Chapter 2
Viewers 14k

Chapter 2 : ကံအညံ့တွေကို ဖယ်ရှားပေးနိုင်တဲ့ ကံကောင်းတဲ့ကြယ်ပွင့်လေး 


အတိတ်ကို ပြန်တွေးလိုက်မိတိုင်း ကျင်းယွင်ကျောင်း လုပ်ချင်သည့် တစ်ခုတည်းသောအရာမှာ ဤလူများအား သူတို့နှင့်ထိုက်တန်သည့်အရာကို ပြန်ပေးဆပ်ခိုင်းရန်သာဖြစ်သည်။ သို့သော် ကံဆိုးစွာပင် ထိုသို့ ပြုလုပ်ရန် သူမ၌ ကိုယ်ပိုင်အစွမ်းအစ မရှိသည်ကိုလည်း ကောင်းကောင်းနားလည်၏။ ယခုချက်ချင်းသာ တစ်ခုခုထလုပ်လိုက်မိပါက နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရမည့်သူမှာ သူမကိုယ်တိုင်ပင်။ 


"မမ နိုးလာပြီလား။ ဘုရားသခင်ကျေးဇူးကြောင့်ပါပဲ၊ အမေက နေမကောင်းဖြစ်နေတာဆိုတော့ ကျွန်မက အစ်မလည်းဖြစ်မှာကို စိုးရိမ်နေတာ..." ချောင်ဟုန်ယဲ့က အမှန်တကယ် ဂရုစိုက်နေပုံဖြင့် ပြောလာသည်။ 


ယဲ့ချင်၏မျက်နှာသည် လူသေလို ဖြူဖျော့နေပြီး သူမကိုကြည့်ရသည်မှာ ဖြူဖတ်ဖြူလျော်နှင့် မကျန်းမာသည့်ပုံပေါ်နေသည်။ သူမ၏ အဓိကခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်နေပြီဖြစ်၏။ ကျင်းယွင်ကျောင်း မှတ်မိသည်သာ မှန်ပါက ယဲ့ချင် သေဖို့အချိန် သိပ်မလိုတော့ပေ။။ သူတို့ ကြိုတင်ပြင်ဆင်မှုများကို စတင်လုပ်ဆောင်ထားပြီးသင့်နေပြီဖြစ်သည်။ 


"ယွင်ကျောင်း နင် ဒီထက်ဘာမှပိုမသိတော့ဘူးလား၊ နင့်အမေက ခုထိနေမကောင်းသေးဘူး။ နင်က အိမ်ထဲမှာပဲနေပြီး သူ့ကို ပြုစုနေရမယ့်အစား လမ်းသရဲတွေနဲ့ ဟိုလိုလိုဒီလိုလို အရှုပ်တွေလုပ်နေတယ်။ တကယ်လို့ အဲဒီနေရာမှာ ရဲတစ်ယောက်သာ ဖြတ်မသွားခဲ့ဘူးဆိုရင် ဘာတွေဖြစ်ကုန်မလဲ နင်သိလား။" ချောင်ဝေ့မင်က ဖခင်ကောင်းတစ်ယောက်ဟန်ပန်ဖြင့် ဆူပူကြိမ်းမောင်းနေ၏။ 


ကျင်းယွင်ကျောင်းက မေ့လဲသွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ချောင်ဟုန်ယဲ့၏ကျေးဇူးကြောင့်ဖြစ်သည်။ 


ကျင်းယွင်ကျောင်းသည် ထိုနှစ်တွင် အသက်ဆယ့်ငါးနှစ်သာရှိသေးသော်လည်း အထက်တန်းကျောင်းတက်နေပြီဖြစ်၏။(T/N: Wekipediaအရဆိုရင် ဆယ့်ငါးနှစ်ဆိုတာက တရုတ်မှာ အလယ်တန်းပြီးရုံပဲ ဖြစ်သင့်တာကို ယွင်ကျောင်းက တော်လို့ ဆယ့်ငါးနှစ်နဲ့ အထက်တန်းရောက်နေတာပါ) ယမန်နေ့က သောကြာနေ့ဖြစ်သည်။ သူမ ကျောင်းဆင်းချိန်၌ အိမ်ပြန်ရန် ဘတ်စ်ကားစောင့်နေစဥ် တေလေဂျပိုး လမ်းသရဲတစ်စုရောက်လာပြီး သူတို့နှင့်နေရန် သူမအား အတင်းအကျပ် ဖိအားပေးခဲ့၏။ တခြား ဖြတ်သွားဖြတ်လာ ကျောင်းသားများရှေ့တွင်တော့ သူတို့က သူမနှင့် အတော်လေးရင်းနှီးနေဟန် ပြုမူကြသည်။ ထို့နောက် သူတို့က သူမအား လမ်းကြားတစ်ခုထဲသို့ ဆွဲခေါ်သွားခဲ့၏။ အကယ်၍ ရဲတစ်ယောက်သာ ဖြတ်မသွားခဲ့ပါက သူမသည် သေချာပေါက် အဖျက်ဆီးခံရလိမ့်မည်သာ။ 


