Chapter 44
Viewers 14k

Chapter 44 : နင် သူ့ကို သတ်တာ


သူမသည် ညအချိန်များတွင် ကိုယ်ခံပညာကို လေ့လာထားသော်လည်း သူမ၌ အလေ့အကျင့်လုံးဝ မရှိပေ။ ထိုညီအစ်ကိုများ လက်လှမ်းမမီသေးခင်မှာပင် ကျင်းယွင်ကျောင်း၏ ခြေထောက်များက သူတို့၏ ခွကြားနေရာများဆီသို့ တည့်တည့်မတ်မတ် မညှာမတာ ဆောင့်ကန်ပစ်လိုက်၏။ သူတို့သည် ချက်ချင်းပင် ဒရောသောပါး နောက်ဆုတ်လိုက်ကြရသည်။


ကျင်းယွင်ကျောင်း၏ တိုက်ခိုက်မှုများက သူတို့အား ကြောင်အ,သွားစေ၏။


သူတို့ အံသြမှု မပြေသေးမီမှာပင် လုကျား၏ ဒေါသတကြီး စူးစူးဝါးဝါး အော်သံအား ကြားလိုက်ရသည်။ သူမသည် နှာခေါင်းကို လက်ဖြင့် ညှစ်ထား၏။


“ကော၊ ကျွန်မရဲ့နှာခေါင်းက သွေးတွေထွက်လာပြီ။ နာတယ်”


လုကျား၏ အသံကိုကြားမှ ထိုလူလေးယောက်သည် သတိပြန်ဝင်လာကြသည်။ ထို့နောက် သူတို့သည် ဒေါသအိုးပေါက်ကွဲသွားပြီး ကျင်းယွင်ကျောင်းဆီသို့ လက်သီးချက်များ အဆက်မပြတ် ပစ်သွင်းတော့၏။


ကျင်းယွင်ကျောင်းက ရှောင်တိမ်းလိုက်သည်၊ သူမ၏ လှုပ်ရှားမှုများက အနည်းငယ် တောင့်တင်းနေ၏။ လက်သီးတစ်ချက်က သူမ၏ နားရွက်ဘေးမှ ကပ်ဖြတ်သွားရာ သူမ ရင်တုန်သွားသည်။ သူ၏ မျက်လုံးထဲတွင် လူသတ်ချင်သော အရိပ်အယောင်များ ရှိနေပြီး သူမက ခြေထောက်ဖြင့် ဆောင့်ကန်လိုက်၏။ ထို့နောက် သူမ၏ ရှေ့တွင် ပေါ်လာသော လက်မောင်းတစ်ဖက်ကို ခပ်မြန်မြန်ဆောင့်ဆွဲ၍ လိမ်ချိုးလိုက်သည်။


လုကျားနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့သည်က သူမဘက်မှ တစ်ဖက်သတ် တိုက်ခိုက်မှုသာဖြစ်သည်။ ယခုအကြိမ်နှင့် လုံးဝကွဲပြားခြားနား၏။ သူမ၏ ဘဝသက်တမ်းနှစ်ခုလုံးတွင် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။


သို့ရာတွင် ဤလူများ၏လှုပ်ရှားမှုများမှာ သူမ မျှော်လင့်ထားသလောက် မလျှင်မြန်ကြောင်း ခံစားနေရ၏။ သူမသည် သူတို့အား ခက်ခက်ခဲခဲ ရင်ဆိုင်နေရသော်လည်း သူမတွင် ကြီးကြီးမားမား ထိခိုက်မှု မရှိသေးပေ။


ထိုညီအစ်ကိုများအားလုံးသည် ယောက်ျားလေးများဖြစ်ကြသည်။ ဘယ်တုန်းကများ သူတို့ မိန်းမတစ်ယောက်ကြောင့် ဒုက္ခရောက်ခဲ့ဖူးခြင်းရှိသနည်း။ မရှိခဲ့ဖူးသည်ဖြစ်၍ ဒေါသထွက်လွန်းသဖြင့် သူတို့၏မျက်နှာများက နီရဲနေကြ၏။


