Chapter 9
Viewers 14k

Chaprer 9 : အရင်အိမ်ထောင်မှ ပါလာသည့် ကလေး 


ဆေးပညာရပ်များကို သင်ကြားရခြင်းသည် ကျင်းယွင်ကျောင်းကဲ့သို့ ယခုမှ စတင်သင်ကြားဖူးသူ အသစ်စက်စက်ကလေးအတွက် အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်။ သို့သော် ကောင်းသည့်အချက်မှာ အနည်းဆုံးတော့ အချက်အလက်များအားလုံးကို သူမ၏ဦးနှောက်ထဲတွင် ရေးထိုးထားပြီးဖြစ်ခြင်းပင်။ အကယ်၍ သူမ တစ်ခုခုကို နားမလည်ပါက ၎င်း၏အကြောင်းကို စဥ်းစားလိုက်ရုံသာဖြစ်ပြီး ရှင်းလင်းချက်က သူမဆီသို့ အလိုအလျောက် ရောက်ရှိလာလိမ့်မည်။ 


အပြင်လောက၌ တစ်ရက်သာလကုန်သွားသေးသော်လည်း သူမ၏နေရာလွတ် နယ်မြေထဲ၌မူ သူမသည် ငါးရက်မျှ နေထိုင်ခဲ့ပြီးဖြစ်၏။ ကျင်းယွင်ကျောင်းသည် ဤကျောက်စိမ်းအပိုင်းကို စုပ်ယူပြီးသွားသောအခါ သူမ၏နားလည်နိုင်စွမ်းလည်း တိုးတက်လာသည်ဟု ခံစားလိုက်ရ၏။ တဖန် သူမ၏တိုးတက်မှုအရှိန်အဟုန်ကလည်း အံ့ချီးဖွယ်ကောင်းလှသည်။ အနည်းဆုံးတော့ သူမသည် အခြေခံဆေးပင်များ၏ ဂုဏ်သတ္တိများနှင့် ပတ်သတ်လျှင် နလပိန်းတုံးမဟုတ်တော့ပေ။ 


ထို့နောက် တနင်္လာနေ့သို့ ရောက်လာ၍ ကျောင်းသွားရန် အချိန်ကျရောက်လာ၏။ 


ကျင်းယွင်ကျောင်းသည် ချောင်မျိုးရိုး မောင်နှမနှင့်အတူ ကျောင်းသွားခဲ့သည်။ သူတို့တက်နေသော ကျောင်းသည် ဟွားနင်ခရိုင်တွင် အကောင်းဆုံးကျောင်းများထဲမှ တစ်ခုဖြစ်၏။ 


ကျင်းယွင်ကျောင်းသည် နင်းမြို့တွင် နေထိုင်ပြီး ထိုမြို့၌ ဤကျောင်းသို့တက်ရောက်နိုင်သည့် ကျောင်းသားဦးရေမှာ လက်တစ်ဆုပ်စာခန့်သာရှိသည်။ ကျင်းယွင်ကျောင်းသည် ထိုကျောင်းသို့ အကောင်းဆုံးအဆင့်နှင့် ဝင်ခွင့်ရခဲ့ခြင်းဖြစ်၏။ ကျောင်းစရိတ် အဖိုးအခများကို မပေးဆောင်ရသည့်အပြင် သူမသည် ပညာသင်ဆုငွေအများအပြားကိုလည်း ပေးအပ်ခြင်းခံခဲ့ရသေးသည်။ သူမသည် အတော်လေး နာမည်ကြီး၏။ 


မြို့ငယ်လေးမှ ခရိုင်မြို့ကြီးဆီသို့ ကားဖြင့် တစ်နာရီကျော် ကြာသွားရသည်။ ထိုခရီးတစ်လျှောက်လုံးတွင် ကျင်းယွင်ကျောင်းသည် maskတစ်ခု တပ်ထားပြီး သူမ၏ဆံပင်ရှည်ကြီးမှာလည်း ရှုပ်ပွနေ၏။ 


သူမ ဝတ်ရသော အဝတ်အစားများသည် အမြဲတမ်းပင် ချောင်ဟုန်ယဲ့မလိုချင်သော အင်္ကျီများသာဖြစ်ပြီး ၎င်းကို ဖုံးကွယ်ထားရန်လည်း ဘယ်တော့မှ မလိုအပ်ခဲ့ပေ။(T/N : အင်္ဂလိပ်ထွမ်စလိတ်တာက ဒီစာကြောင်းက နည်းနည်းရှုပ်လို့ သူနားလည်သလိုပဲ ပြန်လိုက်ပါတယ်တဲ့။) 


