အခန်း - ၂၉ ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၂ ) ဒုတိယပိုင်း
Viewers 3k

.အခန်း - ၂၉ 

ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၂ ) ဒုတိယပိုင်း




ညနက်နေပြီဖြစ်သဖြင့် ပြတင်းပေါက်အပြင်ဘက်၌အမှောင်ထုသာကြီးစိုးနေ၏ ။ ညနက်သော်လည်း အဲလက်စ် အိပ်ချင်သည်ဟုမခံစားရပါချေ ။ အိပ်ရာပေါ်တွင်လှဲ၍အချိန်အတော်ကြာဟိုလှည့်ဒီလှည့်လုပ်ရင်း အိပ်မပျော်ပေ ။ နောက်ဆုံးတွင်သည်းမခံနိုင်တော့သောကြောင့် ဧည့်ခန်းသို့သွားရန်ထလိုက်သည် ။


ဧည့်ခန်းကသိပ်မကျယ်လှသည့်အပြင် နေရာတိုင်း၌လက်မူပညာပစ္စည်းများစွာဖြင့်ရှုပ်ပွနေ၏ ။ ဤရွာရှိအိမ်တိုင်းတွင် ထိုသည်ကပုံမှန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုဖြစ်ပုံရကာ အိမ်ထဲတွင်မည်မျှရှုပ်ပွနေသည်ဖြစ်စေကိစ္စမရှိပါချေ ။

 

အဲလက်စ်က ကြုံရာပစ္စည်းအချို့ကိုကောက်ယူကြည့်လိုက်သော်လည်းမည်သည့်သဲလွန်စကိုမှမတွေ့ရသဖြင့်ဘေးသို့ပစ်ထုတ်လိုက်သည် ။ ဖုန်းလိုင်းလည်းမမိသောကြောင့် အလွန်ပျင်းနေရ၏ ။ ထို့ကြောင့် ဆိုဖာပေါ်တွင်ထိုင်ကာရီမုကိုကိုင်၍နေ့လည်ကပွင့်လာသောတီဗီကြည့်ရန်အတွက်ပြင်လိုက်သည် ။

 

တီဗီဖန်သားပြင်သည် အကြိမ်ရေအနည်းငယ်တဖြပ်ဖြပ်လက်ပြီးနောက် ပုံသဏ္ဍာန်များစတင်ပေါ်ထွက်လာတော့သည် ။ အဲလက်စ်က ဆိုဖာပေါ်တွင်ထိုင်၍ တီဗီဖန်သားပြင်တွင်ပေါ်လာသောသရုပ်ဆောင်များကိုကြည့်ကာ ဤရုပ်ရှင်ဇာတ်လမ်းတွဲသည်အလွန်ပျင်းစရာကောင်းကြောင်းခံစားလိုက်ရသည် ။


ထို့ကြောင့် ရီမုကိုယူ၍ချန်နယ်အချို့ကိုပြောင်းကြည့်ရန်စိတ်ကူးလိုက်သည် ။ သို့သော်လည်း သူထင်မှတ်မထားမိသည်မှာအခြားချန်နယ်များကိုပြောင်းလိုက်သောအခါ ဖန်သားပြင်ပေါ်တွင်အဖြူနှင့်အနက်အစက်အပျောက်များသာပေါ်ထွက်လာ၏ ။ ဇာတ်လမ်းတွဲပြနေသော ချန်နယ်တစ်ခုတည်းသည်သာညနက်သည်အထိထုတ်လွှင့်ပုံရ၏ ။ 


အရမ်းပျင်းဖို့ကောင်းတာပဲ ... ဒီလိုဟာမျိုးကိုကြည့်တဲ့သူရောရှိပါ့မလား ?


 ဘာလို့အခုထိ အဲ့အစီအစဥ်ကမဖျက်သိမ်းရသေးတာလဲမသိဘူး ?


