အခန်း - ၃၀ ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၃ ) ဒုတိယပိုင်း
Viewers 2k

.အခန်း - ၃၀

ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၃  ) ဒုတိယပိုင်း



ကြယ်စုကြယ်ဝေးများမှာအလွန်တောက်ပလျှက် မှောင်မိုက်သောညလယ်တွင်ကောင်းကင်ယံ၌အလင်းတန်းများအဖြစ်ဖြစ်တည်နေ၏ ။ လရောင်ဖျော့ဖျော့မှာကြည်လင်နေသောရေကဲ့သို့ပင် ကမ္ဘာမြေတစ်ခွင်ပေါ်သို့ဇာပဝါပါးပါးလွှမ်းခြုံထားသကဲ့သို့ဖြန့်ကျက်ထားလေသည် ။ အေးချမ်းသောလရောင်အောက်တွင် ထူးဆန်းသောသစ်တောသည်နူးညံ့နေသည့်ပုံပေါ်နေ၏ ။ သို့သော်လည်း ဤအယောင်ဆောင်မှုအောက်တွင်အလွန်ရက်စက်ကြမ်းကြုပ်သောလူ့အသက်များကိုနုတ်ယူမည့်မကောင်းဆိုးဝါးများပုန်းအောင်းနေကြောင်းကို လင်ပန့်ရှ သေသေချာချာသိလေသည် ။


သန်းခေါင်ကျော်ပြီးနောက် ညတာ၏ဒုတိယမြောက်တစ်ဝက်အချိန်တွင် လင်ပန့်ရှ တဖြည်းဖြည်းနှင့်ပို၍ပို၍အိပ်ချင်လာ၏ ။ သမ်းဝေလိုက်ပြီးနောက် အိပ်ချင်စိတ်များကိုမောင်းထုတ်ရန်အတွက် နှင့်နိုးနိုးကြားကြားရှိစေရန်မိမိ၏ပါးကိုအကြိမ်အနည်းငယ်မျြှပန်ရိုက်လိုက်သည် ။ ည၏အမှောင်ထုအလယ်တွင် သူ့ရှေ့ရှိမီးပုံမှာတဖျစ်ဖျစ်မြည်လျှက်တောက်လောင်နေ၏ ။ အိပ်ငိုက်နေသော လင်ပန့်ရှ မှာသူ၏အမည်ကိုတစ်စုံတစ်ယောက်ကခေါ်နေသံကြားလိုက်ရသည် ။


ပထမတွင် နားကြားမှားသည်ဟုထင်ခဲ့သော်လည်း အသေအချာအာရုံစိုက်၍နားထောင်ကြည့်သောအခါ အမှန်ပင်သစ်တောအတွင်းပိုင်းတစ်နေရာမှသူ့အမည်ကိုဆက်တိုက်ခေါ်ဆိုနေကြောင်းသေချာသွားရသည် ။ 


" လင်ပန့်ရှ ... လင်ပန့်ရှ ... လင်ပန့်ရှ ..."


ခေါ်ဆိုနေသောအသံမှာ မတည်မငြိမ်နှင့်ဝေဝေဝါးဝါးဖြစ်နေသော်လည်း တစ်မျိုးတစ်ဖုံရင်းနှီးနေသလိုလည်းခံစားရ၏ ။ 


လင်ပန့်ရှက ထရပ်လိုက်ပြီးနောက် အသံလာရာအရင်းမြစ်ဆီသို့ဖြည်းဖြည်းချင်းသွားကြည့်လိုက်သည် ။ နောက်ဆုံး၌ တောထဲမှသူ့ထံသို့လျှောက်လာသူမှာ နေ့လည်ခင်းအချိန်၌ဝက်ဝံကြီးတိုက်ခိုက်သောအချိန်ကကွဲကွာသွားသော အဲလက်စ်ဖြစ်နေ၏ ။


" လင်ပန့်ရှ ... တကယ်ပဲမင်းလား " 


အဲလက်စ် လင်ပန့်ရှ ၏ရှေ့သို့ရောက်လာ၏ ။


မီးပုံမှအလင်းရောင်ကြောင့် အဲလက်စ်တစ်ကိုယ်လုံးစုတ်ပြတ်သတ်နေကြောင်းတွေ့လိုက်ရသည် ။ ကြည့် ရသည်မှာထိခိုက်ထားပုံရသည့်အပြင်ခြေထောက်တစ်ဖက်သည်လည်းထော့နဲ့ထော့နဲ့ဖြစ်နေလျှက်တစ်ကိုယ်လုံးရွံ့များဖြင့်ဖုံးလွှမ်းနေ၏ ။ သူ၏မျက်နှာထက်တွင်အဖွဲ့ဝင်တစ်ဉီးအားတွေ့လိုက်ရသဖြင့် အလွန်အံ့အားသင့်နေမှုများအတိုင်းသာပေါ်လွင်နေလေသည် ။


လင်ပန့်ရှက မေးလိုက်သည် ။


" မင်းထိခိုက်ထားတာလား " 


