရီတို့နှစ်ဦး၏ဆက်ဆံရေးအကြောင်းကိုသူအလွန်သိချင်မိသည် ။ ဤလူနှစ်ဦးကြားတွင် ပုံပြင်များစွာရှိနေသည်ဟုခံစားနေရ၏ ။
" ၁၂ ကြာပြီ ... ငါခံစားရတာက ငါဘယ်တုန်းကမှပြန်မလာခဲ့ဘူးသလိုပဲ "
လင်ပန့်ရှ : " အိုး ... ငါလည်းအလုပ်ရကတည်းကတစ်ခါမှအိမ်မပြန်ဖြစ်သေးဘူး "
လင်ပန့်ရှကပြုံး၍
" ငါ့မိဘတွေကဆုံးသွားတာကြာပြီလေ ဒါကြောင့်မွေးရပ်မြေကိုမလွမ်းဘူး "
လီရီက ခဏမျှတိတ်ဆိတ်နေပြီးနောက်မှပြောလိုက်သည် ။
" ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ ... ငါလည်းမင်းလိုပဲ "
လင်ပန့်ရှ သည်လည်းအနည်းငယ်အံ့အားသင့်သွားရသည် ။
" ဒီနေရာမှာ ထိန်းချုပ်လို့မရတဲ့ ပရမ်းပတာကိစ္စတွေဖြစ်တော့ ငါ့မိဘတွေအသတ်ခံလိုက်ရတယ် လူသတ်သမားကိုအခုထိရှာမတွေ့သေးဘူး "
အခြားသူတစ်ယောက်၏ပုံပြင်ကိုပြန်ပြောပြနေသကဲ့သို့ လီရီမှာအလွန်တည်ငြိမ်နေ၏ ။
" အသက်ခြောက်နှစ်အရွယ်ကတည်းကမိဘမဲ့ဖြစ်ခဲ့ရတာ ဆွေမျိုးတွေလည်းမရှိဘူး အိမ်နီးနားချင်းတွေကျွေးတာနဲ့ပစ္စည်းတွေခိုးယူပြီးတော့ပဲအသက်မွေးခဲ့ရတာ "
လင်ပန့်ရှက ပြုံး၍
" ဒါဆိုရင်တော့ငါကမင်းထက်ကံကောင်းတယ်လို့ပြောရမယ် အနည်းဆုံးတော့ငါ့ရဲ့ဆွေမျိုးတွေကငါ့ကိုထမင်းတော့ကျွေးချင်ကြသေးတယ်လေ "
လီရီက ထပ်မဖြေတော့ဘဲ ဆေးလိပ်ကုန်အောင်သောက်ပြီးနောက် အိမ်ထဲသို့ဝင်သွားတော့သည် ။ အိမ်ထဲသို့မဝင်မှီတွင် သူကထိုည၏နောက်ဆုံးသောစကားများကိုပြောခဲ့၏ ။
" တကယ်လို့သာ မင်းကငါ့ထက်ပိုပြီးကံကောင်းတယ်ဆိုရင် ဒီနေမှာရှိနေမှာမဟုတ်ဘူး ... အဲ့ဒီအရာကဒီကိုလာနေပြီ "
လင်ပန့်ရှ အူလည်လည်ဖြစ်သွားပါသော်လည်း လီရီ၏စကားများကိုမငြင်းဆန်နိုင်ပါချေ ။ အချက်အလက်ကျကျပြောရမည်ဆိုပါက သူ၏ကံကောင်းမှုမှာ လီရီထက်သာသည့်နေရာမရှိပေ ။ သို့သော်လည်း ယခုမှစ၍သူမျှော်လင့်ထားသည်ထက်ပိုမိုကောင်းမွန်သောအရာများဖြစ်လာနိုင်တော့မည့်ပုံပင် ။ လင်ပန့်ရှက အမြဲတမ်းရောင့်ရဲလွယ်သောသူမျိုးဖြစ်ခဲ့သဖြင့်ရယ်မောကာ
" ငါ့အထင်ကတော့ အခုလိုလေးကလည်းအဆင်ပြေပါတယ်ကွာ "
ရုရှားနိုင်ငံ၏နွေရာသီမှာနောက်ကျတတ်သောကြောင့် မေလသို့ရောက်ပြီဖြစ်သည့်တိုင်နေရာတိုင်းတွင်လေအေးများတိုက်ခတ်နေ၏ ။
မနက်ခင်းစောစောတွင်လမ်းများအတွင်းလူစည်ကားလာပြီဖြစ်သဖြင့် လင်ပန့်ရှက စုန့်ချင်းလော် အခြားသူများနှင့်အတူမနက်စာစားရန်ထွက်လာလေသည် ။ စုန့်ချင်းလော်က မည်သည့်နေရာမှဝယ်လာမှန်းမသိရသော နို့အရသာရေခဲမုန့်ကိုယူ၍ လင်ပန့်ရှအား ပေးလိုက်သည် ။ လင်ပန့်ရှက အံ့အားသင့်စွာကြည့်နေပြီးနောက် ပျော်ပျော်ရွှင်ရွှင်ဖြင့်စတင်စားသောက်တော့သည် ။
စုန့်ချင်းလော် : " ဒီနေရာကနို့ထွက်ပစ္စည်းတွေရဲ့အရည်အသွေးကအရမ်းကောင်းတယ် "