သို့သော်လည်း သူ့တွင်ရွေးချယ်စရာမရှိသဖြင့် ပျင်းပျင်းနှင့်သာထိုင်ကြည့်နေရတော့သည် ။


နွေဦးရာသီ၏ညများသည် အင်းစက်ကောင်များ၏အော်မြည်သံ ဖားများ၏အသံတို့ဖြင့်ဆူညံနေသင့်သည်ပင် ။ ထိုအသံများက သဘာဝတရားမှဖန်တီးထားသောအရာများဖြစ်၏ ။ သို့သော်လည်း ဤအချိန်တွင်တစ်ယောက်ယောက်က အပြင်ဘက်မှအသံများကိုအသံတိတ်ခလုတ်နှိပ်ထားသကဲ့သို့တီဗီမှထွက်ပေါ်လာသည့်အသံများမှအပ အခြားသောအသံများကိုမကြားရပါချေ ။

 

ရုပ်သံဇာတ်လမ်းတွဲကိုပြန်ကြည့်လိုက်သောအခါ အဲလက်စ် စိတ်မသက်မသာခံစားလိုက်ရသည် ။ သူ၏ထူးခြားသောမသိစိတ်မှအာရုံခံနိုင်စွမ်းကြောင့် မသက်မသာဖြစ်မှုကအကြောင်းပြချက်မရှိဘဲ ရုတ်တရက်ကြီးဖြစ်ပေါ်လာရခြင်းပင် ။ ထို့ကြောင့် တီဗီတွင်ပြသနေသော ရုပ်ရှင်ဇာတ်လမ်းတွဲကိုသာတစ်ဖန်ပြန်ကြည့်လိုက်သည် ။ ရုပ်သံဇာတ်လမ်းတွဲတွင် ဖခင်ကပုန်ကန်ကာမနာခံတတ်သောသမီးဖြစ်သူအားပြောဆိုဆုံးမနေသည့်အခန်းဖြစ်၏ ။ သူ့ရှေ့ရှိရုပ်ပုံများနှင့်ပက်သက်၍မှားယွင်းနေသောအရာမရှိသော်လည်း ထူးထူးခြားခြားပင် အဲလက်စ် မသက်မသာခံစားနေရ၏ ။


အဘယ့်ကြောင့်ဤသို့ခံစားနေရသည်ကိုမတွေးတတ်သောကြောင့် တီဗီ၏ပါဝါခလုတ်ကိုပြေးပိတ်လိုက်သည် ။ တီဖန်သားပြင်တစ်ခုလုံးမှောင်မိုက်သွား၏ ။


တီဗီမှအသံများရပ်တန့်သွားသောကြောင့် အခန်းထဲတွင်လည်းအချိန်ခဏကြာတိတ်ဆိတ်သွား၏ ။


အဲလက်စ် အိပ်ချင်စိတ်မရှိသေးပါသော်လည်း အိပ်ရာပေါ်တွင်သွားလှဲနေရန်ဆုံးဖြတ်လိုက်သည် ။ ထို့ကြောင့် ဆိုဖာပေါ်မှအမြန်ထကာ အိပ်ခန်းရှိရာသို့ပြေးသွားလေ၏ ။ ထမင်းစားခန်းအားဖြတ်သွားစဥ်တွင် မတော်တဆတီဗီပေါ်တွင်တင်ထားသောမိသားစုဓာတ်ပုံကိုတွေ့လိုက်ရသည် ။ မိသားစုဓာတ်ပုံတွင်လူငါးဦးပါဝင်၍ အားလုံးတောက်ပစွာပြုံးနေကြသည် ။ ပျော်ရွှင်နွေးထွေးသောမိသားစုဓာတ်ပုံတစ်ပုံဖြစ်သင့်၏ ။ သို့သော်လည်း ဓာတ်ပုံထဲမှသူများ၏မျက်နှာများကိုရှင်းရှင်းလင်းလင်းကြည့်လိုက်မိသောအခါ တစ်ယောက်ယောက်ကသူ့ခေါင်းအပေါ်ရေအေးများလောင်းချလိုက်သကဲ့သို့အေးစက်သွားရသည် ။ ဓာတ်ပုံထဲတွင်ပါဝင်သောလူတိုင်းကိုသူသိ၏ ။ ထိုမိသားစုမှာ ရုပ်မြင်သံကြားအစီအစဥ်တွင်ပြသနေသောဇာတ်လမ်းတွဲမှမိသားစုပင်ဖြစ်သည် ။ ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီကာကြက်သီးမွှေးညှင်းများထလာရသည် ။ ယခုလေးတင်ကြည့်ခဲ့သောရုပ်မြင်သံကြားဇာတ်လမ်းတွဲမှသရုပ်ဆောင်မိသားစုကိုတွေ့ခဲ့ရခြင်းဖြစ်သည်ဟု မတွေးမိရလောက်အောင် တုံးအသောသူတစ်ယောက်လည်းမဟုတ်ပါချေ ။


