Chapter 32 : ကောလဟာလများကို ရှင်းလင်းခြင်း( ဒုတိယပိုင်း)
ဒါရိုက်တာက စကားအနည်းငယ်ပြောလိုက်ပြီးသည်နှင့် ကျောင်းသားများက စတင်၍ တီးတိုးပြောဆိုကြတော့သည်။
“အဲဒါ ကျင်းယွင်ကျောင်းရဲ့အကြောင်းများလား”
“အဲဒါပဲ သေချာတယ်။ ဘယ်သူများ ရှိသေးလို့လဲ။ အခုတစ်လော ဘယ်သူမှ အော်ကြီးဟစ်ကျယ်တွေ မလုပ်ခဲ့ဘူးလေ။ အထူးသဖြင့် နင်တို့ မနေ့က သူ့အဖေကို မမြင်လိုက်ကြလို့။ သူက တကယ့်ကို ဒေါသတကြီးနဲ့ ကျင်းယွင်ကျောင်းက လမ်းသရဲတွေနဲ့ ဇာတ်လမ်းတွေရှုပ်ခဲ့ပါတယ်ဆိုပြီး အကျယ်ကြီး အော်ဟစ်နေခဲ့တာ။ အဲဒါအရင်ကတော့ ကောလဟာလဆိုပေမယ့် မနေ့ကကျ တကယ်ကြီး ဖြစ်နေတယ်”
ကျင်းယွင်ကျောင်း၏ ဘေးရှိ ကျောင်းသားများသည်ပင် ထိုကဲ့သို့ တီးတိုးပြောနေကြ၏။
“ကျောင်းသားတွေ တိတ်စမ်း၊ ကျေးဇူးပြုပြီး ငြိမ်ကြပါ”
ဒါရိုက်တာက အသံမြှင့်ပြီး ဆက်ပြောလိုက်သည်။
“အရင်က ဖြစ်ပွားခဲ့တဲ့ လမ်းသရဲတွေရဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီးတော့ ကျင်းယွင်ကျောင်းနဲ့ ကျောင်းကနေပြီး ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့ပြီး အဲဒီလူတွေကို ဖမ်းမိထားပြီးပါပြီ။ အဆင့်ဆင့်စုံစမ်းမေးမြန်းမှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ အဲဒီလမ်းသရဲတွေက ကျင်းယွင်ကျောင်းနဲ့ လုံးဝပတ်သတ်မှုမရှိဘူးဆိုတာကို အတည်ပြုခဲ့ပါတယ်။ နှစ်ဖက်လုံးက တစ်ဖက်နဲ့တစ်ဖက် လုံးဝမသိကြဘူး၊ ဒါကြောင့် အရင်ကတည်းက ရင်းနှီးကျွမ်းဝင်ကြတယ်လို့ နာမည်တပ်လို့ မရပါဘူး။ ဒါကြောင့် ဒီနေ့ကစပြီး ကျောင်းအနေနဲ့ မင်းတို့အားလုံး အပြောအဆို ဂရုစိုက်ကြဖို့ မျှော်လင့်ပါတယ်။ မဆင်မခြင် မပြောပါနဲ့။ ဆရာ ဆရာမတွေအားလုံးကလည်း စောင့်ကြည့်နေရပါမယ်။ အကယ်၍ ဘာမှမဟုတ်တဲ့ကိစ္စကိုမှ ပြဿနာရှာချင်သေးတဲ့ ကျောင်းသားရှိနေသေးရင် ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးခံရပါမယ်”
(T/N : ဒီမှာပြောသွားတဲ့ အရင်ကတည်းက ရင်းနှီးကျွမ်းဝင်ကြတယ်(早恋)ဆိုတာက puppy loveလိုမျိုး ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားပြီး ချစ်ကြကြိုက်ကြတာမျိုးကိုပြောချင်တာပါ။ ဒီမှာပြောသွားတဲ့ အဓိပ္ပါယ်မှာကျ ဆယ်ကျော်သက်တွေရဲ့ လိင်မှုကိစ္စနဲ့ပတ်သတ်တာတွေကိုရော ရည်ညွှန်းပါတယ်၊ ရှင်းရှင်းပြောရရင် ယွင်ကျောင်းက လမ်းသရဲတွေနဲ့ အစကတည်းက သိတောင်မသိတာမို့လို့ အိပ်ခဲ့တယ်အိပ်ဖူးတယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ပြောတာပါ။)
