Chapter 34
Viewers 14k

Chapter 34 : နင့်ပြဿနာက ငါ့ပြဿနာပဲလေ


ကျန်ရှ၏ မျက်နှာတစ်ခုလုံးက ကောင်းစေချင်သည့် စေတနာများနှင့် ပြည့်နှက်နေပြီး၊ သူ၏ရွှင်လန်းတက်ကြွသော ပုံစံနှင့် တွဲကြည့်လိုက်လျှင် သူသည် အမှန်တကယ်ပင် ကြင်နာ၍ ဂရုစိုက်တတ်သော ခံစားချက်ကို ပေးစွမ်းနေ၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ ချောင်မိသားစုနှင့် ပြန်လည်ပေါင်းထုပ်ရန် ဆန္ဒရှိနေပါက သူ့ကြောင့် စိတ်လှုပ်ရှားသွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။


သို့သော် လက်ရှိတွင် ကျန်ရှသည် အတိတ်ဘဝကကဲ့သို့ အကြံသမား ဖြစ်မလာသေးပေ။ သူသည် ကိစ္စများအပေါ်၌ ထားရှိသည့် သူမ၏ ခံစားချက်အစစ်အမှန်ကို မခန့်မှန်းနိုင်လောက်အောင်ပင် ဥာဏ်ရည် နည်းပါးနေသေးသည်။


ချောင်ဟုန်ယဲ့ကို တောင်းပန်ရမယ် ဟုတ်လား။ သူမ ဦးနှောက်ပျက်သွားမှဘဲ ဖြစ်နိုင်လိမ့်မယ်။


“အတန်းခေါင်းဆောင်၊ နင်က လူတိုင်းကို ဒီလိုပဲ ဆက်ဆံတာလား”


ကျင်းယွင်ကျောင်းက စိတ်လျှော့၍ စပြောလိုက်သည်။


ကျန်ရှ အနည်းငယ် အံအားသင့်သွား၏။ သူက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။


“အဲလို မဟုတ်ပါဘူး။ နင်က အတော်လေး အခက်အခဲဖြစ်နေတဲ့ပုံမို့လို့၊ ပြီးတော့ အခုကစပြီး ငါတို့က ထိုင်ခုံဖော်တွေဖြစ်လာကြတော့မှာဆိုတော့ နင့်ရဲ့ပြဿနာက ငါ့ပြဿနာပဲလေ။ ငါ နင့်ကို ကူညီပေးချင်ရုံပါ။ မစိုးရိမ်ပါနဲ့”


သူပြောနေစဥ်တွင် ကျင်းယွင်ကျောင်း၏ တည်ငြိမ်သော မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွား၏။


ရုတ်တရက် သူသည် မူလက သူ အထင်အမြင်သေးခဲ့သော မိန်းကလေးက အမှန်တကယ်ပင် လှပကြောင်း သိလိုက်ရသည်။ သူမ၏အသားအရေသည် တကယ်ကို ဖြူဝင်းနေပြီး ကြည်လင်သော ခံစားချက်ကို ပေးစွမ်းနေ၏။ သူမ၏စရိုက်မှာ အနည်းငယ် အေးစက်လွန်းပြီး လူမှုဆက်ဆံရေးကောင်းသော ချောင်ဟုန်ယဲ့နှင့် မတူပေ။ ကျင်းယွင်ကျောင်းသည် သန်မာလွန်းသော စရိုက်လက္ခဏာရှိသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ သို့သော် မိန်းကလေးများသည် ကြောက်တတ်၍ ချစ်စဖွယ်ကောင်းရမည်ဖြစ်ပြီး နားလည်မှုလည်း ရှိသင့်ပေသည်။ 


ဒေါသထွက်ရမည့်အစား ကျင်းယွင်ကျောင်းက ရယ်မောလိုက်၏။


“ဒါဆိုရင်တော့ ကြည့်ရတာ အတန်းခေါင်းဆောင်ရဲ့မျက်လုံးတွေက အလုပ်ကောင်းကောင်း မလုပ်တော့တဲ့ပုံပဲ။ နင် ငါ့ကို ဘယ်နေရာကြည့်ပြီး အခက်အခဲဖြစ်နေတဲ့ပုံလို့ မြင်နေတယ် ငါမသိဘူး။ ဒါ့အပြင်လည်း ငါတို့က ထိုင်ခုံဖော်တွေပဲဟာ၊ လက်ထပ်ထားတဲ့ စုံတွဲလည်း မဟုတ်ဘူး။ အပြောအဆိုတွေ ရင်းနှီးလွန်းနေတာ မကောင်းဘူးလေ၊ ဟုတ်တယ်မလား”


သူတို့အားလုံးသည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် ကျောင်းသားများသာဖြစ်သည်။ ကျန်ရှသည် “လက်ထပ်ပြီးသားစုံတွဲ” ဟူသော စကားကို ကြားသောအခါ သူ၏မျက်နှာသည် ချက်ချင်း ရဲတောက်သွား၏။


သူ အနည်းငယ် စိတ်အနှောက်အယှက်လည်း ဖြစ်သွားသည်။


“ငါတို့အားလုံးက အတန်းဖော်တွေပဲ”


သူက စတင်ရှင်းပြလာ၏။


“အတန်းခေါင်းဆောင်၊ နင် ဘေးအခန်းက ချောင်ဟုန်ယဲ့ကို ကြိုက်နေရင်လည်း သတ္တိမွေးပြီး သူ့ကို သွားဖွင့်ပြောလိုက်ပါ။ ငါ ဆရာမတွေကို နင်တို့ရဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းကို ပြန်မတိုင်ပါဘူး၊ ဒါပေမယ့် ကျေးဇူးပြုပြီးတော့ ငါ့ကို နင်နဲ့အတူ ဆွဲမချပါနဲ့လား။ ပြီးတော့ ငါက လူတွေနဲ့ အရမ်းနီးနီးကပ်ကပ်နေရတာကို မကြိုက်ဘူး၊ ဒါကြောင့် နောက်ကျရင် နင် ငါ့စာရေးခုံပေါ်က ဘာကိုမှ မထိဘဲ နင့်ခုံမှာပဲ နင်နေဖို့ တောင်းဆိုချင်တယ်”


