Chapter 8
Viewers 14k

Chapter 8 : အတိုင်းအတာ ပမာဏနည်းနည်းလေးပဲ 


ကျင်းယွင်ကျောင်း နေရာလွတ်နယ်မြေထဲမှ ထွက်လာလိုက်ပြီး အခန်းထဲမှ ပြေးထွက်မသွားမီ မျက်နှာပေါ်၌ အမောတကောဖြစ်နေသည့်ပုံဖမ်းလိုက်ကာ ရေချိုးခန်းတံခါးကို ထုလိုက်သည်။ 


"ဟုန်ယဲ့၊ မြန်မြန်လုပ်ပါ....ငါ ထပ်ပြီးမထိန်းထားနိုင်တော့ဘူး..." 


ကျင်းယွင်ကျောင်းက ရည်ရွယ်ချက်ရှိရှိ အော်ပြောလိုက်၏။ 


အထဲရှိ ချောင်ဟုန်ယဲ့လည်း သူမ၏စကားကိုကြားသောအခါ ရေချိုးခန်းအတွင်း၌ ဆက်နေလိုက်ပြီး 


"မမ..ကျွန်မ ဒီနေ့ အစားမှားသွားတာ ထင်တယ်။ ဗိုက်က အရမ်းနာနေတာ။ မမရဲ့ကိစ္စကို ရှင်းဖို့ တစ်နေရာရာကိုပဲ သွားလိုက်သင့်တယ်နော်.." 


တခြားနေရာ တဲ့လား။ ချောင်မိသားစုသည် ချမ်းသာကြွယ်ဝသောမိသားစုမဟုတ်ရာ တစ်အိမ်လုံးတွင် ရေချိုးခန်းတစ်ခန်းတည်းသာ ရှိ၏။ ချောင်ဟုန်ယဲ့သည် ဝမ်းနှုတ်ဆေးကို သူမကိုယ်တိုင် ခတ်ခဲ့သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုဘယ်လောက်ရှိကြောင်းကိုမူ သိနိုင်ပါမည်လား။ အကယ်၍ ကျင်းယွင်ကျောင်းသာ အတိတ်ဘဝက ဗိုက်ပြင်းပြင်းထန်ထန်နာပြီး လှေကားပေါ်ကနေ ဆင််းသွားရမည်ဆိုလျှင် ဝေးဝေးမရောက်ခင်မှာပင် သူမ၏အဝတ်အစားများ ညစ်ပတ်ပေကျံသွားလိမ့်မည်။ 


ယခုအချိန်တွင်တော့ ကျင်းယွင်ကျောင်း၏ဝမ်းဗိုက်က သက်သာနေပြီဖြစ်၏၊ သို့သော်လည်း ဤကဲ့သို့သောသူမျိုးအား ဒေါသထွက်ရအောင်အထိ သူမ မတုံးအသေးပေ။ သူမက တံခါးအပြင်ဘက်၌ ရပ်လိုက်ပြီး ပြောလိုက်သည်။ 


"ဒါဆိုလည်း ငါ နင့်ကို စောင့်နေမယ်။" 


သူမ ထိုသို့ပြောလိုက်လျှင် ချောင်ဟုန်ယဲ့က အပြင်ထွက်မလာတော့ဘဲ ရေချိုးခန်းထဲတွင်သာ ဆက်နေနေမည်မှန်း သူမ အတိအကျသိ၏။ 


မျှော်လင့်ထားသည့်အတိုင်းပင် ကျင်းယွင်ကျောင်း သူမ၏အခန်းသို့ပြန်သွားပြီးသည့်အချိန်ထိတိုင်အောင် ချောင်ဟုန်ယဲ့က ရေချိုးခန်းထဲမှ ထွက်လာမည့် လက္ခဏာမရှိပေ။ 


ဆယ်မိနစ်ခြားတစ်ခါ ကျင်းယွင်ကျောင်းသည် တံခါးကို သွားသွားခေါက်၍ သူမ၏အသံမှာလည်း တစ်ကြိမ် ခေါက်ပြီးတိုင်း ပို၍ သောကဗျာပါရရောက်လာသည့် အရိပ်အယောင်နှင့်။ သူမ၏စကားလုံးများမှာလည်း တောင်းပန်တိုးလျိုး နေသည့်သဖွယ် ပြောင်းလဲလာ၏။ ထိုအချိန်တွင် ရေချိုးခန်းထဲရှိ ချောင်ဟုန်ယဲ့မှာလည်း အနည်းငယ်စိတ်ရှုပ်နေသည်။ သူမ ထည့်ခဲ့သည့် ဆေးပမာဏအရဆိုလျှင် ကျင်းယွင်ကျောင်းသည် အချိန်အတော်ကြာကပင် ထိန်းမရသိမ်းမရ ဖြစ်နေသင့်ပြီဖြစ်၏။ သို့သော် သူမသည် ယခုထိ မသက်မသာဖြစ်ရုံပဲ ခံစားနေရတုန်းလား။ 


