Chapter 46 : ရက်စက်သော မိန်းကလေး
အတိတ်ဘဝ၌ ကျင်းယွင်ကျောင်းသည် ချောင်ဝေ့မင်ကို မတော်တဆ သတ်ခဲ့မိစဥ်က ချောင်ဟုန်ယဲ့ နှင့် ချောင်မိသားစုဝင်များ၏ ပုံစံများမှာလည်း ဤကဲ့သို့ပင်။ သူတို့သည်လည်း လူသတ်ရန် အသင့်ဖြစ်နေပုံဖြင့် ဒေါသတကြီး ဝင်လာကြသည်။
“အမေ၊ ပြောင်တိ (ဝမ်းကွဲညီလေး) ရဲ့ အခြေအနေ ဘယ်လိုလဲ”
သာ့ပြောင်ကောသည် သူ၏ မိသားစုကို မြင်သောအခါ ချက်ချင်း မေးလိုက်၍ အကြီးဆုံးအဒေါ်က သက်ပြင်းရှိုက်လိုက်၏။
“ငါတို့လည်း ခုထိ မသိသေးဘူး။ ဒါပေမယ့် ငါတို့လာတုန်းကတော့ ဆရာဝန်က တော်တော် အခြေအနေဆိုးတယ်လို့ပြောတယ်။ သွေးထွက်လွန်ထားတာမို့လို့ သူတို့လည်း သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူးတဲ့”
ထိုစကားကိုကြားပြီးနောက် သာ့ပြောင်ကောသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
ကျင်းယွင်ကျောင်းက သူ၏ အမူအယာကို အေးစက်စက် စောင့်ကြည့်နေပြီး သူမ၏ မျက်ဝန်းများက စက်ဆုပ်ရွံရှာမှုများနှင့် ပြည့်နေ၏။
သူတို့သည် ကောင်းမွန်သော မိသားစုဆက်ဆံရေးရှိသည်ဟု ဆိုသော်လည်း သူသည် သူ့ကိုယ်သူ ကယ်တင်ချင်သောကြောင့် အခြားသူအား သေစေချင်နေသည်။ နစ်နာသူ၏ သက်သေထွက်ဆိုချက်မရှိလျှင် သူသည် သူမအပေါ် အပြစ်ပုံချရန် ပို၍လွယ်ကူသွားမည်ပင်။ ဒီလိုလူတွေကများ သူမကို ရွံရှာစက်ဆုပ်ကြသတဲ့...
“ဒါတွေအားလုံး နင့်အပြစ်တွေပဲ၊ ကျင်းယွင်ကျောင်း။ နင့်ကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ စန်းပြောင်ကောလည်း ဒီလိုအခြေအနေနဲ့ အဆုံးသတ်ရမှာ မဟုတ်ဘူး”
လုကျားသည် ယခင်က သူမ၏ စန်းပြောင်ကောက သူမအား ဂရုစိုက်ခဲ့သည်များကို သတိရသွား၍ အော်ဟစ်ပြောဆိုလာ၏။
ကျင်းယွင်ကျောင်းသည် ဘာကိုမှ ပြောဆိုလိုစိတ် မရှိသော်လည်း လုကျားက သူမအား လူရှေ့သူရှေ့တွင် ဤသို့ပြောလိုက်သည်ကို ကြားသောအခါ ဆက်၍ သည်းမခံနိုင်တော့ပေ။
“ငါ့ကြောင့် ဟုတ်လား။ ငါ့ကို ချောင်ပိတ်ပြီးတော့ တိုက်ခိုက်တာ နင်တို့အုပ်စုလေ။ နင်တို့လူကို ဒဏ်ရာရအောင်လုပ်တာလည်း နင်နဲ့ နင့်အုပ်စုလေ။ နင်က အခု ငါ့ကို အပြစ်ပုံချချင်နေတာလား။ ဒါ ဘယ်လို လော့ဂျစ်ကြီးလဲ”
လုကျားသည် ချက်ချင်း ထိတ်ပျာသွား၏။
“နင် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ ငါ့ရဲ့စန်းပြောင်ကောကို ကျောက်ခဲနဲ့ပစ်တာက နင်ပဲ”
“ဟား၊ ဒါဆို သုံးခဲ့တဲ့လက်နက်က ကျောက်ခဲဆိုတာ နင်ပါ သိတယ်နော်”
ကျင်းယွင်ကျောင်းက အေးစက်စွာပင် ထပ်ဖြည့်ပြောလိုက်သည်။
“အရာရှိကြီး၊ အခုကိစ္စက အရမ်းအရေးကြီးပါတယ်၊ လက်နက်ကိုတော့ သေချာပေါက် ယူလာခဲ့လောက်ပါတယ်နော်။ ဒါဆို ကျွန်မတို့ ဘာလို့ အဲဒါကို မစစ်ဆေးသေးတာလဲ။ အဲဒီအပေါ်မှာ နစ်နာသူရဲ့သွေးတွေရှိပြီး တိုက်ခိုက်သူရဲ့လက်ဗွေရာလည်း ရှိသင့်တယ်မဟုတ်လား”
သူမ စကားဆုံးသည်နှင့် ထိုနေရာတွင် ရှိနေသူတိုင်း ဆွံအ,သွားကြ၏။
ကိစ္စများဖြစ်ပျက်သွားသည်မှာ ရုတ်တရက်ဆန်ပြီး မြန်ဆန်လွန်းလှသည်။ သူတို့သည် ကျောက်ခဲအကြောင်းကို လုံးဝမေ့နေခဲ့ပြီး အပြစ်ပုံချရန်သာ စဥ်းစားခဲ့ကြ၏။
