အခန်း - ၃၀ ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၃ ) ပထမပိုင်း
Viewers 2k

.အခန်း - ၃၀

ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၃  ) ပထမပိုင်း 




ထားလိုက်ပါတော့ ... လီရီ အကြောင်းအသေးစိတ်တွေးနေဖို့မှမလိုတာ ...


လင်ပန့်ရှက နောက်ဆုံးသောဘီစကစ်ကိုစားလိုက်ပြီးနောက် ရေတစ်ငုံသောက်ကာပြောလာ၏ ။


 " အဲ့တာကြီးကိုမင်းဘယ်ကရှာလာတာလဲ "


" ရွံ့နွံတောရဲ့အစပ်မှာတခြားပြန့်ကြဲနေတဲ့ပစ္စည်းတွေအများကြီးရှိသေးတယ် ... သူတို့ကတောရိုင်းတိရစ္ဆာန်တွေရဲ့တိုက်ခိုက်တာခံရပြီး ရွံ့တောတစ်ဖက်ကိုထွက်ပြေးသွားတာဖြစ်ရမယ် "


" သူတို့ကစုစုပေါင်းရှစ်ယောက်ဟုတ်တယ်မလား "


 အဲလက်စ်က အနည်းငယ်စိတ်မချဟန်ဖြင့် 


" သူတို့ပြင်ဆင်သွားခဲ့မှာပဲလေ ... ဘယ်လိုသားရိုင်းတိရစ္ဆာန်မျိုးက သူတို့ကိုဒီလောက်ထိကြောက်လန့်စေမှာလဲ "


လီရီ : " သာမန်ထက်ကျော်လွန်တဲ့အရာတွေဆိုတာအမြဲတမ်းရှိနေတာပဲလေ "


ထိုအချိန်တွင် လင်ပန့်ရှ အဲလက်စ် မနေ့ကတွေ့ခဲ့သည့်အကြောင်းအရာများကိုပြန်လည်ပြောပြလာသောကြောင့် လီရီက စကားပြန်အဖြစ်တာဝန်ထမ်းဆောင်ရပြန်သည် ။ ဆာဂေးနှင့်အယ်လီနာတို့မှာ နားထောင်နေရင်းဖြင့် အဲလက်စ်အား ပြိုင်တူဆိုသလိုကြည့်လာကြ၏ ။ အကြည့်များထဲတွင် ကိုယ်ချင်းစာစိတ်များသာမက ပျော်ရွှင်မှုများ နှစ်ခုလုံးရောယှက်နေသည် ။ 

 

လူတိုင်းမြိန်ရေယှက်ရေမရှိသောမနက်စာကိုအပြီးသတ်စားသောက်ပြီးနောက် ရုတ်တရက်ပေါ်လာသောရွံ့နွံအိုင်ထံသို့သွား၍ နောက်ထပ်စုံစမ်းမှုခရီးကိုပြန်စရန်ဆုံးဖြတ်လိုက်ကြသည် ။ ယခင်အဖွဲ့နှင့်ပက်သက်သည့်သဲလွန်စများကိုရှာဖွေရန်အတွက်ဤသည်ကသာအကောင်းဆုံးနည်းလမ်းဖြစ်၏ ။ 


ကြည်လင်သောကောင်းကင်နှင့် လတ်ဆတ်သောလေထုကြောင့် စိတ်ကြည်လင်စေရုံသာမက ဤနေ့တွင်ရာသီဥတုသည်လည်းအလွန်ကောင်းမွန်နေသည် ။ 


ရွာတစ်ရွာလုံးမနေ့ကကဲ့သို့တိတ်ဆိတ်နေဆဲပင် ။ သို့သော်လည်း တိတ်ဆိတ်မှုအတွင်း၌မနှစ်မြို့ဖွယ်ကောင်းသောအရာတစ်ခုပုန်းအောင်းနေသည်ဟု မသိစိတ်မှခံစားနေရ၏ ။


ရွာ၏အရှေ့တောင်ပိုင်းသို့ လီရီနောက်မှလိုက်၍လျှောက်လာကြသည် ။ လီရီပြောသကဲ့သို့ပင် ရွံ့နွံအိုင်အစပ်တစ်လျှောက်တွင်ရေညှိများနှင့်မြက်ပင်စိမ်းစိမ်းလေးများပေါက်ရောက်နေ၏ ။ တစ်ချက်ကြည့်လိုက်သည်နှင့် စိမ်းစိုသောမြက်ခင်းပြင်မှာတစ်မျိုးတစ်ဖုံချစ်ဖို့ကောင်းနေလေသည် ။


စုန့်ချင်းလော်က မေးလိုက်၏ ။


" ဦးခေါင်းခွံကိုဘယ်နေရာမှာတွေ့ခဲ့တာလဲ "


လီရီ ညွှန်ပြသောဦးတည်ရာကိုလင်ပန့်ရှ လိုက်ကြည့်လိုက်သောအခါ ရောင်စုံပန်းများလှပစွာဖူးပွင့်နေသည့် မြက်ဖုတ်တစ်ခုဖြစ်ကြောင်းတွေ့လိုက်ရသည် ။ တစ်ချက်ကြည့်ရုံနှင့် လှပသောတောရိုင်းပန်းလေးများဟုတွေးမိလိမ့်မည်ဖြစ်သော်လည်း မည်သူကမှလူဦးခေါင်းခွံကဲ့သို့သောအရာမျိုးက ထိုနေရာမှထွက်လာလိမ့်မည်ဟု ထင်မိလိမ့်မည်မဟုတ်ပေ ။ 


"  ရွံ့နွံအိုင်ကိုဖြတ်သွားဖို့က မဖြစ်နိုင်ဘူး " 


အဲလက်စ်က ဘေးမှခပ်တိုးတိုးပြောလာ၏ ။


" အဲ့ဒီနေရာကဘယ်လောက်ကျယ်လဲဆိုတာလဲမသိသေးဘူး ပြီးတော့သူတို့ဘယ်ရောက်သွားတယ်ဆိုတာလဲသေချာသိတာမှမဟုတ်တာ ဒါ့ကြောင့်အလောတကြီးဝင်သွားမယ်ဆိုရင်  ..."


