Chapter 38
Viewers 14k

Chapter 38 : ဆေးဖော်ဝါသနာအိုး


ဤသည်မှာ ကျင်းယွင်ကျောင်း၏ ပထမဆုံးအကြိမ် ဆေးရောင်းခြင်းဖြစ်ရာ သူမက စိတ်ရှုပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမကို ကြည့်နေကြသော ထိုလူများ၏ မျက်ဝန်းများက ထူးဆန်းလှသည်ဟုလည်း ဆက်တွေးနေမိ၏။


မျှော်လင့်ထားသကဲ့သို့ပင် အဖိုးအိုက သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ရယ်မောလိုက်သည်။


“ကောင်မလေး၊ ငါ မင်းကို စိတ်အနှောက်အယှက်ပေးမိမှာ စိုးတယ်။ ငါတို့ ဒီမှာက ဆေးဖော်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေ မဝယ်ဘူးကွယ့်။ မင်းရဲ့ ဒီပစ္စည်းလေးတွေကို ကိုယ်ပိုင်ဆိုင်လေးတွေဆီ သွားရောင်းပါလား။ ဒါပေမယ့် သူတို့က စျေးအများကြီးတော့ ပေးရဲမှာ မဟုတ်လောက်ဘူး”


ကျင်းယွင်ကျောင်းသည် နားမလည်သေးသဖြင့် တောင့်တောင့်လေး မတ်တပ်ရပ်နေဆဲဖြစ်၏။


ထို့နောက် သူမသည် အဖိုးအို ဆက်ပြောလာသည်တို့အား ကြားလိုက်ရသည်။


“ဒါက တရုတ်တိုင်းရင်းဆေးဆိုင်တစ်ဆိုင်ပဲ။ အကယ်၍ ငါတို့ ဆေးဖော်တဲ့ပစ္စည်းတွေ ဝယ်ရင်လည်း အဲဒါက အရမ်းရှားပါးတဲ့ ကုန်ကြမ်းပစ္စည်းတွေ ဒါမှမဟုတ် တိုင်းရင်းဆေးရည်တွေပဲ။ ပြီးတော့ အဲဒီတိုင်းရင်းဆေးရည် အားလုံးနီးပါးက သူတို့နဲ့ စာချုပ်ချုပ်ပြီးသား တိုင်းရင်းဆေးပင်အလုပ်ရုံတွေ ရှိကြပြီးသားရယ်။ မင်း စိုက်တဲ့ဆေးပင်က သူတို့ထက် အရည်အသွေးပိုကောင်းပြီး ပိုစျေးသက်သာတာ မဟုတ်ရင် အဆင်မပြေနိုင်ဘူး”


ကျင်းယွင်ကျောင်း ချက်ခနဲ ဉာဏ်အလင်းပွင့်သွားပြီး ချက်ချင်း သဘောပေါက်သွားသည်။


ဆေးပင်များကို အမျိုးအစားသုံးမျိုးခွဲနိုင်၏။ ပထမတစ်မျိုးမှာ လတ်လတ်ဆတ်ဆတ် ရိတ်သိမ်းထားပြီး မပြင်ဆင်၊ ဆေးမဖော်စပ်ရသေးသော အမျိုးအစားဖြစ်သည်။ ဒုတိယတစ်မျိုးမှာ မျိုးစပ်ထားပြီး ချက်ချင်း အသုံးပြု ကုသနိုင်သော အမျိုးအစားဖြစ်၏။ နောက်ဆုံး တတိယအမျိုးအစားမှာ ဒုတိယအမျိုးအစားကိုသုံး၍ ဆေးဖော်ထားခြင်းဖြစ်ပြီး ဆေးဆိုင်များတွင် အမှုန့်ပုံစံဖြင့် ထုပ်ပိုးရောင်းချကာ ရေနှင့်ရောစပ်၍ သောက်သုံးနိိုင်သည်။


