Chapter 41 : ရာသီအမှား
အဖိုးက လူတွေကို ဘယ်လိုသွားရှုပ်ရမလဲဆိုတာ တကယ်သိတာပဲ။
စူးချူ၏ နှုတ်ခမ်းများက ရွစိရွစိနှင့် သူမ လုံးဝမကျေနပ်ဖြစ်နေသော အမူအယာကို ဖော်ပြနေသည်။ သူမနှင့် ပြောင်ကောသည် ငယ်စဥ်ကတည်းက ဆေးပညာရပ်ဆိုင်ရာ စာအုပ်များကို အမြဲတမ်း သင်ယူခဲ့ရခြင်းဖြစ်၏။ သူတို့က အနည်းငယ် တုံးအသော်လည်း နှစ်ပေါင်းများစွာ သင်ကြားခဲ့ရခြင်းကြောင့် အသိအမြင်များ စုပုံလာခဲ့၍ အနည်းဆုံးတော့ သူတို့တွင် တတ်ကျွမ်းမှုနှင့် ဗဟုသုတအချို့ ရှိနေသေးသည်။ တွန်းတွန်းတိုက်တိုက်သာ လုပ်လိုက်ပါက သူတို့သည် ထိုစာမေးပွဲများကို ဖြေဆိုနိုင်သေး၏။ သို့သော် ကျင်းယွင်ကျောင်းအတွက်မူ.....
သူမ၏ အဆင့်များသည် အလွန်ထူးချွန်သည်။ သို့သော် ဆေးပညာရပ်ဆိုင်ရာ စာအုပ်များသည် အလွန်ကျယ်ပြန့်၍ အဓိပ္ပါယ်လည်း အလွန်နက်နဲ၏။ စူးချူသည် ထိုရှေးကျသော စကားစုများနှင့် စကားလုံးများကို ယခုထိ နားမလည်သေးပေ။ ထိုဘာသာရပ်ကို တစ်ခါမှ မထိတွေ့ဖူးသည့် ကျင်းယွင်ကျောင်းသာဆိုပါက အများကြီးပိုဆိုးပေလိမ့်မည်။
“အစ်မတော့ ဂြိုလ်ဆိုးဝင်ပြီ၊ ဂြိုလ်ဆိုးဝင်ပြီ......ပြောင်ကျဲ၊ အစ်မ မသိဘူးနော်၊ အဖိုးရဲ့ဆေးပညာအဆင့်သတ်မှတ်ချက်က တအားတင်းကြပ်တယ်။ စာမေးပွဲဖြေတဲ့အချိန်ကျ တကယ်လို့ အစ်မ ဘာမှမသိဘူးဆိုရင် ဘယ်အဖြေကိုမှ ကြုံရာကျပန်း မရေးခဲ့နဲ့။ ခန့်မှန်းပြီး လျှောက်ဖြေတာထက် စာရွက်အလွတ်ကြီးအတိုင်း အပ်ခဲ့တာက ပိုကောင်းလိမ့်မယ်”
စူးချူသည် ကျင်းယွင်ကျောင်း အနာဂတ်တွင် ဖြတ်သန်းရမည်များအား ကြိုမြင်နေသည့်အလား ကရုဏာမျက်ဝန်းများဖြင့် ကြည့်လာသည်။
ဆေးပညာနှင့် ပတ်သတ်လျှင် ကျင်းယွင်ကျောင်းသည် လုံလုံလောက်လောက် မသိသေးသော်လည်း အနည်းဆုံးတော့ သူမသည် ထိုလမ်းကြောင်းအပေါ်သို့ လျှောက်လှမ်းရန် ဝင်ခွင့်ကို ဖြတ်ကျော်နိုင်သည်အထိတော့ လုံလုံလောက်လောက် သိပြီးဖြစ်၏။
သူမ၏ စမှတ်သည် အခြားသူများထက် မြင့်မားသည်။ အကယ်၍ သူမသည် တစ်စုံတစ်ခုကို မမှတ်မိဖြစ်နေပါက ၎င်းကို ဝိညာဥ်စွမ်းအားရှိသော ကျောက်စိမ်းထဲတွင် ရှာလိုက်ပြီးနောက် နားလည်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်ရုံပင်။
လက်ရှိအချိန်တွင် သူမသည် တစ်စုံတစ်ခုကို နားမလည်လျှင်တောင်မှ သူမ၏ ခေါင်းထဲရှိ အချက်အလက်များက ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ပေ။
စူးချူသည် ထိုအကြောင်းကို မသိချေ။ စကားဝိုင်းခေါင်းစဥ်ကို အစပျိုးလိုက်သည်နှင့် သူမသည် ထိုအကြောင်းကို ဆက်၍ မကျေမနပ် ညည်းညူနေခဲ့သည်။
