Chapter 37
Viewers 14k

Chapter 37 : ဒါတွေ အားလုံးက နင်ကောင်းဖို့အတွက်ချည်းပဲ


ရှောင်ဟိုင်ချင်း၏ မျက်နှာအား ကြည့်လိုက်ကာ ကျန်ရှက ချက်ချင်း ပျော့ကျသွား၏။


“ငါက ဘာအဓိပ္ပါယ်နဲ့မှ မဟုတ်ပါဘူး။ ငါ လုပ်သမျှအကုန်လုံးက သူ့ကောင်းကျိုးအတွက်ချည်းပါပဲ”


ကျန်ရှက နှုတ်ခမ်းစူလိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း အလိုမကျမှုများနှင့် ပြည့်နှက်နေလေရာ ထိုအရာများက သူ့အား အနည်းငယ် နွဲ့နှောင်းသွားစေသည်။


ဤမိန်းမဆန်သည့် သဘောထားက ရှောင်ဟိုင်ချင်းအတွက် ကျန်ရှအပေါ် ပို၍ အထင်အမြင်သေးစရာဖြစ်သွားစေပြီး သူမက တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်၏။


“နင် ကူညီပေးဖို့ ကြိုးစားနေလည်း ငါဂရုမစိုက်ဘူး။ ငါ ဒါမှမဟုတ် ကျင်းယွင်ကျောင်းကို လာမရှုပ်နဲ့။ နင် ယဲ့ချင်းနဲ့ တွဲပေးခံရတာကို မကြိုက်ဘူးဆိုရင် အဲဒီဘေးအခန်းက ကောင်မနာမည် ဘာပါလိမ့်၊ အေး နောက်ကျ နင်တို့ဘာသာ တစ်ယောက်နဲ့ တစ်ယောက် သေတဲ့အထိ ဂရုစိုက်နေကြလေ။ တခြားသူတွေကို ဆရာကြီးလုပ်ပြီး အော်ဟစ်ငေါက်ငမ်းနေတာတွေ ရပ်လိုက်စမ်းပါ”


ကျင်းယွင်ကျောင်း မလေးစားဘဲ မနေနိုင်။ တစ်တန်းလုံးတွင် ရှောင်ဟိုင်ချင်းသာ အခြားသူများအား ရန်လိုစွာ ပြောဆိုနိုင်ပြီး သူတို့ကမူ သူမအား တုံ့ပြန်ပြောဆိုရန် သတ္တိမရှိကြပေ။


ဤမိန်းကလေးသည် သူမ၏အကြိုက် ပို၍ပို၍ ဖြစ်လာသည်။


အတိတ်ဘဝက သူမတွင် သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ပေ။ ယခုတွင်မူ သူမ ပြန်လည်မွေးလာသည်မှာ တစ်ပတ်သာ ရှိသေးသော်လည်း သူမတွင် စူးချူနှင့် ရှောင်ဟိုင်ချင်း ရှိနေပြီဖြစ်၏။ သူမ ကျေနပ်နေပေသည်။


“အိုခေ၊ အိုခေ။ ဆရာမ လာတော့မယ်။ နင်တို့တွေ ငြိမ်ငြိမ်သက်သက်နေပြီး တစ်ပါးသူ စာလုပ်တာကို အနှောက်အယှက်မပေးလို့ ရမလား”


ရှောင်ဟုန်ယဲ့ ထိုသို့ပြောလိုက်သည်က သူတို့၏ ရှေ့တွင် ထိုင်နေသော ယဲ့ချင်းအား ရှက်ရွံ့ဒေါသထွက်သွားစေခဲ့၏။ ထို့ကြောင့် သူမသည် အမြန်ပင် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ဦး၏ ဟိတ်ဟန်ကို ထုတ်လိုက်ပြီး သူတို့အား သတိပေးလိုက်သည်။


