Chapter 4 : အသိဥာဏ်မရှိသော မျက်ဖြူဝံပုလွေ
ချောင်ဝေ့မင်သည် ယခုနှစ်တွင် လေးဆယ်ပြည့်ပြီးခါစ အရွယ်သာရှိသေး၏။ သူသည် ငယ်စဥ်က အတော်လေးကြည့်ကောင်းသောသူ ဖြစ်ခဲ့လေရာ အသက်ကြီးလာသော်လည်း ဖက်ရှင်ကျကျ ဝတ်စားပြင်ဆင်နေဆဲဖြစ်သည်။ အိမ်၌ဖြစ်စေ အပြင်၌ဖြစ်စေ သူ့ဆီမှ ရေမွေးနံ့ခပ်သင်းသင်း အမြဲရနေတတ်၏။ ဆံပင်မှာလည်း အမြဲတမ်း တောက်ပြောင်နေပေသည်။
သို့ရာတွင် ရုပ်ရည်သွင်ပြင်ဆိုသည်က စိတ်နှလုံးနှင့်လိုက်၍ အိုမင်းလာစမြဲပင်။ မည်မျှပင်ကြိုးစားနေစေကာမူ သူသည် အမြဲတမ်း တဇောက်ကန်းခွေးတစ်ကောင်သာဖြစ်သည်။ သူသည် ကြည့်ကောင်းနေစေရန် အမြဲတမ်း နည်းမျိုးစုံဖြင့် အသေးစိတ် ထိန်းသိမ်းခဲ့၏၊ သို့သော် တကယ်တမ်း သူ၏အမွေးအမျှင်မရှိသော ပြောင်ချောချောမျက်နှာနှင့် သူ၏အပြုံးကို ပေါင်းစပ်လိုက်ပါက သူ့ကို မိန်းမစိုးတစ်ယောက်ဟု ထင်မှတ်ရစေသည်။
"ဖေဖေ သမီးက မမကို ကောင်းကောင်းမွန်မွန်မေးနေတာပါ။ သူက ဘာလို့ ဒီလောက် စိတ်လိုက်မာန်ပါဖြစ်နေတယ် မသိဘူး။"
ချောင်ဟုန်ယဲ့သည် သူမ၏စကားကြောင့် ပြဿနာတက်မည်ကို ဂရုမထားဘဲ ပြောလိုက်၏။
သူမ၏မိဘများသည် သူမအား ကျင်းယွင်ကျောင်း၏မွေးဖွားမှု ဇာစ်မြစ်အမှန်တရားကို ပြောပြပြီးဖြစ်သည်။ အကယ်၍ ကျင်းယွင်ကျောင်းသည် သူမ၏အစ်မအရင်းဖြစ်လျှင်တော့ သူမ အများကြီး ဂရုစိုက်နေမည်မဟုတ်သော်လည်း ကျင်းယွင်ကျောင်းသည် သူမ အမေက ကောက်ယူလာသော ပစ္စည်းတစ်ခုသာဖြစ်၏။
သူမ၏အမေက ပြောသည်မှာ ကျင်းယွင်ကျောင်းသည် ကံအညံ့များကို တွန်းလှန်ဖယ်ရှားပေးရန်အတွက် ဤတွင် ရှိနေခြင်းဖြစ်သည်။ ထိုအကြောင်းကြောင့်သာဆိုပါက ကျင်းယွင်ကျောင်းသည် ကျွန်တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်သင့်သည်လေ။ အဘယ့်ကြောင့် ကျင်းယွင်ကျောင်းသည် သူမအား အမြဲတမ်း တွန်းချရန် ကြိုးစားနေရသနည်း။
ကျောင်းရှိ ဆရာဆရာမများက အမြဲပြောလေ့ရှိသည်၊ ချောင်မိသားစု၏သမီးနှစ်ယောက်သည် မွေးရာပါ ထူးချွန်ထက်မြက်သူများဖြစ်ကြသည်ဟု၊ အထူးသဖြင့် ကျင်းယွင်ကျောင်းဖြစ်သည်။ ထိုသို့ပြောသည်အား ချောင်ဟုန်ယဲ့ ကြားသည့်အခါတိုင်း ပုရွက်ဆိတ်ထောင်ပေါင်းများစွာက သူမ၏နှလုံးသားကို တရွရွကိုက်ဖြတ်နေသကဲ့သို့ ခံစားရ၏။ ကျင်းယွင်ကျောင်းသည် အဆင့်အတန်းနိမ့်ကျသည့် မိမစစ်ဖမစစ်တစ်ယောက်သာဖြစ်ကြောင်း လူတိုင်းကို ပြောပြလိုက်ချင်သည်။
"ကျင်းယွင်ကျောင်း၊ နင် အဲဒီဆန်ပြုတ်ကို အခုသွားသောက်။ ငါက နင့်ကို စားစရာရော နေစရာပါ ပေးထားတာ။ ဒါတောင် နင်က ရွေးချယ်ချင်နေသေးတယ်။ ဒါတင်မကဘူး နင်က နင့်ညီမကိုပါ အပြစ်တင်နေလိုက်သေးတယ်။ နင်က အသိတရားမရှိတဲ့ မျက်ဖြူဝံပုလွေမပဲ။"