ထိုစဥ်တုန်းကတော့ ၎င်းအဖြစ်အပျက်သည် ကြိုတင်ကြံစည်မှုဖြစ်ကြောင်း သူမ တွေးပင်မတွေးမိခဲ့။ သို့သော် ယဲ့ချင်သေပြီးနောက်တွင်မှ ချောင်ဟုန်ယဲ့အား ထိုလမ်းသရဲတစ်စုနှင့်အတူ မြင်လိုက်ရသည်။ ထိုအခါကျမှသာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိသွားခဲ့လေ၏။ 


ချောင်ဟုန်ယဲ့သည် သူမထက် တစ်နှစ်နီးပါးငယ်သည်။ သူမသည် ဤကဲ့သို့ အကြံကြီး၍ ရက်စက်တတ်လိမ့်မည်ဟု ကျင်းယွင်ကျောင်း ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ 


"အဖေ၊ ကျွန်မရဲ့အဆင့်တွေက တစ်ကျောင်းလုံးမှာ နံပါတ်တစ်ဆိုတာ အဖေလည်း သိပါတယ်။ အဆင့်နှစ်တောင် ကျွန်မနဲ့ အမှတ်အများကြီးကွာတာ။ ကျွန်မလို ကျောင်းသူတစ်ယောက်က ဒီလိုလမ်းသရဲတွေနဲ့ တစ်ခုခုလုပ်လိမ့်မယ်လို့များ အဖေထင်နေတာလား။ သူတို့က ကျွန်မကို အနိုင်ကျင့်တယ်ဆိုတာ ရှင်းနေတာပဲ။" 


ကျင်းယွင်ကျောင်းက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။ 


အကယ်၍ အတိတ်တုန်းကသာဆိုပါက သူမသည် သည်းညည်းခံကာ တောင်းပန်မိလိမ့်မည်။ သို့သော် ယခုအချိန်တွင်တော့ သူမသည် သူတို့နှင့် ရေရှည်နေထိုင်သွားဖို့ အစီအစဥ်မရှိသည်ဖြစ်ရာ သူမအနေဖြင့် အဘယ့်ကြောင့် သတိထား ဆက်ဆံသင့်ပါသနည်း။ 


ကျင်းယွင်ကျောင်းပြောသည်ကို ကြားသောအခါ ချောင်ဟုန်ယဲ့၏မျက်နှာသည် ပထမက နီရဲသွားပြီးနောက် ဖြူဖျော့သွားလေသည်။ 


သူမ၊ ကျင်းယွင်ကျောင်းနှင့် ချောင်ကျစ်ကျိုးတို့သည် တစ်ကျောင်းတည်း တက်ကြသူများဖြစ်၏။ တစ်ခုတည်းသော ကွာခြားချက်မှာ သူမအစ်ကို၏အဆင့်များသည် ကြောက်စရာကောင်းလောက်အောင်ပင် ဆိုးရွားလွန်းလှသည်။ သူသည် လာဘ်ထိုး၍ပင် ကျောင်းဝင်ခဲ့ရ၏။ ထို့အပြင် သူမသည် စာကြိုးစားခဲ့သော်လည်း တစ်ကျောင်းလုံးတွင် အဆင့်နှစ်နေရာသာ ရခဲ့သည်။ 


ကျင်းယွင်ကျောင်းသည် မကျော်ဖြတ်နိုင်သော တောင်တစ်ခုနှင့်တူသည်။ ကျင်းယွင်ကျောင်း၏အဆင့်များသည် အမြဲတမ်း သူမထက် ပိုကောင်း၏။ သူမ ဘယ်လောက်ပင် ကြိုးစားကြိုးစား ကျင်းယွင်ကျောင်းအနားသို့ပင် မကပ်နိုင်ချေ။ 


ချောင်ဟုန်ယဲ့သည် သူမ၏အသက်အရွယ်အရ ကျင်းယွင်ကျောင်း၏အောက် တစ်ဆင့်နိမ့်သော အတန်းတွင်ရှိသင့်သော်လည်း ကျင်းယွင်ကျောင်း အလယ်တန်းကျောင်းသို့ ဝင်ခွင့်ရသောအခါ ချောင်ဟုန်ယဲ့နှင့်ချောင်ကျစ်ကျိုးတို့သည် နေမထိထိုင်မသာဖြစ်ကုန်ကြ၏။ သူတို့သည် ယဲ့ချင်အား သူတို့ အထက်တန်းကျောင်းသို့ ပို၍စောစီးစွာ တက်ရောက်ခွင့်ရစေရန် နည်းလမ်းပေါင်းစုံဖြင့် လုပ်ခိုင်းခဲ့သည်။ ရလဒ်မှာ သူတို့သုံးဦးလုံး အတန်းအတူတူဖြစ်နေခြင်းပင်။ 


