.အခန်း - ၃၂
ကတိကဝတ်ပြုထားသောမြေ ( အပိုင်း - ၅ ) ပထမပိုင်း
သစ်တောထဲတွင်မူ ဆာဂေးသည် အသက်လုပြေးလွှားနေရရှာသည် ။ သူ့နောက်တွင်ရှိသောထူးဆန်းသည့်ဧရာမဝက်ဝံကြီးမှာ ကြောက်မက်ဖွယ်ကောင်းသောအော်သံကြီးကိုပြုလုပ်လျှက်ရှိသည် ။ သူ့တစ်သက်တွင်ဤမျှကြီးမားသော အနက်ရောင်ဝက်ဝံကြီးကိုတစ်ခါမှမြင်ခဲ့ဖူးပါချေ ။ ထိုသတ္တဝါကြီးမှာ သိသိသာသာကိုပင်အသက်ရှိနေသောသက်ရှိမျိုးနွယ်အုပ်စုထဲ၌မပါဝင်လောက်တော့ချေ ။
ငါလွတ်မြောက်နိုင်ပါ့မလား ?
ကိစ္စရပ်ပေါင်းများစွာကိုတွေ့ကြုံခဲ့ပြီး အသက်ဘေးမှလက်မတင်လေးလွတ်မြောက်နေကျဖြစ်သော ဆာဂေးသည်ပင် ရှေ့ဆက်ဖြစ်လာမည်အရာများကိုမခန့်မှန်းနိုင်တော့ပါချေ ။ အကယ်၍ဤနေရာမှအသက်ရှက်ရက်ထွက်သွားနိုင်မည်ဆိုပါက ထိုသည်မှာဘုရားသခင်မှဖန်ဆင်းပေးသောထူးခြားဆန်းကြယ်သည့်အခွင့်အလမ်းတစ်ခုသာဖြစ်ပေလိမ့်မည် ။ ထူးခြားဆန်းကြယ်သောအဖြစ်အပျက်ဖြစ်လာနိုင်မည်လောနိုင်မသိသော်လည်း ထိုသို့မဖြစ်မှီအချိန်စပ်ကြား၌ ဤတစ်ကြိမ်တွင်သူ့အသက်လေးကိုထိန်းသိမ်းရန်အကောင်းဆုံးကြိုးစားရမည်ပင် ။
သူ၏တွဲဖက်ဖြစ်သူမှာ အိုင်ရီနာဟု ခေါ်သောလှပသည့်ရှရှားလူမျိူးအမျိုးသမီးလေးဖြစ်သည် ။ လူအများစုကဲ့သို့ပင် သူမဤအလုပ်ကိုလက်ခံရသောအကြောင်းအရင်းမှာပိုက်ဆံပြတ်လပ်နေသောကြောင့်ဖြစ်၏ ။
မဟုတ်ရင် ဘယ်လိုလူမျိုးကများဒီလိုအန္ဒရာယ်များလွန်းတဲ့အလုပ်ကိုလက်ခံမှာလဲ ?
