Chapter 5 : ရုတ်တရက်ပေါ်ထွက်လာသော နေရာလွတ်
ကျင်းယွင်ကျောင်းက ထိုအကြီးနှင့်အငယ်အား တစ်ချက်ကြည့်လိုက်ပြီး သူတို့နှင့်ဝေးရာသို့လျှောက်သွားခင် မထီမဲ့မြင်တစ်ချက်ပြုံးလိုက်သည်။
"နင် ဘယ်ကိုသွားတာလဲ။"
ချောင်ဝေ့မင်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး သူမ၏လက်ကို ခပ်ကြမ်းကြမ်း လှမ်းဆွဲလိုက်၏။
"ရှင်က ကျွန်မကို ဆန်ပြုတ်သောက်စေချင်နေတာ မဟုတ်လား။ ဟုတ်ပြီ ကျွန်မ သောက်မယ်"
ကျင်းယွင်ကျောင်းက အေးစက်စွာဖြင့် ပြောလိုက်ပြီး ချောင်ဝေ့မင်၏လက်ကို ခါထုတ်ပစ်လိုက်သည်။ သူမသည် သူမ၏အခန်းဘက်သို့ ပြန်လျှောက်သွားပြီး အေးစက်နေသော ဆန်ပြုတ်ပန်းကန်ကို ကြည့်လိုက်ကာ တစ်ခါတည်း အကုန်မော့သောက်ပစ်လိုက်၏။
ဗိုက်အောင့်ခြင်းက သူမအား မသေစေနိုင်ပါ။ အကယ်၍ သူမ တနင်္လာနေ့တွင် နေမကောင်းဖြစ်လျှင်တောင်မှ သူမ ဘယ်နည်းနှင့်မဆို စာမေးပွဲသွားဖြေမည်ဖြစ်သည်။
"ဘယ်လိုတောင် မနှစ်မြို့စရာကောင်းတဲ့ စိတ်ဓာတ်လဲ။ နင့်ကိုတော့ နေ့တိုင်း ရိုက်နှက်ဆုံးမဖို့ လိုနေပြီ။"
ချောင်ဝေ့မင်က ကျေနပ်စွာဖြင့် ရေရွတ်လိုက်၏။
ထို့နောက် သူသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ဆိုဖာဆီသို့ပြန်လျှောက်သွားကာ တီဗီဆက်ကြည့်နေလေသည်။ ချောင်ဟုန်ယဲ့ကမူ တောင်းပန်သည့် မျက်နှာထားဖြင့် သူမဆီသို့ လျှောက်လာ၏။ သို့သော် ချောင်ဟုန်ယဲ့ အခန်းထဲသို့ မဝင်နိုင်မီမှာပင် ကျင်းယွင်ကျောင်းက သူမ၏မျက်နှာနားကပ်ကာ တံခါးကို အသံမြည်အောင် ဆောင့်ပိတ်ပစ်လိုက်ပြီး လော့ခ်ချထားလိုက်သည်။
ကျင်းယွင်ကျောင်း၏ခန္ဓာကိုယ်က တုန်ရီနေကာ သူမ၏မျက်ဝန်းများက မုန်းတီးမှုများဖြင့် ဖုံးလွှမ်းနေ၏။
သူမသည် အားနည်းလွန်းလှသည်။ လက်စားချေရန် မပြောနှင့်၊ သူမကိုယ်သူမပင် မကာကွယ်နိုင်သေးချေ။
ကျင်းယွင်ကျောင်း သက်ပြင်းတစ်ချက်ချလိိုက်၏။ သူမသည် အိပ်ယာပေါ်တွင် ထိုင်လိုက်ရင်း သူမ၏လည်ပင်း၌ ဆွဲထားသည့် ကျောက်စိမ်းဆွဲသီးလေးအား ထုတ်ကြည့်လိုက်သည်။