(T/N: မျက်ဖြူဝံပုလွေဆိုတာ ကျေးဇူးကန်းတဲ့လူတွေကို သုံးတဲ့အသုံးပါ )
ချောင်ဝေ့မင်က ဒေါသတကြီး ပြောဆိုလိုက်၏။
သူ၏နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံဖြင့် ရှုပ်ထွေးသွားသည်။
သူသည် ကျင်းယွင်ကျောင်းအား ကျွေးမွေးပြုစုပျိုးထောင်ပေးရန် ကြိုးစားခဲ့သည်။ ပထမက သူမသည် ပိန်ပိန်လှီလှီ ရုပ်ဆိုးဆိုး ကလေးမလေးသာဖြစ်သော်လည်း ယခု ကြီးပြင်းလာသောအခါ သူမသည် ပို၍ပို၍ လှသွေးကြွယ်လာခဲ့၏။
ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့ထက် အနည်းငယ် အရပ်ပိုရှည်သည်။ သူမသည် ကျန်းမာရေးနှင့်ညီညွတ်စွာ မနေထိုင်ရသဖြင့် ပိန်ကပ်နေသော်လည်း အသားရှိသင့်သည့်နေရာများတွင်တော့ အသားရှိ၍ ကောင်းမွန်စွာ ဖွံ့ဖြိုး၏။ ၎င်းအချက်သည် သူမအား လှပသိမ်မွေ့စေ၏။
သူမ၏ အနက်ရောင်ဆံပင်ရှည်များကလည်း သူမ၏အသားအရေနှင့် အထူးလိုက်ဖက်လှသည်။ ချောင်ဟုန်ယဲ့နှင့်ယှဥ်လျှင် ကျင်းယွင်ကျောင်းက ပို၍ လှပမွန်ရည်ပုံပေါ်၏။
ကံမကောင်းစွာပင် ကျင်းယွင်ကျောင်းသည် အတိတ်ဘဝ၌ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရသည်။ အထူးသဖြင့် အထက်တန်းကျောင်း၌ ကျင်းယွင်ကျောင်းက ယောက်ျားလေးများကြားတွင် ရေပန်းစားသည်ကို ချောင်ဟုန်ယဲ့ မြင်သောအခါ သူမသည် ကျင်းယွင်ကျောင်း၏နောက်ကွယ်တွင် ကိစ္စအချို့ကို လုပ်ခဲ့၏။ မဟုတ်မမှန်သတင်းဖြန့်ခြင်းကဲ့သို့သော ဆိုးယုတ်သည့်ကိစ္စများကို ဖန်တီးခဲ့သည်။ ယဲ့ချင်သေပြီးနောက် ကျင်းယွင်ကျောင်းသည် ကျောင်းထွက်၍ အလုပ်လုပ်ခဲ့ရသည်။ အမျိုးမျိုးသော ကိစ္စရပ်များစွာကို သူမဘာသာ ကိုင်တွယ်ဖြေရှင်းခဲ့ရခြင်း၏အကျိုးဆက်အနေနှင့် သူမ၏အသားအရေက တဖြည်းဖြည်း ကျန်းမာအားပြည့်မှုမရှိတော့ပေ။ အဆုံးတွင်တော့ သူမ၏ဆံပင်ရှည်များကိုလည်း ချောင်ဟုန်ယဲ့က ညှပ်ပစ်လိုက်၏။
ဤမျှနှင့်လည်း မရပ်တန့်သွားပေ။ သူမ ထောင်ကျသွားပြီးသည့်နောက်အထိ ချောင်ဟုန်ယဲ့က သူမကို အလွတ်မပေးခဲ့ပါ။ ကျင်းယွင်ကျောင်း၏ခေါင်းပေါ်တွင် ဆံပင်များပေါက်လာသည်နှင့် အခြားအကျဥ်းသူများက သူမ၏ဆံပင်များကို ပြောင်အောင်ရိတ်ပစ်စေသည့်အထိ ချောင်ဟုန်ယဲ့က လုပ်ဆောင်ခဲ့သည်။
ကျင်းယွင်ကျောင်း၏နှလုံးသားထဲတွင် အမျက်ဒေါသများ ခါးသီးမှုများနှင့် ပြည့်နှက်နေ၏။
"ရှင်က ဘယ်လိုများယူဆနေတာလဲ။ ဒီနှစ်တွေအတွင်းမှာ ရှင် ခွေးတစ်ကောင်ကို ကျွေးမွေးပြုစုပေးခဲ့ရင်တောင် အဲဒီခွေးကို ရှင် သံယောဇဥ်ရှိနိုင်သေးတယ်။ ကျွန်မက လူပါ။ ကျွန်မက ခွေးတစ်ကောင်လောက်တောင် မထိုက်တန်ဘူးလား။"
ဖြန်း!