မည်သူကမှ နောက်တစ်စက္ကန့်တွင် မည်ကဲ့သို့ကြောက်မက်စက်ဆုပ်ဖွယ်ကောင်းသောအရာများနှင့်သူတို့ကြုံတွေ့ရလိမ့်မည်ကိုကြိုသိနိုင်မည်မဟုတ်ချေ ။ ထိုမျှမကအန္ဒရာယ်အားလုံးကိုအောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်လိမ့်မည်ဟုတိကျသောအာမခံချက်လည်းမရှိ ။ အရာအားလုံးကအန္ဒရာယ်များဖြင့်သာပြည့်နှက်နေကာ လူအများအားအလွန်ထူးခြားသောစိတ်လှုပ်ရှားမှုကိုပေးစွမ်း၏ ။
ဆာဂေးကမူ ထိုလူအများစုနှင့်မတူညီဘဲ ကွာခြား၏ ။ ဤအလုပ်ကိုလက်ခံရသည့်အကြောင်းအရင်းမှာ ထူးခြားသောစိတ်လှုပ်ရှားဖွယ်ကောင်းသည့်အရာများကိုကြုံတွေ့ချင်သောကြောင့်သာဖြစ်သည် ။ သာမန်အတွေးအခေါ်များ ၊ သိပ္ပံပညာနှင့်ရုပ်ဝတ္တုဝါဒီတို့အားကျော်လွန်သောအရာဝတ္ထုအမျိုးမျိုးနှင့် ကြောက်မက်ဖွယ်ကောင်းသောအဖြစ်အပျက်များအားလုံးကိုကြုံတွေ့ခဲ့ပြီးပြီပင် ။ ဆာဂေး၏ မိသားစုမှာချမ်းသာသောကြောင့် သူ့ထံတွင်ငွေကြေးပြတ်လပ်မနေပါချေ ။ သို့သော်လည်း ဤကဲ့သို့သောသဘာဝလွန်ဖြစ်ရပ်များနှင့်သက်ဆိုင်သည့်အလုပ်များကိုစွဲလမ်းနေပြီဖြစ်ကာ ရုန်းမထွက်နိုင်တော့ပေ ။ သေခြင်းရှင်ခြင်းအစွန်းတစ်ဖက်တွင်ရပ်၍အလုပ်လုပ်ရခြင်းက သူ့အားဘဝ၏အနှစ်သာရကိုခံစားရစေ၏ ။
ဆာဂေးသည် သူ့နောက်မှမကောင်းဆိုးဝါးဝက်ဝံကြီး၏ဟိန်းဟောက်သံကိုကြားလိုက်ရပြီးနောက် ခန္ဓာကိုယ်မှ အက်ဒရီနာလိုင်း ဟော်မုန်းအများအပြားကိုထုတ်လွတ်လာ၏ ။ အားကုန်သုံး၍ပြေးလွှားနေရကာ နောက်ပြန်လှည့်မကြည့်ရဲပါချေ ။ မောပန်းလာသောအခါ မြေပြင်ပေါ်တွင်ပစ်လှဲချ၍အနားယူလိုက်သည် ။ အနီးအနားတွင်အဖွဲ့ဝင်များ၏ခြေရာလက်ရာတစ်ခုကိုမှမတွေ့ရချေ ။ ဆာဂေး မြေပြင်ပေါ်တွင်လဲလျှောင်းရင်းအားရပါးရရယ်မောနေမိတော့သည် ။
ခဏမျှအားပါးတရရယ်မောပြီးနောက် မြေပြင်ပေါ်မှထရပ်ကာ သီချင်းလေးတညည်းညည်းဖြင့် မူလလမ်းကြောင်းပေါ်သို့ပြန်လည်လျှောက်လာလိုက်သည် ။
( TN / အက်ဒရီနာလိုင်း (အင်္ဂလိပ်အသုံးအနှုန်း : Adrenaline ဆိုသည်မှာ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားစရာ၊ အန္တရာယ်ရှိသော သို့မဟုတ် ခြိမ်းခြောက်ခံရသည့် အခြေအနေတစ်ခုအတွက် တုံ့ပြန်မှုအနေဖြင့် ဦးနှောက်မှ ထုတ်လွှတ်ပေးသော ဟော်မှုန်းတစ်မျိုးဖြစ်သည်။ )
