Chapter 42
Viewers 14k

Chapter 42 : သူမက ဒီမှာ ယောက်ျားတစ်ယောက်ကို ဖွက်ထားတာများလား


သူမသည် ဤအပေါက်ဆိုးလှသော မျိုးရိုးနာမည် ‘ရှု’ နှင့် အဖိုးအိုထံမှ ရင်းနှီးမှုကို ခံစားနေရသည်။ သူ၏ စကားလုံးများက အေးစက်နေသော်လည်း သူမသည် ထိုသို့ခံစားနေရဆဲပင်။ သူသည် လူဆိုးတစ်ယောက် မဟုတ်။ သူသည် သူမ အတိတ်ဘဝက တွေ့ဆုံခဲ့ရသည့် အပြင်ပန်းတွင် အပြုံးများပြည့်နေပြီး အတွင်းဘက်၌ အကောက်ကြံတတ်သည့် စိတ်ဓါတ်ရှိသူများနှင့် မတူပေ။


“ကျေးဇူးတင်ပါတယ်၊ အကြီးအကဲရှု။ သေချာပေါက် ကျွန်မ သင်ယူဖို့ အချိန်မှန်လာပါ့မယ်”


ကျင်းယွင်ကျောင်းက အပြုံးခပ်ရေးရေးဖြင့် ပြန်ဖြေလိုက်သည်။


“ဒီလိုဆိုရင် မင်း ဒီနေ့ ဒီတစ်အုပ်လုံး ကောင်းကောင်းမှတ်မိသွားမှ ပြန်ရမယ်”


အကြီးအကဲရှုက သူမဆီသို့ စာအုပ်တစ်အုပ်ကို တာ့်တည့် ပစ်ပေးလိုက်ပြီး ကျင်းယွင်ကျောင်းအား ထိုအဖီထဲတွင် သော့ပိတ်ခဲ့၍ လှည့်ထွက်သွားသည်။


(T/N: ခြံအနောက်ဘက်တစ်ခုလုံးက အကာပါတဲ့ အဖီသဘောမျိုးပါ။)


အဖီထဲတွင် အလင်းရောင်လုံလောက်၏။ သူမသည် စာအုပ်ကို ဖွင့်ကြည့်လိုက်ရာ ဆေးပင်များကြီးထွားခြင်းနှင့် ရိတ်သိမ်းခြင်းအကြောင်းဖြစ်သည်ကို တွေ့လိုက်ရသည်။


စာအုပ်သည် မထူသော်လည်း အကယ်၍ သာမန်လူတစ်ယောက်အတွက် စာလုံးတစ်လုံးချင်း အလွတ်မှတ်မိဖို့ဆိုပါက အချိန်တစ်ရက်မှ နှစ်ရက်အထိ လိုပေလိမ့်မည်။


သို့ရာတွင် ကျင်းယွင်ကျောင်းသည် ဝိညာဥ်စွမ်းအားပါသည့် ကျောက်စိမ်းအပိုင်းကို စုပ်ယူပြီးကတည်းက သူမ၏ မှတ်နိုင်စွမ်းသည်လည်း တိုးတက်လာခဲ့သည်။ သူမသည် စာအုပ်ကို ကြည့်လိုက်ပြီးနောက် တင်းတင်းကြပ်ကြပ် ပိတ်ထားသော တံခါးကို ကြည့်လိုက်၏။ ရွေးခြယ်စရာမရှိသဖြင့် သူမသည် ထိုင်ချလိုက်သည်။ ဘေးတွင် တစ်ယောက်မှ မရှိရာ သူမသည် နေရာလွတ်နယ်မြေထဲသို့ ဝင်ရန် အခွင့်အရေးရသွားပြီး စတင်ကျက်မှတ်တော့သည်။


နေရာလွတ်နယ်မြေထဲတွင် အချိန်ကုန်သည်က အများကြီး ပိုနှေး၏။


နောက်ဆုံးတွင် သူမသည် စာအုပ်တစ်အုပ်လုံးကို အလွတ်မှတ်ပြီးသွားသောအခါ အပြင်ဘက်တွင် အချိန်သုံးနာရီ ကုန်ဆုံးသွားပြီဖြစ်သည်။ 


သူမက တံခါးကို ခေါက်လိုက်ရာ မကြာမီတွင် သတ်လတ်ပိုင်းအရွယ်လူကြီး ရောက်လာ၏။ သူသည် တံခါးဖွင့်လိုက်ပြီး သူမဆီမှ စာအုပ်ကို ပြန်ယူ၍ ပြောလိုက်သည်။


“မင်း အပြင်ထွက်ချင်ရင် ဒါကို အလွတ်ဆို”


ဤ ရှစ်ဖူးနှင့် တပည့်နှစ်ဦးအား ကျင်းယွင်ကျောင်း အနည်းငယ် အံ့သြမိ၏။


သို့ရာတွင် သူတို့က ကောင်းမွန်သော ရည်ရွယ်ချက်နှင့် လုပ်သည်ဖြစ်ရာ ကျင်းယွင်ကျောင်းသည်လည်း စတင်၍ အလွတ်ဆိုပြလိုက်တော့သည်။


စာအုပ်သည် စာမျက်နှာနှစ်ရာခန့်ရှိရာ အလွတ်ဆိုရသည်မှာ အချိန်အနည်းငယ်ကြာ၏။ တပည့်ဖြစ်သူက စာလုံးတစ်လုံးမှ မလွတ်အောင် အာရုံစိုက်၍ နားထောင်နေသည်။ သူသည် ရှင်းရှင်းလင်းလင်း မကြားလိုက်ရသည့်အခါများ၌ ကျင်းယွင်ကျောင်းအား မှန်သည်အထိ ထပ်ခါထပ်ခါ ပြန်၍ ရွတ်ဆိုစေ၏။


