Chapter 40 : မနက်ဖြန် ထပ်လာခဲ့ဦး
အဖိုးအိုက သူမ၏စကားကို ကြားလိုက်ရသောအခါ သူ၏ အမူအယာမှာ ပို၍စိတ်လှုပ်ရှားသွားသည်။
“မင်းရဲ့မျိုးရိုးနာမည်က ကျင်းလား။ မင်းအဖေနာမည်က ဘယ်သူလဲ။ အမေကရော။ မင်းရဲ့မိသားစုထဲမှာ ဘယ်သူရှိသေးလဲ”
“ကျေးဇူးပြုပြီး လူကြီးမင်းရှင့်၊ ကျွန်မက မိဘမဲ့တစ်ယောက်ပါ။ ကျွန်မရဲ့ မိသားစုထဲမှာ ကျွန်မတစ်ယောက်တည်း ရှိပါတယ်”
သူမ၏မိထွေးမှာ ကွယ်လွန်သွားပြီဖြစ်၏။ သူမသည်လည်း ချောင်မိသားစုမှ ထွက်လာခဲ့ပြီး သူမ၏ မိဘအရင်းများမှာလည်း မည်သူမှန်းမသိပေ။ သူတို့ သေသလား၊ ရှင်သလားလည်း မသိသည်ဖြစ်ရာ သူမကိုယ်သူမ မိဘတစ်ယောက်ဟု ခေါ်လိုက်ခြင်းက မမှားပေ။
ကျင်းယွင်ကျောင်း စကားဆုံးသည်နှင့် အဖိုးအို၏ မျက်ခုံးများက စု၍ကျုံ့သွားကြသည်။ သူက လက်လှမ်းလိုက်ပြီး ကျင်းယွင်ကျောင်းအား ခြံဝန်းထဲသို့ ပြန်ဆွဲသွင်းလိုက်၏။
“နောက်ပြီး မင်းက ဒီဇာတိလား။ ‘ရှု’ ဆိုတဲ့ မျိုးရိုးနာမည်နဲ့ မိန်းမတစ်ယောက်ကို သိလား။ သူက လေးဆယ်ဝန်းကျင်လောက်ပဲ”
ကျင်းယွင်ကျောင်းသည် အနည်းငယ် ကြောင်အနေသည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းပြန်ခါပြလိုက်၏။ သူမ၏ အမူအယာက အနည်းငယ် တောင့်တင်းနေသည်။
အဖိုးအို၏ မျက်ဝန်းများအား သူမအား တစ်ဖန်ပြန်၍ ခဏကြာအောင် စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းထဲရှိ အနှောက်အယှက်ဖြစ်ဟန်က ယခင်ကထက် ပို၍ ပီပြင်လာ၏။
“အနီးကပ်ကြည့်တော့ သူက မတူပါဘူး။ ငယ်လွန်းတယ်၊ မျက်ခုံးတွေက ထင်းလွန်းတယ်၊ သူရဲ့မျက်ဝန်းအကြည့်တွေကလည်း သိမ်မွေ့မနေဘူး။ ရဲတင်းလွန်းတယ်”
အဖိုးအိုက သူမ နားမလည်နိုင်သော စကားများအား ရေရွတ်နေသည်။ သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီးနောက် ဝေဝေဝါးဝါး ကြည့်လိုက်၏။ လူလတ်ပိုင်းအရွယ်လူကြီးက သူ၏ဘေးသို့ ကူတွဲပေးရန်အတွက် ပြေးလာသော်လည်း အဖိုးအိုက လက်ယမ်းပြ၍ နှင်လိုက်သည်။
“ဒီလူအိုကြီးရဲ့မျိုးရိုးနာမည်က ‘ရှု’ ပါ၊ မင်းကို အစောပိုင်းက စိတ်မသက်မသာဖြစ်သွားစေခဲ့လို့ တောင်းပန်ပါတယ်။ ဗွေမယူဖို့ မျှော်လင့်ပါတယ်”
“ကိစ္စမရှိပါဘူး။ အဖိုး”
ကျင်းယွင်ကျောင်းက သူ့အားကြည့်ရင်း အပြစ်မတင်ကြောင်း ပြန်ဖြေလိုက်၏။
မျိုးရိုးနာမည် ရှု နှင့် အဖိုးအိုသည် အလွန်အားကုန်နွမ်းလျသွားပုံရကာ အိမ်ဘက်သို့ လှည့်ပြန်သွားသည်။ သို့သော် သူက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြန်လှည့်လာပြီး သူမအား ကြည့်လိုက်၏။
“မင်းမှာ ထပ်ရောင်းစရာ ပစ္စည်းတွေကျန်သေးလား”
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။ သူမတွင် ပစ္စည်းများစွာ ကျန်ရှိနေသေးသည်။
“မနက်ဖြန် ဒီလိုအချိန် ထပ်လာခဲ့ပါ”
အဖိုးအိုက စကားအနည်းငယ်ပြောပြီး ထွက်သွား၏။
ကျင်းယွင်ကျောင်းက ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း ဆေးဆိုင်မှ လူများက သူ့အား အဘယ်ကြောင့် လူထူးဆန်း၊ အပေါက်ဆိုးသော အဖိုးအိုဟု ခေါ်ကြကြောင်း နားလည်သွားသည်။ သူကဲ့သို့ အများနှင့်မတူဘဲ တစ်မူထူးခြားသောသူအား ဟွားနင်တစ်ခရိုင်လုံးတွင်ပင် ရှာတွေ့လိမ့်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူသည် အဖိုးအိုတစ်ယောက်သာဖြစ်၏။ သူက သူမအား အန္တရာယ်ပြုမည်ကို မစိုးရိမ်ပေ။ သူမကိုယ်သူမ ကာကွယ်နိုင်စွမ်းရှိသည်။