သူမသည် သတ္တိရှိပြီး ဖြောင့်မတ်ပုံပေါ်သော်လည်း အမှန်တကယ်မှာ သူမက ကြွက်တွင်းတစ်တွင်းကို ရှာ၍ ပုန်းနေချင်ခဲ့၏။ ၎င်းမှာ သူမ ဘယ်လောက် စိတ်လှုပ်ရှားနေကြောင်း ဖော်ပြနေသည်။


ကျင်းယွင်ကျောင်းသည် တစ်ယူသန်တစ်ယောက် မဟုတ်ပေ။ နေရာအနေအထားက မသင့်တော်လေရာ သူမသည် ကျန်ရှနှင့် ယဲ့ချင်းတို့ ဆူဆူညံညံပြောဆိုနေကြသည်အား မသိချင်ယောင်ဆောင်၍သာ နေသည်။


တစ်ဖက်တွင်မူ ရှောင်ဟိုင်ချင်းက သူမ၏ ထိုင်ခုံဖော်အား ကျင်းယွင်ကျောင်းနှင့် ထိုင်ခုံချင်းလဲရန် အမိန့်ပေးလိုက်သည်။


ခဏအတွင်းမှာပင် ကျင်းယွင်ကျောင်းသည် ထိုင်ခုံနေရာ နှစ်ခါပြောင်းခဲ့ပြီးဖြစ်၏။ ဘယ်သူကမှ ထိုမြန်နှုန်းကို လိုက်မမီနိုင်ပေ။


ဆရာမကျင် ဝင်လာသောအခါ သူမသည် သူတို့ကို တစ်ချက်သာ ခပ်မြန်မြန်ကြည့်လိုက်၏။ သူမက သူတို့အား မငေါက်ရုံသာမက သူမသည်လည်း အမှန်တကယ်ပင် အတော်လေး ကျေနပ်နေပုံရသည်။


ကျင်းယွင်ကျောင်း၏ အဆင့်များသည် ကောင်း၏။ အတန်း၏နောက်တွင် ထိုင်ခြင်းက သူမ၏အရည်အသွေးအား ထိခိုက်စေသည်။ အဘယ်ကြောင့် သူမအနေနှင့် ထိုဖြစ်ရပ်ကို ခွင့်ပြုထားရမည်နည်း။ အကယ်၍ သူမ၏ဘေးတွင် မည်သူမှ မထိုင်ချင်လျှင်တောင်မှ ဆရာမကျင်က ကျင်းယွင်ကျောင်းအား သူမ၏ မျက်စိအောက်တည့်တည့်တွင်သာ ထိုင်စေချင်လိမ့်မည်ဖြစ်သည်။


သူမ ပြန်လည်မွေးဖွားပြီးနောက် ပထမဆုံးကျောင်းတက်ရက်၌ သူမသည် အစောပိုင်း အနှောက်အယှက်အသေးအမွှားတို့ကလွဲလျှင် ပြဿနာကြီးကြီးမားမားမရှိဘဲ ဖြတ်သန်းခဲ့ရ၏။


ထူးဆန်းသည်က ကျောင်းဆင်းသောအခါ ကျင်းယွင်ကျောင်းသည် သူမ၏စာအုပ်ကြားထဲတွင် မှတ်စုစာရွက်လေးတစ်ရွက် ရှိနေသည်ကို တွေ့လိုက်ရသည်။ ‘ငါက နင့်ကို ကောင်းစေချင်လို့ပါ။ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်’ ဟု ရေးထား၏။


မှတ်စုစာရွက်တွင် နာမည်တပ်မထားသော်လည်း ကျင်းယွင်ကျောင်းသည် စာအရေးအသားမှတစ်ဆင့် မည်သူရေးမှန်း သိနိုင်လေသည်။


သူမသည် ၎င်းကို အမှိုက်ပုံးထဲ ပစ်လိုက်၏။


ထိုကဲ့သို့ ကိုယ်ရည်သွေးတတ်၍ ထင်ရာယူဆတက်သူများများနှင့်ပတ်သတ်ပြီး စိတ်အနှောက်အယှက်ဖြစ်ရန်ပင် မတန်ပါချေ။