" အရမ်းအရသာရှိတာပဲ "
လင်ပန့်ရှက လီရီအားမေးလိုက်သည် ။
" မင်းရောစားချင်သေးလား "
လီရီက စိတ်ဝင်စားမှုမရှိသည့်ပုံဖြင့်ခေါင်းခါပြလိုက်သည် ။ အိုင်ရီနာနှင့် ဆာဂေး တို့သည်လည်းပြုံးကာငြင်းဆန်ကြ၏ ။ သူတို့ခံစားမိသည်မှာ စုန့်ချင်းလော် နှင့်လင်ပန့်ရှ တို့နှစ်ဦးက ဤနေရာသို့တာဝန်ထမ်းဆောင်ရန်လာရောက်ခြင်းမဟုတ်ဘဲ အပန်းဖြေအနားယူရန်လာရောက်ပျော်ပါးနေကြသကဲ့သို့ပင် ။
ရေခဲမုန့်စားပြီးနောက် လင်ပန့်ရှက ကားပေါ်သို့စိတ်ကျေနပ်စွာဖြင့်တက်သွားကာ သူတို့ဦးတည်ထားသည့်နေရာသို့စတင်ထွက်ခွာကြတော့သည် ။
ဤကြီးမားသောနိုင်ငံကြီးမှာ လူဦးရေဆိုလျှင် ၁၄၀မီလီယမ်သာရှိပြီ နေထိုင်သောနေရာအလိုက်လူဦးရေထူထပ်မှုလည်းကွာခြား၏ ။ ဆိုလိုသည်မှာမြို့များနှင့်ဝေးသောကျေးလတ်ဒေသများ၌ မြို့ထဲမှထွက်သည်နှင့်ကီလိုမီတာအနည်းငယ်အထိလူတစ်ဦးကိုပင်တွေ့နိုင်ရန်မလွယ်ကူချေ ။
ကားမှန်ပြတင်းအပြင်မှ မြင်ကွင်းများမှာဖြည်းဖြည်းမြို့ပြနှင့်ပိုမိုဝေးကွာလာပြီးနောက်ဆုံးတွင် မည်သည့်လူနေအဆောက်အဦကိုမှမမြင်ရတော့ပေ ။ ပတ်ဝန်းကျင်တစ်ခွင်လုံးသည် အဆုံးမဲ့သောသစ်တောများသာဖြစ်ပြီး ရံဖန်ရံခါတွင်လမ်းပေါ်၌ပြေးလွှားဆော့ကစားနေကြသောယုန်ငယ်လေးများကိုပင်တွေ့နေရ၏ ။
ကားအတွင်းရှိ လေထုမှာအလွန်တိတ်ဆိတ်နေပြီးမည်သူကမျှစကားပြောချင်စိတ်မရှိကြချေ ။
ရှစ်နာရီကျော်ကြာသည်အထိခရီးအရှည်ကြီးနှင်ပြီးနောက် ရည်မှန်းထားသည့်ပန်းတိုင်သို့ရောက်ရှိကြပြီဖြစ်သည် ။ ထိုနေရာအားရဲဌာန၏တားမြစ်တိပ်များဖြင့်ပတ်ကာထား၏ ။ သူတို့ကားပေါ်မှဆင်းလာသည်နှင့်တစ်ပြိုင်နက် ရဲအရာရှိများကနှုတ်ဆက်ရန်လာကြပါသော်လည်း ရုရှားစကားတစ်မျိုးတည်းကိုသာပြောဆိုကြသဖြင့် လင်ပန့်ရှ ခမျာတစ်လုံးမှနားမလည်လိုက်ရှာပါချေ ။
သူ့တွင်လုပ်စရာမရှိသောကြောင့် ဘေးပတ်ဝန်းကျင်ကိုသာလိုက်လံကြည့်ရှုနေလိုက်တော့သည် ။
ရွာတစ်ရွာ၏ ဝင်ပေါက်တစ်ခုဖြစ်ပုံရကာ တံတိုင်းဟုခေါ်ဆိုနိုင်သောကျောက်တုံးအနည်းငယ်သာဟိုဟိုဒီဒီထိုးထွက်နေ၏ ။ လူသူနှင့်အချိန်ကာလကြာမြင့်စွာကင်းကွာနေသောအငွေ့အသက်များကိုရရှိနေပြီး ထူးဆန်းသောစာသားများဖြင့်ရေးသားထားသောရွာထိပ်ရှိဆိုင်းဘုတ်ကြောင့်သာမဟုတ်လျှင်မည်သူမှသတိထားမိလိမ့်မည်မဟုတ်ပေ ။
ရဲဌာနဘက်မှကားလမ်းတစ်လျှောက်စည်းတားထား၏ ။ သို့သော်လည်း ကံမကောင်းစွာဖြင့်စည်းမှာအကွာအဝေးအနည်းငယ်အထိသာလုပ်ဆောင်နိုင်ခဲ့ပြီးနယ်မြေတစ်ခုလုံးကိုသတိပေးစာသားများလိုက်ကပ်ရန်အတွက်မူမစွမ်းသာခဲ့ချေ ။