ကျင်းယွင်ကျောင်းက ဆက်တိုက်ပြောပစ်လိုက်သည်။ သူမ၏အသံမှာ မကျယ်သော်လည်း စကားလုံးတိုင်း စာကြောင်းတိုင်းက ကျန်ရှအား တိုက်ခိုက်သွားသည်ဖြစ်ရာ သူသည် မှင်သက်၍ ကျန်ခဲ့၏။


သူသည် သူ၏ဂုဏ်သတင်းကို အလေးထားသော အသက်အရွယ်ဖြစ်သည်။ အထူးသဖြင့် ကျန်ရှကဲ့သို့သော ယောကျာ်းလေးမျိုးသည် အတန်းခေါင်းဆောင်ဖြစ်ပြီးနောက်တွင် ကျောင်းသားများကြား၌ ထင်းထွက်နေချင်ကာ ကြည့်လိုက်သည်နှင့် ကျန်လူများနှင့် မတူညီသော အရှိန်အဝါလည်း ရှိနေချင်သည်။ မိန်းကလေးများဆီကမူ ပို၍အထင်ကြီးလေးစားသော အကြည့်များကို လက်ခံချင်သည်။


သို့သော် ယခု ကျင်းယွင်ကျောင်းက ဘာပြောလိုက်သနည်း။ သူမက သူမကို ရွှံ့ဗွက်ထဲဆွဲခေါ်မယ့်သူတွေကို မကြိုက်ဘူးတဲ့လား။ အထူးသဖြင့် သူမနား အရမ်းကပ်တဲ့သူတွေကို မကြိုက်ဘူးတဲ့လား။


ကပ်တယ်ဟုတ်လား။ ကျန်ရှက သူ၏လက်ကို ငုံ့ကြည့်လိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် အနည်းငယ် စည်းကျော်နေသော်လည်း စာအုပ်ထောင့်စွန်းလေးကိုသာ ထိမိထားခြင်းဖြစ်၏။


“နင် ဘယ်..ဘယ်လိုတောင် ကျေးဇူးကန်းတာလဲ”


ဒေါသထွက်သွားသဖြင့် ကျန်ရှ၏ လေသံက မြင့်လာသည်။


အတန်းသည် ဆူညံနေသော်လည်း ကျောင်းသားများ၏တီးတိုးပြောသံများနှင့်သာ ပြည့်နေခြင်းဖြစ်၏။ ထိုကဲ့သို့ အသံမြှင့်၍ ပြောလိုက်ရာ ကျန်ရှ၏ ရုတ်တရက် ကြိမ်းမောင်းသံအား ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရလေသည်။


ကျန်ရှသည် ရုပ်ချောပြီး အဆင့်လည်း ကောင်းကာ အတန်းခေါင်းဆောင်လည်း ဖြစ်၏။ ထို့ကြောင့် သူသည် သူ၏အတန်းဖော်များကြားတွင် အတော်လေး ကျော်ကြားပြီး အထူးသဖြင့် ထိုကဲ့သို့ ထင်ရှားသည့် ယောက်ျားလေးများကို သဘောကျသည့် မိန်းကလေးများကြားတွင် ဖြစ်သည်။ ထိုကြောင့် ကျန်ရှက ထပေါက်ကွဲလေရာ လူအများစုက ကျင်းယွင်ကျောင်း ထပ်မံ၍ အမှားတစ်ခုခု လုပ်မိပြန်ပြီ ယူဆလိုက်ကြ၏။


လူတိုင်း လန့်ဖျပ်သွားပြီး စာသင်ခန်းသည် တိတ်ဆိတ်သွားသည်။


ကျန်ရှက အခြားသူများ၏အကြည့်များကို ခံစားမိပုံမပေါ်ပေ။ သူသည် စိတ်လျှော့ရန် ကြိုးစားလိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် အကြံကောင်းပေးနေသည့် မျက်နှာထားမျိုးပြင်လိုက်၏။


“ကျင်းယွင်ကျောင်း၊ ငါတို့အားလုံးက အတန်းဖော်တွေပဲ။ ဘာလို့ သိသိသာသာ မျဥ်းကြောင်းဆွဲဖို့ လိုမှာလဲ။ ပြီးတော့ အတန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ နင့်ကို ကူညီချင်တယ်။ စဥ်းစားကြည့်ရင် နင်က ကျောင်းသူတစ်ယောက်အရွယ်ပဲရှိသေးတာ။ နင့်မိဘတွေရဲ့အထောက်အပံ့မရှိဘဲ နင် သုံးစရာပိုက်ဆံ ဘယ်ကရမှာလဲ။ နင့်အဖေက နင့်ကို နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ဘာမှပြန်ဆပ်ဖို့လည်း မတောင်းဆိုခဲ့ဘူး။ နင် နင့်ရဲ့အဖေနဲ့ ရန်မဖြစ်သင့်ဘူး။ ချောင်ဟုန်ယဲ့ဆို ဘယ်လောက်လိမ္မာလဲကြည့်ပါ့လား၊ တစ်ခါမှ ပြဿနာ မရှာဖူးဘူး။ နင် သူ့ဆီကနေ သင်ယူသင့်တယ်။ ဒါဆိုရင် နောက်ကျ နင့်အဖေက နင့်ကို ချစ်လာလိမ့်မယ်”