သူတို့ ကျောင်းထဲသို့ ဝင်လိုက်သည်နှင့် လူအများက စတင်အာရုံစိုက်လာကြကာ တီးတိုးပြောဆိုနေကြသည်။ 


သို့သော် ၎င်းမှာ သူမ၏အဝတ်အစားများကြောင့် မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်ရက်က ဖြစ်သွားခဲ့သော သူမ လမ်းသရဲတစ်စုနှင့် အချိန်ဖြုန်းနေသည်ဆိုသော ကိစ္စကြောင့်သာ ဖြစ်ကြောင်း ကျင်းယွင်ကျောင်း နားလည်၏။ 


သူမ စာသင်ခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ယောက်က လှမ်းသတိပေးလာသည်။ 


"ကျင်းယွင်ကျောင်း နင့်ကို ဆရာမက စာမေးပွဲမစခင် သူ့ရုံးခန်းကို ခဏလာခဲ့ပါဦးတဲ့။" 


ကျင်းယွင်ကျောင်းက ကြိုတင်ခန့်မှန်းမိပြီးသားဖြစ်၏။ အတိတ်ဘဝက သူမသည် သူမ၏ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ယဲ့ချင်ဆုံးပါးသွားမှုကြောင့် ကျောင်းထွက်ခဲ့ရသည်။ ရလဒ်အနေဖြင့် သူမကိုယ်တိုင် ရှင်းပြရန် ဘယ်တော့မှ အခွင့်အရေးမရတော့သောကြောင့် ၎င်းက သူမ၏ဘဝတွင် အစွန်းအထင်းတစ်ခု ဖြစ်လာခဲ့သည်။ 


တကယ်တမ်းတော့ သူမ၏အတန်းပိုင်ဆရာမသည် သူမအား စိတ်ရင်းနှင့် ဂရုစိုက်ပေး၍ ကျင်းယွင်ကျောင်းက ထိုကဲ့သို့သော လူစားမျိုးဆိုသည်ကိုလည်း ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။ ကျင်းယွင်ကျောင်း ကျောင်းထွက်ဖို့ ကြိုးစားသောအခါတွင်လည်း ဆရာမသည် တခြားနည်းလမ်းများဖြင့် သူမကို စည်းရုံးရန် ကြိုးစားခဲ့သေးသည်။ သို့သော် ထိုအချိန်တွင် မြို့ထဲမှ ကောလဟာလ အတင်းအဖျင်းများက အကြီးအကျယ်ပျံ့နှံ့နေပြီဖြစ်၏။ အခြားသူများက သူတို့အား ယုံကြည်ရန် ခက်ခဲလေသည်။ 


ကျင်းယွင်ကျောင်းသည် စာသင်ခန်းထဲ၌ ဆက်မနေတော့ဘဲ ရုံးခန်းသို့ ချက်ချင်း ထွက်လာလိုက်၏။ 


ကဲ့ရဲ့လှောင်ပြောင်သော အသံများ၊ ခပ်နှိမ်နှိမ် မှတ်ချက်များနှင့် ရွဲ့စောင်း၍ စော်ကားမော်ကားပြောဆိုမှုများသည် သူမ၏နောက်တွင် ကျန်ခဲ့လေသည်။ 


"တွေ့လား၊ အကျင့်ကောင်းပြီး မွန်မြတ်ချင်ယောင်ဆောင်နေတာ။ သောကြာနေ့တုန်းက နင် မမြင်ခဲ့ဘူးလား။ သူက တကယ်ကြီး လမ်းသရဲတွေနဲ့ ရင်းနှီးနေတာလေ။ ပြီးတော့ ငါကြားခဲ့တာ သူက သူ့ညီမကို အနိုင်ကျင့်ဖို့တောင် အဲဒီလမ်းသရဲတွေကို တောင်းဆိုနေတာတဲ့။" 


"ဒါပေမယ့် သူတို့က ညီအစ်မတွေလေ။ မဖြစ်နိုင်တာ...." 