လီရီသည် တာဝန်ခံနှင့်ဆယ်မိနစ်ကျော်စကားပြောပြီးနောက်ပြန်လာကာ နေ့လည်တွင်ဝင်သွား၍ရပြီဖြစ်ကြောင်းပြော၏ ။ သို့သော်ထိုနေရာတွင်စောင့်ကြပ်နေသည့်တာဝန်ကျရဲသားများကမူ အထဲတွင်ဖြစ်ပျက်လာမည့်အရာများကိုကြိုတင်မှန်းဆ၍မရနိုင်သည့်အပြင် မည့်သည့်အရာများကစောင့်ကြိုနေကြောင်းမသိနိုင်သောကြောင့် နောက်တစ်နေ့နံ့နက်ခင်းတွင်သွားသည်ကသာအကောင်းဆုံးဖြစ်လိမ့်မည်ဖြစ်ကြောင်းအကြံပေးကြသည် ။
စုန့်ချင်းလော်က လီရီကိုကြည့်လိုက်ကာ
" မင်းဘယ်လိုထင်လဲ "
လီရီ : " ကျွန်တော်ခဏနေအရင်ဝင်သွားလိုက်မယ် ... ခင်ဗျားကနည်းနည်းလေးပိုပြင်ဆင်လာခဲ့ "
စုန့်ချင်းလော် : " မင်းနဲ့အတူလိုက်ဖို့ မှတ်တမ်းတင်သူဘယ်နှယောက်ထည့်ပေးလိုက်ရမလဲ "
" ကျွန်တော်တစ်ယောက်တည်းရပါတယ် ... သူတို့ ခင်ဗျားနဲ့အတူတူလိုက်လာတာကပိုလုံခြုံလိမ့်မယ် "
စုန့်ချင်းလော် ကခဏမျှစဥ်းစားပြီးနောက်
" ဒါဆိုလည်းသွားလေ ... နောက်ကျပြီးမနက်ဖြန်မှဝင်မယ်ဆိုရင်တောင်အခြေအနေတွေကပိုကောင်းလာမယ်လို့အာမခံနိုင်တာမှမဟုတ်တာ စောစောဝင်သွားတာကပိုကောင်းမဲ့အခွင့်အရေးတွေရှိနေနိုင်တာပဲလေ "
လီရီလည်းသဘောတူ၏ ။
ထို့နောက်လူအများအပြားက ခရီးဆောင်အိတ်များကိုစတင်ပြင်ဆင်ကြစဥ်တွင် လီရီ့အိတ်ထဲ၌သေနတ်တစ်လက်တွေ့သောကြောင့် လင်ပန့်ရှ အလွန်အံ့သြသွားရသည် ။
လင်ပန့်ရှ၏ အထူးတဆန်းဖြစ်နေသောအမူအယာကိုမြင်သောအခါ လီရီက ဤနိုင်ငံတွင်သေနတ်ကိုင်ဆောင်ကြသည်မှာတရားဝင်ကာပုံမှန်ဖြစ်ကြောင်းနှင့် အထဲတွင်ဝက်ဝံများသာမကတောဝက်ကဲ့သို့သောတောရိုင်းတိရစ္ဆာန်များရှိသဖြင့် မိမိကိုယ်ကိုကာကွယ်ရန်အတွက်ယူဆောင်သွားရခြင်းဖြစ်ကြောင်းရှင်းပြလေသည် ။
သို့သော်လည်း လင်ပန့်ရှသည် သေနတ်ပစ်မလေ့ကျင့်ဖူးသောကြောင့် အခြားသောလက်နက်များကိုသာယူဆောင်ရ၏ ။
လင်ပန့်ရှက ခေါင်းညိမ့်လိုက်ကာထိုကိစ္စကိုမကန့်ကွက်ပါချေ ။
ခရီးအတွက်လိုအပ်သောပစ္စည်းများကိုထုပ်ပိုးပြီးနောက် သူတို့နှင့်အတူလိုက်မည့်မှတ်တမ်းတင်သူများနှင့်တွေ့ဆုံကြသည် ။ မှတ်တမ်းတင်သူသုံးယောက်ပါရှိမည်ဖြစ်ပြီး နှစ်ဦးမှာသူတို့အားမနေ့ကလာခေါ်သောအိုင်ရီနာနှင့်ဆာဂေးတို့ဖြစ်ကြကာ နောက်ထပ်ငယ်ရွယ်သောယောက်ျားလေးဖြစ်သူမှာ အဲလက်စ် ဖြစ်သည် ။
အဲလက်စ်၏တရုတ်စကားပြောဆိုနိုင်စွမ်းမှာအလွန်ကောင်းမွန်သဖြင့် ဤခရီးအတွက်အထူးရွေးချယ်ခံထားရပုံပင် ။ သူ့တွင်လှပသောအနီရောင်ဆံပင်များရှိပြီးတက်ကြွသောရုရှားကောင်လေးတစ်ဦးဖြစ်သည် ။ လင်ပန့်ရှ တို့နှင့်တွေ့သည်နှင့် လှပသောရုရှားနိုင်ငံမှကြိုဆိုပါသည်ဟု တရုတ်လိုကျွမ်းကျွမ်းကျင်ကျင်ပြောလာ၏ ။
လိုအပ်သောပစ္စည်းများအားလုံးနှင့် ပစ္စည်းများချို့ယွင်းချက်ရှိမရှိစစ်ဆေးပြီးနောက် စုန့်ချင်းလော် ကအိတ်ကပ်ထဲမှအံစာတုံးနှစ်တုံးကိုထုတ်ယူလိုက်သည် ။ တစ်တုံးမှာအဖြူရောင်ဖြစ်ပြီး ကျန်တစ်တုံးမှာအနက်ရောင်ပင် ။ စုန့်ချင်းလော်က လီရီက အံစာတုံးများကိုမျက်စပစ်ပြကာအချက်ပြလိုက်သည် ။