အထူးသဖြင့် လုကျားက သူတို့ဘက်မှ အားပေးနေသောကြောင့် သူတို့ သွေးများဆူပွက်လာကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းအား ဓါးဖြင့် ထိုးချင်နေပြီး ကိစ္စများကို အဆုံးသတ်ပစ်ချင်နေကြ၏။


အကြီးဆုံးဝမ်းကွဲသည် အသက်နှစ်ဆယ်ကျော်အရွယ်ဖြစ်သည်။ သူသည် ခွန်အားရှိပြီး အတွေ့အကြုံအချို့လည်း ရှိ၏။ သူသည် ကျင်းယွင်ကျောင်း အခြားဝမ်းကွဲသုံးယောက်နှင့် အလုပ်ရှုပ်နေသည်အား အခွင့်ကောင်းယူ၍ အခွင့်အရေးကို အမိအရယူလိုက်ကာ ကျင်းယွင်ကျောင်းဆီသို့ ဦးတည်၍ ကျောက်ခဲဖြင့် ပစ်လိုက်သည်။


ထိုသူများသည် လူသတ်လိုသော ဆန္ဒများ နိုးကြားနေကြပြီဖြစ်၏။ လုကျား တစ်ဦးတည်းသာလျှင် စိတ်အာရုံ ကြည်လင်နေသူဖြစ်၍ ကြောက်ရွံ့ထိတ်လန့်နေသည်။


ကျောက်ခဲသည် အလွန်ချွန်မြနေ၏။ အကယ်၍ ပစ်မှတ်ကိုသာ ထိသွားမည်ဆိုလျှင် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေမည်မှာ အသေအချာပင်။ ၎င်းမှာ အသက်ပင် သေစေနိုင်၏။


လုကျားသည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် အရွယ်သာရှိသေးသော မိန်းကလေးတစ်ဦးဖြစ်၍ သူမသည် ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ကိစ္စများက ဖြစ်ပြီးသွားခဲ့ပြီဖြစ်ရာ သူမ အချိန်မီ မတားလိုက်နိုင်ချေ။ သို့သော် ကျင်းယွင်ကျောင်း၏ မုန်းစရာကောင်းသော မျက်နှာကို မြင်သောအခါ သူမသည် တစ်ခုခုပြောလိုက်ရန် တွန့်ဆုတ်နေပြန်သည်။


လဲကျသောအသံ ထွက်ပေါ်လာ၏။ ကျောက်ခဲကြီးလည်း မြေပေါ်သို့ ကျသွားသည်။


“စန်းပြောင်ကော”


လုကျားသည် ထိုမြင်ကွင်းအား မြင်ပြီး မှင်သက်သွား၏။


သူမ၏ စန်းပြောင်ကောသည် ခေါင်းတွင် သွေးများ စိုရွှဲနေပြီး မြေပေါ်သို့ လဲကျသွားကို မြင်လိုက်ရသည်။


ထို စီခနဲ အော်သံနောက်တွင် အကြီးဆုံးအစ်ကိုသည်လည်း ထိတ်လန့်နေ၏။ သူ၏နှုတ်ခမ်းများက တုန်ရီနေကာ မယုံကြည်နိုင်ဖြစ်နေသည်။


အမှန်ပင်၊ သူသည် အမှန်တကယ်ပင် ကျင်းယွင်ကျောင်းအား ရည်ရွယ်၍ လုပ်ခဲ့သော်လည်း သူမသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်မီ ရှောင်တိမ်းလိုက်နိုင်၏။ သူမသည် ရှောင်တိမ်းလိုက်ရုံသာမက စန်းပြောင်ကောကိုပင် ထိုကျောက်ခဲကျလာမည့်နေရာသို့ ရောက်အောင်် လုပ်လိုက်နိုင်သေးသည်။ 