အပြန်လမ်းတွင် သစ်ပင်များစွာကျိုးကျေပျက်စီးနေသည်ကိုတွေ့ရသော်လည်း သူတွေးထားသကဲ့သို့အလောင်းအပိုင်းအစများနှင့်သွေးများကိုမူမတွေ့ရချေ ။ ကြည့်ရသည်မှာအဖွဲ့ဝင်အားလုံးလွတ်မြောက်ခဲ့ကြပုံပင် ။ ဆာဂေးက မှတ်စုစာအုပ်ကိုထုတ်ယူပြီးနောက်လမ်းလျှောက်ရင်းစာရေးနေလိုက်လေသည် ။ ထိုမှတ်စုထဲတွင် လူတိုင်းကိုကြောက်လန့်စေခဲ့သောမကောင်းဆိုးဝါးကြီး၏အသွင်အပြင်အသေးစိတ်ကိုအတိအကျရေးသားထားလိုက်၏ ။ သေနတ်ပစ်သံကိုကြားခဲ့ရကြောင်းရှင်းရှင်းလင်းလင်းမှတ်မိပါသော်လည်း မည်သည့်ကံဆိုးမသားက ဝက်ဝံအားသေနတ်ဖြင့်ပစ်ကာတိုက်ခိုက်၍အာရုံဆွဲဆောင်လိုက်ကြောင်းကိုတော့မသိပေ ။
မှတ်စုရေးပြီးနောက် ဆာဂေးက နောက်ထပ်လမ်းကြောင်းတစ်ခုကိုသွားရန်စတင်လိုက်သည် ။ သူ၏အထောက်အပံ့ပစ္စည်းများမပျောက်ဆုံးသွားသောကြောင့် ရေနှင့်အစားအစာများရှိသဖြင့် တစ်လခွဲကျော်သည်အထိတောင့်ခံနိုင်သေး၏ ။
သို့သော်လည်း အချို့သူများကသူ့လောက်ကံမကောင်းခဲ့ကြပါချေ ။ ပြန်လာသည့်လမ်းတွင် အယ်လီနာ၏ အထောက်အပံ့ပစ္စည်းများကိုတွေ့လိုက်ရသည် ။
အထောက်အပံ့ပစ္စည်းများထဲတွင် ဆေးဝါးများ ၊ ရေ နှင့်ရိက္ခာများ မီးခတ်ကျောက်နှင့်လက်နက်အချို့ စသည့်တောထဲတွင်ရှင်သန်နေထိုင်ရန်လိုအပ်သောအရာအားလုံးပါဝင်သည် ။ အိုင်ရီနာ သည်အသက်လု၍ပြေးလွှားနေချိန်တွင်အလေးချိန်ကိုလျှော့ချ၍အရှိန်မြှင့်တင်ရန်အတွက် ဤအရာများကိုစွန့်ပစ်ခဲ့ပုံရသည် ။
ဆာဂေးက ဖြစ်နိုင်ခြေရှိသောခန့်မှန်းချက်တစ်ခုကိုပြုလုပ်ပြီးနောက် အခြေအနေမှာအရမ်းမကောင်းမွန်လှကြောင်းသတိထားမိသွားသည် ။ ပျောက်ဆုံးနေသော အယ်လီနာကို တတ်နိုင်သမျှမြန်မြန်ရှာမှဖြစ်လိမ့်မည် ။ မဟုတ်ပါက သူမတွင်ဆက်လက်ရှင်သန်ရန်အတွက်မျှော်လင့်ချက်ရှိတော့မည်မဟုတ်ပေ ။
ဒါပေမဲ့ ဖြစ်နိုင်ပါ့မလား ?
ဤထူးဆန်းသောသစ်တောအတွင်းသူမအားရှာဖွေရန်မှာလွယ်ကူသောကိစ္စမဟုတ်ပါချေ ။
တောတွင်းဥပဒေသစည်းမျဥ်းများအရတောနက်ထဲတွင်လမ်းပျောက်နေသူများသည် ပုံမှန်အားဖြင့်လူတိုင်းသည်ရေအရင်းမြစ်ရှိရာနေရာတွင်စုရုံးကြလေ့ရှိသည် ။ ဆာဂေး သည်လည်းထိုသို့တွေးမိပါသော်လည်း အဖွဲ့ဝင်များကိုစိတ်ပူနေသေးသဖြင့် ဝက်ဝံကြီးအားစတွေ့ရာနေရာနှင့် အိုင်ရီနာ၏ အထောက်အပံ့ပစ္စည်းများကိုတွေ့သောနေရာများ၏ မိုင်ဝက်အကွာအဝေးတွင်အကြိမ်ရေအနည်းငယ်လှည့်ပတ်နေခဲ့၏ ။ သို့သော်လည်း ကံမကောင်းစွာဖြင့်သူ့အဖွဲ့ဝင်များကိုရှာမတွေ့ခဲ့ချေ ။
