.အခန်း - ၃၁
ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၄ ) ပထမပိုင်း
" ဒါဆိုရင်လည်း ခဏနေရင်ကျွန်တော်ထွက်သွားတော့မယ် "
အဲလက်စ်က ပြတ်ပြတ်သားသားပြော၏ ။
" ကျွန်တော့်ကိုမတားနဲ့ "
လင်ပန့်ရှက ကြိုက်သလိုလုပ်ဟူသောသဘောဖြင့်သာလက်ဝှေ့ယမ်းပြပြီးနောက် အိပ်ရာမှထကာခရီးဆက်ရန်အတွက်ပစ္စည်းများကိုလွယ်အိတ်ထဲသို့ထည့်ရင်းပြန်လည်ထုတ်ပိုးလိုက်သည် ။
အဲလက်စ်က သူ့အားရပ်ကာကြည့်နေ၏ ။ လင်ပန့်ရှ အမှန်တကယ်ထွက်သွားရန်အတွက်တံခါးဖွင့်သောအခါမှသာ အံ့သြတကြီးဖြင့်ပြောလာသည် ။
" လင် ... ခင်ဗျားတစ်ကယ်ထွက်သွားမလို့လား "
လင်ပန့်ရှ : " မဟုတ်ရင် ဘာရှိသေးလို့လဲ "
အဲလက်စ် : " ဒီအိမ်ထဲမှာမရှာဖွေရသေးတဲ့ရွှေတွေထပ်ရှိနေနိုင်သေးတယ်လေ ခင်ဗျားတကယ်ဒီလိုပဲထွက်သွားဖို့ဆန္ဒရှိရဲ့လား ?"
လင်ပန့်ရှ သူ့အား တည်ငြိမ်ကာသံသယအပြည့်ဖြစ်သောမျက်ဝန်းများဖြင့် လှည့်ကြည့်လာ၏ ။
ထိုအကြည့်များက အဲလက်စ်အား အလွန်စိတ်မသက်မသာခံစားရစေသောကြောင့် လင်ပန့်ရှ အားတားရန်စိတ်အားထက်သန်စွာပြောလေသည် ။
" ခဏလောက်နေပါဦး ... ကျွန်တော်ထပ်ရှာကြည့်လိုက်ဦးမယ် ... နောက်ထပ်တစ်ခုခုရှာတွေ့မှာပါ "
ပြောရင်းဖြင့် နံရံထောင့်သို့ပြေးသွားကာလက်ထဲတွင်ကိုင်ထားသောကိရိယာဖြင့်အုတ်ခဲများကိုဆွဲခွာတော့သည် ။ မီးခိုရောင်သမ်းနေသောနံရံများကိုထုရိုက်ရင်းဆွဲခွာနေသောကြောင့် အိမ်ထဲတွင်ဖုန်မှုန့်များလွင့်ပျံနေတော့၏ ။ ဖုန့်မှုန့်များကိုအသည်းအသန်ဖယ်လိုက်ပြီးနောက် နောက်ဆုံးတွင်နံရံအတွင်းဘက်မှ လှပသောရွှေရောင်များပေါ်ထွက်လာလေသည် ။
" ကြည့်ပါလား ... ကြည့်ပါလား !"
အဲလက်စ်က အလွန်စိတ်လှုပ်ရှားစွာဖြင့်ရှင်းပြလာ၏ ။
" ကြည့်ပါလား ... ဒီနံရံတွေနောက်မှာတကယ်ရွှေတွေရှိတယ် !!!"
လင်ပန့်ရှက အိတ်ကပ်ထဲရှိဓားမြောင်ကိုလက်ဖြင့်စမ်းကာပြောလိုက်သည် ။
" အဲ့တော့ရော ... မင်းဒါတွေအကုန်လုံးကိုသယ်သွားနိုင်လို့လား "
" ငါတစ်ယောက်တည်းဆိုရင်တော့မရဘူး ... ဒါပေမဲ့ ငါဆိုရင်တော့ရတယ်လေ ..."
အဲလက်စ်က ပို၍ပင်စိတ်လှုပ်ရှားလာကာ
" ငါတို့နှစ်ယောက်ဆိုရင်ရွှေတွေကိုသယ်ထုတ်သွားနိုင်တယ် ... ငါတို့လိုချင်သလောက် ... ငါတို့လိုချင်သလောက်ယူသွားနိုင်မှာ "
လင်ပန့်ရှ : " မလိုဘူး ..."
အဲလက်စ်က မကောင်းဆိုးဝါးတစ်ကောင်ကိုကြည့်နေသကဲ့သို့ လင်ပန့်ရှ အားအလန့်တကြားကြည့်လာ၏ ။
" ခင်ဗျားဘာပြောလိုက်တာ ?"
