.အခန်း - ၃၁
ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၄ ) ဒုတိယပိုင်း
လီစုကပြောလိုက်သည် ။
" ငါအဆင်ပြေပါတယ် ..."
သူ၏မျက်ဝန်းများမှာတောက်ပလျှက် လှပသောအပြုံးလေးတစ်ပွင့်ဖြင့် လင်ပန့်ရှ ထံသို့ဖြည်းဖြည်းချင်းလျှောက်လာလေသည် ။
" မင်းဘာတွေစားနေတာလဲ ... ငါဗိုက်ဆာနေလို့ ငါ့ကိုလဲနည်းနည်းလောက်ကျွေးပါဦး "
လီစု သူ့အနားသို့ရောက်လာသောအခါ လီစု၏အနောက်မှ အရပ်ရှည်ရှည်နှင့်လူတစ်ယောက်လိုက်လာသည်ကိုတွေ့လိုက်ရသည် ။ လင်ပန့်ရှ အနီးကပ်တိုးကြည့်လိုက်သောအခါ အံ့သြစရာကောင်းစွာပင် လီရီဖြစ်နေ၏ ။
" လီရီလား ... လီရီ ခင်ဗျားနောက်လိုက်လာတာလား ... ခင်ဗျားတို့ဘယ်တုန်းကတွေ့ကြတာလဲ ..."
ပြီးခဲ့သောအဲလက်စ်၏ အဖြစ်အပျက်ကြောင့် သူ့ရှေ့တွင်ရုတ်တရက်ပေါ်လာသည့်လူနှစ်ယောက်အား ချက်ချင်းမယုံကြည်နိုင်ဖြစ်သွားရသည် ။ သူတို့နှစ်ဦးက လင်ပန့်ရှ မမျှော်လင့်ထားသောအချိန်တွင်အချိန်ကိုက်ပေါ်လာကြခြင်းဖြစ်၏ ။
" မနေ့ညကလေးတင် "
လီစုက ပျင်းရိပျင်းတွဲဖြင့် လင်ပန့်ရှ ဘေးရှိကျောက်တုံးပေါ်တွင်ထိုင်ချလိုက်သည် ။ လင်ပန့်ရှ ထံမှဘီစကစ်အနည်းငယ်ယူလိုက်ပြီးနောက် ထိုင်ဝါးကာတစ်နေရာတည်းသောစိုက်ကြည့်နေ၏ ။ အမှန်တကယ်၌ သူပြောခဲ့သလောက်လည်းဗိုက်မဆာပါချေ ။
" လီရီ ... ခင်ဗျားရော စားဦးမလား "
လင်ပန့်ရှ ကစမ်းသပ်သည့်အနေဖြင့်မေးလိုက်သည် ။
လီစု ကလက်ဝှေ့ယမ်း၍
" သူစားဖို့မလိုဘူး ..."
လီရီက နှုတ်ဆက်သည့်အနေဖြင့် လင်ပန့်ရှ အားမေးငေါ့ပြလာ၏ ။ လီစုက လီရီအားလှည့်ကြည့်ကာ
" မြေကြီးကအရမ်းမာလွန်းတယ် "
လီရီက လက်ဆန့်ထုတ်ပြီးနောက် လီစုအား သဘာဝကျစွာပင်ဆွဲမလိုက်သည် ။ လီစုကထရပ်ပြီးနောက် လီရီ၏ လက်မောင်းအတွင်းသို့တိုးဝင်လိုက်၏ ။ လီရီက အရပ်အလွန်ရှည်သူဖြစ်သောကြောင့် အရပ်၁.၇ မီတာရှိသော လီစု မှာသူ့လက်မောင်းထဲ၌ကလေးလေးတစ်ယောက်သဖွယ်ပွေ့ဖက်ခြင်းခံထားရလေသည် ။ လီစုက ကျွတ်ကျလုနီးနီးပြူးကျယ်နေသော လင်ပန့်ရှ၏ မျက်လုံးအကြည့်များကိုလျှစ်လျှူရှုကာပြုံးရင်းပြောလာ၏ ။
" ဒီလိုလေးကမှပိုကောင်းသေးတယ် "
လင်ပန့်ရှ : " ခင်ဗျားတို့နှစ်ယောက် ..."
လီစု : " မင်းသိမှာမဟုတ်လောက်ဘူး သူကနှစ်တွေအကြာကြီးငါ့ကိုကြိတ်ကြိုက်နေခဲ့တာတဲ့လေ "
လင်ပန့်ရှ : "..."