ကျင်းယွင်ကျောင်း အနည်းငယ်စိုးရိမ်နေ၏။ သူမ၏စိတ်ထဲတွင် ဗဟုသုတများစွာ သိမ်းဆည်းထားသော်လည်း အလုပ်ရုံများနှင့် ထိုပစ္စည်းများ၏အလုပ်လုပ်ပုံနှင့်ပတ်သတ်သော ဗဟုသုတမရှိပေ။ ထိုကြောင့် သူမ အမှားလုပ်မိခဲ့ခြင်းဖြစ်သည်။


“လူကြီးမင်းရဲ့ လမ်းညွှန်ပေးမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အခု ဘာလုပ်ရမလဲဆိုတာ သိသွားပါပြီ။ ဒါပေမယ့် တကယ်လို့ ကျွန်မ ဆေးဖော်ပြီးသား ဆေးပင်တွေကိုယူလာရင်ရော လူကြီးမင်းက လက်ခံမှာလားရှင့်”


သူမ၏အသံက တက်ကြွနေပြီး နားဝင်ပီယံရှိလှ၏။ သူမ၏ တောက်ပနေသော အကြည့်များက အခြားသူများအား သူမအပေါ်တွင် အလွယ်တကူ အထင်ကောင်းအမြင်ကောင်း ရှိစေခဲ့သည်။


“အရည်အသွေးကောင်းသရွေ့တော့ ဆိုင်က လက်ခံစဥ်းစားပေးမှာပါ”


အဖိုးအိုက ထိုအကြောင်းကို ခဏကြာအောင် စဥ်းစားနေ၏။ သူက ကျင်းယွင်ကျောင်း၏ ချစ်စရာကောင်း၍ ထက်မြက်မည့်ပုံစံအား ကြည့်ရင်း ထပ်ပြောလိုက်သည်။


“အိုး...ကောင်မလေး၊ မင်းရဲ့လက်ထဲက ဆေးပင်တွေကို ရောင်းဖို့ အလျင်လိုနေရင် ငါ နေရာကောင်းတစ်ခု သိထားတာရှိတယ်”


ကျင်းယွင်ကျောင်း၏ မျက်ဝန်းများက ချက်ချင်း တောက်ပသွား၏။


“ဒီခရိုင်မြို့မှာ အပေါက်ဆိုးဆိုးနဲ့ ဆေးဖော်ဝါသနာအိုး အဖိုးကြီးတစ်ယောက်ရှိတယ်။ ပမာဏဘယ်လောက်များများ အရည်အသွေးကောင်းသရွေ့ သူက ယူမှာပဲ။ ဒါပေမယ့် သူပေးတဲ့စျေးကတော့ အခြားနေရာတွေထက် ပိုနည်းတယ်။ မင်း ကြိုးစားကြည့်လို့ရတယ်။ ဒီနေရာနဲ့လည်း သိပ်မဝေးဘူး”


အဖိုးအိုက အကြံပေးလိုက်ပြီးနောက် သူမအား လိပ်စာပါ ပေးလိုက်သည်။


ကျင်းယွင်ကျောင်းက အနည်းငယ် တုံ့ဆိုင်းနေ၏။ ယခု လုံးဝ ညအချိန်သို့ ရောက်နေပြီဖြစ်သည်။ ထိုနေရာသည် အမှန်ပင် မဝေးသော်လည်း ၎င်းကို လမ်းကြားလေးများဖြင့် ဝန်းရံထား၏။ ဖြတ်သွားဖြတ်လာ များများစားစားလည်း မရှိပေ။


သို့ရာတွင် အတော်များများ စဥ်းစားပြီးနောက် ကျင်းယွင်ကျောင်းသည် သွားရန် ဆုံးဖြတ်လိုက်သည်။ 


သူမတွင် နေရာလွတ်နယ်မြေလည်း ရှိပြီး ကိုယ်ခံပညာရပ်တချို့ကို လေ့ကျင့်ထားပြီးဖြစ်၏။ ထို့ကြောင့် သူမ၌ ကြောက်စရာကောင်းသော အဖြစ်အပျက်များ ဖြစ်နိုင်ချေ အတော်နည်းသည်။ အလွန်အမင်း စိုးရိမ်နေရန် မလိုပေ။