" အင်း ... ခြေချင်းဝတ်လည်သွားတာ "


" ထိုင်လိုက် ငါမင်းကိုစစ်ဆေးပေးမယ် " 


အဲလက်စ်က မီးပုံဘေးတွင်ထိုင်လိုက်၏ ။ လင်ပန့်ရှ လည်းထိုင်ချလိုက်ပြီးနောက် သူ၏ခြေထောက်ကိုကူညီစစ်ဆေးပေးလိုက်သည် ။ ဤအချိန်တွင် လင်ပန့်ရှက ရုတ်တရက်ပေါ်လာသောသူ၏အသင်းဖော်ဖြစ်သူ၏မူမမှန်မူများကိုစစ်ဆေးကြည့်ရန်ကိုလည်းမမေ့ပါချေ ။ အဲလက်စ်၏ ကျောပိုးအိတ်ပျောက်ဆုံးနေပါသော်လည်း ထိုသည်ကပုံမှန်ပင် ။


လေးလံသောအရာဝတ္ထုများကိုပစ်ချထားခဲ့ခြင်းကသာ ထွက်ပြေးနေစဥ်အချိန်အတွင်းလွတ်မြောက်နိုင်မည့်အခွင့်အရေးပိုများစေမည်ဖြစ်သည် ။ သူ၏အင်္ကျီထက်တွင်ခြစ်ရာများရှိသော်လည်း ဆိုးဆိုးဝါးဝါးမဟုတ်ပါချေ ။ တစ်ကိုယ်လုံးရှိဒဏ်ရာများသည် ခြစ်ရာသေးသေးများဖြစ်၍စိုးရိမ်စရာမရှိသော်လည်း ခြေချင်းဝတ်လည်သွားခြင်းကမူပြင်းထန်၏ ။ အရိုးများအက်သွားခြင်းမျိုးလည်းဖြစ်နိုင်ရုံသာမက ညိုမဲဖောင်းကားနေ၏ ။ 


လင်ပန့်ရှက စစ်ဆေးပြီးနောက် သူ၏လွယ်အိတ်ထဲမှပတ်တီးတစ်လိပ်ကိုထုတ်၍ရိုးရိုးရှင်းရှင်းသာသန့်ရှင်း၍ပတ်တီးစည်းပေးလိုက်လေသည် ။


အဲလက်စ် : " အခြားသူတွေကိုရောမတွေ့ဘူးလား ... မင်းတစ်ယောက်တည်းလား "


လင်ပန့်ရှက အဲလက်စ်ကို တစ်ချက်သာကြည့်၍ဘာမှပြန်မဖြေပါချေ ။


အဲလက်စ်က ညည်းတွားလာ၏ ။


" ဘာလို့ငါ့ကိုလျှစ်လျှူရှုနေတာလဲ " 


အချိန်အတော်ကြာသောအခါမှသာ လင်ပန့်ရှကပြောလာ၏ ။


 " အင်း ... ငါတစ်ယောက်တည်း ... မင်းဘယ်နေရာကိုပြေးသွားတာလဲ ... အခုမှဘာလို့တစ်ယောက်တည်းပေါ်လာရတာလဲ "


အဲလက်စ် : " မင်းနဲ့ငါနဲ့ကဦးတည်ရာတစ်ခုတည်းကိုပြေးသွားကြတာလေ ... ငါတို့ဖမ်းမိခါနီးအချိန်မှာတစ်ယောက်ယောက်က သေနတ်နဲ့ပစ်ပြီးအဲ့ဒီအရာကြီးကိုမြှားခေါ်သွားတာလေ ကံကောင်းလို့သာပေါ့ ... မင်းပြေးတာအရမ်းမြန်တော့ ငါလိုက်လို့မမှီလိုက်လို့နောက်ကနေပဲကြည့်နေခဲ့ရတော့တာ "


လင်ပန့်ရှက ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည် ။


" အဲ့ဒီအချိန်တုန်းကသာမြန်မြန်မပြေးနိုင်ခဲ့ရင် သေဖို့ထိုင်စောင့်နေသလိုပဲဖြစ်နေမှာပေါ့ "


အဲလက်စ်က ပြုံး၍ထောက်ခံလေသည် ။


" မင်းခဏလောက်နားသင့်တယ် " 


လင်ပန့်ရှက ဒဏ်ရာကိုကူညီကြည့်ရှုပေးပြီးနောက်ပြောလိုက်၏ ။


" ငါကင်းစောင့်နေပေးမယ် ..."


အဲလက်စ် : " အင်း " 


အဲလက်စ်က သဘောတူလိုက်ပါသော်လည်း အိပ်ချင်စိတ်မရှိသေးသောကြောင့်မနေနိုင်ဘဲစကားပြောမိပြန်သည် ။


" အဲ့ဒီအရာကြီးကတကယ်ပဲဘာကြီးလဲ ... ဝက်ဝံလား ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်အရည်တွေကပ်နေသေးတယ် ..."


