Chapter 39
Viewers 14k

Chapter 39 : အပေါက်ဆိုးသော အဖိုးအို


ထိုလူကြီး၏အသံက အနည်းငယ်ကြမ်းတမ်းနေသည်။ သူ၏ အရှိန်အဝါပုံပန်းသွင်ပြင်နှင့် ဘေးပတ်ဝန်းကျင်ကိုသာ ပေါင်းစပ်လိုက်ပါက အခြားသူသာဆိုလျှင် ကြောက်လန့်၍ ထွက်ပြေးသွားလောက်ပြီဖြစ်၏။


ကျင်းယွင်ကျောင်းကတော့ ထူးဆန်းနေမည့်အစား ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။ 


“ကျွန်မ ဆေးပင်တွေ ရောင်းဖို့ လာတာပါရှင်”


သူမက သူမ၏ရှေ့ရှိ ခြင်းတောင်းကို ညွှန်ပြလိုက်၏။


ထိုလူကြီးက ခြင်းတောင်းကို တစ်ချက်ကြည့်လိုက်ပြီး တုံ့ပြန်လာသည်။


“အထဲ ဝင်ခဲ့”


သူသည် ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်း၏ လက်ထဲမှ ခြင်းတောင်းကို အားဖြင့် ဆွဲယူလိုက်၏။


ကျင်ယွင်ကျောင်းသည် ခြံဝန်းထဲသို့ ဝင်လိုက်သောအခါ အံ့သြသွားသည်။ သူမသည် ဆေးပင်အထပ်လိုက်ပေါင်းများစွာ၊ ဆေးအိုးများနှင့် တခြားပစ္စည်းများကို တွေ့လိုက်ရသည်။ သို့ရာတွင် ထိုအရာများမှာ စွန့်ပစ်ထားခြင်းမှန်း သိသာ၏။ ထို့အပြင် ထူးဆန်းသော အနံ့ပေါင်းမှာလည်း ဤခြံဝန်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် အနံ့၏မူလရင်းမြစ်နှင့် နီးကပ်နေသော်လည်း သူမသည် ထိုသည်းမခံနိုင်စရာကောင်းသော အရာက မည်သည့်အရာဖြစ်သည်ကို ရှာမတွေ့သေးပေ။


“ရှစ်ဖူးက အခု အလုပ်ရှုပ်နေတော့ ဒီပစ္စည်းတွေကို ငါပဲ သူ့အစား လက်ခံထားလိုက်မယ်။ မင်းရဲ့ဒီသန်ရှင်းမြစ်တွေက အရည်အသွေး အတော်ကောင်းတယ်။ ငါ မင်းကို တစ်ကျင်းကို ယွမ်သုံးဆယ်ပေးမယ်။ မင်းလက်ခံနိုင်ရင် ငါ မင်းအတွက် ပိုက်ဆံသွားယူပေးမယ်။ လက်မခံနိုင်ရင်တော့ မင်း ဒီပစ္စည်းတွေ ယူပြီး ထွက်သွားတော့။ ဘယ်တော့မှ ထပ်မလာခဲ့နဲ့”


ထိုလူကြီးက ဆက်တိုက်ပြောသွား၏။ သူ၏ အမူအယာမှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလှသည်။


သန်ရှင်းမြစ်အား သတ်မှတ်ပေးသော စျေးနှုန်းမှာ သင့်လျော်၏။ ကျင်းယွင်ကျောင်းသည်လည်း လောဘမကြီးသူဖြစ်ရာ ခေါင်းညိတ်၍ သဘောတူလိုက်သည်။


ထိုလူကြီး၏ လုပ်ဆောင်ချက်များမှာ သွက်လက်လှ၏။ ကျင်းယွင်ကျောင်းက စျေးနှုန်းအား သဘောတူလိုက်သည်ကို မြင်သောအခါ သူသည် လျင်မြန်စွာပင် သန်ရှင်းမြစ်တစ်ခြင်းလုံးအား ဆေးကြောလိုက်ပြီး စစ်ဆေးကြည့်တော့သည်။ သူ၏စေ့စပ်သေချာမှုမှာ စိတ်အနှောက်အယှက်ဖြစ်စရာပင်။ အကယ်၍ ကျင်းယွင်ကျောင်းတွင်သာ အံသြဖွယ်ကောင်းလှသော သည်းခံစိတ်မရှိပါက ဤကဲ့သို့သောလူမျိုးနှင့် အလုပ်တွဲလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ 


