Chapter 3
Viewers 14k

Chapter 3 : ဆေးမှားသောက်မိခြင်း အကယ်၍ ရှေ့ဖြစ်ဟောဆရာသာ ထိုအကြောင်းအရာများကို မဟောပြောခဲ့ပါက ကျင်းယွင်ကျောင်းသည် အသက်ရှင်နေလိမ့်မည်မဟုတ်ပေ။ သို့သော် သေမင်းတံခါးဝတွင် ရှိနေခြင်းကတောင် အတိတ်ဘဝက ထိုနှစ်များအတွင်း သူမ ရှင်သန်နေထိုင်ခဲ့ရခြင်းထက် ပို၍ကောင်းနေပေလိမ့်ဦးမည်။ ချောင်မိသားစုနှင့် သိမ်ငယ်အရှက်ရစွာ နေထိုင်ခဲ့ရပြီး ထောင်ထဲ၌ အဆုံးသတ်ရမည့် ထိုနှစ်ကာလများထက် အများကြီးပိုကောင်းပါလိမ့်မည်။ "ယွင်ကျောင်း၊ ဟုန်ယဲ့က နင့်ရဲ့ညီမလေ။ ဘယ်လိုအစ်မမျိုးကများ ကိုယ့်ရဲ့ညီမလေးကို ဒီလိုတွေပြောနိုင်ရတာလဲ။ နင်က အဆင့်တွေကောင်းတယ်၊ ဒါပေမယ့် ဒါတွေအားလုံးက ငါ့ရဲ့မျိုးရိုးဗီဇတွေကြောင့်ပဲ မဟုတ်ဘူးလား။ ဟုန်ယဲ့က လိမ္မာတဲ့ကလေးပါ၊ သူက နင်ငယ်ငယ်ကတည်းက နင့်ကို ရှေ့ဆောင်ပေးလာခဲ့တာ။ နင်က ဘယ်လိုကြောင့်များ အဆင့်တစ်ကိုပဲ ယူနိုင်ရတာလဲ။" *အဟွတ်..အဟွတ်* ယဲ့ချင်သည် ဒေါနှင့် မောနှင့်ပြောပြီးနောက်တွင် ချောင်းတဟွတ်ဟွတ်ဆိုးကာ မျက်နှာက နီရဲလာ၏။ သူမသည် သူမ၏ရောဂါကို စိတ်လျှော့လိုက်ပြီဖြစ်သော်လည်း သူမ၏ရင်သွေးများအတွက် စိုးရိမ်ပူပန်ခြင်းကိုမူ မရပ်တန့်နိုင်သေးချေ။ သူမသည် စိတ်ထဲတွင် အမှန်တကယ် သံသယဖြစ်နေမိသည်။ ရှေ့ဖြစ်ဟောဆရာက ကျင်းယွင်ကျောင်းကို အထင်မှားသွားတာဖြစ်နိုင်သည်၊ ရလဒ်အနေနဲ့ သူမရဲ့ဘဝသက်တမ်းက တိုသွားတာသည်လေ။ "အမေပြောတာ မှန်ပါတယ်။ ကျွန်မက တကယ်ပဲ အမေ့ရဲ့မျိုးရိုးဗီဇတွေကို အမွေရထားတာ။ ပြီးတော့ ဟုန်ယဲ့ကကျ အဖေ့ဗီဇကို အမွေရထားတာလေ၊ ဒါကြောင့်မို့လို့ ဟုန်ယဲ့နဲ့ကျွန်မက ဘာမှမတူတာပေါ့။" ကျင်းယွင်ကျောင်းက ထိုစကားများအား ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၏။ ယဲ့ချင်က အနည်းငယ် အသက်ရှူကျပ်သလိုဖြစ်သွားပြီး ကျင်းယွင်ကျောင်းကို စိုက်ကြည့်လာသည်။ အဘယ်ကြောင့် ဤကလေး ဆေးမှားသောက်မိထားသလို သူမ ခံစားနေရပါသနည်း။ ထိုကလေး၏စကားလုံးများက အပ်ချောင်းများလို ချွန်ထက်နေကာ သူမအား အလွန်မသက်မသာ ခံစားရစေ၏။ "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ နင် ဘယ်အချိန်ကတည်းကများ ဒီလိုပြန်ပြောတတ်သွားတာလဲ။ နင် ဟုန်ယဲ့ဆီကနေပြီး