ကျင်းယွင်ကျောင်း၏ ပြောစကားဆုံးသည်နှင့် ချောင်ဝေ့မင်က သူမအား ရုတ်တရက် ပါးရိုက်လိုက်၏၊။
သူမ၏မျက်နှာပေါ်တွင် နီနီရဲရဲ လက်ဝါးရာတစ်ခုက ထင်းထွက်နေသည်။
အကယ်၍ ယခင်ဘဝကသာဆိုလျှင်တော့ သူမသည် အမှားကို လက်ခံကာ ငိုကြွေးနေပေလိမ့်မည်၊ သို့သော် ယခုလက်ရှိ သူမကတော့ ယခင်ကထက်ပင် ပို၍ သွေးကြွလာသေးသည်။
"သောက်လိုက်၊ တကယ်လို့ နင် ဒါကို ဒီနေ့မသောက်ဘူးဆိုရင် ငါ နင့်ကို သေအောင်ရိုက်ပြမယ်။"
ချောင်ဝေ့မင်က အော်ဟစ်ကြိမ်းမောင်းလိုက်၏။
ချောင်ဝေ့မင်နှင့်ယဲ့ချင်သည် သူမ၏တရားဝင်အုပ်ထိန်းသူများဖြစ်သည်ဆိုသော အချက်အား သူမ လုံးဝရှင်းရှင်းလင်းလင်း နားလည်သည်။ သူမသည် ဆယ့်ငါးနှစ်အရွယ်သာရှိသေးသည်ဖြစ်ရာ အိမ်မှထွက်၍ တစ်ကိုယ်တည်းရပ်တည်ရန်လည်း မဖြစ်နိုင်သေးပေ။ ထို့အပြင် သူမသည် ယနေ့တွင်မှ ပြန်လည်မွေးဖွားလာခြင်းဖြစ်၏။ သူမတွင် ပိုက်ဆံတပြားမှမရှိဘဲ ပြင်ဆင်ရန် အခွင့်အရေးလည်း တစ်ခုမှမရှိသေးပေ။ ဤအခြေအနေတွင် သူမသည် နှင်ထုတ်ခံရလျှင် လုံးဝမဖြစ်ပါပေ။
သူမသည် အမှန်တကယ်ပင် ထွက်သွားရန် ဆန္ဒရှိသော်လည်း လူအများ၏အမြင်ကိုတော့ သူမ မဆန့်ကျင့်နိုင်ပေ။
(T/N: သူမက လူအများသဘောမတူတဲ့အရာကို မလုပ်နိုင်ဘူးလို့ ပြောတာပါ။)
ချောင်မိသားစုသည် သူမအား ဆင်းရဲဒုက္ခကြီးစွာ ရောက်စေခဲ့သည်။ သို့သော် ယခုဘဝတွင်တော့ သူမသည် ဘာပဲဖြစ်ဖြစ် ပြန်လက်စားချေမည်ဖြစ်၏။ ဒီရိုက်ချက်...ထိုအတွက် အတိုးရော အရင်းပါ သေချာပေါက် သူမ ပြန်ပေးဆပ်ခိုင်းမည်ပင်။