ဒါရိုက်တာ ကျောင်းသားများအား စုဝေးပွဲပြီးသည်အထိ ဆုံးမစကား ဆက်လက်ပြောဆိုနေသည်။ ထို့နောက် အဆုံးတွင် သူက ထပ်မံ၍ သတိပေးလိုက်သည်။
“ဒီမနက် ဘီခန်းက လုကျားဆိုတဲ့ ကျောင်းသူက ကျောင်းမှာ ပြဿနာတစ်ခုရှာခဲ့တယ်။ ဒါကြောင့် မင်းတို့အားလုံးကို ဒီမှာ ထပ်သတိပေးလိုက်မယ်။ အကယ်၍ ဘယ်သူမဆို အခြားထပ်ပြီး ပြဿနာရှာခဲ့ရင် အပြစ်ကို မင်းတို့ရဲ့မှတ်တမ်းမှာ အမြဲတမ်း မှတ်တမ်းတင််ထားမယ်”
သူ၏ စကားအဆုံးတွင် ကျောင်းသားများအားလုံး အုတ်အုတ်ကျတ်ကျတ်ဖြစ်သွားကြသည်။
ကျင်းယွင်ကျောင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး သူမ၏ မျက်လုံးထဲတွင် ပြင်းထန်သော ခံစားချက်များ ဖြတ်ပြေးသွား၏။
နောက်ဆုံးတွင် သူမသည် အတိတ်ဘဝမှ အရိပ်ဆိုးအား ခွာချပစ်လိုက်နိုင်ပြီဖြစ်၏။ ကောလဟာလများနှင့် ညစ်နွမ်းခဲ့ရသော်လည်း ထုတ်ဖော်မပြောနိုင်ခဲ့ခြင်းတို့ အဆုံးသတ်သွားခဲ့ပြီ။
သူတို့၏ ဘေးကပ်ရက် အတန်းတွင် ချောင်ဟုန်ယဲ့က မတ်တပ်ရပ်နေပြီး သူမ၏ ခန္ဓာကိုယ်က တုန်ရီနေသည်။ သူမသည် ဤသည်အား လက်မခံချင်ပေ။ သူမသည် အခြားသူများက ကျင်းယွင်ကျောင်း၏ အကြောင်း ပြောနေသည်ကို ကြားလျှင် မုန်းသည်။ အထူးသဖြင့် ဤကဲ့သို့ လူတိုင်းက ကျင်းယွင်ကျောင်းကို မတရားမှု အကြီးကြီးအား ခံစားခဲ့ရသူတစ်ယောက်လို ပြောဆိုနေကြလျှင်ဖြစ်သည်။
ဘာမတရားမှုလဲ။ သူမ၏ မိဘများသည် ကျင်းယွင်ကျောင်းအား ပြုစုကျွေးမွေးခဲ့သည်။ သူမသည် ခွေးတစ်ကောင်သာသာပင်။ အနည်းဆုံးတော့ သူမ ကျေးဇူးကြွေးအား ပြန်ဆပ်ရမည်ဆိုတာကို သိသင့်၏။
ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ကျင်းယွင်ကျောင်းက ရုတ်တရက် ထူးထူးဆန်းဆန်းခံစားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ချောင်ဟုန်ယဲ့နှင့် အကြည့်ချင်း ဆုံသွား၏။ ထိုခဏ၌ ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက တွန့်ချိုးသွားပြီး နွေးထွေးမှုတစ်စက်မှ မပါရှိသည့် ကြောက်စရာကောင်းသော အပြုံးတစ်ခု ပြုံးလိုက်လေသည်။ ၎င်းမှာ တစ်ပါးသူအား ချွေးစေးများစီးကျလာလောက်အောင်ပင် အေးစက်လွန်းလှ၏။
ချောင်ဟုန်ယဲ့၏ နှလုံးသားက တစ်ချက်ခုန်သွားသည်။ သူမ၏ ဒေါသအရှိန်က ပို၍ အားနည်းလာပြီး ခေါင်းတစ်ဖက်လှည့်လိုက်ကာ မျက်လုံးများကို ပိတ်လိုက်သည်။
“ဟုန်ယဲ့၊ ဘာဖြစ်တာလဲ”
သူမ၏ ဖျော့တော့နေသော အသားအရေကြောင့် ဘေးမှ ကျောင်းသူက မေးလာ၏။
“ဘာမှမဟုတ်ပါဘူး။ နေပြင်းလို့ပါ။ အဲဒါကြောင့် ခေါင်းမူးသွားတာ”
ချောင်ဟုန်ယဲ့သည် သူမ၏ခေါင်းထဲမှ တဝီဝီမြည်သံကိုသာ ကြားနေရပြီး မသက်မသာခံစားလာရသဖြင့် ကြုံရာကျပန်း ဆင်ခြေတစ်ခုကိုသာ ပေးလိုက်ရတော့သည်။
