Chapter 35
Viewers 14k

Chapter 35 : အားပြင်းသော တန်ပြန်တိုက်ခိုက်ခြင်း


ကျောင်းသားများသည် ဘာဖြစ်သွားမှန်း မသိလိုက်ကြချေ။ သို့သော် သူတို့သည် ကျန်ရှ ပြောသည်ကို ကြားသောအခါ ချက်ချင်း နားလည်သွားကြ၏။


ကျင်းယွင်ကျောင်းက သူမ၏ ဖတ်စာအုပ်ကို ပိတ်လိုက်ကာ ခေါင်းလှည့်၍ ကျန်ရှ နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူမ၏ မျက်ဝန်းများက အေးစက်နေ၏။


“နင် ဘာလို့ ငါ့ကို ကူညီဖို့ ကြိုးစားနေတာလဲဆိုတာ ငါ နားမလည်ဘူး။ ပြီးတော့ လူတိုင်းက ချောင်ဟုန်ယဲ့ မဟုတ်ဘူး။ လူတိုင်းက သူ့လိုမျိုး ပေါင်းသင်းဆက်ဆံရေး ချောမွေ့ပြေပြစ်နေတာလည်း မဟုတ်ဘူး။ နင် စကားပြောတာ ဟိတ်ဟန်တွေနဲ့ ယုံကြည်ချက်တွေများလွန်းတယ်။ သိတဲ့သူတွေက နင့်ကို ကြင်နာတတ်တဲ့သူလို့ပဲ ထင်ကြလိမ့်မယ်။ သူတို့က နင့်ကို တကယ် ချောင်ဝေ့မင်ရဲ့သားလို့တော့ ထင်ကြမှာ မဟုတ်ဘူး”


“ကျင်းယွင်ကျောင်း၊ နင် ဘယ်လိုကြီးပြောလိုက်တာလဲ။ အတန်းခေါင်းဆောင်က ဒီလောက်တောင် ဖော်ရွေတာ”


ကျင်းယွင်ကျောင်း၏ ရှေ့တွင် ထိုင်နေသော ကျောင်းကောင်စီအဖွဲ့ဝင်က နောက်လှည့်၍ ဝင်ပြောလေသည်။


ထိုကျောင်းကောင်စီအဖွဲ့ဝင်၏အမည်မှာ ယဲ့ချင်းဖြစ်၏။ သူမသည် အတော်လေး လှပ၍ အဆင့်မှာလည်း အတန်းထဲတွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။ ကျန်ရှ နှင့် ယဲ့ချင်းတို့အား လူအများက စုံတွဲအဖြစ် သဘောတူကြပြီး သူတို့ကမူ ထိုအတားအဆီး အလွှာပါးများ မဖောက်ဖျက်ကြသေးပေ။


“အတန်းခေါင်းဆောင်က နင့်အပေါ်တော့ ဖော်ရွေတဲ့ပုံ ရရင်ရမှာပေါ့။ ဒါပေမယ့် ငါနဲ့ကျတော့ ဘာဆိုင်လို့လဲ”


ကျင်းယွင်ကျောင်းက နှောင့်နှေးခြင်းမရှိ ပြန်တုံ့ပြန်လိုက်သည်။


“နင်တို့က လူတစ်ယောက်ရဲ့အတိတ်ကို မသိသေးဘဲနဲ့ သူတို့ရဲ့အနာဂါတ်ကို မတန်မရာ ဆုံးဖြတ်ချက်ချပေးနေချင်ကြတယ်။ နင်တို့ကိုယ် နင်တို့ တကယ်ကြီး နတ်ဘုရားတွေလို့များ ထင်နေကြတာလား။ ချောင်မိသားစုနဲ့ ငါ့ကြားက ပြဿနာက ငါ့ကိစ္စလေ။ ငါ တကယ်သိချင်မိတယ်၊ အတန်းခေါင်းဆောင်။ နင် အငန်တွေဘယ်လောက်တောင် စားထားလို့ ဒီလောက် လေးလံထိုင်းမှိုင်းနေရတာလဲ။ နင်က ငါ့ကို ချောင်မိသားစုကို တောင်းပန်စေချင်တယ်ဟုတ်လား။ ငါက ဘာကိစ္စကြောင့် တောင်းပန်ရမှာလဲဆိုတာ သိချင်မိတယ်”