တောအုပ်မှာအလွန်ထူထပ်သောကြောင့် တောအုပ်အတွင်းလူပျောက်ရှာရသည်မှာ ကောက်ရိုးပုံထဲအပ်ပျောက်ရှာနေရသကဲ့သို့ပင် ။ နောက်ဆုံးတွင် ရေအရင်းမြစ်ရှိရာသို့ဆက်လက်ခရီးဆက်ရန်စောင့်ဆိုင်းနေခြင်းကိုလက်မလျှော့မှီတွင် ဆာဂေးက ထိုနေရာများ၏အနီးအနားတွင် နှစ်ရက်သုံးရက်ခန့်လှည့်ပတ်နေခဲ့သေး၏ ။
ဤတောအုပ်မှာသိသိသာသာကိုပင်မူမမှန်လှချေ ။ ကျေးငှက်နှင့်ပိုးကောင်များတို့၏အော်မြည်သံကိုမကြားရဘဲ သစ်ရွက်ခြောက်များကိုလည်းမတွေ့ရချေ ။ သစ်ရွက်များသည်စိမ်းလန်းကာတောက်ပနေ၏ ။ နေ့အချိန်တွင်အဆင်ပြေနေသေးသော်လည်း ညအချိန်၌မူ ထူးဆန်းသည့်တိတ်ဆိတ်နေမှုက ဆာဂေးအား အလွန်စိတ်တင်းကြပ်စေသည် ။ ကျယ်ဝန်းသောတောနက်ကြီးအတွင်းရှိနေသည်မှန်ပါသော်လည်း မှောင်မိုက်ကျဥ်းမြောင်းသောခေါင်းတလားအတွင်းလဲလျောင်းနေရသောခံစားချက်မျိုးမသိစိတ်ကခံစားနေရ၏ ။
မှတ်တမ်းတင်သူတစ်ယောက်အနေဖြင့် ဆာဂေးက သူခံစားနေရသည့်ခံစားချက်အစစ်အမှန်မှန်သမျှကိုမှတ်စုထဲတွင်ချရေးထားလိုက်သည် ။ ကံမကောင်းလျှင်သူအသတ်ခံရနိုင်သည်ကိုသိသော်လည်း ဤမှတ်စုစာအုပ်၏တည်ရှိမှုတစ်ခုကသာ သေတ္တာနက်တစ်လုံးကဲ့သို့အခြားသူများမရဏတရား၏လျို့ဝှက်ပဟေဋိများကိုဖြေရှင်းနိုင်ပြီး သူ့ခံစားချက်များကိုနားလည်နိုင်မည့်တစ်ခုတည်းသောသော့ချက်ဖြစ်၏ ။
ထိုအချက်တစ်ခုတည်းကသာ ဆာဂေးအတွက် စွဲမက်ဖွယ်ကောင်းသောနောက်ဆုံးမျှော်လင့်ချက်တစ်ခုဖြစ်သည် ။ မီးပုံ၏တဖျတ်ဖျတ်လတ်နေသောမီးရောင်အောက်၌ ထိုင်ကာမှတ်စုကိုအသေးစိတ်ဖြည်းဖြည်းချင်းရေးသားနေလေ၏ ။ နောက်ဆုံးစကားလုံးကိုအပြီးသတ်ရေးဆွဲပြီးသည့်အချိန်တွင် သူ၏နားထဲသို့တဂျစ်ဂျစ်အသံတစ်သံဝင်ရောက်လာလေသည် ။
တောနက်ကြီးထဲမှ အမောတကောအသံများဆက်တိုက်ထွက်ပေါ်နေသဖြင့် ဆာဂေး လျှစ်လျှူရှုထား၍မရပါချေ ။ ထိုအသံအားကြားသည်နှင့် စားရေးနေသည်ကိုချက်ချင်းရပ်တန့်လိုက်ကာ မှတ်စုစာအုပ်ကိုအိတ်ကပ်ထဲတွင်ထည့်သိမ်း၍ သူ့လွယ်အိတ်ထဲမှပစ္စတိုတစ်လက်ကိုထုတ်ယူလိုက်သည် ။
ဆာဂေးက သတိအပြည့်ဖြင့်မေးလိုက်သည် ။
" အဲ့ဒီကဘယ်သူလဲ"
မြက်တောထဲမှဆူညံသံအချို့ထွက်လာပြီးနောက် ဆာဂေး ထင်မှတ်မထားသောသူတစ်ယောက်၏ပုံရိပ်ထွက်ပေါ်လာလေသည် ။ မျက်လုံးပြူးသွားလျှက် အံ့သြစွာဖြင့်
" အိုင်ရီနာ ... မင်းလား အိုင်ရီနာလား "
" ငါပါ ဆာဂေးလေ ..."