လီစု : " ငါနောက်နေတာကွ ... ဟားဟားဟားဟား "
လင်ပန့်ရှ : "..."
အစမှအဆုံးတိုင် လီရီက စကားတစ်ခွန်းမှမပြောဘဲလီစု ၏စိတ်တိုင်းကျပြုမူပြောဆိုခွင့်ပေးထားလေ၏ ။ သူ၏တစ်ဝက်မှေးထားသော မြစိမ်းရောင်မျက်ဝန်းများထဲ၌ နူးညံ့ညင်သာမှုများပြည့်နှက်နေခြင်းက ဘေးမှထိုင်ကြည့်နေရသော လင်ပန့်ရှအား အနည်းငယ်မရင်းနှီးသလိုခံစားရစေသည် ။ အလွန်တောက်ပသောအပိုမီးသီးတစ်လုံးဟုပင် မိမိကိုယ်ကိုခံစားမိသွား၏ ။
" မင်းဒီကိုရောက်နေတာဘယ်လောက်ကြာပြီလဲ "
လီစုက လင်ပန့်ရှ၏ နေရခက်နေသောအမူအယာကိုဂရုမစိုက်ဘဲ လီရီ ၏လက်မောင်းပေါ်သို့မှီချကာမေးလိုက်သည် ။
" သုံးရက်လောက်ရှိတော့မယ် ... ခင်ဗျားဒီတောထဲကနေထွက်လာတာမဟုတ်လား ... ဒီနေရာမှာဘာတွေဖြစ်နေတာလဲ "
လီစုက လင်ပန့်ရှ အားခေါင်းစောင်းကာကြည့်လာ၏ ။ သူပြုံးနေပါသော်လည်း ပန်းရောင်ဖျော့ဖျော့မျက်ဝန်းများထဲ၌ ခံစားချက်များ များများစားစားပါမနေပါချေ ။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် လီစု၏ မျက်နှာထက်တွင်ကွဲလွဲနေသောအမူအယာနှင့်ခံစားချက်ကို လင်ပန့်ရှတွေ့ရခြင်းပင် ။ တစ်ခုခုမှားနေပြီဖြစ်ကြောင်း ခံစားသိရှိသွား၏ ။ သူ့ရှေ့တွင်ရှိနေသောသူမှာ လီရီမဟုတ်တော့ဘဲ အဲလက်စ်နှင့်ပိုတူနေသည် ။
ဒါပေမဲ့ ... အဲ့ဒီအရာကြီးကဘယ်လိုလုပ်ပြီးသူတို့လီစုကိုလိုက်ရှာနေတာကိုသိနေရတာလဲ ? ပြီးတော့ လီစုက စုန့်ချင်းလော်ကိုတောင်မေးလိုက်သေးတယ် ... ဖြစ်နိုင်တာက လီစုလည်း ...
လင်ပန့်ရှ၏ စိတ်ထဲတွင်ဆိုးဝါးသောခန့်မှန်းချက်တစ်ခုပေါ်ထွက်လာပြီး လက်ထဲရှိဓားမြှောင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်မိသည် ။
" ဘာတွေဖြစ်နေတာလဲလို့ မင်းငါ့ကိုမေးချင်နေတာလား "
ကံကောင်းစွာဖြင့် လီရီက သူနှင့်အငြင်းပွားရန်ရည်ရွယ်ချက်ရှိပုံမရချေ ။ ပျင်းရိနေသောကြောင်တစ်ကောင်ကဲ့သို့ မျက်ဝန်းတစ်ဝက်မှေးလျှက်
" တကယ်တော့ ငါလဲမသိဘူး "
နောက်ထပ် ဘီစကစ်တစ်ချပ်ကိုစားလိုက်ပြီးနောက် ရေနောက်တစ်ဘူးကိုထုတ်ကာဖြုန်းတီးဟန်ဖြင့်အများအပြားသောက်လိုက်သည် ။ လင်ပန့်ရှ စိတ်ဖိစီးသွားရုံသာမက စိတ်မချမ်းမြေ့သလိုခံစားလိုက်ရသည် ။ အစားအသောက်များကိုအရင်အပြင်သို့ထုတ်မထားခဲ့သင့်ပေ ။ ဤကဲ့သို့စားသောက်နေပုံမျိုးက အမှန်ပင်ဖြုန်းတီးရာကျ၏ ။
" ဘာတွေဖြစ်နေတာလဲဆိုတာငါလည်းမသိဘူး ... ဒီနေရာကိုရောက်လာကတည်းက ဘာမှစဥ်းစားလို့မရတော့တာ အခုတော့အဆင်ပြေသွားပါပြီ ..."
