Chapter 1: ဆယ်နှစ်နောက်ပြန်၍ ပြန်လည်မွေးဖွားခြင်း
ပြတင်းတံခါးကိုဖြတ်၍ ကွက်တိကွက်ကြား ဖိတ်လျှံကျလာသော နေရောင်ခြည်ကြောင့် ကျင်းယွင်ကျောင်း၏ မျက်ခုံးတန်းလေးများ တွန့်ချိုးသွားသည်။ သူမ ခပ်ဖြည်းဖြည်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး ထထိုင်လိုက်ရာ ခေါင်းထဲမှ စူးရှရှနာကျင်မှုကို ခံစားလိုက်ရ၏။ ထိုစဥ် သူမ၏နားရွက်နောက်မှ ကျဆင်းနေသော ဆံနွယ်ရှည်ရှည်များအား ရုတ်တရက် တွေ့လိုက်မိရာ သူမသည် ခေတ္တတုံ့ဆိုင်းသွားကာ ကြက်သေသေသွားသည်။ တစ်ယောက်ယောက်ကများ သူမကို ထပ်ပြီး လာရှုပ်ပြန်ပြီလား။
ချောင်ဟုန်ယဲ့က သူမရဲ့ဆံပင်ရှည်တွေကို ညှပ်ပစ်ခဲ့တာ ကြာလှပြီ မဟုတ်လား။ ဘာလို့ ဆံပင်တွေက ဒီမှာရှိနေသေးတာလဲ။
လေထုထဲတွင် သင်းပျံ့ပျံ့မွှေးရနံ့တစ်မျိုးက ခပ်ဖျော့ဖျော့လွင့်ပျံ့နေသည်။ ကျင်းယွင်ကျောင်းက ခေါင်းလှည့်ကြည့်လိုက်ရာ စားပွဲပေါ် တွင် ဆန်ပြုတ်တစ်ပန်းကန်ကို တွေ့လိုက်ရ၏။ သို့ရာတွင် ဤသို့လှည့်ကြည့်လိုက်ရုံဖြင့် မြင်လိုက်ရခြင်းက သူမကို အံ့အားသင့်သွားစေသည်။
ဒါက သူမ နေနေကျ နေရာပဲ။
သူမ၏မျက်ဝန်းများက သန့်ရှင်းနေသော အိပ်ခန်းအား စိုက်ကြည့်နေ၏။ စားပွဲပေါ်ရှိ သူမ အကြိုက်ဆုံးအလှပန်းအိုးထဲ၌ လပ်ကီး ဝါးငုတ်ကလေးများ အစုံအလင်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ကုတင်ပေါ်တွင် လွှားထားသည့် အပြာရောင် ပိတ်ကျဲစောင်ပါးလေးကိုလည်း တွေ့လိုက်ရ၏။ အခန်းအတွင်းရှိ ပစ္စည်းများသည် တန်ကြေးများများစားစား မရှိသော်လည်း ၎င်းတို့အားလုံးသည် သူမ၏ဘဝတွင် အပျော်ရွှင်ရဆုံးအချိန်ဟု သူမ မှတ်ယူခဲ့သောကာလများက ပိုင်ဆိုင်ခဲ့သော အရာများဖြစ်သည်။
ထိတ်လန့်တုန်လှုပ်နေသည့် ကျင်းယွင်ကျောင်းသည် သူမ၏အနီးနားရှိ မှန်တစ်ချပ်အား ခပ်မြန်မြန် ဆွဲယူကြည့်လိုက်သည်။ မှန်ထဲတွင် ထင်ဟပ်နေသော ပုံရိပ်သည် ရင်းနှီးပြီးသားဖြစ်သော်လည်း ထူးဆန်းနေ၏။
မှန်ထဲရှိ မျက်နှာသည် သူမ၏မျက်နှာဖြစ်သော်လည်း ၎င်းသည် လွန်ခဲ့သောနှစ်များက သူမ ဖြစ်သည်။
မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်ဘူး....သူမ ပြန်လည်မွေးဖွားလာခဲ့ပြီ။
သူမ၏မျက်နှာပေါ်ရှိ ကျန်းမာပျိုမျစ်သော အသားအရေမှအစ နံရံတွင် ချိတ်ဆွဲထားသော ပြက္ခဒိန်အဆုံး အရာအားလုံးက သူမ၏အတွေးများ မှန်ကန်ကြောင်း ထောက်ခံနေကြ၏။ ဒါ လွန်ခဲ့တဲ့ ဆယ်နှစ်ကပဲ။ သူမ အသက် ဆယ့်ငါးနှစ်ပဲရှိသေးတယ်။
သူမ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ သူမ ဘယ်သောအခါမှ မမေ့နိုင်သည့် အိပ်မက်ဆိုးတစ်ခုမှလွဲလျှင် သူမ၏အတိတ်ဘဝမှ အရာအားလုံးသည် ဘာမှမဟုတ်တော့သကဲ့သို့ ထင်လိုက်ရ၏ ။ ထိုအိပ်မက်ဆိုးသည် သူမ၏နှလုံးသားထဲ၌ စွဲထင်နေသည်မှာ ကြာခဲ့လေပြီ။
