Chapter 6
Viewers 14k

Chapter 6 : နတ်ဘုရား၏လိုအင်ဆန္ဒကို ဆန့်ကျင်ရမည့် ကံတရား 


ကျင်းယွင်ကျောင်းက ရှုပ်ထွေးနေသည်။ ဤအဖိုးအိုက သူမ၏အဖိုး သို့မဟုတ် သူမ၏ဘေးများ ဖြစ်နေလေမလား။ သို့သော် အဘယ်ကြောင့် သူ့ကို ထွင်းဖောက်မြင်နေရသနည်း။ ထို့အပြင် သူတို့နှစ်ဦးစလုံးသည် ဤကျောက်စိမ်းဆွဲသီးအတွင်းထဲတွင် ရှိနေသည်ဟု သူက ပြောခဲ့သည်၊ ဤသို့ စိတ်ကူးယဥ်ဆန်သည့် နေရာလွတ်နယ်မြေကဲ့သို့သော သဘာဝလွန် တစ်စုံတစ်ရာ အမှန်တကယ်ပင် တည်ရှိနေခဲ့လေသလား။ 


"ကျင်းယွင်ကျောင်းလို့ ခေါ်ပါတယ်။" 


ဤအဖိုးအိုသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို မသိသော်လည်း သူမသည် သံသယဝင်နေရမည့်အစား သူ၏မေးခွန်းကို ရိုရိုသေသေ အဖြေပေးလိုက်၏။ 


"ယွင်ကျောင်း၊ ငါ့ကို မင်းရဲ့ဘိုးဘေးအဖြစ် မှတ်ယူနိုင်တယ်။ ငါ့နာမည်က ကျင်းဟယ်လို့ခေါ်တယ်။ တခြားကမ္ဘာမှာတော့ ငါက အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက်ပေါ့။ နှစ်တစ်သောင််းကံတရားက ငါ့ကို လက်ရှိကမ္ဘာဆီ ပို့ပေးခဲ့တာပဲ။ ပြန်ပြောင်းပြောရရင် လူများစွာရဲ့အသက်တွေကို ကယ်တင်ဖို့အတွက် ငါ့ရဲ့ဆေးပညာစွမ်းရည်တွေကို ကျေကျေညက်ညက်ဖြစ်အောင် ခက်ခက်ခဲခဲ ကြိုးစားပြီး နေထိုင်ခဲ့တာ၊ ဒါပေမယ့် ငါ့ရဲ့သက်တမ်းက သုံးရာလောက်နဲ့ အဆုံးသတ်ခဲ့ရတယ်။ ငါ့မှာ လူပြန်ဝင်စားဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ငါက ငါ့ရဲ့နှစ်နဲ့ချီတဲ့ ဆေးပညာအသိနဲ့အတွေ့အကြုံတွေကို စွန့်ပစ်ဖို့ ဆန္ဒမရှိခဲ့တာကြောင့် ငါ့ရဲ့ဝိညာဥ်အပိုင်းအစလေးတစ်ခုကို ဒီကျောက်စိမ်းနေရာလွတ်ထဲမှာ ချန်ထားခဲ့တာ။ ငါ လေ့လာဆည်းပူးခဲ့သမျှ အရာအားလုံးကို ရေစက်ပါတဲ့ ဆက်ခံသူတစ်ယောက်ကို လက်ဆင့်ကမ်းဖို့ စောင့်ချင်ခဲ့တယ်။" 


(T/N: သူက အရှေ့တိုင်းဆေးပညာကို လေ့လာခဲ့တဲ့ သမားတော်တစ်ယောက်ပါ) 


"ဒီကျောက်စိမ်းနေရာလွတ်နယ်မြေကို ဝိညာဥ်စွမ်းအားနဲ့ ဖြည့်ထားတာ။ ဒီဟာရဲ့ပိုင်ရှင်က နတ်ဘုရားရဲ့လိုအင်ဆန္ဒကို အံတုဆန့်ကျင်ဖို့ ကံဇာတာပါကို ပါရမယ်။ ဒါကြောင့်မို့လို့ ငါ နှစ်ရာပေါင်းများစွာ စောင့်နေခဲ့ရတာပဲ။" 