လီရီက မြစိမ်းရောင်မျက်ဝန်းများဖြင့် အဲလက်စ်အားစိုက်ကြည့်နေပုံမှာ အလွန်အေးစက်လှသည် ။


အဲလက်စ် တစ်ယောက်အလိုက်တသိဖြင့်သာပါးစပ်ပိတ်နေလိုက်ရတော့သည် ။


စုန့်ချင်းလော်က မည်သည့်စကားကိုမှဝင်မပြောချေ ။ သူ့ရှေ့ရှိရွံ့နွံ့အိုင်ကြီးကိုအချိန်အတော်ကြာစိုက်ကြည့်နေပြီးနောက် ဘေးရှိသစ်သားချောင်းတစ်ချောင်းကိုကောက်ကာ ရွံ့ထဲသို့ဆင်းရန်ဦးတည်လိုက်တော့သည် ။


စုန့်ချင်းလော်၏ အပြုအမူများကိုမြင်သောအခါ လင်ပန့်ရှ လန့်သွားသဖြင့်အမြန်ပြောလိုက်သည် ။


"  စုန့်ချင်းလော် ... ဒီလိုပဲဆင်းသွားတော့မလို့လား အရမ်းအန္ဒရာယ်များတယ်လေ "


စုန့်ချင်းလော်က ညင်ညင်သာသာပြောလာ၏ ။


" အဆင်ပြေပါတယ် "


စုန့်ချင်းလော် ကိုယ်တိုင်ကအဆင်ပြေသည်ဟုပြောလာသည့်အပြင် ကြည့်ရသည်မှာလည်းအမှန်ပင်အန္ဒရာယ်ရှိပုံမရချေ ။ အမှန်တကယ်အားဖြင့်ကြည့်လိုက်ရုံနှင့်ကြောက်စရာကောင်းသည့်ပုံပေါ်နေသော ရွံ့နွံအိုင်မှာ စုန့်ချင်းလော်၏ ခြေထောက်အောက်၌မူမြေပြန့်ကဲ့သို့သွားရလာရအလွန်လွယ်ကူနေ၏ ။ အချိန်အနည်းငယ်အတွင်းမှာပင် ရွံ့နွံ့အိုင်အလယ်သို့ရောက်ရှိသွားပြီပင် ။

 

ဤကဲ့သို့သောထူးခြားသည့်မြေပြင်အနေအထားမျိုးကို လင်ပန့်ရှ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သော်လည်း အိုင်ထဲတွင်ပေါက်ရောက်နေသောမြက်ပင်ရှည်များကိုမနင်းသင့်ကြောင်းကိုသိ၏ ။ ထိုမြက်များ၏အောက်တွင် အတန်ငယ်နက်သောရေချိုင့်များရှိနေနိုင်သည် ။ သို့သော်လည်း စုန့်ချင်းလော်က မရှောင်ရှားရုံသာမကတက်နင်း၍အေးအေးလူလူပင်ဖြတ်သွားလေ၏ ။


မှတ်တမ်းတင်သူသုံးယောက်သည်လည်း အလွန်အံ့သြနေကြပုံပင် ။ လင်ပန့်ရှက စုန့်ချင်းလော်အားကြည့်၍ တောင်ပေါ်ရှိဂူထဲတွင် စုန့်ချင်းလော်အား ရေကန်ထဲမှဆွဲတင်လိုက်သောမြင်ကွင်းကိုရုတ်တရက်သတိရသွားရသည် ။ စုန့်ချင်းလော်၏ ခန္ဓာကိုယ်အလေးချိန်မှာသာမန်လူများထက်များစွာပိုပေါ့၏ ။ 


 သူများတွေလို ခန္ဓာကိုယ်အလေးချိန်ကြောင့် ရွံ့ထဲနစ်သွားမှာကိုသူမကြောက်တာများဖြစ်နေမလား  !

 

စုန့်ချင်းလော်က ဆယ်မိနစ်မျှလျှောက်ပြီးနောက်မှ အနောက်သို့ပြန်လှည့်ကြည့်လာ၏ ။ ပြန်လှည့်လာသည့်အချိန်တွင် လက်ထဲရှိသစ်သားချောင်းဖြင့် လမ်းတစ်လျှောက် ရွံ့များကိုဖယ်ကာအခြားသူများပါဖြတ်လျှောက်လာနိုင်မည့်လမ်းတစ်လမ်းဖော်လာခဲ့သည် ။ အသွားအပြန်လုပ်နေသည်မှာ တစ်နာရီနှင့်လေးဆယ့်ငါးမိနစ်ကြာမြင့်သော်လည်း တစ်ဖက်တွင်စောင့်နေသောမည်သူကမှဟိုဟိုဒီဒီလိုက်စပ်စုရန်ဆန္ဒမရှိကြပါပေ ။


" နွံအိုင်ကသိပ်လည်းမကျယ်ပါဘူး " 


စုန့်ချင်းလော်က ပြန်လာပြီးနောက်အချက်အလက်အချို့ကိုပြောပြလာ၏ ။


" ဖြည်းဖြည်းသာလျှောက် မိနစ်နှစ်ဆယ်အတွင်းအဆုံးကိုရောက်နိုင်တယ် "


လီရီ ကမေးလာသည် ။


" တစ်ခုခုရှာတွေ့ခဲ့သေးလား " 


စုန့်ချင်းလော်က တည်တည်ငြိမ်ငြိမ်ဖြင့်


 " မတွေ့ဘူး "