အိုင်ရီနာ ကိုကြည့်ရသည်မှာအလွန်ရှက်နေသည့်ပုံပင် ။ သူမကမြက်တောထဲမှထွက်လာပြီးနောက် ငိုထားပုံရသောသူမ၏မျက်ရည်များကိုသုတ်ပစ်ကာ ဝမ်းနည်းတကြီးဖြင့်
" နောက်ဆုံးတော့ကျွန်မတစ်ယောက်ယောက်ကိုရှာတွေ့ခဲ့ပြီ ... ကျွန်မဒီတောထဲမှာပဲသေသွားတော့မယ်လို့ထင်နေတာ "
" မင်းအဆင်ပြေရဲ့လား ... ငါမင်းကိုနှစ်ရက်လုံးလုံးရှာနေခဲ့တာတောင်မတွေ့ခဲ့ရဘူး "
ဆာဂေးနှင့် အိုင်ရီနာတို့က တွဲဖက်များဖြစ်လာကြသည်မှာနှစ်နှစ်ကျော်ပြီဖြစ်သဖြင့် ထိုကာလအတွင်းမစ်ရှင်ပေါင်းများစွာကိုအတူတူလက်တွဲကျော်ဖြတ်ခဲ့ကြပြီးဖြစ်၏ ။
လှပသောမိန်းကလေးနှင့်ကောင်းမွန်သောဆက်ဆံရေးတစ်ခုရှိပြီး သူမ၏သူ့အပေါ်အမြင်ကလည်းကောင်းမွန်၏ ။ အိုင်ရီနာက အလွန်ခက်ခဲသောကိစ္စများကိုကြုံတွေ့ခဲ့ရသောကြောင့်ကြောက်လန့်နေခြင်းဖြစ်လိမ့်မည် ။ ဆာဂေးက ကြောက်လန့်နေသောမိန်းမများကိုအော်ဟစ်တတ်သည့်အချို့သောယောက်ျားများထက်စာလျှင်သာလွန်သေးသည်ဟုဆိုနိုင်၏ ။
" ကျွန်မအဆင်ပြေပါတယ် ... တစ်လျှောက်လုံးဆာလောင်နေခဲ့ရုံတင်ပါ ."
ဤရက်များအတွင်းသူမထံတွင် ရေနှင့်အစားအစာများမရှိဘဲ အိုင်ရီနာ မည်ကဲ့သို့ရှင်သန်နေထိုင်ခဲ့ကြောင်းမေးတော့မည့်အချိန်မှာပင် သူမနောက်ကျောတွင်လွယ်ထားသည့်ပန်းရောင်ကျောပိုးလွယ်အိတ်ကိုမြင်လိုက်ရသောကြောင့် ဆက်မမေးနိုင်ပါတော့ချေ ။
" သေစမ်း ... ဘယ်ခွေးသားက ကျွန်မလွယ်အိတ်ထဲကအစားအစာတွေကိုယူသွားတာလဲမသိဘူး ."