၎င်းဆွဲသီးလေးသည် သူမငယ်စဥ်ကတည်းက သူမနှင့်အတူ ရှိလာခဲ့ခြင်းဖြစ်၏။ ရိုးရိုးရှင်းရှင်း ဆွဲသီးပုံစံလေးဖြစ်ပြီး ဆွဲသီး၏အောက်ဘက်တွင် "ကျင်း" ဟူသော စာလုံးလေးရှိသည်။ ကျောက်စိမ်းကို ကြည့်ရသလောက် ၎င်းမှာ နှစ်ပေါင်းအတော်ကြာကြာ ဖြတ်သန်းလာခဲ့ရသလိုပင်။ (T/N : ဆွဲသီးလေးက သက်တမ်းကြာနေပြီလို့ ပြောချင်တာပါ)
ဤကျောက်စိမ်းဆွဲသီးလေးအား ချောင်မိသားစုက ဟိုအရင်ကတည်းကပင် သူမဆီမှ ယူသွားသင့်သည်။ သို့သော် နောက်ပိုင်း သူမ ချောင်ဟုန်ယဲ့ဆီမှကြားခဲ့သည်မှာ ရှေ့ဖြစ်ဟောဆရာက ကျောက်စိမ်းတွင် ဝိညာဥ်စွမ်းအားများရှိကြောင်း သူမအား ပြောခဲ့၏။ ကျင်းယွင်ကျောင်းနှင့်အတူ နှစ်ပေါင်းများစွာရှိလာခဲ့သည့် ကျောက်စိမ်းကသာ မကောင်းမှု ကံအညံ့များကို ပယ်ရှားရာတွင် ပို၍အကူအညီဖြစ်စေလိမ့်မည်။ အကယ်၍ သူမတွင် ထိုကျောက်စိမ်းသာမရှိပါက ချောင်ဟုန်ယဲ့နှင့်ချောင်ကျစ်ကျိုးအတွက် ကံအညံ့များ ပယ်ရှားရာတွင် ခက်ခဲသွားပြီး ၎င်းက သူမ၏ပတ်ဝန်းကျင်တွင် မကောင်းသော အဆိုးအညံ့များကို ပို၍သယ်ဆောင်လာလိမ့်မည် ဖြစ်သည်။
ထိုရှေ့ဖြစ်ဟောဆရာ၏ စကားကြောင့်သာ မဟုတ်ပါက ထိုကျောက်စိမ်းဆွဲသီးလေးအား ဟိုးအရင်ကတည်းကပင် ယဲ့ချင်နှင့်ချောင်ဝေ့မင်တို့က ပေါင်နှံသုံးစွဲပစ်လောက်ပြီပင်။
ကျင်းယွင်ကျောင်းသည် ဆွဲသီးလေးအား တွေဝေစွာ စိုက်ကြည့်နေသည်။ သူမတွင် သူမ၏မိဘအရင်းများနှင့်ပတ်သက်၍ မေးခွန်းများ အမြဲရှိနေ၏။ သူမ ထိုအကြောင်းကို တွေးမိတိုင်း သူမကိုယ်သူမ မလှောင်ရယ်ဘဲ မနေနိုင်ချေ။
အကယ်၍ သူမ၏မိဘအရင်းများက သူမကို အမှန်တကယ်သာ ဂရုစိုက်လျှင် သူတို့က သူမကို စွန့်ပစ်သွားလိမ့်မည်မဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် ဆွဲသီးလေးအား သူမ၏အင်္ကျီထဲသို့ ပြန်ထည့်လိုက်ပြီးပြီးချင်းမှာပင် ခေါင်းထဲမှ နာကျင်မှုကို ရုတ်တရက်ခံစားလိုက်ရသည်။ တစ်စုံတစ်ခုက ပေါက်ကွဲထွက်သွားတော့မည့်အလား နာကျင်လှ၏။ သူမက ခေါင်းကို ခပ်တင်းတင်းဖိထားလိုက်သော်လည်း မကြာမီမှာပင် နာကျင်မှုက ပျောက်ကွယ်သွားသည်။
သူမ ခေါင်းမော့လိုက်ရာ ယခင်ကနှင့် ကွဲပြားခြားနားနေသော မြင်ကွင်းတစ်ခုက မျက်စိရှေ့တွင် ရှိနေ၏။
"ငါ ဘယ်ရောက်နေတာလဲ။"
ကျင်းယွင်ကျောင်း အလန့်တကြားရေရွတ်လိုက်မိသည်။