အပျက်သဘောဆောင်သောအဖြေကိုပေးလိုက်သော်ငြား သူ၏လေသံထဲတွင်တစ်ခုခုထူးခြားနေကြောင်း လင်ပန့်ရှ သတိထားမိလိုက်သည် ။ မျှော်လင့်ထားသည့်အတိုင်းပင် လီရီက စုန့်ချင်းလော်အား တစ်ချက်မျှကြည့်ပြီးနောက် နောက်ဆုံးတွင်တိတ်ဆိတ်နေရန်ကိုသာရွေးချယ်လိုက်၏ ။


" မင်းအဲဒီကိုရောက်ရင်သိပါလိမ့်မယ် ... ငါ့နောက်ကလိုက်ခဲ့ "


" ဒီလိုလုပ်တာတကယ်အဆင်ပြေပါ့မလား " 


အဲလက်စ်က အနည်းငယ်စိုးရိမ်နေပါသော်လည်း သူ့ဘေးတွင်လီရီ ရပ်နေသောကြောင့် အသံကျယ်ကျယ်ဖြင့်အတွန့်မတက်ရဲပါချေ ။ ထို့ကြောင့် လင်ပန့်ရှ အနားသို့ကပ်၍တိုးတိုးလေးပြော၏ ။


" ဒီလိုနေရာမျိုးတွေကထောင်ချောက်တစ်ခုပဲ ငါတို့ဝင်သွားမယ်ဆိုရင် ဘယ်သူမှအသက်ရှင်ကျန်ခဲ့မှာမဟုတ်ဘူး "


" အဆင်ပြေပါတယ် " 


လင်ပန့်ရှက အလွန်စိုးရိမ်စွာဖြင့် 


" သူကငါတို့ကိုရည်ရွယ်ရှိရှိသေအောင်လုပ်မှာမဟုတ်ပါဘူး "


လူတစ်စုမှာနွံတောထဲသို့ဆင်း၍ဖြည်းဖြည်းချင်းလျှောက်သွားကြပြီးရွာနှင့်လည်းဝေးသထက်ဝေးလာ၏ ။ သူတို့၏ခြေထောက်အောက်တွင်အနက်ရောင်ရွံ့များရှိနေရုံသာမက ထိုရွံ့များမှမနှစ်မြို့ဖွယ်ကောင်းသောအနံ့များဆက်တိုက်ထွက်ပေါ်နေ၏ ။ ငါးညှီနံ့ကဲ့သို့မဟုတ်သော်လည်း ပို၍ဆိုးဝါးသောထူးဆန်းသည့်အနံ့တစ်မျိုးပင် ။ ပုပ်သိုးနေသောအရာတစ်ခုခု၏အပုပ်နံ့မျိုးဖြစ်၏ ။ ကနဦးတွင် လင်ပန့်ရှ များများစားစားမတွေးမိခဲ့သော်လည်း ​ခြေထောက်အောက်ရှိရွံ့များမှာသာမန်ရွံ့စေးများမဟုတ်ကြောင်းကိုမူ သတိထားမိကာစပြုလာ၏ ။ အတော်အတန်လျှောက်လာပြီးသည့်နောက်တွင် စုန့်ချင်းလော် တိတ်ဆိတ်နေရခြင်းအကြောင်းအရင်းကိုသဘောပေါက်သွားပြီဖြစ်သည် ။

 

ရွံ့နွံတောထဲတွင်ရှိနေသော ရွံ့စေးများမှာ မနေ့ညကတီဗီပေါ်တွင်သူတို့တွေ့ခဲ့သောအနက်ရောင်စေးကပ်ကပ်အရည်များနှင့်အလွန်တူလှသည် ။ အနက်ရောင်ဖြစ်သည့်အပြင် ကပ်စေးကပ်စေးဖြစ်သဖြင့် ကတ္တရာများနှင့်ပင်တူ၏ ။ လင်ပန့်ရှ ထင်ယောင်ထင်မှားဖြစ်နေခြင်းမျိုးလည်းဖြစ်နိုင်သော်လည်းသူ၏စိတ်ထဲတွင်ဤအရာများကအသက်ရှိနေသကဲ့သို့ဖြည်းညှင်းစွာလှုပ်ရှားနေကြောင်းခံစားလိုက်ရသည် ။

  

ကံကောင်းစွာဖြင့် ဤထူးဆန်းသည့်အဖြစ်အပျက်အားသတိထားမိသူမှာသူတစ်ယောက်သာ ။ မနေ့ညကထိတ်လန့်ဖွယ်ထူးဆန်းသောအဖြစ်အပျက်ကိုမျက်မြင်တွေ့ခဲ့ရသော အဲလက်စ်မှာမူ သူ့ခြေထောက်အောက်ရှိရွံ့များ၏ပြောင်းလဲနေမှုကိုသတိမထားမိဘဲရှေ့သို့သာဆက်သွားနေ၏ ။ အဲလက်စ် သတိမထားမိခြင်းကပင် လင်ပန့်ရှအား စိတ်သက်သာရာရစွာသက်ပြင်းချမိသွားစေသည် ။ အကယ်၍သူသာသိသွားမည်ဆိုပါက ကြောက်လွန်း၍လမ်းပင်ဖြောင့်ဖြောင့်ဆက်လျှောက်နိုင်တော့မည်မဟုတ်ချေ ။


စုန့်ချင်းလော်၏ အနောက်မှလိုက်၍အုပ်စုတစ်စုလုံးမှာတိတ်တဆိတ်ဖြင့်သာ ဖြည်းဖြည်းချင်းဖြင့်ရွံ့နွံတောကိုဖြတ်သန်းနေကြ၏ ။


မြေပြင်မာမာပေါ်ခြေချမိသောအခါမှသာ လင်ပန့်ရှက စိတ်သက်သာရာရစွာသက်ပြင်းချမိလေသည် ။


အဲလက်စ်၏ မျက်နှာထားမှာမူသိပ်မကောင်းလှသည့်အပြင်တိုးတိုးလေးပြောလာ၏ ။


 " ကျွန်တော်တို့ဒီလိုပဲဖြတ်လာလိုက်တာ ပြန်သွားလို့မရတော့ရင်ဘယ်လိုလုပ်ကြမလဲ ... သူတို့တွေဒီမှာမရှိကြရင်ရော ..."