ထိုကျောင်းသူက မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ဤသည်မှာ မနက်ခင်းအစောဖြစ်သည်။ ဘယ်က နေပြင်းတာလဲ။ နေ့ခင်းဆိုရင်တောင် နွေရာသီမှ မဟုတ်တာကို။ နေရောင်က ဘယ်လိုများ သူ့ကို ခေါင်းမူးအောင် လုပ်နိုင်ရတာလဲ။ ထို့အပြင် ချောင်ဟုန်ယဲ့၏ အမူအယာမှာ တစ်ယောက်ယောက်အား သတ်ချင်နေသကဲ့သို့ ကြောက်ဖို့ ကောင်းလှသည်။ တစ်ယောက်ယောက်ကများ သူမကို ရန်စသွားလို့လား။
ကျင်းယွင်ကျောင်းသည် ထိုပြောင်းလဲမှုတစ်ခုလုံးကို မြင်လိုက်ရ၏။ သူမ၏မျက်ဝန်းများက အေးစက်စက် ပြုံးရိပ်များ ယှက်သန်းသွားပြီး ရှေ့သို့ ခေါင်းပြန်လှည့်သွားသည်။
“ကျင်းယွင်ကျောင်း၊ ငါတောင်းပန်ပါတယ်။ ငါ အရင်ရက်တွေက နင့်အကြောင်း မကောင်းပြောခဲ့မိတယ်။ ဒါပေမယ့် ငါ မရည်ရွယ်ပါဘူး။ ငါ ထင်တာတွေ ပြောခဲ့မိတာ”
အတန်းသို့ပြန်သောလမ်းတွင် မိန်းကလေးတစ်ယောက် ရုတ်တရက် ရပ်လိုက်ပြီး ကျင်းယွင်ကျောင်းအား တောင်းပန်လာသည်။
“ရပါတယ်။ အခု အားလုံး ရှင်းလင်းသွားကြပြီပဲ”
ကျင်းယွင်ကျောင်းက ပြုံး၍ ပြန်ဖြေသည်။
သူမသည် သူမ၏ရန်သူများကို ခွင့်မလွှတ်ဘဲ လက်စားချေရန် အမြဲတမ်းတွက်ချက်နေခဲ့သော်လည်း ကျောင်းမှ လူအများစုသည်မူ သူမအပေါ်တွင် ဆိုးယုတ်သော ရည်ရွယ်ချက်မရှိကြပေ။ အထူးသဖြင့် ဤမိန်းကလေးက လာရောက်ဝန်ခံ၍ တောင်းပန်စကားဆိုနေသည်ဖြစ်ရာ သူမတွင် ဆက်လက် အငြိုးအတေးထားနေရန် အကြောင်းမရှိတော့။ ၎င်းမှာ သူမ၏ဂုဏ်သတင်းများ ပိုမိုကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲလာကြောင်း သက်သေပြရန်အတွက်လည်း လုံလောက်ပေ၏။
“ဒါ ငါ နင်နဲ့ ပထမဆုံးအကြိမ် စကားပြောဖူးတာပဲ။ လူတိုင်းက နင့်ကို မောက်မာပြီး မာနကြီးတယ်လို့ထင်ကြတာ။ ဒါပေမယ့် အခု နင်က လုံးဝဆန့်ကျင်ဘက်ပဲဆိုတာ ငါယုံသွားပြီ။ ပြီးတော့ နင့်အဆင့်တွေက အရမ်းကောင်းတာပဲ။ နင် နောက်ကျရင် ငါ့ကို မှတ်စုလေးတွေ ငှားပေးလို့ရမလားဟင်”
မိန်းကလေးက ချက်ချင်းပင် စိတ်သက်သာရာ ရသွားပြီး အံအားသင့်စွာ ပြောလာသည်။
“ရတာပေါ့၊ ကိစ္စမရှိဘူး”
ကျင်းယွင်ကျောင်းက လူအများနှင့်ဆက်ဆံရာတွင် အသားမကျသေးသောကြောင့် သူမ စကားပြောသည်မှာ အလွန်နည်း၍ အနည်းငယ် နုံချာချာပုံစံပေါက်နေ၏။
သို့ရာတွင် သူမကိုယ်တိုင် သတိမထားမိခဲ့သည့် သူမ မျက်နှာပေါ်မှ ဖျော့တော့တော့နှင့် လန်းဆန်းသော အပြုံးလေးက လူအများအား အံအားသင့်သွားစေသည်။ ကျောင်းသားများ၏ မရေမတွက်နိုင်သော စူးစူးရှရှအကြည့်များက သူမအား ရှက်သွေးဖြာသွားစေခဲ့လေ၏။