တုန်တုန်ရီရီဖြင့်နှုတ်ခမ်းများကိုကိုက်ကာ ဘေးအခန်းထဲသို့ပြေးဝင်သွားပြီး အိပ်ပျော်နေသော လင်ပန့်ရှ အားနှိုးလိုက်သည် ။



လင်ပန့်ရှ အိပ်ချင်မူးတူးဖြင့်မျက်လုံးဖွင့်လိုက်သောအခါ အဲလက်စ်၏ဖြူဖျော့နေသောမျက်နှာကိုတွေ့လိုက်ရသည် ။ ဘာဖြစ်နေသည်ကိုချက်ချင်းသဘောပေါက်သွားသဖြင့်မေးလိုက်၏ ။


" ဘာဖြစ်လို့လဲ "


" ကျွန်တော်ရွာသားတွေကိုရှာတွေ့ပြီထင်တယ် ... ခင်ဗျား ... တစ်ချက်လောက်လိုက်ကြည့်ချင်လား "


ဤမေးခွန်း၏အဖြေကိုဖြေရန်ပင်မလိုအပ်ပါချေ ။ လင်ပန့်ရှ အဲလက်စ်နောက်မှ ဧည့်ခန်းသို့ချက်ချင်းလိုက်ဝင်လာခဲ့သည် ။ သို့သော်လည်း သူတို့နှစ်ဦးတီဗီဖွင့်လိုက်သောအခါ ရုပ်မြင်သံကြားအစီအစဥ်ကပျောက်ကွယ်သွားသကဲ့သို့ အဖြူအမဲအစက်အပျောက်များစွာကိုသာမြင်တွေ့ရတော့၏ ။


" ကျွန်တော်တစ်ကယ်မြင်ခဲ့တာ ... ကျွန်တော်ထင်ယောင်ထင်မှာဖြစ်တာမဟုတ်ဘူး " 


အဲလက်စ်မှာ အနည်းငယ်ပူပန်နေရုံသာမက သူ့စကားများအားလင်ပန့်ရှ မရုံဘဲရူးနေသည်ဟုထင်မည်ကိုလည်းကြောက်နေ၏ ။


လင်ပန့်ရှက အဲလက်စထ၏ ပုခုံးကိုပုတ်၍


" ငါမင်းကိုယုံတယ် "


" အခုဘာဆက်လုပ်ကြမလဲ ... သူတို့တွေကဘာလို့တီဗီမှာပေါ်လာရတာလဲ "


သဘာဝကျကျပင်ထိုမေးခွန်းအား လင်ပန့်ရှ ပြန်မဖြေနိုင်ခဲ့ပါချေ ။ ခဏမျှစဥ်းစားပြီးနောက် တီဗီနားသို့သွားကာသေသေချာချာစစ်ဆေးလိုက်သည် ။ ဖန်သားပြင်ကိုအချိန်အတော်ကြာစိုက်မကြည့်ခြင်းကပိုကောင်း၏ ။ အလျှင်အမြန်ကြည့်လိုက်ပြီးနောက် သဲလွန်းအချို့ကိုတွေ့လိုက်ရသည် ။

 

တီဗီ၏အက်နေသောနေရာတစ်ခုမှ အနက်ရောင်အရည်များစိမ့်ထွက်နေသည်ကိုတွေ့လိုက်ရ၏ ။ တစ်ကြိမ်ကြည့်လိုက်သောအခါ ကွဲအက်ရာများကိုဖာထေးသည့်ကော်ဟုထင်ရသော်လည်း ညင်ညင်သာသာဖြင့်မာကျောသောအရာတစ်ခုခုနှင့်ထိုးကြည့်မည်ဆိုပါက ထိုအနက်ရောင်အရာများမှာပျော့ပြောင်းလျှက်ရှိကြောင်းတွေ့ရလိမ့်မည် ။