" မလုပ်ဘူးလို့ပြောလိုက်တာလေ ... မင်းကြိုက်သလောက်မင်းယူလို့ရတယ် ငါနဲ့ဘာမှမဆိုင်ဘူး "
အဲလက်စ် စကားဆက်မပြောတော့ချေ ။ သူ၏မျက်နှာထက်ရှိကြွက်သားများမှာထိန်းချုပ်မှုကင်းမဲ့သွားပုံရကာ အမှုအယာများသည်လည်းထူးဆန်းလာ၏ ။ နှုတ်ခမ်းထောင့်များကိုမနည်းကွေးညွတ်လျှက် ပြုံးပြရန်ကိုပင်ခက်ခက်ခဲခဲကြိုးစားနေပုံပင် ။
" မင်းပိုက်ဆံတွေကိုမလိုချင်တော့ဘူးလား ... ဒါဆိုရင် မင်းဘာလိုချင်တာလဲ "
လင်ပန့်ရှက ရိုးသားသောသူတစ်ဦးဖြစ်သောကြောင့် ရိုးရိုးသားသားပြောလာ၏ ။
" ပိုက်ဆံလေ ..."
အဲလက်စ် : "..."
လင်ပန့်ရှ : " ပြောစရာရှိသေးလား ... မရှိရင် ငါသွားတော့မယ် "
အဲလက်စ် ရူးသွပ်သွားတော့မလိုပင် ။ သူက နောက်ရှိနံရံမှရွှေတုံးများကိုညွှန်ပြ၍ အကြီးအကျယ်ပေါက်ကွဲတော့သည် ။ ဒေါသထွက်ရလွန်းသဖြင့် မျက်နှာတစ်ခုလုံးနီရဲနေသည့်အပြင် သွေးကြောများသည်လည်းပေါက်ထွက်လုနီးနီးထောင်နေ၏ ။ သူ၏အမူအယာမှာ ရူးသွပ်နေသည့်ပုံပေါ်ရုံသာမက အလွန်ကြောက်မက်ဖွယ်လည်းကောင်းနေသည် ။
" ပိုက်ဆံတွေဒီမှာရှိတယ် ... ဒီမှာလေ ခင်ဗျားသွားလို့မရဘူး ... သွားလို့မရဘူး ... ရွှေတွေကိုယူပြီးကျွန်တော်နဲ့အတူဒီကထွက်သွားတာကပိုမကောင်းဘူးလား !!”
လင်ပန့်ရှက သူ့အားလျှစ်လျှူရှုကာထွက်သွားတော့သည် ။ အဲလက်စ် သူ့နောက်သို့လိုက်လာမည်ကိုစိုးရိမ်သော်လည်း ကံကောင်းစွာဖြင့် အဲလက်စ်က လိုက်မလာခဲ့ချေ ။ အမဲလိုက်အိမ်အိုလေးအတွင်းမှ ရုရှားဘာသာစကားဖြင့်ဆဲဆိုနေသံများဆက်တိုက်ထွက်ပေါ်နေ၏ ။ လင်ပန့်ရှ နားမလည်သော်လည်း အချိန်ခဏကြာသောအခါအဲလက်စ် အိမ်ထဲမှထွက်လာလိမ့်မည်ဖြစ်ကြောင်းကိုတော့သိသည် ။
သူကအရမ်းဒေါသထွက်နေကာ လင်ပန့်ရှလည်း အဘယ့်ကြောင့် အဲလက်စ် ဒေါသထွက်နေကြောင်းမတွေးတတ်ပါချေ ။ သူ့ကမ်းလှမ်းချက်ကိုငြင်းဆန်လိုက်သည်နှင့် အလွန်ဒေါသထွက်လာခြင်းဖြစ်သည် ။
နည်းလမ်းကျကျပြောရမယ်ဆိုရင် ... ရွှေတွေအားလုံးကိုသူတစ်ယောက်တည်းယူတာပိုမကောင်းဘူးလား ?