လီရီက သူ့အားထူးမခြားနားပုံစံဖြင့်ကြည့်ကာ 


" မင်းငါ့ကိုစောစောကသာပြောမယ်ဆိုရင်မင်းလိုက်လာရမှာမဟုတ်ဘူး ... ဒါကမင်းရဲ့ပထမဆုံးတာဝန်လား အလုပ်လုပ်တာမကျွမ်းကျင်လိုက်တာ "


အဲလက်စ် သည်လည်းပြန်လည်ငြင်းဆန်ခြင်းမပြုနိုင်သောကြောင့် ပါးစပ်သာပိတ်နေလိုက်တော့သည် ။


လင်ပန့်ရှက ထူးဆန်းသောရွံ့နွံအိုင်ကိုပြန်လှည့်ကြည့်ကာ အဘယ့်ကြောင့်ဤနေရာတွင်ရှိနေရသနည်းနှင့် မည်သည့်အရာတို့ဖြင့်ဖွဲ့စည်းထားကြောင်းမတွေးမိဘဲမနေနိုင်ပါတော့ချေ ။


နွံအိုင်၏တစ်ဖက်ခြမ်းတွင် သစ်ပင်များပိုမိုပေါများကာစိမ်းစိုနေသောအုန်းပင်ရှည်များဖြင့် တောအုပ်ငယ်လေးတစ်ခုသဖွယ်ဖြစ်နေ၏ ။ လီရီ၏အဖွဲ့အား ဤသစ်တောထဲတွင်လိုက်ရှာခြင်းသည် ကောက်ရိုးပုံထဲတွင်အပ်ပျောက်ရှာနေရသကဲ့သို့ပင် ။ ထိုသို့ဖြစ်သော်လည်း ရှေ့ဆက်၍ရှာဖွေရမည်ပင် ။ လူအချို့က တောအုပ်လေးထဲဝင်ပြီးနောက်လမ်းရှင်းရန်အတွက်ဓားမြှောင်များကိုထုတ်ယူလိုက်ကြသည် ။ သို့သော်လည်း လင်ပန့်ရှမှာမူ တောအုပ်ထဲသို့ဝင်လိုက်သည်နှင့် တားမြစ်ထားသောစည်းတစ်ခုကိုချိုးဖောက်မိလိုက်သကဲ့သို့ထူးထူးဆန်းဆန်းခံစားချက်ကြီးခံစားလိုက်ရ၏ ။



တောက်ပသောနေရောင်ကြောင့် သစ်ပင်များကြားမှတိုးထွက်နေသောကွက်ကြားကွက်ကြားအလင်းရောင်များနှင့် အပင်များ၏အရိပ်တို့မှာသဘာဝကျကျလှပနေ၏ ။ မြက်ပင်ငယ်လေးများတွင် ပန်းပွင့်သေးသေးလေးများတင်ကျန်နေပြီး အချို့သောနေရာများတွင်လှပသောနှင်းဆီနီနီများကိုမြင်ရသဖြင့် တစ်မျိုးတစ်ဖုံစိတ်ကူးယဥ်ဆန်နေ၏ ။ 

 

မျက်စိရှေ့တွင်မြင်နေရသောမြင်ကွင်းများမှာအလွန်စိတ်ကြည်နူးဖွယ်ကောင်းသောကြောင့်ဖြစ်လောက်မည် လင်ပန့်ရှ၏ စိတ်အခြေအနေမှာပို၍ကောင်းမွန်လာ၏ ။ သို့သော်လည်း အဖွဲ့ထဲရှိကျန်သောလူခြောက်ယောက်မှာမူတစ်ယောက်မှစိတ်ကောင်းဝင်နေပုံမရပေ ။ 


" ဘာလို့ ကျွန်တော်နည်းနည်းလေးစိတ်မသက်မသာခံစားလာရတာပါလိမ့် "


အဲလက်စ်တွင် တက်ကြွသောအကျင့်စရိုက်ရှိသောကြောင့် တစ်ခုခုဖြစ်သည်နှင့်သည်းခံမထားနိုင်ပါချေ ။ ထို့ကြောင့် လင်ပန့်ရှ ၏အနားသို့ကပ်ကာအသံတိုးတိုးဖြင့် 


" ခင်ဗျား ... တစ်ခုခုမှားနေပြီလို့မခံစားရဘူးလား "


လင်ပန့်ရှ : " နည်းနည်းလေးတော့ထူးဆန်းနေသလိုပဲ "


" ဘယ်နားကလဲ "


အဲလက်စ်က လမ်းဘေးမှတောရိုင်းပန်းလေးတစ်ပွင့်ကိုခူးပြီးနောက် အနံ့ခံကြည့်လိုက်သည် ။


"ကျွန်တော် ပြောပြချင်တယ်ဆိုရင်တောင် ဘယ်နေရာကမှားနေတာလဲဆိုတာ မပြောတတ်ဘူးဖြစ်နေတယ် ..."


လင်ပန့်ရှက သူ၏အပြုအမူများကိုကြည့်နေရင်းဖြင့် ရုတ်တရက်လမ်းဘေးရှိတောရိုင်းပန်းများပေါ်သို့အာရုံစိုက်မိသွားသည် ။


တောရိုင်းပန်းလေးများမှာ နုနယ်ရုံသာမကလှပ၏ ။ ပန်းတစ်ပွင့်ချင်းစီတိုင်းပေါ်တွင်ရေမှုန်လေးများတင်ကျန်နေကာပန်းဝတ်မှုန်များကိုပင်လှလှပပလှစ်ဟပြသထား၏ ။ အရောင်သည်လည်းရေဆေးဖြင့်ပန်းချီချယ်မှုန်းထားသကဲ့သို့တောက်ပနေကာပန်းဆိုင်များတွင် တန်ဖိုးကြီးပန်းများအားဂရုတစိုက်ပြုစုပြသထားသည့်ခံစားချက်မျိုးခံစားနေရသည် ။ 