" အဲ့တာဘာတွေလဲ " 


အဲလက်စ်က တံတွေးမြိုချ၍


 " ဒါက ... တီဗီရဲ့အစိတ်အပိုင်းတစ်ခုလား "


လင်ပန့်ရှ ခံစားမိသည်မှာထိုအရာကတီဗီ၏အစိတ်အပိုင်းတစ်ခုလုံးဝမဖြစ်နိုင်ကြောင်းကိုပင် ။ ဤအနက်ရောက်အရည်များနှင့်ပက်သက်၍ စိတ်ထဲတွင်မှန်းဆချက်တစ်ခုပေါ်ထွက်လာသောကြောင့် အဲလက်စ်ကို တစ်ချက်ကြည့်ကာပြောလိုက်သည် ။


 " ငါနဲ့အတူ စုန့်ချင်းလော် ကိုသွားနှိုးကြရအောင် " 


အဲလက်စ်လည်း သဘောတူလိုက်ကာ စုန့်ချင်းလော်ကိုနှိုးရန်အတွက် အိပ်ခန်းရှိရာသို့ပြေးသွားတော့သည် ။


လင်ပန့်ရှကမူ ခရီးဆောင်အိတ်ထဲမှအသုံးဝင်နိုင်မည့်ပစ္စည်းကိရိယာတစ်ခုခုကိုရှာပြီးနောက် ပြန်လာကာ ဟောင်းနွမ်းနေပြီဖြစ်သော တီဗီအကာကိုဖြည်းဖြည်းချင်းဂရုတစိုက်နှင့်ဖယ်လိုက်သည် ။ စုန့်ချင်းလော်သည်လည်း အမြန်ပြေးလာ၏ ။ စုန့်ချင်းလော် ရောက်သည့်အချိန်တွင် လင်ပန့်ရှက တီဗီအကာကိုအပြည့်အဝဖယ်ရှားပြီးပြီဖြစ်သဖြင့်အတွင်းထဲရှိအရာများကိုမြင်နေရပြီဖြစ်သည် ။


အကာကိုဖယ်ရှားပြီးသောအခါ လင်ပန့်ရှ ခဏမျှအေးခဲသွားရသည် ။ တီဗီထဲတွင်ရှိသင့်ရှိထိုက်သောလျှပ်စစ်ပစ္စည်းကိရိယာများအားလုံးအပေါ်၌ အနက်ရောင်အရည်များမှာ ရွံ့များသဖွယ်ကပ်တွယ်နေကြောင်းတွေ့လိုက်ရ၏ ။


" ဒါဘာတွေလဲ " 


လင်ပန့်ရှက တိုးတိုးလေးရေရွတ်လိုက်သည် ။ စုန့်ချင်းလော် အားမေးနေပုံရသကဲ့သို့ သူ့ကိုယ်သူလည်းပြန်လည်မေးခွန်းထုတ်နေသကဲ့သို့ပင် ။


စုန့်ချင်းလော်က တီဗီအတွင်းရှိအနက်ရောင်အရည်များကိုကြည့်နေပြီးနောက် ပစ္စည်းတစ်ခုကိုကောက်ယူကာ အနက်ရောင်အရည်များ၏မျက်နှာပြင်ပေါ်သို့တို့ထိကြည့်လိုက်သည် ။

  

ရှင်းမပြနိုင်လောက်သောအဖြစ်အပျက်တစ်ခုဖြစ်ပျက်လာ၏ ။ အနက်ရောင်အရည်များကအော်ဟစ်လာကြသည် ။ အမှန်ပင် ထိုအရည်များကစူးစူးဝါးဝါးအော်ဟစ်လာကြ၏ ။ စေးကပ်ကပ်အနက်ရောက်အရည်များ၏မျက်နှာပြင်တွင် လူသားမျက်နှာကဲ့သို့သောအရာသေးသေးလေးများရှိပြီး ထိုမျက်နှာသေးသေးလေးများကညဇီးကွက်များကဲ့သို့ မရပ်မနားစူးစူးဝါးဝါးအော်ဟစ်နေကြတော့သည် ။