လင်ပန့်ရှ ထိုသို့တွေးမိနေသည့်အပြင် အကြောင်းအရင်းအချို့ကြောင့် အဲလက်စ် ကတစ်ခုခုထူးဆန်းနေမှန်းတစ်လျှောက်လုံးခံစားနေရခြင်းဖြစ်သည် ။ ထိုမျှမက အနည်းငယ်အန္ဒရာယ်ရှိသောခံစားချက်မျိုးလည်းရောထွေးနေကာ အိမ်ထဲမှအမြန်ဆုံးပြေးထွက်ချင်စိတ်များသာဖြစ်ပေါ်ခဲ့ရ၏ ။
ထူးဆန်းသောအရာများကိုခံစားနေရသောကြောင့် လင်ပန့်ရှက ရူးသွပ်လုနီးနီးဖြစ်နေသည့် အဲလက်စ် အားဆက်လက်ဖြောင်းဖျမှုမပြုတော့ခြင်းဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် ရွှေနှင့်ပိုက်ဆံကိုလိုအပ်နေသူတစ်ဦးက မျက်စိရှေ့တွင်ရွှေသေတ္တာကြီးတစ်လုံးကိုတွေ့လိုက်ရချိန်၌ ဖြစ်ပေါ်လာသောခံစားချက်ကိုသူကောင်းကောင်းကြီးနားလည်သောကြောင့်ပင် ။ထိုအရာများက ရွှေမဟုတ်ဘဲ အသက်တစ်ချောင်းသာဖြစ်၏ ။ ထိုအရာများအားပိုင်ဆိုင်ရန်ကြိုးစားသည့်မည်သူမဆိုသေမင်းနှင့်စစ်ခင်းရလိမ့်မည်ပင် ။
လင်ပန့်ရှ အဆင်းရဲဆုံးဖြစ်နေခဲ့သည့်အချိန်က မြေအောက်ခန်းတွင်ငှားရမ်းနေထိုင်ရန်ပင် ပိုက်ဆံမရှိချေ ။ ဗိုက်ဆာသည့်အချိန်တိုင်း စူပါမားကတ်သို့သွား၍ခေါက်ဆွဲခြောက်ထုပ်များကိုဝယ်စားရင်း လအတော်ကြာအသက်ဆက်ခဲ့ရသည် ။
ရွှေသေတ္တာကြီးကိုမြင်လိုက်ရချိန်တွင်သူမည်ကဲ့သို့ခံစားခဲ့ရကြောင်းမမှတ်မိတော့သော်လည်း အနည်းဆုံး ထိုအရေးမပါသောရွှေများထက် စုန့်ချင်းလော်၏ အသက်ကသာများစွာအရေးကြီးသည်ဟူ၍သာတစ်ချိန်လုံးတွေးနေခဲ့သည် ။ ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲလှည့်ထွက်လာခဲ့ခြင်းပင် ။
နောက်ဆုံးတွင် အဲလက်စ်က အိမ်အိုလေးအတွင်းမှာသာကျန်နေခဲ့ပြီး ကျိန်ဆဲသံများသည်လည်းတိုးညှင်းသထက်တိုးညှင်းလာ၏ ။
လင်ပန့်ရှ ကရှေ့သို့တဖြည်းဖြည်းလျှောက်လာရင်း ခဏအတွင်းမှာပင်တောထဲသို့တစ်ဖန်ပြန်လည်ရောက်ရှိလာသည် ။ လင်ပန့်ရှ၏ နှလုံးသားထဲတွင် စုန့်ချင်းလော် အတွက်သာအလွန်စိတ်ပူနေပါသော်လည်း ခြေထောက်ထိခိုက်ထား၍သွားလာလှုပ်ရှားရန်ခက်ခဲနေသော အဲလက်စ် ကိုမူတစ်စက်ကလေးမှစိတ်ပူခြင်းမရှိချေ ။
စုန့်ချင်းလော်၏ ခြေရာလက်ရာတစ်ခုခုများတွေ့နိုင်လိမ့်မည်လောဟုမျှော်လင့်ချက်ဖြင့်ရှေ့သို့ဆက်လက်လျှောက်ခဲ့လေသည် ။ သို့သော်လည်း ကိစ္စများကသူထင်သလောက်မလွယ်ကူခဲ့ပါချေ ။ တောအုပ်အတွင်းစက်ဝိုင်းပုံစံလှည့်ပတ်သွားရင်း အိမ်အိုလေးအနားသို့ပြန်ရောက်လာခြင်းဖြင့်သာအဆုံးသတ်၏ ။ အဲလက်စ်၏ လမ်းညွှန်မှုမပါသောကြောင့် လင်ပန့်ရှ မှာအံ့သြစရာမရှိစွာပင်လမ်ူပျောက်နေပြန်သည် ။
ဘယ်လိုလုပ်ရပါတော့မလဲ ?