သူကိုယ်တိုင်လည်းမသိကြောင်းပြောပြရန်အတွက် လင်ပန့်ရှ ခေါင်းခါလိုက်လေသည် ။


" ခင်ဗျားက စုန့်ချင်းလော် လို့ခေါ်တဲ့လူနဲ့အရမ်းရင်းနှီးတာလား " 


အဲလက်စ်က မနာလိုဖြစ်စွာဖြင့်


" သူသေနတ်ပစ်လိုက်တာကိုကျွန်တော်မြင်လိုက်တယ် ... အဲ့တာပြီးတော့ ဝက်ဝံကသူ့နောက်လိုက်သွားတော့တာပဲ "


သူ၏ထင်မြင်ချက်မှာအမှန်ဖြစ်ကြောင်းအတည်ပြုပြီးနောက် စုန့်ချင်းလော် အတွက်စိုးရိမ်နေသောစိတ်မှာပို၍သာပြင်းထန်လာရသည် ။


အဲလက်စ် : " ဘာဖြစ်လို့ဒီအလုပ်ကိုလက်ခံတာလဲ "


လင်ပန့်ရှက ရိုးရိုးသားသားပြန်ဖြေလိုက်သည် ။


" ပိုက်ဆံကြောင့် "


အဲလက်စ် ကပြုံး၍


" ဒီလိုကိုး .. ဒါဆိုရင်ကျွန်တော်တို့ကတူတာပဲ ကျွန်တော်လည်းငွေအရမ်းလိုနေတာ ..." 


ပိုက်ဆံအကြောင်းပြောကြသည်နှင့် ချက်ချင်းအားအင်ပြည့်ဝလာကြကာ မျက်နှာတစ်ခုလုံးဝင်းပလျှက် ပြောလာ၏ ။


" ပိုက်ဆံသာရှိမယ်ဆိုရင် ကျွန်တော်ချစ်တဲ့မိန်းကလေးကိုလည်းလက်ထပ်နိုင်မယ် ... ကျွန်တော်က စျေးအကြီးဆုံးဆိုင်ကယ်ကိုဝယ်ချင်တာ ပြီးတော့ သူမကိုခေါ်ပြီးလျှောက်လည်ချင်တယ် "


ငယ်ရွယ်နုပျိုသောမျက်နှာလေးထက်တွင်ပျော်ရွှင်ရပ်များသမ်းနေရာမှ ရုတ်တရက်ထိုအပြုံးလေးမှာခါးသက်သက်အပြုံးတစ်ပွင့်အဖြစ်သို့ပြောင်းလဲသွားရသည် ။


" တကယ်လို့သာ အသက်ရှင်ရက်ပြန်သွားနိုင်ခဲ့မယ်ဆိုရင်ပေ့ါ ..."


လင်ပန့်ရှ ကအဲလက်စ်၏ ပုခုံးကိုပုတ်၍


" ငါတို့ပြန်သွားနိုင်မှာပါ " 


အဲလက်စ်က ခါးသက်သောအပြုံးတစ်ပွင့်ဖြင့်


 " အဆင်ပြေပါတယ် ... တကယ်လို့အလုပ်မဖြစ်ဘူးဆိုရင်တောင်မှ ကျွန်တော်သေပြီးတဲ့နောက်မှာအရမ်းများတဲ့ အသက်အာမခံငွေတွေကျန်ခဲ့မှာပဲလေ "


လင်ပန့်ရှ သူ့အားမည်ကဲ့သို့နှစ်သိမ့်ရမည်ကိုမသိပါတော့ချေ ။ အဲလက်စ်က သေခြင်းရှင်ခြင်းကိစ္စများကိုအလွန်ပေါ့ပေါ့ပါးပါးသာသတ်မှတ်ထားခြင်းဖြစ်လိမ့်မည် ထိုသို့မဟုတ်ပါကဤကဲ့သို့သောအလုပ်မျိုးကိုလုပ်လိမ့်မည်မဟုတ်ပေ ။


နှစ်ယောက်သာရောက်တတ်ရာရာစကားပြောကြရင်းဖြင့် အာရုဏ်တက်ချိန်သို့ရောက်လာတော့သည် ။ ကံကောင်းစွာဖြင့် တစ်ညလုံးမည်သည့်ထူးထူးဆန်းဆန်းကိစ္စမှမဖြစ်ခဲ့ပါချေ ။


မိုးလင်းပြီးနောက် တွင်လင်ပန့်ရှ လမ်းရှာရန်အတွက် စတင်တော့သည် ။ သွားလာရန်ခက်ခဲနေသော အဲလက်စ်အတွက် သစ်ကိုင်းတစ်ကိုင်းရှာပေးပြီးနောက် တုတ်ကောက်အဖြစ်အသုံးပြုစေကာ သူ့နောက်မှဖြည်းဖြည်းချင်းလိုက်လာခိုင်းလိုက်၏ ။