ထူထဲလှသော မြူခိုးများက သူမအား ဝန်းရံထားသည်။ သူမ၏ဘေးတွင်မူ အိုဟောင်းနေပုံရသော ရေတွင်းတစ်တွင်းရှိနေ၏။ ကြည့်ရသည်မှာ ၎င်းသည် အတော်လေးရှေးကျပုံပေါ်သည်။ ၎င်း၏ဘေးတွင် နဂါးရုပ်တုတစ်ခုရှိနေ၏။ အပြာရောင်သမ်းနေသော ရေများက နဂါး၏ပါးစပ်မှ ပန်းထွက်နေသည်။ ၎င်းရုပ်ထုမှ ပန်းထွက်နေသော ရေများမှာ ရေတွင်းမှ ရေများဖြစ်ပုံရ၏။
"ငါ နှစ်ပေါင်းများစွာကြာအောင် စောင့်နေခဲ့တာ။ နောက်ဆုံးတော့ ဆက်ခံသူတစ်ယောက် ထွက်ပေါ်လာခဲ့ပြီပေါ့။"
ဗလာကျင်းနေသော နေရာတွင် အဖိုးကြီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။ ကျင်းယွင်ကျောင်း၏နှလုံးသားမှာ ဆောင့်ခုန်သွား၏။
"အဲဒီမှာ ဘယ်သူလဲ။"
အဖိုးကြီးက ပြန်ဖြေသည်။
"မကြောက်ပါနဲ့၊ ကလေးမလေး။ မင်းရဲ့ဘေးမှာရှိတဲ့ ကျောက်ဘီးလုံးကို လှည့်လိုက်ပါ၊ ဒါဆို မင်း ငါ့ကို မြင်ရလိမ့်မယ်။"
ကျင်းယွင်ကျောင်းက စိုးရိမ်သောကရောက်နေသော်လည်း ထိုအသံကမူ အလွန်ကြင်နာကာ နူးညံ့သိမ်မွေ့နေ၏။ ဘာကြောင့်မှန်းမသိသော်လည်း သူမ၏စိတ်ထဲတွင် ဤထူးဆန်းသော နေရာလွတ်နှင့် ရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။
အကြောင်းရင်းတချို့ကြောင့် သူမ ကျောက်စားပွဲဆီသို့ စတင်၍ လျှောက်သွားမိ၏။ စားပွဲမှာ သိပ်မကြီးလှပဲ ၎င်း၏ထူးထူးခြားခြား ထွင်းထုထားခြင်းမှလွဲလျှင် အတော်လေး သာမန်ဆန်သည်။ စားပွဲ၏အလယ်တွင် အမှန်တကယ်ပင် လှည့်၍ရသော ဘီးလုံးတစ်ခုရှိနေ၏။ ကျင်းယွင်ကျောင်းက ဘီးလုံးကို လှည့်ရန် လက်မလှမ်းခင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
သူမသည် ဘီးလုံးဆီမှ မှိန်ဖျော့ဖျော့ပုံရိပ်တစ်ခုထွက်ပေါ်လာသည်ကိုသာ မြင်လိုက်ရသော်လည်း ၎င်းကပင် သူမအား ထခုန်မိသွားစေရန် လုံလောက်၏။
ထိုပုံရိပ်အား မြင်ရသည်မှာ စိမ်းသက်နေရမည့်အစား ရင်းနှီးနေမိသည်။
"အကြီးအကဲ၊ ရှင်က......"
"မင်းက ကျောက်စိမ်းထဲမှာရှိတဲ့ နေရာလွတ်နယ်မြေကို ဝင်ရောက်လာနိုင်တယ်ဆိုမှတော့ မင်းက ငါ့ရဲ့မျိုးဆက်၊ ကျင်းမျိုးရိုးတစ်ယောက်ပဲဖြစ်ရမယ်။ ကလေးမလေး၊ မင်းနာမည်က ဘာများလဲ။"
ကျင်းယွင်ကျောင်းအား အကဲခတ်လိုက်ပြီးနောက် အဖိုးအိုက မေးလာ၏။