လင်ပန့်ရှ : " ကျွန်တော်ဘယ်ကိုသွားရပါ့မလဲ "
" စုန့်ချင်းလော်က ဒီမှာမဟုတ်ဘူးလား "
လီစုကပြုံး၍
" ဘာလဲ ...သူလာတော့မှာကိုငါတွေးပြီးကြောက်နေသင့်တာလား "
စုန့်ချင်းလော် ဝက်ဝံအားအနိုင်ယူနိုင်မယူနိုင်နှင့်ပက်သက်၍ လင်ပန့်ရှ ထံတွင်ထူးဆန်းသောခံစားချက်များရှိသော်လည်း မျက်စိရှေ့ရှိသူနှင့်သတင်းအချက်အလက်များမလဲလှယ်လိုသောကြောင့် ဥာဏ်ရှိစွာဖြင့် ပါးစပ်ပိတ်နေရန်ကိုသာရွေးချယ်လိုက်သည် ။
" ငါအိပ်ချင်နေပြီ ... အိပ်တော့မယ် "
လီစုက စားသောက်ပြီးနောက် လီရီ၏ လက်မောင်းပေါ်တွင်လှဲနေရင်းသမ်းဝေလိုက်သည် ။ လီရီက သူ၏ကုတ်အင်္ကျီကိုချွတ်၍ လီစုအပေါ်တွင်တင်ပေးပြီးနောက် ညင်ညင်သာသာပြောလာ၏ ။
" အိပ်တော့ "
လီစု : " ဂွတ်နိုက် "
ထိုသို့ပြောပြီးနောက် အမှန်တကယ်ကြီးမျက်လုံးမှတ်ကာအိပ်ပျော်သွားတော့သည် ။
လင်ပန့်ရှ မှာမြင်ကွင်းကိုကြောင်အစွာဖြင့်ကြည့်နေမိကာ လီစုအဖြစ်ပြောင်းလဲထားသောအရာမှာ အဲလက်စ် ထက်ပင်ပို၍သတိမဲ့နေကြောင်းအံ့သြတကြီးဖြင့်တွေးနေမိ၏ ။ လင်ပန့်ရှ ကိုလှည့်စားရန်ရည်ရွယ်ချက်မရှိတော့ပုံပင် ။
သင့်တော်တဲ့အချိန်ကိုစောင့်နေတာများဖြစ်နိုင်မလား ?
လီစု အိပ်ပျော်သွားပြီဖြစ်သော်လည်း လင်ပန့်ရှ ကမူမအိပ်ရဲသောကြောင့် နေရခက်စွာဖြင့် မီးပုံဘေးတွင် လီရီနှင့် မျက်နှာချင်းဆိုင်ထိုင်ကြည့်နေရတော့သည် ။
တဖျစ်ဖျစ်တောက်လောက်နေသောမီးပုံအလင်းရောင်ကြားမှာ ချောမောသော လီရီ၏ မျက်နှာကိုကြည့်ကာ လင်ပန့်ရှက တိုးတိုးလေးရေရွတ်လာ၏ ။
" လီစုနဲ့ ဘယ်လိုတွေ့ခဲ့ကြတာလဲ "
လီရီ : " လမ်းတစ်လျှောက်လုံး ဝက်ဝံလိုက်တာခံရပြီး သူနဲ့တွေ့ဖို့အကြောင်းဖန်လာတာပဲ "
လင်ပန့်ရှ : " ဒါဆိုရင် စုန့်ချင်းလော် ကိုရောတွေ့မိသေးလား "
လီရီ ခေါင်းခါပြလာသောအခါ လင်ပန့်ရှ နောက်တစ်ကြိမ်တိတ်ဆိတ်သွားရပြန်သည် ။