လီရီက အိုင်ရီနာနှင့်ဆာဂေးတို့အနားကပ်ကာတစ်ခုခုကိုတီးတိုးပြောလိုက်၏ ။ သူတို့နှစ်ဦးကတစ်ယောက်ချင်းစီ အံစာတုံးများကိုပစ်လိုက်ပြီးနောက် စိတ်ခံစားချက်နံပါတ်များကိုမှတ်သားလိုက်ကြသည် ။
ထို့နောက် အဲလက်စ်၏အလှည့်ပြီးနောက် လီရီနှင့်စုန့်ချင်းလော်တို့အသီးသီးပစ်လိုက်ကြသည် ။ လင်ပန့်ရှ ၏အလှည့်သို့ရောက်သောအခါ စုန့်ချင်းလော်က အံစာတုံးများကိုပြန်သိမ်းလိုက်ကာ လင်ပန့်ရှကို အံစာပစ်ခွင့်မပေးပါချေ ။
" သူကလုပ်ဖို့မလိုဘူးလား "
အဲလက်စ် ကမှတ်တမ်းတင်ခြင်းကိုရပ်တန့်ကာမေးလိုက်သည် ။
" သူလုပ်ဖို့မလိုဘူး "
စုန့်ချင်းလော်က ဘာကြောင့်ဟူ၍မရှင်းပြဘဲပြောလိုက်သည် ။
အဲလက်စ်က မေးခွန်းမေးရန်တုံ့ဆိုင်းနေလေ၏ ။ သို့သော်လည်း အိုင်ရီနာနှင့်ဆာဂေးတို့ကိုကြည့်လိုက်သောအခါ တစ်ယောက်မှစပ်စုလိုစိတ်မရှိသောကြောင့် ဘာမှမဆက်မမေးတော့ဘဲမှတ်စုစာအုပ်တွင်သာ လူများစွာ၏အချက်အလက်များကိုမှတ်တမ်းတင်နေတော့သည် ။ ပြောရမည်ဆိုလျှင်ဤတစ်ကြိမ်က သူအလုပ်လက်ခံရမည့်အလှည့်မဟုတ်ပါချေ ။ ကံကောင်းစွာဖြင့် သူ၏တရုတ်စကားပြောကောင်းမွန်မှုမှာအားသာချက်တစ်ခုဖြစ်သွား၏ ။ ကြီးကြပ်သူနှစ်ဦးမှာတရုတ်လူမျိုးများဖြစ်သောကြောင့် အခြားသူများကိုကန်ထုတ်ကာ သဘောတူစာချုပ်တွင်လက်မှတ်ထိုးနိုင်ခဲ့သည် ။
ဤခရီးစဥ်ကအလွန်အန္ဒရာယ်များကြောင်း သူကိုယ်တိုင်လည်းသိပါ၏ ။ မဟုတ်ပါက ခရီးစဥ်အတွက်ငွေကြေးကိုတစ်မီလီယံကျော်သည်အထိပေးထားမည်မဟုတ်ချေ ။ မည်သို့ပင်အန္ဒရာယ်များသည်ဖြစ်စေ သူအလွန်အမင်းပိုက်ဆံလိုအပ်နေ၏ ။
မှတ်တမ်းတင်ပြီးနောက် လူခြောက်ဦးကကားနှစ်စီးခွဲ၍ထွက်ခွာကြ၏ ။ တားမြစ်စည်းများကိုဖြတ်ကျော်ပြီးနောက်လမ်းမတစ်လျှောက်ရွာဆီသို့ဦးတည်မောင်းနှင်သွားကြတော့သည် ။
လင်ပန့်ရှက လူသားများ၏လှုပ်ရှားမှုများရှိသောနေရာများကိုအကြမ်းဖျင်းမှတ်တမ်းတင်ထားသောမြေပုံကြမ်းကိုလက်ထဲတွင်ကိုင်ကာကြည့်နေ၏ ။ မှတ်သားထားသောနေရာလေးမှာသေးငယ်လှသောကြောင့်ဤနယ်မြေအတွင်းတွင် လူများစွာမနေထိုင်ကြသည်မှာသိသာထင်ရှားသည် ။ ဤသည်ကလည်းကောင်းသောအချက်တစ်ခုပင် ။ လက်ရှိဖြစ်ပျက်နေသောအခြေအနေများအရ နယ်မြေအတွင်းနေထိုင်သောဒေသခံများ၏အခြေအနေမှာကောင်းလိမ့်မည်ဟုမျှော်လင့်၍မရနိုင်ပေ ။
လူသူကင်းမဲ့သောကွင်းပြင်တစ်ခုလုံးတွင် အပင်ရှည်များမရှိပေ ။ ထို့ကြောင့် လေပြင်းများမှာဖုန်မှုန့်နှင့်သဲများရောနှောလျှက်လူတို့၏ မျက်နှာထက်သို့တည့်တည့်တိုက်ခတ်တော့သည် ။