ကျင်းယွင်ကျောင်းသည် သူမ၏ ဂုဏ်သတင်း ပိုကောင်းလာစေရန် ဆန္ဒရှိသည်။ သို့သော် သူများကြိုးဆွဲသည့်အတိုင်း လိုက်က,ပေးမည်အထိတော့ မဟုတ်ပေ။


နာမည်ကောင်းကဲ့သို့သော အရာကို သူမ တစ်နေ့ ပိုင်ဆိုင်လာလိမ့်မည်။ သို့သော် လူများက သူမကို ယခင်ကကဲ့သို့ ဆန့်ကျင်နေပါက သူမသည် အတင်းအကြပ် လုပ်ယူလိမ့်မည်မဟုတ်ပေ။


ကျင်းယွင်ကျောင်း၏ ခက်ထန်သော အရှိန်အဝါက သူမအား အနည်းငယ် ကြောက်မက်ဖွယ်ကောင်းပုံပေါက်စေသည်။ အထူးသဖြင့် ယခုကဲ့သို့ သူမ ဒေါသထွက်နေချိန်တွင် ဖြစ်သည်။


“ငါပြောခဲ့သလိုပဲ၊ ချောင်မိသားစုက နင့်ကို နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်လာခဲ့တာ။ နင်လည်း အိမ်မပြန်ရင် ပိုက်ဆံရှိမှာ မဟုတ်ဘူးလေ”


ကျန်ရှ၏ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်နေကြောင်း သူ၏ လေသံက သိသာလှ၏။


သူ၏ ဆိုလိုရင်းမှာ ကောင်းကောင်းမွန်မွန်သာဖြစ်သည်။ သူသည် ဤမျှကျေးဇူးမသိတတ်သောသူကို တစ်ခါမှ မတွေ့ဖူးချေ။ ယခင်က သူမအား မည်သူကမှ သဘောမကျခဲ့သည်မှာ အံ့သြစရာမဟုတ်။ သူမသည် ၎င်းနှင့် ထိုက်တန်သည််ပင်။


သူ ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်း၏ မျက်နှာပေါ်တွင် ခပ်ဝါးဝါး အပြုံးတစ်ခုပေါ်ထွက်လာ၏။


လူတိုင်းက သူမသည် ချောင်မိသားစုအပေါ်တွင် အကြွေးတင်နေသည်ဟု ထင်နေကြသည်။ သူမသည် သူတို့အပေါ် တကယ်ပင် အကြွေးတင်နေသည်လား၊ သေချာပေါက် မဟုတ်ပေ။


“ကြီးမြတ်လှတဲ့ အတန်းခေါင်းဆောင် ကျန်၊ နင်က ပျားရည်တွေပြည့်နေတဲ့ ပျားအိမ်လိုမျိုး ချိုမြိန်တဲ့ဘဝထဲမှာ ကြီးပျင်းလာရတာ၊ ဒါကြောင့် ငါ့လို လူတစ်ယောက် ဘယ်လိုရှင်သန်နေထိုင်ခဲ့ရသလဲဆိုတာ မသိတာ သဘာဝကျပါတယ်။ ငါ ကျောင်းမတက်ရသေးခင်တုန်းက အိမ်အလုပ်တွေအားလုံးကို လုပ်ဖို့ သင်ယူခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကိုတော့ နင့်ကို ပြောမပြချင်တော့ဘူး။ နင်က နင့်ရဲ့အနာဂတ်အတွက် ကျောင်းတက်နေပြီး ငါက ပညာသင်ဆုရဖို့အတွက် ကျောင်းတက်နေရတယ်။ ချောင်မိသားစုက ငါ့ကျောင်းစရိတ်အတွက် တစ်ပြားမှ မပေးခဲ့ဘူး၊ ပြီးတော့ ငါသုံးသမျှကလည်း ငါ ဆုရထားတဲ့ ပိုက်ဆံတွေချည်းပဲ။ နင်က ငါ့ကို ချောင်မိသားစုက ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့ ပြောခဲ့တယ်မလား။ ဒါပေမယ့် ငါ ဘာလို့များ နင့်ကို ချောင်မိသားစုနဲ့ တစ်ဖက်တည်းလို့ ထင်နေမိပါလိမ့်နော်”