သင်ယူသင့်တယ်။ မိန်းကလေးဆိုတာ နူးညံ့သိမ်မွေ့ပြီးတော့ အသိဥာဏ်ရှိရတယ်။ မဟုတ်ရင် နင် ဘယ်တော့မှ ယောက်ျားရှာနိုင်မှာ မဟုတ်ဘူး။" ယဲ့ချင်က ဒေါသထွက်နေသည်။ သူမ၏ခန္ဓာကိုယ်က ပို၍ပို၍ မသက်မသာဖြစ်လာ၏။ ယဲ့ချင်၏ရောဂါက ကျွမ်းနေပြီဖြစ်နေသည်။ သူမတွင် မည်သည့် ရှေ့ပြေးလက္ခဏာမှ မပြခဲ့သော်လည်း တစ်ရက် သူမ ဆေးရုံသွားသောအခါ သူမ၏အသည်းထဲတွင် အကျိတ်တစ်ခုရှိနေကြောင်း သိလိုက်ရ၏။ ၎င်းမှာ ကင်ဆာကျိတ်ပင်ဖြစ်သည်။ သူမသည် ကာလရှည်ကြာ ကုသမှုခံယူခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ယခုအခါ သူမ၏ဆံပင်များအားလုံး ကျွတ်သွားပြီဖြစ်ရာ သူမ၏သွင်ပြင်မှာ ညိုးနွမ်းခြောက်ကပ်၍ အသက်မဲ့နေသကဲ့သို့ ဖြစ်နေ၏။ ချောင်မိသားစုသည် သာမန်မိသားစုတစ်စုဖြစ်သည်။ သူတို့သည် နဂိုကတည်းက ငွေကြေးမချမ်းသာသည်ဖြစ်ရာ ယဲ့ချင်၏ရောဂါကို ကုရန်အတွက် သူတို့စုဆောင်းထားသည့် ငွေအမြောက်အများကို သုံးစွဲခဲ့ရသည်။ ဆရာဝန်က သူတို့အား သူမ၏နောက်ဆုံးခရီးအတွက် ကြိုပြင်ဆင်ထားရန် ပြောသွားခဲ့သည်။ ယဲ့ချင်ကိုယ်တိုင်လည်း သူမတွင် အချိန်သိပ်မကျန်တော့မှန်းသိသည်ဖြစ်ရာ ဆေးရုံမှဆင်းရန်အတွက် အတင်းအကျပ် တောင်းဆိုခဲ့၏။ သူမ ဆေးရုံပေါ်တွင်တော့ မသေချင်ပေ။ ထို့အပြင် အိမ်၌နေစဥ်အတွင်း ယဲ့ချင်၏အခြေအနေမှာ အနည်းငယ် တိုးတက်လာခဲ့ရာ သူမသည် ဆေးရုံသို့ ပို၍ မပြန်ချင်တော့ချေ။ ကျင်းယွင်ကျောင်းသည် ယဲ့ချင်နှင့် ငြင်းခုံမနေချင်တော့။ သူမသည် မီးဖိုခန်းသို့သွားလိုက်ပြီး ဗိုက်ဖြည့်စရာ တစ််ခုခုရှာနေလိုက်သည်။ သူမသည် ချောင်မိသားစုအပေါ်တွင် ကျေးဇူးကြွေးတင်နေသော်လည်း သူမသည် သူတို့အတွက် နှစ်ပေါင်းများစွာ အောက်ခြေသိမ်းဝေယျာဝစ္စများ လုပ်ပေးခဲ့ပြီးဖြစ်၏။ အတိတ်ဘဝတုန်းက သူမ ရှာသမျှပိုက်ဆံအားလုံးကိုပင် သူတို့ဆီသို့ အပ်ခဲ့သော်လည်း ထိုမျှဆိုးရွားလှသော အဆုံးသတ်နှင့်သာ ကြုံတွေ့ခဲ့ရသေးသည်။ ဘာပဲဖြစ်ဖြစ် သူမ သူတို့အတွက် လုပ်ပေးခဲ့သည်မှာ လုံလောက်နေပြီဖြစ်သည်။ ထို့အပြင် သူမသည် ငယ်စဥ်ကတည်းက အမြဲတမ်း အဆင့်ကောင်းခဲ့၏။ မူလတန်းကျောင်းတွင် ပြိုင်ပွဲများစွာကို ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဆုငွေများစွာရခဲ့သည်။ အဲဒီနောက်တွင် သူမသည် ချောင်မိသားစု၏မည်သည့်ပိုက်ဆံကိုမှ မသုံးစွဲခဲ့တော့သော်လည်း ယခုအချိန်ထိ သူမသည် အစားအသောက်ကို လျှော့စားဖို့ သတိထားနေရဆဲပင်။ အဘယ်ကြောင့်နည်း။ ထို့အပြင် သူမ၏အခန်းထဲရှိ ထိုဆန်ပြုတ်ပန်းကန်..... ထိုဆန်ပြုတ်ကို သူမ မသောက်နိုင်ပေ။ အတိတ်ဘဝတုန်းက ထိုဆန်ပြုတ်ပန်းကန်ကြောင့် သူမ နေမကောင်းဖြစ်ကာ အိပ်ယာထဲ တစ်ပတ်လောက် လဲခဲ့ရသည်။ သူမသည် အတိတ်က သူမ ပြုလုပ်ခဲ့သမျှအရာအားလုံးသည် ချောင်မိသားစုအတွက် လိုအပ်သည်ဟု ယုံကြည်ခဲ့၏။ ဤအိမ်၌ နေထိုင်ရသည်ကို ပျော်ရွှင်ခဲ့သည်၊ သို့သော် ယခုအချိန်တွင် သူမ ထိုသို့ လုံးဝမတွေးပေးနိုင်တော့ပေ။ မီးဖိုခန်းထဲတွင် စားစရာများများစားစားမရှိသော်လည်း ကျင်းယွင်ကျောင်းက ချေးမများတတ်သူဖြစ်ရာ ရှိတာနှင့်ပင် ရိုးရိုးရှင်းရှင်း စားလိုက်သည်။ သူမသည် အနာဂတ်အတွက် စတင်အစီအစဥ်ဆွဲနေပြီဖြစ်သည်။ "မမ နင့်အခန်းထဲမှာ ဆန်ပြုတ်တစ်ပန်းကန်ရှိတယ် မဟုတ်လား။ ဘာလို့ မီးဖိုခန်းထဲ လာစားနေတာလဲ။" ချောင်ဟုန်ယဲ့က စိတ်အနှောက်အယှက်ဖြစ်နေပုံရကာ မနှစ်မြို့သော လေသံဖြင့် မေးလာ၏။ "ငါ ဆန်ပြုတ်အေးအေးကြီးတွေ သောက်တော့မှာ မဟုတ်ဘူး။ ငါ နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ တနင်္လာနေ့ကျ စာမေးပွဲရှိတယ်၊ ဒါကြောင့် ငါ အနာဂတ်မှာ ဒီလိုအန္တရာယ်ရှိတာတွေကို ရှောင်ရမယ်လေ။" ကျင်းယွင်ကျောင်းက အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။ ချောင်ဟုန်ယဲ့ အတန်ငယ် နှလုံးခုန်ရပ်သလိုဖြစ်သွား၏။ "ဘာလို့ ဒီလောက် အထိမခံနိုင်ဖြစ်နေတာလဲ။ အေးနေတဲ့ ဆန်ပြုတ်က နင့်ကို နေမကောင်းဖြစ်အောင် လုပ်မှာမို့လို့လား။ မမ နင်က ပိုပိုပြီးတော့ ပျော့ညံ့လာတာပဲ။" "ဟုန်ယဲ့ နင့်ခန္ဓာကိုယ်က အမြဲတမ်းကျန်းမာနေတာပဲ၊ လုံးဝ မပျော့ဘူးလေ။ နင် ဘာလို့ အဲဒီဆန်ပြုတ်ကို မသောက်တာလဲ။" ကျင်းယွင်ကျောင်းက ပျက်ရယ်ပြုကာ မေးလိုက်သည်။ "ကျင်းယွင်ကျောင်း နင် နင့်ကိုယ်နင်တော့ နေမကောင်းဖြစ်မှာ ကြောက်တယ်ဆိုရင် ဘာလို့ ဟုန်ယဲ့ကိုကျ သောက်ခိုင်းတာလဲ။ နင်က ပြဿနာရှာချင်နေတာလား။" ကျင်းယွင်ကျောင်း၏နောက်တွင် ရပ်နေသော ချောင်ဝေ့မင်က ဒေါသတကြီး ပြောလိုက်၏။