လင်ပန့်ရှမှာ သံလိုက်အိမ်မြှောင်ကိုလက်ထဲတွင်ကိုင်လျှက်ခဏမျှအကြပ်ရိုက်နေရှာသည် ။ ခဏမျှတွေးပြီးနောက် အိမ်ထဲတွင် အဲလက်စ် ရှိမရှိစစ်ဆေးရန်အတွင်ပြန်ဝင်ကြည့်ရန်ဆုံးဖြတ်လိုက်သည် ။ တောထဲတွင်လမ်းမပျောက်ဘဲသွားလာနိုင်စေရန်အတွက် အဲလက်စ် ထံမှနည်းလမ်းအချို့ကိုလည်းမေးမြန်းချင်သေး၏ ။
ထိုသို့တွေးပြီးနောက် အဲလက်စ် အားမေးမြန်းရန်အတွက်အိမ်အိုလေးနားသို့ပြန်လာလိုက်သည် ။ သို့သော်လည်း ကြိုမသိခဲ့မိသည်မှာ အိမ်အိုလေး၏နားသို့ဖြတ်သွားသည်နှင့်အိမ်ဘေးရှိသစ်ပင်ကြီး၏အကိုင်းတစ်ခုပေါ်တွင်ချိတ်ဆွဲထားသောအရာတစ်ခုကိုရုတ်တရက်သတိပြုမိသွားလိမ့်မည်ဟုပင် ။
ထိုအရာကသစ်ရွက်များဖြင့်ဖုံးအုပ်နေသောကြောင့် မည်သည့်အရာဖြစ်သည်မှန်းရှင်းရှင်းလင်းလင်းမမြင်ရပါချေ ။ ကနဦးတွင် ထိုအရာကငှက်သိုက်တစ်ခုဖြစ်နိုင်ကြောင်း လင်ပန့်ရှ တွေးမိလိုက်သော်လည်းဤသစ်တောအတွင်း၌ငှက်နှင့်အခြားသောသက်ရှိသတ္တဝါတစ်ကောင်မှမရှိကြောင်းသတိရသွားသည် ။ထို့ကြောင့် သံသယအပြည့်ဖြင့်သစ်ပင်နားသို့လျှောက်သွားလိုက်သည် ။ နောက်ဆုံး၌ အကွာအဝေးတစ်ခုသို့ရောက်သောအခါ သစ်ပင်ပေါ်တွင်ရှိသောအရာမှာမည်သည့်အရာဖြစ်ကြောင်း လင်ပန့်ရှမြင်သွားပြီဖြစ်၏ ။
ထိုအရာသည်ကား ပစ္စည်းတစ်ခုခုမဟုတ်ဘဲ လူတစ်ယောက်ပင် ။
သေဆုံးသွားသောအမျိုးသားတစ်ဦးဖြစ်ကာ ခန္ဓာကိုယ်ရှိအရိုးများသည်လည်းထူးဆန်းသောအနေအထားမျိုးဖြင့်လိမ်ကောက်နေလေသည် ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဘောလုံးတစ်လုံးသဖွယ်လုံးချေခြင်းခံထားရပြီး မယုံနိုင်ဖွယ်ကောင်းလောက်အောင်ထူးဆန်းသောအနေအထားဖြင့်သစ်ကိုင်းပေါ်တွင်ချိတ်ဆွဲခြင်းခံထားရ၏ ။ အကွာအဝေးတစ်ခုမှ ထိုသူကသူနှင့်ဆင်တူသောအဝတ်ကိုဝတ်ထားကြောင်းတွေ့လိုက်ရသည် ။ ထိုသူ၏ဆံပင်မှာအနီရောင်ဖြစ်သဖြင့် စိမ်းလန်းသောတောနက်အတွင်း၌အနီရောင်ဆံပင်မှာ မျက်စိဖမ်းစားဖွယ်ဖြစ်နေ၏ ။
လင်ပန့်ရှ၏ လှုပ်ရှားမှုများရပ်တန့်သွားရသည် ။ ဤအဖွဲ့ထဲ၌ အဲလက်စ် တစ်ယောက်တည်းကသာဆံပင်အနီရောင်ရှိသူဖြစ်၏ ။
လင်ပန့်ရှက အရှေ့သို့တိုး၍ထိုအလောင်း၏မျက်နှာကိုအသေအချာကြည့်လိုက်သည် ။ အမှန်ပင် သေဆုံးနေပြီဖြစ်သော အဲလက်စ်ဖြစ်၏ ။
ဘာတွေဖြစ်ကုန်တာလဲ ?
သူထွက်သွားသည်မှာဆယ်မိနစ်မျှသာရှိသေး၏ ။ လင်ပန့်ရှ ကြောင်အအဖြင့်မတ်တပ်ရပ်နေမိသည် ။ အဲလက်စ်၏ ခန္ဓာကိုယ်အားစိုက်ကြည့်နေမိသော်လည်း သစ်ပင်အမြင့်ပေါ်မှအလောင်းအားဖြုတ်မချနိုင်ခဲ့ပေ ။
ဘယ်လိုလုပ်ပြီးဒီလိုဖြစ်ရတာလဲ ? အဲလက်စ် ကိုဘယ်သူသတ်သွားတာလဲ ? လူသတ်သမားက ဒီအိမ်အနားမှာပဲရှိနေတာလား ?
လင်ပန့်ရှ၏ ခေါင်းထဲတွင်အတွေးများစွာစိုးမိုးနေ၏ ။
ဒီလိုဆိုရင် ဘာလို့သူ့ကိုအရင်မတိုက်ခိုက်ရတာလဲ ? သူ့ဘက်က ခုခံနိုင်မှာမဟုတ်တာလည်းအသိအသာကြီးကို !