သူမ,ပြောသည်အား နားထောင်ကြည့်ရသလောက် အဖိုးကန်၏ ပြစ်ဒဏ်ပေးခြင်းသည် အမှန်တကယ်ပင် ပြင်းထန်ပုံရ၏။ အကယ်၍ စာရွက်အလွတ်တစ်ခုကို အပ်လိုက်ပါက ၎င်းသည် မိမိက မေးခွန်းကို မဖြေနိုင်သည့်သဘောဖြစ်သည်။ များသောအားဖြင့် ထိုအတွက် အပြစ်ဒဏ်မှာ ဆေးစာအုပ်တစ်အုပ်ကို အကြိမ်ရေ အနည်းငယ်ခန့် ကူးရေးရခြင်းဖြစ်၏။
သို့သော် ခန့်မှန်းထားသောအဖြေများ၊ အဓိပ္ပါယ်မရှိသော အဖြေများနှင့်ပြည့်နေသည့် စာရွက်ကိုသာ အပ်လိုက်ပါက သူသည် သူတို့၏ ဆေးပညာအမြင်တွင် ပြဿနာတစ်ခုခုရှိနေပြီဟု မှတ်ယူလိုက်ပေလိမ့်မည်။ ထိုသို့သာဆိုပါက သူတို့၏ အသုံးစရိတ်များ အဖြတ်ခံရရုံသာမက သူတို့အား ကြီးကြပ်ညွှန်ကြားပေးရန် အိမ်သို့ခေါ်သွားပေလိမ့်မည်။ ၎င်းမှာ ပိုကောင်းသော လူတစ်ယောက်ဖြစ်လာရန် သင်ကြားမှုတစ်ခုဖြစ်ရုံမျှတင်မဟုတ်၊ သူသည် သူတို့အား မနက်တိုင်း စောစောထပြေးခြင်းများကိုပါ လုပ်ဆောင်ခိုင်းမည်ဖြစ်သည်။ သူတို့၏ အဝတ်အစားများနှင့် အစားအသောက်များကိုလည်း စောင့်ကြည့်နေမည်ဖြစ်၏။
သူမ၏ မွေးစားအဖိုးဖြစ်သူအား ကျင်းယွင်ကျောင်း အမှန်တကယ်ပင် လေးစားမိသည်။ ဤခေတ်ကာလတွင် သူကဲ့သို့ ဆေးပညာကျင့်ဝတ်နှင့် ပြည့်စုံသော သမားတော်များ အလွန်ရှားပါးသွားပြီဖြစ်၏။
နောက်တစ်ရက်တွင် ပုံမှန်အတိုင်း ကျောင်းသွားသည်။ ညနေဘက် ပြန်လာသောအခါ ကျင်းယွင်ကျောင်းသည် ကတိပေးထားသည့်အတိုင်း ရှဲချွမ်ကျစ်ဆေးပင်များ ထည့်ထားသည့် ခြင်းတောင်းကို သယ်၍ လမ်းကြားလေးထဲသို့ ပြန်လာခဲ့၏။
ဤတစ်ကြိမ် အခြေအနေမှာ မနေ့ကနှင့်ကွာခြားသည်။ သူမသည် တံခါးကို သုံးကြိမ်မျှသာ ခေါက်လိုက်ရပြီး တံခါးပွင့်လာ၏။ ထို့အပြင် အဖိုးအိုက ခြံဝန်းအလယ်တွင်ထိုင်၍ သူမအား မျက်နှာထားတင်းတင်းနှင့် ကြည့်နေသည်။
သူ၏ မျက်လုံးအကြည့်များသည် ကျောချမ်းဖွယ်ကောင်းလွန်းရာ ကျင်းယွင်ကျောင်းသည်ပင် ရှိုးတိုးရှန့်တန့်ဖြစ်သွား၏။
“ဒီဆေးပင်တွေ အကုန်လုံးက ကောင်းတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုရော မင်းသိလား”
အဖိုးအိုက မရယ်မပြုံးဖြင့် ခပ်တည်တည်မေးလာသည်။
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။
“သန်ရှင်းမြစ်တွေကို ချီစွမ်းအင်မှာဖြစ်တဲ့ ဒဏ်ရာတွေ၊ အရည်ဓါတ် ဒါမှမဟုတ် ချီစွမ်းအင်ခန်းခြောက်တာ နဲ့ သွေးအားနည်းတာတွေမှာ မကြာခဏသုံးပြီးတော့ ရှဲချွမ်ကျစ်ဆေးပင်ကိုကျ ယန်ဓါတ် လန်းဆန်းစေဖို့အတွက် ကျောက်ကပ်ကို ပူနွေးအောင် လုပ်ရာမှာ သုံးတယ်”