ဤအချက်တစ်ချက်ကြောင့်ပင် လင်ပန့်ရှ ပန်းများ၏ထူးဆန်းနေမှုကိုနောက်ဆုံးတွင်သဘောပေါက်သွားရသည် ။ သူမည်သည့်နေရာသို့ကြည့်လိုက်သည်ဖြစ်စေ အရာရာတိုင်းသည်အလွန်ပြီးပြည့်စုံနေ၏ ။


ပန်းပွင့်တိုင်း ၊ သစ်ရွက်တိုင်းသည် အကောင်းဆုံးလယ်တောထဲတွင်မည်သည့်ချို့ယွင်းချက်မှမရှိဘဲစိုက်ပျိုးမွေးမြူခြင်းခံလာရသကဲ့သို့ သစ်ရွက်များ၏အရောင်သည်နွေဦးရာသီကဲ့သို့စိမ်းစိုနေလေသည် ။ သူတို့ခြေချလိုက်သည့်နေရာတိုင်းတွင် ညိုးရော်နေသောသစ်ရွက်ခြောက်တစ်ရွက်ကိုမှမတွေ့ရပါချေ ။

  

အနီးအနားရှိချုံပုတ်ထဲမှသစ်ရွက်ကြွေတစ်ရွက်ကိုရှာရန်ကြိုးစားကြည့်ပါသော်လည်းအသေအချာကြည့်မိလိုက်သောအခါ သစ်ရွက်တိုင်း၏ပုံသဏ္ဍာန်သာမကအရွယ်အစားများကပါတူညီနေကြောင်းတွေ့လိုက်ရသည် ။ စိမ်းလန်းကာပုံသဏ္ဍာန်တစ်ပုံတည်းဖြင့် သဘာဝအတိုင်းဖြစ်ပေါ်လာသောအရာများကဲ့သို့အယောက်ဆောင်နေပါသော်လည်း စက်ရုံများမှထုတ်လုပ်လိုက်သောစျေးပေါပေါပလက်စတစ်ပစ္စည်းများနှင့်လည်းတူညီနေပါသေး၏ ။


ဤတောအုပ်၍နေရာတိုင်းကပြစ်ချက်မရှိပြီးပြည့်စုံနေကာ ဤသည်ကပင်အတုအယောင်ဟူသောခံစားချက်မျိုးကိုပေးစွမ်းနေ၏ ။ ရည်ရွယ်ချက်ရှိရှိဖန်တီးထားသကဲ့သို့ပင် ။ ဥပမာပြောရမည်ဆိုလျှင် မျက်စိရှေ့ရှိအရာလုံးမှာဆုံးရှုံးပြီးသားအရာများဖြစ်ကာ မူလတန်ဖိုးသည်လည်းမရှိတော့ကာ အသက်စွမ်းအင်ကင်းမဲ့နေပြီဖြစ်သည် ။ အမှန်တရားကိုသိသွားသူတိုင်း ဆံပင်ထောင်သည်အထိကြောက်လန့်သွားကြလိမ့်မည်ပင် ။


အဲလက်စ်က လင်ပန့်ရှ၏ အမူအယာပြောင်းလဲသွားပုံကိုတွေ့လိုက်ရသည် ။ သူ၏တုံ့ပြန်ပုံမှာအနည်းငယ် နှေးကွေးသော်လည်း ထူးဆန်းသောအရာများကိုသတိထားမိသွားဆဲဖြစ်ကာ အတင်းအကြပ်အားတင်းကာအပြုံးတစ်ခုကိုလုပ်ယူပြုံးလိုက်ပြီးနောက် 


"  ဒီမှာရှိတဲ့ ပန်းတွေနဲ့သစ်ရွက်တွေကအကုန်တစ်ပုံတည်းတွေချည်းပဲ "


လီရီ : " အကုန်အတူတူပဲ "


အဲလက်စ် : " ဒါ့ကြောင့်မို့ရုတ်တရက်ကြီးမြေပုံပေါ်မှာဒီသစ်တောပေါ်လာတာလား "


ဤမေးခွန်းသည်အမှန်ကိုပင်တုံးအလှသောကြောင့် လူတိုင်းရယ်မောလိုက်ကြသည် ။ အိုင်ရီနာ ကအဲလက်စ်၏အနားသို့ကပ်ကာမည်သည်ကိုပြောလိုက်သည်မသိသော်လည်း အဲလက်စ်ကရှက်ရွံ့သွားပြီးရုရှားစကားဖြင့်ပြန်ဖြေလိုက်သည်ကိုတွေ့လိုက်ရသည် ။

 

သဘာဝအလျှောက်ဖြစ်ပေါ်နေသောအရာများတွင် မည်သည်ကမှပြီးပြည့်စုံသည်ဟူ၍မရှိပေ ။ ပြီးပြည့်စုံသောအရာများမှာ လူသားများကဖန်တီးထားခြင်းသာ ။ ဤသစ်တောအားမည်သူဖန်တီးသည်ကို လင်ပန့်ရှ တွေးနေသည့်အချိန်မှာပင် နားထဲ၌ထူးဆန်းသောအသံတစ်သံကိုကြားလိုက်ရသည် ။ ကြီးမားသောအရာကြီးတစ်ခုခုကတောအုပ်ထဲတွင်တရွတ်တိုက်သွားနေသည့်အသံမျိုးပင် ။ အသံမှာအလွန်ကျယ်လောင်လှသောကြောင့် လင်ပန့်ရှ လျစ်လျှူရှုချင်နေသည့်တိုင် မသိချင်ယောင်ဆောင်၍မရနိုင်ခဲ့ချေ ။


လူတိုင်း၏လှုပ်ရှားမှုများရပ်တန့်သွားပြီး စုန့်ချင်းလော်၏ မျက်နှာအမူအယာသည်လည်းအနည်းငယ်ပြောင်းလဲသွားကာ ပြောလာ၏ ။