ကျင်းယွင်ကျောင်းသည် အိမ်သို့ တိုက်ရိုက်ပြန်သွားလိုက်သည်။ သူမ အိမ်သို့ပြန်ရောက်သောအခါ စူးချူက သူမအား စိတ်ပူစွာ ကြည့်နေပြီး စူးချူ၏ဘေးရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်ကိုလည်း မြင်လိုက်ရ၏။ သူ့အား ကြည့်ရသည်မှာ သန့်ရှင်းသပ်ရပ်နေပြီး အတော်လေး ကြည့်ကောင်းသည်။ သူက ကန်ကျင်းချန် ဖြစ်ရမည်။
“ပြောင်ကျဲ၊ အစ်မက ငါတို့ထက် ပိုသတ္တိရှိတာပဲ။ အစ်မက တအားနောက်ကျတဲ့အချိန်အထိ အပြင်ထွက်ရဲတယ်။ လူဆိုးတွေနဲ့ တွေ့မှာ မကြောက်ဖူးလား”
စူးချူက ကျင်းယွင်ကျောင်းအား မြင်လိုက်ရာ နောက်ဆုံး၌ စိတ်သက်သာရာ ရသွား၏။
“ငါ လုပ်စရာလေးတွေရှိနေလို့။ မင်းကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်”
ကျင်းယွင်ကျောင်းသည် ဥပေက္ခာပြု၊ လျစ်လျူရှုခံရခြင်းနဲ့ အသားကျနေပြီဖြစ်သည်။ ထိုကြောင့် သူမသည် သူမအား တစ်စုံတစ်ယောက်က အိမ်တွင် စောင့်မျှော်နေမည်ဟု မထင်ခဲ့သလို သူမ အိမ်ပြန်နောက်ကျမည့် အကြောင်းကို သူတို့အား ကြိုတင်အသိပေးရန်လည်း မတွေးခဲ့မိပေ။
ကန်ကျင်းချန်က သူမအား စိုက်ကြည့်နေ၏။ ထို့နောက် သူသည် စကားတစ်ခွန်းမှ မဆိုဘဲ သူ၏ အခန်းထဲသို့ ပြန်ဝင်သွားသည်။
ကျင်းယွင်ကျောင်းသည် သူမ အကြည့်ခံလိုက်သည့် အကြည့်ကို နားလည်၏။ သူသည် သူမအား မသင်္ကာစိတ်ရှိပြီး စက်ဆုပ်နေသည့်ပုံပေါ်သည်။
အမှန်တကယ်လည်း အဖိုး ကန် က သူမအား မွေးစားမြေးမအဖြစ် ခေါ်လာခဲ့သည်ဖြစ်ရာ သူကဲ့သို့ မြေးအရင်းတစ်ဦးအနေနှင့် သူမအပေါ်တွင် မသက်မသာခံစားရမည်မှာ အသေအချာပင်။ အထူးသဖြင့် ယခင်က သူမ၏ နာမည်ကလည်း အတော်လေး ဆိုးခဲ့သည်ဖြစ်၏။
“ပြောင်ကောရဲ့ စိတ်နေသဘောထားက ထူးဆန်းတယ်။ အစ်မ သူ့ကို စိတ်ပူနေဖို့ မလိုဘူးနော်”
တစ်ဖက်တွင်မူ စူးချူက အတော်လေး တက်ကြွနေပြီး ကန်ကျင်းချန် ဝင်သွားသည်ကို ကြည့်၍ တတွတ်တွတ် ပြောလိုက်သည်။
ထူးဆန်းသည့် အဖိုးအိုက သူမအား ပြောခဲ့သည်ကို ပြန်စဥ်းစားရင်း ကျင်းယွင်ကျောင်းက စူးချူအား အခြေအနေကို ရှင်းပြထားရန် ဆုံးဖြတ်လိုက်၏။ သူမ ထပ်မံ၍ စိုးရိမ်ပူပန်နေမည်ကို စိုးသောကြောင့်ပင်။ သို့ရာတွင် ဆေးပင်များကို ရောင်းချသည့်ကိစ္စက ပုံမှန်မဟုတ်ရာ ထိုအကြောင်းကို ထည့်မပြောလိုက်ပေ။
“အို..ဟုတ်သားပဲ၊ ချူချူ၊ မင်း မနေ့က စာမေးပွဲတစ်ခုအကြောင်း ပြောခဲ့တယ် မဟုတ်လား။ အဖိုး တောင်းဆိုတဲ့ တစ်ခုဆိုတာလေ”
ကျင်းယွင်ကျောင်းက ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။
စူးချူ၏ မျက်နှာက ခါးသီးသွားပြီး ငြီးတွားလိုက်၏။
“ဟုတ်တယ်။ ကျွန်မနဲ့ ပြောင်ကော ငယ်ငယ်လေးကတည်းက ကျွန်မတို့ကို အဖိုးက ရည်မှန်းချက်တစ်ခုချပေးထားတယ်။ အနာဂတ်မှာ ကျွန်မတို့ ဆေးပညာကို သင်ယူရမယ်။ အနောက်တိုင်းဆေးပညာ မဟုတ်တာတောင်မှ သူက ကျွန်မတို့ကို လတိုင်း စာမေးပွဲတစ်ခုစစ်တယ်။ မေးခွန်းတွေအားလုံးကလည်း တအားကိုမှ ခက်လွန်းတာ။ နေပါဦး...ပြောင်ကျဲ၊ အစ်မက အဖိုးရဲ့တောင်းဆိုချက်ကို ဘယ်လိုလုပ်သိတာလဲ၊ ဖြစ်..ဖြစ်နိုင်တာက...”
ထိုခဏ၌ စူးချူသည် ဆွံ့အသွား၏။