သစ်တောအတွင်းအခြားသောထူးဆန်းသည့်အရာများရှိမရှိကိုသူမသိပါချေ ။ လင်ပန့်ရှသည်လည်း မြွေကဲ့သို့သောတွားသွားသတ္တဝါများကိုကြောက်သောကြောင့်​မြက်တောထဲတွင်လျှောက်ရာ၌ တုတ်ဖြင့်ဟိုယမ်းဒီယမ်းလုပ်နေ၏ ။

 

အရှေ့သို့အချိန်မည်မျှလျှောက်လာရသည်မသိသော်လည်းဘေးပတ်ဝန်းကျင်ရှိမြင်ကွင်းများကမူမပြောင်းလဲသွားကြချေ ။ သစ်ပင်များနှင့်မြက်ပင်များကိုသာတွေ့ရ၏ ။ အဲလက်စ် သည်သူတို့နှစ်ဦးစက်ဝိုင်းပုံစံဖြင့်တစ်နေရာတည်းတွင်လှည့်ပတ်သွားနေမိကြသည်လောဟု စိုးရိမ်စပြုလာသည် ။


လင်ပန့်ရှ လည်းထိုသို့တွေးမိသောအခါအဓိပ္ပာယ်ရှိသည်ဟုခံစားရသဖြင့် ပတ်တီးစအချို့ကိုဖြဲကာအမှတ်အသားအနေဖြင့်သစ်ပင်များတွင်ပတ်လိုက်သည် ။


သို့သော်လည်း အမှတ်အသားမပြုခြင်းကပင်ပို၍အဆင်ပြေဦးမည်ပင် ။ အမှတ်အသားပြုထားသောပတ်တီးစများကိုမြင်သောအခါ အဖြစ်အမှန်ကိုလက်မခံနိုင်မည်ကိုလည်းစိုးရိမ်ရသေးသည် ။ သစ်ပင်တွင်ချည်ထားသောပတ်တီးစကိုနောက်တစ်ကြိမ်ပြန်တွေ့ရချိန်၌ သူတို့အမှန်ပင်လှည့်စားခံနေရပြီဖြစ်ကြောင်း လင်ပန့်ရှ သဘောပေါက်သွား၏ ။


" ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ " 


အဲလက်စ် ပို၍သာစိတ်ပူပန်လာရသည် ။


" ငါတို့စက်ဝိုင်းပုံစံလှည့်သွားနေမိကြတာ "


လင်ပန့်ရှက ဆက်၍


" ဒီလိုဆိုရင်တောင်မှ ငါတို့ဆက်သွားရမှာပဲ တစ်နေရာတည်းမှာပဲသေဖို့ရပ်စောင့်မနေနိုင်ဘူး "


အဲလက်စ် : " ကျွန်တော်ရှေ့ကသွားမယ်ဆိုရင်ရော "


လင်ပန့်ရှက အဲလက်စ် အားတစ်ချက်ကြည့်ကာ


" မင်းခြေထောက်ကအဆင်ပြေလို့လား "


အဲလက်စ် : "အဆင်ပြေပါတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတောရွာမှာကြီးပြင်းလာခဲ့တာဆိုတော့ ခင်ဗျားထက်တော့အတွေ့အကြုံရှိသေးတယ်လေ "


" အင်း " 


လင်ပန့်ရှ ခဏမျှတွေးနေမိပြီးနောက် အဲလက်စ်ပြောသည်ကလည်းအဓိပ္ပာယ်ရှိကြောင်းခံစားလိုက်ရသည် ။


ဤသိုဖြင့် အဲလက်စ်က အရှေ့မှဦးဆောင်သွားတော့၏ ။ သူအမှန်တကယ်အတွေ့အကြုံရှိခြင်းကြောင့်လော ကံကောင်းနေခြင်းကြောင့်လောမသိသော်လည်း စက်ဝိုင်းပုံပတ်လျှောက်နေမိခြင်းမျိုးတော့မဟုတ်တော့ချေ ။ အနည်းဆုံး လင်ပန့်ရှ အမှတ်အသားအဖြစ်အသုံးပြုထားသောပတ်တီးများကိုမတွေ့ရတော့ပေ ။


သို့သော်လည်း အဲလက်စ်၏ ခြေထောက်ဒဏ်ရာရထားသောကြောင့် လမ်းလျှောက်သည့်နှုန်းမှာအလွန်နှေးနေ၏ ။ သူ့ပါးစပ်သူပိတ်မထားနိုင်ဘဲ လင်ပန့်ရှ ကိုလမ်းတစ်လျှောက်လုံးစကားပြောလာ၏ ။


သူ၏စကားလုံးတွင် ပိုက်ဆံဟူသောစကားများသာပြည့်နေ၏ ။ လင်ပန့်ရှသည်လည်း ငွေခင်သောသူတစ်ယောက်ဖြစ်ပါလျှက် အဲလက်စ် ကဲ့သို့စွဲလမ်းနေသူတော့မဟုတ်ပေ ။ သူတတ်နိုင်သမျှပိုက်ဆံရှာမည်ဖြစ်သော်လည်း အချိန်တိုင်းပိုက်ဆံအကြောင်းတွေးနေခြင်းမရှိချေ ။


တစ်ရက်လုံး ​ဖြည်းဖြည်းချင်းလျှောက်နေကြပြီးနောက်တစ်ဖန်ညအချိန်သို့ပြန်လည်ရောက်ရှိလာ၏ ။ တောနက်ကြီး၏အလယ်တွင် အိမ်ဟောင်းလေးတစ်လုံးကို လင်ပန့်ရှ တွေ့လိုက်ရလေသည် ။


" ဟိုနားမှာအိမ်တစ်လုံးရှိတယ် !!" 


