Chapter 45 : အပြစ်ပုံချခြင်း
သာ့ပြောင်ကော၏ အသံထွက်လာသောအခါ အခြားဝမ်းကွဲနှစ်ယောက်သာမက လုကျားသည်ပင် သူ့ကိုကြည့်၍ မယုံနိုင်ဖြစ်သွားရသည်။
သို့ရာတွင် သာ့ပြောင်ကောသည် မကောင်းဆိုးဝါးပူးကပ်နေသကဲ့သို့ လုကျားအား စူးရဲစွာ ကြည့်လာ၏။
“ငါတို့သာ ဒီနေ့ နင့်အတွက် လက်စားချေဖို့ မကြိုးစားခဲ့ရင် ဒီကိစ္စတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး”
လုကျား၏ မျက်လုံးများက နီရဲနေပြီး အလွန်အမင်း မှားယွင်းနေသကဲ့သို့ ခံစားနေရသည်။
သို့သော် သူမ ထိုအကြောင်းကို တွေးကြည့်သောအခါ သာ့ပြောင်ကော မှန်၏။ စန်းပြောင်ကော ဤသို့ဖြစ်သွားပြီး သူမ အိမ်ပြန်သွားလျှင် တတိယအဒေါ်က သူမအား အလွတ်ပေးမည်မဟုတ်ချေ။ ထို့အပြင် သာ့ပြောင်ကောသည် ပါဝင်ခဲ့မှုကြောင့် အပြစ်ဒဏ်ခံရလျှင် အကြီးဆုံးအဒေါ်သည်လည်း ဒေါသထွက်လိမ့်မည်။ သူမ၏ မိဘများသည်လည်း ယခင်တစ်ခေါက်ကတည်းက သူမအား အတော်လေး စိတ်ပျက်ဒေါသထွက်ခဲ့ပြီးဖြစ်၏။
ဤအခြေအနေများအရ သူမသည် ကျင်းယွင်ကျောင်းအပေါ် အပြစ်ပုံချရန်သာ တတ်နိုင်သည်။ ၎င်းသည်သာ သူမ၏ သာ့ပြောင်ကောကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။
ထိုအခါ သူမ၏ တတိယအဒေါ်၏ ဒေါသသည် ကျင်းယွင်ကျောင်းအပေါ်သို့ ကျရောက်သွားပေလိမ့်မည်။ သူမသည်လည်း လူတိုင်း၏ ပြစ်တင်ရှုံ့ချခြင်းမှ လွတ်မြောက်နိုင်လိမ့်မည်။
သူမသည် သူမ၏ အတွင်းစိတ်ထဲရှိ မကောင်းဆိုးဝါးစိတ်၏ သွေးဆောင်ခြင်းကို ခံနေရပြီဖြစ်သည်။ သွေးအိုင်ထဲတွင် လဲနေသော စန်းပြောင်ကောကို ကြည့်ပြီးနောက် ကျင်းယွင်ကျောင်း၏ အေးစက်စက် အမူအယာကို ကြည့်မိသောအခါ လုကျား၏ မုန်းတီးမှုက နက်ရှိုင်းလာ၏။
အကယ်၍ ကျင်းယွင်ကျောင်းကြောင့်သာ မဟုတ်ပါက သူတို့သည်လည်း ဘာမှဖြစ်မည် မဟုတ်ပေ။
“သာ့ပြောင်ကော၊ ရဲ ခေါ်လိုက်တော့၊ ကျင်းယွင်ကျောင်းကို ထွက်မပြေးစေနဲ့”
ချက်ချင်းထွက်ပေါ်လာသော လုကျား၏ စကားသံက ဤကိစ္စတွင် သူမ၏ ရပ်တည်မှုကို ဖော်ပြလိုက်၏။
အခြားဝမ်းကွဲနှစ်ယောက်သည်လည်း ဤကိစ္စ၌ သူတို့၏ ပါဝင်ပတ်သတ်နေမှုကို ရှောင်လွှဲ၍မရမှန်း နားလည်ကြသည်ဖြစ်ရာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေသည်။ လုကျားပြောသည်ကို ကြားသောအခါ သူတို့သည် ထပ်မံ၍ စောဒကမတက်ရဲပေ။ သူတို့သည်လည်း ကျင်းယွင်ကျောင်းကို အပြစ်ပုံချလိုကြ၏။
သူတို့အားလုံးသည် မိဘများရှိသော ကလေးများဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခုသာ အမှန်တကယ် ဖြစ်ပျက်သွားလျှင် သူတို့၏ မိသားစုများ စိတ်သောကရောက်ရပေလိမ့်မည်။ သို့သော် ကျင်းယွင်ကျောင်းကတော့ ကွာခြား၏။
သူမက မိဘမဲ့တစ်ယောက် မဟုတ်လား။ သူမ ထောင်ထဲတွင် အဆုံးသတ်သွားလျှင်လည်း မည်သူ့ကိုမှ ထိခိုက်မည်မဟုတ်ပေ။
သူတို့အားလုံး တစ်ဖက်တည်းတွင် ရှိနေသည်ကို မြင်လိုက်ရသောအခါ သာ့ပြောင်ကောသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။ လက်ဆွဲ၍ သဘောတူညီမှုလုပ်လိုက်ကြပြီးနောက် သူသည် ရဲကို ဖုန်းဆက်ခေါ်လိုက်၏။