လင်ပန့်ရှက သစ်ပင်အောက်တွင်အချိန်အတော်ကြာမတ်တပ်ရပ်နေပြီးနောက် လှည့်ကာအိမ်အိုလေးရှိရာဆီသို့ဦးတည်လိုက်သည် ။
သစ်သားအိမ်လေးအတွင်းတွင်သဲလွန်စတစ်ခုခုရှိမရှိရှာဖွေချင်ရုံသာဖြစ်သည် ။ သို့သော်လည်း ပြတင်းပေါက်မှကျော်ကြည့်မိလိုက်သောအခါ သစ်သားအိမ်အိုလေးအတွင်းရှိအခြေအနေကိုမြင်လိုက်ရပြီး လှမ်းနေသောခြေလှမ်းများပင် ချက်ချင်းရပ်တန့်သွားရသည် ။
အိမ်အိုလေးအတွင်း၌ ဆံပင်အနီရောင်ရှိသောသူတစ်ယောက်ထိုင်နေ၏ ။ လင်ပန့်ရှ ကြည့်နေသောပြတင်းပေါက်ဘက်အားကျောပေးထားရင်း ထိုင်နေကာဒူးပေါ်တွင်တင်ထားသောသစ်သားသေတ္တာကိုညင်ညင်သာသာပွတ်သပ်နေ၏ ။ သစ်သားသေတ္တာအတွင်းရှိတောက်ပနေသောရွှေများကလူတိုင်း၏အာရုံကိုဆွဲဆောင်နိုင်စွမ်းအပြည့်အဝရှိလေသည် ။
ထိုနေသောသူက လင်ပန့်ရှ ၏ခြေသံများကိုကြားသွားပုံရကာဖြည်းဖြည်းချင်းခေါင်းလှည့်လာရင်း အဲလက်စ်၏ငယ်ရွယ်သောမျက်နှာကိုပြသလာ၏ ။
လင်ပန့်ရှ မှင်သက်သွားရသည် ။ ခေါင်းလှည့်လိုက်ပြီးနောက်ယခုလေးတင်တွေ့လိုက်ရသော အဲလက်စ်၏ အလောင်းကိုချိတ်ဆွဲထားသောသစ်ကိုင်းကိုကြည့်လိုက်သည် ။ အလောင်းကသစ်ကိုင်းပေါ်တွင်ချိတ်ဆွဲလျှက်ရှိကြောင်းတွေ့သောအခါ မအံ့သြတော့ချေ ။ အဲလက်စ်က သစ်ကိုင်းပေါ်တွင်သေဆုံးလျှက်သားရှိနေပြီပင် ။ မျက်စိရှေ့ရှိသူကမူ အဲလက်စ်နှင့် တစ်ပုံစံတည်းတူသောအရာကြီးဖြစ်နေ၏ ။
" အဲလက်စ် "
လင်ပန့်ရှ၏ ခေါ်သံကိုကြားသောအခါအလွန်တောက်ပသောအပြုံးတစ်ပွင့်ကိုပြုံးလျှက်ကြည့်လာ၏ ။ တံခါးနားသို့စိတ်လှုပ်ရှားစွာဖြင့်လျှောက်လာရင်း လင်ပန့်ရှ အတွက်တံခါးဖွင့်ပေးလာသည် ။
" ခင်ဗျားပြန်လာပြီလား ... စိတ်ပြောင်းလိုက်တာမလား ... ကျွန်တော် ခင်ဗျားကိုစောင့်နေသင့်တယ်ဆိူတာသိသားပဲ "
လင်ပန့်ရှက နှုတ်ခမ်းသပ်လိုက်သော်လည်း ဘာမှဆက်မပြောပါချေ ။
အဲလက်စ် : " ခင်ဗျားဘာဖြစ်နေတာလဲ ... ခင်ဗျားရဲ့အမူအယာကဘာသဘောလဲ "
လင်ပန့်ရှက သူ၏နှလုံးသားထဲတွင်ဖြစ်ပေါ်နေသည့်ကြောက်လန့်တုန်လှုပ်မှုများကိုချိုးနှိမ်ရင်း အတတ်နိုင်ဆုံးတည်တည်ငြိမ်ငြိမ်လေသံဖြစ်အောင်ထိန်းကာမေးလာ၏ ။
" အဲလက်စ် ... မင်းအသက်ရှင်နေသေးတာရောဟုတ်ရဲ့လား "
အဲလက်စ်၏ မျက်နှာထက်မှအပြုံးမှာတောင့်ခဲသွားလေ၏ ။
" မင်းဘယ်အချိန်တုန်းကသေသွားတာလဲ "
လင်ပန့်ရှက ဆက်မေးလိုက်သည် ။
" ဖြစ်နိုင်တာကငါ ... ငါတို့ထွက်ပြေးရင်းကွဲသွားကြတဲ့အချိန်ကတည်းက ... သေသွားခဲ့တာလား ?"