အဲလက်စ်က အံ့သြတကြီးဖြင့်ပြောလာ၏ ။ 


" တစ်ယောက်ယောက်များရှိနေမလား ?"


လင်ပန့်ရှ : " တစ်ယောက်ယောက်ရှိနေတဲ့ပုံတော့မပေါ်ပါဘူး "


အဲလက်စ် : " လူရှိရှိမရှိရှိ တစ်ချက်လောက်သွားကြည့်ကြမလား "


လင်ပန့်ရှ သဘောတူလိုက်သည် ။


ဤအိမ်အိုလေးကတောနက်ကြီးထဲတွင်တည်ရှိနေခြင်းပင် ။ တစ်ချက်ကြည့်လိုက်ရုံဖြင့်အချိန်အတော်ကြာလူတစ်ယောက်မှမနေနိုင်ခဲ့ကြောင်းသိနိုင်၏ ။     လျှောက်လမ်းနှင့်ပြတင်းပေါက်များတွင်ဖုန်အထပ်ထပ်တက်နေ၏ ။ လင်ပန့်ရှ ပြတင်းပေါက်မှတစ်ဆင့်အထဲသို့ကြည့်နေစဥ်တွင် အဲလက်စ်က တံခါးသော့ကိုဖွင့်ရန်ပစ္စည်းကိရိယာတစ်ခုထုတ်ပြီးနောက်တံခါးဖွင့်လိုက်ပြီဖြစ်သည် ။


လင်ပန့်ရှ မတားနိုင်သေးခင်မှာပင် သူကတံခါးကိုဖွင့်ကာအထဲသို့ဝင်သွားပြီပင် ။ ကံကောင်းစွာဖြင့် ဆိုးဆိုးရွားရွားအရာတစ်ခုမှမဖြစ်သွားဘဲ ဖုန်မှုန့်များကြောင့်အကြိမ်အနည်းငယ်ချောင်းဆိုးခြင်းသာရှိ၏ ။

 

" အထဲမှာဘယ်သူမှမရှိဘူး " 


အဲလက်စ်က သတိမမူစွာဖြင့်


" ဒီမှာတစ်ညလောက်တည်းကြရအောင် "


လင်ပန့်ရှ ပြန်မဖြေပါချေ ။ အဲလက်စ် နောက်သို့လိုက်သွားသောအခါအိမ်ထဲရှိ ပရိဘောဂများကိုတွေ့လိုက်ရသည် ။ ဤနေရာသည် မုဆိုးတစ်ဦး၏အမဲလိုက်တဲငယ်တစ်လုံးနှင့်တူညီပြီးနံရံပေါ်တွင်ပစ္စည်းအချို့ကိုချိတ်ဆွဲထား၏ ။ အကြည့်တစ်ချက်မှာပင် အချိန်အတော်အကြာလူနေထိုင်ခဲ့ခြင်းမရှိကြောင်းတွေ့လိုက်ရသည် ။


သို့သော်လည်း လင်ပန့်ရှ အခန်းထဲသို့ဝင်လိုက်သောအခါ တစ်ခုခုမှားနေကြောင်းခံစားလိုက်ရသည် ။ အသေအချာစစ်ဆေးကြည့်ပြီးနောက် ချက်ချင်းလက်နက်ကိုထုတ်ကာ သတိပေးစကားပြောလိုက်၏ ။


" သတိထားဦး ... ဒီမှာတစ်ယောက်ယောက်နေခဲ့ဖူးတယ် "


" အာ ... တစ်ယောက်ယောက်ရှိခဲ့ဖူးတာလား " 


အဲလက်စ် အံ့သြသွားရသည် ။


" မီးဖိုကိုအသုံးပြုသွားတယ် ... အထဲကမီးသွေးတွေမှာမီးစရှိနေတုန်းပဲ "


" လီရီ နဲ့အခြားသူတွေများဖြစ်နေမလား "


အဲလက်စ် ကမေးလိုက်သည် ။


" ဘယ်လိုလုပ်ပြီးအခြားသူတွေကဒီတောထဲကိုလာမှာလဲ ..."


