Chapter 43
Viewers 14k

Chapter 43 : လက်ဦးမှုယူချင်တဲ့ ဆန္ဒလား


လုကျားအား မြင်သောအခါ ကျင်းယွင်ကျောင်းသည် ‘လမ်းကျဥ်းလေးထဲမှ ရန်သူများ’ ဆိုသော စကားစုအား တွေးမိလိုက်သည်။


လုကျား၏ အကျင့်စရိုက်သည် ပုံမှန်ထက်ပို၏။ သူမသည် ချောင်ဟုန်ယဲ့ ကဲ့သို့ သိမ်မွေ့၍ ချိုသာမှုမရှိသော်လည်း သူမအား ချစ်ခင်ကြသည့် အစ်ကိုဝမ်းကွဲအချို့ရှိရာ သူမသည် ကံကောင်းသည်ဟု မှတ်ယူနိုင်သည်။ ၎င်းမှာ အစိမ််းများကြားရှိ အနီစက်လေးတစ်စက်နှင့် တူ၏။ လုကျားသည် အလှပဂေးတစ်ယောက်မဟုတ်သော်လည်း သူမ၏ဝမ်းကွဲများကမူ သူမအား အလွန်ချစ်မြတ်နိုးကြသည်။ သူတို့သည် သူမအား ကြိုရန်အတွက် ကျောင်းဂိတ်အပြင်မှ မကြာခဏပင် လာစောင့်နေတတ်၏။ ထိုအကြောင်းကြောင့် ကျောင်းသားများစွာက သူမအား အားကျ၍ မနာလိုဖြစ်ကြသည်။


ကျင်းယွင်ကျောင်းသည် လုကျား၏ နောက်ရှိ ယောက်ျားလေး လေးယောက်အား မြင်လိုက်ရ၏။ အကြီးဆုံးမှာ အသက်နှစ်ဆယ်ကျော်ခန့်ဖြစ်ပြီး အငယ်ဆုံးမှာ အနည်းဆုံး ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်ခန့် ရှိမည်ဖြစ်သည်။


“ဒါဆို သူက ကျင်းယွင်ကျောင်းပေါ့။ နင် ပြောပြောနေတာ ဒီအောက်တန်းစားမ လား”


တစ်ယောက်က ဒေါသတကြီး မေးလာ၏။


“စန်းပြောင်ကော၊ သူက ကျွန်မကို ချောင်ပိတ်ရိုက်ခဲ့တဲ့သူပဲ။ ကျွန်မက ခံရတဲ့သူဆိုတာ အသိသာကြီးပေမယ့် သူက ဆရာမကို ကျွန်မက သူ့ကို ရိုက်ပါတယ်လို့ ပြောခဲ့တာ။ သူ့ကြောင့် အဖေနဲ့အမေက ကျွန်မကို မယုံတော့ဘူး”


လုကျားက ဒေါသတကြီး တိုင်တန်းလိုက်သည်။


(T/N: စန်းပြောင်ကော(三表哥)ဆိုတာ တတိယဝမ်းကွဲအစ်ကိုလို့ ခေါ်တာပါ။ စန်း(三)ဆိုတာ တရုတ်လို့ ၃(တတိယ)ပါ။ တတိယပြောင်ကောလို့ ရေးလိုက်ရင် ဖတ်ရတာ ထောက်မှာစိုးလို့။)


“ဒီသောက်ခွေးမကတော့။ ကျားကျား၊ ဘာမှမပူနဲ့၊။ ကောကော (အစ်ကို) က နင့်အတွက် လက်စားချေပေးမယ်”


စန်းပြောင်ကော စကားဆုံးသောအခါ လူလေးယောက်သည် စက်ဝိုင်းပုံစံ ဝိုင်းလိုက်ပြီး ကျင်းယွင်ကျောင်းအား အလည်တွင် ချောင်ပိတ်ထားလိုက်၏။


လုကျားက စက်ဝိုင်း၏အပြင်ဘက်တွင် ရှိနေပြီး သူမ၏ မျက်နှာက ယုံကြည်မှုများ၊ စိတ်ကြီးဝင်မှုများနှင့် ပြည့်နေသည်။