"နင် ဘာသိလို့တုန်း။ ကျင်းယွင်ကျောင်းက သူ့အမေရဲ့အရင်အိမ်ထောင်ကနေ ပါလာတဲ့ကလေးပဲ။ သူတို့က အဖေမှ မတူတာ။ ပြီးတော့ သူ့ကိုကြည့်ပါ့လား။ အစ်မတစ်ယောက်လိုများ ဘယ်လို ပြုမူလို့လဲ။ ကျင်းယွင်ကျောင်းက စာမေးပွဲဖြေတိုင်း ချောင်ဟုန်ယဲ့ကို အမြဲတမ်း အများကြီးနောက်ကောက်ကျအောင် လုပ်နေကျ။ ငါတော့ သူ့လို အရှက်မရှိတဲ့သူမျိုး တစ်ခါမှကို မမြင်ဖူးဘူး။" 


(FH: wtf ဒါဆို ငါ့ဝမ်းကွဲတွေ ငါ့ထက် အမှတ်ကောင်းဖို့အတွက် ငါက အမှတ်ဆိုးဆိုးဝါးဝါး ရ ရမယ်လို့ မင်းက မျှော်လင့်ထားတာလား၊ မရဘူး အရူးရဲ့။) 

…… 


ကျင်းယွင်ကျောင်းသည် ထိုကဲ့သို့သော မှတ်ချက်အများအပြားကို ယခင်ကတည်းက ကြားဖူးပြီးသားဖြစ်ရာ သူမသည် သူတို့ပြောသည်အား မကြားချင်ယောင်ဆောင်ဖို့သာ ရွေးချယ်လိုက်တော့သည်။ 


သို့သော် ယနေ့သည့် လပတ်စာမေးပွဲနေ့ဖြစ်ရာ ရုံးခန်းတစ်ခုလုံး ကျောင်းသားများ၏စာအုပ်များနှင့်ပြည့်နေ၏။ ဆရာဆရာမများကလည်း တိတ်ဆိတ်နေကြသည်။ 


ကျင်းယွင်ကျောင်း ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် တချို့ဆရာဆရာမများသည် သူမအား မသိမသာ ကြည့်မိလိုက်ကြ၏။ 


ကျင်းယွင်ကျောင်းသည် အေခန်းမှ ဖြစ်သည်။ တာဝန်ကျသည့် အတန်းပိုင်ဆရာမ၏ မျိုးရိုးအမည်မှာ ကျင် ဖြစ်၏။ သူမသည် မျက်မှန်တပ်လေ့ရှိပြီး ဆံပင်အတိုနှင့်ဖြစ်ကာ သပ်သပ်ရပ်ရပ်ရှိ၍ ခြုံငုံကြည့်လိုက်ပါက အရည်အချင်းရှိ၍ အတွေ့အကြုံများပုံပေါက်သည်။ သူမသည် အသက်သိပ်မကြီးသေးပေ၊ နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ကိုးဝန်းကျင်လောက်သာ ဖြစ်နိုင်၏။ 


ကျင်းယွင်ကျောင်းအား မြင်သောအခါ ဆရာမကျင်၏အမူအယာမှာ ရှုပ်ထွေးသွားသည်။ သူမက မျက်မှန်ကို ပင့်တင့်လိုက်ပြီး လက်ကို ဝေ့၍ ကျင်းယွင်ကျောင်းအား ထိုင်ရန် အချက်ပြလိုက်၏။ 


"ဆရာမကျင်" 


ကျင်းယွင်ကျောင်းက သူမအား တရိုတသေ နှုတ်ဆက်လိုက်သည်။ 


ဆရာမကျင်က သက်ပြင်းချလိုက်ပြီး 


"ကျင်းယွင်ကျောင်း၊ မင်းကို ငါ ဘာလို့ ခေါ်တာလဲဆိုတာ သိလား။" 


"ကျွန်မလုပ်တာကို ကျွန်မယုံကြည်ချက်ရှိပါတယ်၊ ဒါပေမယ့် ဆရာမကျင် ကျွန်မမှာလည်း ဆရာမကို ပြောစရာရှိပါတယ်။" 


ကျင်းယွင်ကျောင်းက ထိုသို့ပြန်ဖြေလိုက်ပြီးနောက် မျက်နှာတွင် တပ်ထားသော maskကို ချွတ်လိုက်သည်။ 


ဆရာမကျင်သည် ကျင်းယွင်ကျောင်း၏ပါးပေါ်၌ နီရဲဖူးယောင်နေသည့် အရာကြီးအား မြင်လိုက်ရလေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ၎င်းမှာ လက်ဝါးရာ ဖြစ်ကြောင်း ပြောနိုင်၏။ 


ဆရာမကျင်က ထိတ်လန့်သွားပြီး 


"ဒါ ဘယ်လိုဖြစ်တာလဲ။" 


ကျောင်းသူတစ်ယောက်က ရုတ်တရက် ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရတာလား။ ဘယ်သူလုပ်တာလဲ။ ဒါကို ဘာကြောင့် ခွင့်ပြုပေးထားရမှာလဲ။