ကျင်းယွင်ကျောင်း၏ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က မှတ်ဥာဏ်များသည် ပို၍ ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့သည်။


သူမသည် ငယ်စဥ်အခါက ငွေမရှာနိုင်စွမ်းမရှိသေးသောကြောင့် အမျိုးမျိုးသော ပြိုင်ပွဲများ၌ စာရင်းပေး၍ ဝင်ပြိုင်နိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။ ထို့နောက် သူမသည် အနိုင်ရရှိ၍ ဆုငွေများ ချီးမြှင့်ခံခဲ့ရသည်။ အခြားသော ပြိုင်ပွဲဝင်များအားလုံးသည် သူတို့၏မိဘများနှင့် အတူလာကြသော်လည်း သူမသည် အမြဲတမ်း တစ်ယောက်တည်းပင်။


သူမ အလယ်တန်းသို့ ရောက်သောအခါ လိုအပ်သည့်ပစ္စည်းများလာသည့်အတွက် သုံးစရာပိုက်ဆံလည်း ပိုလိုလာသည်။ ထို့ကြောင့် သူမသည် ပိတ်ရက်များတွင် အချိန်ပိုင်းအလုပ်များ လုပ်ခဲ့သည်။ သို့ရာတွင် သူမသည် ငယ်လွန်းသည်ဖြစ်ရာ မည်သူကမှ သူမကို မခိုင်းချင်ပေ။ နေ့တိုင်း သူမသည် ငွေပမာဏအနည်းငယ်အတွက် အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ရသည်။


အတိတ်ဘဝက သူမသည် ယဲ့ချင် နှင့် ချောင်ဟုန်ယဲ့တို့က သူမအား လေးစားထိုက်သည့်သူတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်သောကြောင့် ထိုအလုပ်များ လုပ်ခိုင်းသည်ဟုထင်ခဲ့သည်။ သို့သော် ယခုတွင်တော့ သူတို့သည် သူမအား ဆန်ပြုတ်တစ်ဇွန်းပင် မသဒ္ဒါ၍ ဖြစ်ကြောင်း နားလည်သဘောပေါက်သွားပြီဖြစ်၏။ အကယ်၍ သူမသည် ချောင်မိသားစုအပေါ် တကယ်အကြွေးတင်နေသည်ဆိုပါက အတိတ်ဘဝက သူတို့အား ပြန်လည်ပေးဆပ်ပြီး ဖြစ်သည်။


ကျန်ရှက ကျင်းယွင်ကျောင်း ဤသို့ပြောလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ကြောင်အ,နေမိ၏။


ကျင်းယွင်ကျောင်းက သူမရဲ့ကျောင်းစရိတ်အတွက် ချောင်မိသားစုရဲ့ ပိုက်ဆံတွေကို မသုံးခဲ့ဘူးလား။ သူမရဲ့နေထိုင်စရိတ်တွေအားလုံးကို သူမကိုယ်တိုင်ပဲ ရှာခဲ့ရတာလား။ မဖြစ်နိုင်ပါဘူး။


“နင်က စေတနာကောင်းနဲ့လား၊ ဒါမှမဟုတ် ပျက်ဆီးစေလိုတဲ့ စိတ်နဲ့လားဆိုတာ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ဒီနေ့ကစပြီး ကြီးမြတ်လှတဲ့ အတန်းခေါင်းဆောင် ကျန် လိုမျိုး ငါ့ကို ချောင်မိသားစုဆီပြန်သွားဖို့ စည်းရုံးတာမျိုး မလိုချင်ဘူး။ ဒါက ငါ ပထမဆုံးနဲ့နောက်ဆုံးအကြိမ် မေတ္တာရပ်ခံတာပဲ။ တကယ်လို့ ဒုတိယအကြိမ်ရှိလာခဲ့ရင် ကြားဝင်ညှိနှိုင်းပေးတဲ့သူတစ်ယောက်က ဘယ်လိုနောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆိုင်ရမလဲဆိုတာ ငါ နင်တို့ကို သိအောင် လုပ်ပေးမယ်”