မှန်၏။ သူ မြင်လိုက်သည်။ ကျင်းယွင်ကျောင်းသည် သူ၏အကြံကို ခန့်မှန်းမိသွားပြီး ရှောင်လိုက်၍ သူတို့၏ တတိယညီအစ်ကိုကို ထိမှန်စေခဲ့၏။ သူမသည် တစ်ချက်မှ မတုံ့ဆိုင်းဘဲ ရှောင်တိမ်းခဲ့သည်။ ထို့အပြင် ထိုအခိုက်အတန့်တွင် သူမ၏အမူအယာသည် လှောင်ပြောင်မှုများဖြင့် ပြည့်နေ၏။


သူမက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ပင်။


ထိုစန်းပြောင်ကောသည် မြေပေါ်တွင် တွန့်လိမ်နေပြီး သူ၏ ခေါင်းဒဏ်ရာမှလည်း သွေးများ အဆက်မပြတ်စီးကျနေ၏။ မကြာမီ သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။


လုကျား၏ ဖုန်းကိုင်ထားသော လက်များက တုန်ယင်နေ၏။ သို့သော် သူမ၏ သာ့ပြောင်ကော (အကြီးဆုံးဝမ်းကွဲအစ်ကို) က ဖုန်းကို လုယူလိုက်သည်။


“နင် ရဲခေါ်လို့မရဘူး။ နင်ခေါ်လိုက်ရင် ငါ့ဘဝ အဆုံးသတ်သွားလိမ့်မယ်။ အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်”


ကျောက်ခဲအား ကောက်ခဲ့သည်မှာ သူဖြစ်ပြီး ကျောက်ခဲဖြင့် ပေါက်ခဲ့သူမှာလည်း သူဖြစ်၏။ အကယ်၍ ရဲကသာ ထိုအကြောင်းကို သတင်းရသွားပါက သူသည် သေချာပေါက် အဖမ်းခံရလိမ့်မည်ပင်။


“သာ့ပြောင်ကော၊ ကျွန်မ တောင်းပန်ပါတယ်။ စန်းပြောင်ကောက သေတော့မယ်”


လုကျားသည် မျက်ရည်တသွင်သွင်ကျကာ ငိုယိုနေပြီး ရပ်မည့်ပုံမရှိပေ။ သူမသည် သူမ၏ အသိိစိတ်ဖြင့် ကြောက်ရွံ့ထိတ်လန့်နေပြီး အူယားဖားယား တောင်းပန်နေသည်။


သူမတွင် အဒေါ်လေးယောက်ရှိ၏။ သူတို့ဝမ်းကွဲမောင်နှမလေးယောက်သည် သွေးသားရင်း မဟုတ်သော်လည်း သူတို့၏ဆက်ဆံရေးမှာ အမြဲတမ်း အဆင်ပြေခဲ့သည်။ သို့သော် ယခုတွင်မူ သူမ၏သာ့ပြောင်ကောက သူမကို ရဲခေါ်ခွင့်မပြုပေ။ သူမ ဘာလုပ်သင့်သနည်း။ သူမသည် သူမ၏ စန်းပြောင်ကော သွေးထွက်လွန်၍ သေသွားမည်ကိုလည်း စောင့်ကြည့်မနေနိုင်ပေ။


ထိုအခိုက်တွင် သူတို့အား အေးစက်စက်သာ စောင့်ကြည့်နေသော ကျင်းယွင်ကျောင်းသည် ထွက်သွားရန် ဟန်ပြင်လိုက်၏။


“နင် သွားလို့မရဘူး”


သာ့ပြောင်ကောက အရူးကဲ့သို့ အော်ဟစ်လိုက်သည်။


ကျင်းယွင်ကျောင်းက လှောင်ပြုံးပြုံး၍ ရပ်တန်လိုက်၏။


“နင်က သူ့ကိုသတ်တာ။ ကျောက်ခဲ ပစ်တာက နင်။ သူ့ကို သတ်တာ နင်ပဲ”


သာ့ပြောင်ကောက ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။