အယ်လီနာ ဆက်ပြောလာသောစကားများက ဆာဂေးအား လုံးဝဆွံ့အသွားစေကာ စကားမပြောရဲလောက်အောင်ပင်ဖြစ်သွားစေ၏ ။
" ကံကောင်းလို့ ကျွန်မဘာသာစားစရာတွေယူထားသေးလို့သာပေါ့ ... ကျွန်မသယ်နေကျအိတ်ထဲမှာစားစရာတွေရှိလို့သာမဟုတ်ရင် ဆာလောင်ပြီးသေသွားရလောက်ပြီ "
ဆာဂေးမှာ ရှုပ်ထွေးနေလျှက်စကားတစ်ခွန်းမှမပြောရဲပါချေ ။ အိုင်ရီနာ ပြန်ရှာတွေ့သွားမည်ဟုမမျှော်လင့်ထားသော်လည်း ထိုအချိန်က အိုင်ရီနာ၏ လွယ်အိန်ကိုသူမထိခဲ့ပေ ။ ဆာဂေး စိတ်ထဲတွင်အကြိမ်ရေအနည်းငယ်မျှညည်းတွားမိလိုက်သော်လည်း ဤကိစ္စအပေါ်တွင်မူ တုံ့ဆိုင်းနေခြင်းမရှိပေ ။
" ငါ့မှာရေနဲ့အစားအစာတွေအလုံအလောက်ရှိပါသေးတယ် ... မင်းစားလို့ရတယ် "
" ရတယ် ကျွန်မဗိုက်ပြည့်နေပြီ "
အိုင်ရီနာက ဆာဂေး၏ကမ်းလှမ်းချက်ကိုအမှန်ပင်ငြင်းဆန်လိုက်လေသည် ။
သူမက ဆာဂေးရှိရာသို့လျှောက်သွားပြီးနောက် ထိုင်ချကာလွယ်အိတ်ကိုလည်းသူမ၏နောက်တွင်ချထားလိုက်သည် ။
" ကျွန်မအခုလေးတင်အများကြီးစားလာတာ ဗိုက်မဆာသေးဘူး "
ဆာဂေး : " မင်းဘယ်နေရာကနေစားစရာတွေရလာတာလဲ "
အိုင်ရီနာ : " တောထဲမှာတွေ့ခဲ့တာလေ ... အဲ့ဒီမှာစားစရာတွေအများကြီးပဲ "
အိုင်ရီနာ သူ့အားနောက်နေသည်လော ဆာဂေး စတင်မရေမရာဖြစ်လာသော်လည်း သူမသည်သူ့ထံတွင်အစားအစာတောင်းစားလိုစိတ်အမှန်ပင်မရှိကြောင်းတွေ့လိုက်ရသည် ။ သူတွေးမိသည်မှာ သူသတိမထားလိုက်မိသောကြောင့် တောထဲမှစား၍ရနိုင်သောအရာတစ်ခုခုကိုလွတ်သွားပြီဟုပင် ။
အိုင်ရီနာ : " ကျွန်မတို့ဘာဆက်လုပ်ကြမလဲ ... အခုထိ ဘယ်သူ့ကိုမှလဲရှာမတွေ့သေးဘူး "
" ရေအရင်းမြစ်ရှိတဲ့နေရာကိုသွားမယ် သူတို့သေချာပေါက်အဲ့မှာစုနေကြမှာပဲ ... မင်းအရင်ဆုံးနားချင်လား "
" အင်း ... ကျန်တဲ့တစ်ညတစ်ဝက်ကိုကျွန်မကင်းစောင့်ပေးမယ် "
အိုင်ရီနာ ကသမ်းဝေလိုက်ပြီးနောက် သူမ၏ကျောပိုးအိတ်ကိုမှီကာအိပ်ပျော်သွားတော့သည် ။ ဆာဂေးကမူ သူမ၏ဖောင်းကားနေသောကျောပိုးအိတ်ကိုကြည့်လျှက် အနည်းငယ်ထူးဆန်းနေသလိုခံစားနေရ၏ ။ တောနက်အတွင်းနေထိုင်ခဲ့ကသည်မှာရက်ပေါင်းများစွာကြာပြီဖြစ်သဖြင့်ကျောပိုးအိတ်ဖောင်းနေသည်မှာထူးဆန်းလှ၏ ။ သို့သော်လည်း သူ့တွင်မေးရန်ရည်ရွယ်ချက်မရှိသောကြောင့် အခြားတစ်နေရာကိုသာအာရုံစိုက်ထားလိုက်တော့သည် ။
အချိန်များလျှင်မြန်စွာကုန်ဆုံးနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ညဆယ့်နှစ်နာရီကိုကျော်လွန်၍နောက်တစ်နေ့သို့ကူးပြောင်းသွားပြီပင် ။ အိုင်ရီနာက အိပ်ချင်မူးတူးဖြင့်မျက်လုံးပွတ်ကာထလာပြီးနောက် ဆာဂေး အားအနားယူခိုင်းကာ မိုးလင်းသည့်အချိန်အထိသူမဆက်စောင့်မည်ဟုပြော၏ ။
" မင်းနည်းနည်းလောက်ဆက်ပြီးအနားယူလိုက်မယ်ဆိုရင်ရော "