လီစုက တစ်ညလုံးနီးပါးအိပ်နေခဲ့ပြီးမနက်မိုးမသောက်မှီအချိန်သို့ရောက်သောအခါမှသာနိုးလာ၏ ။ တစ်ညလုံး လီရီအား သူ၏ကိုယ်ပိုင်အိပ်ရာဟုပင်သတ်မှတ်ထားပုံရကာအစမှအဆုံးတိုင်အိပ်စက်သည့်အနေအထားမပြောင်းလဲသွားခဲ့ချေ ။ လင်ပန့်ရှ လီရီ၏ လက်အားကြည့်၍အချိန်အတော်ကြာထုံကျဥ်နေလောက်သည်ဟုတွေးနေမိ၏ ။ လီစု နိုးလာကြောင်းတွေ့သောအခါ လီရီကကျောပိုးအိတ်ထဲမှ ရိက္ခာခြောက်အချို့ကိုထုတ်ကာကမ်းပေးလိုက်သည် ။
လီစုက ရိက္ခာခြောက်များကိုမနှစ်မြို့ဟန်ဖြင့်စိုက်ကြည့်နေသော်လည်း အမှန်တကယ်တွင်လက်လှမ်းယူကာမြေပြင်ပေါ်သို့ပစ်ချလိုက်ဆဲပင် ။ ထို့နောက်မပျော်မရွှင်ဖြင့်
" ငါမစားချင်ဘူး ... ဒီအရသာကြီးကသေလောက်အောင်ဆိုးဝါးတယ် "
လင်ပန့်ရှက လီစု၏ အပြုအမူများကိုစိုက်ကြည့်နေမိပြီး အဘယ့်ကြောင့်ဤသို့လုပ်ရသည်ကိုနားမလည်ပါချေ ။
ဤသို့ဆက်ဆံခံရသဖြင့်လီရီက ဒေါသမထွက်ပါချေ ။ ထို့အစား တိတ်တိတ်ဆိတ်ဆိတ်ဖြင့်ထိုင်ချကာ လီရီ ပစ်ချလိုက်သောအစားအစာများကိုကောက်နေ၏ ။
လင်ပန့်ရှ လီရီ၏ နှိမ့်ချထားသောခံစားချက်ကိုအမှန်ပင်ခံစားနေရ၏ ။ ထိုခံစားချက်ပင် သူ့ရှေ့ရှိလူမှာသူသိသော လီရီ မဟုတ်ကြောင်းနောက်တစ်ကြိမ်အတည်ပြုနိုင်သွားသည် ။
သို့သော်လည်း သစ်တောထဲမှ သူသိသောသူနှစ်ယောက်ရုတ်တရက်ကြီးထွက်ပေါ်လာခဲ့သည် ။
သူတို့ဘာလုပ်ချင်နေတာလဲ ?
လင်ပန့်ရှ တွေးနေသည့်အချိန်မှာပင် လီစုက သူတို့နှစ်ဦးမြစ်ကိုဖြတ်သွားချင်ကြောင်းပြောလာ၏ ။
" မင်းငါနဲ့ လိုက်ခဲ့ချင်လား ..?"
လီစုက လင်ပန့်ရှ အားကြည့်ကာပြုံးပြုံးလေးဖြင့်မေးလာ၏ ။
လင်ပန့်ရှက အမှန်ပင်သဘောတူချင်စိတ်မရှိသောကြောင့် စုန့်ချင်းလော်အားဤနေရာတွင်စောင့်နေမည်ဆိုသည်ကလွဲ၍အခြားသောအစီအစဥ်မရှိကြောင်းပြောပြကာ ယဥ်ယဥ်ကျေးကျေးငြင်းဆိုလိုက်သည် ။
" မင်း တကယ်ပဲ စုန့်ချင်းလော် ကိုစောင့်နေမလို့လား ?"