သူက ထပ်ဖြည့်ပြောသည်။ 


သူပြောသည်အား ကျင်းယွင်ကျောင်း ကြားသည်နှင့် သူမ၏နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ မုန်တိုင်းမွှေသွားသကဲ့သို့ဖြစ်သွားပြီး အကြောက်တရားနှင့် အံ့သြခြင်းကိုမူ သိသိသာသာ ခံစားလိုက်ရ၏။ 


ဘုရားသခင်ရဲ့လိုအင်ဆန္ဒကို အံတုဆန့်ကျင်ဖို့ ကံဇာတာပါရမယ်တဲ့လား။ 


သူမသည် ဆင်းရဲဒုက္ခကြီးလွန်းသောဘဝ၌ ရှင်သန်ခဲ့ရကာ သေဆုံးသွားခဲ့ရပြီဖြစ်၏။ အလွန်အမင်း ကံဆိုးလှသူအဖြစ် မှတ်ယူခံရသင့်သော်လည်း ရှင်သန်ရန်အတွက် ဒုတိယအကြိမ်အခွင့်အရေးကို ရုတ်တရက် ရရှိခဲ့သည်။ ထိုသည်ကပင် အဖိုးအိုဆိုလိုသည့် "ဘုရားသခင်၏လိုအင်ဆန္ဒကို အံတုဆန့်ကျင်ရန် ကံဇာတာပါသည်" ဟုသော သဘောပေလား။ 


"အ..အဖိုး၊ အဖိုးဆိုလိုတာ ကျွန်မက အဖိုးစောင့်နေခဲ့တဲ့သူပေါ့။" 


ကျင်းယွင်ကျောင်းက တုံ့ဆိုင်းဆိုင်း မေးလိုက်သည်။ သူ့အား သူမ၏ဘိုးဘေးဟု ခေါ်ရန် သူမကိုယ်သူမ မဝံ့ရဲသေးပေ။ 


"ဟုတ်တယ်၊ ငါပြောနိုင်တယ်။ မင်းရဲ့ခန္ဓာကိုယ်ကို တောက်ပတဲ့ အရှိန်အဝါတစ်ခုက လွှမ်းခြုံထားတယ်။ မင်းသာ ငါ အရင်က နေခဲ့တဲ့ကမ္ဘာမှာ နေဖူးရင် မင်းရဲ့အနာဂတ်က အကန့်အသတ်ရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကမ္ဘာမှာကျတော့ မင်းအတွက် တိုးတက်မယ့် အခွင့်အရေး နည်းနေမှာကို ငါစိုးရိမ်မိတယ်။ ဘယ်လိုလဲ ရှောင်ယွင်ကျောင်း။ မင်းရော ငါ့ရဲ့ဆေးပညာစွမ်းရည်တွေကို ဆက်ခံဖို့ ဆန္ဒရှိရဲ့လား။" 


အဖိုးအိုက မေးလာသည်။ 


(T/N : ရှောင်ယွင်ကျောင်း = ယွင်ကျောင်းလေး ။ ကိုယ့်ထက် အငယ်တွေကို လူကြီးမိဘတွေက ချစ်စနိုးနဲ့ခေါ်တာပါ။) 


သေချာပေါက်ကို ကျင်းယွင်ကျောင်း ဆန္ဒရှိသည်ပင်။ 


သို့ရာတွင်..... 


"အဖိုး၊ အမှန်တိုင်းပြောရရင် ကျွန်မ အရင်က ဆေးပညာကို တစ်ခါမှ မသင်ခဲ့ဖူးတော့...." 


အရှေ့တိုင်းဆေးပညာ သမားတော်အများစုသည် ငယ်စဥ်ကပင် စတင်သင်ယူလေ့လာကြရကြောင်း သူမ ကြားဖူး၏။ တဖက်ကကြည့်လျှင် သူမသည် ယခင်က ဆေးပညာရပ်ကို တစ်ခါမှ မထိတွေ့ဖူးခဲ့ပေ၊ ပြီးလျှင် ယခု ဤအကြီးအကဲက ကိုယ်ကျိုးအတွက်မပါဘဲ သူမအား သင်ပေးချင်နေသည်။ အကယ်၍ နောက်ပိုင်းတွင် သူသည် သူမက ဘာမှမဟုတ်ဘဲ အသုံးမကျသူသာဖြစ်ကြောင်း သိသွားလျှင် သူ၏ကြိုးပမ်းမှုများအားလုံး အလကားဖြစ်သွားတော့မည် မဟုတ်လား။ 


