Chapter 33 : ကိုယ်ပိုင်အယူအဆ
ကျင်းယွင်ကျောင်းသည် ရက်အနည်းငယ်ကြာ ကျောင်းပျက်ခဲ့သည်။ ကျောင်းပြန်တက်သောအခါ သူမသည် ယခင်ကနှင့် လုံးဝမတူတော့သော လူတစ်ယောက်ဖြစ်လာလေရာ ၎င်းက တစ်တန်းလုံး၏ စိတ်ဝင်စားမှုနှင့် သိလိုစိတ်ကို နှိုးဆွပေးနေသလိုပင်။
ကျင်းယွင်ကျောင်း၏ အဆင့်များက ကောင်းသော်လည်း သူမသည် သူမ၏ နာမည်ဆိုးကြောင့် ဘယ်သူကမှ သူမနှင့် ထိုင်ခုံဖော် မဖြစ်ချင်ကြပေ။ သူမကလည်း ခေါင်းမာသူတစ်ယောက်ဖြစ်ရာ သူမ၏ စာရေးခုံကို အတန်း၏ နောက်ဘက်သို့ ရွေ့ရန်သာ ဆုံးဖြတ်ခဲ့သည်။ ထိုနေရာ၌ သူမက မည်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေသလို မည်သူကမှလည်း သူမကို နှောက်ယှက်လိမ့်မည် မဟုတ်ပေ။
သို့သော် ယနေ့ သူမ၏ စာရေးခုံ ပျောက်နေကြောင်း ထူးထူးဆန်းဆန်း သိလိုက်ရ၏။
“ကျင်းယွင်ကျောင်း နင့်စာရေးခုံက ဒီမှာ”
လူကြားထဲမှ ကောင်လေးတစ်ယောက်က ပြုံး၍ အော်ပြောလိုက်သည်။
ထိုကောင်လေးညွှန်ပြသည့်အတိုင်း လိုက်ကြည့်လိုက်ရာ သူမ အံ့သြဆွံ့အသွားရ၏၊
စာရေးခုံသည် အတန်း၏ အဓိကနေရာကောင်းတွင် ရှိနေသည်။ သူမမှတ်မိသည်သာ မှန်ပါက သူမ၏ ထိုင်ခုံဖော်သည် အတန်းခေါင်းဆောင်ဖြစ်ပြီး ရှေ့ခုံ၌ ထိုင်သောသူသည် ကျောင်းကောင်စီအဖွဲ့ဝင်ဖြစ်သည့်အပြင် နောက်ရှိ ကျောင်းသားအားလုံးကလည်း အဆင့်ကောင်းသူများဖြစ်ကြ၏။ တော်သော ထက်သော ကျောင်းသားအားလုံး ထိုနေရာ၌ စုနေကြသည်ဟု ဆိုနိုင်သည်။
သူမ၏ ထိုင်ခုံဖော်ဖြစ်သော ထိုအတန်းခေါင်းဆောင်က....
ကျင်းယွင်ကျောင်း မျက်မှောင်ကြုတ်လိုက်၏။
အတန်းခေါင်းဆောင်၏အမည်မှာ ကျန်ရှဖြစ်သည်။ သူ၏အဆင့်များသည် အတန်း၏ထိပ်ဆုံးငါးယောက်ထဲသို့ ဝင်ပြီး ဘတ်စကတ်ဘောအသင်းဝင်လည်း ဖြစ်၏။ သူသည် ကျောင်း၏အချောဆုံးကျောင်းသားစာရင်းတွင်ပင် ပါဝင်ပြီး ထိပ်ဆုံးအဆင့်များထဲမှတော့ မဟုတ်ပေ။
ကျင်းယွင်ကျောင်းက သူ့အား မှတ်မိနေသည့် အကြောင်းရင်းမှာ သူ၏ထူးချွန်မှုများကြောင့် မဟုတ်။ သူသည် သူမအား အရူးအမူးလိုက်ခဲ့သောသူ ဖြစ်သောကြောင့်ပင်။
မူလက သူသည် သူမအား ရပြီးနောက် စွန့်ပစ်ရန်သာ ရည်ရွယ်ခဲ့သော်လည်း ထိုသို့မဖြစ်ခင်မှာပင် သူမသည် ထောင်ထဲ၌ အဆုံးသတ်သွားလိမ့်မည်ဟု မထင်ခဲ့မိပေ။
သူသည် သူမအား မည်မျှပင် ရူးရူးမူးမူး လိုက်ခဲ့ပါစေ၊ ကျင်းယွင်ကျောင်းသည် သူ့အား တစ်ခါမှ ရင်မခုန်ခဲ့ပေ။ အနည်းငယ် စိတ်လှုပ်ရှားမိရုံသာဖြစ်၏။
ကံဆိုးစွာပင် သူမအား စိတ်လှုပ်ရှားစေခဲ့သူသည် လူလိမ်တစ်ယောက်သာဖြစ်ကြောင်း သူမ ဘယ်တုန်းကမှ မတွေးမိခဲ့။ ချောင်ဟုန်ယဲ့၏ အချစ်ကိုရဖို့ ကြိုးစားရန်အတွက် လုပ်ခဲ့သည့် လူလိမ်တစ်ယောက်ဖြစ်၏။ ထိုသို့လုပ်ခဲ့ခြင်းကလည်း သူမ၏ကျန်ရှိသော ဘဝလက်ကျန် အလင်းရောင်လေးကိုပါ ပျောက်ကွယ်သွားစေခဲ့သည်။