ဘာပဲဖြစ်ဖြစ် ကျင်းယွင်ကျောင်းသည် သက်တောင့်သက်သာမရှိသည့် အခြေအနေ၌ပင် ရှိနေသင့်သည်။ အကယ်၍ သူမသာ ဤအခြေအနေကို ကောင်းကောင်းထိန်းထားနိုင်လျှင် သူမ အမြဲတမ်း ထိန်းထားနိုင်တော့မည်ပင်။ 


ကျန်သောမိသားစုဝင်များက ချောင်ဟုန်ယဲ့နှင့် ကျင်းယွင်ကျောင်း လုပ်နေကြသည်များအားမသိကြချေ။ ချောင်ဝေ့မင်သည် ယခုညတွင် အရက်သောက်ရာ၌ ရေချိန်အနည်းငယ်လွန်သွားသဖြင့် ရေအိမ်သွားချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ၊ သို့သော် ချောင်ဟုန်ယဲ့က အပြင်ထွက်မလာဘဲ ငြင်းဆန်နေ၏။ ချောင်ဝေ့မင်သည် သူ၏သမီးအရင်းဖြစ်သူအား မည်မျှပင် ခွင့်လွှတ်ပေးသည်ဆိုသော်ငြား သူမ၏ နောက်တီးနောက်တောက် လုပ်ရပ်များအား သည်းမခံနိုင်သည့်အချိန်များလည်း ရှိနေသေးသည်။ 


"နင် အဲဒီထဲမှာ ဥများ ဥနေတာလား။ အခုချက်ချင်း ထွက်လာခဲ့စမ်း။" 


ချောင်ဝေ့မင်က ဒေါသတကြီးအော်ဟစ်လိုက်သည်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း အရက်နံ့များ ထောင်းထောင်းထနေ၏။ ချောင်ဟုန်ယဲ့သည်ပင် သူ၏စိတ်မရှည်ဖြစ်နေမှုနှင့် ဒေါသထွက်နေမှုကို ခံစားမိသည်အထိပင်။ 


ချောင်ဟုန်ယဲ့တွင် အမြဲတမ်း လိမ္မာ၍ နာခံမှုရှိသောကလေးဟူသည့် ပုံရိပ်ကောင်းရှိ၏။ တခါတရံ သူမသည် ကျင်းယွင်ကျောင်းအား ချောက်ချတတ်သော်လည်း လူရှေ့သူရှေ့၌မူ သိက္ခာမဲ့သောလုပ်ရပ်များကို ဘယ်သောအခါမှ မလုပ်ပေ။ အားလုံးထက်ပင် သူမ၏ဂုဏ်သိက္ခာသည် သူမအတွက် အလွန်အရေးပါ၏။ 


ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်း၏ အော်ဟစ်ကြိမ်းမောင်းသံကိုကြားသည်နှင့် တံခါးကို ချက်ချင်းဖွင့်လိုက်သည်။ 


ချောင်ဝေ့မင်က သူမကို အမြန်ပင် ဆောင့်ဆွဲထုတ်လိုက်ပြီး သူဆွဲလိုက်သည့်အားမှာ မသေးလှချေ။ ချောင်ဟုန်ယဲ့သည် မူလကပင် အားသိပ်မရှိသည်ဖြစ်ရာ သူမသည် ကြမ်းပေါ်သို့ပြုတ်ကျပြီး နံရံနှင့်ပြင်းပြင်းထန်ထန်ရိုက်မိသွား၏။ 


"ဘာဖြစ်တာလဲ ဟုန်ယဲ့။ နင် မတ်တပ်မရပ်နိုင်ဘူးလား။" 