ချောင်ဟုန်ယဲ့က ယဲ့ချင်၏လက်မောင်းကို ဖက်ကာ ပြောသည် 

"မေမေ၊ ဆရာမကပြောတယ် သမီးရဲ့အဆင့်တွေ တိုးတက်လာတယ်တဲ့၊ ဒါပေမယ့် သမီးက နောက်ပိုင်း စာလုပ်တဲ့နေရာမှာ မမလိုမျိုး အာရုံမစိုက်နိုင်ဘူး။ သမီး အရမ်းလည်း စိုးရိမ်တယ် မေမေ။ သမီး တကယ်ကြောက်တယ်။ အတန်းထဲမှာလည်း အာရုံမစိုက်နိုင်ဘူး။ သမီးလေ အိပ်တောင် မအိပ်နိုင်တော့ဘူး။" 


ချောင်ဟုန်ယဲ့ကို ကြည့်သော ယဲ့ချင်၏မျက်ဝန်းများက အမြဲတမ်း ချစ်ခင်ကြင်နာမှုများဖြင့် ပြည့်နှက်နေ၏။ ချောင်ဟုန်ယဲ့က သူမ၏ သမီးအရင်း ဖြစ်သည်လေ။ 


ကျင်းယွင်ကျောင်း၏နှလုံးသားက အေးခဲသွားသည်။ 


သူမသည် ယဲ့ချင်ကို ရိုသေလေးစား၏။ တကယ်တမ်းတွင်လည်း ယဲ့ချင်သည် ဤနှစ်များအတွင်း၌ သူမအား ပြုစုပျိုးထောင်ပေးခဲ့သည်။ ဤသို့ဆိုသော်ငြားလည်း သူမသည် ခါးသီးအေးစက်မှုကို မခံစားရဘဲ မနေချေ။ 


ယဲ့ချင်သည် သူမအပေါ်တွင် ဤကဲ့သို့ ချစ်ခင်ယုယသော အမူအယာကို ထုတ်ပြခဲသည်။ သူမ အမြဲမြင်တွေ့ခဲ့ရသော အပြုံးအများစုကိုပင် အတုအယောင်သဖွယ် ခံစားရ၏။ သူမသည် ငယ်စဥ်ကတည်းက ချောင်ဟုန်ယဲ့အတွက် အရာအများစုကို လုပ်ကိုင်ပေးရန် ဖိအားပေးခံခဲ့ရသည်။ သူမ ငြင်းဆန်မိသည့်အခါတိုင်း ယဲ့ချင်က ဒေါသထွက်ကာ သူမအား အော်ဟစ်ငေါက်ငမ်းခဲ့သည်။ 


အတိတ်ဘဝတုန်းကတော့ သူမသည်လည်း ယဲ့ချင်၏သမီးတစ်ယောက်ဖြစ်ပါလျက် အဘယ့်ကြောင့် ဤကဲ့သို့ အလွန်အမင်း ခွဲခြားဆက်ဆံခံရကြောင်းကို ဘယ်တုန်းကမှ နားမလည်ခဲ့ပေ။ သို့သော် ယခုအချိန်တွင်တော့ နားလည်သွားခဲ့ပြီဖြစ်၏။ 


သူမသည် ယဲ့ချင် ရှာတွေ့ခဲ့သော ကလေးတစ်ယောက်သာဖြစ်၏။ တကယ်တော့ ထိုအချိန်မှာ ယဲ့ချင်မှာလည်း ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ သူမသည် ကျင်းယွင်ကျောင်းအား စွန့်ပစ်ချင်ခဲ့သော်လည်း အကုသိုလ်ကံ ကျူးလွန်မိမှာကိုလည်း ကြောက်ခဲ့၏။ ထို့ကြောင့် သူမသည် စိတ်မတည်မငြိမ်ဖြစ်ကာ ရှေ့ဖြစ်ဟောဆရာဆီသို့ သွားခဲ့သည်။ ရှေ့ဖြစ်ဟောဆရာက ကျင်းယွင်ကျောင်းသည် ခက်ခက််ခဲခဲ ရှင်သန်နေထိုင်ရမည်ဖြစ်သော်လည်း ယဲ့ချင်၏ကလေးများအတွက်မူ သူမက ကံကောင်းစေမည့် ကြယ်ပွင့်လေးဖြစ်သည်ဟု ဟောခဲ့သည်။ သူမသည် ကံဆိုးမှုများကို ဖယ်ရှားပေးကာ ယဲ့ချင်၏ကလေးများအတွက် ငြိမ်းချမ်းသာယာသော အနာဂတ်ကို ဆောင်ယူပေးလိမ့်မည်။