" သတိထားကြ " 


အချိန်ခဏအတွင်းမှာပင် လူတိုင်းကအသင့်ပြင်ဆင်လာသောလက်နက်များကိုထုတ်လိုက်ကြသည် ။


အသံတဖြည်းဖြည်းချင်းဖြင့်ပို၍နီးကပ်လာနှင့်တစ်ပြိုင်နက် မြေပြင်သည်လည်းတုန်ခါလာ၏ ။ လင်ပန့်ရှက လက်ထဲတွင်ဓားမြှောင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလျှက်ပတ်ဝန်းကျင်ကိုသတိကြီးစွာဖြင့်လိုက်လံကြည့်ရှုနေ၏ ။ ရုတ်တရက်ဆိုသလိုပင် နေရောင်ကွယ်သွားကာသူ့ခေါင်းပေါ်သို့အမှောင်ရိပ်တစ်ခုကျလာလေသည် ။ ခေါင်းမော့ကြည့်လိုက်သောအခါ သူ့တစ်သက်မေ့နိုင်တော့မည်မဟုတ်သောမြင်ကွင်းတစ်ခုကိုမြင်လိုက်ရတော့၏ ။


ထိုသည်ကား သူတစ်ကြိမ်တစ်ခါမှမမြင်ခဲ့ဖူးသောသတ္တဝါကြီးပါပင် ။ နှစ်မီတာသို့မဟုတ် သုံးမီတာမြင့်ကာ ကြည့်လိုက်ရုံဖြင့်ဝက်ဝံတစ်ကောင်နှင့်တူသော်ငြားခေါင်းတွင်အနက်ရောင်စေးကပ်ကပ်အရာများဖြင့်ဖုံးအုပ်နေ၏ ။ ထိုအချိန်တွင် စေးကပ်ကပ်အနက်ရောင်အရည်များမှာ သတ္တဝါ၏ဦးခေါင်းပေါ်မှအောက်သို့စီးကျနေပြီး ထိုအနက်ရောင်အရည်များထဲတွင် လူမျက်နှာကဲ့သို့သောမျက်နှာသေးသေးများစွာဖြစ်ပေါ်လာသည် ။ အချို့သောမျက်နှာလေးများမှာ အော်ဟစ်နေကာ ၊ အချို့က ငိုယိုနေလျှက် အချို့ကမူရယ်မောနေကြသည်မှာ မြင်သူတိုင်းကိုကြောက်မက်စေရုံသာမက အော်ဂလီဆန်သည့်ခံစားချက်ကိုဖြစ်ပေါ်စေ၏ ။


ကြီးမားသောဝက်ဝံကြီး၏ဦးခေါင်းအစိတ်အပိုင်းအများစုမှာ အနက်ရောင်ကတ္တရာစေးများဖြင့်ဖုံးလွှမ်းတိုက်စားခြင်းခံထားရ၏ ။ တစ်ဖက်သည်ဝက်ဝံတစ်ကောင်နှင့်တူ၍အခြားသောမျက်နှာတစ်ခြမ်းသည်ကား သွေးပုပ်များစီးကျလျှက်ဦးခေါင်းခွံဖြူဖြူကိုပင်မြင်နေရသည် ။ ပါးစပ်ဟလိုက်ချိန်တွင် နီရဲသောလျှာနှင့်ထက်ရှသောသွားတို့ကိုလျှစ်ဟပြသလာ၏ ။ ထိုသွားများကြားထဲတွင်သွေးများရောနှောနေသောအသားစများကိုပင် လင်ပန့်ရှ မြင်နေရသည် ။ 


" ဘန်း !" 


ကျယ်လောင်သောသေနတ်သံထွက်ပေါ်လာပြီးနောက် ဆာဂေးသည်လည်းကြောက်ကြောက်လန့်လန့်ဖြင့်မကောင်းဆိုးဝါးသတ္တဝါကြီးအား သေနတ်ဖြင့်ထပ်မံပစ်သတ်လိုက်မိသည် ။

 

ဤမျှနီးသောအကွာအဝေးတွင် ကျည်ဆန်၏အကျိုးသက်ရောက်မှုသည်လည်းအပြင်းဆုံးဖြစ်သဖြင့် ကျည်ဆန်သည်သတ္တဝါကြီး၏ခန္ဓာကိုယ်ကိုဖောက်ထွက်သွားသင့်သည် ။ သို့သော်လည်း ကျည်ဆန်မှာသတ္တဝါကြီး၏ခန္ဓာကိုယ်ကိုထိသွားသောအခါ သဲထဲသို့နစ်မြုပ်သွားသကဲ့သို့ပင် ။ သတ္တဝါကြီး၏အမွှေးအနည်းငယ်ကိုသာကျွတ်ထွက်သွားစေပြီး အနည်းငယ်မျှသောဒဏ်ရာဒဏ်ချက်များကိုသာဖြစ်ပေါ်သွားစေ၏ ။ 


ဆာဂေး ၏အပြုအမူကြောင့်သူ့ရှေ့ရှိသတ္တဝါကြီးကပို၍သာဒေါသထွက်သွား၏ ။ ကြောက်မက်ဖွယ်ကောင်းအောင်အော်ဟစ်ရင်းဖြင့် လူသားများရှိရာသို့တဟုန်ထိုးပြေးလာတော့သည် ။


" ပြေး !!!" 