ဖြစ်ခဲ့သမျှအား ပြန်တွေးမိတိုင်း ကျင်းယွင်ကျောင်း၏နှလုံးသားသည် တုန်ခါသွား၏။ အချိန်အတော်ကြာသွားပြီး နောက်ဆုံးတွင်တော့ သူမသည် အိပ်ယာထဲမှထလာကာ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။ ထို့နောက် ဧည့်ခန်းထဲ၌ ရင်းနှီးနေသော မျက်နှာများအား မြင်လိုက်ရ၏။ သူမ၏ရန်သူတော်များ၏မျက်နှာများကို တွေ့မြင်လိုက်ရသောအခါ သူမ သွေးများပင် ပွက်ပွက်ဆူလာသည်။
ဧည့်ခန်းထဲတွင် လူကြီးနှစ်ယောက်နှင့် ကလေးနှစ်ယောက် စုစုပေါင်း လူလေးယောက် ထိုင်နေကြ၏။
သူမ၏မိခင်ဖြစ်သူ ယဲ့ချင်၊ ပထွေးဖြစ်သူ ချောင်ဝေ့မင်နှင့် အမြွှာမောင်နှမနှစ်ဦးဖြစ်သည့် ချောင်ဟုန်ယဲ့နှင့် ချောင်ကျစ်ကျိုးတို့ဖြစ်သည်။
အတိတ်ဘဝ၌ သူမသည် ယဲ့ချင်အား သူမ၏မိခင်ရင်းဟု မှတ်ယူခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် ယဲ့ချင်က တွေ့၍ မွေးစားထားသော ကလေးတစ်ဦးသာဖြစ်ကြောင်း သိလိုက်ရ၏။ သူမ၏မျိုးရိုးနာမည်မှာ ကျင်းဖြစ်ပြီး ၎င်းမှာသူမ၏ကိုယ်ပေါ်မှ ရှာတွေ့ခဲ့သော ကျောက်စိမ်းဆွဲသီးလေးပေါ်၌ ထွင်းထုထားသော တရုတ်အက္ခရာစာလုံးဖြစ်သည်။ ယဲ့ချင်သည် သူမအပေါ်တွင် အမြဲတမ်း ကောင်းပေးခဲ့သော်လည်း ၎င်းမှာ သူမ ချောင်ဟုန်ယဲ့၊ချောင်ကျစ်ကျိုးတို့နှင့် ရန်မဖြစ်သည့်အချိန်တွင်သာဖြစ်၏။
သူမ၏ပထွေးဖြစ်သူ ချောင်ဝေ့မင်နှင့် ပတ်သတ်လျှင်တော့.... ကျင်းယွင်ကျောင်းသည် အော့နှလုံးနာအောင် ရွံရှာမှုနှင့် မုန်းတီးမှုကိုသာ ခံစားရသည်။
အတိတ်ဘဝ၌ ယဲ့ချင် သူမ၏ရောဂါကို လက်လျော့လိုက်ပြီး ကွယ်လွန်အနိစ္စရောက်သွားသည့် အချိန်ဝန်းကျင်တွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ၎င်းအဖြစ်အပျက်များအားလုံးက သူမကို မိသားစုထဲတွင် မလိုလားအပ်ဆုံးသော လူယုတ်မာတစ်ယောက်ဖြစ်စေခဲ့၏။ ချောင်ဝေ့မင်သည် တဏှာရမက်၏တွန်းအားကို တောင့်မခံနိုင်သော ယောက်ျားသားတစ်ဦးဖြစ်သည်။ အမျိုးသမီးဖြစ်သူ ဆုံးပါးသွားပြီးနောက် သူသည် ကျင်းယွင်ကျောင်းအား မတော်မလျော် စတင်ပြုမူဆက်ဆံခဲ့၏။ ထိုအချိန်က သူမသည် ငယ်ရွယ်ပြီး ကြောက်ရွံ့တတ်သောကြောင့် ထိုသူ့အကြောင်းကို တိုင်ကြားရန်လည်း အလွန်ကြောက်ရွံ့ခဲ့ကာ သူမ လုပ်နိုင်သည့် အတတ်နိုင်ဆုံး အရာမှာ ထိုသူ့အား ရှောင်ရှားခြင်းသာဖြစ်သည်။ သူမ ကောလိပ်သွားတက်သည့်အခါတွင်တော့ ဤမိစ္ဆာကောင်၏လက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု သူမ ထင်ခဲ့မိ၏။