လီစုက ပြုံး၍
" ဒါဆိုလည်း မင်းဆုံးဖြတ်ချက်ကိုပြင်လိုက်တော့ မင်းရဲ့အသက်ကိုလျှူပစ်မလို့လား "
ပြောနေရင်းဖြင့် လီစုက ကျောပိုးအိတ်ထဲမှသေနတ်ကိုထုတ်လိုက်လေသည် ။ အသက်ရှုတစ်ရှိုက်စာအချိန်အတွင်းမှာပင်သေနတ်မောင်းတင်ပြီးဖြစ်၏ ။
ဤသည်ကိုလင်ပန့်ရှ မြင်သောအခါထိတ်လန့်သွားလျှက် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည် ။
" ခင်ဗျားဘာလုပ်မလို့လဲ "
လီစုက ပြုံးနေဆဲဖြစ်ပါသော်လည်း အပြုံးထဲတွင်ပို၍လူသတ်ငွေ့များပြည့်လျှံနေ၏ ။ ပို၍အားရပါရပြုံးကာစနောက်လိုဟန်ဖြင့်
" ဒါပေါ့ မင်းရဲ့ရက်ရောတဲ့ဆန္ဒအတွက်အရမ်းကျေးဇူးတင်တယ်ကွာ"
ထိုသို့ပြောပြီးနောက် သေနတ်မောင်းကိုဆွဲကာပစ်လိုက်လေတော့သည် ။
လီစုက ရုတ်တရက်ကြီး တိုက်ခိုက်လာလိမ့်မည်ဟု လင်ပန့်ရှ လည်းမျှော်လင့်မထားမိခဲ့ချေ ။ မြေပြင်ပေါ်သို့လှဲချပြီးနောက်တစ်ပတ်လှိမ့်လိုက်သည် ။ ထိုအခါမှသာ လီစု၏ ပစ်ချက်သည်သူ့အားရည်ရွယ်ခြင်းမဟုတ်ဘဲ ဘေးတွင်တိတ်တဆိတ်ရပ်နေသော ကျွန်တစ်ယောက်သဖွယ်သဘောထားခြင်းခံနေရသည့် လီရီ ဖြစ်နေ၏ ။
ကျည်ဆံထိမှန်ပြီးနောက် လီရီ၏ ရင်ဘတ်တွင်အပေါက်ကြီးတစ်ပေါက်ဖြစ်သွားကာ အနီရောင်သွေးများစီးကျလာရမည့်အစား အနက်ရောင်စေးကပ်ကပ်အရည်များသာစီးကျလာ၏ ။ အရပ်ရှည်ရှည်ပုံရိပ်မှာယိမ်းယိုင်လာပြီးနောက် အဲလက်စ် ကဲ့သို့ပင်အနက်ရောင်ကတ္တရာရွံ့စေးများအဖြစ်ပြောင်းလဲသွားပြီး ခြေထောက်အောက်ရှိမြေကြီးထဲသို့တိုးဝင်ပျောက်ကွယ်သွားတော့သည် ။
လီစု လင်ပန့်ရှ၏ ကြောက်လန့်နေသောအမူအယာကိုမြင်သောအခါမထိန်းချုပ်နိုင်ဘဲရယ်တော့၏ ။ လင်ပန့်ရှ ထံသို့လျှောက်သွားကာ လင်ပန့်ရှ ထအော်သည်အထိခြေထောက်ဖြင့်ကန်လိုက်တော့သည် ။ ထို့နောက် ခါးကိုင်းကာ ပူနွေးနေဆဲဖြစ်သောသေနတ်ပြောင်းဝဖြင့် လင်ပန့်ရှ ၏ပါးကိုပုတ်၍ပြုံးကာပြော၏ ။
" ဟမ်းစတားလေး ... မင်းကသူ့ထက်တော့နည်းနည်းလေးသာသားပဲ ငါအခုထိကျေနပ်အောင်မကြည့်ရသေးဘူး ..."
လင်ပန့်ရမှာ လီစု၏ အပြုအမူများကြောင့်မှင်သက်နေရသည် ။ မျက်လုံးအပြူးသားဖြင့်အချိန်အတော်ကြာလှုပ်မယှက် လီစုအားစိုက်ကြည့်နေမိတော့၏ ။ လီစုက လင်ပန့်ရှ၏ ပါးကိုသေနတ်ဖြင့်အကြိမ်ရေအနည်းငယ်ပုတ်လိုက်သည့်အချိန်တွင် လင်ပန့်ရှက အံ့သြစွာဖြင့်ပြောလာ၏ ။
" ခင်ဗျား ကျွန်တော့်ကိုအရင်သွေးဆောင်ဖျားယောင်းရမှာမဟုတ်ဘူးလား "
ခဏလောက်နေပါဦး ? ဘာလို့တိုက်ရိုက်ပဲမလုပ်လိုက်တာလဲ ... ပြီးတော့ သေနတ်တောင်သုံးလိုက်သေး ... ဒါနည်းနည်းတော့များသလိုပဲ
" သောက်ကျိုးနဲ ... ခင်ဗျားဘာလုပ်ချင်နေတာလဲ "
လီစု ကမျက်မှောင်ကျုံ့၍
" မင်းဘာပြောလိုက်တာလဲ "
လင်ပန့်ရှက ခဏမျှရုန်းကန်ပြီးနောက်
" ထူးထူးဆန်းဆန်းလူကြီးမင်း ခင်ဗျားကျွန်တော့်ကိုရွှေတွေနဲ့ပဲဆက်ပြီးသွေးဆောင်သင့်တယ်နော် ... ဒီတစ်ခေါက်ကျွန်တော်ကောင်းကောင်းပြုမူပါ့မယ် "
လီရီ ရယ်မောနေခြင်းရပ်တန့်သွား၏ ။ လင်ပန့်ရှ ရှေ့သို့လျှောက်လာကာ စိမ်းသက်သောအကြည့်များဖြင့်ကြည့်လာသည် ။ သူ၏အကြည့်များက လင်ပန့်ရှ အားကြက်သီးထစေပြီးမျက်လုံးဖွင့်ထားသော်လည်း စကားတစ်ခွန်းမှမပြောရဲပါချေ ။
" မဟုတ်သေးပါဘူး ... စကားပြောတာအရမ်းဆင်တူလွန်းပေမဲ့ ဒီလောက်ထိသတင်းအချက်အလက်တွေအများကြီးကိုမသိသင့်ဘူး "
လီစုက လင်ပန့်ရှ နားမလည်နိုင်သောစကားများကိုသာရေရွတ်နေ၏ ။
" မဖြစ်နိုင်တာ ... တကယ်ကြီးလား "
လင်ပန့်ရှ : " ခင်ဗျားဘာတွေပြောနေတာလဲ !"
