Chapter 7
Viewers 14k

Chapter 7 : ကျောက်စိမ်းမှ ဝိညာဥ်စွမ်းအားများကို စုပ်ယူခြင်း 


စကားပြောပြီးသွားသည်နှင့်တပြိုင်နက် အဖိုးအို၏ပုံရိပ်က တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်စပြုလာသည်။ 


ကျင်းယွင်ကျောင်းသည် ရုတ်တရက် မသက်မသာခံစားလိုက်ရဖြင့် အလျင်အမြန်ပင် ဒူးထောက်လိုက်၏။ 


"ဒီမျိုးဆက်သစ်လေးက ဘိုးဘေးရဲ့ဆုံးမစကားတွေကို လိုက်နာကျင့်သုံးပါ့မယ်။ ဤစကားကို ဖောက်ဖျက်မိခဲ့ပါက ကျွန်မ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးခြင်းကို မရပါစေနဲ့။" 


"ကောင်းပါပြီ၊ ပြောဖို့လိုတာတွေကိုလည်း ငါ မင်းကို ပြောပြီးပါပြီ၊ မင်း ဆန္ဒရှိသလို လုပ်ဆောင်နိုင်ပါတယ်ကွယ်။ အို..ထပ်ဖြည့်ပြောရရင် အပြင်လောကရဲ့အချိန်စီးဆင်းနှုန်းက ဒီနယ်မြေလွတ်ရဲ့အချိန်စီးဆင်းနှုန်းထက် ငါးဆပိုမြန်တယ်။ ဒါကြောင့် မင်းအပြင်ကို ထွက်သွားတဲ့အချိန်ကျရင် လန့်မသွားနဲ့ဦး။ ဒီနယ်မြေလွတ်ကို အဝင်အထွက်လုပ်ဖို့က ရိုးရှင်းပါတယ်၊ မင်း ဒါကို အာရုံစိုက်လိုက်ဖို့ပဲ လိုတယ်..." 


နောက်ဆုံးစကားကို ပြောပြီးသည်နှင့်တပြိုင်နက် သူ၏ပုံရိပ်သည်လည်း လုံးဝပျောက်ကွယ်သွားတော့သည်။ 


ကျင်းယွင်ကျောင်းသည် သူတို့အပြန်အလှန်ပြောခဲ့ကြသော စကားများကို နှလုံးသားထဲ၌ စွဲစွဲမြဲမြဲမှတ်သားထားလိုက်ပြီး သူပျောက်ကွယ်သွားသည့်နေရာကို ဦးတည်ကာ အကြိမ်ရေ အနည်းငယ်မျှ ဂါရဝပြုလိုက်၏။ 


ဘုရားသခင်သည် သူမအား ကရုဏာထားတော်မူ၍ ဤဘဝ၌ ရှင်သန်ရန် မတူညီကွဲပြားသည့် နည်းလမ်းတစ်မျိုးကို ပေးခဲ့ပြန်ပြီဖြစ်သည်။ 


ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း မတ်တပ်ထရပ်လိုက်၏။ သူမသည် ဘိုးဘေး၏ ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့သည်၊ သူပြောသွားသကဲ့သို့ပင်၊ သူမ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူမ၏အခန်းထဲသို့ ပြန်ရောက်နေ၏။ 


သို့သော် ထိုအခိုက်မှာပင် သူမ၏ဝမ်းဗိုက်သည် အသံမြည်လာကာ သူမ နေရာလွတ်နယ်မြေထဲသို့ မဝင်မီက သောက်ခဲ့သည့် ဆန်ပြုတ်တစ်ပန်းကန်ကို သတိရသွားသည်။ 


သူမ၏ဝမ်းဗိုက်က ပြောင်းလဲသွားသဖြင့် တစ်ညလုံး ဝမ်းလျှောသည့် ဝေဒနာခံစားခဲ့ရသည်ကိုလည်း ပြန်တွေးမိသွား၏။ ထို့အပြင် တစ်ညလုံး ဝေဒနာခံစားနေရသဖြင့် နောက်တစ်နေ့တွင် အဖျားဝင်သွားခဲ့ပြီး နလန်ပြန်ထရန် တစ်ပတ်အချိန်ယူခဲ့ရသည်။ 


ယဲ့ချင်၏နာရေးမှာ ဤအပတ်ထဲတွင်သာဖြစ်သော်လည်း ကျင်းယွင်ကျောင်းသည် အားနည်းလွန်းနေသဖြင့် စျာပနပွဲသို့ မတက်ရောက်နိုင်ခဲ့ပေ။ ထို့ကြောင့်ပင် ထိုစျာပနပွဲပြီးသည့်နောက် ချောင်မိသားစုနှင့်ယဲ့မိသားစု၏ မိတ်ဆွေများက သူမအား အချိန်အတော်ကြာအောင် ပြစ်တင်ရှုံ့ချခဲ့ကြသည်။ သူမ မှားယွင်းခဲ့သည့်တိုင်အောင် သူမအား ကရုဏာသက်မည့်သူ မရှိပေ။ 