အဲလက်စ်၏ အပြုံးမှာလုံးလုံးပျောက်ကွယ်သွားကာ သူ၏အပြာရောင်မျက်လုံးတစ်စုံဖြင့် လင်ပန့်ရှအား ရှုပ်ထွေးနေသောအမူအယာနှင့်ကြည့်လာ၏ ။
လင်ပန့်ရှက နောက်ဆုတ်လိုက်ကာ ဓားမြှောင်ကိုထုတ်ပြီးနောက် စိုးရိမ်စွာဖြင့်ပြောလေသည် ။
" မင်းကဘယ်သူလဲ ... အဲလက်စ် ကိုမင်းဘာလုပ်လိုက်တာလဲ "
အဲလက်စ်က သူ့လက်ထဲတွင်တင်းကြပ်စွာကိုင်ထားသော ရွှေချောင်းများဖြင့်ပြည့်နေသည့်သေတ္တာကိုလွှတ်ချလိုက်သောကြောင့် ရတနာများစွာသည်ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲသွား၏ ။
ရွှေချောင်းများက သစ်သားသေတ္တာလေးအတွင်းမှထွက်ကျကာနေရာအနှံ့ပြန့်ကျဲသွားသော်လည်း အဲလက်စ် ကလိုက်ကောက်ရန်အတွက်မလှုပ်ပါချေ ။
ကြည့်ရသည်မှာ ထိုသူကရုပ်သေးရုပ်တစ်ရုပ်အသွင်ပြောင်းလဲသွားပုံရပြီးစကားပင်မပြောနိုင်တော့ဘဲ လင်ပန့်ရှ ကိုသာတိတ်တဆိတ်စိုက်ကြည့်နေ၏ ။
လင်ပန့်ရှ : " ဘာ ... မင်းဘာလုပ်ချင်နေတာလဲ ?"
လင်ပန့်ရှ မေးလိုက်သည်နှင့်တစ်ပြိုင်နက် အဲလက်စ်၏ ခန္ဓာကိုယ်တွင်ပြောင်းလဲမှုများစတင်ဖြစ်ပေါ်လာသည် ။ သူ၏မျက်နှာအစိတ်အပိုင်းများမှာဖယောင်းကဲ့သို့ အရည်ပျော်ကျလာပြီးနောက် တဖြည်းဖြည်းချင်းအခြားသောအစိတ်အပိုင်းများနှငိ့ပေါင်းစည်းသွား၏ ။
စူးစူးဝါးဝါးအော်ဟစ်လာပါသော်လည်း သူ၏ခန္ဓာကိုယ်မှာဆက်လက်၍အရည်ပျော်နေဆဲပါပင် ။ ခန္ဓာကိုယ်မှာဖြည်းဖြည်းချင်းစီအရည်ပျော်နေပြီးနောက် အနက်ရောင်အရည်များအဖြစ်ပြောင်းလဲသွားတော့သည် ။
ထိုအနက်ရောင်အရည်များမှာ ကြမ်းပြင်ပေါ်တွင်စီးဆင်းနေပြီးနောက် ကြမ်းအဟကြားမှနေ၍ လင်ပန့်ရှ ၏မျက်စိရှေ့မှာပင်မြေကြီးထဲသို့စိမ့်ဝင်ပျောက်ကွယ်သွားတော့သည် ။ ထိုအရည်များပျောက်ကွယ်သွားသည့်အချိန်တွင် လင်ပန့်ရှ၏ နားထဲ၌အော်ဟစ်နေသံအပြင်တရှဲရှဲမြည်သံကိုပါကြားလိုက်ရ၏ ။
အရာအားလုံးတစ်ဖန်ပြန်လည်ငြိမ်သက်သွားပြီးသည့်နောက်တွင် အဝတ်အစားအစိတ်အပိုင်းအနည်းငယ်သာ လင်ပန့်ရှ၏ရှေ့တွင်ကျန်ရှိခဲ့တော့သည် ။
အဲလက်စ်က လီရီပို့လိုက်သောဗီဒိယိုထဲမှအမျိုးသမီးကဲ့သို့ပျောက်ကွယ်သွားခြင်းဖြစ်ကာ သူတို့ဘာဖြစ်သွားကြသနည်းမည်သူမျှမသိပေ ။
လင်ပန့်ရှ အိမ်ထဲသို့တစ်ယောက်တည်းပြန်ဝင်သွား၏ ။ ပြီးနောက် ကြမ်းပြင်ပေါ်တွင်ပြန်ကျဲနေသော အဲလက်စ် ၏အဝတ်အစားများကိုလိုက်ကောက်ကာ အသေအချာခေါက်ပြီးနောက်ကျောပိုးအိတ်ထဲသို့ထည့်လိုက်လေသည် ။ လင်ပန့်ရှက ရွှေများကိုထိရန်ပင်မကြိုးစားချေ ။ သူကြောက်သည်မှာရွှေများအပေါ်တွင်ရှိနေသောအရာများမဟုတ်ဘဲ ရွှေများကိုထိကိုင်လိုက်ခြင်းကြောင့် အဲလက်စ် ကဲ့သို့ခုခံခြင်းပင်မပြုနိုင်ဘဲ အရည်ပျော်ကာသေဆုံးသွားရမည်ကိုပင် ။ ရွှေတုံးများမှာကြမ်းပြင်ပေါ်တွင်ပြန့်ကျဲလျှက်ရှိနေကာ အလင်းရောင်အောက်တွက်တလက်လက်တောက်ပနေဆဲဖြစ်သည် ။ သို့သော်လည်း ထိုတောက်ပမှုများအပေါ်၌ သေခြင်းတရားအငွေ့အသက်များမှုန်ရီရီရစ်ဝိုင်းနေ၏ ။