လီစု : " ငါမင်းကိုမေးပါဦးမယ် ... ဘာလို့မလှုပ်တာလဲ "
လင်ပန့်ရှ : " ဒီမေးခွန်းကသူများရဲ့ကိုယ်ရေးကိုယ်တာကိုဝေဖန်စော်ကားရာကျတယ်လို့မထင်ဘူးလား "
လီစု : " ပေါက်ကရတွေလျှောက်မပြောနဲ့ "
လင်ပန့်ရှမှာ လီစုသည်အမှန်ပင်လူကောင်းတစ်ယောက်မဟုတ်ကြောင်းစိတ်ထဲတွင်ညည်းတွားလျှက်မျက်ရည်ကျမိသည် ။ သူတွေ့မြင်ခဲ့ဖူးသော လီစု မှာနူးညံ့သိမ်မွေ့လျှက်သူမေးသောမေးခွန်းများကိုလည်းအလေးအနက်ပြန်လည်ဖြေကြားတတ်သူပင် ။ လင်ပန့်ရှက မကျေမနပ်ဖြင့်
" အရမ်းဆင်းရဲလွန်းလို့ အခုတော့မဟုတ်သေးဘူး ."
လင်ပန့်ရှ၏ အဖြေကိုကြားသောအခါ လီရီ၏ မျက်တောင်ရှည်ကြီးများမှာနှစ်ကြိမ်မျှလှုပ်ခတ်သွားလျှက် ပြုံးလာ၏ ။ ယခုတစ်ခေါက်အပြုံးမှာမူပိုမိုနူးညံ့သွားပြီး လင်ပန့်ရှ၏ မှတ်ဥာဏ်ထဲမှ လီရီပြုံးနေကျပုံစံပင် ။ သေနတ်ကိုသိမ်းလိုက်ပြီးနောက် လင်ပန့်ရှ ထံသို့လက်ကမ်းကာပြောလာသည် ။
" ဘယ်နေရာမှထိခိုက်မသွားဘူးမလား ?"
လင်ပန့်ရှမှာ လီရီ၏ အပြုအမူများကြောင့်မှင်သက်သွားရ၏ ။
" ခင်ဗျားဘာလုပ်နေတာလဲ ... ကျွန်တော့်ကိုသတ်မလို့မဟုတ်ဘူးလား "
လီစု : " မင်းပြောတာမှန်တဲ့ပုံပဲ ..."
လင်ပန့်ရှ : "..."
လီစု : " မင်းတကယ်ကြီးတွေးနေတာလား "
ယခုလေးတင် သူဘာလုပ်လိုက်မိကြောင်း လင်ပန့်ရှ တွေးမိလိုက်သောအခါ လီစုက သူ့အားလီရီ နှင့်မျိုးတူသောထူးဆန်းသည့်သတ္တဝါဖြစ်သည်ဟုသတ်မှတ်ထားပြီး အမှန်တကယ်ပစ်သတ်လိုစိတ်ရှိကြောင်းသတိထားမိသွားသည် ။
တူညီစွာပင် တောင်ပေါ်နှင့်တောနက်ကြီးထဲမှ လူတစ်ယောက်ရုတ်တရက်ကြီးပေါ်ထွက်လာလေသည် ။ လင်ပန့်ရှ သူနှင့်ရင်းနှီးသောတစ်စုံတစ်ယောက်ကိုတွေ့လိုက်ရချိန်တွင် ထူးဆန်းနေသကဲ့သို့ခံစားလိုက်ရ၏ ။
" အဓိပ္ပာယ်မရှိတာ ... ခင်ဗျားကလူအစစ်မဟုတ်ဘူးလို့တောင် ကျွန်တော်ထင်နေတာလေ !"