စုန့်ချင်းလော်က ကားထဲတွင်ထိုင်လျှက်လက်ထဲရှိဆက်သွယ်ရေးကိရိယာကိုသာစိုက်ကြည့်နေလေသည် ။ အံသြစရာမရှိစွာပင် တားမြစ်ထားသောနေရာမှသုံးကီလိုမီတာကျော်မောင်းနှင်လာပြီးသောအခါ ဖုန်းလိုင်းများမှာမိတစ်ချက်မမိတစ်ချက်ဖြစ်လာ၏ ။
" မင်းဒီကိုရောက်တာဘယ်လောက်ကြာပြီလဲ "
အဲလက်စ်က ပါးနပ်သောလူငယ်လေးတစ်ယောက်ဖြစ်သည် ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် စုန့်ချင်းလော်နှင့် လီရီတို့နှစ်ဦးက ပေါင်းသင်းဆက်ဆံရခက်ခဲမည့်ပုံပေါ်နေသောကြောင့် လင်ပန့်ရှ ထံသို့သာလာ၍စပ်စပ်စုစုဖြင့်စကားလမ်းကြောင်းစနေတော့သည် ။
လင်ပန့်ရှ : " ငါရုရှားကို မနေ့ကနေ့လည်ကမှရောက်တာ "
အဲလက်စ် : " အိုး ... အရမ်းမြန်တာပဲ အဆက်အသွယ်ပြတ်သွားတဲ့အဖွဲ့ထဲကလူတစ်ယောက်ယောက်နဲ့များမင်းသိလို့လား "
လင်ပန့်ရှ : " အင်းသိတယ် ... အဖွဲ့ထဲမှာငါသူငယ်ချင်းတစ်ယောက်ပါတယ် "
အဲလက်စ် အံ့သြသွားရသည် ။
" တကယ်ကြီး မင်းသူငယ်ချင်းကအဖွဲ့ထဲမှာရှိတာပေါ့ ... သူအဆင်ပြေရဲ့လား ... ဒါပေမဲ့မင်းကိုကြည့်ရတာကြောက်နေတဲ့ပုံလည်းမပေါ်ဘူး "
လင်ပန့်ရှ ထူးဆန်းသလိုခံစားလိုက်ရသည် ။
" မင်းကြောက်လို့လား ... ဒါဆိုဘာလို့ဒီတာဝန်ကိုလက်ခံခဲ့တာလဲ "
အဲလက်စ်ကပြုံး၍
" လစာကအရမ်းများလို့လေ "
လင်ပန့်ရှ သူ့ကိုယ်သူပြန်တွေးမိသွားကာ သူနှင့် အဲလက်စ်တို့နှစ်ဦးမှာအနည်းနှင့်အများတူညီသည်ဟုခံစားလိုက်ရသည် ။
တက်ကြွသောအဲလက်စ်နှင့်မတူညီစွာပင် အခြားရုရှားလူမျိုးနှစ်ဦးမှာအချိန်အကြာကြီးစကားမပြောဘဲတိတ်ဆိတ်နေကြ၏ ။ သူတို့တရုတ်စကားနားမလည်သောကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်၏ ။
ထိုနှစ်ဦးကလိုအပ်သောအခါမှသာ လီရီအားစကားပြော၏ ။ ထိုနှစ်ဦး၏အမူအယာများအရဤခရီးနှင့်ပက်သက်၍အကောင်းမြင်စိတ်မရှိကြသည်မှာထင်ရှားနေသည့်အပြင် မျက်မှောင်လည်းကျုံ့နေကြသေးသည် ။ စိတ်ညစ်နေကြရုံသာမက ဝမ်းနည်းနေဟန်လည်းပေါ်၏ ။
ဆယ်မိနစ်ကျော်မျှမောင်းနှင်ပြီးသောအခါ ကျက်တီးမြေပေါ်တွင်အချို့သောပြောင်းလဲသွားသည့်မြင်ကွင်းများကိုမြင်တွေ့လာရသည် ။ လမ်းဘေးတစ်လျှောက်အချို့သောနေရာများတွင် မြင့်မားသောထင်းရှုးပင်ကြီးများနှင့် ထင်ရှုးတောတန်းလေးများတဖြည်းဖြည်းပေါ်ထွက်လာ၏ ။
အချို့သောနေရာများတွင် သစ်တောငယ်လေးများသဖွယ်အပင်များစွာစုရုံးပေါက်ရောက်နေ၏ ။ မြေစိုက်အဆောက်အဦအချို့ကိုတွေ့လာရပြီး လမ်းအနည်းငယ်လျှောက်လိုက်ရုံမျှဖြင့် မကြာခင်ရွာတစ်ရွာသို့ရောက်လိမ့်မည်ဖြစ်ကြောင်းခန့်မှန်းလိုက်သည် ။