ဟွားနင်ခရိုင်သည် တောင်တန်းများနှင့် မြစ်များရှိ၍ ခြုံငုံကြည့်ပါက ရူခင်းသာယာလှပသည်။ ခရိုင်မြို့ထဲတွင်လည်း လေက အထူးသဖြင့် လတ်ဆတ်လှကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်း အတော်အသင့်ကောင်း၏။ ညဘက်ရောက်သောအခါ အမှောင်ထုထဲတွင် အလင်းရောင်များက ပျားပန်းခတ်မျှ လှုပ်ရှားနေပြီး အနှိုင်းမဲ့သော ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခု ဖြစ်လာသည်။


ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းနှင့် စူးချူတို့၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ပြီး အကြီးဆုံး တိုင်းရင်းဆေးအရောင်းဆိုင်သို့ ဦးတည်၍ တစ်ကိုယ်တည်းထွက်လာခဲ့သည်။ သူမ၏ လက်ထဲရှိ ခြင်းတောင်းထဲတွင် မြေကြီးအနည်းငယ် ကပ်နေသော သန်ရှင်းမြစ်များနှင့် ပြည့်နေ၏။


သူမသည် ငွေအလွန်လိုအပ်နေသည်။ သူမ ဂုဏ်သရေရှိရှိ၊ သတ္တိရှိရှိ ရှင်သန်လိုလျှင် သူမကိုယ်သူမ ထောက်ပံ့နိုင်စွမ်းရှိရန် လိုအပ်သည်။ 


သူမ၏ရှေ့တွင် ခရိုင်၏အကြီးဆုံး ဆေးဆိုင်ရှိသည်။ ထိုဆေးဆိုင်မှာ အတော်လေး အိုဟောင်းနေပြီး ရှေးကျလှ၏။ ညအချိန်သို့ ရောက်လာပြီဖြစ်ရာ အတွင်းထဲတွင် မီးများ တောက်ပစွာ ထွန်းညှိထားပြီး အပြင်ဘက်မှနေ၍ အတွင်းဘက်ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။


ကျင်းယွင်ကျောင်းသည် အထဲသို့ ကတိုက်ကရိုက် ဝင်သွားရမည့်အစား အပြင်ဘက်တွင် အချိန်အတော်ကြာအောင် ရပ်စောင့်နေခဲ့သေးသည်။


သူမ၏ဘေးမှ ဖြတ်သွားသူမှန်သမျှသည် ဤနေရာသို့ ဆေးဝယ်ရန် လာကြသူများသာဖြစ်၏။ သူမကဲ့သို့ ဆေးရောင်းရန် လာသူတစ်ယောက်မှ မမြင်ရပေ။


နာရီဝက်ကြာပြီးနောက် ကျင်းယွင်ကျောင်းသည် အကျင့်သီလကောင်းမွန်၍ ဂုဏ်သိက္ခာရှိပုံရသော အဖိုးအိုတစ်ယောက် ဆိုင်ထဲတွင်ပေါ်လာသည်အား မြင်လိုက်သဖြင့် သူမ တုံ့ဆိုင်းမှုမရှိဘဲ ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။


သူမ ဆိုင်ထဲသို့ဝင်လာသောအခါ လူတိုင်းက များပြားလှသော ဆေးများကို အံ့အားတသင့် ကြည့်နေသည်အား တွေ့လိုက်ရ၏။


အဖိုးအိုက ကျင်းယွင်ကျောင်းကို ကြည့်လိုက်ပြီးနောက် သူမ၏ ခြင်းတောင်းကို လှမ်းကြည့်လိုက်သည်။ သူက အံ့သြသွားပြီး မျက်မှောင်ကြုတ်ကာ မေးလာသည်။


“ကောင်မလေး၊ မင်း ဒီကို ဆေးပင်တွေ လာရောင်းတာလား။”