အခြားသောရုရှားလူမျိုးများနားမလည်မည်စိုးသဖြင့် လီရီက လူတိုင်းပြေးရန်အတွက် အင်္ဂလိပ်လိုအော်ပြောလိုက်သည် ။


လင်ပန့်ရှလည်း လျှင်မြန်စွာထွက်ပြေးကာနောက်ကိုပင်ပြန်မလှည့်ကြည့်ဝံ့ပေ ။ သူ၏ဦးအပေါ်မှပြင်းပြင်းထန်ထန်လေတိုက်ခတ်သွားသည်ကိုခံစားလိုက်ရပြီး မျက်လုံးထောင့်မှထူးဆန်းသောဝက်ဝံကြီးမှာ သူရှိသည့်နေရာသို့လက်ဖြင့်လွှဲယမ်းကာပုတ်လိုက်ကြောင်းတွေ့လိုက်ရသည် ။ တောင်ပေါ်တွင်အမဲလိုက်ဖူးသူတိုင်း ဝက်ဝံတစ်ကောင် ၊ ဝက်နှစ်ကောင်နှင့် ကျားသုံးကောင်ဟူသောဆိုရိုးကိုကြားဖူးကြသည် ။ ဆိုလိုသည်မှာဝက်ဝံသည် အခြားသောတောရိုင်းတိရစ္ဆာန်များထက်ပို၍ လူသားများအားရန်သူကဲ့သို့ဆက်ဆံကြ၏ ။

 

အင်အားကြီးမားရုံသာမက အလွန်အပြေးမြန်သည့်အပြင်သစ်များပေါ်သို့လည်းတက်နိုင်သေး၏ ။ တစ်ကြိမ်စိတ်ဆိုးသွားသည်နှင့် လူသားများအတွက်သေလမ်းတစ်လမ်းသာရှိသည့်အပြင် သူ့နောက်ရှိအရာကြီးမှာ ဝက်ဝံတစ်ပိုင်းဟုသာခေါ်ဆို၍ရနိုင်သောအလွန်ထူးဆန်းသည့်မကောင်းဆိုးဝါးကြီးဖြစ်နေသေးသည် ။


တောထဲတွင်ပြေးလွှားနေရသည်မှာအမှန်ပင်မလွယ်ကူလှချေ ။ လင်ပန့်ရှ တွင်လည်းပြန်လှည့်ကြည့်ရန်သတ္တိမရှိပေ ။ သူလှည့်မကြည့်ဘဲနှင့်ပင်နောက်မှသစ်ပင်များကိုနင်းခြေဖျက်ဆီးနေသံများမှာတဖြည်းဖြည်းပိုပြီးနီးကပ်လာပြီး ရင်ထဲတွင်ဖြစ်ပေါ်နေသောမကောင်းသည့်ခံစားချက်ကြီးမှာလည်း ပို၍ပို၍ပြင်းထန်ဆိုးဝါးလာ၏ ။  


သို့သော်လည်း ကြောက်မက်ဖွယ်အရိပ်ကြီး လင်ပန့်ရှ၏ ဦးခေါင်းထက်သို့အုပ်မိုးလာချိန်တွင် သူ့နောက်မှအလျှင်လိုနေဟန်ရသောသေနတ်သံနှစ်ချက်ထွက်ပေါ်လာ၏ ။


 " ဘန်း ဘန်း !" 


ခဏကြာသောအခါ သူ့ခေါင်းထက်ရှိအရိပ်မည်းကြီးမှာတဖြည်းဖြည်းလွင့်ပြယ်သွားလေသည် ။ သူ့နောက်မှသေနတ်ပစ်လိုက်သောသူက လင်ပန့်ရှ၏ အာရုံအလုံးစုံကိုဆွဲဆောင်သွား၏ ။ လင်ပန့်ရှက ခြေနှစ်လှမ်းမျှပြေးပြီးနောက် ခက်ခက်ခဲခဲအသက်ရှုရင်းနောက်သို့ပြန်လှည့်ကြည့်လိုက်သောအခါ သူနောက်သို့သည်းကြီးမည်းကြီးလိုက်နေခဲ့သောဝက်ဝံကြီးမှာအခြားသောနေရာတစ်ခုသို့ဦးတည်သွားနေကြောင်းတွေ့လိုက်ရသည် ။

 

အခြားသူတစ်ယောက်က ထိုသတ္တဝါကြီးအားသေနတ်ဖြင့်ပစ်၍အာရုံလွှဲကာ လင်ပန့်ရှ၏ အသက်ကိုကယ်လိုက်ခြင်းဖြစ်သည် ။ လင်ပန့်ရှ မရပ်ရဲပါဘဲဆက်လက်၍ဝေးရာသို့ပြေးတော့၏ ။ မည်မျှအချိန်ကြာသွားသည်မသိသော်လည်း မရပ်မနားပြေးပြီးနောက်ကြောက်မက်ဖွယ်အသံကြီးသည်လည်း တဖြည်းဖြည်းဝေးကွာသွားပြီး တောအုပ်တစ်ခုလုံးတိတ်ဆိတ်မှုအတွင်းသို့ပြန်လည်ကျရောက်သွားတော့သည် ။ 


ခြေလှမ်းအနည်းငယ် ရှေ့ဆက်ပြီးနောက်ရပ်လိုက်ကာမောပန်းတကြီးဖြင့်မြေပြင်ပေါ်သို့ထိုင်ချလိုက်တော့သည် ။ ပတ်ဝန်းကျင်တစ်ခွင်အလွန်အမင်းတိတ်ဆိတ်နေကာ အင်းစက်များအော်မြည်သံနှင့်ငှက်ကလေးများ၏ကျီကျီကျာကျာအသံများကိုလည်းမကြားရချေ ။ အပ်ကျပင်ကြားရလောက်သည်အထိတိတ်ဆိတ်နေခြင်းကအမှန်ပင်လူကိုမသက်မသာခံစားရစေ၏ ။


မိနစ်အနည်းငယ်မျှအနားယူပြီးနောက် လင်ပန့်ရှ မြေပြင်ပေါ်မှမတ်တပ်ထရပ်ကာ ဖုန်းထုတ်၍စစ်ဆေးကြည့်လိုက်သည် ။ အံ့သြစရာမရှိလောက်အောင်ပင် လိုင်းမမိပါချေ ။ သူတို့အတွက်အထူးပြင်ဆင်ပေးထားသည့်ဆက်သွယ်ရေးစက်ကိုထုတ်ပြီးနောက်အထူးသီးသန့်လိုင်းကိုခေါ်ဆိုကြည့်ပါသော်လည်း အချင်းချင်းအဆက်အသွယ်ပျက်လျှက် မည်သူ့ကိုမှဆက်သွယ်၍မရပေ ။ 