ကျင်းယွင်ကျောင်းသည် ပေါ့တီးပေါ့ပျက် လုပ်တတ်သောသူမျိုး မဟုတ်ပေ။ သူမသည် သင်ယူပါမည်ဟု ကတိပေးလိုက်ကတည်းက သေချာပေါက် သူမ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစား၍ သင်ယူမည်ဖြစ်သည်။


သူမ စာပြန်ပြီးချိန်တွင် အတော်လေး နောက်ကျနေပြီဖြစ်၏။


“စာလုံးတိုင်း မှန်တယ်။ မင်း အခု ပြန်လို့ရပြီ။ နောက်တစ်ကြိမ်လည်း အချိန်မှန်လာဖို့ မမေ့နဲ့။ ဒါက ဒီနေ့အတွက် ဆေးဖိုးငွေ”


တပည့်ဖြစ်သူ၏ စိတ်ထားသည် ရှစ်ဖူးဖြစ်သူထက််ပင် ပို၍ဖြောင့်မှန်သေးသည်။ သူသည် သူလုပ်စရာရှိသည်အား လုပ်ပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားတော့၏။


သူမ၏ လက်ထဲတွင် သူမ ရသင့်သည်ထက်ပိုသော ယွမ်ထောင်ဂဏန်းခန့်က အံအားသင့်ဖွယ် ရှိနေသည်။


ယမန်နေ့က ပိုက်ဆံနှင့်ပေါင်းလိုက်ပါက သူမ၏ လက်ထဲတွင် ယွမ်တစ်သောင်းခန့် ရှိနေပြီဖြစ်သည်။ အချိန်တိုအတွင်း ဤမျှ ငွေပမာဏရှာနိုင်မည်ဟု သူမ အတိတ်ဘဝက စိတ်ကူးပင် မယဥ်ခဲ့ဖူးပေ။


အပြင်ဘက်တွင် လရောင်က ဖြာကျနေပြီး ကြယ်လေးများက တလက်လက် တောက်ပနေသည်။ လေထုမှာ အဖီအတွင်းမှ လေထုထက် ပို၍လတ်ဆတ်၏။ သူမသည် အသက်ပြင်းပြင်းရှုလိုက်ပြီး သူမ ဤသို့လာနေကျလမ်းအတိုင်း အိမ်ကို လမ်းလျှောက်၍ ပြန်လာခဲ့သည်။ သို့သော် သူမ ထိုလမ်းကြားကျဥ်းကျဥ်းလေးမှ ထွက်လာသောအချိန်တွင် လမ်းမီးရောင်အောက်၌ လူတစ်စု ထွက်ပေါ်လာ၏။


ကျင်းယွင်ကျောင်းသည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းလိုသူဖြစ်သည်။ သူမအား ထိုလူများက ဟန့်တားလိုက်ချိန်တွင် သူမသည် ဝိညာဥ်စွမ်းအားရှိသည့် ကျောက်စိမ်းမှ အချက်အလက်များကို ကြေညက်အောင် မှတ်သားနေဆဲဖြစ်၏။


သူမသည် ခေါင်းမော့ကြည့်လိုက်ရာ လုကျား၏ စူးရဲနေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။


မကြာသေးမီက လုကျားသည် ပျော့ခွေသွားအောင် အရိုက်ခံရပြီးနောက် အိမ်တွင်သာ နေ၍ သူမ၏ ဒဏ်ရာများကို ကုသနေရ၏။ သူမအား ကြည့်လိုက်ရာ မျက်နှာက အနည်းငယ် ယောင်ယမ်းနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ သူမအား ကြည့်ရသည်မှာ ပုံမှန်မဟုတ်ပေ။


“ငါက ဘယ်သူများလဲလို့ တွေးနေတာ။ ဒါ ငါတို့ကျောင်းရဲ့ နာမည်ကြီး ကျင်းယွင်ကျောင်း မဟုတ်လား။ ငါ နင် ဒီလမ်းကြားလေးထဲကနေ ထွက်လာတာကို မြင်လိုက်တယ်။ ဘာလဲ။ ဒီလိုညအချိန် ဒီလိုချောင်ကျတဲ့နေရာမှာ နင် ယောက်ျားတစ်ယောက်ကို ဖွက်ထားတာတော့ မဟုတ်ဘူးမလား”


လုကျား၏ မျက်နှာတွင် လှောင်ပြောင်သရော်ခြင်းများနှင့် ပြည့်နေပြီး သူမ၏ မျက်လုံးများက ဝင်းဝင်းတောက်နေသည်။


ကျင်းယွင်ကျောင်းက သူမကို လူတိုင်း၏ ရှေ့တွင် ရိုက်ခဲ့သည့်နေ့အား သတိရတိုင်း သူမ၏ဂုဏ်သိက္ခာမျာအားလုံး လွှင့်ပစ်ခံလိုက်ရသလို ခံစားရ၏။


ထိုအချိန်က ဆရာ၊ ဆရာမများက ကျင်းယွင်ကျောင်း၏ဘက်တွင်ရှိနေရာ လုကျားသည် သူမအား ဘာမှမလုပ်နိုင်ခဲ့ချေ။ သူမသည် သူမ၏ မိဘဆီမှ အဆူအငေါက်ပင် ခံခဲ့ရသည်။ သို့သော် ယခုအခါ သူတို့သည် အပြင်တွင်ဖြစ်ပြီး ပတ်ဝန်းကျင်၌ စောင့်ကြည့်ကင်မရာများလည်း မရှိပေ။ ဤတစ်ကြိမ်တွင်တော့ ကျင်းယွင်ကျောင်းက အသာစီးရနေလိမ့်ဦးမည်ဟု လုကျား မယုံကြည်ချေ။