အထူးသဖြင့် သာ့ပြောင်ကော၏ နဂိုက အတော်လေး ချောမောခံ့ညားသော မျက်နှာသည် ယခုအချိန်တွင် အနည်းငယ် ရက်စက်ယုတ်မာဟန်ပေါ်နေပြီး ဆိုးဆိုးရွားရွား ပျက်ယွင်းနေသည်။ သူသည် ကျင်းယွင်ကျောင်းအား စိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်လိုက်ရာ ကျင်းယွင်ကျောင်း ကိုင်ထားသည့် ဂျာကင်အင်္ကျီအား မြင်သွားသည်။ ထိုအခါ သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ မျက်လုံးများက တောက်ပလာ၏။
“အဲဒါ အမှန်မဟုတ်ဘူး။ ကျင်းယွင်ကျောင်း ကျွန်တော်တို့ကို တိုက်ခိုက်တုန်းက သူ့မှာ ဂျာကင်တစ်ထည်ပါလာတယ်။ ကျောက်ခဲကို မ, တုန်းက သူက သူ့လက်ကို ဂျာကင်နဲ့ ပတ်ထားတာ။ အဲဒါကြောင့် ကျောက်ခဲပေါ်မှာ သူ့လက်ဗွေရာ မရှိတာ။ ပြီးတော့ ကျွန်တော်...ကျွန်တော်က သူ့ကို တားဖို့ ကျောက်ခဲကို လုဖို့ကြိုးစားခဲ့တော့ ကျောက်ခဲပေါ်မှာ ကျွန်တော့်ရဲ့လက်ဗွေရာရှိနေတယ်”
သာ့ပြောင်ကောက ခပ်သွက်သွက် ဖြေရှင်းလိုက်၏။
သူ၏ ထူးဆန်းသော အမူအရာက ရဲအရာရှိအား မျက်မှောင်ကြုတ်သွားစေသည်။ သူ၏ အမေရင်းသည်ပင် ထူးဆန်းသည်ဟု တွေးနေမိ၏။
သို့သော် သူသည် သူမ၏ သားအရင်းဖြစ်သည်။ အဘယ်ကြောင့် သူမက သူ့ကို မယုံကြည်ဘဲ နေနိုင်မည်နည်း။
သူမသည် ဒေါသများ၊ နာကျင်မှုများ ပြည့်နေသော မျက်နှာဖြင့် ကျင်းယွင်ကျောင်းအား ရှုတ်ချလိုက်သည်။
“နင်လို ရက်စက်တဲ့ မိန်းကလေးမျိုး ဘာလို့ ဒီကမ္ဘာပေါ်ရှိနေတာလဲ။ ငါ့တူလေးသာ တစ်ခုခုဖြစ်လို့ကတော့ ငါတို့မိသားစုရဲ့စည်းစိမ်တွေ အကုန်သုံးရရင် သုံးရပါစေ၊ နင့်ကို တစ်သက်လုံး ထောင်ထဲမှာပဲ နေရအောင် သေချာပေါက် လုပ်ပစ်မယ်”
“စကားတွေကို ခပ်ပေါ့ပေါ့ မပြောသင့်ဘူး”
ကျင်းယွင်ကျောင်းက သာ့ပြောင်ကောအား မကြည့်မီ ထိုလက်ထပ်ပြီးသား အမျိုးသမီးကြီးအား ကျော်၍ ကြည့်လိုက်သည်။
“ဟုတ်တယ်။ ကျွန်မ လက်ကို ကာဖို့ ဂျာကင်ကို သုံးခဲ့တယ်၊ ဒါပေမယ့် ရှင်တို့ ကျွန်မရဲ့ ဂျာကင်ပေါ်က ခေါက်ရာတွေကိုကြည့်ရင် အဲဒါက လက်တစ်ဖက်တည်းကိုပဲ ကာခဲ့တာ။ ကျွန်မ လက်တစ်ဖက်တည်းနဲ့ ကျောက်ခဲကို မ မနိုင်ဘူးလေ၊ ဟုတ်တယ်မလား။ အဲဒီအပြင် အရာရှိကြီး၊ ကျွန်မသာ လုပ်ခဲ့ရင် ကျွန်မ သက်သေ ချန်မထားခဲ့ပါဘူး။ ညသန်းခေါင်အချိန်ဖြစ်တဲ့အတွက် မြင်ဖို့လည်း ခက်တယ်။ ဒါက ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့ ကြိုးစားရုံပါ။ ကျွန်မက မတော်တဆအနေနဲ့တောင် ထိခိုက်ဒဏ်ရာမရစေချင်တဲ့အတွက် သက်ရောက်မှုကို လျှော့ချဖို့ ဂျာကင်အင်္ကျီကိုတောင် ဒီလိုမျိုး သုံးခဲ့တာ”
ကျင်းယွင်ကျောင်းသည် ဤသို့အဆုံးသတ်သွားလိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ပေ။
အမှန်တကယ် သူမ၏ မူလအစီအစဥ်မှာ သူတို့အား အပြစ်ပေးရာတွင် သက်သေမကျန်ခဲ့ရန်ဖြစ်ပြီး သို့မှသာ ရှုံးနိမ့်သွားလျှင်တောင် ထိုလူများက သူမကို လက်ညှိုးထိုးရဲလိမ့်မည် မဟုတ်ပေ။
သို့သော် သာ့ပြောင်ကောက ကျောက်ခဲကို ကောက်လိုက်သည့်အခိုက်တွင် သူမ၏ နှလုံးသားသည် အေးစက်သွား၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဘာရန်ငြိုးမှ မရှိဖူးသောသူများဖြစ်သော်လည်း သူသည် သူမအား သတ်ချင်ခဲ့သည်။