လင်ပန့်ရှက လုပ်စရာရှိသည်များကိုလုပ်ပြီးနောက် အိမ်အိုလေးဘေးရှိသစ်ပင်နားသို့ပြန်သွားလိုက်သည် ။ အဲလက်စ်၏ ခန္ဓာကိုယ်မှာထိုအပေါ်တွင်တွဲလောင်းဆွဲလျှက်သားပင်ရှိနေသေး၏ ။ ခဏမျှကြည့်ပြီးနောက် ခေါင်းငုံ့ကာမြေပုံပေါ်တွင်ဖြစ်နိုင်ခြေရှိသောတည်နေရာကိုမှတ်သားလိုက်သည် ။ ထို့နောက် ထွက်မသွားမှီတွင်အနီးအနားမှကျောက်တုံးများကိုစုစည်း၍အမှတ်အသားအဖြစ်သစ်ပင်အောက်တွက်စက်ဝိုင်းပုံစံမှတ်သားထားလိုက်သည် ။
သူ့ ပတ်ပတ်လည်ရှိအရာအားလုံးမှာအလွန်တိတ်ဆိတ်နေ၏ ။ သိသိသာသာကိုပင် မနက်မိုးလင်းပြီဖြစ်ပါသော်လည်း ညနက်ချိန်အမှောင်ထုထဲတွင်အေးစက်နေသကဲ့သို့အေးစက်မှုမျိုးကိုခံစားနေရသည် ။
သူရှေ့ဆက်သွား၏ ။ ဤတစ်ကြိမ်တွင်မူ သစ်တောကသူ့အားတားရန်မကြိုးစားတော့ချေ ။
တစ်နေကုန်လမ်းလျှောက်ပြီးသည့်နောက် နေဝင်တော့မည့်အချိန်မှာပင် လင်ပန့်ရှ ၏နားထဲ၌ရေစီးသံသဲ့သဲ့ကြားလိုက်ရသည် ။ အသံသည်အရမ်းတိုးနေပါသော်လည်းအမှန်တကယ်မြစ်ငယ်လေးတစ်စင်းစီးဆင်းနေသည့်အသံပင် ။ ကြည့်ရသည်မှာ မြေပုံပေါ်တွင်မှတ်သားထားသောနေရာသို့ရောက်တော့မည့်ပုံပင် ။
တူညီသောသစ်တောမှာ မြစ်ငယ်လေးအားတွေ့ရချိန်တွင် နောက်ဆုံး၌ပြောင်းလဲသွား၏ ။ အနီးအနားတွင်ချုံပုတ်ငယ်လေးများရှိပြီး ထိုခြုံပုတ်ငယ်လေးများပေါ်တွင် သစ်ရွက်ခြောက်အချို့ကို လင်ပန့်ရှ တွေ့လိုက်ရသည် ။
အဝါရောင်သစ်ရွက်ခြောက်များ၏အဓိပ္ပာယ်မှာ ကန့်သတ်ထားသောသစ်တောနယ်မြေမှသူထွက်လာပြီဟုဆိုလိုခြင်းဖြစ်သည် ။ လင်ပန့်ရှ ရေစီးသံကြားရာနေရာအတိုင်းလျှောက်သွားသည့်အခါ သိပ်မကျယ်လှသော မြစ်ကလေးတစ်စင်းကိုတွေ့လိုက်ရ၏ ။
မြစ်တစ်ဖက်ကမ်းရှိ မြင်ကွင်းမှာဒီဘက်ကမ်းရှိမြင်ကွင်းနှင့်လုံးလုံးကွာခြား၏ ။ ထိုတစ်ဖက်အခြမ်းတွင်သစ်ပင်များမရှိဘဲ အရာအားလုံးမှာကျောက်တုံးနှင့်သဲများသာဖြစ်ပြီး ခြုံပုတ်ငယ်လေးများအနည်းငယ်သာရှိသည် ။ တစ်ကြည့်လိုက်ရုံဖြင့် လီစု ပေးပို့လိုက်သောဗီဒီယို၏နောက်ခံမြင်ကွင်းဖြစ်ကြောင်းသိနိုင်၏ ။
ဤအချက်က သူ့ဦးတည်ရာမှာမှန်ကန်ကြောင်းဆိုလိုခြင်းဖြစ်နိုင်သည် ။ လင်ပန့်ရှက မြစ်ဘေးတွင်ဆောင့်ကြောင့်ထိုင်ချလျှင် လက်ခုပ်ဖြင့်ရေခပ်ကာမျက်နှာသစ်လိုက်၏ ။
တစ်နေကုန်လမ်းလျှောက်နေခဲ့ရခြင်းဖြစ်ကာ ယခုဆိုလျှင်တစ်ဖန်မိုးချုပ်တော့မည်ပင် ။ လင်ပန့်ရှက နေမဝင်သေးသည့်အချိန်ကိုအခွင့်ကောင်းယူကာ သစ်ကိုင်းခြောက်များကိုကောက်ပြီးနောက် အမြန်မီးဖိုလိုက်သည် ။
အနည်းငယ်ဗိုက်ဆာနေသောကြောင့် ကျောပိုးအိတ်အတွင်းမှရိက္ခာခြောက်အနည်းငယ်ကိုယူ၍ ဆာလောင်မှုကိုဖြေသိမ့်ရန်စားလိုက်သည် ။
အခု ဘာဆက်လုပ်ရပါ့မလဲ ?