ဆာဂေးက လူကြီးလူကောင်းဆန်စွာပြော၏ ။
" ငါအရမ်းမအိပ်ချင်သေးဘူး "
" မလိုပါဘူး "
အိုင်ရီနာက ဆာဂေး၏ ကြင်နာမှုကိုငြင်းဆိုလိုက်သည် ။ သူမကမှတ်စုစာအုပ်ကိုထုတ်လိုက်ပြီးနောက် ယနေ့အတွက်မှတ်စုမရေးသားရသေးကြောင်းပြောကာ ဆာဂေးကိုသာ အမြန်အနားယူရန်ပြောနေလေသည် ။
ထိုသည်ကိုကြားသောအခါ ဆာဂေးယဥ်ကျေးမနေတော့ဘဲ မီးပုံဘေးတွင်အိပ်ရန်ပြင်လိုက်သည် ။ တစ်စုံတစ်ယောက်ကအနီးအနားတွင်စောင့်ကြပ်ပေးနေသောကြောင့် ကုန်ဆုံးခဲ့သောရက်များအတွင်းပုံမှန်အိပ်စက်ခဲ့ရသည်ထက်ပို၍နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည် ။ သို့သော်လည်း အိပ်ပျော်ပြီးမကြာမှီမှာပင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသော ဝါးစားနေသည့်အသံများကိုကြားလာရ၏ ။ တစ်စုံတစ်ယောက်က အသားတုံးအစိမ်းလိုက်ကြီးကို သွားဖြင့်သူ့အနီးအနားတွင်ကိုက်ဖဲ့စားသောက်နေသကဲ့သို့ပင် ။ သူက အမြဲတမ်းသတိရှိရှိပြုမူတတ်ရုံသာမက အအိပ်ဆတ်သောကြောင့်ချက်ချင်းနိုးလာလေသည် ။ ဂရုတစိုက်ဖြင့်မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အိုင်ရီနာက ခေါင်းငုံ့ထားလျှက်သူ့ကိုကျောပေး၍ထိုင်နေကြောင်းတွေ့လိုက်ရ၏ ။
ဆာဂေးက သူမဘာလုပ်နေသည်ကိုစစ်ဆေးရန်ထလာသည့်အချိန်တွင် သူမကအသံကြားသွားပုံရသည် ။ သူမက ခဏမျှရပ်တန့်သွားပြီးနောက် နောက်ပြန်လှည့်ကြည့်ကာ ဆာဂေးအားပြုံးပြလာ၏ ။
" ရှင်နိုးလာပြီလား "
ဆာဂေးက သူမ၏အပြုံးကိုကြည့်မိချိန်တွင် အကြောင်းအရင်းတချို့ကြောင့်ကျောချမ်းသလိုခံစားလိုက်ရသည် ။
" အိုင်ရီနာ ... မင်းအဆင်ပြေရဲ့လား ... မင်းဘာတွေစားနေတာလဲ "
" ယုန်သားစားနေတာ ... ကျွန်မတောထဲကဖမ်းမိခဲ့တဲ့ဟာလေ "
သူမက သွေးတစ်စက်ချင်းစီးကျနေသော အသားစိမ်းတုံးကိုလက်ထဲတွင်ကိုင်ထားလျှက်ပြောလာ၏ ။ အသားစိမ်းကိုမြင်သောအခါ ဆာဂေး၏ အစာအိမ်တွင်ပျို့အန်ချင်စိတ်များဆို့တက်လာသောကြောင့် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်
" မင်းမီးမကင်ဘူးလား "
" အာ ... ဟုတ်သားပဲနော် "
အိုင်ရီနာက ရုတ်တရက်သဘောပေါက်သွားဟန်ဖြင့်
" ရှင်မပြောရင် မီးအကြောင်းကိုကျွန်မမေ့သွားတော့မလို့ "
ဆာဂေး စကားဆက်မပြောတော့ချေ ။ အိုင်ရီနာ၏ အလွန်ကြီးမားနေသော ပုံမှန်လူသားတစ်ယောက်နှင့်ကွာခြားချက်ကိုလျှစ်လျှူရှုထားရန်မဖြစ်နိုင်ချေ ။ ခဏမျှတွေးပြီးနောက် စမ်းသပ်သည့်သဘောဖြင့်မေးလိုက်သည် ။
" အိုင်ရီနာ ... ပြီးခဲ့တဲ့ရက်တွေတုန်းကအဖွဲ့ထဲကလူတစ်ယောက်ယောက်နဲ့များတွေ့သေးလား "
" အခြားအဖွဲ့ဝင်တွေလား "
အိုင်ရီနာက ခဏမျှစဥ်းစားနေပြီးနောက်
" ဟင့်အင်း ... အခြားအဖွဲ့ဝင်တွေကိုကျွန်မမတွေ့ခဲ့ဘူး ."