ကျင်းယွင်ကျောင်းသည် သူမ၏ဝမ်းဗိုက်အား မသက်မသာဖြင့် ဖိဆုပ်ထားလိုက်ရင်း အခန်းထဲမှ ပြေးထွက်လာခဲ့ရာ ရေချိုးခန်းတံခါးကို အထဲရှိလူက လော့ခ်ချထားသည်အား တွေ့လိုက်ရ၏။ 


"မမလား၊ ကျွန်မ တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်မ ဗိုက်နာနေလို့၊ မမ ခဏစောင့်ပေးပါဦး..." 


ချောင်ဟုန်ယဲ့၏အသံက လှောင်ရယ်သံစွက်နေကြောင်း သတိထားမိလောက်အောင်ပင်။ 


အတိတ်ဘဝတွင် ကျင်းယွင်ကျောင်းသည် ဆန်ပြုတ်ကို ရန်မဖြစ်ဘဲ သောက်ခဲ့သည်ဖြစ်ရာ ဤကဲ့သို့ ချောင်ဟုန်ယဲ့က ရေချိုးခန်းထဲတွင် စောင့်နေသည့်အဖြစ်မျိုးလည်း မဖြစ်ခဲ့ချေ။ ကံဆိုးချင်သဖြင့် ကျင်းယွင်ကျောင်းသည် ယခုအချိန်၌ အခြားရွေးချယ်စရာလည်း မရှိပေ။ ထို့နောက် သူမသည် နေရာလွတ်နယ်မြေအား သတိရလိုက်၍ သူမ၏အခန်းထဲသို့ အမြန်ပြန်ပြေးကာ နေရာလွတ်နယ်မြေထဲသို့ ဝင်သွားလိုက်သည်။ 


နေရာလွတ်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူမ၏ဝမ်းဗိုက်ရှိ နာကျင်မှုမှာလည်း အနည်းငယ် လျော့ပါးသွားသလို ခံစားလိုက်ရ၏။ 


ကျင်းယွင်ကျောင်းသည် ခဏမျှတွေးနေပြီးနောက် ပေလိပ်အား ထုတ်ယူလိုက်သည်။ ထို့နောက် ကျောက်စိမ်း၏ပထမဆုံးအပိုင်းပေါ်သို့ သွေးစက်တစ်စက်ချလိုက်၏။ 


ထိုခဏမှာပင် ပေလိပ်မှ အစိမ်းရောင်အလင်းတန်းများက အတူတကွပေါင်းစည်းသွားကြ၍ ထိုအရာများသည် မှုန်ဝါးဝါးပုံရိပ်အဖြစ် ကျင်းယွင်ကျောင်း၏မျက်လုံးများကို ဖြတ်သန်းကာ ပြက်ခနဲ လင်းသွားခဲ့သည်။ ၎င်းတို့မှာ အက္ခရာများ အတူတကွချိတ်ဆက်ထားပုံနှင့်တူကာ စာကြောင်းများဖြစ်ပေါ်လာ၏။ မျက်တောင်တစ်ချက် မခတ်ရသေးမီမှာပင် အံအားသင့်ဖွယ် အရေအတွက်ပမာဏရှိသော အချက်အလက်များသည် သူမ၏စိတ်ထဲသို့ စီးဝင်လာခဲ့သည်။ 


သူမသည် သူမ၏စိတ်ကို ဤကဲ့သို့ထိန်းချုပ်နိုင်ကြောင်း ဘယ်တုန်းကမှ မသိခဲ့ပေ။ ထိုအက္ခရာများနှင့်စာလုံးများသည် သူမ သိခဲ့ဖူးသမျှ အရာအားလုံးထက်ပင် ပို၍ ရှင်းလင်းပုံရ၏။ သူမ လုပ်ရန်လိုအပ်သမျှမှာ ထိုအကြောင်းအရာခေါင်းစဥ်ကို စဥ်းစားလိုက်ရုံပင်၊ ပြီးလျှင် ထိုအကြောင်းအရာနှင့်သက်ဆိုင်သော အချက်အလက်အားလုံးက သူမဆီသို့ အလိုအလျောက် စီးဆင်းလာလိမ့်မည်။ 


သို့သော် ထိုအရာများကို သူမ ပြန်ကြည့်လိုက်သောအခါ အံသြသွားသည်။ 


ဘိုးဘေးက သူမအား လောဘမကြီးရန် ပြောခဲ့သည်မှာ အံသြစရာမဟုတ်ပေ။ ဤကျောက်စိမ်းအပိုင်းလေးတစ်ခုတွင် စာအုပ်ရေ တစ်ထောင်စာလောက်ရှိသော အချက်အလက်များ ပါဝင်နေ၏။ 