ရှေးခေတ်မှ လူကြီးသည် ထိုစကားကို ကြားသောအခါ သဘောတကျ ရယ်မောလိုက်ပြီး 


"မင်း စိုးရိမ်စရာမလိုဘူး။ မင်း ဆန္ဒရှိသရွေ့ အဖိုးမှာ နည်းလမ်းတွေရှိပါတယ်။" 


ကျင်းယွင်ကျောင်းသည် လွယ်လွယ်နှင့် မယုံနိုင်သလို ခံစားနေရသေးသော်လည်း အဖိုးအို၏စကားကို ကြားသောအခါ သူမ ခေါင်းတစ်ချက်ငြိမ့်၍ လက်ခံလိုက်လေသည်။ 


ဤရှေးခေတ်လူကြီး၏ ဆေးပညာအစွမ်းသည် ပြိုင်ဘက်ကင်းပင်ဖြစ်ရမည်။ အကယ်၍ သူမသာ အနည်းအကျဥ်းဖြစ်ဖြစ် သင်ယူလိုက်နိုင်ပါက သူမတွင် သေချာပေါက် အဆုံးမဲ့ အကျိုးကျေးဇူးများ လက်ခံရရှိပေလိမ့်မည်။ 


အဖိုးအိုက သူမ၏တုံ့ပြန်မှုကို မြင်သောအခါ စားပွဲပေါ်ရှိ ဘီးလုံးအား လှည့်ရန် လက်လှမ်းလိုက်သည်။ ရုတ်တရက် ဘီးလုံးက လေပေါ်သို့ ပြန်တက်သွား၏။ ၎င်း၏အောက်တွင် လျှို့ဝှက်နေရာလွတ်တစ်ခုရှိနေပြီး အတွင်းဘက်တွင် ပေလိပ်တစ်လိပ်ရှိနေကာ အစိမ်းဖျော့ဖျော့အလင်းရောင်တစ်ခုက ဝန်းရံထားသည်။ 


"ဒါက...." 


ရတနာပစ္စည်းမှ အစိမ်းရောင်ဖြာထွက်နေသည်အား မြင်ရသည်မှာ အလွန်ပင် ထူးခြားဆန်းကြယ်လှ၏။ 


"ဒီပေလိပ်ထဲမှာ ရေးထားတာတွေက ငါ့ဘဝတစ်လျှောက်လုံးမှာ လေ့လာသင်ယူခဲ့သမျှ အားလုံးပဲ။ ဒီပေလိပ်က သေးတော့ ဒီအထဲမှာ အချက်အလက် များများစားစားမပါလောက်ဘူးလို့တော့ အထင်အမြင်မသေးလိုက်နဲ့။ ဒီဟာကို ငါ တခြားကမ္ဘာကနေ ယူလာခဲ့တဲ့ ဝိညာဥ်စွမ်းအင်ရှိတဲ့ ကျောက်စိမ်းနဲ့လုပ်ထားတာ။ အားလုံးပေါင်း ကိုးဆယ့်ကိုးပိုင်းရှိမယ်၊ ပထမဆုံးအပိုင်းကနေစပြီး လေ့လာပါ။ မင်း အပိုင်းသစ်တစ်ခု စလေ့လာမယ့်အချိန်တိုင်း ဒီပေါ်ကို သွေးတစ်စက်ချပေးဖို့ လိုမယ်။ အချက်အလက်တွေအားလုံးက မင်းရဲ့စိတ်ထဲကို စီးဝင်သွားပြီး သူဘာသူ သဘာဝအလျှောက် ခွဲခြမ်းစိတ်ဖြာပြီး နေရာကျသွားလိမ့်မယ်။ လက်ရှိအပိုင်းမှာရှိတဲ့ အချက်အလက်တွေအားလုံးကို မင်းရဲ့ ဦးနှောက်က စုပ်ယူပြီး မှတ်မိသွားတဲ့အခါကျမှ နောက်အပိုင်းတစ်ခုကို ပြောင်းနိုင်မယ်။" အဖိုးအိုက အကျယ်တဝင့် ရှင်းပြလိုက်လေသည်။ 