(T/N: ချီစွမ်းအင်တို့ ယန်ဓါတ်၊ ယင်းဓါတ်တို့က တရုတ်တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေပါ။)
“ဒါက မင်းရဲ့ ဒီထုတ်ကုန်ပစ္စည်းတွေကို ရိတ်သိမ်းဖို့ သင့်တော်တဲ့ရာသီ မဟုတ်သေးဘူး”
အဖိုးအိုက သူမ,ပြောသည်များအား တစ်လုံးမှမကြားသကဲ့သို့ ပြုမူလိုက်ပြီး ဆက်ပြောလာသည်။
“ရှဲချွမ်ကျစ်ပင်တွေကို နွေရာသီရဲ့ အပူဆုံး အချိန်အပိုင်းအခြားသုံးခုမှာ ရိတ်သိမ်းရတယ်။ ဒါမှသာ ဆေးက အစွမ်းအထက်ဆုံးဖြစ်လိမ့်မယ်၊ မင်း အခုအချိန်မှာ သူတို့ကို ယူလာတာက မှားနေတယ်”
ကျင်းယွင်ကျောင်းသည် ထိုစကားကိုကြားသည်နှင့် သူမ၏ မျက်နှာက ဖျော့တော့သွား၏။ သူမသည် ဤကဲ့သို့ များများစားစား မစဥ်းစားမိခဲ့ပေ။
“အကြီးအကဲရှု၊ ဒါဆို ကျွန်မ ဒီရှဲချွမ်ကျစ်ပင်တွေကို ပြန်ယူသွားလိုက်မယ်။ ကျွန်မ ဒါတွေကို ထပ်မရောင်းတော့ဘူး”
ကျင်းယွင်ကျောင်းက ပြောလိုက်၏။ သူမသည် အဖိုးအိုက သူမအား ရိတ်သိမ်သည့်အကြောင်းနှင့်ပတ်သတ်၍ ဆက်မေးလာမည်အား ကြောက်နေမိသည်။
“ထားခဲ့လိုက်၊ ဒါတွေက ပစ္စည်းကောင်းတွေပဲ”
အဖိုးအိုက ကျင်းယွင်ကျောင်းကို တစ်ချက်ကြည့်၍ ဆက်ပြောလာ၏။
“ငါနဲ့လိုက်ခဲ့”
ထို့နောက် သူသည် ကျင်းယွင်ကျောင်း၏ တုံ့ပြန်မှုကို စောင့်မနေတော့ဘဲ ခြံအနောက်ဘက်သို့ ဦးတည်၍ ထွက်သွား၏။ ကျင်းယွင်ကျောင်းက စိတ်ရှုပ်နေသော်လည်း သူမသည် အဖိုးအို၏ နောက်သို့ ခပ်မြန်မြန်ပြေးလိုက်သွားသည်။ အဖိုးအိုသည် နှေးကွေးမနေ။ ခြံအနောက်ဘက်သည် အဖီအကြီးကြီးတစ်ခုနှင့်တူပြီး၊ မြေမျက်နှာပြင်က အနည်းငယ် ပိုမြင့်၏။ မြေကြီးပေါ်တွင် အစိုဓါတ်ပြန်ခြင်းမှ ကာကွယ်ရန် ထုံးကျောက်တုံးများရှိပြီး ဆေးဖော်သည့် ပစ္စည်းများက နေရာအနှံ့တွင် ရှိနေသည်။
“ဆေးပင်တွေရဲ့ရိတ်သိမ်းရာသီကိုတောင် မသိဘူးဆို အနာဂတ်မှာ ဘယ်သူက မင်းဆီကနေ ဆေးဝယ်မှာလဲ။ အခုကစပြီးတော့ ဒီကို နေ့တိုင်းလာပြီး စာလေ့လာရမယ်။ ဆေးပညာလမ်းကြောင်းက အရှည်ကြီးကျန်သေးတယ်။ မင်းလက်ထဲမှာ ကောင်းတဲ့အရာတွေ ရှိတာပဲ။ မဖြုန်းတီးနဲ့”
အဖိုးအို၏အမူအယာက မပြောင်းလဲရာ သူ၏စေတနာကို နားလည်ရခက်စေ၏။
ထိုးဆေးဖော်သည့်ပစ္စည်းများကို ကြည့်နေရင်း ကျင်းယွင်ကျောင်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
ဝိညာဥ်စွမ်းအားရှိသော ကျောက်စိမ်းတွင် ဆေးဖော်နည်းများပါ ဖော်ပြထားသော်လည်း ထိုမှ သင်ယူရခြင်းနှင့် သူမ၏ မျက်စိဖြင့် လက်တွေ့မြင်ရသည်က ကွာခြားမှုအလွန်ပင် ကြီးလှပေ၏။