တောလမ်းဖြစ်သဖြင့်ကားမောင်းရန်အဆင်မပြေလှသောကြောင့် အနီးအနားတစ်နေရာတွင်ကားရပ်ပြီးနောက် သစ်တောလေးထဲသို့ဖြတ်လျှောက်ကြရမည်ဖြစ်သည် ။ သစ်တောလေးထဲတွင်ဖြတ်လျှောက်နေသည့်အချိန်၌ ဆာဂေးကလီရီနားကိုကပ်ကာတစ်ခုခုပြောလိုက်၏ ။ ထို့နောက် လီရီက စုန့်ချင်းလော်နှင့်လင်ပန့်ရှ တို့အားဘာသာပြန်ပေးသည် ။
" ဆာဂေးက မြေပေါ်မှာဝက်ဝံတစ်ကောင်ရဲ့အညစ်အကြေးတွေတွေ့တယ်လို့ပြောတယ် ... အနီးအနားမှာတခြားသားရိုင်းကောင်ကြီးတွေလည်းရှိနိုင်တယ် ... သတိထား "
ထိုသည်အားကြားသောအခါ လူတိုင်းသတိအပြည့်ဖြစ်သွားကြသည် ။
ဆယ်မိနစ်ကျော်လမ်းလျှောက်ပြီးနောက် ရင်တထိတ်ထိတ်နှင့်ပတ်ပတ်လည်ကိုသတိထားလာရသောတစ်ဖွဲ့လုံးမှာ တောအုပ်လေးကိုဖြတ်၍ရွာထဲသို့လုံလုံခြုံခြုံရောက်ရှိသွားကြသည် ။ ထိုသို့ဖြစ်သော်လည်း လူတိုင်းစိတ်အေးလက်အေးမဖြစ်သေးခင်မှာပင် ပို၍ကြောက်လန့်လာရ၏ ။
ရွာတစ်ရွာလုံး မူမမှန်သည့်တိတ်ဆိတ်ခြင်းမျိုးဖြင့်အလွန်တိတ်ဆိတ်နေ၏ ။ အိမ်တိုင်း၏တံခါးတို့သည်ဖွင့်လျှက်သားရှိနေကြသော်လည်း အိမ်ထဲတွင်နေထိုင်နေကြရမည့်ရွာသားများတစ်ဦးမှအိမ်ထဲတွင်မရှိကြပါချေ ။
လင်ပန့်ရှက အကုန်အလွတ်ဖြစ်နေကြောင်းအတည်ပြုရန်အတွက် အိမ်များ၏အခန်းများကိုလိုက်လံစစ်ဆေးလိုက်သည် ။
" လူတိုင်းပျောက်သွားကြပြီ "
" သဲလွန်စတစ်ခုခုရှိမလားလို့လိုက်ရှာကြည့်ရအောင် "
စုန့်ချင်းလော်က အမြန်အစီအစဥ်ချပေးလာ၏ ။
" မှတ်တမ်းတင်သူနဲ့စောင့်ကြည့်သူတွေကအတူတူအလုပ်လုပ်ရမယ် ... လုံးဝမခွဲကြနဲ့ "
လင်ပန့်ရှ ဒုတိယအကြိမ်မြောက်အလုပ်လုပ်ခြင်းဖြစ်သော်လည်း စောင့်ကြည့်သူတစ်ဦးဖြစ်သဖြင့် မှတ်တမ်းတင်သူတစ်ဦးဖြစ်သည့်အဲလက်စ်နှင့်အတူသွားရန်တာဝန်ပေးခြင်းခံရ၏ ။ အဲလက်စ်အပေါ် အမြင်ကောင်းရှိသောကြောင့် သူ့တွင်ငြင်းဆန်စရာမရှိပါချေ ။
ရွာလေးမှာသိပ်မကျယ်လှဘဲ အိမ်များသည်လည်းသစ်သားအိမ်များဖြစ်ကြသည် ။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်ရှေးဟောင်းအငွေ့အသက်များအပြည့်ရနေ၏ ။
အိမ်ထဲသို့လျှောက်ဝင်သွားသည်နှင့်တစ်ပြိုင်နက်အလွန်လှပသောသစ်သားအလှဆင်ပစ္စည်းများကို အရောင်အသွေးစုံလင်သောငှက်မွှေးများဖြင့်အလှဆင်ပြုပြင်ထားသည်ကိုမြင်ရလိမ့်မည် ။ လင်ပန့်ရှနှင့် အဲလက်စ်တို့မှာအနီးရှိအခန်းအတွင်းသို့ဝင်၍သဲလွန်စတစ်စုံတစ်ရာရရန်စစ်ဆေးကြည့်ပါသော်လည်း ဘာမျှမတွေ့ရချေ ။
" သူတို့အားလုံးဘယ်ရောက်သွားတာလို့ ခင်ဗျားထင်လဲ ... လူတစ်ယောက်မှမရှိဘူး ... တောရိုင်းတိရစ္ဆာန်ကြီးတစ်ကောင်ကောင်ရဲ့တိုက်ခိုက်တာခံရတာများဖြစ်နေမလား "
လင်ပန့်ရှ : " ဘယ်လိုတောရိုင်းတိရစ္ဆာန်မျိုးက လျှပ်စစ်ပစ္စည်းတွေရဲ့အချက်ပြစနစ်ကိုဖြတ်တောက်နိုင်မှာမို့လို့လဲ "
အဲလက်စ် : " အဲ့တာလည်းဟုတ်သားနော် "