သန်ရှင်းမြစ်အချို့ကို ကျေးဇူးတင်သည့် အနေဖြင့် ပေးခဲ့ပြီးနောက် ကျင်းယွင်ကျောင်းသည် အဖိုးအိုပြောသောနေရာသို့ ခပ်မြန်မြန်ထွက်လာခဲ့သည်။


လမ်းကြားများမှာ အကွေ့အကောက်၊ အလှည့်အပြောင်းများလှ၏။ ညအချိန်ဖြစ်ရာ လမ်းမကြီးနှင့်မတူဘဲ လမ်းကြားလေးများက ထိန်လင်းမနေခဲ့။ သူမသည် နိုက်တင်ဂေးငှက်ကလေးများ၏ အသံကို ရံဖန်ရံခါကြားရသည်။ ၎င်းအသံမှာ လူများအား ကျောထဲမှ စိမ့်သွားစေသော တစ်စုံတစ်ရာကို ဆောင်ယူလာသကဲ့သို့ပင်။ အကယ်၍ အတိတ်ဘဝမှာသာဆိုလျှင် ကျင်းယွင်ကျောင်းသည် ထိုနေရာသို့သွားရန် သတ္တိရှိမည် မဟုတ်။ ယခုအချိန်တွင်တော့ သူမ အတိတ်ဘဝကထက် ပို၍သတ္တိရှိလာသလို ခံစားနေရသည်။ လုံးဝမရင်းနှီးသည့်နေရာဖြစ်သော်လည်း သူမတွင် ကြောက်စိတ်တစိုးတစိမှ မရှိပေ။


နာရီဝက်မျှ ကြာသွားပြီး နောက်ဆုံးတွင်တော့ သူမ ထိုနေရာအား ရှာတွေ့ခဲ့၏။


ပတ်ဝန်းကျင်၌ ထူးဆန်းသော အနံ့တစ်ခုရှိနေသည်။ ၎င်းမှာ ဆေးနံ့ဖြစ်သော်လည်း တစ်ခုခု လောင်နေ၊ ပုပ်နေသကဲ့သို့ အခြားအနံ့များလည်း ရှိနေ၏။ ထိုအနံ့များကို ပေါင်းလိုက်သောအခါ အလွန်ထူးဆန်းသွားသည်။


သူမ၏ရှေ့တွင် ခြံဝန်းနှင့် အိမ်အကြီးကြီးတစ်လုံးရှိနေသည်။ ရှေ့တံခါးပေါက်များမှာ မည်းနက်နေပြီး တင်းကြပ်၍ တိတ်ဆိတ်သော ခံစားချက်ကို ပေးစွမ်းနေပြီး တစ်ချိန်တည်းမှာပင် လေထုက အလွန်လေးလံထိုင်းမှိုင်းနေ၏။ အိမ်ထဲမှ လှုပ်ရှားမှုအချို့ကို သတိပြုမိသွား၍ ကျင်းယွင်ကျောင်း တံခါးခေါက်လိုက်သည်။


(T/N : ဒီဘက်ခေတ်အိမ်ပုံစံမဟုတ်ဘဲ ရှေးတရုတ်အိမ်ပုံစံ ဖြစ်နိုင်ပါတယ်။)


ဆယ်မိနစ်ကြာပြီးနောက် တံခါးသည် တကျွီကျွီမြည်၍ ပွင့်သွားပြီး အသက်သိပ်ကြီးသေးပုံမရသော မျက်နှာတစ်ခု ပေါ်လာ၏။


ထိုလူမှာ အသက်သုံးဆယ်ကျော်ခန့်သာရှိပုံရပြီး သူ့အားကြည့်ရသည်မှာ အသက်မဲ့လွန်းလှသည်။ သူက ကျင်းယွင်ကျောင်းအား ခဏမျှ အကဲခတ်နေပြီးနောက် မေးလာသည်။


“မင်း ဒီမှာ ဘာကိစ္စရှိလို့လဲ”