" မသေချာပါဘူး ... ဘာပဲဖြစ်ဖြစ်ဂရုစိုက်တာကပိုကောင်းတာပေါ့ "


အဲလက်စ်က ပြန်တုံ့ပြန်လာပါသော်လည်း သူ၏အမူအယာအမှာအလွန်ဂရုမစိုက်သည့်ပုံပေါ်နေဆဲပင် ။ လင်ပန့်ရှက တစ်ချက်ကြည့်လိုက်ပြီးနောက် ဘာမှဆက်မပြောပါတော့ချေ ။

 

တစ်အိမ်လုံးလိုက်လံရှာဖွေသော်လည်းအသုံးဝင်သောသတင်းအချက်တစ်ခုကိုမှရှာမတွေ့ပေ ။ တစ်ခုတည်းသောသေချာသည့်အရာမှာဤအိမ်အတွင်းလူတစ်ယောက်နေထိုင်ခဲ့သည်ဟူသောအချက်သာဖြစ်သည် ။ မီးဖိုကိုအသုံးပြုထားရုံသာမကအိမ်ထဲရှိပစ္စည်းအများစုသည်လည်းထိကိုင်ခြင်းခံထားရ၏ ။


နေရာတကျပြန်လည်ထားထားသည်ဆိုသော်ငြား ထူထဲနေသောဖုန်မှုန့်များကြောင့် နေရာရွေ့ထားခြင်းဖြစ်သည်မှာမြင်သာ၏ ။


နောက်ကျနေပြီဖြစ်သည့်အပြင် ကောင်းကျိုးဆိုးကျိုးများကိုချိန်ဆပြီးနောက် တစ်ညတည်းခိုရန်သာဆုံးဖြတ်လိုက်သည် ။


တောထဲသို့သွားကာသစ်ကိုင်းခြောက်အချို့ရှာပြီးနောက်မီးဖိုတွင်မီးမွှေးလိုက်သည် ။ ထို့နောက် တစ်အိမ်လုံးထောင့်များပင်မကျန်စေရဘဲ ပုန်းကွယ်နေသူရှိမရှိလိုက်လံစစ်ဆေးတော့သည် ။


အဲလက်စ်သည် တစ်လျှောက်လုံးအလွန်ပျော်ရွှင်နေပုံရကာထိုင်ခုံပေါ်တွင်ထိုင်ပြီးသည့်နောက် ရိက္ခာခြောက်များကိုစားနေတော့၏ ။


လင်ပန့်ရှ ပြင်ဆင်ရှိသည်များကိုပြင်ဆင်ပြီးနောက် စတင်အနားယူတော့သဘ် ။ အိတ်ထဲမှ ဘီစကစ်အချို့ကိုထုတ်လိုက်ပြီးနောက် 


" မင်းအခုမကြောက်ဘူးလား "


အဲလက်စ် : " ဘာကြောက်စရာရှိလို့လဲ ... အပြင်မှာနေရတာထက်စာရင်အိပ်ဖို့အိမ်ရှိတာကောင်းတာပဲမဟုတ်ဘူးလား "


လင်ပန့်ရှ : " ဟုတ်သားပဲ "


" ခင်ဗျားဒီညအိပ်သင့်တယ်နော် "


အဲလက်စ်က ပြုံးရင်းပြောလာ၏ ။


 " ကျွန်တော်စောင့်ကြည့်ပေးထားပြီးတစ်ခုခုဖြစ်တာနဲ့နှိုးလိုက်မယ်လေ ."


နှစ်ရက်ကျော်သည့်တိုင်အနားမယူခဲ့ရသေးသောကြောင့် ခန္ဓာကိုယ်မှာ အမှန်ပင်အနည်းငယ်ပင်ပန်းနေပြီဖြစ်သည် ။ အကယ်၍ ဤညလည်းမအိပ်ဘဲနေမည်ဆိုပါက နောက်တစ်နေ့တွင်မည်သို့မျှအဆင်ပြေလိမ့်မည်မဟုတ်ပေ ။ ထို့ကြောင့်မငြင်းဆန်တော့ဘဲ အဲလက်စ်၏ အကြံပြုချက်ကိုတိတ်တဆိတ်ဖြင့်သာလက်ခံလိုက်သည် ။


အတော်အတန်ညနက်လာသောအချိန်တွင် လင်ပန့်ရှက ပျဥ်ပြားတစ်ချက်သာကျန်ရှိတော့သောကုတင်ပေါ်တွင်လဲလျောင်းရင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည် ။ အိပ်ချင်မူးတူးဖြစ်နေသော်လည်း သူ့နားထဲသို့ဆူညံသံများဝင်ရောက်လာ၏ ။ အဲလက်စ် ကပစ္စည်းတစ်ခုခုကိုရွေ့နေပုံပင် ။


ထိုအသံကြောင့် လင်ပန့်ရှ နိုးလာကာမူးနောက်နောက်ဖြင့်မျက်လုံးဖွင့်လိုက်သောအခါ အဲလက်စ်ကမျက်နှာထက်တွင်အရူးအမူးဖြစ်နေသည့်အပြုံးမျိုးဖြင့်လက်ထဲရှိသစ်သားသေတ္တာကိုစိုက်ကြည့်ရင်း ဧည့်ခန်းထဲတွင် ထိုင်နေကြောင်းတွေ့လိုက်ရသည် ။