သို့သော် သူမ မသိခဲ့သည်မှာ ထိုသူ၏စိတ်ထဲ၌ သူမအား ကျောင်းဆက်တက်ခွင့်ပေးမည်ဆိုသည့် အတွေး ဘယ်သောအခါကမှ မရှိခဲ့ခြင်းပင်။ ထိုသူသည် သူ၏ တရားဝင်အုပ်ထိန်းသူဆိုသော အနေအထားကို အသုံးပြုကာ သူမအား ကျောင်းထွက်ရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။ ထို့နောက်တွင်တော့ သူသည် သူမအား သူ့မိသားစုအတွက် ချက်ပြုတ် သန့်ရှင်းရေးလုပ်စေခဲ့၏။
သူမသည် ထိုအိမ်တွင် ငါးနှစ်ကြာအောင် ကြောက်ကြောက်လန့်လန့်ဖြင့် နေထိုင်ခဲ့ရသော်လည်း ချောင်ဝေ့မင် လိုချင်သည့်အရာကို သူမ ဘယ်သောအခါကမှ မပေးခဲ့ပေ။ (T/N: ချောင်ဝေ့မင်က လိင်ဆက်ဆံချင်တာကို ယွင်ကျောင်းက လုံးဝလက်မခံတာလို့ ပြောတာပါ)။ မည်သို့ပင်ဆိုစေကာမူ နောက်ဆုံး၌ ချောင်ဝေ့မင်၏ဆန္ဒများနှင့် လိုချင်တပ်မက်နေမှုများကို ချောင်ဟုန်ယဲ့က သိရှိသွားခဲ့သည်။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းက ကိုယ့်ပထွေးကို မြှူဆွယ်ဖြားယောင်း နေပါသည်ဟုသော ကောလာဟလများ ဖြန့်ကာ သူမအား နာမည်ဖျက်ခဲ့သည်။ ထို့ကြောင့် ကျင်းယွင်ကျောင်း အပြင်သွားတိုင်း လူအများ၏ လက်ညိုးထိုး အတင်းအဖျင်းဆိုခြင်းကို ခံခဲ့ရ၏။
သူမ အသက်နှစ်ဆယ်ပြည့်ချိန်တွင် အတန်းဖော်ဟောင်းတစ်ဦးနှင့် ပြန်တွေ့ခဲ့သည်။ ထိုအတန်းဖော်က သူမအား သည်းသည်းမည်းမည်း လိုက်လံပိုးပန်းခဲ့ပြီး (T/N: သမားရိုးကျမဟုတ်ဘဲနဲ့ ရိုမန်တစ်ဆန်ဆန်ပေါ့ ) ထိုအကြောင်းကို တစ်မြို့လုံးကပါ သိသည်အထိ ကြီးကျယ်စေခဲ့၏။
သူမသည် သူမ၏ လက်ရှိအခြေအနေနှင့် အနေအထားကို နားလည်သောကြောင့် သူ့အား လက်ခံလိုက်ရန် အစီအစဥ်ပင်မရှိခဲ့ပေ။ သို့ရာတွင် ချောင်ဝေ့မင်ကမူ သူမအား ခွင့်မလွှတ်ခဲ့ပါ။
တစ်ညတွင် ချောင်ဝေ့မင်သည် ဒေါသအကြီးအကျယ်ထွက်ကာ ထပ်မံ၍ စိတ်မထိန်းနိုင်တော့ပေ။ နောက်ဆုံး၌ သူသည် သူမအား အဓမ္မပြုကျင့်တော့သည်။ ထိုညတွင် ကျင်းယွင်ကျောင်းသည် ပြန်လည်ခုခံရင်းဖြင့် ချောင်ဝေ့မင်အား မတော်တဆ သတ်မိသွား၏။ ၎င်းမှာ ရှင်းရှင်းလင်းလင်းပင် မိမိကိုယ်မိမိ ခုခံကာကွယ်သည့် ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း ချောင်ဟုန်ယဲ့နှင့် ချောင်ကျစ်ကျိုးတို့ကမူ အဖြူကို အမည်း၊ အမည်းကို အဖြူဖြစ်အောင် ပြောင်းပစ်ခဲ့ပြီး (T/N: အမှန်တရားကို ပြောင်းပြန်လှန်ပစ်တယ်လို့ ပြောတာပါ) ကျင်းယွင်ကျောင်း ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။
သူမ ထောင်ကျပြီးသည့်နောက် သူမအား မဆုတ်မနစ် လိုက်လံပိုးပန်းခဲ့သူက သူသည် ကျင်းယွင်ကျောင်းအား ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးကြောင်း ပြောပြခဲ့သည်။ သူသည် ချောင်ဟုန်ယဲ့အား ဆွပေးလိုသောကြောင့်သာ သူမအား လိုက်လံပိုးပန်းခဲ့ခြင်းဖြစ်၏။ သူ အမြဲတမ်း သဘောကျခဲ့သည့် တစ်ဦးတည်းသောသူမှာ ချောင်ဟုန်ယဲ့ပင်။