“ကော ဒီမှာက အပြင်လူတွေ များလွန်းတယ်။ အရင်ဆုံး သူ့ကို လမ်းကြားထဲ ခေါ်သွားရအောင်”


ညအချိန်ဖြစ်ရာ မှောင်မဲနေပြီး လေလည်း တိုက်နေသည်။ လမ်းဘေးကြောင်လေးများကိုပင် မမြင်ရပေ။ ကျင်းယွင်ကျောင်းသည် ဤဖြစ်ရပ်မှ လွတ်မြောက်နိုင်လိမ့်ဦးမည်ဟု လုကျား မယုံ။ ထို့အပြင် သူမကို လမ်းကြားလေးထဲတွင် ပျော့ခွေနေအောင် ရိုက်သွားလျှင်တောင် မည်သူကမှ သိမည်မဟုတ်ပေ။


လုကျားသည် အတွေ့အကြုံရှိဖူးသည်ဖြစ်ရာ သူမသည် လမ်းကြားလေးထဲသို့ သွားရန် ခြိမ်းခြောက်သကဲ့သို့ ကျင်းယွင်ကျောင်းအား ဆွဲခေါ်လာခဲ့သည်။


ဤလမ်းသည် ဖြတ်သွားဖြတ်လာများစွာ မရှိသလို ကင်မရာများလည်း မရှိပေ။ ဤနေရာကို သတိပြုမိမည့်သူလည်း မရှိပေ။ ကျင်းယွင်ကျောင်း၏ မျက်ဝန်းများတွင် မှုန်မှိုင်းသော အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သူမသည် သူမအား နံရံအရိပ်ဘက်သို့ ဆောင့်တွန်းလိုက်သည့်အတိုင်း ယိုင်သွားဟန်ဖြင့် အလိုက်သင့်ပူးပေါင်းပေးနေပုံရသည်။


“ဒီခွေးမက တော်တော်ကြည့်ကောင်းတာပဲ။ ဒါပေမယ့် နင့်လို ကောင်မမျိုးကို ငါတို့ညီအစ်ကိုတွေဆီ အလကားပေးရင်တောင် မလိုချင်ဘူး။ ကျားကျား၊ နင် ဘာဖြစ်စေချင်လဲ ငါတို့ကိုပြော။ ငါတို့ နင့်အတွက် လူသွားလူလာ ကြည့်ပေးမယ်။ နင်လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်”


အခြားဝမ်းကွဲတစ်ယောက်က ထပ်ဖြည့်ပြောလိုက်သည်။


လုကျားသည် မြေကြီးပေါ်သို့ ခြေထောက်ကို တတောက်တောက် လုပ်လိုက်ပြီးနောက် ရှေ့သို့ တိုးမလာမီ ခပ်မတ်မတ်ရပ်လိုက်၏။


“ကျင်းယွင်ကျောင်း၊ နင် ဒူးထောက်ပြီးတော့ တောင်းပန်မလား။ ဒါဆိုရင် ငါ့နှလုံးသားလေး နူးညံ့သွားပြီး နင့်ကို ခွင့်လွှတ်ပေးချင်ပေးနိုင်တယ်နော်”


ကျင်းယွင်ကျောင်းက လက်သီးကို တင်းတင်းဆုပ်၍ ကိုယ်ခံပညာရပ်မှ လှုပ်ရှားပုံများကို ပြန်တွေးနေသည်။


“နင်က ဘာတွေ တည်ငြိမ်ချင်ယောင်ဆောင်နေတာလဲ။ ငါက နင့်ရဲ့အဝတ်အစားတွေကို အပိုင်းပိုင်းအစစ ဖြစ်အောင် စုတ်ဖြဲပစ်မယ်ဆိုတာ နင် မယုံဘူးလား။ ဒီလို ရာသီဥတု အေးတဲ့အချိန်မှာ၊ ကြည့်ရတာ မိုးလည်း ရွာတော့မယ့်ပုံပဲ။ အဝတ်အစားတွေမရှိရင် နင် ဒီနေရာမှာ ခဲပြီး သေသွားမှာပဲ။ အိုး..ဟုတ်သားပဲ၊ ငါ ဖုန်းလည်း ယူလာခဲ့တယ်။ ငါတို့ ပြီးတာနဲ့ နင့်ရဲ့ ဝတ်လစ်စလစ်ပုံတွေကို ရိုက်ယူသွားပြီးတော့ နင့်ကို ဟွားနင်ခရိုင်မှာ ဘယ်တော့မှ မနေရဲအောင် လုပ်ပစ်မယ်”