(T/N : ပေလိပ်က စက္ကူနဲ့လုပ်တာ မဟုတ်ပါဘူးနော်။ ဒီမှာ ပုံလေးတွေကြည့်ကြည့်ပါ။ များသောအားဖြင့်တော့ သစ်သားနဲ့လုပ်ကြပေမယ့် ဒီမှာတော့ ကျောက်စိမ်းနဲ့လုပ်ထားတာပါ။) 


ကျင်းယွင်ကျောင်း၏နှလုံးသားသည် အစပိုင်းက စိုးထိတ်တုန်လှုပ်နေရာမှ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားသည်။ 


သူမသည် ဘဝတွင် ဒုတိယကြိမ်မြောက် အခွင့်အရေးကို ပေးအပ်ခံခဲ့ရသူဖြစ်၏၊ ဤကမ္ဘာပေါ်တွင် မဖြစ်နိုင်သောအရာဆိုတာ ရှိသေးရဲ့လား။ 


"ကျေးဇူးတင်ပါတယ်ရှင့်။" 


ကျင်းယွင်ကျောင်းက ကျေးဇူးတင်စကားဆိုလိုက်၏။ 


"မင်းက ငါ့ရဲ့ဆက်ခံသူပဲလေ။" 


အဖိုးအိုက ပြန်ဖြေသည်။ 


"ကျေးဇူးစကားတွေ မလိုပါဘူးကွယ်။ ဒါပေမယ့် မင်းမမေ့ရဘူးနော်၊ ရည်မှန်းချက်ပြင်းပြလွန်းတာက မင်းကို လွတ်လွတ်လပ်လပ် ပျံသန််းခွင့်ပြုမှာမဟုတ်ဘူး။ တစ်ကြိမ်မှာ အပိုင်းတစ်ခုကိုပဲ သင်ယူပါ၊ မင်း မှတ်နိုင်သမျှပမာဏထက် ပိုမသင်ယူပါနဲ့။ မင်းရဲ့ဦးနှောက်က အချက်အလက်တွေအများကြီးကို မမှတ်နိုင်ဘူး။ မင်း ဒီလိုလုပ်လို့ ဥာဏ်တုံးမသွားဘူးဆိုရင်တောင် ရူးသွားနိုင်တယ်။ အဲဒါတွေအပြင် ဒီနယ်မြေလွတ်ကို ဆေးပင်တွေစိုက်ပျိုးဖို့ သုံးနိုင်တယ်။ ရေပန်းက ရေက ကြီးထွားမှုနှုန်းကိို တိုးစေတယ်။ ဒါပေမယ့် မင်း ဒီရေကို သိမ်းထားလို့မရဘူး၊ အပြင်ဘက်ကမ္ဘာကို ယူသွားလို့ မရဘူး။ ရေက အပင်ရဲ့ကြီးထွားနှုန်းကို ဘယ်လောက်မြှင့်ပေးနိုင်တယ်ဆိုတာက သူ့ရဲ့ပမာဏပြင်းအားအပေါ်မှာပဲ မူတည်တယ်။ နောက်ဆုံးနဲ့အရေးအကြီးဆုံးတစ်ခုကတော့ အပြင်မှာရှိတဲ့ လူတွေရဲ့စိတ်နှလုံးသားတွေက ပြောင်းလဲသွားခဲ့ပြီ။ တခြားသူတွေကို ဒီနေရာလွတ်အကြောင်း ပေးမသိပါနဲ့။ တခြားလူကို ဒီနေရာလွတ်ထဲ ဝင်ခွင့်မပြုပါနဲ့။ တကယ်လို့ မင်း ဒီနေရာလွတ်ကို လက်ဆင့်ကမ်းပေးဖို့ ဆန္ဒရှိလာတဲ့အချိန်ရောက်ရင် ငါလုပ်ခဲ့သလိုမျိုး သင့်တော်တဲ့ ဆက်ခံသူတစ်ယောက်ကို စောင့်နေဖို့ လိုအပ်တယ်။"