ကျင်းယွင်ကျောင်းသည် အစက ငြင်းပယ်လိုက်ချင်ခဲ့သော်လည်း အတိတ်ဘဝက ကျန်ရှ သူမအား လုပ်ခဲ့သည်များကို တွေးမိလိုက်သောအခါ ချက်ချင်းသွားထိုင်လိုက်သည်။
“ကျင်းယွင်ကျောင်း၊ ငါတို့အားလုံး အရင်က မင်းကို အထင်လွဲခဲ့ကြတယ်။ ငါ တစ်တန်းလုံးရဲ့ကိုယ်စား ငါတို့ရဲ့အပြုအမူတွေအတွက် မင်းကို တောင်းပန်ပါတယ်။ ပြီးတော့ ဒီနေရာမှာ ထိုင်လို့ရပါတယ်။ အနာဂတ်မှာ မင်း အဆင်မပြေတာရှိရင် ငါတို့ တစ်ယောက်နဲ့တစ်ယောက်နဲ့ ကူညီနိုင်တယ်လေ။
ကျန်ရှက မတ်တပ်ထရပ်လိုက်ပြီး အားလုံးရှေ့တွင် ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်၊ အတန်းခေါင်းဆောင်”
ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။ သူမ၏ အမူအယာမှာ ကျန်ရှ မျှော်လင့်ထားသည်နှင့်မတူဘဲ ထက်ထက်သန်သန် မရှိပေ။
ကျန်ရှ အနည်းငယ် မကျေမနပ်ဖြစ်သွား၏။
အတန်းထဲရှိ မိန်းကလေးတော်တော်များများသည် သူ့အား သဘောကျနေကြပြီး သူ့ဘေး၌ ထိုင်ချင်သူများစွာရှိသည်။ သို့သော် ယခုတွင်မူ ကျင်းယွင်ကျောင်းအား ထိုအရင်နေရာ၌ ထိုင်ခွင့်ပြုခဲ့သော်လည်း သူမက ဘာကြောင့် ဘာခံစားချက်မှ မပြဘဲ နေနိုင်ရသနည်း။
သို့သော် လက်ရှိအချိန်၌ သူတို့သည် အခြားကျောင်းသားများ၏ ရှေ့တွင်ဖြစ်ရာ ဆိုးဝါးသော သဘောထားကို ပြမိပါက သူ၏ဂုဏ်သတင်းအတွက် မကောင်းပေ။ ထို့ကြောင့် ကျန်ရှသည် သည်းခံ၍ ပြုံးသာပြုံးပြလိုက်ရ၏။
“ကျင်းယွင်ကျောင်း၊ ငါကြားတာ နင်က အိမ်မှာ ဆက်မနေတော့ဘူးဆို။ နင် နင့်ရဲ့မိဘတွေနဲ့ ပြဿနာဖြစ်ထားလို့လား။ အမှန်တိုင်းပြောရရင် မိဘတိုင်းက သူတို့သားသမီးကို ချစ်ကြတာပဲ၊ ဖော်ပြပုံခြင်း မတူရုံပါ။ အဲဒီအကြောင်းကို သိပ်စိတ်မပူပါနဲ့။ သောကြာနေ့အထိ စောင့်ပြီးရင် မင်း အိမ်ကို ပြန်သင့်တယ်၊ အလျှော့ပေးပြီး တောင်းပန်လိုက်ပါ။ ဒါဆိုရင် အားလုံးအဆင်ပြေသွားမှာပါ”
ကျန်ရှက ဘေးတွင် ဝင်ထိုင်လိုက်ပြီး ရှည်ရှည်ဝေးဝေး ပြောလာသည်။
ကျင်းယွင်ကျောင်းသည် ရုတ်တရက် ကျန်ရှအား ရွံစရာပိုးမွှားတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ အတိတ်ဘဝက သူမသည် ၎င်းကို လုံးဝသတိမထားမိခဲ့ပေ။
ကျင်းယွင်ကျောင်းသည် စာအုပ်တစ်အုပ်ကို ဖွင့်ထားပြီး ခေါင်းမော့မလာဘဲ သူ့အား မမြင်သလို မကြားသလို ပြုမူနေလိုက်သည်။
“နင် ဘာလို့ပြန်မပြောတာလဲ။ နင် စိတ်ဓါတ်ကျနေတာလား။ တကယ်တော့ နင် ဒီလိုမလုပ်သင့်ဘူး။ ဘေးအခန်းက ချောင်ဟုန်ယဲ့က နင့်ရဲ့ညီမလေးမဟုတ်လား။ တကယ်လို့ မင်း ဒီလိုလုပ်ဖို့ကို တွန့်ဆုတ်နေတယ်ဆိုရင်လည်း ငါ မင်းကို ပျော်ပျော်ကြီး ကူညီပေးပါ့မယ်။ ငါ အတန်းပြီးရင် ချောင်ဟုန်ယဲ့ကို သွားပြောလိုက်မယ်၊ တောင်းပန်ရုံလေးပဲဟာ မခက်ခဲပါဘူး။