 

အော်သံများထဲတွင် ယောက်ျားသံများရော မိန်းမသံများပါ ပါဝင်၏ ။ ထိုအသံများကိုကြားရသည့်အချိန်တွင် အဲလက်စ် ကြောက်လွန်း၍သတိလစ်လုနီးနီးပင် ။ မျက်လုံးပြူးလျှက်ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်မိသောကြောင့် ခလုတ်တိုက်လဲကျတော့မလိုပင်ဖြစ်သွားရ၏ ။ အနည်းငယ်စိတ်ငြိမ်သွားသောအခါမှသာ စုန့်ချင်းလော်နှင့်လင်ပန့်ရှိတို့အားကြည့်လိုက်မိသည် ။ ဤစောင့်ကြည့်သူနှစ်ဦးမှာကြောက်လန့်ဖို့အသာထား မျက်နှာထားများပင်မပြောင်းလဲသွားကြချေ ။


လင်ပန့်ရှ ဟုခေါ်သောစောင့်ကြည့်သူတစ်ဦးက အနက်ရောင်စေးကပ်ကပ်အရာ၏မျက်နှာပင်အား ပစ္စည်းတစ်ခုနှင့်တို့ထိကာ အံ့သြတကြီးဖြင့်ပြောလိုက်သေးသည် ။


" ဒါတွေက ဖြစ်နိုင်တာ ..."


စုန့်ချင်းလော် : " အဲ့တာတွေပဲဖြစ်လိမ့်မယ် "


လင်ပန့်ရှ စကားပြန်မပြောနိုင်တော့ပါချေ ။


လီရီ ပို့ခဲ့သောအမျိုးသမီးတစ်ဦးအရှင်လတ်လတ်အရည်ပျော်သွားသောဗီဒီယိုအားသူမှတ်မိနေပါသေးသည် ။ သူမကအရည်ရောင်အရည်များအဖြစ်အရည်ပျော်ကျသွားပြီးနောက် မြေပြင်ပေါ်တွင်မည်သည့်ခြေရာလက်ရာမျှမကျန်ဘဲ မြေကြီးထဲသို့စိမ့်ဝင်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်၏ ။

 

ယခုလေးတင် အဲလက်စ် မြင်ခဲ့သောအရာများ ၊ မိသားစုဓာတ်ပုံနှင့် ရုပ်သံဇာတ်လမ်းတွဲများမှသဲလွန်စများအရ သူရှေ့တွင်ရှိနေသောအရာများမှာ ... ဖြစ်နိုင်ခြေရှိသောအရာကိုတွေးမိသောအခါ လင်ပန့်ရှ နှုတ်ခမ်းဖွဖွကိုက်လိုက်မိသည် ။


" ဒါဆိုရင် ဒီဟာကြီးတွေကိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ ...?" 


မူက ' ဒီလူတွေ ' ပြောရန်တွေးမိသော်လည်း သူ့ရှေ့တွင်ရှိနေသောအရာများမှာ လူသားမျိုးနွယ်ဝင်မဟုတ်သောအခြားအရာများဖြစ်နေပြီဖြစ်သဖြင့် ပြောင်းလဲ​ပြောဆိုလိုက်ရသည် ။

 

မည်သို့ပင်ဖြစ်စေ စုန့်ချင်းလော် ပြန်မဖြေရသေးခင်မှာပင်ရွံ့နှင့်တူသောအနက်ရောင်စေးကပ်ကပ်အရာများသည် တီဗီအစိတ်အပိုင်းများမှာဖယ်ခွာ၍ကြမ်းပြင်တွင်အပေါက်ဖြစ်သည်အထိတိုက်စားလျှက်မြေကြီးထဲသို့တိုးဝင်ပျောက်ကွယ်သွားတော့သည် ။ ဤဖြစ်ရပ်မှာအလွန်မြန်လှသောကြောင့် အကြိမ်ရေအနည်းငယ်အသက်ရှုစာအချိန်အတွင်းမှာပင် ခြေရာလက်ရာမချန်ဘဲပျောက်ကွယ်သွားတော့၏ ။