အားလုံးစစ်ဆေးပြီးနောက် ထိုလူကြီးသည် အံသြသော အမူအယာဖြစ်သွား၏။ သူသည် ကုန်ပစ္စည်းများ၏အရည်အသွေးကို ဤမျှကောင်းမည်ဟု မထင်ခဲ့ပေ။


“ငါ မင်းကို နှစ်ယွမ် တိုးပေးမယ်။ နောက်ကျရင်လည်း မင်းမှာ ကောင်းတဲ့ပစ္စည်းတွေရှိရင် အားလုံး ဒီကိုယူလာပေး”


သူသည် ပြောပြီးသည်နှင့် အိမ်ထဲသို့ ဝင်သွားကာ မကြာခင် ပြန်ထွက်လာသည်။ သူက ကျင်းယွင်ကျောင်းအား ငွေတစ်ထပ်ကမ်းပေးလိုက်၏။ သူမသည် ယွမ်လေးထောင်ကျော်အား ရေတွက်လိုက်၏။


(T/N : ဒေါ်လာ 580 ၊ မြန်မာငွေနဲ့ဆို ဆယ့်ခုနစ်သိန်းကျော်ပါ။)


“ရှင်က အကုန်လုံး ယူမှာလား။ အကန့်အသတ်မရှိဘူးလား”


ကျင်းယွင်ကျောင်းက မေးလိုက်သည်။


“ဟုတ်တယ်”


ထိုလူကြီးက အေးစက်စက် ပြန်ဖြေ၏။


ကျင်းယွင်ကျောင်း၏စိတ်မှာ ချက်ချင်း တက်ကြွသွားသည်။ ဤအိမ်တွင်နေသော သူများမှာ အနည်းငယ် ထူးဆန်းနိုင်သော်လည်း အနည်းဆုံးတော့ ဤအရောင်းအဝယ်ကြောင့် ယခုအချိန်တွင် သူမ ငွေအရမ်းမလိုတော့ပေ။ ထို့အပြင် ခြံဝန်းထဲသို့ ကြည့်လိုက်သောအခါ စျေးကြီး၍ အဖိုးတန်သော ဆေးပင်များစွာကို တွေ့ရသည်။ ပုံစံအမျိုးမျိုးရှိပြီး ဆေးဖော်ပြီးသားများမက စွန့်ပစ်ထားသည်များလည်း ရှိ၏။ ထို့ကြောင့် ဤအိမ်ပိုင်ရှင်သည် ငွေပြတ်မနေဘဲ တန်ဖိုးကြီးလွန်းသော ရောင်းဝယ်မှုများကိုပင် တတ်နိုင်လောက်သည်ဟု သူမ ပြောနိုင်သည်။


ကျင်းယွင်ကျောင်းသည် ငွေယူလိုက်ပြီး နောက်လှည့်ပြန်ထွက်သွားလိုက်သည်။ သို့ရာတွင် သူမ တံခါးမှ ခြေတစ်လှမ်းမျှသာ ထွက်ရသေးသောအချိန်မှာပင် သူမ၏နောက်မှ ထွက်ပေါ်လာသော လှုပ်ရှားမှုတစ်ခုအား ကြားလိုက်ရ၏။ သူမ မနေနိုင်ဘဲ လှည့်ကြည့်လိုက်သည်။