သဲလွန်စရှာဖွေခြင်းနှင့် ပစ္စည်းများကိုမွှေနှောက်ရခြင်းမျိုးအားမနှစ်သက်သောကြောင့် ခဏမျှဟိုဟိုဒီဒီလျှောက်ကြည့်ပြီးနောက် ခွေးခြေခုံပုလေးပေါ်တွင်ထိုင်ကာ မှတ်စုစာအုပ်တွင်စတင်ရေးသားတော့သည် ။ သူ့အားကြည့်ရသည်မှာပျော်ရွှင်နေပုံရသော်လည်း မည်သည့်အရာများကိုရေးနေခြင်းဖြစ်သည်ကိုကားမသိရပါချေ ။
လင်ပန့်ရှက လီစု မည်သည့်နေရာတွင်ရှိနေခြင်းဖြစ်သည်ကိုအလွန်သိချင်နေရုံသာမက စိတ်ပူနေသောကြောင့် သဲလွန်စများကိုဖြစ်နိုင်သမျှအမြန်ရှာတွေ့ရန်လောကြီးနေ၏ ။ သို့သော်လည်း တစ်အိမ်လုံးနှံ့နှံ့စပ်စပ်ရှာဖွေပြီးသည့်တိုင်အသုံးဝင်သောအရာတစ်ခုကိုမျှမတွေ့ရသဖြင့်အပြင်ဘက်သို့ထွက်ကြည့်ရန်တွေးကာ အဲလက်စ်ကိုလည်းအတူတူလိုက်မည်လားဟုမေးလိုက်သည် ။
အဲလက်စ်က မတ်တပ်ထရပ်၍
" ဘယ်သွားမလို့လဲ အနီးအနားမှာဝက်ဝံတွေရှိနေနိုင်တယ်နော် "
လင်ပန့်ရှက စနောက်လာ၏ ။
" မင်းတို့လူမျိုးတွေကတစ်ခါတစ်လေမှာဝက်ဝံတွေကိုအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးကြတယ်မလား "
" အခုအဲလိုလုပ်လို့မရတော့ဘူး "
အဲလက်စ်က ပြတ်ပြတ်သားသားပြော၏ ။
" အခုဆိုရင် ဝက်ဝံတွေကိုအိမ်မှာမွေးတာကတရားမဝင်တော့ဘူး "
လင်ပန့်ရှ : " ဒီလိုသိတယ်ဆိုရင်မင်းကအရင်တုန်းကသေသေချာချာသင်ပြခံခဲ့ရတာဖြစ်လိမ့်မယ် "
အဲလက်စ် : " ဒါပေါ့ဗျ "
လင်ပန့်ရှ : "..." အိုကေ ... မင်းတို့အားလုံးကအရမ်းအံ့သြဖို့ကောင်းတာပဲ
အိမ်ထဲမှထွက်လာပြီးနောက် လင်ပန့်ရှနှင့်အဲလက်စ် တို့အနီးအနားပတ်ဝန်းကျင်တွင်လိုက်လံရှာဖွေကြပါသော်လည်း ဘာမျှမတွေ့ခဲ့ပေ ။ အခန်းတစ်ခန်းချင်းစီသည်မမျှော်လင့်ထားလောက်အောင်အလွန်သန့်ရှင်းသပ်ရပ်နေကာ ရုန်းရင်းဆန်ခတ်ဖြစ်ထားသောခြေရာလက်ရာတစ်ခုကိုမျှမတွေ့ရချေ ။ ဤနေရာတွင်နေထိုင်သောရွာသားများအားလုံး ဖုန်မှုန့်အဖြစ်ပြောင်းကာ လေယူရာလွင့်ပါသွားသကဲ့သို့ပင် ။ မည်သို့ပင်ဖြစ်စေ လင်ပန့်ရှ သတိထားမိသည့်တစ်ခုတည်းသောအရာမှာတစ်ရွာလုံးရှိမည်သည့်လျှပ်စစ်ပစ္စည်းမဆိုအသုံးပြု၍မရတော့ခြင်းဖြစ်သည် ။
အဲလက်စ် အခန်းတစ်ခန်းထဲသို့ဝင်လိုက်သောအခါ တီဗီမှလာနေသောအသံများကိုကြားလိုက်ရ၏ ။ အဲလက်စ်က လန့်ဖြပ်စွာဖြင့်သူ့ရင်ဘတ်သူပုတ်ကာ
" ဘာလို့ဒီတီဗီကပွင့်နေရတာလဲ "
လင်ပန့်ရှ : " အိမ်ပိုင်ရှင် ထွက်သွားတဲ့အချိန်တုန်းကမပိတ်ခဲ့မိတာဖြစ်မှာပေါ့ "
အဲလက်စ် : " အိုး ... ဒါဆိုရင်လည်း အိမ်ပိုင်ရှင်အိမ်ပြန်မလာတာကောင်းလိမ့်မယ် မဟုတ်ရင် မီတာခတွေကိုမြင်ပြီး အဲ့လူသေချာပေါက်ငိုမှာပဲ "
လင်ပန့်ရှ၏ အတွေးထဲတွင်မူ ဤညီငယ်လေးမှာအမှန်ပင်လူသားချင်းစာနာထောက်ထားစိတ်ရှိသည်ဟုတွေးမိနေတော့၏ ။