အခန်းတစ်ခုလုံးတိတ်ဆိတ်နေကာ လင်ပန့်ရှ မှာမူကြက်သေသေနေမိသည် ။ စုန့်ချင်းလော် တစ်ယောက်တည်းကသာညင်ညင်သာသာပြောလာ၏ ။


 " အရင်ဆုံးအိပ်ကြရအောင် "


လင်ပန့်ရှ : " ဒီတီဗီကိုဘယ်လိုလုပ်ကြမလဲ "


စုန့်ချင်းလော် : "  အဲ့ဒီနေရာမှာပဲထားခဲ့ပြီးနောက် နောက်ထပ်လာမကြည့်တော့နဲ့ " 


စုန့်ချင်းလော်က အဲလက်စ် ကိုလှည့်ကြည့်လာ၏ ။ အဲလက်စ်က စုန့်ချင်းလော် ဆိုလိုသောအဓိပ္ပာယ်ကိုနားလည်သဖြင့် အမြန်ခေါင်းညိမ့်ပြလာ၏ ။


ဤသို့ဖြင့် သူတို့သုံးယောက်မှာကိုယ့်အခန်းကိုအသီးသီးပြန်သွားကြတော့သည် ။  လင်ပန့်ရှက အေးအေးဆေးဆေးအိပ်စက်နိုင်ခဲ့သော်လည်း အဲလက်စ်ကမူ တစ်ညလုံးသိပ်မအိပ်ခဲ့ရချေ ။ နောက်တစ်နေ့မနက်မိုးလင်းသည့်အချိန်အထိအိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေခဲ့ပြီးနောက် မျက်လုံးအောက်တွင် ညိုမဲကွက်ကြီးဖြင့်နိုးထလာရတော့၏ ။


အခြားသူများကမနက်စာစားနေကြပြီဖြစ်ကာ မနေ့ညကစုံစမ်းရန်ထွက်ခွာသွားသော လီရီသည်လည်း ဘေးကင်းကင်းဖြင့်ပြန်လည်ရောက်ရှိလာပြီဖြစ်သည် ။ စုံစမ်းစစ်ဆေးရေးနယ်မြေအတွင်းရှိသော ရေနှင့်အစားအစာများကိုမထိရန်မှာအခြေခံစည်းမျဥ်းဖြစ်သောကြောင့် သူတို့နှင့်အတူသယ်လာသောရိက္ခာခြောက်များကိုသာစားကြရ၏ ။

 

လင်ပန့်ရှက အဲလက်စ် အိပ်ရာထလာပြီဖြစ်ကြောင်းတွေ့သောအခါ ပြုံးပြ၍နှုတ်ဆက်လိုက်သည် ။ မနေ့ညကဖြစ်ပျက်ခဲ့သောခြောက်ခြားဖွယ်အရာများနှင့်ပက်သက်၍ လင်ပန့်ရှ ၏မျက်နှာထက်တွင် မည်သို့သောခံစားချက်အမူအယာမျိုးကိုမှမတွေ့ရတော့ဘဲ သူတစ်ယောက်တည်းသာထင်ယောင်ထင်မှားဖြစ်နေသကဲ့သို့ပင် ။


အဲလက်စ် ခမျာခါးခါးသီးသီးဖြင့်ပြန်လည်ပြုံးပြနှုတ်ဆက်လိုက်ရရှာသည် ။ အဖွဲ့တိုင်းရှိ စောင့်ကြည့်ကြီးကြပ်သူများအားလုံးသည်ထူးဆန်းသောသူများသာဖြစ်ကြပြီး ထိုနာမည်နှင့်ထိုက်တန်သည့်ပုံမှန်မဟုတ်သောစိတ်ဓာတ်များကိုလည်းပိုင်ဆိုင်ကြ၏ ။