" ငါဗိုက်ဆာလွန်းလို့ဆိုပြီး မင်းရဲ့ဘီစကစ်တွေကိုတောင်းစားခဲ့တယ်လေကွာ ... ဘီစကစ်တွေကအရမ်းအစစ်နဲ့တူတယ်ဆိုပြီးတောင်ငါတွေးနေသေးတာ "
သူက သက်ပြင်းချလိုက်ပြီးနောက်
" ဖြစ်နိုင်တာက စုန့်ချင်းလော်က တကယ်ကြီးမျက်လုံးကန်းနေတဲ့ ဝက်ဝံလိုက်တာကိုခံနေရတာလား ... ဝက်ဝံနဲ့ထိပ်တိုက်ရင်ဆိုင်ရမှာမဟုတ်ဘူးလား ဘာလို့ထွက်ပြေးရတာလဲ "
လင်ပန့်ရှက ထိုဝက်ဝံမှာသာမန်ဝက်ဝံတစ်ကောင်မဟုတ်ကြောင်းနှင့် ထူးဆန်းသောအနက်ရောင်အရည်များကပ်တွယ်ခြင်းခံထားရသောဝက်ဝံဖြစ်ကြောင်းရှင်းပြရတော့သည် ။
လီစုက နောင်တရနေဟန်ဖြင့်သက်ပြင်းချလိုက်လေ၏ ။ သူ၏အမူအယာနှင့်လေသံမှာပွဲကြီးပွဲကောင်းတစ်ပွဲကိုလွတ်သွားရသောကြောင့်နှမြောတသသဖြစ်နေဟန်ပင် ။
လီစုက လင်ပန့်ရှ၏ လူသားတစ်ယောက်ဟူသောသရုပ်မှန်ကိုအတည်ပြုပြီးဖြစ်သော်လည်း လင်ပန့်ရှကမူ လီစုအား အနည်းငယ်မယုံကြည်နိုင်ဖြစ်နေသေး၏ ။ အနောက်ဆုတ်၍မြေပြင်ပေါ်တွင်ထိုင်ချကာလီစု၏ မျက်နှာကိုမော့ကြည့်ရင်းပြောလိုက်သည် ။
" ကျွန်တော့်အနားကိုအရမ်းကပ်မလာနဲ့ "
လီစုက အူမြူးစွာဖြင့်
" ငါမင်းအနားကိုပိုပြီးတော့တောင်ကပ်လာဦးမှာ "
လီစုက ပြုံးကာရှေ့တိုးလာရင်း
" မင်းခုခံချင်နေတာလား "
လင်ပန့်ရှ ခဏမျှတွေးပြီးနောက် လီစုက သူ့အားအနိုင်ကျင့်ရန်ကြိုးစားနေခြင်းဖြစ်ကြောင်းသတိထားမိသွားသော်လည်း စုန့်ချင်းလော် သိသွားမည်ကိုကြောက်နေပုံရ၏ ။ ထို့ကြောင့် လင်ပန့်ရှ ကလေးလေးနက်နက်ပြောလိုက်သည် ။
-
" ကျွန်တော် စုန့်ချင်းလော်ကို ရှာတွေ့ရင်ပြန်တိုင်မှာနော် "
ခဏကြာသောအခါ လီစုက မပြုံးတော့သည့်အပြင်နှာခေါင်းစည်းကိုပြန်ဝတ်ကာနေကာမျက်မှန်တပ်လိုက်သည် ။ နှာခေါင်းစည်းအောက်မှ ထွက်လာသောအသံမှာမသဲမကွဲဖြစ်နေရုံသာမက ဆူဆူအောင့်အောင့်ဖြစ်နေသေး၏ ။
" မင်းကမူလတန်းကလေးလေးလား ... စုန့်ချင်းလော် ကိုတောင်ပြန်တိုင်ဦးမယ် ငါတော့မကြောက်ပေါင် ! "
လင်ပန့်ရှ : " မကြောက်ဘူးဆိုတော့ ... ကျွန်တော်ပိုပြီးတော့တောင်တိုင်ပြောဦးမှာ "