ကျင်းယွင်ကျောင်းက သူမ၏အခန်းတံခါးကို မှီရပ်နေရင်း သရော်လိုက်သည်။ 


ချောင်ဟုန်ယဲ့၏ရှေ့တွင် ရပ်နေသော ကျင်းယွင်ကျောင်းသည် တည်တည်ငြိမ်ငြိမ် သပ်သပ်ရပ်ရပ်ပင်ဖြစ်ကာ ခုနလေးတင်ကမှ သူမအား ရေချိုးခန်းထဲမှ ထွက်လာရန် တောင်းပန်နေသူနှင့် လားလားမှ မတူပေ။ ဆန်ပြုတ်က သူမအပေါ်တွင် အကျိုးသက်ရောက်မှု လုံးဝမရှိသည့်ဟန်ဖြင့် ကျင်းယွင်ကျောင်းအား မြင်လိုက်ရသောအခါ ချောင်ဟုန်ယဲ့သည် ခေတ္တကြက်သေသေသွား၏။ သူမက လွှတ်ခနဲ မေးလိုက်မိသည်။ 


"နင် ဘယ်လိုသက်သာသွားတာလဲ။" 


"ခုနတုန်းက ငါ နည်းနည်းဗိုက်နာလို့၊ ဒါပေမယ့် အခု သက်သာသွားပါပြီ။ ဆန့်ကျင်ဘက်အနေနဲ့ နင်က ရေချိုးခန်းထဲမှာ အကြာကြီးနေခဲ့တာလေ။ အဲဒါနဲ့ပတ်သတ်ပြီးတော့ နင့်ဆီမှာပဲ အကြောင်းပြချက် အထူးတလည်ရှိရမှာမဟုတ်ဘူးလား။" 


ကျင်းယွင်ကျောင်းက လှောင်ပြောင်သရော်ရင်း ပြန်မေးလိုက်သည်။ 


ချောင်ဟုန်ယဲ့သည် နားထောင်ရင်း အသက်ရှူကျပ်လာသဖြင့် ပြန်လည် ခွန်းတုံ့မပြန်နိုင်ပေ။ 


သူမသည် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်လိုက်ပြီး သူမ၏အခန်းဆီသို့ ကမူးရှူးထိုးပြေးသွားသည်။ သို့သော် ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးသည်နှင့် ဟန်ချက်မထိန်းနိုင်ဘဲ ခဏခဏ ပစ်လဲကျ၏။ သူမသည် ရေချိုးခန်းထဲ၌ နာရီပေါင်းများစွာနေခဲ့သည်ဖြစ်ရာ ထိုသို့ဖြစ်သည်မှာ ယုတ္တိရှိသည်၊ သူမ၏ခြေထောက်များ ခွေမကျသွားမှသာလျှင် ထူးဆန်းနေမည်ဖြစ်၏။ 


ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့ ဒုက္ခရောက်နေသည်ကို မြင်သောအခါ သူမ၏မျက်လုံးများထဲ၌ အေးစက်စက် အရောင်တစ်ချက် လက်သွားသည်။ ဒါက လက်စားချေမယ့် အတိုင်းအတာ ပမာဏနည်းနည်းလေးပဲ ရှိသေးတယ်၊ ထိုမျှလောက်နှင့်တော့ သူမ ဘယ်တော့မှ မကျေနပ်ပေ။ 


ညသည် ပုံမှန်အတိုင်းပင် ကုန်ဆုံးသွား၏။ 


ယဲ့ချင်၏ ရောဂါရှိန်တက်သောကြောင့် နာနာကျင်ကျင် ညည်းညူလိုက်သောအသံများက မကြာခဏပင် ပင်မအိပ်ခန်းထဲမှ ထွက်ပေါ်လာတတ်ပြီး ချောင်ဝေ့မင်၏ဟောက်သံများကလည်း တွဲပါလာတတ်သည်။ ချောင်ဟုန်ယဲ့၏အခန်းဘက်မှ ဘာသံမှမကြားရသည်ကသာ အနည်းငယ်ထူးဆန်းနေ၏။ 


လက်ရှိအချိန်တွင် ယဲ့ချင်၏ရောဂါအခြေအနေမှာ ကျင်းယွင်ကျောင်း၏ကုသနိုင်စွမ်းထက် ကျော်လွန်နေပြီး ကျင်းယွင်ကျောင်းကလည်း ယဲ့ချင်အား ကုသပေးရန် တစ်ခါမှ မတွေးခဲ့ပေ။ ထိုနေ့ညတွင် ကျင်းယွင်ကျောင်းသည် နေရာလွတ်နယ်မြေထဲ၌ နေခဲ့ပြီး သူမ၏စိတ်ထဲသို့ စုပ်ယူထားသည့် ကျောက်စိမ်းအပိုင်းထဲရှိ အချက်အလက်များအား နောက်တစ်နေ့ရောက်သည်အထိ ညလုံးပေါက် အသေးစိတ် ဖတ်ရှုလေ့လာနေခဲ့သည်။