ချောင်ဟုန်ယဲ့က သူမ၏ဆန်ပြုတ်ထဲ ဝမ်းနှုတ်ဆေးထည့်ထားသောကြောင့် ကျင်းယွင်ကျောင်းလည်း သူမ၏စိတ်ထဲတွင် ရှာဖွေကြည့်လိုက်ရာ အမှန်တကယ်ပင် ဝမ်းလျှောရောဂါအား ကုသရမည့် ဆေးနည်းများစွာကို တွေ့ရလေသည်။ ကံဆိုးသည်မှာ ဆေးအတွက် အညွှန်းများအားလုံးက အလွန်ထိရောက်သော်လည်း သူမ၌ ဘာမှမရှိပေ၊ ဆေးပင်တွေကို သူမ ဘယ်ကနေများ ရနိုင်မလဲ။ အကယ်၍ သူမတွင် ပါဝင်ပစ္စည်းများ အားလုံးရှိခဲ့လျှင်တောင်မှ သူမတွင် ဆေးကျိုရန်အတွက် လိုအပ်သော ပစ္စည်းကိရိယာများ၊တန်ဆာပလာများ မရှိချေ။ 


သူမသည် သေချာပေါက် ဆေးသာဝယ်ရုံပင်၊ သို့သော် အဓိကအချက်မှာ သူမ၌ ပိုက်ဆံမရှိပေ။ 


အဝေးမှ ရေကို သုံး၍ မီးငြိမ်းရန်မှာ ခက်ခဲလှသည်။ သူမ ၎င်းကို ရသောအခါတွင်လည်း အတော်လေးနောက်ကျနေလောက်ပြီပင်။ အနောက်တိုင်းဆေးဖြစ်စေ အရှေ့တိုင်းဖြစ်စေ နှစ်မျိုးစလုံးက ယခုအချိန်တွင် သူမအတွက် အသုံးမဝင်တော့ပေ။ 


ကျင်းယွင်ကျောင်းသည် ထိတ်ပျာနေသော်လည်း သူမကိုယ်သူမ စိတ်ငြိမ်စေရန် တွန်းအားပေးကာ အခြားနည်းလမ်းများကို ဆက်စဥ်းစားနေလိုက်သည်။ နောက်ဆုံး စိတ်ငြိိမ်သွားသောအခါ သူမ၏စိတ်ထဲတွင် အခြားတစ်စုံတစ်ခု ပေါ်လာ၏။ 


သွေးလွှတ်ကြောနေရာများကို နှိပ်ပေးခြင်း။ 


လက်ငါးချောင်းကို အတူတူဖိလိုက်ပါ။ ဝမ်းဗိုက်၏အထက်ပိုင်းကို ညင်သာစွာ နှိပ်နယ်ပေးပြီး အောက်သို့ ဖိဆွဲသွားပါ။ ထျန်းရှူး၊ ကွမ်းယွမ်၊ အူမကြီးသွေးလွှတ်ကြော၊ လက်မောင်းသွေးလွှတ်ကြော သုံးခု။ ပြီးလျှင် လက်မ သို့မဟုတ် လက်ဖဝါးကို သုံး၍ ချိဟိုင်(T/N: လေကြောဖြစ်လိမ့်မယ်)ပေါ်သို့ ညင်သာစွာ ဖိချပေးပါ။ 


(T/N: သွေးလွှတ်ကြောတွေအကြောင်း သိပ်မသိတာမို့လို့ အမှားပါနိုင်ပါတယ်) 


ကျင်းယွင်ကျောင်းသည် ညွှန်ကြားချက်တစ်ချက်စီကို ခပ်မြန်မြန်လုပ်ဆောင်လိုက်သည်။ ထိုနှိပ်လိုက်သောနေရာများက နာကျင်မှုကို ခံစားလိုက်ရသည်နှင့် ဝမ်းဗိုက်ရှိ နာကျင်မှုက ပို၍သက်သာလာတော့၏။ သူမသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီးနောက် ဆက်လက်၍ နှိပ်နယ်နေရာမှ မကြာမီမှာပင် အားလုံး သက်သာသွားတော့သည်။ 


သူမသည် ရေချိုးခန်းထဲ၌ ချောင်ဟုန်ယဲ့စောင့်နေသည်အား သတိရလိုက်ရာ ခပ်လှောင်လှောင်ရယ်မောလိုက်၏။ 


သူမက ရေချိုးခန်းထဲမှာ ရှိနေရတာကို ဒီလောက်တောင်ကြိုက်တယ်လား။ ကောင်းပြီလေ၊ ဒါဆို တစ်ညလုံး ထွက်မလာခဲ့နဲ့တော့။