ဆက်လျှောက်သွားရမလား ... ဒါမှမဟုတ် အဖွဲ့ထဲကတစ်ယောက်ယောက်နဲ့တွေ့တဲ့အချိန်အထိထိုင်စောင့်နေရမလား ?
လင်ပန့်ရှက ကျောပိုးအိတ်ထဲမှရိက္ခာများကိုစစ်ဆေးကြည့်လိုက်သောအခါ တစ်လစာမျှရှိသေးသော်လည်း ရေကမူထိုမျှမရှိတော့ကြောင်းတွေ့လိုက်ရသည် ။
တစ်ပတ်စာမျှသာရှိတော့သော်လည်း သူ့မျက်စိရှေ့တွင်မြစ်တစ်စင်းရှိနေ၏ ။ ဤနေရာတွင်သာစခန်းချ၍စောင့်ဆိုင်းခြင်းကပို၍လုံခြုံမည်ဆိုသော်လည်း လင်ပန့်ရှ ဤနေရာသို့ရောက်မလာနိုင်လျှင်မည်သို့လုပ်ရမည်လောဟုလည်း တွေးပူနေရသေးသည် ။ ဤနေရာတွင်ထိုင်စောင့်မည်မစောင့်မည်က ကြီးမားသောအလောင်းအစားတစ်ခုပင် ။
လင်ပန့်ရှ ချိန်ဆနေဆဲအချိန်မှာပင် တောနက်ထဲမှလူတစ်ယောက်ပြေးလာဟန်ခြေသံများကိုကြားလိုက်ရသည် ။ လင်ပန့်ရှက ဓားမြှောင်ကိုထုတ်ကာ သတိတကြီးဖြင့်မေးလိုက်သည် ။
" အဲ့ဒီနားကဘယ်သူလဲ "
ပြေးလွှားနေသောခြေသံများသာပေါ်ထွက်နေပြီးနောက် နောက်ဆုံးတွင်ထိုသူ၏ရုပ်သွင်ထွက်ပေါ်လာ၏ ။ ထိုသူကလူတစ်ယောက်ဖြစ်ကြောင်းမြင်လိုက်ရသောအခါ လင်ပန့်ရှ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည် ။ သို့သော်လည်း ထိုသူ၏မျက်နှာကိုသေသေချာချာမြင်လိုက်ရသောအခါ အံ့သြသွားရသည် ။
" လီစု ... ခင်ဗျားလား လီစုလား ... ဘာလို့ဒီကိုရောက်နေရတာလဲ "
အမှန်ပင် ထိုသူမှာသူ့အဖွဲ့ထဲလီစုကလွဲ၍အခြားမဟုတ်ပါချေ ။ အမှန်တကယ်ကိုသူတို့ရှာဖွေနေသော လီစုပင် ။
သူက နှာခေါင်းစည်းဝတ်ကာနေကာမျက်မှန်တပ်ထားသော်လည်း ထူးခြားသောဆံပင်အရောင်မှတစ်ဆင့် လီစု၏အသွင်အမှန်ကိုသိနိုင်၏ ။
" ငါလည်းမင်းကိုဒီလိုပဲမေးသင့်လား "
လီစုက အနီးအနားသို့မလာဘဲ လင်ပန့်ရှကိုသာ အကွာအဝေးတစ်ခုမှအကဲခတ်နေ၏ ။
" မင်းလည်း ဘယ်လိုဖြစ်ပြီးဒီကိုရောက်နေရာတာလဲ "
" ကျွန်တော်တို့ ဗီဒီယိုကိုတွေ့ခဲ့တယ် "
လင်ပန့်ရှ လီစုမေးသောမေးခွန်းကအနည်းငယ်ထူးဆန်းနေသည်ဟုခံစားမိသော်လည်း ဘာမှများများစားစားမတွေးတော့ချေ ။
" ဒါ့ကြောင့် သူတို့နဲ့အတူတူလိုက်လာတာ "
လီစုက မေးလိုက်သည် ။
" စုန့်ချင်းလော် ရဲ့လူတွေရောဘယ်မှာလဲ "
" ကျွန်တော်တို့တောထဲမှာဝက်ဝံကြီးရဲ့တိုက်ခိုက်ခံရပြီးလူစုကွဲသွားတာ"
လင်ပန့်ရှက လက်ထဲတွင်ကိုင်ထားသောဓားမြှောင်ကိုသိမ်း၍
" ခင်ဗျားအဆင်ပြေရဲ့လား ... ဗီဒီယို ထဲကကိစ္စကဘယ်လိုဖြစ်ရတာလဲ "
Translater - Mori ( 4 . 12 . 2023 ) 10: 56