လင်ပန့်ရှ ချက်ချင်းပင်နိုးနိုးကြားကြားဖြစ်သွားရ၏ ။ ဓားမြောင်ကိုသူ့ဘက်အားပြန်ဆွဲယူကာ


 " အဲလက်စ် အဲ့တာဘာလဲ "


အဲလက်စ်၏ အပြုံးမှာအနည်းငယ်မှိန်ဖျော့သွားလျှက် လင်ပန့်ရှ အားကြည့်လာ၏ ။ သူ၏မျက်လုံးအကြည့်များအရတစ်ခုခုကိုစဥ်းစားနေပုံပင် ။ ခဏကြာသောအခါ အဖြေရှာတွေ့သွားပုံရပြီး ပြုံးရင်း လင်ပန့်ရှ ထံသို့လျှောက်လာ၏ ။ သူ၏အသံမှာအလွန်စိတ်လှုပ်ရှားနေသောကြောင့် တုန်ရီနေလျှက်ပြောလာ၏ ။


" လင်ပန့်ရှ ကျွန်တော်ဘယ်လောက်တောင်ကောင်းတဲ့အရာကိုရှာတွေ့ထားတာလဲဆိုတာ ဒီကိုလာကြည့်စမ်းပါဦး ... "


လင်ပန့်ရှ ခေါင်းမော့ကြည့်လိုက်သောအခါသေတ္တာထဲရှိပစ္စည်းများကိုတွေ့လိုက်ရသည် ။ ထိုအရာများမှာရွှေရောင်နှင့်အဝါရင့်ရောင်ပစ္စည်းများဖြစ်ပြီး စေတ္တာထဲတွင်စနစ်တကျထည့်ထား၏ ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းတို့မှာရွှေများဖြစ်ကြောင်းသိလိုက်သည် ။


လင်ပန့်ရှ : " ဘယ်နေရာကနေ ... အဲတာတွေကိုရှာတွေ့လာတာလဲ "


" မီးဖိုဘေးကပဲလေ ... နံပေါ်ကအုတ်ခဲတွေကိုခွာရင်းနဲ့ အဲ့တာကိုတွေ့တာ ..."


လင်ပန့်ရှက ခဏမျှတုံ့ဆိုင်းနေပြီးနောက် 


" အဲသေတ္တာရုတ်တရက်ကြီးပေါ်လာတာထူးဆန်းတယ်လို့မထင်ဘူးလား ?"


အဲလက်စ် : " ထူးဆန်းတယ်ဟုတ်လား ... ဘယ်နေရာကထူးဆန်းနေလို့လဲ ... ဘာမှထူးဆန်းနေတာမရှိဘူးလေ ကျွန်တော်စစ်ဆေးကြည့်ပြီးပြီ တကယ်အစစ်ပဲ "


အထဲမှပစ္စည်းတစ်ခုကိုယူလိုက်ပြီးနောက် သွားဖြင့်ကိုက်လိုက်သည် ။ သိသိသာသာကိုပင်ထိုအရာပေါ်၌သူ့သွားရာထင်ကျန်ခဲ့၏ ။


" ခင်ဗျားလည်းတွေ့တယ်မဟုတ်လား ... ဒီဟာတွေကပုံရိပ်ယောင်တွေမဟုတ်ဘူး "


အမှန်ကိုပင် ပုံရိပ်ယောင်မဟုတ်ပါချေ ။ မည်သည့်ပုံရိပ်ယောင်ကမှဤမျှထိစစ်မှန်မည်မဟုတ်ချေ ။


အဲလက်စ်ကိုင်ထားသောရွှေမှာမီးရောင်အောက်တွင်တလက်လက်တောက်ပနေ၏ ။ လင်ပန့်ရှသည်လည်း တစ်ဘဝလုံးတွင်ဤမျှများပြားသောရွှေများကိုမတွေ့ခဲ့ဖူးပါချေ ။ အသိအသာကိုပင်ဤအရာများမှာသူတို့၏တပ်မက်စိတ်ကြောင့်ပေါ်ထွက်လာရခြင်းဖြစ်၏ ။ လင်ပန့်ရှမှာ မတတ်နိုင်တော့ပါဘဲကူကယ်ရာမဲ့စွာပြုံးလိုက်မိသည် ။


သူ၏အပြုံးက အဲလက်စ်အားတစ်မျိုးတစ်ဖုံအချက်ပြလိုက်သလိုပင် ။ အဲလက်စ်က လင်ပန့်ရှ အားကြည့်ကာစိတ်လှုပ်ရှားစွာဖြင့်ပြောလာ၏ ။


"  ဘာဘဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးကဒီကိုပိုက်ဆံကြောင့်ရောက်လာကြတာလေ ဒီရွှေတွေကကျွန်တော်တို့အတွက်ခွဲဝေဖို့လုံလောက်ပါတယ် ကျွန်တော်တို့တစ်ယောက်တစ်ဝက်ခွဲယူပြီးဒီကထွက်သွားကြရအောင် ..."