သူမကတောက်ပသောအပြုံးလေးတစ်ပွင့်ဖြင့်ပြောနေပါသော်လည်း သွားဖြူဖြူတွင်ကပ်ညိနေသည့်သွေးစများနှင့်အသားဖတ်များက လူများအားအလွန်ကြောက်လန့်စေသည် ။
" အစကနေအဆုံးထိ ကျွန်မတစ်ယောက်တည်း "
သူမလိမ်မလိမ်အကဲခတ်ရန်အတွက် ဆာဂေး၏ မျက်လုံးအကြည့်များက အိုင်ရီနာ ထံ၌သာရှိနေသည် ။ အိုင်ရီနာက မထူးခြားဟန်ဖြင့်
" ကျွန်မဘယ်လောက်တောင်ဆာလောင်နေလဲဆိုတာတွေးတောင်မတွေးရဲဘူး .. တခြားအသင်းဖော်တွေနဲ့တွေ့ခဲ့မယ်ဆိုရင် ..."
ဆာဂေး : " ဆိုရင် ..."
" မနက်မိုးသောက်နေပြီ အလုပ်စလုပ်ကြရအောင် "
အိုင်ရီနာက ရေပြင်ညီမျဥ်းအတိုင်းပေါ်ထွက်လာသောနေရောင်ဖျော့ဖျော့ကိုကြည့်၍ သူမ၏အသံမှာပုံမှန်ကဲ့သို့ပင် နူးညံ့နေ၏ ။
" ကျွန်မနေ့အချိန်ကိုပိုပြီးနှစ်သက်တယ် ... အနည်းဆုံးတော့ ယုန်တွေပိုများများဖမ်းနိုင်တယ်လေ "
ဆာဂေးတိတ်ဆိတ်သွားရသည် ။ အိုင်ရီနာ ကယုန်အစစ်အကြောင်းကိုပြောနေခြင်းဖြစ်သည်မဖြစ်သည်မသေချာသော်လည်း သူမ၏ပန်းရောင်လွယ်အိတ်အတွင်းထည့်လာသောအရာ၏ ဖောင်းထွက်နေပုံအရအတော်လေးလေးမည့်ပုံပင် ။
သိသိသာသာကိုပင် လက်ရှိအိုင်ရီနာက သူ့မေးခွန်းကိုပြန်ဖြေမည်မဟုတ်ချေ ။ ဆာဂေးက နှုတ်ခမ်းသပ်ပြီးနောက် စကားနှစ်ခွန်းကိုခက်ခက်ခဲခဲညှစ်ထုတ်ပြောဆိုလိုက်ရသည် ။
" သွားကြရအောင် "
တစ်ယောက်တည်းဖြစ်နေသည်မှ ယခုနှစ်ယောက်တစ်ဖွဲ့ဖြစ်သွားသဖြင့်သွားလာရသည်မှာပို၍မြန်ဆန်သွားသင့်သည် ။ သို့သော်လည်း အိုင်ရီနာ၏ ထူးဆန်းသောအပြုအမူများကြောင့် ဆာဂေးစိတ်ချလက်ချအနားယူရန်မဖြစ်နိုင်တော့ချေ ။ နေ့လည်သို့ရောက်သည့်တိုင်သူမကအစားအစာစားသောက်ရန်ငြင်းဆန်နေဆဲဖြစ်သည် ။ ဆာဂေး၏ ဖိတ်ခေါ်ချက်များကိုငြင်းဆိုကာ သူကွတ်ကီးများစားနေသည်ကိုသာထိုင်ကြည့်နေ၏ ။
Translater - Mori ( 8 . 12 . 2023 ) 12 : 06 PM