လုကျားသည် တက်ကြွနေသော ကြက်ဖတစ်ကောင်ကဲ့သို့ အော်ကြီးဟစ်ကျယ်ဖြင့် တရစပ်ပြောလိုက်သည်။


လုကျားက ရှည်လျားစွာ ပြောလိုက်သော်လည်း ကျင်းယွင်ကျောင်းဆီမှ မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာပေ။


အထူးသဖြင့် အမှောင်ထဲ၌ သူမ၏ မှုန်ကုပ်ကုပ်ပုံစံက သူမအား သရဲတစ္ဆေတစ်ကောင်နှင့် တူနေစေသည်။ အလွန် ကြောက်စရာကောင်းနေ၏။


လုကျားက ကျင်းယွင်ကျောင်း ပျာယာခတ်သွားမည်ကို မြင်လို၍ စိုက်ကြည့်ကာ စောင့်ဆိုင်းနေသည်။ သို့သော် အချိန်ခဏမျှကြာပြီးနောက်တွင် သူမသည် ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများ တွ့န်သွား၍ ကျောချမ်းစရာ အပြုံးတစ်ခုပြုံးလိုက်သည်ကိုသာ မြင်လိုက်ရ၏။


“နင်က ဘာကို ပြုံးနေတာလဲ”


လုကျား၏ မျက်လုံးများသည် ပေါက်ထွက်လုမတက် ပြူးကျယ်သွား၏။


ကျင်းယွင်ကျောင်း၏ မျက်ခုံးတန်းများက တွန့်ချိုးသွားသည်။ သူမသည် သူမဝတ်ထားသော ဂျာကင်အင်္ကျီအပါးအား ချွတ်လိုက်၏။


“အိုး..နင်က လက်ဦးမှုယူချင်တဲ့သဘောလား။ ဟမ်၊ ငါ နင့်ကို ပြောပြလိုက်မယ်၊ ငါ့ရဲ့ပြောင်ကောက ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး”


လုကျားက မျက်လုံးကိုကစားပြလိုက်ရင်း လှောင်ပြောင်လိုက်သည်။


သို့ရာတွင် သူမ စကားဆုံးသောအခါ ကျင်းယွင်ကျောင်းသည် သူမ၏ ဂျာကင်အင်္ကျီကို လက်တွင် ပတ်နေသည်အား မြင်လိုက်ရ၏။ ၎င်းမှာ လက်ဝှေ့ထိုးသည့် လက်အိတ်နှင့် တူသည်။ လုကျားသည် သူမ ဘာလုပ်နေမှန်း နားမလည်တော့ပေ။


“နင်က တစ်ချက်လောက် အရိုက်ခံချင်နေတာလား”


လုကျားက ဟိန်းဟောက်လိုက်၏။


ဘန်း ...


သူမ စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်း၏လက်သီးက သူမ၏ နှာခေါင်းဆီသို့ ဦးတည်၍ ပျံဝင်လာသည်ကိုသာ မြင်လိုက်ရသည်။


သူမ၏ လက်တွင် အဝတ်ဖြင့် ပတ်ထားသောကြောင့် ထိချက်က အနည်းငယ် ပျော့နေ၏။ သို့သော် ကျင်းယွင်ကျောင်း၏ ခွန်အားမှာ သာမန်မဟုတ်ရာ ထိုလက်သီးချက်က အားမနည်းပေ။ အစ်ကိုများက စောင့်ကြည့်နေကြသည်ဖြစ်ရာ သူတို့သည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ကျင်းယွင်ကျောင်းအား ဆောင့်ဆွဲလိုက်သည်။