လင်ပန့်ရှက ထိုနေရာတွင်သာရပ်နေပြီးနောက် ခဏမျှစဥ်းစားလိုက်သည် ။ ကနဦးတွင် သူတို့အားလုံးကွဲကွာသွားသည့်နေရာသို့ပြန်သွား၍ စုန့်ချင်းလော်နှင့် ပြန်လည်တွေ့ဆုံရန်မျှော်လင့်မိပါသော်လည်း ထူးဆန်းသောဝက်ဝံကြီးထပ်မံထွက်ပေါ်လာမည်ကိုလည်းကြောက်ရသေး၏ ။


ထိုသည်ကိုတွေးတောရင်း လင်ပန့်ရှ သူ့အိတ်ကိုဖြည်ကာမြေပုံနှင့်သံလိုက်အိမ်မြှောင်ကိုထုတ်ယူလိုက်သည် ။ ကံကောင်းစွာဖြင့် သံလိုက်အိမ်မြှောင်အသုံးပြု၍ရ၏ ။ ရိုးရိုးရှင်းရှင်းဖြင့်သူ၏လက်ရှိတည်နေရာကိုမှတ်သားလိုက်ပြီးနောက် တောင်ဘက်သို့ဦးတည်သွားတော့သည် ။


မြေပုံတွင်ဖော်ပြထားချက်အရ မြို့၏တောင်ဘက်၌မြစ်တစ်စင်းရှိသည် ။ အနည်းဆုံး မြစ်ထဲတွင်စားစရာအချို့ရှာ၍အသက်ဆက်နိုင်သေးသည် ။ မြစ်သို့သွားရာလမ်းတွင်အခြားသူများနှင့်တွေ့နိုင်မည်ဆိုလျှင်ပို၍ကောင်းသေး၏ ။


ဝက်ဝံကြီးပေါ်က ထူးဆန်းတဲ့အနက်ရောင်ကတ္တရာရည်တွေကဘာတွေလဲ ?


လမ်းတစ်လျှောက်တွင် လင်ပန့်ရှ သူမြင်တွေ့ခဲ့ရသောမြင်ကွင်းများအကြောင်းကိုတွေးတောနေမိသည် ။ 


အဲ့ဒီအရာက သက်ရှိတွေမှာကပ်တွယ်မိသွားရင်တစ်ခုခုထူးဆန်းတာတွေဖြစ်လာမှာလား ? ဒါပေမဲ့လည်းအဓိပ္ပာယ်သိပ်မရှိဘူးလေ ...


အဲ့လိုဆိုရင်တောင် တီဗီပေါ်မှာဘာလို့ကပ်နေရတာလဲ ?

 

သူအတွေးများနေသည့်အချိန်တွင် ကောင်းကင်သည်တဖြည်းဖြည်းမှောင်လာပြီဖြစ်သည် ။


မရင်းနှီးသောတောအုပ်အတွင်းတွင်ညနက်သည်အထိလျှောက်သွားနေခြင်းက ဥာဏ်ရှိသောလုပ်ရပ်တစ်ခုမဟုတ်ပေ ။ ထို့သို့တွေးမိပြီးနောက် လင်ပန့်ရှ အနီးအနားတွင်အနားယူရန်ဆုံးဖြတ်ချက်ချလိုက်သည် ။ သစ်ကိုင်းခြောက်များကိုကောက်ကာမီးမွှေးပြီးနောက် ဆာလောင်နေသောအစာအိမ်ကိုဖြေရှင်းရန်အတွင် ရိက္ခာခြောက်အချို့ကိုထုတ်စားလိုက်သည် ။


ညနက်လာသည်နှင့်အမျှ သစ်တောသည်လည်းပိုမိုတိတ်ဆိတ်လာသည် ။ လင်ပန့်ရှက မီးပုံဘေးတွင်ထိုင်လျှက် မအိပ်ရဲပါချေ ။ သူ့အခြေအနေကိုသူစိုးရိမ်နေသည်သာမက စုန့်ချင်းလော် အတွက်လည်းစိုးရိမ်နေသေး၏ ။


ဝက်ဝံကြီး၏အာရုံကိုဆွဲဆောင်ကာသူ့အားကူညီခဲ့သူမှာ စုန့်ချင်းလော် ပင်ဖြစ်လိမ့်မည် ။ စုန့်ချင်းလော်၏လက်ရှိ အခြေအနေကိုသူမသိရုံသာမက အောင်အောင်မြင်မြင်လွတ်မြောက်နိုင်မည်လော ဒဏ်ရာရထားသည်လော ကိုလည်းမသိပါချေ ။


လင်ပန့်ရှ ပင်ပန်းနေပြီးဖြစ်သော်လည်း မျက်လုံးများမှိတ်ရန်ငြင်းဆန်နေဆဲပင် ။ ညဘက်တွင်ဘာဖြစ်လာနိုင်သည်ကိုမသိရုံသာမက မျက်လုံးမှိတ်လိုက်သည်နှင့်နောက်တစ်ကြိမ်မျက်လုံးထပ်မဖွင့်နိုင်တော့မည်ကိုလည်းကြောက်ပါ၏ ။


အကြောင်းအရင်းအချို့ကြောင့် ကောင်းကင်ယံတွင်လထိန်ထိန်သာလျှက်ရှိသည် ။ လင်ပန့်ရှက ဝိုင်းစက်နေသောလမင်းကြီးကိုမော့ကြည့်လျှက်မနေနိုင်ပါဘဲ လီစုပို့ပေးသောဗီဒီယိုထဲမှလမင်းကြီးကိုတွေးမိသွား၏  ။





Translater - Mori ( 1 . 12 . 2023 ) 8 : 23 PM