သို့ရာတွင် သူတို့သည် အလွန်ငယ်ရွယ်၍ အတွေ့အကြုံလည်း မရှိချေ။ ဤမျှကြီးကျယ်သော ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ရာတွင် သူတို့သည် အရေးပါဆုံးဖြစ်သည့် သက်သေအကြောင်းကို မေ့နေ၏။ ဟုတ်သည်၊ ကျင်းယွင်ကျောင်း ထိုနေရာတွင် ရှိနေသရွေ့ သူမသည် သူတို့အား ကျောက်တုံးပေါ်ရှိ လက်ဗွေရာများကို ဘယ်တော့မှ သုတ်ပစ်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
မကြာမီပင် ရဲများနှင့် လူနာတင်ကားတစ်စီး ရောက်လာ၏။ သူတို့၏ ငယ်ရွယ်နုပျိုသော မျက်နှာလေးများကို ကြည့်၍ ရဲအရာရှိများ၏ မျက်နှာများက မသာမယာဖြစ်နေကြသည်။
ကျင်းယွင်ကျောင်းသည် ထွက်ပြေးရန် လုံးဝမစဥ်းစားခဲ့ပေ။ ထိုကြောင့် သူမသည် အသာတကြည် ပူးပေါင်း၍ ပုံမှန်အတိုင်းပင် ရဲကားတစ်စီးပေါ်သို့ တက်လိုက်သွား၏။ တစ်ဖက်တွင် ဒဏ်ရာရထားသော စန်းပြောင်ကောသည် သွေးများစွာ ဆုံးရှုံးထားသော်လည်း အသက်ရှင်နေသေးသည်။ သူ့အား လူနာတင်ကားပေါ်သို့ တင်လိုက်ကြပြီး ကားသည် အရှိန်ပြင်းစွာ မောင်းထွက်သွား၏။
“အရာရှိကြီး၊ ဒါ ကျင်းယွင်ကျောင်း လုပ်ခဲ့တာပါ။ သူက စန်းပြောင်ကောကို ကျောက်ခဲနဲ့ထုခဲ့တာ”
လုကျားက စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားလိုက်ပြီး ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာနှင့် ရှင်းပြလိုက်သည်။
“အဲဒါ အမှန်ပါပဲ၊ အမှန်ပါပဲ။ အရာရှိကြီး၊ ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်ပါ၊ သူက ကိုယ်ခံပညာတတ်တယ်။ ဒါတွေအားလုံးကို သူလုပ်ခဲ့တာ”
သာ့ပြောင်ကော၏ မျက်လုံးများက နီရဲနေပြီး အတော်လေး စိတ်မရှည်ပုံပေါ်နေ၏။
အခြားနှစ်ယောက်မှာ ကြောက်ရွံ့သောကရောက်စွာဖြင့် ခေါင်းငိုက်စိုက်ချထားကြသည်။ သူတို့သည် ပြန်လည်ချေပခြင်း မပြုသလို စောဒကတက်ခြင်းလည်း မရှိပေ။
ဤကိစ္စအား သူတို့၏ မိဘများဆီသို့ အကြောင်းကြားလိုက်၍ မကြာမီပင် ရောက်ရှိလာကြသည်။ သို့သော် ကျင်းယွင်ကျောင်းသည် ချောင်မိသားစုနှင့် လုံးဝအဆက်အသွယ်ဖြတ်ခဲ့ပြီဖြစ်ရာ သူတို့တွင် ဆက်သွယ်စရာလူမရှိပေ။ အဆုံးတွင်တော့ သူမသည် ထိုအကြောင်းကို တွေးလိုက်ပြီး အဖိုးကန်ကိုသာ ခေါ်ရန် ဆုံးဖြတ်လိုက်၏။
သူမသည် သူမ၏ ကိုယ်ပိုင်ပြဿနာများဖြင့် အဖိုးကန်ကို အနှောက်အယှက် မပေးလိုသော်လည်း သူမသည် အဖိုးကန်၏ အရိပ်အောက်တွင် နေထိုင်နေခြင်းဖြစ်သည်။ သူမတွင် သူ့ကို အလွန်အမင်း မစိုးရိမ်ရန်အတွက် အသိပေးရမည့် ဝတ္တရားလည်း ရှိသေး၏။
ကျင်းယွင်ကျောင်းသည် တစ်ချိန်လုံး ဘာမှမပြောဘဲ ကန်စုန့်ပိုင်အလာကိုသာ တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။
သူမဘက်တွင် လူကြီးတစ်ယောက်မှ မလာသေးပါက သူမပြောသမျှသည် အလကားသာ ဖြစ်မည်ပင်။
ကန်စုန့်ပိုင် မရောက်မီတွင် လုကျား၏ အမေနှင့် အဒေါ်သုံးယောက် ရောက်လာကြ၏။ ရောက်လာသူအားလုံးမှာ အမျိုးသမီးများဖြစ်ကြသည်။ အမျိုးသားအားလုံးသည် ဆေးရုံတွင် ရှိနေကြသည်ဖြစ်နိုင်၏။ သို့သော် ထိုအမျိုးသမီးများသည် ကြောက်စရာကောင်းလွန်းလှသည်။ သူတို့ ဝင်လာသောအခါ သူတို့အားလုံးသည် သရဲသဘက်စီးပြီး ခြိမ်းခြောက်နေသော ပုံစံများနှင့်ဖြစ်သည်။