လင်ပန့်ရှက စဥ်းစားခြင်းတောင်မပြုဘဲငြင်းဆန်လိုက်သည် ။


" မယူဘူး "


" ဘာဖြစ်လို့လဲ ... ခင်ဗျားတစ်ယောက်တည်းအကုန်လိုချင်နေတာလား " 


အဲလက်စ်က လင်ပန့်ရှ အားစိုးရိမ်တကြီးဖြင့်ကြည့်လာ၏ ။


" မဟုတ်ဘူး ... မင်းဒီရွှေတွေကိုရှာတွေ့ခဲ့တာမင်းကြိုက်တာလုပ်လို့ရတယ် မင်းပြန်သွားချင်တယ်ဆိုရင်တောင် ငါမင်းကိုတားမှာမဟုတ်ဘူး ဒါပေမဲ့ ငါကတော့ရှေ့ဆက်သွားရဦးမယ် ငါ့သူငယ်ချင်းကဒီထဲမှာရှိနေတုန်းပဲ ဒီတိုင်းသူ့ကိုထားခဲ့ပြီးထွက်မသွားနိုင်ဘူး " 


လင်ပန့်ရှက တည်တည်ငြိမ်ငြိမ်ဖြင့်သူ့ဘက်မှအမြင်အားပြောပြလာ၏ ။ အကယ်၍ သူ့အကြည့်များကသာရွှေများပေါ်တွင်ရှိမနေပါက ပို၍ယုံကြည်ချင်စရာကောင်းလိမ့်မည်ပင် ။


အသေအချာကိုပင်အဲလက်စ်က လင်ပန့်ရှ၏ စကားများကိုမယုံကြည်ပါချေ ။ ထို့ကြောင့် အေးစက်စက်ပြောလာ၏ ။


" ခင်ဗျားက ရွှေတွေကိုမလိုချင်ဘဲနဲ့ ခင်ဗျားရဲ့သူငယ်ချင်းတွေကိုပဲရှာချင်တာပေါ့လေ "


လင်ပန့်ရှ : " အင်း ... တကယ် "


အဲလက်စ် : " ဒါဆိုရင်လဲ ဘာလို့ ကျွန်တော့်ရဲ့ရွှေတွေကိုစိုက်ကြည့်နေရတာလဲ ?"


လင်ပန့်ရှ ဒေါသများဖြင့်သာရယ်မောလိုက်မိ၏ ။ 


ဒီနေ့ခေတ်လူတွေကဘာလို့ဒီလိုမျိုးကြီးတွေပဲဖြစ်နေရတာလဲ ? လျှီုရှီရော အခုအဲလက်စ်ပါ ...


လင်ပန့်ရှ ရွှေများကိုစိုက်ကြည့်နေမိခြင်းမှအကြည့်လွှဲကာ မျက်နှာထက်တွင်ပေါ်လာသောအပြုံးကြီးကိုလည်းချိုးနှိမ်ရန်မနည်းကြိုးစားနေရသည် ။ 


သူ့ကိုရွှေတွေနောက်တစ်ကြိမ်ထပ်ကြည့်ခွင့်လေးတောင်မပေးနိုင်ဘူးလား ?


" ဘာလို့လဲဆိုတော့ကြည့်လို့ကောင်းလို့လေ ..."


လင်ပန့်ရှက ဒေါတကြီးဖြင့်ဆောင့်ဆောင့်အောင့်အောင့်ပြန်ဖြေလိုက်သည် ။


အခန်း - ၃၀ ပြီး၏ ။



စာရေးသူမှာပြောစရာရှိပါတယ် :


လင်ပန့်ရှ : စုန့်ချင်းလော် ကျွန်တော်အရမ်းဒေါသထွက်နေတယ်နော် !


စုန့်ချင်းလော် : ဒါပေမဲ့ မင်းရယ်နေတာလေ 


လင်ပန့်ရှ : ကျွန်တော် ဒေါသထွက်နေတယ်လို့ပြောနေတယ်လေ ! ! !


စုန့်ချင်းလော် : မင်းသိသိသာသာကြီးကိုပြုံးနေတာပါ 


လင်ပန့်ရှ : ခင်ဗျားရဲ့သောက်ပိုက်ဆံတွေကိုတခြားနေရာယူသွားလို့မရဘူးလား ... ကျွန်တော်တကယ်ဒေါသထွက်နေတာပါဆို  ! !


စုန့်ချင်းလော် : မယူသွားဘူး 


လင်ပန့်ရှ :  အိုး ... အိုး ... အိုး ... ပိုက်ဆံတွေကိုတွေ့တာနဲ့ဆက်စိတ်ဆိုးလို့မရတော့ဘူး 



Translater - Mori ( 2 . 12 . 2023 ) 9 : 21 PM