အချက်အလက်အချို့မှလွဲ၍ အခြားသောအသုံးဝင်သောအရာမတွေ့ခဲ့သဖြင့် လင်ပန့်ရှ အနည်းငယ်စိတ်ပျက်သွားသော်လည်း သူတတ်နိုင်သောအရာတစ်ခုမျှမရှိပါချေ ။ စုန့်ချင်းလော် ကိုအရင်သွားရှာပြီးနောက် လီရီ ၊ အခြားသူများ နှင့်ပြန်ဆုံကြသောအခါ သူတို့သည်လည်းပျောက်ဆုံးနေသောသူများနှင့်ပက်သက်သည့်အသုံးဝင်သောသတင်းအချက်အလက်တစ်ခုမှမရခဲ့ကြောင်းသိလိုက်ရသည် ။
" ဒါဆိုလည်းဒီနေ့တော့နားရအောင် ... မှောင်လာပြီ အပြင်မှာဆက်စုံစမ်းနေလို့မသင့်တော်ဘူး "
လီရီက စကားဝင်မပြောဘဲ ဆေးလိပ်ကိုသာတိတ်တဆိတ်သောက်နေတော့သည် ။
စုန့်ချင်းလော်က သူ့အားလျှစ်လျှူရှုကာ ရွာထဲမှအိပ်ခန်းများစွာပါဝင်သောအိမ်တစ်အိမ်ကိုရွေးချယ်လိုက်ပြီးနောက် တည်းခိုရန်နေရာအသီးသီးခွဲပေးလိုက်သည် ။ ညဘက်တွင်အရာအားလုံးသတိထား၍ဂရုတစိုက်နေကြရန်မှာရန်လည်းမမေ့ပါချေ ။
လီရီ : " ငါ့ကိုဂရုစိုက်စရာမလိုဘူး ... ဘာပဲဖြစ်ဖြစ်အိပ်ပျော်မှာလည်းမဟုတ်ဘူးလေ "
စုန့်ချင်းလော် : " မင်းညဘက်ကြီးမှာတောင်ဆက်ရှာဖို့ကြံနေတာလား "
" သူငါ့ကိုစောင့်နေတာ "
လီရီက တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလာကာ စုန့်ချင်းလော်နှင့် ငြင်းခုံရန်စိတ်ကူးရှိပုံလည်းမရချေ ။ သူ၏လေသံမှာခိုင်မာတည်ကြည်နေသောကြောင့် နှစ်သိမ့်စကားများပြောနေရန်ပင်မလိုအပ်ပါပေ ။
" ကောင်းပြီ "
စုန့်ချင်းလော်က လီရီအားစည်းရုံးခြင်းကိုရပ်တန့်လိုက်ပြီးနောက် အေးစက်စက်ပြောလာ၏ ။
" လီစု မင်းရဲ့ဆုံးဖြတ်ချက်ကိုသိသွားတဲ့အချိန်ကျရင် မင်းနောင်တမရဖို့ငါမျှော်လင့်မိတာပဲ "
လီရီက သူ၏မြစိမ်းရောင်မျက်ဝန်းများဖြင့် နင့်နင့်နဲနဲစိုက်ကြည့်လာ၏ ။
" အာရုဏ်တက်ရင်ငါသေချာပေါက်ပြန်လာမှာပါ "
စုန့်ချင်းလော် : " ငါလည်းအဲ့လိုပဲမျှော်လင့်ပါတယ် "
လီရီက စုန့်ချင်းလော်နှင့်စကားပြောပြီးနောက် တံခါးဖွင့်ကာထွက်သွားပြီးအမှောင်ထုထဲတွင်ပျောက်ကွယ်သွားတော့သည် ။
" နားကြရအောင် "
စုန့်ချင်းလော်က လီရီအကြောင်းထပ်ဂရုမစိုက်ပါတော့ချေ ။ ပုံမှန်ကဲ့သို့ပင် တံခါးပိတ်ပြီးနောက်အနားယူရန်အတွက်အိပ်ခန်းထဲသို့ဝင်ကာ အူလည်လည်ဖြင့်အချင်းချင်းကြည့်နေကြသောလင်ပန့်ရှနှင့်အခြားသူများအားချန်ရစ်ထားခဲ့တော့သည် ။
လီရီ ထွက်သွားခြင်းဆိုသည်မှာ အဖွဲ့ထဲတွင်စကားပြန်လုပ်ပေးမည့်သူမရှိတော့ဟုဆိုလိုခြင်းဖြစ်သည် ။ လင်ပန့်ရှက အိုင်ရီနာနှင့်ဆာဂေးတို့အား မကျွမ်းမကျင်ဖြင့် အင်္ဂလိပ်လိုနှုတ်ဆက်လိုက်သည် ။ ကံကောင်းစွာဖြင့် အဲလက်စ်က လင်ပန့်ရှအား ကူညီလာသောကြောင့် ရှက်စရာကောင်းသောလေထုအခြေအနေမှာအနည်းငယ်အဆင်ပြေသွားရသည် ။
Translater - Mori ( 29 . 11 . 2023 ) 8 : 05 PM