အပေါက်ဆိုးပုံရသော အဖိုးအိုတစ်ယောက်သည် အိမ်ထဲမှ ထွက်လာ၏။ သူသည် အနည်းငယ် ကြောက်စရာကောင်းပြီး အစောပိုင်းက လူလတ်ပိုင်းအရွယ် လူကြီးသည် သူ့အား မြင်သည်နှင့် လေသံမှာ ချက်ချင်း ယဥ်ကျေးသွားသည်။ သူသည် ပြုံးလိုက်သဖြင့် သိပ်ကြောက်စရာကောင်းတော့ပဲ အနည်းငယ် ဂရုတစိုက်ရှိသည့်ပုံပင် ပေါက်သွား၏။ 


“ရှစ်ဖူး၊ ခုလေးတင် သန်ရှင်းမြစ်တွေ ရောက်လာတယ်။ သူတို့ရဲ့အရည်အသွေးက တွေ့ရခဲတယ်”


ကျင်းယွင်ကျောင်းက အဖိုးအိုအား ဂရုတစိုက်ကြည့်လိုက်သည်။


အဖိုးအို၏ ဆံပင်များသည် ဖြူဖွေးနေသော်လည်း သူ့တွင် ငယ်ရွယ်စဥ်က အသွင်အပြင်အချို့ ကျန်ရှိနေသေးပြီး အလွန်သွက်လက်လှသည်။ သို့သော် ဆံပင်များက ရှုပ်ပွနေပြီး သူ၏အဝတ်အစားများက သူသည် သူ၏သွင်ပြင်ကို ဂရုမစိုက်ကြောင်း ပြသနေ၏။ သူသည် သိပ်အသက်မကြီးသေးဘဲ ခြောက်ဆယ်ဝန်းကျင်လောက်သာ ရှိမည့်ပုံပင်။ သို့သော် သူ၏မျက်လုံးများမှာ တောက်ပခြင်းမရှိဘဲ အမူအယာ ကင်းမဲ့နေသည်။ သူ့ကို ကြည့်ရသည်မှာ အနည်းငယ်ပင် သနားစရာကောင်းနေ၏။


ကျင်းယွင်ကျောင်း၏ အကြည့်များက သိသာလွန်းနေရာ အဖိုးအို၏ ထိုးဖောက်မတတ် အကြည့်များက သူမဆီသို့ ချက်ချင်းရောက်လာသည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် အဖိုးအို၏ သူငယ်အိမ်များက ကျဥ်းမြောင်းသွား၏။ အသက်အရွယ်ကြီးနေသော်လည်း သူ၏ ပိန်ပိန်ပါးပါးပုံစံက လေပေါ်တွင် ပျံလာသကဲ့သို့ ကျင်းယွင်ကျောင်းဆီသို့ တည့်တည့်ရောက်လာသည်။


ကျင်းယွင်ကျောင်း၏ တုံ့ပြန်မှုမှာ အတော်လေးမြန်လှ၏။ သူမသည် အဖိုးအို၏ ထူးဆန်းသော လှုပ်ရှားမှုကို မြင်သောအခါ အလိုအလျောက်ပင် ရှောင်လိုက်မိသည်။ သို့သော်လည်း သူမ တံခါးမှ ထွက်လိုက်သည်နှင့် အဖိုးအို၏ အလောတကြီး ခေါ်သံကို ကြားလိုက်ရ၏။


“ခဏ နေပါဦး”


ကျင်းယွင်ကျောင်း အလိုအလျောက်ပင် ခေါင်းလှည့်ကြည့်လိုက်မိသည်။


“မင်း နာမည်ဘယ်လိုခေါ်လဲ”


အဖိုးအိုက သူမအား ကြည့်နေ၏။ သူ၏ မျက်ဝန်းများက အိပ်မွေ့ချခံထားရပြီးနောက် တစ်စုံတစ်ရာအား မှတ်မိသွားသကဲ့သို့ပင်။ ၎င်းပုံစံမှာ ဝမ်းသာအားရဖြစ်နေသော်လည်း စိတ်အနှောက်အယှက်လည်း ဖြစ်နေသောပုံစံမျိုးဖြစ်၏။ သူ့ အကြည့်များက ရှုပ်ထွေးနေသည်။


သို့သော်လည်း ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်၏။


“ကျင်းယွင်ကျောင်းလို့ ခေါ်ပါတယ်”