- လီစုက လင်ပန့်ရှ အားလက်မထောင်ပြလိုက်ပြီးနောက် ညှိနှိုင်းကြမည်ဟုဆိုလာ၏ ။ ညီအစ်ကိုအချင်းချင်းဖြစ်သဖြင့်စနောက်မှုများကိုဗွေမယူသင့်ရုံသာမက သူ့အားနောက်ထပ်မစတော့ဟုဂတိပေးကာ သူအနိုင်ကျင့်သည့်အကြောင်းကို စုန့်ချင်းလော်နှင့် ပြန်မတိုင်ရန်ပြောလေသည် ။ ထိုအကောင်၏ မျက်နှာသေကြီးဖြင့်စိုက်ကြည့်နေမည့်ပုံစံအား လီရီအမှန်ပင်မခံစားနိုင်ပါချေ ။
လီရီ၏ အလေးအနက်ဖြစ်နေသောအသံကိုကြားသောအခါ လင်ပန့်ရှ မထိန်းချုပ်နိုင်တော့ဘဲ အားရပါးရယ်မောလိုက်မိသည် ။
" ကောင်းပြီ ... ဒါဆိုရင်လည်းငြိမ်းချမ်းရေးယူကြရအောင် ဒါပေမဲ့ ခင်ဗျားကလူသားစစ်စစ်တစ်ယောက်ဖြစ်ကြောင်းတော့သက်သေပြရမယ် "
လီစုက ခေါင်းညိမ့်လိုက်ပြီးနောက် သေနတ်ကျည်အိမ်ကိုဖြုတ်ကာအထဲမှ ကျည်ဆံလက်ကျန်ကို လင်ပန့်ရှ အားပြ၍
" ကြည့်ပါ့လား တကယ်လို့သာငါကအဲ့ဒီအရာကြီးဆိုရင် မင်းကိုတစ်ချက်တည်းပဲပစ်သတ်လိုက်တော့မှာပေါ့ အလုပ်ရှုပ်ခံပြီး ဒီနေရာမှာဖြည်းဖြည်းချင်း မင်းကိုသက်သေပြနေပါ့မလား "
သူပြောသောစကားမှာ အဓိပ္ပာယ်ရှိကြောင်း လင်ပန့်ရှ ခံစားလိုက်ရသည် ။
" ဒါ့ကြောင့်မို့လို့ ငါကမင်းလိုလူသားစစ်စစ်တစ်ယောက်ပဲ "
လီစုက လင်ပန့်ရှ ရှိရာသို့လက်ဆန့်၍
" အခုကစပြီးအတူတူလက်တွဲလုပ်ဆောင်ရအောင် ... ငါမင်းကိုအနိုင်ကျင့်တာကိုစုန့်ချင်းလော်ဆီပြန်မတိုင်ဘူးလို့ဂတိပေးရမယ် "
လင်ပန့်ရှ လီစု၏လက်ကိုဆုပ်ကိုင်လိုက်သောအခါ လက်ထဲတွင်နွေးထွေးသောအရေပြားကိုခံစားလိုက်ရသည် ။ သူ့နှလုံးသားထဲတွင်ရှိသောနောက်ဆုံးသံသယမှာလွင့်ပြယ်သွားပြီပင် ။ လီစုက သူ့အားမြေပြင်ပေါ်မှဆွဲထူလိုက်သည် ။ ထို့နောက် နောက်ထပ်ဘာဆက်လုပ်ကြမည်နှင့်မည်သည့်နေရာသို့သွားကြမည်ကိုအစီအစဥ်ဆွဲကာဆွေးနွေးကြတော့၏ ။
စာရေးသူမှာပြောစရာရှိပါတယ် :
လင်ပန့်ရှ : စုန့်ချင်းလော် ... လီစုက ခင်ဗျားနောက်ကွယ်မှာခင်ဗျားကို မသာလို့ကျိန်ဆဲနေတာကိုကျွန်တော်ပြန်မပြောခိုင်းဘူး ...
စုန့်ချင်းလော် : ?
လီစု : သောက်ကျိုးနဲ လင်ပန့်ရှ ရဲ့ရိုးသားတဲ့မျက်နှာလေးကြောင့် ငါလှည့်စားခံလိုက်ရတာပဲ
Translater - Mori ( 6 . 12 . 2023 ) 1 : 11 PM