လင်ပန့်ရှ ကိုစတွေ့သည့်အချိန်က နှမြောတသဖြစ်စွာဖြင့်ရေရွတ်မိသေးသည် ။ ဤကဲ့သို့ငယ်ရွယ်ကာချောမောသည့်အပြင် နူးညံ့သောစိတ်ထားရှိသူလေးမှာ စောင့်ကြည့်ကြီးကြပ်သူတစ်ယောက်ဖြစ်နေ၏ ။ ယခုမူ သူ့စိတ်ထဲတွင်တွေးမိခဲ့သောမေးခွန်း၏အဖေကိုသိသွားပြီပင် ။ အမှန်ပင် စောင့်ကြည့်ကြီးကြပ်သူများအားလုံးသည် စိတ်ပုံမှန်ရှိကြသူများမဟုတ်ပေ ။


အဲလက်စ် စိတ်မပါလက်မပါဖြင့်မနက်စာစားနေစဥ်တွင် လီရီက သူမနေ့ညကရှာဖွေတွေ့ရှိခဲ့သောအချက်အလက်များကိုပြန်လည်ပြောပြလာ၏ ။


လီရီက အပြင်သို့ထွက်သွားပြီးနောက် အနီးအနားပတ်ပတ်လည်ရှိနေရာများကိုအကြမ်းဖျင်းလိုက်လံလေ့လာခဲ့သည် ။ သူတို့တွင်ရှိသောမြေပုံနှင့် မတူညီသောအချက်တစ်ခုမှာ ရွာ၏အရှေ့တောင်ဘက်တွင်အမှတ်မသားမပြုထားသော ရွံ့နွံတစ်ခုရှိနေခြင်းဖြစ်၏ ။

 

ဆိုက်ဘေးရီယားလွင်ပြင်ဒေသ၌ ရွံ့နွံတောများတွေ့ရှိရခြင်းမှာပုံမှန်သာဖြစ်သည် ။ နှစ်လယ်ပိုင်းအချိန်များတွင်အလွန်အေးသောကြောင့် ရွံ့များမှာခဲနေလေ့ရှိ၏ ။ မိုးရွာသော်လည်း ရွံ့ခဲများမှာအလွန်မာကျောသောကြောင့်ထိုအစိုင်အခဲများအသွင်ဖြစ်နေသည့်ရွံ့ချပ်များကိုဖြတ်၍မိုးရေများမြေကြီးထဲသို့စိမ့်ဝင်ရန်မှာအလွန်ခက်ခဲလှသည် ။ ဤသို့ဖြင့်မိုးရေအိုင်ငယ်လေးများနှင့် ရွံ့နွံတောများမှာသစ်တောများ၏နေရာအနှံ့တွင်ရှိနေတတ်သည် ။


တရားဝင်မြေပုံအရ ရွာအနီးအနားတွင်ရွံ့တောတစ်ခု မည်သည့်အချိန်ကမှမရှိခဲ့ဖူးပါချေ ။ ထို့ကြောင့် ရွံ့တော၏တည်ရှိမှုကအလွန်အမင်းပုံမမှန်ဖြစ်နေ၏ ။


" အရမ်းနောက်ကျနေတော့ ... ငါနွံတောထဲကိုဆင်းပြီးမစစ်ဆေးကြည့်ခဲ့ဘူး ... ဒါပေမဲ့လည်း အနီးအနားမှာဝက်ဝံခြေရာတွေအများကြီးတွေ့ရတယ် ပိုပြီးသတိထားတာကောင်းလိမ့်မယ် "


စုန့်ချင်းလော်က လီရီဆက်ပြောမည်ကိုသာစိတ်ရှည်လက်ရှည်ဖြင့်စောင့်နေ၏ ။ လီရီ တစ်ခုခုရှာတွေ့ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ပြန်လာလိမ့်မည်မဟုတ်ကြောင်း စုန့်ချင်းလော် သိသည် ။


" ငါတို့နွံတောကိုဖြတ်သွားရမယ် " 


ဆက်တိုက်ဆိုသလိုပင် လီရီက အံ့အားသင့်ဖွယ်အရာတစ်ခုကိုထုတ်ပြောလာ၏ ။


 " နွံတောထဲမှာအရင်အဖွဲ့ရဲ့သဲလွန်စတွေကိုတွေ့ခဲ့ရတယ် "


လင်ပန့်ရှ : " ဘာတွေလဲ "


လီရီက သူ့လွယ်အိတ်ထဲမှတစ်ခုခုကိုဆွဲထုတ်ကာအားလုံးမြင်သာနိုင်မည့်စားပွဲပေါ်တွင်တင်ထားလိုက်သည် ။ ထိုအရာမှာလူသားတစ်ဦး၏ဦးခေါင်းခွံပင် ။ အသားစများနှင့်အရည်ပြားများကိုမည်သည့်အရာကစားသုံးသွားသည်မသိရဘဲ အရိုးဖြူဖြူများသာကျန်ရစ်ခဲ့၏ ။ ထိုဦးခေါင်းခွံက ဟောင်းလောင်းပေါက်ဖြစ်နေသောမျက်လုံးများဖြင့်ရှေ့ရှိ သူတို့ငါးယောက်အားကြည့်နေသကဲ့သို့ပင် ။ အသက်ရှုသံများမှလွဲ၍ လူတိုင်းတိတ်ဆိတ်သွားကြသည် ။

 

တရုတ်စကားမပြောတတ်သော ဆာဂေးမှာ လီရီနားကပ်၍တစ်ခုခုကိုတီးတိုးပြောလိုက်သည် ။ လီရီက သူ့အားအမူအယာမဲ့စွာစိုက်ကြည့်လိုက်ပြီးနောက် စကားပြောနေခြင်းရပ်တန့်သွား၏ ။


လင်ပန့်ရှ ကဘီစကစ်ခြောက်များကိုလက်ထဲတွင်ကိုင်ထားလျှက် အူလည်လည်ဖြင့်ကြည့်နေ၏ ။ ထို့နောက် တစ်ကိုက်မျှကိုက်ကာ ယဥ်ယ်ကျေးကျေးပြောလာသည် ။


 " ငါတို့စားပြီးတဲ့အချိန်ကျမှထုတ်ပြလို့မရဘူးလားကွာ "


လီရီ : " ဟုတ်ပြီ " 


အရိုးခေါင်းအားပြန်ယူကာ တကယ်ကြီးအိတ်ထဲသို့ပြန်ထိုးထည့်လိုက်လေ၏ ။ 


ကံမကောင်းစွာနှင့် လီရီက အရိုးခေါင်းအားအိတ်ထဲပြန်ထည့်လိုက်သော်လည်း လင်ပန့်ရှမှ လွဲ၍မည်သူကမှဆက်စားချင်းစိတ်မရှိကြတော့ပေ ။ စုန့်ချင်းလော်က မေးငေါ့လိုက်ပြီးနောက် လီရီအား တစ်ခုခုကိုထုတ်မပြခင်အခြားသူများ၏အခြေအနေကိုထည့်သွင်းစဥ်းစားရန်ဆူပူပြောဆိုလိုက်သည် ။


လီရီက အဝေးသို့အကြည့်လွှဲလိုက်သော်လည်း ကြည့်ရသည်မှာအမှန်ပင်မကျေမနပ်ဖြစ်နေပုံပင် ။ လင်ပန့်ရှသည်ပင် သူ့စိတ်ထဲရှိစကားများကိုမှန်းဆနိုင်၏ ။





စာရေးသူမှာပြောစရာရှိပါတယ် :


အဲလက်စ် : ခင်ဗျားဘာလို့မကြောက်ရတာလဲ ?


လင်ပန့်ရှ : အကြောက်တရားကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက ရင်ဆိုင်လိုက်ဖို့ပဲ 


အဲလက်စ် : သိပြီ !


သုံးလကြာသောအခါ လင်ပန့်ရှ :  အား !!! .... စုန့်ချင်းလော် ကယ်ပါဦး ကျွန်တော်တို့တီဗီထဲမှာဘာကြီးလဲမသိဘူး ...


စုန့်ချင်းလော် : မင်းသူများကိုဘယ်လိုသင်ပေးခဲ့လဲဆိုတာမေ့သွားပြီလား !



🐳


Translater - Mori ( 30 . 11 . 2023 ) 4 : 04 PM